Saturday, December 27, 2008

ကျုပ်ဘဝတစေ့တစောင်း(၃၅)

မြင်တွေ့လိုက်ရတော့... စီဘောက်စ်မှာ “ညီလေး” ရေးခဲ့သလို လှေခါးပေါ်ကနေ ခုန်မချဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့... ကျုပ် လုံးဝ မျှော်လင့်မထားတဲ့ သူမ ဖြစ်နေတာကြောင့်... အရမ်း... အရမ်း..ကို အံ့သြခဲ့ရတာပါ။ ကျုပ်ကို မြင်တာနဲ့ ထိုင်ရာမှ ထ ကာ...“သူ ညက တော်တော်နှင့် အိပ်မပျော်၍ အိပ်ယာထ နောက်ကျခဲ့ကြောင်း...၊ ဆိုင်ကို ၇ နာရီ အတိ ရောက်ပေမယ့် ကိုမိုးက မရှိတော့လို့.. ကမန်းကတတန်း အဆောင်ပြန် ရေချိုး.. အဝတ်အစားလဲကာ... “ဒီနားမှာပဲ နေပါတယ်” ဆိုတဲ့ ကိုမိုးရဲ့စကားကို အမှတ်ရပြီး... ဒီ အနီးအနား တဝိုက်က အမျိုးသားဆောင်တွေကို တစ်ဆောင်ပြီး တစ်ဆောင် လိုက်မေးနေတာ တစ်နာရီကျော် ကြာပြီဖြစ်တဲ့အကြောင်း...၊ အခုနောက်ဆုံး ဒီ “မိုး” အဆောင်ကို ရောက်လာမှ ကံအားလျော်စွာ တွေ့ရတဲ့အကြောင်း...” အင်အားမဲ့တဲ့ အပြုံးမျက်နှာနဲ့ ရှင်းလင်းရေး ဝင်ပါတော့တယ်။ ကျုပ်ကလည်း မနက် ၆ နာရီိ ကတည်းက ဆိုင်မှာ ၄၅ မီးနစ်တိတိ တစ်ယောက်တည်း ထိုင်စောင့်နေခဲ့ကြောင်း...၊ မိန်းမ တစ်ယောက်ကို ပထမဦးဆုံး စောင့်ဖူးတာ ဖြစ်တဲ့အကြောင်း...၊ မဆွေ အနေနဲ့ ပြောထားတဲ့အချိန်အတိုင်း အရောက်လာသင့်ကြောင်း..၊ အချိန်ကို လေးစားသင့်ကြောင်း...၊ ကျုပ်ဟာ မဆွေ တွေ့ဖူးတဲ့ ယောက်ျားတွေနဲ့ မတူကြောင်း..၊ ကျုပ်ကို အရူး မလုပ်သင့်ကြောင်း... စသဖြင့်” ဖီလ်လင် အပြည့်နဲ့ ဟစ်တာပေါ့ဗျာ။ ကျုပ် ဘယ်လောက်တောင် ဟစ်လိုက်သလဲ မပြောတတ်ဘူး...၊ နှစ်ယောက်သမား ငြိမ်ကျသွားလိုက်ကြတာ.. တော်တော်နဲ့ကို စကား ပြန်မပြောဖြစ်ခဲ့ကြပါဘူး။ အချိန် တော်တော်လေး ကြာမှ “ ကဲပါ... မဆွေ မှားတယ်ပဲ ဆိုကြပါစို့...၊ အခု သွားကြရအောင်” လို့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်မှ ကျုပ်လည်း သတိပြန်ဝင် လာပါတော့တယ်။ ဒါဆိုလည်း “ခဏစောင့်လေ” ဆိုပြီး အပေါ်ထပ် ပြန်တက်လို့ အဝတ်အစား လဲရတာပေါ့။ ကျုပ်က အဖြူရောင်အနက်စင်း ရှပ်အင်္ကျီ လက်ရှည် ကို ကိုယ်ပိုင် တစ်ထည်တည်းသာရှိသော မိုးပြာရောင် ဂျင်းဘောင်းဘီ နဲ့ ဝတ်လို့... အပေါ်က ရန်ကုန်ဆောင်းမှာ သုံးတဲ့ ခတ်ပါးပါး အဝါနုရောင် လည်ကတုံးကုတ်ကလေးနဲ့ အတူ ရှိုးလုပ်လို့ ဆင်းလာတာပေါ့ဗျာ။ အောက်ထပ်လည်း ရောက်ရော... သူမက ရွှန်းမြမြ မျက်လုံးတွေနဲ့ ကျုပ်ကို အသေအခြာကြည့်လို့ “ အခု သွားမယ့် တရုပ်တန်းဈေးဘက်မှာ သနပ်ခါး(တုန်း) ရောင်းနေတဲ့ မဆွေတို့ရွာက ဈေးသည်တွေ ရှိတယ်..၊ ဒီတော့... ကိုမိုးရဲ့ ဘောင်းဘီရှည်ကြီးနဲ့တော့ ဖြစ်မှာမဟုတ်ဘူး...၊ ပုဆိုး ပြန်သွားလဲလိုက်ပါ” လို့ အမိန့်ပေးပါတယ်။ ကျုပ်လည်း သူမရဲ့ အမိန့်တော်အတိုင်း ပုဆိုး ပြန်လဲကာ... နှစ်ယောက်သမား တရုပ်တန်း ရှိရာ မန္တလေးဘူတာကြီးဘက်ဆီ စက်ဘီးကိုယ်စီ နင်းလို့ ချီတက်ခဲ့ကြပါတော့တယ်။
တရုပ်တန်း ရောက်တော့ သူမ နောက်က တကောက်ကောက် လိုက်ရတာပေါ့ဗျာ။ ဆရာမ နောက်က တပည့်တစ်ယောက် လိုက်ရသလိုပါပဲ...။ အဟုတ်ကို သူမပြောခဲ့သလို... လမ်းဘေးမှာ သနပ်ခါး ရောင်းနေတဲ့ သူတွေအားလုံးက သူမကို ဝိုင်းဝန်းနှုတ်ဆက်နေကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့အရေးတယူ နှုတ်ဆက်တာကို မြင်ရတော့... အင်း... သူမလည်း ရွာမှာတော့ ခေသူမဟုတ်လောက်ဘူးလို့ တွေးလိုက်မိပါရဲ့။ အဲဒီလို အချိန်ဆိုရင် ကျုပ်ကတော့ သူမ နောက်မှာ ခတ်ခွာခွာလေး ရပ်လို့ မသိသလိုနဲ့ ဟိုငေး ဒီငေး လုပ်နေရတာပေါ့။ ဒါတောင်မှ တစ်ချို့ဈေးသည်တွေက ကျုပ်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြပါသေးတယ်။ တော်သေးတာပေါ့ ဘောင်းဘီရှည် မဝတ်ခဲ့မိလို့...။
တရုပ်တန်းက သူမ ဘာတွေ ဝယ်ခဲ့တယ်ဆိုတာတော့ ကျုပ် မမှတ်မိ။ ကျုပ် မှတ်မိတာက အဲဒီက ပြန်ထွက်တော့ ညနေ စောင်းနေပါပြီ။ နေ့လည်စာ ထမင်းလည်း ငတ်ခဲ့ရပါတယ်။ ထမင်း စားဖို့ ပြောပြန်တော့လည်း ဒီထဲမှာ ဈေးကြီးတယ်... စားမနေနဲ့ ဆိုလို့ အသာလေး ငြိမ်နေခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ သူမကို သီတဂူဆောင် ပြန်လိုက်ပို့ရင်း... ရွာပြန်ဖို့ မနက်ဖန် မနက် ၆ နာရီ လာခေါ်မှာ ဖြစ်တဲ့အတွက် အဆင်သင့် လုပ်ထားဖို့ မှာကြားပြီး... ဆာနေတဲ့ဗိုက်ကို အဟာရ ဖြည့်တင်းဖို့အရေး “ရိုးရိုးလေး”ကို တစ်ယောက်တည်း သုတ်ခြေတင်ရပါတော့တယ်။ တွတ်ပီတို့ ကံဆိုးချိန်ပေါ့။
နောက်နေ့မနက် ၇ နာရီ ခွဲလောက် မုံရွာ ကားဂိတ်ကို ရောက်တော့ ရှေ့ခေါင်းခန်း နှစ်ယောက်စာ ရှိသေးတယ် ဆိုတာကြောင့် ကျုပ်တို့ နှစ်ယောက်က ရှေ့ခန်းမှာထိုင်... ဒါရိုက်တာ လှဆွေက အလိုက်သိစွာ နောက်ခန်းမှာ ထိုင် လို့ မြန်းကြတာပေါ့။ လမ်းတစ်လျှောက်မှာလည်း စကား အများကြီး မပြောဖြစ်ကြပါဘူး။ ကျုပ် စိတ်ထဲမှာတော့ မုံရွာရောက်ရင် လက်ဘက်ရည်ဆိုင် အတူထိုင်ပြီး ခွဲခွာခါနီး ဘာတွေပြောရရင် ကောင်းမလဲ ဆိုတာကို စဉ်းစားလို့ နေတာပေါ့။ မုံရွာ ရောက်ရင် လှဆွေက သူ့သူငယ်ချင်းအိမ်မှာ တည်းပြီး...၊ မဆွေက သူ့အဒေါ်အိမ်မှာ တည်းမယ် ဆိုပါတယ်။ ဟိုရောက်တော့ အထုပ်အပိုးတွေက များနေတာကြောင့် မဆွေရဲ့အဒေါ်အိမ်ကို အရင်သွားကြပါတယ်။ အိမ်ပေါက်ဝ ရောက်တော့ ခြံဝန်းကျယ်ကြီးထဲက မိန်းမကြီးနှစ်ယောက် ထွက်လာပြီး သူ့စက်ဘီးနဲ့ အိတ်တွေကို ယူသွားကြလေရဲ့။ မဆွေကလည်း သူတို့နောက် မလိုက်ခင် ကျုပ်တို့ဘက် လှည့်ကာ...“အခုလို လိုက်ပို့တာ ကျေးဇူးတင်ပါတယ်၊ မဆွေက အိမ်ထဲ ဝင်ပြီးရင် ပြန်ထွက်လို့ မရတော့ဘူး..၊ ဒါကြောင့် ကိုမိုးကို တခါတည်း နှုတ်ဆက်လိုက်ပါတယ်” ဟု ဆိုကာ ထွက်ခွာသွားပါတော့တယ်။

Friday, December 26, 2008

ကျုပ်ဘဝတစေ့တစောင်း(၃၄)

ညက ဟိုတွေးဒီတွေးနဲ့ တော်တော်နဲ့ အိပ်မပျော်ပေမဲ့... အချိန်ကို မောင်တိကျ လုပ်ချင်တဲ့ ကျုပ်က မနက် ၆ နာရီ ထိုးဖို့ ငါးမီးနစ်အလိုမှာ သူမ ပြောတဲ့ လက်ဘက်ရည်ဆိုင်ကို ရောက်ရှိလို့ နေပါပြီ။ နံနက်စာအဖြစ် ကြက်ဥပလာတာ တစ်ပွဲ နဲ့ လက်ဘက်ရည် ပုံမှန် တစ်ခွက် မှာကာ တို့ခနန်း ဆိတ်ဂနန်း စားသောက်ရင်း သူမ အလာကို စောင့်နေရတာပေါ့ဗျာ။ ကျုပ် တစ်ယောက်တည်း အေးအေးဆေးဆေး စားသောက်လို့ ပြီးနေတာတောင် သူမက ပေါ်မလာ...။ သူမကိုယ်တိုင် က သူမပြောတဲ့အချိန် ရောက်မလာတော့..“ ငါတော့ အနှပ် ခံလိုက်ရပြီ”ဆိုတဲ့ အတွေးက ခေါင်းထဲ ဝင်ရောက်လာတာမို့ အလိုမကျဒေါသစိတ်ကလေး ကလည်း ရင်ထဲမှာ ဖေါင်းကြွလို့နေတော့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် “ငါက ယောက်ျားလေးဆိုတော့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်သင့်ပါတယ်လေ”လို့ ကိုယ့်ကိုကိုယ် အားပေးပြီးသကာလ.. ၆ နာရီ ခွဲ သည်အထိ စောင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်ထိ မယ်မင်းကြီးမက ကြွမလာတာကြောင့် နောက်ဆုံးအနေနဲ့ ၁၅ မီးနစ် ထပ်စောင့်ဖို့ စဉ်းစားခဲ့ပြန်ပါတယ်။ “စောင့်ရတဲ့အချိန်ဟာ အကြာဆုံး”ဆိုတဲ့ ဆိုရိုးစကားဟာ သိပ်ကို မှန်တာပေါ့ဗျာ... ကျုပ် ကိုယ်တွေ့ပါ။ ကျုပ်ကလည်း ၆း၄၅ နာရီ မှ သူမ ရောက်မလာခဲ့ရင်... ဒီဘဝ ဒီမျှသာပဲ လို့ အောက်မေ့ပြီးသကာလ ဆက်လက် မျှော်လင့် စောင့်စားနေခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမက အဲဒီအချိန်ထိ အမှန်တကယ်ကို ရောက်မလာခဲ့တာကြောင့် စိတ်တိုတိုနဲ့ ထပြန်ခဲ့ရသူပါ။
ကျုပ်လားးး ဘယ်ပြောကောင်းမလဲဗျာ...။ ရှက်လိုက်တာမှ ကိုယ့်မျက်နှာ ကိုယ် ဓား နဲ့ တောင် လှီးပစ်ချင်တာ။ တော်သေးတာက ကျုပ် ဒီလို အချိန်ကုန်ခံ စောင့်နေတယ်ဆိုတာ သူမက လွဲလို့ ဘယ်သူမှ မသိ။ လှဆွေကလည်း မနေ့ညကတည်းက အထုတ်အပိုး ပြင်ဖို့ သူတည်းခိုရာ ဘုန်းတော်ကြီးကျောင်း ပြန်သွားတာမို့ ကျုပ် ပြန်မပြောရင် သူ မသိနိုင်..။ ဟူးးးး တော်သေးတာပေါ့...ဘယ်သူမှ မသိလိုက်တာ...။ ဒါပေမဲ့ ကျုပ်ကိုကျုပ် သိနေတယ်လေ...။ လိပ်ပြာ မသန့်ဘူးပဲ ပြောကြပါစို့။ ကျုပ်လည်း ဆိုင်က ထွက်တော့ စိတ်က ဂယောက်ဂယက် ဖြစ်နေတာမို့ ဘာဆက်လုပ်ရမှန်း မသိတာကြောင့် ကျောင်းဘက်ကို ထွက်လာခဲ့ပါတယ်။ ဆောင်းတွင်းရာသီ စောစောစီးစီး ကျောင်းထဲ မှာ စက်ဘီး နှစ်ပတ်-သုံးပတ်လောက် စီးလိုက်မှ လူက နည်းနည်း ငြိမ်သွားပါတယ်။ စိတ် ပုံမှန် ဖြစ်ပြီဆိုတော့... အဆောင်ကို ပြန်ရုံမှတပါး... အခြား သွားစရာမရှိ။ အဆောင် ပြန်ရောက်တော့ စက်ဘီးကို လှေခါးအောက် ထားကာ... အပြင်မှာ နေပူစာ လှုံနေတဲ့ အဆောင်ပိုင်ရှင် အစ်မကြီးတို့ အနား သွားလို့ စိတ်ပြေလက်ပျောက် အာရိုက်ရတော့တာပေါ့။ အစ်မကြီးကလည်း တကယ်ကို လှတာပါ။ မညာတမ်းပြောရရင်.. အနေ တည်တာကြောင့်လည်း ကိုယ်အစ်မ တစ်ယောက်လို သဘောကျမိခဲ့ပါရဲ့။ စည်းကမ်းကလည်း ကြီးပါပေတယ်။ သတိယလို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ စည်းကမ်းတင်းကြပ်မှု တစ်ခုကို နောက်ကြောင်းပြန်ရရင်...၊ တခါကပေါ့ဗျာ... ကျုပ်တို့ ကျောင်းတက်ဖို့ မန္တလေးကို ရောက်နေတဲ့အချိန်... လမ်းတိုင်း နေရာတိုင်း နီးပါလောက်မှာ အငြိမ့်ပွဲ.. ဇာတ်ပွဲတွေ ရှိနေတာပေါ့။ အဲဒီ ပွဲလမ်းသဘင်ကို ကျုပ် သူငယ်ချင်း အောင်ဆင် နဲ့ အဆောင်က ဘော်ဒါတွေ အုပ်လိုက်ကြီး သွားကြည့်ပြီး ၁၂ နာရီ တစ်ချက်လောက်မှာ ပြန်လာကြပါတယ်။ အဆောင်စည်းကမ်းအရ ည ၁၁ နာရီ မှာ တံခါးပိတ် သော့ခတ်တာဆိုတော့.. သူတို့ ပြန်လာတဲ့အချိန် တံခါးက ပိတ်လျှက် ကြိုနေတာပေါ့။ အပေါ်ထပ် ကျုပ်အခန်းကနေ သူတို့ကို မြင်နေရပေမဲ့.. သော့က အစ်မကြီး လက်ထဲမှာဆိုတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်။ ခဏကြာလို့ ဒီကောင်တွေ တောသားတွေပီပီ ပိတ်ထားတဲ့ တံခါးကို ကျော်ခွတက်ဖို့ ကြိုးစားတဲ့အချိန်... ဖြတ်ခနဲ အသံနဲ့အတူ အိမ်ရှေ့မီး လင်းလာပြီး အစ်မကြီးက တံခါးဝအနား ရောက်လာပါတော့တယ်။ အစ်မကြီးက “အဲဒါ ဘာလုပ်နေကြတာလဲ...၊ အဆောင် ၁၁ နာရီ ပိတ်တယ်ဆိုတာ.. မင်းတို့ အားလုံးသိပြီးသား...၊ အခု ဘယ်အချိန် ရှိပြီလဲ...၊ လုံးဝ ဖွင့်မပေးနိုင်ဘူး...၊ ကျော်တက်ဖို့လည်း မစဉ်းစားကြနဲ့”လို့ ဟောက်ပါတော့တယ်။ ဒီလိုဆိုတော့လည်း ကိုယ့်လူတွေက တစ်ခွန်းမှ ပြန်မပြောကြပဲ နောက်ကြောင်း ပြန်လှည့်သွားကြလေရဲ့။ နောက်နေ့မနက်မှ သိရတာကတော့ တစ်ညလုံး ပွဲခင်းထဲမှာ ငေးလိုက် ငိုက်လိုက် ကြည့်လိုက် စားလိုက် သောက်လိုက်နဲ့ အချိန်ဖြုန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ကျုပ်တို့ အစ်မကြီးက အဲဒီလောက်အထိ စည်းကမ်းကြီးခဲ့သူပါ။
ဆိုတော့... ကျုပ်လည်း အစ်မကြီးတို့နဲ့ အာရိုက်အပြီး အခန်းထဲမှာ ပြန်မှိန်းရင်း အိပ်လို့ မပျော့်တပျော် အချိန်မှာ “မောင်မိုးရေ... အောက်မှာ ဧည့်သည် ရောက်နေတယ်ဟေ့” ဆိုတဲ့ အန်တီကြီးရဲ့ အသံကြောင့် ရုတ်တရက် လန့်နိုးကာ... “ငါ့ဆီ ဘယ်ဧည့်သည်က လာပါလိမ့်... ၊ ဘယ်သူမှ မလာဖူးပါဘူး...၊ လှဆွေ ဆိုရင် အပေါ်ကို တန်းပြီး တက်လာမှာပါ..၊ ဘယ်သူများပါလိမ့်...”ဆိုပြီး စဉ်းစားရင်း-တွေးတောရင်း အောက်ထပ်ကို ဆင်းလာပါတော့တယ်။ လှေခါး မရောက်ခင် ဆင်ဝင်မှာ ချပေးထားတဲ့ ဧည့်တွေ့ တစ်ယောက်အိပ်ကုတင် ပေါ်မှာ ထိုင်နေတဲ့ ဧည့်သည်ဆိုသူကို မြင်တွေ့လိုက်ရတော့.. မြင်တွေ့လိုက်ရတော့.. မြင်တွေ့လိုက်ရတော့..။

Tuesday, December 23, 2008

ကျုပ်ဘဝတစေ့တစောင်း(၃၃)

“ယူနီစံ”က ထွက်တော့ နည်းနည်းစောသေးပေမဲ့ ညစာ စားဖို့ အချိန်တောင် ရောက်နေပါပြီ။ ကျုပ်တို့နှစ်ယောက်လည်း အဆောင်ပြန် ခဏ နားရင် ကောင်းမလား...၊ ထမင်း တခါတည်းစားရင် ကောင်းမလား... စဉ်းစားရင်း-စကားပြောရင်း နင်းလာလိုက်တာ သီတဂူဆောင် ရှေ့ ရောက်လာပါတော့တယ်။ အဲဒီကျမှ ဒါရိုက်တာ ကိုယ်တော်ချောက “ဟေ့ကောင် ကိုမိုး.. ကြင်ဆွေ(မဆွေ)ကို ခေါ်ပြီး ထမင်းအတူ သွားစားကြမယ်ကွာ..”လို့ ရုတ်တရက် ဆိုပါတယ်။ ကျုပ်ကလည်း မင်း ပိုင်ရင်..လုပ်လိုက်လေ...၊ ငါ ကတော့ အဆင်သင့်ပဲလို့ ခွန်းတုန့်ပြန်လိုက်ပါတယ်။ ကံအားလျော်စွာပဲ မဆွေကို အတွင်းဆောင်ရှေ့က မြေကွက်လပ်မှာ လှမ်းတွေ့လိုက်ရတာကြောင့် ထမင်းအတူသွားစားဖို့ လက်ဟန်ခြေဟန်နဲ့ အချက်ပြလိုက်ပါတယ်။ သူမကလည်း ခဏစောင့်ပါ လို့ ဆိုတော့... စောင့်ရတာပေါ့။ ၁၀ မီးနစ်လောက် ကြာတော့ ပိုက်ဆံအိပ်လေး ကိုင်ကာ ထွက်လာတာကြောင့်... ကျုပ်က “စက်ဘီး မပါဘူးလား”လို့ လောကဝတ် စကား ဆိုလိုက်ပါတယ်။ သူမကလည်း “ အဝေးကြီး မသွားတော့ဘူးလေ... ဒီအနီးအနားက လမ်ဘေးဆိုင်လေးတွေမှာပဲ စားကြတာပေါ့”လို့ ဆိုပြန်တာကြောင့်၊ ကျုပ် စားနေကြ “မိုးမခ”ဆိုင်လေးဆီကို လမ်းလျှောက်ကာ ချီတက်ရတော့တာပေါ့။ တကယ်တော့ “မိုးမခ”ဟာ လမ်းဘေးဆိုင်လေး ဆိုပေမဲ့ အင်မတန် သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်လေးပါ။ ဆိုင်ခန်းနေရာအနေအထား ကျဉ်းတာက လွဲရင်... ဈေးလည်း သိပ်မကြီးလှသလို စားစရာ ဟင်းလျာမျိုးစုံလည်း အတော်ကို စုံလင်လှပါတယ်။ ဆိုင် ရောက်တယ်ဆိုရင်ပဲ မဆွေက “မင်းတို့ ဘယ်တော့ ပြန်ကြမလဲ”လို့ လှဆွေကို မေးလိုက်ပါတယ်။ လှဆွေကလည်း “ငါတို့ နှစ်ယောက် မနက်ဖြန်မနက် ၇ နာရီလောက် ဒီကထွက်... မုံရွာမှာ လက်ဘက်ရည်ဆိုင် အတူထိုင်... ပြီးတာနဲ့ ကိုမိုးက မြစ်အနောက်ဘက် ကူးပြီး ရွာပြန်...၊ ငါက မုံရွာမှာ တစ်ညအိပ်ပြီး နောက်နေ့မှ ရွာပြန်မယ်” လို့ ပြောလိုက်တော့...၊ မဆွေက “တစ်ရက်လောက် စောင့်ကြပါအုံး... ငါလည်း ပုဂံ-ညောင်ဦး ခရီးစဉ်ကို ဖျက်လိုက်ပြီ... မင်းတို့နဲ့အတူ ပြန်ချင်တာမို့ သဘက်ခါ ကျမှ အတူတူပြန်ကြရအောင်”လို့ ဆိုပါတယ်။ သူမရဲ့ စကားအဆုံးမှာ... လှဆွေရဲ့အဓိပ္ပါယ်ပါတဲ့ အကြည့်တွေက ကျုပ်ဆီအရောက်... ကျုပ်ကလည်း အလိုလို ခေါင်းငြိမ့်ပြီးသား ဖြစ်နေလေရဲ့...။ အသိစိတ်က ဘယ်လိုပင် ထိန်းချုပ်ထားပေမဲ့... တခါတရံ မသိစိတ် ရဲ့အလိုအလျှောက် တုန့်ပြန်ချက်တွေဟာ အင်မတန်ကို အံ့သြစရာကောင်းလှပါတယ်။ သူမရဲ့ ပုဂံခရီးစဉ် ဖျက်ရခြင်းရဲ့ အကြောင်းရင်းကို အတိအကျ မသိရပေမဲ့...၊ ကျုပ်တို့နဲ့အတူ ပြန်လိုက်မယ်ဆိုတော့... တကယ်တမ်း စကားလုံးနဲ့ ဖေါ်မပြနိုင်လောက်အောင် ဝမ်းသာခဲ့ရသူက... ကျုပ်ကလွဲရင် တစ်ခြားဘယ်သူများ ရှိနိုင်အုံးမှာလဲ..။ သူမလည်း ရိပ်စား မိခဲ့မှာပါလေ။ အလင်း နဲ့ အသံ တို့ထက် မြန်တဲ့ စိတ်စွမ်းအား အရှိန်အဟုန်ကြောင့် ရုပ်ချည်း ပြောင်းလဲသွားတဲ့ ကျုပ်ရဲ့ အံ့သြဝမ်းသာမှု မျက်နှာကို သူမ တကယ် အကဲခတ်မိခဲ့မှာပါ။ ဒါကြောင့်လည်း “မိုးမခ”မှ အပြန်ခရီးဟာ ကျုပ်အတွက် မျှော်လင့်ချက်တွေ အများကြီးနဲ့ပေါ့။ သီတဂူဆောင်ရှေ့ ရောက်လို့ အတွင်းထဲ မဝင်ခင်လေးမှာ... မဆွေက “ကိုမိုး မနက်ဖန်မနက် အားတယ်ဆိုရင်.. တရုပ်တန်းဘက် ဈေးဝယ်သွားချင်လို့ လိုက်ပို့ပေးပါလား”လို့ ဆိုပါတယ်။ ကျုပ်ကလည်း အချိန်မဆိုင်း တုန့်မနှိုင်းပဲ... “အိုကေ အားတယ်..ဘယ်အချိန်မှာ ဘယ်နေရာ လာခဲ့ရမလဲ” မေးလိုက်ပါတယ်။ သူမကလည်း သူတို့အဆောင်ရှေ့က လက်ဘက်ရည်ဆိုင်ကို လက်ညှိုးညွှန်လျှက် “ဒီဆိုင်ကို မနက် ၆ နာရီ အရောက် လာခဲ့ပါ” ဟု ဆိုကာ နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်။

ကျုပ်ဘဝတစေ့တစောင်း(၃၂)

