Thursday, October 30, 2008

ကျုပ်ဘ၀တစေ့တစောင်း(၁)

တကယ်တမ်း စာရေးမယ်ဆိုတော့.. ခေါင်းထဲမှာ ဘာမှမရှိ။
ခက်နေတာ တစ်ခုက ကျုပ်ဘ၀က နဗန လို MIT-YIT ထွက်မဟုတ်တော့.. ကျောင်းသားဘ၀ အတွေအကြုံက သူ့လိုပြောစရာ များများ စားစား မရှိ..။
မန္တလေးတက္ကသိုလ်ကလည်းမဟုတ်.. ရန်ကုန်တက္ကသိုလ်ဆိုတာကလည်း အိပ်မက်..။
ဟာ…အဲဒီလိုဆို `ခင်ဗျားက ဘယ်ကျောင်းထွက်လည်း´လို့..ဆိုလာရင်တော့… ပြောရတော့မှာပေါ့လေ။
အမှန်အတိုင်းဝန်ခံရရင်တော့ .. ကျုပ်တက်ခဲ့ရတဲ့ တက္ကသိုလ်ကြီးအကြောင်း ပြောဖို့အခွင့်ကြုံလာတိုင်း သိမ်ငယ်စိတ် (inferiority complex) လေး ဖြစ်ပေါ်ခံစားရပါတယ်။
သူများတွေလို..` ငါ….ဆေးက၊ ငါ… စက်မှု က´ လို့ ရင်ဘတ်ကော့ပြီး မကြွားဝါနိုင်ပေမဲ့…
`ငါက ဒီတက္ကသိုလ်ထွက်…ကွ´ လို့  သိမ်ငယ်စိတ်ကိုမျိုသိပ်လို့ (အတင်းမေ့ခိုင်းထားတာ) ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ပါတယ်။
ဒီတက္ကသိုလ်ကြီးကတော့… ဆေး၊စက်မှုနဲ့ ကွန်ပျူတာ တက္ကသိုလ် တွေလို ကျွမ်းကျင်ထက်မြက်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ အိုင်တီကွန်ပျူတာ ပညာရှင်ကြီးတွေ မွေးထုတ်နိုင်စွမ်း မရှိတဲ့ တက္ကသိုလ်။
စီးပွားရေး တက္ကသိုလ်ကြီးတွေလို စီမံခန့် ခွဲမှုပညာရှင်၊ စီးပွားရေး ပညာရှင်၊ စာရင်းအင်းပညာရှင် ကြီးတွေ မွေးထုတ်နိုင်စွမ်း မရှိသေးတဲ့ (ကျုပ်အထင်ပါ) တက္ကသိုလ်။
ရန်ကုန်-မန္တလေးနဲ့ အခြားတက္ကသိုလ်ကြီးတွေလို ထူးချွန်တတ်သိ ပညာရှင်ကြီးတွေ မွေးထုတ်နိုင်ခြင်း မရှိသေးတဲ့ (ကျုပ်အထင်ပါ) တက္ကသိုလ်။
စစ်၊သစ်တော၊ ရေကြောင်း၊ တိမွေး၊ စိုက်ပျိုးရေး တက္ကသိုလ်ကြီးတွေလိုလည်း ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်းမရှိတဲ့ တက္ကသိုလ်။
မရိုးသားမှုတွေ၊မသမာမှုတွေ အများဆုံးဖြစ်ပွားရာ..လို့  အများက ပြောဆိုသမုဒ်နေကြတဲ့ တက္ကသိုလ်။
ဒီကျောင်းထွက်ပါလို့ ပြောလိုက်တာနဲ့ အများရဲ့(တက္ကသိုလ် အသိုင်းအ၀ိုင်းအပါအ၀င်) အထင်သေး…အမြင်သေးမျက်လုံးတွေနဲ့  နှိမ်ချပြောဆိုခြင်းခံရတဲ့ တက္ကသိုလ်။
ဘွဲ့ ရရင်ပြီးရော..ဆိုပြီး ဘ၀ရည်မှန်းချက် ကင်းမဲ့သူ အများတို့ ဆုံစည်းရာ တက္ကသိုလ်။
ဒါပေမဲ့ ကျုပ်တို့ဆီမှာတော့ ကျောင်းသားဦးရေ အများဆုံး တက်ရောက်နေတဲ့ တက္ကသိုလ်။
ပြီးတော့..ဘွဲ့ရဦးရေ အများဆုံး မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်။
ဤသို့သော ဂုဏ်ပုဒ်များနဲ့ ပြည့်နှက်နေသော တက္ကသိုလ်ကြီးမှာ ပညာရည်နို့သောက်စို့ခဲ့ရပါတယ်။
အော်…တက္ကသိုလ်နံမည်လား?….မပြောရသေးဘူးလား?..။ sorry ဗျာ။
ကျုပ်က ဂုဏ်ပုဒ်တွေ ပြောနေရတာနဲ့  နံမည်ပြောဖို့ မေ့ကျန်ခဲ့တာပါ။
နောက်ပြီး ခင်ဗျားတို့လည်း အော်တိုမက်တစ် သိလောက်ပြီလို့ ထင်နေတာဗျ။
မသိသေးလို့ သိချင်တယ်ဆိုရင်တော့လည်း ကျုပ်ကိုယ်တိုင် ပြောပြရမှာပေါ့ဗျာ။
အဲဒါ “အဝေးသင်တက္ကသိုလ်” ပေါ့။