“လွယ်ဆမ်စစ်” ရောက်လို့ ထိုင်တောင် မထိုင်ရသေးဘူး.. ကိုယ်တော်ချောက “ဟေ့ ကောင်..ကိုမိုး ငါ ရှောင်ပေးလိုက်တာ... မင်းတို့ နှစ်ယောက် အဆင်ပြေသွားပြီ မဟုတ်လား” လို့ အပိုင်တွက်ထားတဲ့ မျက်နှာပေးနဲ့ မေးပါလေရော...။ နေပါအုံးကွာ... အရင်ဆုံး သောက်စရာ-စားစရာ မင်းကြိုက်တာ မှာစမ်းပါအုံး.. ပြီးမှ ပြောကြတာပေါ့ လို့ တားယူရပါတယ်။ ပထမတစ်ခွက် ဝင်ပြီးမှ ကျုပ်က ဇာတ်စုံ ရှင်းပြလိုက်တော့... “ငါလခွီးမှပဲ... မင်းက တော်တော်ညံ့တဲ့ကောင်ပဲ၊ ကောင်မလေးက ဒီလောက် ကိုယ့်ဘက်ပါနေတာကို အပိုင် မရိုက်နိုင်ဘူး...၊ ဟိုကောင် အောင်ဆင် ဆိုရင် ပွဲပြတ်တာ ကြာလှပြီ... မင်း ဒီပုံနဲ့တော့ ရမှာမဟုတ်ဘူး” လို့ မြည်တွန် တောက်တီးကာ ရမ်အရက်ကို တစ်ခွက်ပြီး တစ်ခွက် ဆက်ကာ မော့ကာ သောက်ပါတော့တယ်။ ကျုပ်လည်း သူ ပြောသမျှ ခေါင်းငြိမ့်ကာ အပြိုင် လိုက်မော့ ရတာပေါ့ဗျာ။ တော်တော်လေး ထွေလာတော့...“ကဲ.. အခု ဘယ်လိုလုပ်ကြမလဲ..၊ သူတို့နဲ့ ပုဂံ-ညောင်ဦး လိုက်ကြမလား...၊ ဒါ နောက်ဆုံးနှစ်..ကွ၊ နောက်ထပ်တစ်ကြိမ် တွေ့ဖို့ဆိုတာ မလွယ်ဘူး...၊ အခု တစ်ခါတည်း အပြတ်ဖြတ်မှ ဖြစ်မယ်”လို့ အော်ကာဟစ်ကာ ဆိုပြန်ပါတယ်။ ကျုပ်ကလည်း ထွေထွေလေးနဲ့ သူပြောတာတွေ မှန်တဲ့အကြောင်း ထောက်ခံပြီးသကာလ...၊ “အကယ်၍ ယခု သူမက လက်ခံလို့ လက်ထပ်ယူရမယ် ဆိုရင်တောင် ကျုပ်ဘက်က အဆင်သင့် မဖြစ်သေးတဲ့အကြောင်း... ကျုပ်ဘဝ နောက်ကြောင်းရာဇဝင်နဲ့ ဘဝရည်မှန်းချက်တွေကို စုံလင်အောင် ဇာတ်စုံခင်းပြရင်း...၊ အချစ်ဆိုတာ... ခွင့်လွှတ်ခြင်း ...၊ ရယူပိုင်ဆိုင်ခြင်း မဟုတ်ဘူး ဆိုတာတွေ၊ ရှေးဘဝက ရေစက်ပါခဲ့ရင်.. ဒီဘဝမှာလည်း ပေါင်းဖက်ကြရပါလိမ့်မယ်”ဆိုတဲ့ အချစ်အဘိဓမ္မာတွေကို ရင်ဖွင့်ကာ ပေါက်ကွဲပြတော့တာပေါ့။ ကျုပ်က အမှန်အကန် ဖီလ်လင်နဲ့ ပြောနေပေမဲ့... ဒါရိုက်တာ လှဆွေကတော့.. အင်း ဟုတ်တယ်... မှန်တယ်... သက်စ်ရိုက် လိုက်ရင်း ခေါင်း ငိုက်စိုက်ကျလို့ နေပါပြီ။ ဆိုင်က ထွက်တော့ နှစ်ယောက်လုံး ဒရိန်းဒယိုင်နဲ့ စက်ဘီးကိုယ်စီ တွန်းကာ ကျုပ် နေတဲ့ အဆောင်ဆီ မြန်းကြပါတယ်။ သူနေတာက မဟာမြတ်မုနိဘုရားရဲ့ တောင်ဘက်က ဘုန်းကြီးကျောင်းမှာဆိုတော့ ဝေးလွန်းလှတာကြောင့် မပြန်ခိုင်းတော့ပဲ ကျုပ်အခန်းမှာ ခြင်ထောင် ထောင်ကာ နှစ်ယောက် အိပ်ကြပါတယ်(ကျုပ်က နှစ်ယောက်ခန်းကို အခန်းခ နှစ်ယောက်စာပေးပြီး တစ်ယောက်တည်း နေတာဆိုတော့ အဆင်ပြေတာပေါ့)။
နောက်နေ့မနက်ကျတော့ နှစ်ယောက်သမား နိုးနေပေမဲ့ တော်တော်နဲ့မထနိုင်။ နေ့ခင်းထမင်းစားချိန်လောက် ရောက်မှ အတင်းထကာ... ရေချိုး အဝတ်အစား လဲပြီး ကျောင်းရှေ့က “ယူနီစံ” ကို ထွက်ကာ ဘလက်ကော်ဖီနဲ့ ဖြေရတော့တာပေါ့။ အဲဒီမှာလည်း ကျုပ်တို့လို အရက်နာ ကျနေတဲ့ အတန်းထဲကအသိတွေကို တွေ့ရပြန်ပါတယ်။ ပြန်မယ်လုပ်မှ စေတုတ္တရာက နှစ်ယောက် ရောက်လာတာကြောင့် တော်တော်နဲ့ မထဖြစ်ပါဘူး။ သူတို့ကလည်း မနက်ဖြန် ပုဂံ-ညောင်ဦး သွားမယ့် ကျောင်းကအဖွဲ့နဲ့ လိုက်ပြီး အပြန်ကျရင် မကွေးမှာ ဆင်းပြီး တခါထဲ ပြန်တော့မှာ ဖြစ်တဲ့အတွက် နှုတ်ဆက်ပါကြောင်း ပြောရင်း ကိုယ့်လိပ်စာ သူ့ပေး... သူ့လိပ်စာ ကိုယ့်ပေး လုပ်နေကြတာပေါ့ဗျာ။ အဲ.. ကိုဖိုးကွယ် က “ကျုပ်သာ မဆွေ နဲ့ ရခဲ့ရင်... အဲဒီ မင်္ဂလာပွဲကို မဖြစ် ဖြစ်အောင် လာမယ်ဆိုတဲ့အကြောင်း” ကတိပေးလိုက်ပါသေးတယ်။ ပြီးတော့ ကျုပ် နဲ့ မဆွေ ဟာ နေနဲ့လ.. ရွှေနဲ့မြ ပမာ လိုက်ဖက်တဲ့အကြောင်း ကျောင်းဆရာပီပီ ချင်းသံဝဲဝဲနဲ့ သီချင်းတစ်ပုဒ် တိုးတိုးလေး ဟဲလိုက်ပါသေးတယ်။ တကယ်ကို ခင်စရာ မင်စရာ ကောင်းတဲ့ တောအရပ်က ဖြူစင်ရိုးသားတဲ့ သူပါ။ ကျုပ်ကလည်း မနက်ဖြန် လှဆွေနဲ့အတူ မုံရွာအထိ အတူတူသွားကြပြီး ဟိုရောက်မှ လမ်းခွဲကြမှာ ဖြစ်တဲ့အကြောင်း...၊ ရန်ကုန်ကို အချိန်မရွေး လာလည်နိုင်ကြောင်း..၊ မဆွေနဲ့ကတော့ ဖူးစာရေးနတ် ကိုပဲ အားကိုးရမှာဖြစ်တဲ့အကြောင်း..ပြောပြီးတာနဲ့..၊ အခု မဆွေတောင် မင်းတို့နဲ့အတူ ပုဂံ-ညောင်ဦး လိုက်မယ် ပြောသံကြားတယ်လို့ ဆိုပြီး လက်ဘက်ရည်ဖိုး ရှင်းလိုက်ပါတော့တယ်။

Sunday, December 21, 2008

ကျုပ်ဘဝတစေ့တစောင်း(၃၁)

ကျုပ် စတုတ္ထနှစ် (နောက်ဆုံးနှစ်) ရောက်တော့ “မိုး”အဆောင်မှာ တစ်ယောက်တည်း စခန်းသွားခဲ့ရပါတယ်။ ကျုပ်က တတိယနှစ်ကို ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်တဲ့အချိန်.. ကျုပ်သူငယ်ချင်း အောင်ဆင်က ကျ ကျန်ခဲ့တာကြောင့်ပါ။ ကျ မယ်ဆိုရင်လည်း ကျချင်စရာလေ..။ တစ်နေကုန်နေလို့ စာတစ်လုံး မဖတ်ချင်...။ စာဖတ်ဖို့ ပြောပြန်ရင်လည်း ဆင်ခြေဆင်လက်များစွာနဲ့ အတွန့်တက်တတ်သူ...။ “မင်းလို စာမကျက်ပေမဲ့... စာမေးပွဲအောင်တော့ အတူတူပါဘဲကွာ...”လို့ ပြောတာက ပိုသေး...။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ...။ တစ်ခန်းထဲမှာ နှစ်ယောက် အတူနေခဲ့တာဆိုတော့ ကျုပ်တောင်မှ တခါတလေ သူ့ကို အားကျပြီး စာကျက်စာဖတ် ကြိုးစားချင်တဲ့စိတ်တွေ ပျောက်ခဲ့တာ ခဏခဏပါပဲ..။ သူက နေ့စဉ် ည ၁၀ နာရီ-၁၁ နာရီ မှ ပြန်လာတဲ့အချိန်... ကျုပ်က စာကျက်နေတုန်း...။ သူက တခေါခေါနဲ့ အိပ်တဲ့အချိန်မှာလည်း... ကျုပ်က စာကျက်နေရဆဲ...။ ခေါင်း ကြည်လို့ စာတွေ ဖတ်ရ မှတ်ရတာ အလွယ်တကူ ရနေတဲ့အချိန်မှာ မသိသာပေမဲ့..၊ ခေါင်း နောက်လို့ စာမရတဲ့အချိန်ဆိုရင်... “တော်ပြီကွာ... မကျက်တော့ဘူး... စာမေးပွဲအောင်တာချင်း အတူတူ ဟိုကောင်လိုပဲ လုပ်တော့မယ်” ဆိုပြီး စာအုပ်တွေ လွှင့်ပစ်ခဲ့တာကလည်း အကြိမ်ပေါင်း မနည်းလှပါဘူး...။ အထူးသဖြင့် ကျုပ်က စာကျက်လို့ မရတဲ့အချိန်... သူက တရှူးရှူး နဲ့ အိပ်ပျော်နေတဲ့အခါဆိုရင် အဆိုးဆုံးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ သူ့လို လုပ်ရဲတဲ့သတ္တိ မရှိတာကြောင့်... စာမရလို့ စိတ်ညစ်တိုင်း လွှင့်ပစ်မိတဲ့ စာအုပ်တွေကို ပြန်ကောက်ကာ စာကိုပဲ ဖိကျက်ခဲ့ရပါတယ်။ ကျုပ်ရဲ့ ဗီဇ အပြင် ကျုပ်ဆရာရဲ့ “ရိုးသားစွာဖြင့် ဘဝကို မြှင့်တင်ပါ” ဆိုတဲ့ လမ်းညွှန်မှုနဲ့အတူ... ကျုပ်ရဲ့ စံပြဇာတ်ကောင် တက္ကသိုလ် ကထိကဆရာ ဒေါက်တာမြင့်နွယ်ရဲ့ ပုံရိပ်တွေက လွှမ်းမိုးခဲ့တာကြောင့်လည်း ကြံ့ကြံ့ခံနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဆိုတော့... ဒီ နောက်ဆုံးနှစ်ကိုလည်း အရင်နှစ်တွေကနည်းတူ ဖြတ်သန်းခဲ့ပါတယ်။ ကျက်စာတွေ ပိုများလာတာမို့ အချိန်ကိုလည်း ပိုပြီးစနစ်တကျ စီမံခန့်ခွဲခဲ့ရတာပေါ့။ အရင်နှစ်က ချစ်သဝဏ်လွှာ ပါးခဲ့မိတဲ့ မဆွေ အနားကိုတောင် ရစ်သီရစ်သီ မလုပ်နိုင်ခဲ့ပါဘူး။ သူမ ကတော့ ဘယ်လိုထင်မယ်မသိ၊ ကျုပ်ကတော့ စာမေးပွဲ ပြီးမှပဲ သူမနဲ့ တွေ့ဖို့ ကြိုးစားမယ်ဆိုပြီး ပစ်ပစ်ခါခါ နေခဲ့မိပါတယ်။ “ဘဝရည်မှန်းချက်ပန်းတိုင်ကို ပစ်မှတ်ထား လျှောက်လှမ်းနေချိန်မှာ ကိုယ်က သိပ်..လုပ်ချင်တဲ့ အရာက ပန်းတိုင်အတွက် အတားအဆီး အနှောက်အရှက် ဖြစ်နိုင်တယ်..လို့ ယူဆခဲ့ရင်... အဲဒါကို လတ်တလော အချိန်အတိုင်းအတာတစ်ခုအထိ မျိုသိပ် ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်”။ ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်ယူဆချက်ပါ။ အတ္တ ကြီးတယ်လို့များ ဆိုနိုင်လေမလား...၊ ဒါကိုတော့ ကျုပ်မသိ။ ကျုပ် ပြောနိုင်တာ တစ်ခုက (ကျုပ်ဘဝ အတွေ့အကြုံ အပေါ် အမှီပြုပြီး) အဲဒီ အဆင့်ကို ကျော်အောင် မဖြတ်နိုင်တဲ့သူတွေဟာ များသောအားဖြင့် သာမန် နဲ့ သာမန်အဆင့်အောက် မှာပဲ ရှိကြပါတယ်။ ကိုယ် ချမှတ်ခဲ့တဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ကို ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက် လျှောက်လှမ်းနိုင်သော အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မလာနိုင်ကြပါဘူး။
ဒီလိုနဲ့ စာမေးပွဲဖြေအပြီး နောက်ဆုံးရက်ညနေ မှောင်ရီဝိုးတဝါးအချိန်မှာ မဆွေ ရှိရာ “သီတဂူဆောင်” ကို အောင်သွယ်တော် လှဆွေ နဲ့ အတူ ချီတက်ကြပါတယ်။ လက်ဘက်ရည်ဆိုင် သွားဖို့ခေါ်တော့ ရှောရှောရှူရှူပါပဲ...။ ဆိုင် ရောက်တော့... ဟိုအကြောင်း..ဒီအကြောင်း.. စာမေးပွဲအကြောင်း ပြောကြရင်း... လှဆွေက “ငါ ကျောင်းဘက်ကို သွားလိုက်အုံးမယ်... ခဏနေ ပြန်လာမယ်” ဆိုပြီး ကျုပ်တို့ နှစ်ယောက်ထဲ ချန်ထားခဲ့ကာ လစ်ထွက်သွားပါတယ်။ ကျုပ် က မနှစ်က သူမကို စာပေးခဲ့တဲ့အကြောင်း လုံးဝ မဟမိ သလို... သူမ ကလည်း ဘယ်လိုမှ တုန့်ပြန်မှု မပြုခဲ့။ နာရီဝက်လောက် ကြာတော့.. လှဆွေ ပြန်ရောက်လာကာ “ဟ... စေတုတ္တရာတို့က ပုဂံ-ညောင်ဦး လိုက်ကြမလို့တဲ့...၊ ကိုမိုး မင်းက ဘယ်လိုလုပ်မှာတုန်း..”လို့ ကျုပ်ကို မေးပါတယ် (နှစ်စဉ် စာမေးပွဲ ဖြေပြီးတိုင်း စိတ်ပညာဌာန ပါမောက္ခ နဲ့ ဆရာ-ဆရာမတွေ ဦးဆောင်ကာ ပုဂံ-ညောင်ဦးကို သွားနေကြပါ)။ ကျုပ်ကလည်း “ငါကတော့.. ခွင့် မကျန်တော့ဘူး..၊ ရွာ ပြန်မှ ဖြစ်မယ်” လို့ ပြောလိုက်တော့...၊ အေး..တို့ အတူတူပြန်ကြတာပေါ့ဟု ဆိုကာ... မဆွေကို “နင်ကရော ဘယ်လိုလဲ..” လို့ မေးလိုက်ပြန်ပါတယ်။ သူမကတော့ “ငါလည်း ပုဂံ-ညောင်ဦး လိုက်ဖို့ စာရင်းပေးထားတယ်”လို့ ဆိုလျှက် “ကိုမိုးတို့လည်း လိုက်ခဲ့ကြပါလား...”လို့ မဲဆွယ်ပြန်ပါတယ်။ ကျုပ်ကလည်း ရွာကမိသားစုက မျှော်နေကြမှာမို့ မလိုက်တော့ပါဘူး..လို့ တုန့်ပြန်ပြီးသကာလ၊ မဆွေကို အဆောင်ပြန်ပို့ကာ... ကျုပ်တို့ နှစ်ယောက် “လွယ်ဆမ်စစ်” ဟု ဆိုသော ရှမ်းစားသောက်ဆိုင်သို့ “ရင်ဖွင့်ယမကာ” မှီဝဲရန်အတွက် အချိန်မဆိုင်း ဒုန်းစိုင်းလို့ ပြေးခဲ့ပါတော့တယ်။

Tuesday, December 16, 2008

ကျုပ်ဘဝတစေ့တစောင်း(၃၀)

ကျုပ် ရန်ကုန် ပြန်ရောက်လို့ အလုပ်ပြန်ဝင်တော့ ခတ်ကြောင်ကြောင် သတင်းတစ်ပုဒ်က ဆီးကြိုနေလေရဲ့။ ရုံးကို ရောက်ရောက်ခြင်းပဲ လ/ထ မန်နေဂျာဖြစ်နေတဲ့ မဝါက “အညာသား.. လာစမ်း... နင် မန္တလေးမှာ ဘာတွေလုပ်ခဲ့သလဲ”ဆိုပြီး ပုလိပ်စစ် စစ်ပါလေရောဗျာ...။ ကျုပ်ကလည်း ဘာမှမလုပ်ခဲ့ပါဘူး..။ အတန်းမှန်မှန်တက်.. စာမှန်မှန်ကျက်..၊ ပြီးရင် ရွာပြန်... အခု ရွာကပြန်ရောက် ရောက်ခြင်း ရုံးကို တန်းလာတာပဲ လို့ ပြောလိုက်ပါတယ်။ သူကလည်း ရုံးကလူတွေအတွက် ကျုပ် ဝယ်လာတဲ့ မန္တလေးထိုးမုန့် စားရင်း... သေခြာစဉ်းစားစမ်းပါအုန်း အညာသားရယ်.. နင် ငါတို့ကို လိမ်လို့ မရပါဘူး လို့ ဆိုပြန်ပါတယ်။ မမနီလာ ကလည်း “ငါ့မောင် ညာမနေနဲ့.. အာညောင်းတယ်..၊ အမှန်တိုင်း မြန်မြန်ပြောလိုက်”လို့ ချွန်တွန်းလုပ်ပြန်ပါတယ်။ နောက်ဖေးက ထမင်းစားခန်းမှာ ထိုးမုန့် ဝါးနေကြတဲ့ ဘော်ဒါတွေပါ ကျုပ်တို့ရှိရာ ရှေ့စားပွဲ ရောက်လာကြပြီး“ ကိုအညာသားရာ... ရှိုမနေစမ်းပါနဲ့... သတင်းက အတိအကျ ရထားပြီးသား..၊ ဖြောင့်ချက်သာ ပေးလိုက်တော့” ဆိုပြီး ပရက်ရှာ ပေးနေကြပြန်ပါတယ်။ ရော... ခက်ချေပြီ။ ကျုပ်လည်း သေခြာပြန်စဉ်းစားပြီး..ကျုပ်ကတော့ တကယ် ဘာမှမလုပ်ခဲ့ဘူးဗျာ... ခင်ဗျားတို့ သိတယ်ဆိုရင်လည်း အစ ဖေါ်ကြပေတော့လို့ ပြောလိုက်ပါတယ်။ ဒီတော့မှ မဝါက နင် ဒီရုံးဖုန်းနံပါတ်ကို ဘယ်သူတွေကို ပေးထားသလဲ လို့ မေးတော့... ကျုပ်ကလည်း ပျာပျာသလဲနဲ့.. ဟာ.. ရွာက မိသားစုကလွဲလို့ ဘယ်သူ့ကိုမှ ပေးမထားဘူး လို့ တုန့်ပြန်လိုက်ပါတယ် (အမှန်တော့ ကျုပ် စာမေးပွဲဖြေမသွားခင်လေးမှာ MD က ရုံးဖုန်းနံပါတ်ကို လူတိုင်းကို မပေးရဘူးလို့ ကြိမ်းမောင်းထားတာကြောင့်ပါ)။ လူတွေကလည်း MD ပြောရင်လည်း ပြောချင်စရာ..။ အလကား ရတဲ့ ဖုန်း ဆိုတော့ ပြောလိုက်ြကတာများ.... ဟို.. အိုးရှင်း ရဲ့ မွေးရပ်မြေ ရာမဂတ တောင်ပေါ်စခန်းက မိဆိုးလေး နဲ့ သူပြိုင်ကိုယ်ပြိုင်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မဝါကတော့ “နင့်ကို ရွာကလူတွေကို ပေးထားတာ ပြောနေတာမဟုတ်ဘူး.. ငတုံးရဲ့၊ ကျောင်းမှာ ဘယ်ကောင်မလေးကို ပေးခဲ့သလဲလို့ မေးနေတာ..ဟယ့်” လို့ အော်ပါတယ်။ အဲဒီကျမှ ကျုပ်လည်း သတိယ ဇာတ်ရည်လည်ပါတော့တယ်။
ကျုပ်က မဆွေရဲ့ စာအုပ်လေးထဲမှာ ကျုပ်ရဲ့နေရပ်လိပ်စာ ရေးရင်း ရုံးက ဖုန်းနံပါတ်ကိုပါ ပေးထားခဲ့ပါတယ်။ ဆက်သွယ်လိုတဲ့ ဆန္ဒရှိရင်..ဆက်သွယ်နိုင်အောင်ပေါ့ဗျာ..။ အဲဒါကို ရုံးက မယ်မင်းကြီးမတွေက အရင်းမရှိ အဖျားမရှိ “နင် မန္တလေးမှာ ဘာလုပ်ခဲ့သလဲ”လို့ မေးတော့... ကျုပ်ကလည်း မကောင်းတာတွေ ဘာမှ မလုပ်ခဲ့ပါဘူး လို့ တွေးပြီး.. ဘာမှ မလုပ်ခဲ့ပါဘူး လို့ပဲ ဖြေတာပေါ့။(ကျုပ်တို့ စာမေးပွဲ ဖြေနေတဲ့အချိန်မှာ မန္တလေးတက္ကသိုလ်ထဲက ဝါးထရံကပ် အဆောင်တွေ မီးလောင်မှု ဖြစ်ပွားခဲ့တာ ရှိပါတယ်)။ ဆိုတော့... ကျုပ်က စာမေးပွဲဖြေအပြီး ရွာ ပြန်နေချိန်မှာ.. မဆွေ က ကျုပ်ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက် ပါသတဲ့ဗျာ..။ ရုံးက ဖုန်း မြည်သံ ကြားတာနဲ့ ပထမဆုံး ကိုင်ရသူက မဝါ (ဖုန်းက သူ့စားပွဲပေါ်မှာ ရှိပါတယ်) ဆိုတော့...အချင်းချင်း (မိန်းမသားချင်းဆိုတော့ ပိုပြီး အစေးကပ်ဟန် တူပါတယ်) မိတ်ဆက်ပြီးသကာလ... သူမ သိချင်တာလေးတွေ မေးတော့တာပေါ့..။ မေးပုံကလည်း ကြည့်ကြပါအုံး..ဗျာ..။ ဘာတဲ့..“ ကျုပ်က ဒီကုမ္ပဏီမှာ အလုပ် လုပ်နေတယ် ဆိုတာ ဟုတ်ရဲ့လားးးး၊ ဘာရာထူးလည်းးးးး၊ လူပျို ဟုတ်ရဲ့လားးးးးဆိုတာက ထပ်ခါတလဲလဲ...” အို... စသည်ဖြင့် စုံလို့ပါပဲဗျာ..။ မိန်းမ တစ်ယောက်ရဲ့ ချစ်ခြင်းမောတ္တာကို ဘယ်တော့မှ လိမ်ညာဟန်ဆောင် မယူဘူး ဆိုတဲ့ ကျုပ်ကိုမှ စုံစမ်းစစ်ဆေးရေး ဝင်နေပါရောလားးးး။ အရှိကို အရှိတိုင်း ချပြကာ ရယူဖို့ ကြိုးစားမယ့် ကျုပ်လို လူကိုမှ မေးရက်လေခြင်း ရယ်လို့ မကျေနပ်စိတ်နဲ့မာန်မာနတွေ တဟုန်းဟုန်း တောက်ပခဲ့တာကြောင့် ခတ်ကြောင်ကြောင် သတင်းတစ်ပုဒ် ဟု သမုဒ်အပ်ခဲ့ပါကြောင်း...။

Friday, December 12, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၉)

အဲဒီ “ဒိတ္ထိ” လို့ အခေါ်မခံရခင်လေးမှာ(မသတ်မှတ်ခင်) ကျေးဇူးဆပ် ကုသိုလ်ပြုခွင့် တစ်ခု လုပ်ခွင့်ရခဲ့ပါသေးတယ်။ ကျုပ်က ကျေးဇူးဆပ်တယ် ဆိုပေမဲ့.. အမေညိုရဲ့(အမေကြီး..၊ အဖေ့ရဲ့အမေ) ကျေးဇူးတရားတွေနဲ့ နှိုင်းစာရင် မြင့်မိုလ်တောင် နဲ့ ဇီးစေ့ ပမာ ကွာခြားလွန်းလှသလို.. အင်မတန်မှ အပြောကျယ်ဝန်းလှတဲ့ သဲကန္တာရကြီးထဲက သဲမှုံလေး တစ်ပွင့် ပမာပါ။ ကျုပ် ရွာရောက်နေတဲ့အချိန်လေးမှာ အသက် ၇၀ ကျော် အမေက သူမသေခင်မှာ “ရွှေသင်္ဃန်း” ကပ်လှူသွားချင်တယ်လို့ ကျုပ်ကို ခေါ်ပြောပါလေရော..။ အဲဒီတုန်းက အမေညိုက ကျုပ် ဒွေးလေးတော်တဲ့ သူ့သမီးအငယ်ဆုံးနဲ့ အတူနေပါတယ်။ ကျုပ်ကလည်း ရပါတယ်အမေရာ.. ဘာခက်တာမှတ်လို့ ဆိုပြီး.. အမေ့ရဲ့ ဥယျဉ် မြေယာတွေကို အပိုင်စီးထားတဲ့ ဘကြီး(အမေ့ရဲ့သားကြီး၊ အဖေ့ရဲ့အစ်ကို)ဆီ သွားပြီး “အမေက ကျောင်းထိုင်ကိုယ်တော်ကို သင်္ဃန်း ကပ်လှူချင်တဲ့အကြောင်း.. ဖြူစင်သန့်ရှင်းတဲ့ အမေ့ရဲ့ကိုယ်ပိုင်ငွေနဲ့ လှူဒါန်းနိုင်ဖို့အတွက်.. သူပိုင်ဖြစ်တဲ့ ဒီမြေယာတွေထဲက အကွက်လေးတစ်ကွက်ကို အခု ရောင်းပေးဖို့” ဆရာကြီး လုပ်ပြီး သွား ပြောတာပေါ့။ ဘကြီး က “မင့်အဖေ ငါ့ညီတောင် ဒီကိစ္စမျိုး ငါ့ကို လာမပြောရဲဘူး... (အမွေကိစ္စပြောတယ်များ ထင်နေသလားမသိ)၊ ကျန် နှစ်မ ၂ ယောက်ဆို ဝေးရော..၊ မင်းက ဘာကောင်လဲ..ကွ” ဆိုပြီး ကြိမ်းမောင်းလို့ ကုတ်ကုတ်ကလေး ပြန်ခဲ့ရပါတယ်။ အမေ့ကို သွားပြောဖို့ တိုက်တွန်းပေမဲ့.. သူ့သားကြီးအကြောင်း သိဟန်တူပါရဲ့... လုံးဝမပြော။ နောက်ဆုံးတော့.. ကဲ.. အမေ လှူချင်တဲ့သင်္ဃန်း အားလုံး ဘယ်လောက်ကျမလဲ ဆိုတာ ကျောင်းထိုင်ဆရာတော်ကို လျှောက်ခဲ့ပါ လို့ အားပေးတိုက်တွန်းရတော့တာပေါ့ (အဲဒီအချိန်က ကျုပ်တို့ရွာမှာ လူကြီးတွေအတွက် ညနေတိုင်း တရားပွဲ ရှိပါတယ်)။ အမေ တရားပွဲက ပြန်လာတော့.. “ငါ့မြေးရေ.. သုံးထောင်လောက်ဆို ရတယ်လို့ ပြောတယ်..၊ ငါ့ မြေးမှာ ရှိရဲ့လား” လို့ စိုးရိမ်စိတ်နဲ့ အမောတကော မေးရှာပါတယ်။ ကျုပ်ကလည်း “အဲဒီလောက်တော့ ရှိပါတယ် အမေရာ.. ဘာမှမပူနဲ့”လို့လည်း ပြောလိုက်ရော... အမေ့နှုတ်က “ဟိုဟာမတွေ ငါ့မြေးကို သိပ် အထင်သေးကြတယ်..၊ စာမေးပွဲဖြေဖို့ မန္တလေးမှာ အကြာကြီးနေခဲ့တာဆိုတော့ ရန်ကုန်ပြန်ဖို့ လမ်းးစရိတ်ကလွဲလို့ ပိုက်ဆံ မရှိတော့ဘူးလို့ ပြောနေကြတယ်” ဆိုပြီး ထွက်လာပါလေရော...။ ဟာ...အမေ.. အဲဒါ ဘယ်သူက ပြောတာလဲ လို့ ကျုပ်က မေးတော့... မျက်နှာချင်းဆိုင်က ဈေးဆိုင်နဲ့အိမ်ကြီးကို မေးငေါ့ပြပါတယ်။ အဲဒီအိမ်မှာ ကျုပ်နဲ့ရွယ်တူ အတန်းတူ ကောင်မလေး(သူက ၈ တန်း ကျတော့ ကျောင်းထွက်ပြီး ဈေးရောင်းနေတာပါ) တစ်ယောက်ရှိပါတယ်။ သူတို့က ချမ်းသာကြပေမဲ့ အမေ့ကိုတော့ ဟိုတုန်းက ကျေးဇူးစား-ကျေးဇူးခံ ရှိတယ်ဆိုပြီး ဂရုစိုက်ကြပါတယ်။ အမေက အဲဒီအိမ် အလည်သွားရင်း သင်္ဃန်းကပ်ဖို့အကြောင်း ပြောကြတော့ ကျုပ်သူငယ်ချင်းကောင်မလေး(သူငယ်ချင်းလို့ ပြောပေမဲ့ ၁၀ တန်းအောင်သည်အထိ စကား လေးလုံးပြည့်အောင် မပြောဘူးပါ) နဲ့ သူ့ဘော်ဒါတွေက ကျုပ်မှာ အဲလောက်ပိုက်ဆံ မရှိနိုင်တော့ဘူးလို့ ပြောလိုက်ကြဟန် တူပါတယ်။ သူတို့ တွေးကာပြောတာက သဘာဝကြပေမဲ့ အမေက သူ့မြေးကို ထိတော့ မခံချင်စိတ် ဖြစ်ခဲ့မိဟန်တူပါရဲ့..။
မပြန်ခင် တစ်ရက်မှာ အမေ ကပ်လှူချင်တဲ့ရွှေသင်္ဃန်းအတွက် ငွေသုံးထောင်ကို အမေ့လက်ထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ကာ ကန်တော့လို့ အလုပ်ရှိရာ ရွှေမြို့တော်ဆီ ပြန်ခဲ့ပါတော့တယ်။
ကျုပ် အဆင်ပြေလို့ အမေ လုပ်ချင်တာတွေ လုပ်ပေးနိုင်လောက်(ကျေးဇူးဆပ်နိုင်လောက်တဲ့)တဲ့ အချိန်ကြတော့.. အမေက လူ့လောကကြီးမှ ထွက်ခွာသွားခဲ့ပါပြီ...။
အမေ (အမေညို) တစ်ယောက် ကောင်းရာသုဂတိ ရောက်ပါစေ...။

ကျုပ်ဘဝတစေ့တစောင်း(၂၈)

စာမေးပွဲဖြေပြီးတာနဲ့ ရွာကို တန်းပြန်တာဆိုတော့ နှစ်စဉ် (၅)ရက်လောက် နေခွင့် ရပါတယ်။ မိသားစုစီးပွားရေးလေး အဆင်ပြေလာတာနဲ့အမျှ.. လူတွေရဲ့ပေါင်းသင်းဆက်ဆံရေးကလည်း တစ်နှစ်နဲ့ တစ်နှစ် သူမတူအောင် ပြောင်းလဲတိုးတက်လာတာကို တွေ့လာရပါတယ်။ အရင်တုန်းက ဆေးဖေါ်ကြောဖက် မလုပ်တဲ့သူတွေက ခေါ်ခေါ်ပြောပြော လုပ်လာကြပါတယ်။ နေ့စဉ်နေ့တိုင်း ရောင်းနေတဲ့ မိသားစုအကြော်ဆိုင်လေးကနေ ငါးခြောက်ငါးခြမ်းနဲ့ ငါးပိ ပုဇွန်ခြောက် ရောင်းတဲ့ လက်ကားဆိုင်လေး အဖြစ် တစ်ဆင့်မြှင့်လိုက်တာပေါ့။ ကျုပ် အမေက သူ့မိခင် ရှိရာ ရန်ကုန်ကို မကြာခဏ လာတတ်နေတာက စပြီး ငါးခြောက်ရောင်းဖို့ ဖြစ်လာတာပါ။ အမ(အမေ)လာတဲ့ အခါ “သူ့အမေ ကျုပ်တို့အဖွားက တစ်ပြားမှပေးဖို့(ချေးငှားဖို့)မစဉ်းစားပေမဲ့.. ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်ကို.. မင်းတို့အမေကို ဘယ်လောက် ပေးလိုက်ကြအုံး”ဆိုပြီး အမိန့် ထုတ်တတ်ပါသေးတယ်။ ကျုပ်တို့ကလည်း အဆင်ပြေလှချည်ရဲ့တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေစရိတ်-စားစရိတ်၊ ပညာသင်စရိတ် က ပိုမှ အငယ်တွေရဲ့ ကျောင်းစရိတ် အဖြစ် ထောက်ပံ့ပေးနိုင်တာပါ။ အဲဒီပေးလိုက်တဲ့ငွေလေးကို အမေက ရန်ုကုန်ကနေ ငါးခြောက်ငါးခြမ်း ဝယ်သွား.. ရွာရောက်တော့ ပြန်ရောင်း... ပေါ်လာတဲ့ငွေ ကိုမှ အဆင်ပြေသလို လှည့်ပတ်သုံးကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တတွေ အရင်ကလို မျက်နှာမငယ်ကြရတာကတော့ အမှန်ပါ။ ဒါပေမဲ့ ကျုပ်အဖေကတော့ အရင်ကထက် ပို ပို ဆိုးလာတယ် ပြောရမှာပါ။ မနက်ပိုင်းမှာလည်း အကြော်က မရောင်းတော့ အလုပ်ကမရှိ၊ နေ့လည်နေ့ခင်းကြတော့လည်း ထိုနည်းလည်းကောင်း ဆိုတော့ သောက်ဖို့ အချိန် ပိုရသွားခဲ့ဟန်တူပါတယ်။ နှစ်ပေါင်းများစွာ စိတ်ကျဝေဒနာ ခံစားနေရတဲ့ အရှုံးသမား တစ်ယောက်က “အခု သူ့မှာ ရန်ုကုန်မြို့တော်ကြီးမှာ ကျောင်းတစ်ဘက်နဲ့အလုပ် လုပ်နေပြီး ငွေကြေးအနည်းငယ် ပြန်လည်ထောက်ပံ့နိုင်တဲ့ သားနှစ်ယောက်ရှိနေပြီ..” ဆိုတော့ စိတ်အားမာန်တွေ ပြန်တက်လို့ ရမ်း နေတော့တာပေါ့။ ကျုပ် ရွာပြန်ရောက်တဲ့ နေ့ ဆိုရင် ပို ဆိုးသေးသဗျာ။ အဲ.. ထူးခြားတာက နောက်တစ်ရက်က စလို့ ကျုပ်မပြန်မချင်း မသောက်ပြန်ဘူး။
ကျုပ်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ကျုပ်တို့ ညီအစ်ကိုမောင်နှမတတွေ ကိုယ်ကာယကို ရင်းနှီးပြီး လုပ်ကိုင်စားသောက်ရတဲ့ လက်လုပ်လက်စားဘဝ(Blue-collar) ကနေ ဉာဏ်ပညာကို အသုံးပြုလုပ်ကိုင်စားသောက်ရတဲ့ ဉာဏ်ဏအလုပ်သမား(White-collar) အဖြစ် ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ဖို့ပါ။ စီးပွားဥစ္စာ ကြီးပွားဖို့ထက် ဘွဲ့ရပညာတတ် ဖြစ်ဖို့က အဓိကဦးစားပေးပါ။ ဒါကြောင့်လည်း ဒီလိုသာ ကျုပ်အဖေ လုပ်နေရင် ကလေးတွေ ဒုက္ခရောက်နိုင်တယ်ဆိုပြီး နောက်ပိုင်းမှာ ယောက်ျားလေးတွေကို အဆောင်မှာအတူနေ..၊ အငယ်ဆုံး မိန်းခလေးနှစ်ယောက် အတွက် ရန်ကုန်က အဖွားနဲ့ အဒေါ်ကို တောင်းပန်ပြီး ငွေကြေးအပြည့်အဝ ထောက်ပံ့ကာ ထား..၊ သူတို့က မထားနိုင်ဘူးဆိုတဲ့ နှစ်မှာ ရွာက အဒေါ်ဝမ်းကွဲဆီ ပြန်ပို့...၊ အငယ်ဆုံးတစ်ယောက် ၁၀ တန်း မအောင်မချင်း ခင်ဗျားတို့ မိဘတွေကို တစ်ပြားမှ မထောက်ပံ့နိုင်ဘူး..လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။ စားစရာမရှိရင်.. အခုနေတဲ့ အိမ်ဝင်းကို ရောင်းစားကြလို့လည်း ဆိုခဲ့ပါတယ်။ တကယ်လည်း ပြောတဲ့အတိုင်း ကျင့်သုံးခဲ့တာမို့ .. ရွာက ဆွေမျိုး ရွှေမျိုးတွေက ကျုပ်ကို “ဒိတ္ထိ”လို့ ခေါ်ဝေါ်သမုဒ်ခဲ့ကြပါကြောင်း...။

Wednesday, December 10, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၇)

ကျုပ်လည်း သူတို့ မြင်နိုင်လောက်တဲ့ နေရာမှာ ရစ်သီရစ်သီ လုပ်ကာ ဟိုကြည့်ဒီကြည့် လုပ်ရတာပေါ့ဗျာ။ သူမကို မြင်နေပါလျှက်နဲ့ (သူမက ကိုယ့်ကို မမြင်တော့) သူမ သတိထားမိလောက်တဲ့ အချိန်ထိ ကိုယ်ကလည်း မမြင်ရောင် ဟန်ဆောင်ရတဲ့ အလုပ်ဟာ အင်မတန် ပင်ပမ်းလှပါတယ်။ ဒါပေမဲ့ အဲဒီ ဟန်ဆောင်မှုတွေကို ရွံ့မုန်းတဲ့ ကျုပ်က ရင်တွင်းမှ စိတ်ပဋိပက္ခတွေ နဲ့ အတူ တဒင်္ဂအချိန်လေးမှာ ကျုပ်ကိုယ်တိုင် ပါဝင်ကပြ အသုံးတော်ခံနေပါလား ဆိုတာကို သတိလက်လွတ် ဖြစ်ခဲ့မိပါရဲ့..။ “မင်း က သူ့ကို မြင်နေတာပဲ.. မင်း သတ္တိရှိရင် သွားပြီး နှုတ်ဆက်လိုက်ပါလား..၊ သူ က ဘာမို့ ဒီလောက်တောင် ကြောက်နေရတာလဲ..၊ သူ မြင်တာ.. မမြင်တာ ဂရုစိုက်စရာ မလိုဘူး..၊ မင်း က ယောက်ျားလေးပဲ... ဟန်ဆောင်မနေနဲ့..၊ အခုသွား နှုတ်ဆက်လိုက်...၊ ဟာ... မဟုတ်သေးပါဘူး.. ငါက ရိုးရိုးသားသား နှုတ်ဆက်တာကို သူက တစ်မျိုးထင်သွားရင်...” ဆိုတဲ့ ရင်တွင်းစိတ်ပဋိပက္ခ (Intra-conflict) တွေနဲ့ တစ်ယောက်တည်း ဂနာမငြိမ် ဖြစ်နေတာပေါ့ဗျာ..။ နောက်ဆုံးတော့လည်း ကျုပ်ခေါင်းထဲမှာ ထာဝရ ပထမ နေရာယူထားတဲ့ မိသားစုအရေးကပဲ ပုဂ္ဂလနှလုံးသားရေးရာကို အနိုင်ယူလို့ ... ဟန်ဆောင်မနေပဲ အဲဒီနေရာက ကျောခိုင်းထွက်ခွာဖို့ ညှိယူ(self-adjustment) နိုင်ခဲ့ပါတယ်။ ကြွားတယ်လို့ပဲ ပြောပြော..၊ ကိုယ်ရည်သွေးတယ်လို့ပဲ ဆိုဆို ကျုပ်ကိုယ်ကျုပ် Control လုပ်နိုင်ခဲ့ပါတယ်။ ဒီအတွက် ဆုံးရှူံးခံစားခဲ့ရတာတွေကလည်း အတိုင်းအတာတစ်ခုအထိ ရှိခဲ့တာပေါ့။ ရှေးရေစက်ကြောင့် ဆုံတွေ့ခွင့် ရခဲ့ပေမဲ့...ကုသိုလ်ကြမ္မာ မမှီခဲ့ပါ...။
အနီးကပ်သင်တန်း စပြီဆိုတော့ ကျုပ်လည်း ကျောင်းစာတွေနဲ့ နဘန်းလုံးရပြီပေါ့။ တတိယနှစ်မှာ မေဂျာက ၃ ခု၊ မိုင်နာက နှစ်ဘာသာ။ အင်္ဂလိပ်စာက ကြည့်စရာ မလိုပေမဲ့.. သမိုင်းက ကျက်စာ။ မေဂျာတစ်ခုက စာရင်းအင်း မို့ တွက်စာ ဆိုပေမဲ့.. ကျန်နှစ်ခုက ကျက်စာ။ ဒီကြားထဲ သင်တန်း ၁၀ ရက်က မိုးလင်း-မိုးချုပ် ဆိုတော့...၊ အားပါးပါး... ငါ အချိန်မှီမှ ကျက်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေက ရင်နဲ့အပြည့်..။ တခါတရံ သူမရဲ့ပုံရိပ်တွေက မျက်လုံးထဲက မထွက်။ ခက်ပါလား သက်လျာရယ်...။ ကဲ..ဒီလောက်တောင် ဖြစ်နေရင်.. စာမေးပွဲဖြေပြီး နောက်ဆုံးရက်မှာ အဆောင် လိုက်သွားပြီး စာ ပေးကွာ လို့ ဆုံးမလိုက်မှ ငြိမ်သွားလေရဲ့..။
စာမေးပွဲကြီး စတင်လို့..နောက်ဆုံးရက် သမိုင်း ဖြေတဲ့နေ့မှာ အခန်းစောင့်ဆရာ တစ်ယောက်က “ကဲ.. မင်းတို့အလှည့် ပီးပြီ ဆိုတော့.. ငါ့ အလှည့်ပေါ့ကွာလို့ ဆိုကာ.. မင်းတို့ လုပ်ရဲတဲ့သူ လုပ်ကြည့်... ဟောဒီမှာ ဘာလဲ...ကြည့် ဆိုပြီး မင်နီဘောပင် နဲ့ စာရွက်တစ်ရွက် ကို ထောင်ပြီး မှတ်သယောင် ” လုပ်ပြပါတယ်။ ရိုးသားတဲ့သူတွေအတွက် ဂရုစိုက်စရာ မလိုပေမဲ့... ချိုးဖောက်တဲ့လူတွေ အတွက်တော့ ဝရဇိန်လက်နက်ကြီးပေါ့။ ကျုပ်က ဖြေလို့ ပြီးပေမဲ့.. သူမ အထွက်ကို စောင့်နေရတယ်လေ။ သူမ ထွက်တော့.. ကျုပ်လည်း လိုက်ထွက်... ဖြေနိုင်တယ်မို့လား..လို့ မေးရင်း..၊ စက်ဘီးယှဉ်ကာစီးလို့ သီတဂူအပေါက်ဝ အထိ လိုက်တာပေါ့ဗျာ။ ဟိုရောက်တော့ “ ဒါ မဆွေရဲ့ Address book (အမှန်က ကျုပ်ရေးထားတဲ့ ရည်းစားစာ ညှပ်ထည့်ထားပြီးသား)လေ...၊ လှဆွေဆီက ရတာ..၊ ဒီထဲမှာ ကျနော့်လိပ်စာလည်း ရေးထားပါတယ်” ဆိုပြီး စာအုပ်ကို အတင်းပေးကာ တစ်ချိုးတည်း လစ်ခဲ့ပါတော့တယ်။

Monday, December 8, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၆)

အဝေးသင် တတိယနှစ် အရောက်မှာတော့ ရန်ကုန်မှာ အလုပ် လုပ်ရတာ စိတ်ပင်ပန်း-လူပင်ပန်း ဖြစ်တာကြောင့် စောစောအနားယူဖို့ မန္တလေးကို တစ်ပတ်လောက်စောပြီး ထွက်ခဲ့ပါတယ်။ အဆောင်မှာလည်း အရင် ၂ နှစ်က မိုးမလုံ လေမလုံ ဝရန်တာ မှာ နေခဲ့ရပေမဲ့.. ဒီနှစ်တော့ သီးသန့် နှစ်ယောက်ခန်း တစ်ခန်း ရပါတယ်။ ကျုပ်သူငယ်ချင်း အောင်ဆင်က ကြွမလာသေးတော့ ကျုပ်တစ်ယောက်တည်း အိပ်လိုက်..၊ စားလိုက်..၊ စာလေးဖတ်လိုက်..၊ အဆောင်ပိုင်ရှင်- အဆောင်မှူး အစ်မကြီး(သူ့အမေ အန်တီကြီးက အနားက တစ်ဖဝါးမှ မခွါ) နဲ့ လေပန်းလိုက်..၊ ဘုရား..သွားလိုက်..၊ ကျောင်းဘက်သွားလိုက်နဲ့ အေးအေးဆေးဆေး ပေါ့ဗျာ။ တစ်ရက်တော့ ပျင်းပျင်းရှိတာနဲ့ ကျောင်းဘက်ကို လမ်းလျှောက်အသွား.. ရှေ့တူရူက မျက်နှာချင်းဆိုင် လာနေတဲ့ အတန်းထဲမှာ ကျုပ်နဲ့ မျက်မှန်းတမ်းမိနေတဲ့ ချင်း ကျောင်းသား လေးယောက်နဲ့ တွေ့ပါလေရော…။ တွေ့တာနဲ့.. အဲဒီအထဲကတစ်ယောက်က “ခင်ဗျားက..ဒီနှစ်လည်း ၂ ဘာသာပဲနော်…၊ ကျနော်ကတော့ ဒီနှစ် ၁ ဘာသာပဲ ပါတယ်ဗျာ” လို့ ဆီးကာ ပြောပါတယ်။ ကျုပ်လည်း သူ့ဆီက မထင်မှတ်တဲ့ နှုတ်ဆက်သံကို ကြားလိုက်ရလို့ ဘာပြန်ပြောရမှန်းမသိအောင် ကြောင်အမ်းအမ်း ဖြစ်နေတုန်း… နောက်မှ တွေ့ကြသေးတာပေါ့..ဆိုပြီး ပြောပြောဆိုဆို ဆက်လက်ထွက်ခွာ သွားကြပါတော့တယ်။ ကျုပ်ကလည်း ထူ(ဒူ)လိုက်ပုံကတော့ “လာဗျာ.. မိတ်ဖြစ်ဆွေဖြစ် လက်ဘက်ရည်လေး ဘာလေး သောက်ကြရအောင်”လို့တောင် မခေါ်လိုက်မိပါဘူး။ အဲဒီ နှုတ် နည်းတဲ့ ကျုပ်ရဲ့အားနည်းချက်ကြောင့် သူတို့ကို လူတွေ့ရင် သိနေတာကလွဲလို့ မိတ်ဆွေသူငယ်ချင်း အဖြစ် ခင်မင်ခွင့် မရရှိခဲ့ပါဘူး။ ဝမ်းနည်းစရာတစ်ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကို သတိထား ဂရုစိုက် ကြည့်နေတဲ့သူ ရှိနေပါလား…ဆိုတာကို အမှတ်မထင် အံ့သြဖွယ်ရာ သိရှိခွင့် ရရှိခဲ့ပါတယ်။ ရိုးသားစွာနဲ့ ကြိုးစားသူတွေရဲ့အောင်မြင်မှုအတွက် အသိအမှတ်ပြု လက်ခံအားပေးမယ့်သူ (အများကြီး မရှိရင်တောင်) တစ်ယောက်တစ်လေ ရှိနေပါလား..ဆိုတာကို သိရပြန်တော့..၊ ပိုလို့..ပိုလို့ ကြိုးစားလိုတဲ့စိတ်ဆန္ဒတွေ ရင်မှာ ကိန်းအောင်းလို့ နေတော့တာပေါ့။
တွတ်ပီ တို့ ကံကောင်းချင်ပြန်တော့လည်း ဆက်တိုက်ဆိုသလိုပါပဲ..။ နောက်နေ့မနက် ၇ နာရီ လောက်မှာ အဆောင်က ကျုပ်အစ်မကြီးက ရပ်ကွက်အလှူလှည့်လေး ရှိတယ်.. မင်း ပျင်းရင် လိုက်ကြည့်ပါလား..လို့ ဆိုတာနဲ့ လိုက်သွားပါတယ်။ အစ်မကြီးက အဲဒီရပ်ကွက်မှာ အပျိုခေါင်း (တောမှာတော့ အပျိုခေါင်း၊ လူပျိုခေါင်း လို့ ခေါ်ကြပါတယ်။ မြို့မှာတော့ ကျုပ် မသိ)လို့ ထင်ပါတယ်။ အလှူက သေးသေးလေးပါ။ ပြီးတော့ သီတဂူဆောင်နဲ့ မျက်စောင်းထိုးလောက်မှာပါ။ ကျုပ်က လမ်းရဲ့ ဒီဘက်ချမ်းမှာ နေခဲ့ပြီး၊ အစ်မကြီးက ငွေစက္ကူယပ်တောင်လေးတွေ ကိုင်ထားတဲ့ ခလေးမလေးတွေကို အစဉ်တကျတန်းစီဖို့ ကြီးကြပ်လမ်းညွှန်မှု ပေးနေတာကို ငေးနေတာပေါ့။ တခါတလေတော့ ကျုပ်ကိုလည်း လှမ်း…ကြည့်တတ်ပါတယ်လေ။ မကြာခင်မှာပဲ မဖြစ်စလောက် ဒိုးပတ်ဝိုင်းလေးနဲ့ အလှူလှည့်လေး စတင်ပါတော့တယ်။ အဲဒီမှာပေါ့ဗျာ… ဆိုင်းသံဗုံသံ ကြားရင် အိမ်ရှိလူကုန်မကျန် ထွက်ကြည့်လေ့ရှိတဲ့ တောဓလေ့အတိုင်း “သီတဂူဆောင်” ထဲက မိန်းခလေးတွေ တစ်အုပ်ကြီး ထွက်လို့လာတော့… အရင်နှစ်က တစ်ကြိမ် မိတ်ဆက်ခဲ့ဖူးတဲ့ ကျုပ်ရဲ့မဆွေကို အမှတ်မထင် တွေ့ခွင့်ရလိုက်တာပေါ့…။

Saturday, December 6, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၅)

ဇာတ်လမ်းကိုတော့ ဇာတ်ဆရာ အလိုကျ က လို့ ရပေမဲ့ တကယ့်ဘဝမှာတော့ အလွဲလွဲအချော်ချော် ပါပဲ။ အဲဒီနေ့က ဆရာကန်တော့ပွဲ ပြီးတော့ သူမ ပြန်မယ့် အချိန်ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတာပေါ့။ သူမ ကလည်း သူငယ်ချင်းတွေနဲ့အတူ စက်ဘီးကိုယ်စီ တွန်းလို့ ကျောင်းကအထွက်.. ကျုပ်တို့ကလည်း မသိမသာ နောက်ကလိုက်…၊ သူတို့အဖွဲ့က စက်ဘီးမစီးကြပဲ.. တောက်လျှောက် စကားတပြောပြောနဲ့ ရှေ့က သွားနေကြတာကို.. ကျုပ်တို့အဖွဲ့က စိတ်မရှည်…။ ဆိုတော့ ဒါရိုက်တာက သူမ အဆောင်ထိပ်က သွားစောင့်မယ်ဆိုပြီး စက်ဘီးကိုယ်စီ နင်းကာ အရင်သွားနှင့်ကြပါတယ်။ “သီတဂူ”ဆောင်ဟာ မိန်းလမ်းဘက်က ဝင်ပေါက် တစ်ပေါက်ပဲ ရှိတာဆိုတော့ အဆောင်ရှေ့က လက်ဘက်ရည်ဆိုင်(နံမည် မေ့နေ)မှာ ထိုင်စောင့် နေရင် ဘယ်လိုမှ မလွဲနိုင်ဘူး ဆိုတဲ့ တွေးဆချက်နဲ့ပါ။ ဆိုင်မှာထိုင်ကာ လေပေါနေရပေမဲ့ ကျုပ်တို့ရဲ့မျက်လုံး ရှစ်လုံးက လမ်းမပေါ်က တစ်လက်မမှ မရွေ့…။ ပေါ်ချိန်တန်လို့မှ ပေါ်မလာသူကို လည်ပင်းတရှည်ရှည်နဲ့ မျှော်ရတဲ့ဒုက္ခက ကြုံတွေ့ခံစားဘူးသူတိုင်း သိမှာပါ။ မင်းသားက Ready ဖြစ်နေတဲ့အချိန်.. မင်းသမီးက ရောက်မလာတော့.. ဒါရိုက်တာ အရာတော်လှဆွေတစ်ယောက် ပျာယာခတ်နေပြီပေါ့။ နောက်ဆုံးတော့ မင်းသမီး စတည်းချရာ သီတဂူ ကို စုံစမ်းထောက်လှမ်းဖို့ အရေး ဒါရိုက်တာ ပြေးလေရဲ့…။ Shopping က ပြန်မလာသေးဘူး ဆိုတဲ့အဖြေနဲ့ ဒါရိုက်တာ ရှေ့ဆက် ကရမယ့်ဇာတ် တစ်ကြိမ်ပြန်ကာ အော်ဒါ ပေးပြန်တာပေါ့..။ နာရီဝက်လောက် ကြာတော့ နောက်တစ်ခါ သွားမေးပြန်ပေမဲ့.. မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါရိုက်တာကအစ ဇာတ်ပို့အဆုံး မင်းသမီးကို ဆက်လက်စောင့်စားဖို့အရေး စိတ်မရှည်နိုင်တော့ဘူး ဆိုတဲ့ ဒေါသသံလေးတွေ ထွက်လာပါတယ်။ ကျုပ်ကလည်း ၆ နာရီ ထိုးလို့မှ မလာရင် ပြန်ကြတာပေါ့…၊ မိန်းမတစ်ယောက်ကို တွေ့ဖို့အရေး ဒီလောက်အထိ ဒုက္ခခံစရာ မလိုဘူးလို့ ထည့်လိုက်ပါတယ်။ အမှန်တကယ်က ကျုပ်ကိုယ်တိုင်လည်း စိတ်တိုနေပါပြီ။ တဆက်တည်းမှာပဲ သူမ မှာ ကိုယ့်ထက်ဦးသူ အခြားတစ်ယောက် ရှိနေပြီလား…၊ သူ့အဆက်နဲ့ လက်ဘက်ရည်ဆိုင် ထိုင်နေတာ နေမှာပေါ့…၊ ဒီလိုမဟုတ်ရင် သူငယ်ချင်းတွေနဲ့အတူ မန္တလေးမြို့ရဲ့ နံမည်ကြီး ရဲသိပ္ပံအနားက ဘူးသီးကြော်ဆိုင် ရောက်နေတာလား…၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီး သူတို့ ၂ ယောက်ထဲ မန္တလေးကျုံးဘေးမှာ ထိုင်ကာ စကားပြောနေကြတာလား… စတဲ့စတဲ့ အတွေးတွေက ကျုပ် ခေါင်းထဲကို ပလူ့ပျံအောင် ဝင်ရောက်နေပါတော့တယ်။ ကျုပ်လည်း ယောက်ယက်ခတ် ဝင်ရောက်နေတဲ့ အတွေးစတွေကို ဖြတ်ခနဲ ဝင်လာတဲ့အသိနဲ့ အချိန်မှီ ထိန်းချုပ်ကာ… ကဲ ကိုယ့်လူတို့ ၆း၄၅ နာရီ ရှိပြီ.. ပိုက်ဆံရှင်း.. ပြန်ကြမယ် လို့ ပြောလိုက်ပါတယ်။ ဆိုင်ကအထွက် နောက်ဆုံးအနေနဲ့ မေးလိုက်အုံးမယ်..ဆိုပြီး ဒါရိုက်တာလှဆွေတစ်ယောက် သီတဂူ အပေါက်ဝ ရောက်သွားပြန်ပါတယ်။ အဲ.. ဒီတစ်ခါတော့ လှဆွေတစ်ယောက် ပြုံးဖြဲဖြဲနဲ့ ကျုပ်တို့ဘက် လှည့်ကာ သူ့ဆီ လာခဲ့ဖို့ လက်ရပ်လို့ ခေါ်နေပါပြီ။ ကျုပ်တို့လည်း သူ့ဆီအရောက်… သူမ ကလည်း “ငါ အခုမှ ဆရာကန်တော့ပွဲ က ပြန်ရောက်ခါစပဲ ရှိသေးတာ” ဆိုတဲ့ စကားပြောသံနဲ့အတူ အဆောင်တွင်းမှ တစ်လှမ်းချင်း ထွက်လာခဲ့ပါတော့တယ်။