နဗန ကို အားကျ၍ ဤစာကို ရေးပါသည်။

နဗန ဘလော့ဂ်ကို ညီမငယ် တစ်ယောက်လို ခင်ရတဲ့ သူတစ်ယောက်ရဲ့  ကျေးဇူးကြောင့် မကြာသေးခင်က ဖတ်ရှုခွင့် ရခဲ့ပါတယ်။

အထက်အညာဒေသက ရွာတစ်ရွာမှာရှိတဲ့ မိသားစု ဘ၀အတွေ့ အကြုံ၊ အညာဒေသရဲ့ အသုံးအနှုန်း-အခေါ်အဝေါ်၊ကျောင်းသားဘ၀နဲ့ အလုပ်ခွင်ဘ၀ အတွေ့အကြုံတွေဟာ သူ့ရဲ့မဖတ်ရမနေနိုင်လောက်အောင် ကောင်းမွန်တဲ့ ရေးသားတင်ပြမှုတွေကြောင့် ကျုပ်ရင်ကို တကယ်ဘဲလှုပ်ခတ်စေခဲ့ပါတယ်။

သူ့ရဲ့နိဒါန်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ အချိန်နဲ့နေရာကလွဲရင် ကျုပ်လို အညာတောသား အညတြတစ်ယောက်ရဲ့ဘ၀နဲ့အားလုံးနီးပါး ထပ်တူကြနေတာမို့လည်း တော်တော်လေး ခံစားခဲ့ရပါတယ်။
ဒီလိုအခြေအနေမျိုးကနေ သူ့လိုထူးချွန်တဲ့လူ(တကယ်ဘက်စုံတော်တဲ့ပုဂ္ဂိုလ်ပါ) တစ်ယောက်ဖြစ်လာဖို့ဆိုတာ…မလွယ်ရေး….ချ.. မလွယ်။

သူ့ကို အားကျပြီးသကာလ ကျုပ်ကလည်း ခပ်ညံ့ညံ့ကျုပ်ရဲ့ဘ၀တစေ့တစောင်း ကို မှတ်တမ်းလေးအဖြစ် ရေးရရင် ကောင်းလေမလားလို့  စိတ်ကူးမိခဲ့ပါတယ်။ ဆန့်ကျင်ဘက်..ခပ်ညံ့ညံ့ အညာသား အညတြ တစ်ယောက်ရဲ့ ဘ၀အကြောင်းဆိုပါတော့။

ပြောသာပြောရတယ် ..စာရေးမယ်ဆိုတော့.. ဘယ်က စ ရမည်မှန်းမသိ။
ကွန်ပျူတာမှာ မြန်မာစာက မရိုက်တတ်။
ဘလော့ဂ်တည်ဆောက်ဖို့ဆိုတာ ဝေလာဝေး.. (ညံ့ချက်ကတော့ ကမ်းကုန်ရောဘဲ)။
ဒီတော့ ဘလော့ဂ်အတွက် စောစောက ညီမငယ် (ကျုပ်ကို စာရေးချင်စိတ်တွေ ဖြစ်ပေါ်လာအောင် စေ့ဆော်တွန်းအားပေးခဲ့တဲ့ နဗန ဘလော့ကို Link ပေးခဲ့သူ)ကို အပူကပ်ရတာပေါ့...။
သူကလည်း..“အကို ရေးချင်ရင်ရေး.. ၂ ပုဒ် ၃ ပုဒ် ရေးပြီးရင် ပို့ လိုက်၊ ဘလော့ဂ်လုပ်ပေးမယ်” လို့ ဆိုပါတယ်။

အင်း..ဘလော့ဂ်ပိုင်း ကတော့ ပြီးပြီ။ မြန်မာစာ ရိုက်ဖို့ အတွက် ဘယ်လို လုပ်ရပါ့။
လောလောဆယ်တော့ အနားမှာရှိတဲ့ လက်တဲ့စမ်း(စာရိုက်ရင်းနဲ့ သူ့အရည်အချင်းကို သူကိုယ်တိုင် ပြောပြခဲ့တာပါ) စာစီစာရိုက်ချင်တဲ့ KTML ကြီးကို ကူညီခိုင်းရမယ် ဆိုပြီး.. သူ့ကို ပြောတော့...
“ok ..ရိုက်ပေးမယ်.. ရေး” ဆိုဘဲ။

ဒီလို..ဒီလို `အရပ်ကူပါ ..လူဝိုင်းပါ´ နဲ့ ဘဲ ..ခပ်ညံ့ညံ့ အညာသား အညတြတစ်ယောက်ရဲ့ ဘ၀ အကြောင်းကို ဖော်ညွှန်းမဲ့ “ကျုပ်ဘ၀ တစေ့တစောင်း” ဆိုတဲ့ ဘလော့ဂ်လေးတစ်ခုကို စတင်နိုင်ခဲ့ပြီပေါ့...။