Thursday, December 4, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၄)

သူမကလည်း အရာတော် မြို့နယ်ထဲက ရွာကြီးတစ်ရွာကပေါ့။ နံမည်က- မဆွေ..၊ အလုပ်အကိုင်က-လှဆွေနဲ့အတူတူပါပဲ၊ ရိုးတယ်..အေးတယ်..နဲ့ သူသိသမျှ ဖေါက်သည် ချပြီး သကာလ..“မင်းက တော်တော် မြင်တတ်တဲ့ကောင်ပဲ… မဆိုးဘူးနော်..၊ သူနေတဲ့အဆောင် ငါ သိတယ်… မင်း သွားချင်ရင် ငါ လိုက်ပြီး မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ တစ်ခါ မြင်တွေ့ရုံနဲ့ အဲဒီလောက်အထိ ရင်းနှီး ရိုးသား ပွင့်လင်းစွာ ပြောဆိုအားပေးခဲ့သူ အရာတော်သား လှဆွေပါ။ တနယ်ထဲသားချင်းမို့လည်း နောက်ပိုင်းမှာ ပိုလို့တောင် ခင်မင်မှု ရှိလာခဲ့ကြပါတယ်။
သူမ နေတဲ့အဆောင် သွားဖို့ ကျုပ်ကို ခဏခဏ လာခေါ်ပေမဲ့ မလိုက်ဖြစ်ပါဘူး။ ပြဿနာက ကျုပ်ကိုယ်တိုင် ဆွဲထားတဲ့ ကိုယ်ပိုင်အချိန်ဇယား ပေါ့ဗျာ..။ သူမအတွက် အချိန်ပေးဖို့ ထည့်မထားခဲ့မိဘူး။ ကိုယ် ဆွဲထားတဲ့ အချိန်ဇယား ကိုယ့်ဖာသာ ဖျက်လို့ရပေမဲ့… ဒီကိစ္စလောက်နဲ့တော့ မဖျက်နိုင်ဘူး ဆိုပြီး မာနနဲ့ တင်းခံခဲ့ပါတယ်။ “မိသားစုဘဝကို ပြောင်းပြန်လှန်ပစ်ချင်တယ်ဆိုတဲ့ မင်းက… ဒီလောက်လေးမှ ခံနိုင်ရည် မရှိရင်.. ရှေ့ဆက် ဘယ်လိုခရီးသွားမလဲ..”ဆိုတဲ့ အတွေးတွေကြောင့်လည်း ကျုပ်ရဲ့စိတ်ဆန္ဒကို ကြိတ်မှိတ်မျိုသိပ်ခဲ့ရတာပေါ့။ ကျုပ်သူငယ်ချင်း အောင်ဆင်နဲ့ လှဆွေအပြင် စေတုတ္တရာဘက်က ကျောင်းဆရာ ကိုဖိုးကွယ် နဲ့ အောင်မြင့်ဆွေ တို့ကလည်း ဘုမသိဘမသိနဲ့ ကျုပ်တို့ ၂ ယောက်ကို အလွန်သဘောတူတယ် ဆိုပဲ။ ဘော်ဒါတွေကတော့ တကယ်ကို အားပေးခဲ့ကြတာပါ။
ဒီလိုနဲ့ ကျုပ်ကို ဘယ်လိုမှ ညှိမရတဲ့ အဆုံးမှာတော့ သူတို့တတွေ ကျုပ်တို့ ၂ ယောက် တွေ့ဆုံမိတ်ဆက်ဖို့အရေး စီမံကိန်းတစ်ရပ် ရေးဆွဲကြတော့တာပေါ့။ ကျုပ်တို့ “အဝေးသင်” မှာလည်း လက်ဆင့်ကမ်းအမွေ ရလာခဲ့တဲ့ “အာစရိယ ပူဇော်ပွဲ” ခေါ် ဆရာကန်တော့ပွဲ ဆိုတာ နှစ်စဉ် မပျက်မကွက် ရှိပါတယ်။ များသောအားဖြင့် ဆရာကန်တော့ပွဲကို အနီးကပ်ပို့ချချက်သင်တန်း အပြီး နောက်တစ်ရက်ဖြစ်တဲ့ ကျောင်းပိတ်ရက်မှာ ကျင်းပလေ့ရှိပါတယ်။ ကျုပ်သူငယ်ချင်းတွေရဲ့ အစီအစဉ်ကတော့ ဆရာကန်တော့ပွဲ ပြီးတာနဲ့ မဆွေ နေတဲ့ “သီတဂူ”အဆောင်ကို လိုက်သွားကြပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြမယ်… ပြီးတာနဲ့ လှဆွေက မဆွေကို ရအောင်ခေါ်ထုတ်.. အဆောင်ရှေ့က လက်ဘက်ရည်ဆိုင်မှာ ရင်းနှီးမှုရအောင် အာရိုက်ကြမယ်ပေါ့။ ကျုပ်ကလည်း ဆရာကန်တော့ပွဲက မွန်းလွဲ ၃ နာရီ စမှာဆိုတော့ ညနေ ၆ နာရီ အထိ အချိန်ပေးနိုင်တယ် ဆိုပြီး ဒီအတိုင်း ပါဝင်ကပြဖို့ သဘောတူခဲ့ပါတယ်။ ဒီဇာတ်မှာ ဇာတ်ညွှန်းက ဆရာကြီး အောင်ဆင် (ဒီစာရေးနေတဲ့အချိန်မှာ သူ့သမီး ၁၀ တန်းအောင် အမှတ်စာရင်း ထုတ်ဖို့ ရန်ကုန်ဆင်းရဲသား ရပ်ကွက်က ကျုပ်အိမ်မှာ ဦးဇင်းကြည်နဲ့အတူ ရောက်နေလေရဲ့)၊ ဒါရိုက်တာက မင်းသမီးနဲ့ ပလဲပနံသင့်တဲ့ အရာတော် လှဆွေ၊ ဇာတ်ပို့က မဟုတ်တာမပြောတဲ့ စေတုတ္တရာက ကိုဖိုးကွယ်၊ မင်းသားက ကျုပ် ဆိုတော့….၊ မင်းသမီးက…ပါးပြင်မှာ သနပ်ခါးဖွေးဖွေး လိမ်းတတ်တဲ့ သူမ ဆိုတဲ့ မဆွေ ကလွဲလို့…… ။

Tuesday, December 2, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၃)

ကျုပ်က ပထမနှစ်ကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်ခဲ့တာဆိုတော့ တကယ် ရိုးသားစွာနဲ့ ကြိုးစားရင် တကယ်ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း ကိုယ်ပိုင်အတွေ့အကြုံအရ သိလာခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒုတိယနှစ်မှာ အချိန်ကို စနစ်တကျ စီမံခန့်ခွဲခဲ့ပြီး ကျောင်းစာကိုပဲ လုံးလုံး အာရုံစိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျုပ်သူငယ်ချင်းကတော့ ထုံးစံအတိုင်း ကျူရှင်ဆိုပြီး မနက်ကတည်းက တနေကုန်သွားလိုက်တာ အိပ်ချိန်ကျမှ ပြန်လာတတ်ပါတယ်။ သူ့ရောဂါက ပထမနှစ် ထက်ကတောင် ပိုဆိုးနေပါသေးတယ်။ အဲ.. တစ်ခုတော့ သူ့ကို ကျေးဇူးတင်ရမယ်ဗျ။ “အများ မိုးခါးရေသောက်လို့မှ.. မင်းက မသောက်ဖူးဆိုရင်…၊ မင်းက အရူးပဲ”လို့ ညစဉ်ညတိုင်း ပြောတာကလွဲရင် ကျုပ်ကို လုံးဝ ဒုက္ခမပေးခဲ့ပါဘူး။ များသောအားဖြင့် နေ့ခင်းထမင်းစားချိန်မှာ ဆုံကြလေ့ရှိပြီး ညနေစာကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝါးကြတာက များပါတယ်။ ဒါပေမဲ့ ည ၈ နာရီ ထိုးလို့ ကျုပ် လက်ဘက်ရည်သောက်တဲ့အချိန်ဆိုရင် ကျုပ် ရှိရာ ရေနီမြောင်းဘေးက “ရိုးရိုးလေး” လက်ဘက်ရည်ဆိုင်ကို သူငယ်ချင်းတစ်သိုက်နဲ့ ရောက်လာတတ်ပါတယ်။ ကျုပ်က လက်ဘက်ရည်ဆိုင် ထိုင်ချိန် ၁၅ မီးနစ်ပဲ သတ်မှတ်ထားတာမို့ (သူ့ကိုလည်း ပြောထားပြီးသားပါ) အချိန်ပြည့်တာနဲ့ ထ ပြန်တတ်ပါတယ်။ ဒါတောင် စကားမပြတ်လို့ မီးနစ် နှစ်ဆယ်အစိပ် ရောက်သွားတဲ့ရက်တွေက အများကြီး..။
ကျုပ်ကလည်း နှစ်ဆယ်ကျော်ကာစ ဆိုတော့ ကျုပ်သူငယ်ချင်းလိုပဲ ဟို ပိုးလေးက ရှိတာပေါ့ဗျာ။ ပုထုစဉ်ပဲ…ရဟန္တာ မှမဟုတ်တာ။ ကျုပ်သူငယ်ချင်းကလည်း ကျုပ်ရဲ့ သနပ်ခါးဖွေဖွေးလိမ်းတတ်တဲ့ ကောင်မလေးအကြောင်း သဲကြီးမဲကြီး စုံစမ်းတာပေါ့(ဒီဘက်မှာတော့ တော်တော်အားကိုးရတယ်ဗျ)။ ဒီလိုနဲ့..သူလေးက မုံရွာမြောက်ဘက် အရာတော် က ဆိုတာလည်း သိရော…အရာတော်ကကောင်ကို အတင်းလိုက် မိတ်ဖွဲ့..၊ အားလုံးအဆင်ပြေပြီဆိုမှ နေ့ခင်းထမင်းစားချိန်မှာ ကျုပ်ကို လာခေါ်ပြီး ကျောင်းထဲက “Memento” ဆိုတဲ့ ဆိုင်မှာ အရာတော်က ကိုယ်တော်ချောနဲ့ မိတ်ဆက်ပေးတာပေါ့။ နံမည်က ကိုလှဆွေ၊ အလုပ်အကိုင်က- ပညာရှင်အဆင့် ၁၊ နေရပ်က- အရာတော်မြို့နယ်က မလဲသာရွာ လား- ဥယျဉ်သာရွာ လား..သေခြာမမှတ်မိတော့ပါဘူး။ သူကလည်း ပညာရှင်ဆိုတော့ မညံ့ဘူးဗျ..၊ တွေ့တာနဲ့..“မင်းတို့ကောင်တွေ ငါ့ကို ဒီလောက် သဘောကောင်းကောင်းနဲ့ ရက်ရက်ရောရော ပေါင်းနေမှတော့… တစ်ခုခုတော့ တစ်ခုခုပဲကွ..၊ သဘောရိုးတော့ မဟုတ်နိုင်ဘူး” လို့ ဆိုပါတယ်။ သူကတော့ အခုမှ တွေ့ကြပေမဲ့ တကယ်ကို တရင်းတနှီး ပြောခဲ့တာပါ။ ကျုပ်က အသာလေး ငြိမ်နေလိုက်တော့..ကျုပ်သူငယ်ချင်းက “အေးကွာ…ဒီကောင်က (ကျုပ်ကိုရည်ညွှန်းလျှက်) မင်းတို့ အရာတော်က ကောင်မလေးကို စိတ်ဝင်စားလို့…အဲဒါ သူ့အကြောင်း နည်းနည်းပါးပါး သိချင်တယ်”လို့ ဒဲ့ဒိုး ကစ်လိုက်ပါတယ်။ ကျုပ်လည်း ခတ်ရှက်ရှက်နဲ့ သူ့ဆီက အန်ကျလာမယ့် စကားလုံးတွေကို စောင့်နေရတာပေါ့ဗျာ။ ဈေးတော့ မကိုင်ရှာပါဘူး..။ သနပ်ခါးဖွေးဖွေးလေးက သူနဲ့လည်း ကျောင်းနေဘက် သူငယ်ချင်းဆိုတော့ သူသိသမျှ အကုန်ပြောပြခဲ့ပါတော့တယ်။

Monday, December 1, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၂)

စိတ်ကူးယဉ် အိပ်မက် ကို လက်တွေ့ အကောင်အထည်ဖေါ်ဖို့ ဆိုတာကလည်း တော်တော်ကို အလှမ်း ဝေးကွာလှပါတယ်။ ကျုပ်ဘဝအတွက်တော့ မိုးပေါ်က ကျလာတဲ့ အပ်တစ်ချောင်း နဲ့ မြေပြင်က အပ်တစ်ချောင်း ဆုံတွေ့တာကမှ ပိုပြီး နီးစပ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာမြင့်နွယ်လို ဆရာတစ်ယောက် ဖြစ်လာအောင် ကြိုးစားကြည့်လိုတဲ့ စိတ်တွေ ရင်နဲ့အမျှ တဖွားဖွား ပေါ်ပေါက်လာခဲ့ရတယ် ဆိုတာကိုတော့ ရိုးသားစွာနဲ့ ဝန်ခံထားခဲ့ပါရစေ။
ဒီလိုနဲ့ အလုပ်တွေနဲ့ နဘန်းလုံးနေတုန်း အဝေးသင် ဒုတိယနှစ် တက်ရောက်ဖို့ ဖြစ်လာတာမို့ အလုပ်မှ ခွင့် တစ်လ ယူကာ မန္တလေးမြို့ဆီကို ချီတက်ရပြန်ပါတယ်။ အားလုံးက ရန်ကုန်အဝေးသင် ကို ပြောင်းရွှေ့ တက်ရောက်ဖို့ ဖိအားပေးတောင်းဆိုခဲ့ကြပေမဲ့ အကြောင်းပြချက်များစွာနဲ့ ကျောင်းပြီးသည်အထိ မပြောင်းဖြစ်ခဲ့ပါဘူး။ အဲဒီအထဲက နံပါတ်တစ် ကတော့ မန္တလေးမှာ စာမေးပွဲ ဖြေပြီးတာနဲ့ မိဘညီအစ်အကိုမောင်နှမ ရှိရာ ဇာတိချက်ကြွေ မွေးရပ်မြေ ကို ပြန်လို့ရတဲ့အချက်ပါ။ အလုပ်က သီးခြား ခွင့် ယူစရာ မလိုတော့ဘူးပေါ့။ နံပါတ်နှစ်အချက်ကတော့ “ပျော်ရာမှာမနေ၊ တော်ရာမှာနေ” ဆိုတဲ့ စာဆိုနဲ့အညီ ရန်ကုန်မှာ အလုပ် လုပ်နေရပေမဲ့… ဘလော့ကာ တူးတူးသာ ရေးခဲ့သလို “လျှာဖျားလေးမှာ လောကွတ်တွေ သီးနေတတ်တဲ့ ဟန်ဆောင်မျက်နှာတွေနဲ့ ရန်ကုန်အသိုင်းအဝိုင်း” မှာ မပျော်ပိုက်လို့ပါ။ ဒီအထဲမှာတော့ ကျုပ်တို့ ဂျူနီယာ ရန်ကုန်သားလူတော်လေး အောင်ကိုသက် တော့ ပါဟန်မတူပါဘူး (ဒါတောင်မှ ရန်ကုန်က အကြွား ဆိုတာနဲ့အညီ ကြွားတာလေးတော့ တူသေးသဗျ…)။
မန္တလေး ရောက်တော့ “ဆိတ်ငါးကောင်” တံဆိပ် စက်ဘီးတစ်စီး အသစ်ဝယ်ပါတယ်။ ကျုပ်သူငယ်ချင်းကလည်း အသစ်တစ်စီး ပါလာတော့ စက်ဘီးကိုယ်စီနဲ့ပေါ့။ အနီးကပ်သင်တန်း စတဲ့ ရက်မှာ လူစုံတက်စုံ တွေ့လိုက်ရပြီး (ကျုပ်ရဲ့ ပါးပြင်မှာ သနပ်ခါး ဖွေးနေအောင် လိမ်းထားတဲ့ ကောင်မလေးရော) နောက်ပိုင်းရက်တွေမှာတော့ ထုံးစံအတိုင်း လေးငါးဆယ်ယောက်ထက် မပို။ ကျုပ် မှတ်မိသလောက် ပထမနှစ်ကနေ နောက်ဆုံးနှစ် အထိ အနီးကပ်သင်တန်းကို မှန်မှန်တက်ရောက်ခဲ့သူတွေကတော့ မန္တလေး ရဟန်းဖြစ်တက္ကသိုလ် (ခရစ်ယန်) က ချင်းလူမျိုး ကျောင်းသား ၄ ယောက် ပဲ ရှိပါတယ်။ အင်္ဂလိပ်စာလည်း အရမ်း ကောင်းကြသလို..နှစ်စဉ် ရိုးသားစွာနဲ့ ဖြေဆို အောင်မြင်ခဲ့ကြတယ်ဆိုတာ ကျုပ်ကိုယ်တိုင် အာမခံရဲပါတယ်။ ကျုပ်နဲ့ကတော့ အတန်းထဲမှာ မျက်မှန်းတမ်းမိယုံ ဆိုတော့ သူတို့နဲ့ မရင်းနှီးသလို နံမည်တွေလည်း အသေအခြာ မသိပါဘူး။ အဲဒီအထဲက တစ်ယောက်ဆိုရင် နှစ်စဉ် ဂုဏ်ထူးနဲ့ အောင်လေ့ရှိပြီး ၉၅ Final မှာ မန္တလေးအဝေးသင်ဌာနခွဲက Qualify နဲ့ အောင်တဲ့ ကျောင်းသား ၂ ယောက် အနက်၊ လေးဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ တကယ်တော်တဲ့ ပုဂ္ဂိုလ်ပါ။

Sunday, November 30, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၁)

ကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာပြီးကတည်း ကျုပ်ဘဝလည်း တဖြည်းဖြည်း စိုပြေလာခဲ့ပါတယ်။ ရန်ကုန်သားတွေက “ငွေ ရဖို့သည် ပထမ၊ အလုပ် ပြီးမြောက်ဖို့သည် ဒုတိယ” လုပ်နေတဲ့အချိန်မှာ ကျုပ်က “အလုပ် ပြီးမြောက်အောင်မြင်ဖို့သည် ပထမ၊ ငွေ ရဖို့သည် ဒုတိယ” ဆိုတဲ့ မူ နဲ့ အလုပ် လုပ်ခဲ့တာကြောင့်လည်း အချိန်တိုအတွင်းမှာ လူကြီးတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိခဲ့ပါတယ်။ အပေါ်ယံ ပကာသနတွေနဲ့ ရောင်စုံခြယ်ထားတဲ့ ရန်ကုန်အသိုင်းအဝိုင်း ကြားမှာ လူရာဝင်နိုင်ဖို့ အတွက်လည်း ကျုပ်ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံကို ပြောင်းလဲဖို့ ဦးစွာ ကြိုးစားရတော့တာပေါ့။ မပြောင်းလို့ မရဘူး..ဗျို့။ ရန်ကုန်သူ မဝါ က“ ဟင်…အညာသား..ဝတ်လိုက်ရင် ပုံမလာ..ပန်းမလာနဲ့..၊ နင် မနေ့ကဟာတွေ ဝတ်လာပြန်ပြီ..၊ အသစ်မလဲခဲ့ဘူးလား..၊ ဒီနေ့ဝတ်တဲ့ဟာ..နောက်နေ့ မဝတ်ရဘူးဟဲ့ တောသားရဲ့” ဆိုပြီး နေ့တိုင်း နှိပ်ကွပ်တာပါ။ တကယ်တော့ ကျုပ်က တစ်စုံကို ၂ ရက် ဝတ်နိုင်အောင် အဆောင်ပြန်ရောက်တာနဲ့ အသာလေးချွတ်ပြီး ကြိုးတမ်းပေါ် လွှားထားတာပါ။ နောက်ဆုံးတော့ ကျုပ်ပဲ အရှုံးပေးလိုက်ရတာပေါ့ဗျာ။ ကျုပ် ရရှိတဲ့ အပိုဝင်ငွေကို တစ်ယောက်တည်း မစားပဲ၊ ရုံးမှာထိုင်ပြီး စာရွက်စာတမ်း စီစဉ်ပေးရတဲ့ ရုံးအဖွဲ့ နဲ့ နောက်လိုက်တွေကို မျှဝေခံစားစေတာကြောင့်လည်း ကျုပ် တာဝန်ယူလုပ်ကိုင်ရတဲ့ အလုပ်တွေဟာ အမြဲတမ်း အဆင်ချောလို့နေပါတယ်။ ကျုပ်ဘဝရဲ့ ရောင်နီပျိုးစ အချိန်တွေပေါ့။
ပုံမှန်ဝင်ငွေလေး ရှိလာပြီဆိုတော့ အလုပ်ကအပြန် ညနေတိုင်း ပန်းဆိုးတန်းက လမ်းဘေးအဟောင်းဆိုင်အပါအဝင် စာအုပ်ဆိုင်တကာ ဝင်ပြီး မွှေတော့တာပေါ့။ တက်ကျမ်းတွေ၊ ဘာသာရေး နဲ့ ဘာသာပြန်စာအုပ်တွေ၊ စိတ်ပညာဆိုင်ရာစာအုပ်တွေ နဲ့ အတ္ထုပ္ပတ္တိစာပေတွေ အကုန်လုံး စိတ်ဝင်စားတာမှန်သမျှ အကုန် ဝယ်ဖတ်ပါတယ်။ ဆရာကြီး ဒေါက်တာကျော်စိန်၊ ဦးအေးမောင်၊ ခင်မောင်သန်း(စိတ်ပညာ) တို့ရဲ့ စာအုပ်တွေအပြင် တက္ကသိုလ်ဘုန်းနိုင် ရဲ့ ဝတ္ထုတွေ တစ်အုပ်မကျန် ဝယ်ဖတ်ပါတယ်။ တကယ်တော့ တက္ကသိုလ်ဘုန်းနိုင် ရဲ့ ဝတ္ထုတွေဟာ ကျုပ် မမွေးခင် နဲ့ ကျုပ် မူလတန်းကျောင်းသားဘဝလောက် မှာ ရေးခဲ့တဲ့စာတွေက များပါတယ်။ ဆရာကြီးဟာ ရန်ကုန်-မန္တလေး တက္ကသိုလ်၊ စိတ်ပညာဌာနက နိုင်ငံခြားပြန်ဆရာတစ်ယောက် ဖြစ်တာကြောင့်လည်း သူ့ရဲ့ဝတ္ထုတိုင်းလိုလိုမှာ စိတ်ပညာဆိုင်ရာ အသိပညာပေးလေးတွေ တစ်ခုမဟုတ် တစ်ခု ထည့်သွင်းထားတတ်ပါတယ်။ အဲဒီ ပညာပေးအချစ်ဝတ္ထုတွေထဲမှာ ကျုပ်ဘဝကို စနစ်တကျ ပြုပြင်ပြောင်းလဲ တိုးတက်လာအောင် စေ့ဆော် တွန်းအားပေးခဲ့တဲ့ ဝတ္ထု တစ်ပုဒ် ရှိခဲ့ပါတယ်။ အဲဒါကတော့ ၁၉၇၆ ခုနှစ် (ကျုပ် မှတ်တာ မမှားခဲ့ရင်) အမျိုးသားစာပေဆုရစာအုပ် ဖြစ်တဲ့ “နှင်းငွေ့တစ်ထောင့် မိုးတမှောင့်” ပါပဲ။ ဝတ္ထုထဲက ဇာတ်လိုက်ကျော် မန္တလေးတက္ကသိုလ် (နှင့် ရန်ကုန်တက္ကသိုလ်)၊ စိတ်ပညာဌာနက နိုင်ငံခြားပြန် ကထိက ဆရာ ဒေါက်တာမြင့်နွယ် ဟာ ကျုပ်ဘဝ အတွက် Ideal ဇာတ်ကောင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျုပ်လို အဝေးသင် ကျောင်းသား တစ်ယောက်အတွက် ဘယ်လိုမှ မဖြစ်နိုင်မှန်း သိပေမဲ့ ကျုပ်ကိုကျုပ် ဝတ္ထုထဲက တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမြင့်နွယ် အဖြစ် စိတ်ကူးယဉ်အိပ်မက်တွေ မက်ခဲ့ဘူးပါတယ်။

Thursday, November 27, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၀)

အစိုးရက ၁၉၈၉ နှစ်မှာ SEE Law (State Economics Enterprise Law) ကို ပြဌာန်းခဲ့ပြီး Market Oriented ခေါ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို မြေစမ်းခရမ်းပျိုး နဲ့ စတင်ခဲ့တာကြောင့် ၉၀ ခုနှစ် နောက်ပိုင်းမှာ ကုမ္ပဏီ တွေ မှိုလိုပေါက်အောင် ပေါများခဲ့ပါတယ်။ အများပိုင်ရော ပုဂ္ဂလိပိုင်ရော ဆိုပါတော့။ ကျုပ် အလုပ် စဝင်တဲ့ ၁၉၉၃ ခုနှစ် မှာဆိုရင် ထုတ်ကုန်/သွင်းကုန် လုပ်ငန်းတွေဟာ နေ့မအား ညမနား လုပ်နေကြရတာပါ။ ကျုပ်တို့ ရုံးမှာ ဆိုရင်လည်း ရုံးရှိလူကုန် လက်မလည်နိုင်လောက်အောင် အထိပါ။ တစ်ယောက်ကို အလုပ် သုံးလေးခုလောက် ကိုင်ထားကြတာပါ။ ဒါပေမဲ့ ကျုပ်ကတော့ ငုတ်တုပ်။ နောက်ဆုံး ဘယ်လိုမှ သူ့လူတွေနဲ့ အလုပ် မနိုင်တော့တဲ့ အခါကျမှ လက်ထောက်မန်နေဂျာ(မန်နေဂျာ၏ ခယ်မ) နဲ့ သူ့အစ်မ(မန်နေဂျာ၏မိန်းမ၊ ရုံးမှာ ဘာရာထူးမှ မရှိ) တို့က ကျုပ်ကို အလုပ်တစ်ခု တာဝန်ပေးပါတော့တယ်။ ဆိပ်ကမ်းထဲမှာ ပုံထားတဲ့ စားအုန်းဆီပီပါ တွေကို အပြင်ရောက်အောင် ထုတ်ပေးဖို့ပါ။ သူ့လူတွေကိုလည်း ဝိုင်းဝန်းကြီးကြပ်ပေးဖို့ အမိန့်ထုတ်လိုက်ပါသေးတယ်။ ပြီးတော့ “ကား” ကိုတော့ ကိုကျော်သန်း ဂိတ်က ယူပါ၊ ငါတို့ ပြောထားပြီးသား လို့ ဆိုပါတယ်။
ကျုပ်လည်း တစ်ခါမှ မရောက်ဘူးတဲ့ ဆိပ်ကမ်းထဲဝင်ပြီး ပစ္စည်းထုတ်ရမယ်ဆိုတော့ နည်းနည်းတော့ စိုးးရိမ်တာပေါ့ဗျာ။ ပြီးတော့ အစအဆုံး ကိုယ်တစ်ယောက်တည်း လုပ်ရမှာ။ ကိုမောင်လေး ဆိုတဲ့ ရန်ကင်းသားကတော့“ အညာသား…ဘာမှမပူနဲ့..၊မင်း နဲ့ ငါ ဆိပ်ကမ်းတစ်ခုထဲပဲ..မသိရင် ငါ ကူမယ်” လို့ ဆိုပါတယ်။ ဒါနဲ့ ကုန်ကျစရိတ်ကို ခန့်မှန်းခြေ တွက်၊ ငွေထုတ်..၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူကာ ဆိပ်ကမ်းအမှတ် ၅ ထဲကို ဝင်ခဲ့ပါတော့တယ်။ တကယ်တော့ ပထမဆုံး အတွေ့အကြုံဆိုပေမဲ့ ကျုပ်အတွက် ဘာမှ အခက်အခဲ မရှိခဲ့ပါဘူး။ ရုံးမှာ အလုပ်မရှိတိုင်း လက်ခံဖိုင်အဟောင်းတွေ ဖတ်ခဲ့ မှတ်ခဲ့ တဲ့ အကျိုးကျေးဇူးပေါ့ဗျာ။ လုပ်ငန်းသဘောအရ အကောက်ခွန် နဲ့ ဆိပ်ကမ်းပိုင်း ဆိုင်ရာ ကိစ္စရပ်တွေဟာ အစီအစဉ်အလိုက် တစ်ခုပြီးမှတစ်ခု လုပ်ရတာပါ(ပိုက်ဆံပေးလဒ်ထိုးပြီး ကျော်ခွ လုပ်လို့ရတာတွေတော့ ရှိတာပေါ့ဗျာ)။ တောင် ကြီးလို ပုံနေတဲ့ စားအုန်းဆီပီပါတွေကို ဆိပ်ကမ်းက ကရိန်း လို့ခေါ်တဲ့ ဝန်ချီစက် ၊ Fork-Lift စတဲ့ စက်တွေ နဲ့အတူ ဆိပ်ကမ်းအလုပ်သမားတွေရဲ့ အကူအညီနဲ့ ကားကြီးတွေပေါ် တင်ကာထုတ်လိုက်တာ ၅ ရက်မြောက်နေ့မှာ ပြီးပြတ်သွားတာပေါ့ဗျာ။ ကျုပ် ဘေးက ကိုမောင်လေးက သုံးပုံတစ်ပုံလောက် ကျန်သေးတော့ ရုံးမပြန်ပဲ သူ့ကိုကူလုပ်ပေးရတာပေါ့။ အဲဒီနေ့ညနေမှာပဲ ကိုမောင်လေးက “အညာသား.. အလုပ်ပြီးသွားပြီဆိုတော့ ဒီည “ရွှေဘဲ” မှာ ဘီယာတိုက်ကွာ”လို့ ဆိုပါတယ်။ ကျုပ်ကလည်း “အညာသားက သွေးမနည်းပါဘူး…၊ ဒါပေမဲ့ ပိုက်ဆံမရှိဘူး..ဗျ”လို့ ပြောလိုက်ပါတယ်။ သူကလည်း“ဒီအတွက်တော့ မပူနဲ့..၊ မင့် အသုံးစရိတ် စာရင်း ကို ငါ ရေးပေးမယ်”လို့ ဆက်ပြန်ပါတယ်။ ဒီလိုနဲ့ အလုပ်က စီနီယာ ရန်ကုန်သားလူလယ်တွေ ကို ဘီယာ တိုက်လိုက်ရပါတယ်။ နောက်နေ့မနက် ရုံး ရောက်တော့ ကိုမောင်လေး ရေးပေးတဲ့ ကုန်ကျစရိတ် ရှင်းတမ်းကို ကျုပ်လက်ရေးနဲ့ ပြန်ကူးပြီး ခတ်ကြောက်ကြောက်နဲ့ လက်ထောက်မန်နေဂျာ ဆီ လက်ခံဖိုင်နဲ့တကွ တင်လိုက်တော့.. OK လို့ ဆိုပါတယ်။ ညက ဘီယာဖိုးတွေ ကျေတဲ့အပြင် ကျုပ် အိပ်ထဲကို ငွေကျပ်တစ်ထောင်လောက် အပိုရောက်လာခဲ့ပါတယ် (ပညာတွေလည်း ရလိုက်တာပေါ့)။ ဒါတင်ဘယ်ကမလဲ.. “ အညာသားက တစ်ယောက်တည်း လုပ်နိုင် ကိုင်နိုင်တယ်..၊ စိတ်ချလက်ချ ခိုင်းလို့ ရပြီ” ဆိုတဲ့ ကိုမောင်လေး ရဲ့ ထောက်ခံချက်နဲ့ ကျုပ်လည်း စီနီယာများနည်းတူ တစ်လကို ၁၅၀၀ိ/ ရတဲ့ အမြဲတမ်းကုမ္ပဏီဝန်ထမ်း တစ်ယောက် ဖြစ်လို့ လာခဲ့ပါတော့တယ်။

Wednesday, November 26, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၉)

အလုပ် ရပြီဆိုတော့ အဆောင်ပြောင်း နေရတာပေါ့ဗျာ။ ၆ မိုင်ခွဲ၊ “ရွှေကြယ်” လက်ဘက်ရည်ဆိုင် အနီး ဓမ္မာရုံ လမ်းထဲက အဆောင်ပေါ့။ အပေါ်မှာ ပိုင်ရှင် မိသားစု နေကြပြီး အောက်ထပ်မှာ အဆောင်ထားတဲ့ သဘောပါ။ အလုပ်သင်ကာလမှာ ကျုပ် ရတဲ့လခက တစ်ပတ်ကိုတစ်ရာ နဲ့ တစ်လကို လေးရာ ရတဲ့အချိန်မှာ အဆောင်လခက ၃၅၀ိ/ ပေးရတော့ လကုန်ပြီဆိုရင် ကျုပ်ညီဆီ လက်ဝါးဖြန့်ရပါသေးတယ်။ ဒါတောင်မှ ကျုပ်က အဲဒီရက်တွေမှာ များသောအားဖြင့် တစ်ရက်ကို ထမင်းတစ်နပ်ပဲ စားခဲ့ရတာပါ။ မယုံရင်တော့လည်း ပုံပြင်လို့ပဲ သဘောထားလိုက်ပေါ့ဗျာ။
အလုပ်က မနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိ ရုံးချိန်။ ပစ္စည်းတွေ ထုတ်/သွင်း လုပ်ပေးရတဲ့ ဝန်ဆောင်မှုလုပ်ငန်း ဆိုတော့ ရုံးလုပ်ငန်း နဲ့ အပြင်ထွက်အောက်ဒိုး အပိုင်း ၂ ခု ရှိပါတယ်။ လုပ်ငန်းသဘောအရ မိန်းခလေးတွေက ရုံး၊ ယောက်ျားလေးတွေက အပြင်ပိုင်းပေါ့။ အပြင်အောက်ဒိုးက ခွင် ရှိတယ်လေဗျာ(နောက်ပိုင်းမှ သိလာတာပါ)။ MD နဲ့ GM ရှိပေမယ့် တစ်ရုံးလုံးကို မန်နေဂျာ နဲု့သူ့မိသားစု အသိုင်းအဝိုင်းကပဲ ကြီးစိုးထားတာပါ။ ကျုပ် ပထမဆုံး အလုပ် စ ဝင်တဲ့နေ့မှာပဲ နေ့လည်ပိုင်းမှာ မဝါ ဆိုတဲ့ ရန်ကုန်သူ ခတ်ချောချောလေးတစ်ယောက် ရောက်လာပါတယ်။ ကျုပ်ကို အရေးမလုပ်ကြပေမဲ့ အဲဒီ ရန်ကုန်သူ ကိုတော့ ပညာသင်ပေးချင်တဲ့ ငနဲတွေ ဝိုင်းနေကြတာပဲဗျ။ ဒီငနဲတွေ အပြင်ထွက်ရင် ကျုပ်ကို နောက်လိုက်အဖြစ် ခေါ်သွားပြီး On job training ပေးရမှာက သူတို့တာဝန်။ GM နဲ့ မန်နေဂျာ ကလည်း ဒီလို လုပ်ပေးဖို့ သူတို့ကို အော်ဒါ ပေးပြီးသား။ ဒါပေမဲ့ ငတိတွေက ကျုပ်ကို အပြင် လုံးဝ မခေါ်ကြဘူး။ ဘာမှလည်း သင်မပေးကြဘူး။
ကျုပ်ကလည်း “မင်းတို့ သင်မပေးချင်လည်း ကိုယ့်ဖာသာကို လေ့လာမယ်” ဆိုပြီး ဖိုင် (case) အဟောင်းတွေကို အချိန်ပြည့် လေ့လာပါတယ်။ အလုပ် ပါးလို့ အင်္ဂလိပ် လက်နှိပ်စက် အားနေရင်လည်း ကျုပ်က တဗြောင်းဗြောင်း ရိုက်နေတာပေါ့။ သုံးလလောက် အငတ်ငတ်အပြတ်ပြတ် နေလိုက်ရပါတယ်။ တခါတလေ နေ့လည်ပိုင်းထမင်းစားချိန်မှာ သိပ်ပြီး ဗိုက်ဆာလွန်းလို့ မနေနိုင်ရင် ကျုပ်သူငယ်ချင်းရှိရာ သိမ်ကြီးဈေးက နံမည်ကျော် “ကမ္ဘာစိုး”အားကစားဘောင်းဘီ အရောင်းဆိုင်ကို ဘတ်(စ်)ကား စီးပြီး သွားရတာပေါ့။ သူက ကျုပ်နဲ့ ၈ တန်းအထိ ရွာမှာ အတူနေခဲ့ပြီး ၁၀ တန်း ကို ယင်းမာပင် အ.ထ.က ကအောင်… ရန်ကုန်တက်… ရွာအဆက်ရန်ကုန်ကဘုန်းတော်ကြီးကျောင်းမှာ နေ… ဘုန်းကြီးရဲ့ကောင်းမှုနဲ့ “ကမ္ဘာစိုး”မှာ အရောင်းစာရေး လုပ်နေတာ လေးငါးနှစ်လောက်တောင် ရှိနေပါပြီ (အခုတော့ မလေးရှားမှာ အလုပ် လုပ်နေပါတယ်)။ သူ့ဆီ ရောက်ရင်တော့ သိမ်ကြီးဈေးရုံဘေးက လမ်းဘေးဆိုင်မှာ ဆီချက်တစ်ပွဲ နဲ့ လက်ဘက်ရည်တစ်ခွက်ကတော့ ကျိန်းသေပေါက် ဝါးရပါတယ်။ တခါတရံမှ ပေါ်လာတတ်တဲ့ ကျုပ်ကို သူ့လုပ်အားခလေးထဲက မျှပြီး ဧည့်ခံခဲ့တာပါ (ကျေးဇူးပါ သူငယ်ချင်းရယ်)။

Tuesday, November 25, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၈)

ရန်ကုန်ရောက်တော့ ကျုပ် မျှော်လင့်ထားတဲ့ ကြိုဆိုမှုမျိုးနဲ့ ရင်ဆိုင်ရတာမို့ ဝမ်းနည်းယုံကလွဲလို့ မတုန်လှုပ်ခဲ့ပါဘူး။ ညပိုင်း လူစုံတဲ့အချိန်မှာ အားလုံးကို “ ကျုပ်ကတော့ ဒီကို အလုပ် လုပ်ဖို့လာတာပါ..အလုပ် မရခင်စပ်ကြား ဒီအိမ်မှာ နေပါရစေ..၊ အလုပ် ရတဲ့နေ့ကစပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေပါ့မယ်..၊ လက်မခံနိုင်ဘူးဆိုရင်.. ဒီည မှီရာရထားနဲ့ ပြန်မယ်” လို့ တည့်တည့်ပဲ ပြောလိုက်ပါတယ်။ အဲဒီအချိန်က သူတို့နှစ်ထပ်အိမ်ကလေးကို ပြင်ဆောက်နေတာဆိုတော့ အဒေါ်ရဲ့ အမျိုးသားက..“ အိမ်ပြင်တာကို ကြီးကြပ်ပြီး ဝိုင်းလုပ်ကွာ..၊ အဲဒါပြီးတာနဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ် သွင်းပေးမယ်လို့” ဆိုပါတယ်။ သူကတော့ သဘောကောင်းပြီး လူတစ်ဖက်သားကို ကူညီိလိုစိတ်ရှိတဲ့ လူတော်တစ်ယောက်ပါ။ စိတ်တိုတတ်တာ နဲ့ ကြွားတတ်တာ လေးက လွဲရင်ပေါ့လေ။
ရွာမှာ ၈ တန်းကျောင်သားဘဝကတည်းက နွေရာသီကျောင်းပိတ်ရက်တိုင်း ကျောင်းစရိတ် ရအောင် လက်သမားနောက်လိုက် လုပ်ခဲ့တဲ့ ကျုပ်ရဲ့ ပညာအစွမ်းတွေ ဒီမှာ ပြသခွင့် ရခဲ့တာပေါ့။ ကျုပ်က လက်သမားပညာမှာ တစ်ယောက်တည်း တံခါးပေါက် ချင့်ပြီး တပ်နိုင်တဲ့ အဆင့် ဆိုတော့ လက်ထောက်ဆရာနီးပါး ရှိတယ်..ဗျ(ဘာမှမလုပ်တတ်တဲ့ ကျုပ်ကို နောက်လိုက်အဖြစ် လက်ခံပညာသင်ပေးခဲ့တဲ့ လက်သမားဆရာ ဦးတက် နဲ့ ကိုသန်းဝင်း၊ သူက ကျောင်းပိတ်ရက်လေးမှာ ကျောင်းစရိတ် ရအောင် လိုက်ပြီး အလုပ် လုပ်တာဖြစ်တဲ့အတွက် ဘာမှမတတ်ပေမဲ့ နေ့တွက်စရိတ်ကို သူတို့နဲ့ တန်းတူ ပေးဖို့ တောင်းဆိုပေးခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဖက်များကို အမြဲသတိယ ကျေးဇူးတင်လျှက်ပါ)။ ဆိုတော့…ကျုပ်က ဦးဆောင်ပြီး အိမ်ပြင်လိုက်တာ တစ်လလောက်နဲ့ ပြီးသွားပါတယ်။ အဲဒီ ရပ်ကွက်က လက်သမားဆရာ ဆိုရင် ကျုပ်ကို အသေကြောက်ပေါ့ဗျာ။ ပြောပြန်ရင်လည်း အောင်မင်း လွန်ရာ ကျလိမ့်မယ်။ သူတို့က လက်သမားပညာ တကယ် မတတ်ဘူးဗျ။ တတ်လို့ မဟုတ်ဘူး..ငတ်လို့ လုပ်စားနေကြတာာ လို့ ဆိုပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေက အလွယ်တကူ ဝယ်လို့ရတာလည်း ပါမှာပေါ့ဗျာ။ ဥပမာ.. ကျည်းဘောင် (တံခါးဘောင်)ဆိုရင် အဆင်သင့် ခွေပြီးသား..ကိုယ် ကြိုက်တဲ့ဆိုဒ်ကို ရွေးယုံပါပဲ (မရှိရင်လည်း အော်ဒါ မှာရတာပေါ့)။ တံခါးရွက်တို့၊ လျှာထိုး တို့ကလည်း အတူတူပါပဲ။ ကျုပ်တို့တောက လက်သမားတွေက စောစောက ပြောခဲ့တဲ့ ကျည်းဘောင်၊တံခါးရွက်၊ လျှာထိုး စတာတွေကို ကိုယ်တိုင် အစအဆုံး လုပ်ရတာပါ။ ဒီတော့ အောက်သက် ကျေတယ်လို့ ဆိုနိုင်တာပေါ့။
အိမ်ပြင်တာ ပြီးသွားပြီဆိုတော့ အလုပ်ရှာပေးဖို့ ကျုပ်အဒေါ်ရဲ့ယောက်ျားကို နပူနစာ လုပ်တာပေါ့ဗျာ..၊ သူကလည်း သူတို့နဲ့အတူနေတဲ့ ကျုပ်ညီကို အလုပ် သွင်းပေးထားတာ မကြာသေးတော့ ခဏစောင့်ပါလို့ ပြောပါတယ်။ ဒီလိုနဲ့ နောက် တစ်လလောက်အကြာ သူ့ရဲ့ကျေးဇူးနဲ့ပဲ ဘိုကလေးဈေးလမ်းက အထွေထွေဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ တစ်ပတ်ကို ကျပ်တစ်ရာ ရတဲ့ အလုပ်သင်ဝန်ထမ်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်(ကျေးဇူးကမ္ဘာပါ ဦးကျော်)။

Sunday, November 23, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၇)

မိုးကုတ်က အရှုံးနဲ့ပြန်လာတဲ့ကျုပ်က အဒေါ်မိသားစုရှိရာ ရန်ကုန်ဘက်ကို ခရီးဆက်ပါတယ်။ သူတို့ မိသားစုမှာ အဒေါ်လင်မယားရယ်၊ သူတို့သမီး ၂ ယောက်(မူကြို ပဲ ရှိကြပါသေးတယ်) နဲ့ ကျုပ်အဖွားရယ်ဆိုတော့ စုစုပေါင်း ၄ ယောက်ပေါ့ဗျာ။ ကျုပ်အဒေါ်က အလယ်တန်းပြ ကျောင်းဆရာမ၊ သူ့အမျိုးသားက နယ်တကာလှည့် တာဝန်ထမ်းဆောင်ရတဲ့ဌာနတစ်ခုက အရာရှိပေါက်စ။ အဲ…ကျုပ်အောက်က တစ်ယောက်ခြား ညီတစ်ကောင် ကျန်သေးတယ်ဗျ။ သူတို့ ရန်ကုန် ပြောင်းခါစ..အဒေါ်က မနက်မိုးလင်းရင် ကျောင်းသွား..၊ သူ့အမျိုးသားက နယ်ထွက် ဆိုတော့ အိမ်မှာက အဖွား နဲ့ ခလေး ၂ ယောက်ပဲ ကျန်တယ်လေ။ ဒီတော့ ရန်ကုန်မှာက မီးရေး ထင်းရေးနဲ့ မလွယ်ဘူး…အမျိုးထဲက ယောက်ျားလေး တစ်ယောက်ကို ခေါ်ပါ… ဆိုတော့ ကျုပ်တို့ညီအစ်ကိုတွေ ကံစမ်းမဲ ပေါက်တာပေါ့ဗျာ(မောင်နှမဝမ်းကွဲတွေက မိန်းခလေးတွေ များပါတယ်၊ ယောက်ျားလေးတွေကလည်း မူကြို ပဲ ရှိပါသေးတယ်)။ အဲဒီအထဲကမှ ၁၀ တန်း တက်နေတဲ့ စောစောက ကျုပ်ညီကို ကျောင်းထားပေးမယ် ဆိုပြီး ဖုတ်ပူမီးတိုက် ခေါ်လိုက်တာပါ။ စေတနာ ကလည်း ကျပ်ပြည့် မဟုတ်ရင်တောင် ငါးမူး တစ်မတ် လောက်တော့ ပါ ပါလိမ့်မယ်။ ကာယကံရှင်တွေ အသိဆုံး ဖြစ်မှာပေါ့ဗျာ။
အမ(အမေ)ကတော့ သူ့မောင်တွေနဲ့ တစ်ဦးတည်းသော သူ့ညီမကို တော်တော်အားကိုး မျှော်လင့်ခဲ့ပါတယ်။ ကြုံကြိုက်တုန်း ကျုပ်အမေ အကြောင်းလေး ဖောက်သည်ချလိုက်ပါအုံးမယ်။ ကျုပ်အမေက မွေးချင်း ၅ ယောက် မှာ အကြီးဆုံးပါ။ တောဓလေ့အတိုင်း “အစ်မကြီးတော့ အမိရာ”ဆိုပြီး စာဖတ်တတ်ယုံပဲ ကျောင်းနေခဲ့ရပါတယ်။ ၁၆ နှစ်လောက် နဲ့ အိမ်ထောင်ကျတော့ ရွာမှာပဲ သောင်တင်ကျန်ခဲ့တာပေါ့။ အဘ(အမေရဲ့အဖေ) က ဟိုခေတ်က ပျူစောထီး… နောက်ပိုင်း အသွင်ပြောင်းတော့ “ပြည်သူ့ရဲ”ဝန်ထမ်းဖြစ်ပြီး မြို့၊ နယ် တကာ လှည့်ကာ တာဝန်ထမ်းဆောင်ရပါတယ်။ အကျိုးဆက်ကတော့ ကျုပ်ဦးလေးတွေဖြစ်တဲ့ အမေ့မောင် ၃ ယောက်က ဘွဲ့ရပညာတတ် အရာရှိပေါက်စ တွေ ဖြစ်ကြ… အငယ်ဆုံးညီမက ကျောင်းဆရာမ ဖြစ်တာပေါ့။ အဲဒီ မောင်ညီမတွေ ကျောင်းနေစဉ်ကာလ တစ်လျှောက်လုံးမှာ စီးပွားရေးအဆင်ပြေတဲ့ ကျုပ်အမေက သူတို့လိုတာမှန်သမျှ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက်လည်း ကျုပ်အမေက သူ မွဲပြာကျလို့ဒုက္ခရောက်တဲ့အချိန်မှာ ကျုပ်တို့သားသမီးတွေအတွက် သူ့မောင်တွေဆီက တုန့်ပြန်မှု တစ်စုံတစ်ခုကို မျှော်လင့်ခဲ့ဟန်တူပါတယ်။ အနည်းဆုံး ကျုပ်တို့ညီအစ်ကိုတွေကို သူတို့လိုဘွဲ့ရအလုပ်ကိုယ်စီ နဲ့ ဖြစ်အောင်အထိ ခွဲဝေကူညီပံ့ပိုး ပေးဖို့ပါ။ ဒါပေမဲ့ သူ့မောင်တွေက တုတ်တုတ်မျှမလှုပ်ကြ။ သမီးတွေပဲမွေးထားတဲ့ ဦးလေးအကြီးဆုံးကတော့ ၁၀ တန်း အောင်တဲ့ကောင် သူ့ဆီ လွှတ်လိုက်… အလုပ်ရှာပေးမယ် လို့ ဆိုပါတယ်။ တကယ်တော့ ကျုပ်တို့မိသားစု(အမေ)ဟာ သီးခြားဖြစ်နေပြီး ကျန်တဲ့မောင်နှမ ၄ ယောက်က မိသားစုတစ်ခု ဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း ကျုပ်တို့ နဲ့ ကျန်တဲ့ ဝမ်းကွဲညီအစ်ကိုမောင်နှမတွေ ယှဉ်လိုက်ရင် ကျုပ်အဖွား နဲ့ ကျုပ်အဒေါ် က ကျုပ်တို့မောင်နှမတတွေကို ဇီးရိုး(သုံည) အဆင့်မှာပဲ ထားခဲ့ပါတယ်။ ထားနေဆဲပါ။
ဒီလိုအမြင်ရှိတဲ့ ကျုပ်အဒေါ်ရှိရာ ရန်ကုန်မြို့တော်ဆီကို မိသားစုဘဝတက်လမ်း ခရီးတစ်ထောက် နားဖို့အတွက် ကျုပ်ရဲ့မာန်မာနတရားတွေကို ခဝါချလို့ ရောက်ရှိလာခဲ့ပါတော့တယ်။

Friday, November 21, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၆)

တခါကပေါ့ဗျာ… ကျုပ် နဲ့ တွင်းဆရာ တွင်းကလှိုင်ခေါင်းထဲ ဘက်ထရီမီးလေးနဲ့ ဗြုန်း ပေါက်နေတုန်း ကျုပ် မျက်စိထဲ လှိုင်ခေါင်းကြီးက ပတ်ခြာလည်နေပါရော…။ ဒါနဲ့ တွင်းဆရာကို “တွင်းဆရာ.. ငလျင် လှုပ်နေတယ် ထင်တယ်..၊ ကျုပ် ခေါင်းတော့ ပတ်ခြာလည်နေပြီ..”လို့ ပြောလိုက်ပါတယ်။ တွင်းဆရာက “အခုချက်ချင်း အပြင်ထွက်”ဆိုပြီး ကျုပ်ကို ရှေ့အတင်းတွန်းထိုးလိုက်ပြီး သူကလည်း နောက်က ထပ်ကြပ်မကွာ လိုက်လာပါတယ်။ တွင်းဝ ရောက်တာနဲ့ “တက်” ဆိုတဲ့ အမိန့်ပေးသံကြောင့် ဘုမသိ ဘမသိ တက်ရပြန်ပါတယ်။ တွင်းရဲ့အလယ်လောက် အရောက်မှာ “ရပ်” ဆိုလို့ ရပ် ရပြန်ပါတယ်။ တစ်ခါ “ဆက်တက်”လို့ အော်ပြန်တော့ ကျုပ်လည်း အပေါ်ကို ဘယ်လို ရောက်လာမှန်းတောင် မသိလိုက်ပါဘူး။ အပေါ်ကလူတွေကလည်း အကြောင်းမကြား ဘာမကြား တွေ့လိုက်ရတော့ ကြောင် လို့ နေကြပါတယ်။ အဲ…တွင်းဆရာလည်း ရောက်လာရော.. အပေါ်ကလူတွေကို ငါ ကိုင် တုတ်ပါတော့တယ်။ တွင်းဆရာ ဆိုတော့ ဘယ်သူမှ ပြန်မပြောရဲကြဘူးဗျ။ သူတို့ ပေါ့လျော့တာလည်း ပါမှာပေါ့လေ။ တွင်းဆရာ ရှင်းပြတာက “ကျုပ် ငလျင် လှုပ်တယ်”လို့ ထင်တာဟာ “လေ ပြတ်သွားတာ”လို့ ဆိုပါတယ်။ အလယ်လောက်မှာ ရပ် ခိုင်းတာကတော့.. လေမရှိတဲ့ အောက်နဲ့ လေရှိတဲ့ အပေါ်ပိုင်း စပ်ကူးမတ်ကူးကာလမှာ ရုတ်တရက် ခေါင်းမူးပြီး ပြုတ်ကျတတ်လို့ ပါတဲ့ခင်မျာ။ ဒီလိုဖြစ်တာဟာ သူ့လို အတွေ့အကြုံ ရင့်ကျက်တဲ့ တွင်းဆရာတစ်ယောက်အနေနဲ့ ဘာမှမဖြစ်ပေမဲ့ ကျုပ်လို အခုမှ တွင်းဆင်းဘူးတဲ့ လူသစ်တစ်ယောက်အတွက်တော့ နတ်ပြည် ရောက်သွားနိုင်တယ်ဆိုပဲ။ ကျုပ်ကတော့ တော်တော်လေး ကြောက်လန့်သွားတာပေါ့ဗျာ။
ကျောက်တူး တယ်ဆိုတာ ဒါက အစပဲ ရှိပါသေးတယ်။ စောစောက အောက်မှာတူးလို့ ရတဲ့ ဗြုန်း တွေကို အပေါ်ရောက်အောင် တောမှာ ရေငင်သလို စက်တီးနဲ့ ဆွဲတင်…သစ်သားခွက်ကြီးထဲကို ထည့်ပြီး ရေနဲ့ဆေးရပါတယ်။ ဒါကိုပဲ“ ဗြုန်းဆေး” တယ်လို့ ခေါ်ကြပါတယ်။ ကျောက်တူးသမားတွေရဲ့ အပင်ပန်းဆုံးအချိန် နဲ့ စိတ်ကူးယဉ်လို့ အကောင်းဆုံးကာလတွေပေါ့။ အားလုံးရဲ့မျက်လုံးတွေက ဗြုန်းဆေးခွက်ကြီးကို ပြူးနေအောင် ကြည့်နေကြရတာ။ သိန်း ထောင်ချီတန်တဲ့ ပတ္တမြားကြီး များ ထွက်လာမှာလား…ဒါမှမဟုတ်.. ရာချီတန်တဲ့ နီလာ တွေများ တွေ့တော့မှာလား…ရင်တမမနဲ့ပေါ့။ ဒီလိုနဲ့ သုံးလခွဲအကြာ တွင်း သာ ပြီးသွားပါတယ်.၊ ထမင်းစားကျောက်ကလွဲလို့ ဘာမှမရ။ ကျုပ်တို့ တွင်းသားတွေက လုပ်အား ရှုံးသလို၊ ပေါလန် ကတော့ ငွေစု ပါ ရှုံးတာပေါ့ဗျာ။
ကျုပ်ကတော့ “ဇွဲ” မရှိတဲ့ ယောက်ျားလို့ပဲ ပြောပြော..၊ “ခတ်ညံ့ညံ့ အလကားကောင်” လို့ပဲ ထင်ထင်..၊ “လူပျင်း”လို့ပဲ ဆိုဆို… ဒီတွင်း တစ်တွင်းနဲ့ပဲ တပ်ခေါက်ပြန်ဖို့ စဉ်းစားခဲ့ပါတယ်။ ဟုတ်တယ်လေ… ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါ။ အသက်နဲ့ရင်းပြီး ဘယ်ဝယ်ဘယ်ဆီမှန်းမသိတဲ့ “အဖိုးတန်ကျောက်”ဆိုတဲ့အရာကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာဖွေနေကြရတာ။ ကျုပ်အထင် အင်မတန် ကံကောင်းမှ လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ဒီအဖိုးတန်ကျောက်ကို ရကြတာပါ။ ဒီကြားထဲ တွင်းပိ လို့..၊ တွင်းထဲ ပြုတ်ကျလို့ ဆိုတဲ့ အသံတွေက နေ့တိုင်းလိုလို..။ ဆိုတော့.. ဒီအလုပ်ဟာ ဥာဏ်ပညာ နဲ့ မဆိုင်သလို.. အသက်အန္တရာယ် နဲ့လည်း အလွန်နီးစပ်တာမို့ မိုးကုတ်ကျောက်တူးသမားလေးဘဝကို ကျောခိုင်းစွန့်ခွာဖို့ ဆုံဖြတ်လိုက်ပါတော့တယ်။

Thursday, November 20, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၅)

ကျုပ် တာဝန်ကျရာ တစ်ရွာလုံးက “ဆရာလေး… ဆရာလေး…” ဆိုတဲ့ မျက်ရည်စက်နဲ့ နှုတ်ဆက်သံတွေကို ရင့်နင့်စွာ ကျောခိုင်းလို့ ထွက်ခဲ့ပါပြီ။ ဘယ်ဆီ..ဘယ်ဝယ် မြန်းရမလဲ… ဆိုတာကိုတော့ ကျုပ်ကိုယ်တိုင် ရေရေရာရာ မသိ။ ကျုပ်ခေါင်းထဲမှာ ရှိတာကတော့.. “လက်လုပ်လက်စား မိသားစုဘဝ”ကနေ ရုန်းထွက်နိုင်ဖို့အတွက် သားအကြီးဆုံးဖြစ်တဲ့ ကျုပ်က ရှေ့ဆောင်လမ်းပြ ကြိုးစားရုန်းကန် ရမယ် ဆိုတာပါပဲ။ အောက်ကျ နောက်ကျ နိုင်လှတဲ့ မိသားစုဘဝကို ကျုပ်လက်ထက်မှာ “ပြောင်းပြန်လှန်ပစ်မယ်” ဆိုတဲ့ ခံယူချက် ယုံကြည်ချက် အပြည့်နဲ့ပေါ့။ ဒါကြောင့်လည်း “ဖြစ်သမျှအကြောင်း အကောင်းပဲ”ဆိုပြီး စကားနည်း၊ အေးဆေးတည်ငြိမ်၊ ရောင့်ရဲတင်းတိမ်စွာ နေတတ်တဲ့ ကျုပ်ရဲ့ Type B ပုံစံကို အရာရာကို တွန်းတွန်းတိုက်တိုက် လုပ်တတ်တဲ့ Type A အဖြစ် Change လိုက်ပါတယ်။ ကျုပ်ဆရာ ဦးကြည်လှိုင် ရဲ့ “ရိုးသားစွာဖြင့် ဘဝကို မြှင့်တင်ရမယ်”ဆိုတဲ့ ဆောင်ပုဒ်ကို ရင်မှာဆွဲကိုင်ကာ..နေ့စဉ်နေ့တိုင်း ပညာ နဲ့ ငွေ နှစ်ခုလုံး ရရင်..ရ၊ မရရင်… တစ်ခုမဟုတ် တစ်ခု ရ ကို ရ..ရမယ် လို့ self-determined လုပ်ခဲ့ပါတယ်။
ပထမဆုံး စဉ်းစားမိတာကတော့ ငွေ အရင်းအနှီး မလိုတဲ့ ဖားကန့် နဲ့ မိုးကုတ် ကို ကျောက်တူးသွားဖို့ပါပဲ။ မန္တလေး ကျုံးဘေးက ရေပေါ်စင်တင်တေးဂီတမှာ ကြားခဲ့ရတဲ့ “သာမန်ကျောက်တူးသမားလေးဘဝ ကနေ လောပန်း” ဖြစ်လာနိုင်တဲ့အကြောင်း ရေးစပ်သီဆိုထားတဲ့ အောင်ဆန်း ရဲ့ “လောပန်းလောင်းလေး” သီချင်းကလည်း ခေါင်းထဲက မထွက်တာလည်း ပါတာပေါ့ဗျာ (တကယ် လောပန်း ဖြစ်ခဲ့တဲ့သူတွေ ရှိခဲ့ပါတယ်)။ ဖားကန့်က ငှက်ဖျား ထူတယ်ဆိုတာနဲ့ မိုးကုတ်ကို ထွက်ခဲ့ပါတယ်။ အသက်ကို ဥာဏ်စောင့်တယ်လို့ ဆိုရိုးစကား ရှိတယ်မဟုတ်ပါလား။
မိုးကုတ် ရောက်တော့ ပိတ်စွယ်က ညောင်ပင်ဈေးရဲ့ နှစ်ထပ်ဆိုင်ခန်းအတန်းက အပေါ်အခန်းတခုမှာ နေရပါတယ်။ ကျုပ်မိတ်ဆွေ လူပျိုကြီးရဲ့အခန်းပေါ့ဗျာ။ သူက “ပေါလန်” ဆိုတော့ နောက်ပိုင်းမှာ တွင်းဆရာ နဲ့ အချို့တွင်းသားတွေရော အတူတူလာနေကြပါတယ်။ မနက် မိုးလင်းတာနဲ့ မန္တလေး-မိုးကုတ်-မိုးမိတ် ကားလမ်းပေါ်က “စိတ်ကြိုက်” လက်ဘက်ရည်ဆိုင်မှာ ကောင်တာထိုင်တဲ့ ပိုင်ရှင် ညီအစ်မ ၂ ယောက်ကို ငေးကာငန်းကာ ခွဲတမ်းကျ တစ်ခု၊တစ်ခွက်၊တစ်လိပ် ကို သုံးဆောင်ပြီးသကာလ “တွင်း”ရှိရာ အုန်းပင် ဘက်ကို ချီတက်ရပါတယ်။ “ တွင်းဆင်းတယ်” ဆိုတာ နေပူမရှောင် မိုးရွာမရှောင် တကယ် အလုပ်..လုပ်ရတာပါ။ မြေကြီးကို အတောင် ၂၀ အောက်အထိ ရောက်အောင် တူးကြ..၊ ဗြုန်းတွေ့ရင်..ဗြုန်းကောင်းတဲ့ဘက်ကို လိုက်ပြီး တူးရတာဟာ.. လှိုင်ခေါင်းကြီးတွေဖြစ်တဲ့အထိပါ။ အလွယ်တကူ ပြို မကျအောင်တော့ သစ်သားဒေါက်တိုင်တွေနဲ့ ခံထားရတာပေါ့ဗျာ။ အောက်ကလူတွေ“လေ” မပြတ်ရအောင်လည်း အပေါ်ကနေပြီး “ဖားဖို” (တခါတလေ သစ်ရွက်စိမ်းကိုင်းတွေ)နဲ့ လေ ပေးရပါတယ်။ အင်း… အပေါ်ကလူတွေ ညစ်လို့ကတော့ အောက်ကလူတွေ တမလွန်ဘဝ ရောက်ဖို့ ကျိန်းသေသလောက် ပါပဲ။

Tuesday, November 18, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၄)

စာမေးပွဲဖြေပြီးလို့ ရွာအပြန် တစ်လမ်းလုံး စဉ်းစားလာတာကတော့ “ကျုပ် ဒီလိုနေလို့ မဖြစ်တော့ဘူး” ဆိုတာပါပဲ။ ဟုတ်တယ်လေ..တစ်နှစ်လုံး စု လာရတဲ့ပိုက်ဆံ ရက်အစိတ်လောက်နဲ့ ကုန်ပါရောလား..။ ဒါတောင် ကျုပ်က ကျူရှင်မတက်၊အဖြုန်းမရှိတဲ့သူ။ ဒီလိုသာကုန်နေရင် ကျုပ် အောက်က အငယ်တွေရဲ့ ကျောင်းစရိတ် ဘယ်လိုထောက်ပံ့မလဲ..။ ရွာကျောင်းမှာ ဖြစ်သလို နေလို့ ရတယ်ဆိုပေမယ့် အားလုံးကကျောင်းသား။ မွေချင်းမောင်နှမက (၇)ယောက်တောင်(ကျား- ၅၊ မ-၂)။ မိသားစု တက်ညီလက်ညီနဲ့ နေ့စဉ် မနက်ပိုင်း“အကြော်..ရောင်း”၊ နေ့လည် “ပေါက်စီ”လုပ်..ရောင်းပေမယ့်… စားအိုးက ကြီးတော့ ထမင်းနပ်မှန်ဖို့ အနိုင်နိုင်။
ကျောင်းဖွင့်ရာသီ ရောက်ပြီဆိုရင် သားသမီးတွေအားလုံး ကျောင်းအပ်ဖို့၊ စာအုပ်ဖိုးတွေပေးဖို့ အရေး.. ကျုပ်အမ(အမေ)တစ်ယောက် အိမ်တကာ လှည့်ကာ မျက်နှာချိုသွေးရပြီပေါ့။ အိမ်မှာကလည်း ရောင်းစရာဆိုလို့ “လူ”ပဲ ကျန်တော့တယ်လေ။ ဒီလိုအချိန်မှာ ကျုပ်အဖေ ဘုန်းကြီးကျောင်းထွက် အထည်ကြီးပျက်ကတော့ အရက်နာကျတဲ့မျက်နှာနဲ့ ထိုင်ကာ မှိုင်ကာ ငိုင်..လို့ နေတတ်ပါတယ်။ “ငါ့သားသမီးတွေကို ရှိတာရောင်းပြီး ကျောင်းထားမယ်” ဆိုတာကလွဲလို့ ဘာမှမလုပ်။ ကျုပ် မှတ်မိသလောက်တော့ အဲဒီစရိတ်တွေကို များသောအားဖြင့် ပညာရေးကို အားပေးတဲ့ ကျုပ်အဒေါ်တစ်ဝမ်းကွဲတစ်ယောက်နဲ့ ကျုပ်အမေ(အမေကြီး..၊အဖေရဲ့မွေးသမိခင်) ဆီက အလကား ရတာများပါတယ်။ အမေ(အမေကြီး)ဟာ အသက် ၆၀ ကျော် ၇၀ အထိ ဈေးတောင်း ခေါင်းပေါ်ရွက်ပြီး စီးပွားရေး အဆင်မပြေတဲ့ သူ့သားသမီး-မြေးမြစ်တွေကို တစ်လှည့်စီ လုပ်ကျွေးခဲ့သူပါ(အမေ ကောင်းရာသုဂတိ ရောက်ပါစေ)။
တကယ်တော့ “လက်လုပ်လက်စားဘဝ” ဆိုတာ အိမ်ရှိလူကုန် အလုပ်..လုပ်နိုင်မှ ထမင်းနပ်မှန်တာပါ။ ဒီနေ့ နေထိုင်မကောင်း ဖြစ်ရင် နောက်တစ်နေ့ အကြွေးတင်ပြီပေါ့။ ဒါကြောင့်လည်း စီးပွားရေး မချောင်လည်တဲ့ တောကမိသားစုတွေဟာ သူတို့သားသမီးတွေကို “သေစာ ရှင်စာ” ဖတ်တတ်ရင် တော်ပြီဆိုပြီး ကျောင်းထုတ်ကာ ရရာအလုပ် လုပ်ခိုင်းပါတော့တယ်။ မိသားစု စားဝတ်နေရေး အထောက်အကူပြုတာပေါ့ဗျာ။ အဲ…ထူးခြားတာက ကျုပ်အဖေဘဲ။ သူ ပြောခဲ့သလို ကျုပ်တို့မေင်နှမ(၇)ယောက်ကို ရှိတာရောင်းပြီး အမှန်တကယ် ကျောင်းထားခဲ့ပါတယ်။ ရောင်းစရာတွေ ကုန်ပြန်တော့လည်း ကျုပ်တို့မောင်နှမတွေကို ကျောင်းကထုတ်ပြီး ခိုင်းစားဖို့ လေသံတောင် မဟခဲ့ပါဘူး။ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး အားလုံးကို ကျောင်းဆက် တက်စေခဲ့ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ… ကျုပ်တို့ကလည်း ဘယ်သူမှ ကျောင်းမထွက်ချင်ကြဘူးဗျ။ နောက်ပြီး..ကျုပ်တို့မောင်နှမတတွေရဲ့ ပညာရည်မှတ်တမ်း ကောင်းတာလည်း ပါတယ်ထင်ပါရဲ့။ ဟုတ်တယ်ဗျ..ကျုပ်အဖေက သူ့သားသမီးတွေ စာတော်ကြတယ်ဆိုတာကို တအားဂုဏ်ယူဝင့်ကြွားလေ့ရှိတာ။ တခါကဆို…သား အကြီးဆုံးဖြစ်တဲ့ ကျုပ်က (၈)တန်း မှာ သုံးဘာသာဂုဏ်ထူးနဲ့အောင်တော့ လာသမျှလူတွေကို ရောင်းနေတဲ့ ပေါက်စီ တွေ အလကား ချကျွေးလို့ အရင်းပြုတ်ပါရောလားဗျာ..။

Monday, November 17, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၃)

ကျုပ်က အတန်း မှန်အောင်တက်ပြီး စာမှန်မှန်ဖတ်နေတဲ့အချိန်မှာ ကျုပ်သူငယ်ချင်း “အောင်ဆင်”က အတန်းထဲက ကျောင်းသား/သူ တစ်ဝက်လောက်နဲ့အတူ ကြက်ပျောက်ငှက်ပျောက် ပျောက်နေတတ်ပါတယ်။ အတန်းထဲမှာ ဘယ်တော့မှ မရှိ။ ကျုပ်ကမေးတော့ ဟိုလိုလို ဒီလိုလို ဖြေပါတယ်။ နောက်ဆုံးမှာတော့ “ငါ.. ကောင်မလေးတွေနဲ့အတူ ကျူရှင်လိုက်တက်နေတယ်၊ မင်းရော..လိုက်တက်ပါလား..”ဆိုပြီး ဝန်ခံအမှန်စကား ပြောပါတော့တယ်။ “ဟာ…ဆရာကြီးက ဘယ်ကျူရှင်မှ တက်စရာမလိုဘူး..လို့ ပြောထားရက်သားနဲ့ မင်းမို့ ပိုက်ဆံအကုန်ခံ တက်နေတယ်၊ ငါကတော့ မတက်ရေး..ချ..မတက်” လို့ စိတ်တိုတိုနဲ့ ပြန်ပြောလိုက်ပါတယ်။
တကယ်တော့ ဒီကောင် ကျူရှင်တက်ချင်လို့ ထက် ကောင်မလေးတွေနဲ့ ဟိုရောဒီရော နေချင်တာက ပိုပါလိမ့်မယ်။ နဂိုကတည်းက ဇ ရှိတဲ့သူ ဒီကအသစ်လေးတွေနဲ့ တွေ့တော့ တရုန်းရုန်း ဖြစ်နေပြီပေါ့။ မှန်တာပြောတာပါဗျာ…မယုံမရှိပါနဲ့။ ကျုပ်သူငယ်ချင်းက တောသားဆိုပေမဲ့ ရုပ်က တကယ်ဖြောင့်တာ။ အပြောကလည်း မိန်းမတွေအကြိုက် လိုက်ပြောရမယ်ဆိုရင် ကျုပ်ဘော်ဒါ မိုးကုတ်သူဌေးလေး တင်မိုးလွင် နဲ့ နင်လား..ငါလား..ပဲ။ အဲ…ငှက်ဖျားပါရဂူ ဒေါက်တာအောင်သီ ကိုတော့ မမှီပြန်ဘူးဗျ(ဒီလူကတော့ တကယ်စွန်တာဗျို့..၊ ဂငယ်စကား မတတ်ပဲနဲ့ ဂငယ်မကို နှုတ်ဆက်မျက်ရည်နဲ့ လွမ်းလို့ကျန်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ)။ ဝတ်စား ထားတာကလည်း သိတဲ့အတိုင်း…ရွာက ငှါးလာတာတွေ တစ်မျိုးပြီးတစ်မျိုး။ စက်ဘီးကလည်း အရောင်လွင့်နေပေမဲ့ ၂ ယောက် စီးလို့ရတဲ့ ခတ်တောင့်တောင့်ဆိုတော့ OK မှာ စိုပြေလို့နေပါတယ်။
ဒီကောင်က ကျုပ်ကို မနက်တိုင်း စက်ဘီးနဲ့ လိုက်ပို့ပေးပြီးတာနဲ့ သဝေထိုးတော့တာပါဘဲ။ အဲ…ကျုပ်ကိုလည်း အတန်းရှေ့ခေါ်လာပြီး “ကြိုက်တဲ့ကောင်မလေး ကို ပြစမ်း…ငါ ပြောပေးမယ်”လို့ ဆိုပြန်ပါတယ်။ ကျုပ်ကလည်း အဟုတ်မှတ်လို့ ပါးပြင်မှာ သနပ်ခါး ဖွေးနေအောင်လိမ်းထားတဲ့ ကျုပ်အထင် ခတ်ရိုးရိုးတစ်ယောက်ကို “သူ့ကို ငါ ကြိုက်တယ်ကွာ” လို့ ပြောလိုက်တော့…၊ ဟဲဟဲ..သူနဲ့တော့ ငါ မရင်းနှီးဘူး ဆိုပြီး တစ်ချိုးတည်းလစ်ပါတော့တယ်။ ညနေအတန်းပြီးချိန်မှာ အမြဲတမ်းလိုလို လာကြိုတတ်ပြီး ညစာ အတူစားကြပါတယ်။ ပြီးတာနဲ့ ကိုယ်တော်ချောက အဆောင်မှာ ခေတ္တနားပြီး ပြန်ထွက်၊ ကျုပ်က ဦးဇင်းကြည် စွန့်လိုက်တဲ့ ခြင်ထောင်တစ်ပတ်ရစ်ကို ထောင်ကာ စာဖတ်ပါတယ်။ သူကလည်း ညစဉ် ၁၀ နာရီ ဝန်းကျင်လောက်မှ ပြန်ရောက်လာတတ်ပြီး “ ရိုးသားစွာနဲ့ ကြိုးစားချင်တယ် ဆိုတဲ့အကောင်…ကျက်လိုက်အုံး..ဟေ့”လို့ အားပေးပြီးသကာလ တရှူးရှူးနဲ့အိပ်ပါတော့တယ်။

ကျုပ်ဘဝတစေ့တစောင်း(၁၂)

ကျုပ်တို့ UDE ကျောင်းသားတွေ မျှော်လင့်တောင့်တနေတဲ့ အနီးကပ်ပို့ချချက်သင်တန်း စတင်မယ့်ရက် ရောက်လာပါပြီ။ ပထမဆုံးနေ့မို့ ထင်ပါရဲ့၊ အခန်းထဲမှာ ထိုင်ဖို့နေရာ မရှိလောက်အောင်ကို ကျောင်းသားတွေက များလှပါတယ်။ အနာဂတ်အတွက် လေ့လာသင်ယူလိုစိတ်တွေ တက်ကြွပြင်းပြနေတဲ့ အနယ်နယ်အရပ်ရပ်က အလုပ်တစ်ဖက်နဲ့လူငယ်တွေပေါ့ဗျာ။ ကျုပ်တို့လည်း နီးရာထိုင်ခုံမှာ အဆင်ပြေသလို ဝင်ထိုင်လိုက်ကြပါတယ်။ မကြာခင်မှာ မန္တလေးတက္ကသိုလ်၊ စိတ်ပညာဌာန၊ ပါမောက္ခ ဆရာဦးခင်မောင်သန်း ဟာ တပည့်ကျော် ၂ ယောက်ဖြစ်တဲ့ ဆရာဦးခင်မောင်သန်းလေး နှင့် ဆရာဦးသိန်းထွန်းဖေ တို့ ခြံရံလျက် စာသင်ခန်းထဲ ဝင်ရောက်လာပါတယ်။
ကျောင်းသားအားလုံးကို နှုတ်ခွန်းဆက်စကား အနည်းငယ်ပြောအပြီးမှာ ဆရာကြီးက “မင်းတို့ကို ဒီဆရာ ၂ ယောက် သင်မှာ..၊ အတန်းကို မှန်အောင်တက်ကြပါ..၊ ဘယ်ကျူရှင်မှ တက်စရာမလိုဘူး..၊ ဒီဆရာတွေ သင်တာကို သေခြာနားထောင်လေ့လာကျက်မှတ် မယ်ဆိုရင် စာမေးပွဲအောင်ဖို့ ၁၀၀% သေခြာတယ်” လို့ ဆိုပါတယ်။ “Minor ဘာသာရပ်တွေလည်း ဒီအတိုင်းပဲ..၊ကျူရှင်ကို လိုက်မရှာနဲ့၊ တက်စရာမလိုဘူး.၊ ဒီသင်တန်းကိုသာ မပျက်မကွက် တက်ကြဖို့” တိုက်တွန်းပြောကြားပြီး ပြန်လည်ထွက်ခွါသွားပါတော့တယ်။
ရိုးသားစွာဝန်ခံရရင် အဲဒီအချိန်က ပါမောက္ခနံမည်ကို မသိခဲ့သလို…၊ နောက်တော်ပါးက တပည့်ကျော် ဆရာ ၂ ယောက်ရဲ့အမည်တွေကိုလည်း မသိခဲ့ရိုးအမှန်ပါ။ နောက်ပိုင်းမှ သိခွင့်ရခဲ့သလို…၊ ကျုပ်တို့ဆရာကြီး ပါမောက္ခဦးခင်မောင်သန်းဟာ စာရေးတဲ့ ခင်မောင်သန်း(စိတ်ပညာ) ဆိုတာကိုလည်း အံ့သြခြင်းများစွာနဲ့ သိခဲ့ရပြန်ပါတယ်။ ကျုပ် ဖြတ်သန်းခဲ့ရတဲ့ UDE (မန္တလေး) ၄ နှစ်တာကာလမှာ နှစ်တိုင်းနှစ်တိုင်း ရဲ့ အနီးကပ်ပို့ချချက် ပထမဆုံးနေ့ရက်တိုင်းမှာ ဆရာကြီးက အတန်းစေ့ စာသင်ခန်းထဲအထိ လိုက်လာပြီး “ဒီဆရာ/ဆရာမတွေ သင်တဲ့ ဒီအနီးကပ်သင်တန်းကိုသာ မှန်မှန်တက်ပြီး..မှန်မှန်ကျက်ဖို့ နှင့် ကျူရှင်ကို လုံးဝ မတက်ဖို့” ကျုပ်တို့ကျောင်းသားတွေကို နှစ်စဉ် မပျက်မကွက် တိုက်တွန်းလမ်းညွှန်မှာကြားခဲ့ပါတယ်။ ကျုပ်ကတော့ ဆရာကြီးရဲ့“ဒီစကား”ကို ယုံကြည်မှုအပြည့်နဲ့ မြေဝယ်မကျ နားထောင်ကာ နေ့စဉ်နံက် ၇ နာရီ ကနေ ညနေ ၅ နာရီ အထိ တနေကုန်သင်တဲ့ ဒီသင်တန်းကိုပဲ မှန်မှန်တက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျုပ်ဘဝမှာ သူငယ်တန်းအကြို မှသည် ယနေ့အချိန်ထိ မည်သည့်ကျူရှင်မှ တက်ရောက်ခဲ့ဘူးခြင်း မရှိပါ။ သန့်သန့်လေးပေါ့ဗျာ။
ဒီနေ့ခေတ်မှာလည်း UDE ကျောင်းသားတွေအပေါ် စေတနာထားတဲ့ ဆရာကြီးလို ပါမောက္ခမျိုးတွေ အများကြီး ရှိကောင်း..ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးတာဝန်ခံ တစ်ယောက်အနေနှင့် သူ့လို အပြုအမူနဲ့ လက်တွေ့ပြသ ပြောဆိုလမ်းညွှန်ခဲ့သူ ရှိနိုင်ပါ့မလား ဆိုတာကိုတော့ သံသယဖြစ်မိပါရဲ့။

Saturday, November 15, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၁)

ဒီနေ့တော့.. “အဆောင်” ရှာကြမယ်ဆိုပြီး စက်ဘီးတစ်စီးကို ၂ ယောက်စီးကာ မန္တလေးတက္ကသိုလ်ဘက်ကို ချီတက်ခဲ့ကြပါတယ်။ စမ်းတဝါးဝါးနဲ့ဟိုမေး-ဒီမေးနဲ့ပေါ့ဗျာ။ ဦးဇင်းကြည်က သူ့ကျောင်းမှာ နေဖို့ ပြောပေမဲ့ ကျုပ်တို့ ၂ ယောက်က “အဆောင်”ကို ပိုပြီး အားသန်တာကြောင့် ရှာပုံတော်ဖွင့်ကြတာပါ။ တက္ကသိုလ်အနီး ရေနီမြောင်းဘေးက “ရွှေစည်တော်”အမည်ရှိ ရွက်ပြန့်တဲကြီး နဲ့ လက်ဘက်ရည်ဆိုင်မှာ ထိုင်ပြီး စနည်းနာကြပါတယ်။ အင်မတန်ပြင်းတဲ့လက်ဘက်ရည်ကျကျကို သောက်ကြရင်း..ဟိုဘက်ဝိုင်း-ဒီဘက်ဝိုင်းက ပြောတဲ့ စကားသံကို နားစွင့်ရတာပေါ့ဗျာ။
သတင်း စုဆောင်းပြီးသကာလ ကျုပ်တို့ ၂ ယောက် တစ်လမ်းဝင်-တစ်လမ်းထွက်နဲ့ တစ်နေရာပြီးတစ်နေရာ လိုက်ပြီး မေးကြပါတယ်။ အဆောင်ပေါသလောက်..လူတွေကအပြည့်။ ကျုပ်တို့အတွက် နေရာမရှိ။ ဒီလိုနဲ့ နေစောင်းလို့တောင်ခြေအပြန် ၃၆ လမ်း ဓမ္မာရုံဘေးက သွားရတဲ့“မိုး ”ဆိုတဲ့အဆောင်ကို ဝင်မေးတော့လည်း Full ဆိုဘဲ။ ဒါပေမဲ့..ပိုင်ရှင်အစ်မကြီး ပြောလိုက်တာက “မင်းတို့ ဝရန်တာမှာ နေနိုင်မယ်ဆိုရင်တော့ OK..”တဲ့။ ကုတင် ၂ လုံးနဲ့ အလယ်မှာ စားပွဲတစ်လုံး ချပေးမယ်လို့ ဆိုပါတယ်။ ကျုပ်တို့လည်း အိမ်ပေါ်တက်ပြီး ဝရန်တာကို ကြည့်ကြတာပေါ့ဗျာ။ နေမယ်ဆိုရင်တော့ အကာမရှိတဲ့ရှေ့မျက်နှာစာကို ပလပ်စတစ်အထူနဲ့ ယာယီလိုက်ကာသဘောမျိုး လုပ်ပေးမယ်လို့ ဆိုပြန်ပါတယ်။ ကျောင်းနဲ့လည်း မနီးမဝေး၊ အဆောင်ပိုင်ရှင်အစ်မကြီးကလည်း (အပျိုကြီး..ဗျ)ကြည့်ကောင်း- ရှုကောင်း ဆိုတော့ ကျုပ်တို့ ၂ ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ OK လိုက်ကြပါတယ်။
တကယ်တော့ “မိုး” ဟာ အမျိုးသားဆောင်ဆိုပေမဲ့ အပေါ်ထပ်မှာ ကျောင်းသားတွေနေကြပြီး၊ အောက်ထပ်မှာ အိမ်ရှင်မိသားစုသုံးယောက်နေတဲ့ ကပ်မိုးထရံကာဇလီသပ်နှစ်ထပ်အိမ်ကလေးပါ။ အေးဆေးတည်ငြိမ်ပြီး စည်းစနစ်ကောင်းမွန်တဲ့ ဒီမိသားစုအဆောင်လေးမှာဘဲ ကျောင်းပြီးသည်အထိ နေခွင့်ရရှိခဲ့ပါတယ်။ ကျေးဇူးပါ “မိုး” ရယ်။
“မိုး” အဆောင်ပြောင်းပြီး နောက်တစ်ရက်မှာ မရဲတရဲ နဲ့ “စိတ်ပညာ” ဌာနကို သွားကြပါတယ်။ ဌာနရဲ့လမ်းလျှောက်စင်္ကြန်မှာ ရောင်းနေတဲ့ နုတ်(စ်)စာအုပ်ကို ဝယ်ပြီး အနီးကပ်သင်တန်းတက်ရမဲ့ အခန်းဘက် ကြိုတင်လျှောက်ကြည့်ကြပါတယ်။ အဲဒီကနေ အဝေးသင်ဌာနခွဲကိုသွား..၊စာအုပ်တွေ ထုတ်ပြီး အဆောင်ကို ပြန်..၊ ပါလာတဲ့ ဘာသာရပ်ဆိုင်ရာစာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် လှန်ကာ Ran through ဖတ်ကြည့်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ နဲ့ သမိုင်း ပို့ချချက်တွေက ဖတ်ရတာ ရင်းနှီးပေမဲ့..စိတ်ပညာ နဲ့ ဒဿနိကဗေဒ တို့ကတော့ လုံးဝကို အဆင်မပြေပါဘူး။ မနက်ဖန်စတင်မဲ့ အနီးကပ်သင်တန်းက ဆရာ/ဆရာမတွေ သင်ကြားပို့ချတာကို ဂရုတစိုက် သေခြာနားထောင်မှ နားလည်နိုင်လိမ့်မယ်.ဆိုတဲ့အတွေးနဲ့ တရေးတမောအိပ်ကြပါတော့တယ်။

Monday, November 10, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၀)

ရွာအခေါ် ဦးဇင်းကြည် (ဘွဲ့အမည် ဦးကုသလ)ရဲ့ ကျောင်းက နံကပ်တစ်ထပ်တိုက်သေးသေးလေးပါ။ အခြားပျဉ်ထောင်သွပ်မိုးကျောင်းလေးတွေလည်း ဟိုနားတစ်လုံး-ဒီနားတစ်လုံး တွေ့ရပါတယ်။ နောက်လိုက် ကိုရင် ဦးဇင်းတွေ မရှိသလို၊ ကပ္ပိယကျောင်းသားလည်း မရှိတာကြောင့် ကျုပ်တို့ ၂ ယောက် လွတ်လွတ်လပ်လပ် နေခွင့်ရပါတယ်။ အဲ…ဆွမ်းကျန်ကွမ်းကျန်တော့ မစားရဘူးဗျ။ ဦးဇင်းကိုယ်တိုင်က ဆွမ်းခံမထွက်နိုင်တဲ့နေ့ဆိုရင် အဆင်ပြေသလို ဘုန်းပေးရတယ်လို့ ဆိုပါတယ်။ ဆန်၊ဆီ၊ဆား နဲ့ ငါးခြောက်ငါးချမ်း ကတော့ အပြည့်ပါဘဲ။ ကျုပ်တို့အတွက် ညစာကတော့ ထမင်းဆီဆမ်းနဲ့ ငါးခြောက်ဖုတ်ပေါ့ဗျာ။
ခရီးပမ်းလာပေမဲ့ ညက TV ကြည့်ရင်း ဦးဇင်းနဲ့စကားပြောရတာ တော်တော်ညဥ့်နက်သွားပါတယ်။ “ရွာက ဆရာတော်ကြီး မာရဲ့လား..၊ ဒီနှစ် သီးနှံတွေရော ဖွံ့ဖြိုးကြရဲ့လား..၊ ဟို..တကာမလေးရော.. ဘယ်လိုလဲ…အရင်အတိုင်းဘဲလား…၊ မင့် အဖေရော..အရင်လိုသောက်နေတုန်းဘဲလား…”ဆိုတဲ့ ဟိုအကြောင်း ဒီအကြောင်း သူသိချင်တာတွေ စုံလို့ပေါ့ဗျာ။ အိပ်ယာမဝင်ခင်မှာတော့..“ မနက်ဖန် မင်းတို့ကို ဘုရားကြီး နဲ့ မန္တလေးတက္ကသိုလ် လိုက်ပို့မယ်”လို့ မိန့်တော်မူပါတယ်။
ဒီလိုနဲ့ “မန္တလေးမဟာမြတ်မုနိဘုရားကြီး” ကို ဖူးမျှော်ခွင့်ရခဲ့ပါပြီ။ ရောက်တဲ့အရပ်မှာ ဘုရားကို အရင်သွားပြီး ဖူးမျှော်ကြတာဟာ ကျုပ်တို့မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းတစ်ခုထင်ပါရဲ့။ ဘုရားဖူး ဆိုပြီး မြန်မာပြည်အနှံ့ သွားကြယုံမက၊ ဗုဒ္ဓဂါယာ အထိ ခရီးဆက်လို့နေကြပါပြီ။ တစ်ခါက ဖြူးဆရာတော် ဦးနရပတိ ဟောကြားတော်မူခဲ့သလို“ဘုရားလည်” မဖြစ်ကြဖို့တော့ သတိတရားလေး လက်ကိုင်ထားနိုင်ကြမှ တော်ကာကြပါလိမ်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဘုရားရဲ့အရိပ်အာဝါသအောက် ရောက်တဲ့အခါ တဒင်္ဂဘဲဖြစ်ဖြစ် စိတ်နှလုံးအေးချမ်းသွားတယ်ဆိုတာကတော့ ရိုးသားစွာ ဝန်ခံရပါလိမ့်မယ်။ ကျုပ်တို့လည်း ဒီလိုအေးချမ်းမှုမျိုးနဲ့ ဦးဇင်းနောက်ကနေ ဘုရားကြီးကို ရှိခိုးပူဇော်ကန်တော့ကာ လက်ယာရစ်တစ်ပတ် ပတ်ပြီး ပြန်ဆင်းလာခဲ့ကြပါတယ်။ တောင်ဘက်မုဒ်က ဆိုင်တစ်ဆိုင်မှာ လက်ဘက်ရည်နဲ့ပလာတာ ဘုန်းပေးပြီး(ဦးဇင်းကိုပြောတာပါ) အဝါရောင် သုံးဘီးကား ငှါးကာ မန္တလေးတက္ကသိုလ်ဆီ မြန်းခဲ့ကြပြန်ပါတယ်။
သုံးဘီးပေါ်မှာ ဦးဇင်းက “ဟိုဟာက ဘာခေါ်တယ်၊ ဒီဟာက ဘာ”ဆိုပြီး ရှင်းပြတာကို နားထောင်ငေးကြည့်ရင်းနဲ့တက္ကသိုလ်အဝင်ဂိတ် ရောက်လို့လာပါတယ်။ ဝါဖျော့ဖျော့ မိန်းBuilding ကြီးကို နောက်ခံထားလို့ ပိတ်ထားတဲ့အဝင်တံခါးကြီးရဲ့အပေါ်မှာ“မန္တလေးတက္ကသိုလ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရပါပြီ။ တက္ကသိုလ်ဝင်းထဲကို ခြေချလိုက်တာနဲ့ ဘယ်ဘက်ကို သွားတဲ့လမ်းနဲ့ မိန်းBuilding ရဲ့ ညာဘက်အတိုင်း ပတ်သွားတဲ့လမ်း ၂ လမ်း ရှိပါတယ်။ ကျုပ်တို့“စိတ်ပညာ”ဌာနက ဘယ်ဘက်လမ်းရဲ့ဘယ်ဘက်က ပထမဆုံးခြံဝင်းထဲမှာ ပထဝီဝင်ဌာနနဲ့တွဲလို့ တည်ရှိနေတယ်ဆိုတာ ကို သိခွင့်ရခဲ့ပါတယ်။ ဌာနကိုတော့မရောက်ခဲ့ပါဘူး။ ကျောင်းဝင်းထဲကိုဘဲ နည်းနည်းပါးပါး လျှောက်ကြည့်ကြပါတယ်။ အဲဒီကနေ ဘူတာကြီးအထိ ဆိုက္ကားစီးကြ…၊ သံလမ်းကျော်တံတားကနေ အနောက်ဘက် တရုပ်တန်းကိုဆင်းကာ ဦးဇင်းကို ဆွမ်းကပ်ကြပါတယ်။ ကျုပ်တို့လည်း ဝါးကြတာပေါ့ဗျာ။ ပြီးတာနဲ့ ဗဟုသုတအတွက် မန္တလေးနန်းတွင်းထဲကို လိုက်ပို့ပြန်ပါတယ်။ ကျုပ်တို့အတွက်တော့ တကယ်ကို အံ့မခန်းအထူးအဆန်းတွေပါဘဲ။ ကျေးဇူးကမ္ဘာပါ ဦးဇင်းကြည်။
အဲဒီနေ့က ကျုပ်တို့တောင်ခြေပြန်ရောက်တော့ မှောင်စပျိုးနေပြီပေါ့။

Saturday, November 8, 2008

ကျုပ်ဘဝတစေ့တစောင်း(၉)

ကျုပ်တို့ စီးလာတဲ့ကားကြီး “ညောင်ပင်ကြီး”ဆိပ်ကမ်း ရောက်တော့ မိုးလင်းနေပါပြီ။ ၇ နာရီ ဝန်းကျင်ပေါ့။ ကားပေါ်ကဆင်း၊ အိတ်ကိုစက်ဘီးပေါ်တင်ခါ တစ်ယောက်ကတွန်း၊ လက်မှတ် (ကူတို့ခ လို့ပြောကြပါတယ်)ဖြတ်ပြီး အသင့်ရှိနေတဲ့ ဇက် ပေါ်တက်ခဲ့ကြပါတယ်။ ကျုပ်အထင်ပြောရရင် ဟိုဘက်ကမ်းရောက်ဖို့ မိနစ်၂၀ လောက် ကြာတယ်။ ရေ အနည်းအများအပေါ် လိုက်ပြီး ကြာတဲ့အချိန်လည်း ပြောင်းလဲပါလိမ့်မယ်။ မုံရွာဆိပ်ကမ်းလည်းရောက်ရော..လူတွေ(မြင်းလှည်း နဲ့ ဆိုက္ကားသမားတွေ)က ဇက် ပေါ် အလုအယက် တိုးဝှေ့တက်လာပြီး “အကို…စစ်ကိုင်း-မန္တလေး လား၊ ရွှေဘို-ရေဦး လား”ဆိုပြီး အိတ်ကို အတင်းဆွဲလုယူပြီး ကမ်းပေါ် တက်တော့တာပါဘဲ။ မျက်ခြေပြတ်မသွားအောင် သူ့နောက်ကနေ မနည်းသုတ်ခြေတင်ရပါတယ်။ အပေါ်လည်းရောက်ရော…ကျုပ်က “မန္တလေးကားဂိတ်ကိုသွားမယ်၊ လူတစ်ယောက်နဲ့အိတ်တစ်လုံးဘဲ..ဘယ်လောက်ပေးရမလဲ” လို့ မေးလိုက်ပါတယ်။ တကယ်တော့ မန္တလေးကားဂိတ် ဘယ်နားမှာရှိတယ်ဆိုတာ ကျုပ်လည်း မသိပါဘူး။ မြို့က “ မြင်းလှည်းသမား နဲ့ ဆိုက္ကားသမားတွေက လူကိုကြည့်ပြီး လိမ်ညာ အပိုတောင်းတတ်တယ်” ဆိုတဲ့ ကြားဖူးနားဝလေးကြောင့် ခပ်တည်တည်နဲ့ထည့်လိုက်တာပါ။ သူက “အကို..ဒီလောက်ပဲ..ပေးပါ”ဆိုတော့…၊ အေး…သွားမယ်ဆိုပြီး ဆိုက္ကားပေါ် တက်ထိုင်လိုက်ပါတယ်။ ဟုတ်တယ်လေ..သူငယ်ချင်းက စက်ဘီးကိုစီး၊ ကျုပ်က ဆိုက္ကားစီးပေါ့။
ဒီလိုနဲ့…အခုဘဲထွက်တော့မယ်ပြောပြီး၊ တော်တော်နဲ့မထွက်နိုင်တဲ့ မုံရွာ-မန္တလေး ဟိုင်းလတ်ကား (ပစ်တိုင်းထောင် ထင်တာဘဲ) နဲ့ မန္တလေးမြို့ဆီ ချီတက်လာပါတယ်။ လမ်းမှာ တွေ့သမျှနေရာ အတင်/အချ လုပ်တဲ့ ဒီကားနဲ့မှ လိုက်လာမိလေခြင်း ဆိုတဲ့ နောင်တ တရားလေးတော့ ရလိုက်မိပါတယ်။ ကားပေါ်ကနေ စစ်ကိုင်း“ကောင်းမှုတော်ဘုရားကြီး”ကို ဖူးမျှော်ခွင့်ရတာ၊ “စစ်ကိုင်းတံတားကြီး”ကို တွေ့မြင်ခွင့် ရတာတွေကတော့ အမြတ်ပေါ့ဗျာ။ မန္တလေးရောက်တော့ ဂိတ်ဆုံးဖြစ်တဲ့ ၂၆ (ဘီ)လမ်းမှာဆင်းကြပါတယ်။ ဟိုမေးဒီမေးနဲ့ဈေးချိုနာရီစင်ရှိရာ..ဆက်လျှောက်၊ အဲဒီကနေ..ဟိုင်းလတ်လိုင်းကားနဲ့မန္တလေးတောင်ခြေမှာရှိတဲ့ ရွာကဦးဇင်းရှိရာ “ဘုန်းတော်ကြီးကျောင်း” ကို အရောက်လှမ်းကြပါတယ်။ ကံကောင်းချင်တော့ ကျုပ်တို့က ကားပေါ်ကအဆင်း၊ ဦးဇင်းက နို့ဆီချက် စက်ရုံကအထွက် တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြပါတယ်(နို့ဆီစက်ရုံ နဲ့ ဦးဇင်းကျောင်းက ကားလမ်းရဲ့ဟိုဘက်-ဒီဘက်ပါ)။ ကျုပ်က အကျိုးအကြောင်း စုံလင်အောင် လျှောက်ထားလိုက်တာပေါ့။
ဦးဇင်းရဲ့ကျောင်းလည်းရောက်ရော…တစ်လမ်းလုံး ကွမ်းယာလေးနဲ့နှစ်ပါးသွားခဲ့ရတဲ့ ကျုပ်တို့ ၂ ယောက် ဦးဇင်း ချကျွေးတဲ့မုန့်မျိုးစုံကို အသားကုန်အုပ်ကြပါတော့တယ်။

Friday, November 7, 2008

ကျုပ်ဘဝတစေ့တစောင်း(၈)

မနက်စောစောထ ကားစီးရမယ်ဆိုပေမဲ့ ညဥ့်သန်းခေါင်လောက်ကတည်းက နိုးနေကြပါပြီ (ကားမမှီဘဲ ကျန်ခဲ့မှာကြောက်လို့)။ ကားက ကုန်တင်ကားဆိုတော့ ရွာကနေ မုံရွာကိုပို့မဲ့ ပဲ၊ နှမ်း၊ ဂျုံ…စတဲ့ သီးနှံအိတ်တွေကို ညကတည်းက ကားနဲ့လိုက်ပြီး တင်ထားရပါတယ်။ မနက်ကျရင် ခရီးသည်တင်ပြီး တန်း..ထွက်နိုင်အောင်လို့ပါ။
ရွာဦးကျောင်းက နံက် ၄ နာရီ တုန်းခေါက်သံကြားတော့ ကျုပ်တို့လည်း အိပ်ရာကထ၊ မျက်နှာသစ်…. မိဘ ၂ ပါး ကို ရှိခိုးကန်တော့ကာ ကားစီးစုရပ်ဖြစ်တဲ့ ရွာလယ်ကဘုရားကြီးဆီကို ထွက်လာခဲ့ပါတယ်။ ကျုပ်ညီတွေ(ဝမ်းကွဲတွေရော)က လိုက်ပို့တာပေါ့ဗျာ။ ညီအစ်ကိုတွေပေါတာ ဒီနေရာတော့ အသုံးဝင်တယ်ဗျို့။ ဟိုရောက်တော့ ကားက ကုန်အပြည့်၊ လူအပြည့် နဲ့ စောင့်နေပါပြီ။ စက်ဘီးနဲ့အိတ်ကို ကားပေါ်တင်(စက်ဘီးက ဘေးနံရံမှာကြိုးနဲ့ချည်တာပါ)၊ ကျုပ်တို့လည်း အပေါ်ရောက်အောင် မနည်းတက်ပြီး အိတ်တွေပေါ်မှာ တစ်ယောက်အပေါ်တစ်ယောက်ထပ်လို့ ထိုင်ရပါတယ်။ တအောင့်လောက်ကြာတော့ ကားကြီးက ရွာကနေ..မုံရွာရွှေမြို့တော်ဆီ တအိအိနဲ့ ထွက်ခွာခဲ့ပါတော့တယ်။
တကယ်က ကျုပ်တို့ဆီကနေ မုံရွာကို တိုက်ရိုက်ရောက်တယ်လို့ မပြောနိုင်ပါဘူး။ ချင်းတွင်းမြစ်ကြီး ခြားနေလို့ပါ။ ကျုပ်တို့ရောက်တာက ချင်းတွင်းမြစ်ရဲ့ဒီဘက်ကမ်းဖြစ်တဲ့“ညောင်ပင်ကြီး” ဆိပ်ကမ်းကိုပါ။ ဟိုဘက်ကမ်းဖြစ်တဲ့ မုံရွာ ကိုတော့ လှေ၊စက်လှေ နဲ့ ဇက်(သဘောင်္နဲ့ဆွဲ-တွန်းရတာပါ)တို့နဲ့ ကူးရတာပါ။ အလျင်လိုတဲ့သူတွေကတော့ ဈေးနည်းနည်းကြီးပေမဲ့ စက်လှေနဲ့ကူးကြပါတယ်။ ကားပိုင်ရှင်တွေကလည်း ကုန်များရင် ကားပါဇက်ပေါ်တင်ပြီး မုံရွာအထိ လိုက်ပို့ကြပါတယ်။ ကုန်နည်းရင်တော့ ဒီဘက်ကမ်းမှာဘဲ စတည်းချတတ်ကြတာပေါ့။

Thursday, November 6, 2008

ကျုပ်ဘဝတစေ့တစောင်း(၇)

ကျုပ်တို့ တစ်ခါမှမရောက်ဘူးတဲ့ မန္တလေးရွှေမြို့တော်ကြီး ကို သွားရမယ်ဆိုတော့ ၄၊၅ ရက်လောက် ကြိုတင်သွားရင် ကောင်းမယ်ဆိုပြီး သူငယ်ချင်း ၂ ယောက် တိုင်ပင်ကြပါတယ်။ ဟိုရောက်ရင် နေဖို့-စားဖို့၊ သွားဖို့-လာဖို့ အရေး တွေးတောကာ ပူပင်လို့ပေါ့။ ဒီလိုနဲ့ ကျုပ်လည်း ရှိတဲ့အဝတ်အစားလေး ၂ စုံ၊ မကြာခင်ကမှ အမ (အမေကိုခေါ်တာပါ)လျှော်ဖွပ်ထားတဲ့ ဖျင်စောင် ၁ ထည် နဲ့ ဖျင်တဘက်လေးကို စစ်သုံးတရုပ်လုပ်ကျောပိုးအိပ်အဟောင်းထဲကို စီကာ ထည့်ပါတယ်။ ပြီးတော့ ကျုပ် ၈ တန်းတုန်းက အင်္ဂလိပ်စာ၊သင်္ချာ၊သမိုင်း ၃ ဘာသာဂုဏ်ထူး နဲ့အောင်လို့ ဆုရထားတဲ့ Highschool grammar(အနီရောင်) ၊ ဆရာဦးအောင်သိန်းဟန်ရဲ့ English for everyone စာအုပ် နဲ့ ၁၀ တန်းတုန်းက ရွာတွဲဘက်ကျောင်းကကျောင်းသား ၁၀၀ လောက်မှာ ကျုပ်တစ်ယောက်ထဲသာ ဖြေနိုင်ခဲ့တဲ့ English grammar pattern ပေါင်းစုံ ဝါကျ ၁၂၈ ကြောင်း(ဆရာက တစ်ရက်ထဲနဲ့အပြီးဖြေခိုင်းခဲ့တာပါ။) မေးခွန်း နဲ့ အဖြေပါ ဗလာစာအုပ်တစ်အုပ်ကို အတူစုလို့ တခြားရွာက လာပြီး အိမ်မှာညအိပ်မဲ့ သူငယ်ချင်းကို စောင့်နေခဲ့ပါတယ်(တန်ဘိုးရှိအသုံးဝင်တဲ့ စာအုပ်တွေကို ဆုလဒ်အဖြစ်ချီးမြှင့်ခဲ့တဲ့ ဆရာ ဦးလှ နဲ့ ဆရာ ဦးကြည်လှိုင် တို့ကို အထူးကျေးဇူးတင်လျှက်ပါ)။ ကျုပ်သူငယ်ချင်းကလည်း အားနာလို့ထင်ပါရဲ့၊ ညမှောင်မှ စက်ဘီးတစ်စီးနဲ့ ရောက်လာပါတယ်။ စက်ဘီးက နောက်ထိုင်ခုံပါတဲ့မိန်းမစီးပါ။ တောက ခယောင်းတောထဲမှာ စီးနေတာဆိုတော့ အရောင်လွင့်နေတဲ့ ခတ်စုပ်စုပ်ပေါ့ဗျာ။ ဒါပေမဲ့ ခိုင်ခံ့ပါတယ်။ ဟိုရောက်ရင် ကျုပ်တို့ ၂ ယောက် သွားရေးလာရေးလွယ်ကူအောင် သူ့အမျိုးတစ်ယောက်ဆီက ငှါးလာသတဲ့။ ပြီးတော့ ခရီးသွားအိပ်ကြီးတစ်လုံးလည်း ပါတယ်။ အဝတ်အစားတွေကလည်း တော်တော်များတယ်။ ဒါနဲ့ ကျုပ်လည်း သူ့အိပ်ကြီးကို ဖွင့်ကြည့်ပြီး.. “မင့်..အင်းကျီတွေ-ပုဆိုးတွေက ကောင်းလှ..များလှ ပါလား”လို့ မေးလိုက်ပါတယ်။ သူဖြေတာကတော့“ငါတို့..သူများဆီသွားရမှာ၊ ပြီးတော့..မန္တလေးမြို့ကြီးကို သွားရမှာဆိုတော့..ဟန် ကိုယ့်ဖို့ပေါ့ကွာ..သူတို့သိတာမှတ်လို့၊ ငါ့ညီအစ်ကိုဝမ်းကွဲတွေဆီက ငှါးလာတာပါ..အားနာစရာမလိုဘူး။ မင်း နဲ့ ငါ တစ်ယောက်တစ်လှည့် ဝတ်ကြတာပေါ့ကွာ..” တဲ့။ ဆက်..ပြောပါသေးတယ် “စပေါ့ဘီးက ငှါးမရလို့..ဒီဘီး(ဘိန်း)ကြီး ယူလာရတာ” ဆိုဘဲ။ အဲ…သူလည်းပြီးရော ကျုပ်ညီတွေ ပြိုင်တူဟစ်လိုက်ကြတာကတော့ “ကိုကြီး…သူပြောတာမှန်တယ်၊ မင်းလည်း သူ့လိုလုပ်ပါလား..” တဲ့။
ကျုပ်ကတော့“ရှိတာလေးနဲ့လှအောင်ဝတ်တာပေါ့ကွာ” လို့ ညီတော်မောင်တွေကို နှစ်သိမ့်ပြီးသကာလ၊ မနက်စောစောထ ကားစီးရမှာမို့ အမိုးသာရှိပြီး အကာမရှိတဲ့ ဇောင်းတဲရဲ့ကွပ်ပျစ်ကုတင်ကြီးပေါ်မှာ အားလုံးဘဲ တန်းစီလို့ စောစောအိပ်ရာဝင်ခဲ့ကြပါတယ်။

Wednesday, November 5, 2008

ကျုပ်ဘဝတစေ့တစောင်း(၆)

တစ်နေ့မှာတော့ “စိတ်ပညာ” အထူးပြု နဲ့ UDE ပထမနှစ်ဝင်ခွင့်ရရှိကြောင်း အကြောင်းကြားစာ ရောက်ရှိလာပါတယ်။ ကျုပ်တို့တောကလူတွေက စာသာမတတ်တာ “ဆိုက်ကို” လို့ ပြောလိုက်တာနဲ့ “ဒီကောင်တော့ ရူးပြီ” ဆိုတဲ့ စကားလုံးနဲ့ စတော့တာဘဲ။
ရွာထဲမှာ ကျုပ်မေဂျာကိုတောင် ကောင်းကောင်းမပြောရဲလောက်တဲ့အထိ နှိပ်ကွပ်ကြတာ။ ဒီဘာသာရပ်ရဲ့ လူ့လောကအတွက် အသုံးဝင်ပုံကို နားမလည်ကြဘူးဗျာ(ဟဲ..ဟဲ..ကျုပ်လည်း နောက်မှသိတာပါ)။ သူတို့သိတာက “ဆိုက်ကို”ဆိုရင်.. အရူးဘဲ။
UDE ပထမနှစ် အနီးကပ်ပို့ချချက် နဲ့ စာမေးပွဲအချိန်ဇယား ထွက်လာတော့ ကျုပ်လည်း မန္တလေးကို ချီတက်ဖို့ စိုင်းပြင်းရတော့တာပေါ့။ အဲဒီမှာ ၁ လ နီးပါးလောက် နေရမယ်ဆိုတော့ ကိုယ့်မှာရှိတဲ့ ပိုက်ဆံ နဲ့ လောက်နိုင်-မလောက်နိုင် တွက်ချက်စီစစ်ရပါတယ်။ မုန့်ဖိုးပေးတဲ့ အမျိုးတွေကလည်း ပေးကြပေါ့ (အမှန်တကယ်က တစ်ယောက်ထဲရယ်ပါ)။ သူက ကျုပ်အဖေရဲ့အဒေါ် ဆိုတော့ ကျုပ်နဲ့ အဖွားလေး တော်ပါတယ်။ သူက ကျုပ် ရေချိုးသွားနေကြလမ်းမှာ စောင့်နေပြီး “ငါ့မြေး..ကျောင်းသွားရင် သုံးဖို့”ဆိုပြီး ပိုက်ဆံ ၅ ကျပ် ထုတ်ပေးပါတယ်။ ကျုပ်က အတင်းငြင်းတော့“ငါ့မြေးက..နဲ(နည်း)လို့လား…၊အမေ့မှာက..ဒါဘဲရှိတယ်”လို့ပြောပြီး လမ်းလယ်ခေါင်မှာ ငိုပါလေရော…။ ကျုပ်လည်း ဘယ်လိုမှငြင်းမရတာနဲ့ အဲဒီ ၅ ကျပ်ကို လက်ခံခဲ့ရပါတယ်။
မညာကြေးပြောရမယ်ဆိုရင် ကျုပ်က “ကုန်းကောက်စရာမရှိအောင် ဆင်းရဲပေမဲ့” အင်မတန်မာနကြီးခဲ့သူပါ။ ကိုယ်က အလှည့်တဖန် ပြန်လည်မဖြည့်စီးနိုင်ရင်ကော..ဆိုတဲ့အတွေး..နဲ့ သူများဆီက အလကား ယူရမှာ၊ အလကား စားရမှာကို အင်မတန် ကြောက်ရွံ့ခဲ့သူပါ။ ဒါကိုဘဲ ကျုပ်သူငယ်ချင်း မိန်းခလေးတွေက “ဆင်းရဲသားမာနရှင်ကြီး”ရယ်လို့ ကွယ်ရာမှာ ပြောတတ်ကြပါတယ်။(အလျဉ်းသင့်လို့ ကျုပ်ငယ်ဘဝအကြောင်း နောက်ကြောင်းပြန်ခွင့် ရတဲ့အခါ နံမည်၊နေရာ နဲ့ အချိန်တွေကို အတိအကျ ရေးသားပါမယ်)။

Monday, November 3, 2008

ကျုပ်ဘဝတစေ့တစောင်း(၅)

ဒါတင်ဘယ်ကမလဲ အနားမှာရှိတဲ့ ကျုပ်သူငယ်ချင်း အောင်ဆင် ကို“မင်း..တစ်ခြားဘာသာတွေယူရင် မုံရွာမှာဘဲ တက်ရမယ်၊ ငါလို စိတ်ပညာ ယူရင် မန္တလေးတက္ကသိုလ်ကြီးမှာ တက်ရမယ်” ဆိုပြီး
အဖေါ်ညှိ တိုက်တွန်းလိုက်ပါသေးတယ်။
အဲဒီအချိန်က “စိတ်ပညာ” ဘာသာရပ်ကို ရန်ကုန် နဲ့ မန္တလေးတက္ကသိုလ်ကြီး ၂ ခုမှာဘဲ ပို့ချပါတယ်။ သူကလည်း “အေး..မင်းနဲ့ငါ ၂ ယောက် အတူတူသွားကြတာပေါ့ကွာ” ဆိုပြီး စိတ်ပညာကို ပထမဦးစားပေးအနေနဲ့ လျှောက်လွှာ တင်လိုက်ပါတော့တယ်။
၁၉၉၂ ခုနှစ်မှာ UCC ခေါ် တက္ကသိုလ်စာပေးစာယူသင်တန်းကို UDE အဖြစ် တိုးမြှင့်ဖွဲ့စည်း တည်ထောင်ခဲ့တယ်ဆိုတာ ရှေ့ပို့စ် မှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။
ဆိုတော့.. UDE ရဲ့ ပထမဆုံး ကျောင်းသား ဟာ ၉၀၊၉၁ (၁၀)တန်းအောင်တွေ ဖြစ်ရပါမယ်။
ကျုပ်တို့ ၈၈ အောင်တွေ မဖြစ်နိုင်ပါဘူး။(UDE မဖြစ်သေးလို့ စာပေးစာယူသင်တန်း ကိုဘဲ လျှောက်ထားခဲ့ရတာကြောင့်ပါ)။
ဒါကြောင့်လည်း ကျုပ်တို့က စာပေးစာယူကျောင်းသား ဖြစ်ဖို့ များပါတယ်။
ကျုပ်တို့အရင်တစ်နှစ် ၈၇ အောင် ကျောင်းသားတွေက စာပေးစာယူ ပထမနှစ် ရောက်နေပါပြီ (စာပေးစာယူ ဆိုတော့..၅ နှစ် တက်မှ ဘွဲ့ရတာပေါ့ဗျာ)။
ဒါပေမဲ့ ကျုပ်တို့ ၈၈ အောင်တွေကို ကျောင်းတွေပိတ်ထားလို့ နစ်နာတယ် ဆိုပြီး(ကျုပ်အထင်ပါ) UDE ရဲ့ ပထမဆုံး ကျောင်းသားတွေ အဖြစ် ၄ နှစ် နဲ့ ဘွဲ့ရမဲ့ Course ထဲကို ဆွဲထည့်လိုက်ပါတယ်။
ကံကြမ္မာရဲ့ အလှည့်အပြောင်းပါ။
အဲဒီလိုနဲ့ ကျုပ်လည်း UDE ခေါ် “အဝေးသင်တက္ကသိုလ်” မှာ တက်ရောက်ပညာသင်ကြားခွင့်ရခဲ့တဲ့ တက္ကသိုလ်ကျောင်းသားကြီး(တကယ်က UDE ကျောင်းသားလို့ ခေါ်ကြပါတယ်) တစ်ယောက် ဖြစ်လာခဲ့ရပါတော့တယ်။

ကျုပ်ဘဝတစေ့တစောင်း(၄)

တက္ကသိုလ်စာပေးစာယူသင်တန်းလျှောက်လွှာတင်ဖို့အတွက် ယင်းမာပင်မြို့နယ်ပညာရေးမှူးရုံး
(မုံရွာခရိုင်)ကို သွားရပါတယ်။
နေရာက ကျုပ်တို့ရွာ တွဲဘက်အ.ထ.က ကနေ (၁၀)တန်း အတန်းတင်စာမေးပွဲ သွားဖြေရတဲ့ ယင်းမာပင်အ.ထ.က ကျောင်းဝင်းထဲမှာပါ။
ကျုပ်လို ၈၈ မှာ ယင်းမာပင်စာစစ်ဌာနက ၁၀ တန်းအောင်ခဲ့တဲ့သူတွေ တရုံးရုံးနဲ့ပေါ့။
အဲ…ပြဿနာက စပါပြီ။ ကျုပ်က သိပ္ပံတွဲနဲ့ အောင်ခဲ့တာဆိုတော့…ဒီသိပ္ပံတွဲနဲ့ဘဲ စာပေးစာယူတက်ပြီး သိပ္ပံဘွဲ့ကို လိုချင်ခဲ့တာပါ။
ခက်တာက.. သိပ္ပံတွဲနဲ့ စာပေးစာယူတက်ချင်ရင် မုံရွာတက္ကသိုလ်မှာ ပညာသင်နှစ်အလိုက် အပတ်စဉ် စနေ၊တနင်္ဂနွေ နေ့တိုင်း Practical ဆင်းရမယ် ဆိုဘဲ။
ကျုပ်အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်။
ကျုပ်ရောက်နေတဲ့ရွာက မုံရွာနဲ့ မိုင် ၄၀ သာ ဝေးပေမဲ့..လမ်းပန်းဆက်သွယ်ရေးက မကောင်း။
နွေ နဲ့ ဆောင်း မှာ ကားနဲ့သွားလာနိုင်ပေမဲ့…မိုးတွင်းဆိုရင်တော့ နွားလှည်းကိုဘဲ အားကိုးရပါတယ်။ ဒါမှမဟုတ် လမ်းလျှောက်ပေါ့။
အပတ်တိုင်း မုံရွာကို ကားနဲ့သွားရရင် ကျုပ်ရတဲ့ ကျောင်းဆရာလခ ၇၅၀ိ/ တစ်ပတ်နဲ့ ပြောင်သွားမှာက မြေကြီးလက်ခတ်မလွဲ။
မုံရွာမြို့ကြီးမှာကလည်း ဆွေမျိုးညာတိ အသိမိတ်ဆွေက မရှိ။
ဒီလိုနဲ့ဘဲ နောက်ထပ်တစ်ဆင့်လျှော့လို့ သိပ္ပံတွဲကနေ ဝိဇ္ဇာတွဲကို ပြောင်းလဲယုခဲ့ရပါတယ်။(တောနေဆင်းရဲသားလူတန်းစားတစ်ရပ်ရဲ့ ဘဝပေးကံကြမ္မာအရှုံးတစ်ခုပေါ့)။
ဝိဇ္ဇာတွဲက ဦးစားပေးဘာသာရပ်ကို ရွေးချယ်တဲ့အခါမှာတော့ အခြေခံပညာမှာ လုံးဝ မသင်ခဲ့ရတဲ့ ”စိတ်ပညာ” ကို ပထမ၊ ဒုတိယ၊ တတိယ အဖြစ်ရွေးချယ်လိုက်ပါတယ်။
ဆိုလိုတာက ကျုပ်ရဲ့ ဝင်ခွင့်လျှောက်လွှာဖေါင်မှာ ”စိတ်ပညာ” ဘာသာရပ် တစ်ခုတည်းကိုဘဲ ရေးဖြည့်ခဲ့တာပါ။
ကျန်တဲ့ ဘာသာရပ်တွေကို ရေးဖြည့်ခဲ့ခြင်းမရှိပါဘူး။
စိတ်ပျက်လက်ပျက်နဲ့ ”ရချင်ရင်..ရ၊ မရရင်..နေ” ဆိုတဲ့ သဘောနဲ့ပေါ့ဗျာ။

Sunday, November 2, 2008

ကျုပ်ဘ၀တစေ့တစောင်း(၃)

ရှေ့မှာ UDE အကြောင်းနည်းနည်းပါးပါးပြောခဲ့ပြီးပြီဆိုတော့...ကျုပ်နဲ့ UDEရဲ့ ရှေးဘ၀ရေစက်ကို ဆက်ပါအုံးမယ်။
တကယ်တော့ ကျုပ်က ရွာမှာ ရှိတဲ့ တွဲဖက်အထက်တန်းကျောင်းကနေ ၁၉၈၈ခုနှစ်မှာ(၁၀)တန်း အောင်ခဲ့တာ ဖြစ်ပါတယ်။
သိပ္ပံတွဲနဲ့ပေါ့။
၁၀တန်းအောင်ရင် တက္ကသိုလ်သွားမယ်ဆိုတဲ့ စိတ်ကူးရှိခဲ့သူပါ။
မွဲချက်က ကမ်းကုန်ပေမဲ့ တောကနေ မြို့တက်၊ မုံရွာမှာရတဲ့အလုပ်လုပ်ရင်း (ညအလုပ်-လုပ်၊ နေ့ကျောင်းတက်) တက္ကသိုလ်ပညာ ဆက်လက်သင်ယူဖို့ စိတ်အားထက်သန်ခဲ့သူပါ။
ဒါပေမယ့်...ကျုပ်တို့ (၁၀)တန်းအောင်စာရင်းထွက်ပြီး မကြာခင်မှာပဲ “၈၈ အရေးအခင်း” ဖြစ်ပါလေရော။
ကျောင်းတွေလည်း ပိတ်လိုက်ရပါတယ်။ ကျုပ်ဘ၀အိပ်မက်တွေလည်း ဖျက်လိုက်ရတာပေါ့။
ဒီလိုနဲ့... ၃၊၄ နှစ်အကြာ တိုင်းပြည်ငြိမ်သက်လို့ တက္ကသိုလ်ဝင်ခွင့်တွေ ခေါ်တဲ့အချိန်မှာ ကျုပ်က မြို့နဲ့အလှမ်းဝေးတဲ့ ချောင်ကျကျ ရွာလေးတစ်ရွာမှာ ပညာရှင် အဆင့်(၁)ဖြစ်လို့နေပါပြီ။
ပညာရှင်ဆိုလို့ အထင်မကြီးလိုက်ပါနဲ့ဗျာ။
“ကျောင်းဆရာ”ကို ပြောတာပါ။
အခြေခံပညာရေးဌာနက ကျောင်းဆရာကိုခေါ်တဲ့ အသုံးအနှုန်းလေးတွေက တကယ်ကို ပီတိဖြစ်ချင်စရာပါ...
(ဒါကြောင့် ပီတိကိုစား...အားရှိပါ၏...တဲ့)
မူလတန်းပြဆရာကို ပညာရှင်အဆင့်-၁၊ အလယ်တန်းပြဆရာကို ပညာရှင်အဆင့်-၂၊ အထက်တန်းပြဆရာကို ပညာရှင်အဆင့်-၃ လို့ ခေါ်ကြပါတယ်။
ကျုပ်က မူလတန်းပြဆရာဆိုတော့ ပညာရှင်အဆင့်-၁ ပေါ့ဗျာ။
(ဘယ်လောက်စိတ်ချမ်းမြေ့စရာကောင်းသလဲ...?...ပညာရှင်နော်...)
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ပြီဆိုတော့...ကျုပ်လည်းစဉ်းစားရပြီပေါ့။
လက်ရှိကျောင်းဆရာအလုပ်က ထွက်ပြီး တက္ကသိုလ်တက်မလား...?
အလုပ်လုပ်ရင်းနဲ့ဘဲ စာပေးစာယူဘွဲ့လေးတစ်ခုရအောင် ယူမလား...?
Intraconflict ပေါ့ဗျာ။
နောက်ဆုံးတော့ ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်စာမေးပွဲဖြေဆိုပြီး ရရှိခဲ့တဲ့ မူလတန်းပြကျောင်းဆရာကို လက်မလွှတ်ချင်တာက တကြောင်း၊ ကိုယ်တာဝန်ကျရာ ရွာကလေးမှာ ပျော်နေတာက တဖုံ၊ ဆရာကြီး (ကျောင်းအုပ်)နဲ့ ကျုပ် ၂-ယောက်ထဲရှိတဲ့ ကျောင်းမှာ ကျုပ်ကထွက်သွားခဲ့ရင် ဒီကလေးတွေရဲ့ ပညာရေး...ရှေ့ရေး... ရင်လေးစရာပါလား....ဆိုတဲ့အတွေး (ကျောင်းဆရာ/မတွေက များသောအားဖြင့် မြို့နဲ့မြို့အနီးအနားမှာဘဲ နည်းမျိုးစုံနဲ့ ကပ်နေကြပါတယ်။
ဝေးလံ ခေါင်ပါးတဲ့ နေရာဒေသကို မသွားချင်ကြပါဘူး။) ငွေရေးကြေးရေး အခက်အခဲကတမျိုး...ဒါနဲ့ပဲ
ဘ၀အိပ်မက်ကို စွန့်လွှတ်လို့ စာပေးစာယူသင်တန်းကိုပဲ ရွေးချယ်ခဲ့ရပါတော့တယ်။

Saturday, November 1, 2008

ကျုပ်ဘ၀တစေ့တစောင်း(၂)

အဝေးသင်တက္ကသိုလ် ကို ‘ UDE’ ( University of Distance Education ) လို့လည်း အလွယ်တကူ ခေါ်တတ်ကြပါတယ်။
ယခင်ရှိပြီးသား တက္ကသိုလ် စာပေးစာယူသင်တန်း (UCC- University Correspondence Course) ကို ၁၉၉၁-၉၂ ပညာသင်နှစ်မှ စတင်ပြီး “ပညာရေး…..ဝေးသည်မရှိ” ဆိုတဲ့ motto နဲ့အတူ ‘အဝေးသင်တက္ကသိုလ်’ အဖြစ် တိုးမြှင့်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ရက်အတိအကျကတော့ ၁၉၉၂-ခုနှစ်၊ ဇူလိုင်လ (၉)ရက် ဖြစ်ပါတယ်။
ပုံမှန်သင်တန်းသား (Day) ကျောင်းသားတွေက (၄)နှစ်တက်ရင် ရိုးရိုး ၀ိဇ္ဇာ/သိပ္ပံ ဘွဲ့ရပါတယ်။
ဂုဏ်ထူးတန်းကတော့ (၅)နှစ် တက်ရပါတယ်။
Day နဲ မတူတာကတော့ စာပေးစာယူ တက်ရောက်တဲ့ သူတွေက ရိုးရိုးဘွဲ့အတွက် (၅)နှစ် တက်ရပါတယ်။
ဂုဏ်ထူးတန်းဆိုတာ မရှိ။
ဒါပေမဲ့ ‘UDE’ ရယ်လိုဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ဂုဏ်ထူးတန်း မရှိတာကလွဲရင် အားလုံး အတူတူဖြစ်သွားပါတယ်။
ဆိုလိုတာက Day မှာ (၄)နှစ်နဲ့ရိုးရိုးဘွဲ့ရသလို UDE မှာလည်း (၄)နှစ်နဲ့ဘွဲ့ရပါတယ်။
UDE ဟာတက္ကသိုလ် ဖြစ်တဲ့အတွက် အခြား ရန်ကုန်၊မန္တလေး တက္ကသိုလ်ကြီးတွေနဲ့ အဆင့်တူတယ်ဆိုတဲ့သဘောပေါ့ဗျာ။
တန်းညှိ လိုက်တာပေါ့။
ကျုပ်တို့လို မရှိဆင်းရဲသား အလုပ်တဘက်နဲ့ ပညာရှာဘွဲ့ရချင်တဲ့ သူတွေအတွက်တော့ မဟာနိဗ္ဗာန်ဘုံကြီးပါ။
အခုတော့ရိုးရိုးဘွဲ့အတွက် (၃)နှစ် နဲ့ ဂုဏ်ထူးတန်းအတွက် (၄)နှစ်ဖြစ်နေပါပြီ။
ဘယ်နိုင်ငံခြားတိုင်းပြည်က ပညာရေးစနစ်ကို ပုံတူကူးယူပြဌာန်းလိုက်တယ်ဆိုတာကတော့ ပြုလုပ်သူ ကာယကံရှင်များသာ သိပါလိမ့်မယ်။
ကျုပ်ကတော့မသိ။
UDE ဟာသီးခြားတက္ကသိုလ် ဖြစ်ပေမဲ့ သင်ကြားရေးမှာတော့ အရင်ကလိုဘဲ သက်ဆိုင်ရာ တက္ကသိုလ်တွေက တာဝန်ယူကြရပါတယ်။
ဆိုလိုတာက မုံရွာမှာ မှတ်ပုံတင်စာရင်းသွင်းတဲ့ UDE ကျောင်သား/သူ တွေအတွက် မုံရွာတက္ကသိုလ်ကဘဲ တာဝန်ယူသင်ပေးရပါတယ်။
အလားတူ ရန်ကုန်-မန္တလေး နဲ့ အခြားတက္ကသိုလ်ဌာနခွဲ တွေမှာ တက်နေတဲ့ UDE ကျောင်းသား/သူ တွေကို သက်ဆိုင်ရာတက္ကသိုလ်တွေက တာဝန်ယူ ဖြေရှင်းပေးရပါတယ်(practical နဲ့ အနီး ကပ် ပို့ချချက်များ)။
အစတုန်းကတော့ UDE က တစ်ခုတည်းသော တက္ကသိုလ်ပါ။
အခုတော့ ရန်ကုန် UDE နဲ့ မန္တလေး UDE ဆိုပြီး နှစ်ခု ခွဲလိုက်ပါတယ်။
လုပ်ငန်းတွေပိုပြီး တွင်ကျယ်အောင်ပေါ့ဗျာ။
ဒါပေမဲ့ ကျောင်းသားက အရမ်းများ (ကျုပ်ပြောခဲ့ပြီးသားနော်… ကျုပ်တို့ဆီမှာ ကျောင်းသားဦးရေ အများဆုံးတက်ရောက်နေတဲ့ တက္ကသိုလ်ပါ…လို့) တော့ အခုအချိန်ထိ သက်ဆိုင်ရာ တက္ကသိုလ်တွေက ကူညီဖြေရှင်းပေးနေရတုန်းပါဘဲ။
နောင်လည်း ဆက်လက်ပံ့ပိုးနေရအုံးမယ်လို့ထင်ပါတယ်။
UDE ဖြစ်လာပြီးတဲ့နောက်မှာ ကျောင်းသားတွေအတွက် Radio Talk တွေ၊ TV Program တွေနဲ့ သင်ကြားရေးအစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ လုပ်နေဆဲပါ။
ယနေ့ခေတ်က အိုင်တီခေတ်ဆိုတော့ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ State ကျောင်းတွေမှာ Learning Center တွေဖွင့်၊ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်အတန်းက ဘယ်ကျောင်းသားတွေ အတွက် UDE က ဘယ်ဘာသာရပ် ဘယ်သင်ခန်းစာကို ပို့ချထုတ်လွှင့်မယ် ဆိုပြီး သတင်းစာ ရေဒီယို နဲ့ တီဗီ တွေမှာ ကြိုတင်အသိပေးကြေငြာပြီး လုပ်နေပါတယ်။
ဒ့ါအပြင် အဲဒီသင်ခန်းစာ ထုတ်လွှင့်မဲ့နေ့မှာ သက်ဆိုင်ရာ Learning Center နဲ့အနီးဆုံးနေရာမှာ ရှိတဲ့ တက္ကသိုလ်က အနည်းဆုံး ဆရာ/ဆရာမ နှစ်ယောက်က အဲဒီကိုသွားပြီး စောင့်နေရပါတယ်။
ပို့ချတဲ့ သင်ခန်းစာကို လာရောက်ကြည့်ရှုနားထောင်တဲ့ UDE ကျောင်းသားတွေက နားမလည်လို့ မေးလာခဲ့ရင် ဖြေကြားပေးနိုင်အောင်လို့ပါ။
စနစ်ကတော့ကောင်းပါပေတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်နိုင်ဖို့ အတော်ကြိုးစားရအုံးမှာပါ။
ဒီနေရာမှာ လွဲနေတာလေးတစ်ခုကို ပြောရရင်တော့ဗျာ…. ဒီနေ့ထုတ်လွှင့်မဲ့ သင်ခန်းစာက
`စိတ်ပညာ´ ဆိုပါတော့…. Learning Center မှာ တာဝန်ကျတဲ့ ဆရာ/ဆရာမ က ပထ၀ီဝင် နဲ့ သမိုင်း တို့ကဖြစ်နေပါရော…။
အကယ်၍ ကျောင်းသားကမေးလာခဲ့ရင်….(ကျုပ်တို့မြန်မာကျောင်းသားတွေက မမေးတာ များပါတယ်) ဘယ်လိုဖြေကြမလဲ…? ကျုပ်ကလိုအပ်တာလေးကို သတိထား မြင်သာအောင် အပြုသဘော နဲ့တင်ပြတဲ့သဘောပါ။
Learning Center ရောက်မှ ကျုပ်တို့မတတ်နိုင်တဲ့ ကျောင်းသားမလာတာ၊ မီးပျက်တာ၊ တီဗီပျက်တာ တွေကတော့ ကိုယ်နဲ့မဆိုင်သလိုဘဲ ထားလိုက်ပါတော့မယ်။
အခုဆို UDE မှာ မဟာတန်းတွေတောင် ဖွင့်နေတယ်လို့ကြားရပါတယ်။ ၀မ်းသာစရာပါ။
ဘယ်လိုများစခန်းသွားနေသလဲတော့ ကျုပ်လည်းမသိပါဘူး။
ဒါပေမဲ့ ကျုပ်တို့ ဆရာမကြီးတစ်ယောက်ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်ဗျ။
ဘာတဲ့….”အဆင့်မြင့်ပညာဟာ…လူတိုင်းနဲ့မတန်ဘူး…”တဲ့။

Thursday, October 30, 2008

ကျုပ်ဘ၀တစေ့တစောင်း(၁)

တကယ်တမ်း စာရေးမယ်ဆိုတော့.. ခေါင်းထဲမှာ ဘာမှမရှိ။
ခက်နေတာ တစ်ခုက ကျုပ်ဘ၀က နဗန လို MIT-YIT ထွက်မဟုတ်တော့.. ကျောင်းသားဘ၀ အတွေအကြုံက သူ့လိုပြောစရာ များများ စားစား မရှိ..။
မန္တလေးတက္ကသိုလ်ကလည်းမဟုတ်.. ရန်ကုန်တက္ကသိုလ်ဆိုတာကလည်း အိပ်မက်..။
ဟာ…အဲဒီလိုဆို `ခင်ဗျားက ဘယ်ကျောင်းထွက်လည်း´လို့..ဆိုလာရင်တော့… ပြောရတော့မှာပေါ့လေ။
အမှန်အတိုင်းဝန်ခံရရင်တော့ .. ကျုပ်တက်ခဲ့ရတဲ့ တက္ကသိုလ်ကြီးအကြောင်း ပြောဖို့အခွင့်ကြုံလာတိုင်း သိမ်ငယ်စိတ် (inferiority complex) လေး ဖြစ်ပေါ်ခံစားရပါတယ်။
သူများတွေလို..` ငါ….ဆေးက၊ ငါ… စက်မှု က´ လို့ ရင်ဘတ်ကော့ပြီး မကြွားဝါနိုင်ပေမဲ့…
`ငါက ဒီတက္ကသိုလ်ထွက်…ကွ´ လို့  သိမ်ငယ်စိတ်ကိုမျိုသိပ်လို့ (အတင်းမေ့ခိုင်းထားတာ) ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ပါတယ်။
ဒီတက္ကသိုလ်ကြီးကတော့… ဆေး၊စက်မှုနဲ့ ကွန်ပျူတာ တက္ကသိုလ် တွေလို ကျွမ်းကျင်ထက်မြက်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ အိုင်တီကွန်ပျူတာ ပညာရှင်ကြီးတွေ မွေးထုတ်နိုင်စွမ်း မရှိတဲ့ တက္ကသိုလ်။
စီးပွားရေး တက္ကသိုလ်ကြီးတွေလို စီမံခန့် ခွဲမှုပညာရှင်၊ စီးပွားရေး ပညာရှင်၊ စာရင်းအင်းပညာရှင် ကြီးတွေ မွေးထုတ်နိုင်စွမ်း မရှိသေးတဲ့ (ကျုပ်အထင်ပါ) တက္ကသိုလ်။
ရန်ကုန်-မန္တလေးနဲ့ အခြားတက္ကသိုလ်ကြီးတွေလို ထူးချွန်တတ်သိ ပညာရှင်ကြီးတွေ မွေးထုတ်နိုင်ခြင်း မရှိသေးတဲ့ (ကျုပ်အထင်ပါ) တက္ကသိုလ်။
စစ်၊သစ်တော၊ ရေကြောင်း၊ တိမွေး၊ စိုက်ပျိုးရေး တက္ကသိုလ်ကြီးတွေလိုလည်း ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်းမရှိတဲ့ တက္ကသိုလ်။
မရိုးသားမှုတွေ၊မသမာမှုတွေ အများဆုံးဖြစ်ပွားရာ..လို့  အများက ပြောဆိုသမုဒ်နေကြတဲ့ တက္ကသိုလ်။
ဒီကျောင်းထွက်ပါလို့ ပြောလိုက်တာနဲ့ အများရဲ့(တက္ကသိုလ် အသိုင်းအ၀ိုင်းအပါအ၀င်) အထင်သေး…အမြင်သေးမျက်လုံးတွေနဲ့  နှိမ်ချပြောဆိုခြင်းခံရတဲ့ တက္ကသိုလ်။
ဘွဲ့ ရရင်ပြီးရော..ဆိုပြီး ဘ၀ရည်မှန်းချက် ကင်းမဲ့သူ အများတို့ ဆုံစည်းရာ တက္ကသိုလ်။
ဒါပေမဲ့ ကျုပ်တို့ဆီမှာတော့ ကျောင်းသားဦးရေ အများဆုံး တက်ရောက်နေတဲ့ တက္ကသိုလ်။
ပြီးတော့..ဘွဲ့ရဦးရေ အများဆုံး မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်။
ဤသို့သော ဂုဏ်ပုဒ်များနဲ့ ပြည့်နှက်နေသော တက္ကသိုလ်ကြီးမှာ ပညာရည်နို့သောက်စို့ခဲ့ရပါတယ်။
အော်…တက္ကသိုလ်နံမည်လား?….မပြောရသေးဘူးလား?..။ sorry ဗျာ။
ကျုပ်က ဂုဏ်ပုဒ်တွေ ပြောနေရတာနဲ့  နံမည်ပြောဖို့ မေ့ကျန်ခဲ့တာပါ။
နောက်ပြီး ခင်ဗျားတို့လည်း အော်တိုမက်တစ် သိလောက်ပြီလို့ ထင်နေတာဗျ။
မသိသေးလို့ သိချင်တယ်ဆိုရင်တော့လည်း ကျုပ်ကိုယ်တိုင် ပြောပြရမှာပေါ့ဗျာ။
အဲဒါ “အဝေးသင်တက္ကသိုလ်” ပေါ့။

နဗန ကို အားကျ၍ ဤစာကို ရေးပါသည်။

နဗန ဘလော့ဂ်ကို ညီမငယ် တစ်ယောက်လို ခင်ရတဲ့ သူတစ်ယောက်ရဲ့  ကျေးဇူးကြောင့် မကြာသေးခင်က ဖတ်ရှုခွင့် ရခဲ့ပါတယ်။

အထက်အညာဒေသက ရွာတစ်ရွာမှာရှိတဲ့ မိသားစု ဘ၀အတွေ့ အကြုံ၊ အညာဒေသရဲ့ အသုံးအနှုန်း-အခေါ်အဝေါ်၊ကျောင်းသားဘ၀နဲ့ အလုပ်ခွင်ဘ၀ အတွေ့အကြုံတွေဟာ သူ့ရဲ့မဖတ်ရမနေနိုင်လောက်အောင် ကောင်းမွန်တဲ့ ရေးသားတင်ပြမှုတွေကြောင့် ကျုပ်ရင်ကို တကယ်ဘဲလှုပ်ခတ်စေခဲ့ပါတယ်။

သူ့ရဲ့နိဒါန်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ အချိန်နဲ့နေရာကလွဲရင် ကျုပ်လို အညာတောသား အညတြတစ်ယောက်ရဲ့ဘ၀နဲ့အားလုံးနီးပါး ထပ်တူကြနေတာမို့လည်း တော်တော်လေး ခံစားခဲ့ရပါတယ်။
ဒီလိုအခြေအနေမျိုးကနေ သူ့လိုထူးချွန်တဲ့လူ(တကယ်ဘက်စုံတော်တဲ့ပုဂ္ဂိုလ်ပါ) တစ်ယောက်ဖြစ်လာဖို့ဆိုတာ…မလွယ်ရေး….ချ.. မလွယ်။

သူ့ကို အားကျပြီးသကာလ ကျုပ်ကလည်း ခပ်ညံ့ညံ့ကျုပ်ရဲ့ဘ၀တစေ့တစောင်း ကို မှတ်တမ်းလေးအဖြစ် ရေးရရင် ကောင်းလေမလားလို့  စိတ်ကူးမိခဲ့ပါတယ်။ ဆန့်ကျင်ဘက်..ခပ်ညံ့ညံ့ အညာသား အညတြ တစ်ယောက်ရဲ့ ဘ၀အကြောင်းဆိုပါတော့။

ပြောသာပြောရတယ် ..စာရေးမယ်ဆိုတော့.. ဘယ်က စ ရမည်မှန်းမသိ။
ကွန်ပျူတာမှာ မြန်မာစာက မရိုက်တတ်။
ဘလော့ဂ်တည်ဆောက်ဖို့ဆိုတာ ဝေလာဝေး.. (ညံ့ချက်ကတော့ ကမ်းကုန်ရောဘဲ)။
ဒီတော့ ဘလော့ဂ်အတွက် စောစောက ညီမငယ် (ကျုပ်ကို စာရေးချင်စိတ်တွေ ဖြစ်ပေါ်လာအောင် စေ့ဆော်တွန်းအားပေးခဲ့တဲ့ နဗန ဘလော့ကို Link ပေးခဲ့သူ)ကို အပူကပ်ရတာပေါ့...။
သူကလည်း..“အကို ရေးချင်ရင်ရေး.. ၂ ပုဒ် ၃ ပုဒ် ရေးပြီးရင် ပို့ လိုက်၊ ဘလော့ဂ်လုပ်ပေးမယ်” လို့ ဆိုပါတယ်။

အင်း..ဘလော့ဂ်ပိုင်း ကတော့ ပြီးပြီ။ မြန်မာစာ ရိုက်ဖို့ အတွက် ဘယ်လို လုပ်ရပါ့။
လောလောဆယ်တော့ အနားမှာရှိတဲ့ လက်တဲ့စမ်း(စာရိုက်ရင်းနဲ့ သူ့အရည်အချင်းကို သူကိုယ်တိုင် ပြောပြခဲ့တာပါ) စာစီစာရိုက်ချင်တဲ့ KTML ကြီးကို ကူညီခိုင်းရမယ် ဆိုပြီး.. သူ့ကို ပြောတော့...
“ok ..ရိုက်ပေးမယ်.. ရေး” ဆိုဘဲ။

ဒီလို..ဒီလို `အရပ်ကူပါ ..လူဝိုင်းပါ´ နဲ့ ဘဲ ..ခပ်ညံ့ညံ့ အညာသား အညတြတစ်ယောက်ရဲ့ ဘ၀ အကြောင်းကို ဖော်ညွှန်းမဲ့ “ကျုပ်ဘ၀ တစေ့တစောင်း” ဆိုတဲ့ ဘလော့ဂ်လေးတစ်ခုကို စတင်နိုင်ခဲ့ပြီပေါ့...။