Saturday, January 31, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၁)

ကျုပ်က ကျူ-ဝမ်း မှာ အတန်းမှန်အောင် မတက်နိုင်ပေမဲ့ ကျောင်းထဲကိုတော့ ညနေအလုပ်က ပြန်လာတိုင်း ရောက်ပါတယ်။ စစ်ကိုင်းဆောင်က မြင့်စိန်ကို ခေါ်ပြီး ရွှေဘိုဆောင်က မင်းဇော်ဦးဆီ သွားကာ တစ်နေ့တာ သင်လိုက်တဲ့ သင်ခန်းစာတွေကို ကော်ပီကူးဖို့ ငှားရတာပေါ့။ တခါတလေတော့ သူကိုယ်တိုင် ကျုပ်အတွက် အပိုကော်ပီ ကူးထားတတ်ပါသေးတယ်။ ကျုပ်က ကျသင့်ငွေ ပေးလိုက်ရုံပါဘဲ။ သင်ခန်းစာတွေ ကော်ပီကူးရင်း ကျုပ်က သူတို့ နှစ်ယောက်ကို တက္ကသိုလ်စာတိုက်ရှေ့က လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်နဲ့အတူ သူတို့စားချင်တာလေးတွေနဲ့ ဧည့်ခံနေကြပါ။ သူတို့က ကျောင်းသားသက်သက်… ကျုပ်က အလုပ်ရှိနေတဲ့သူလေ…။

တခါတရံ မနက်ပိုင်း အတန်းတက်ပြီးလို့ ကျုပ်တို့ အဝေးသင်အဖွဲ့နဲ့ လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်တဲ့အခါ “ ဌာနက အချို့သော ဆရာ-ဆရာမတွေက ကျုပ်တို့ အဝေးသင်ကလာတဲ့သူတွေကို မသိမသာ တစ်မျိုး… သိသိသာသာ တစ်ဖုံ ခွဲခြား နှိမ့်ချ အထင်သေး အမြင်သေးစိတ်တွေ ရှိနေကြတယ်” ဆိုတာကို သိလာရပါတယ်။ ကျုပ်က “ ဟုတ်ပါ့မလား ကိုယ့်လူတို့ရာ…”လို့ ပြောတဲ့အခါ “မယုံရင် တစ်ပတ်လောက် အချိန်ပြည့် လာတက်ကြည့်ဗျာ…” လို့ ဆိုကြပြန်ပါတယ်။ ကျုပ်ကတော့“ အေးဗျာ… သူတို့ ဂုဏ်ထူးတန်းက ကလေးတွေကို ဦးစားပေး အထင်ကြီး မြှောက်စားတာကတော့ သဘာဝကျပါတယ်…၊ ဘာမှ ပြောစရာ မရှိပါဘူး…၊ ဒါပေမဲ့ ဘာဖြစ်လို့ ကျုပ်တို့ အဝေးသင်က လူတွေကို အခြောက်တိုက် အထင်သေးရတာလဲ…၊ အများက အထင်သေးသလို ဆရာ-ဆရာမတွေကပါ ဒီလို ထင်နေကြတယ် ဆိုရင်တော့ ခင်ဗျားတို့ သူတို့ဂုဏ်ထူးတန်းက ကလေးတွေထက် မညံ့ကြောင်း ပြသဖို့ အချိန်ရောက်ပြီပေါ့ဗျာ…” လို့ ပြောလိုက်ပါတယ်။ သူတို့က သိပ် မလှုပ်ကြတာကြောင့် ကျုပ်ကပဲ ဆက်ပြီး “လုပ်နိုင်သလောက် လုပ်ကြတာပေါ့ဗျာ… အချိန်က စကားပြောပါလိမ့်မယ်” လို့ ဆိုရပါတယ်။

အဝေးသင်ကျောင်းသားတွေအပေါ်မှာ လွဲမှားစွာ ထားရှိတဲ့ အချို့သော ဆရာ-ဆရာမတွေရဲ့ သဘောထားတွေကို ပြောင်းလဲသွားအောင် သူငယ်ချင်းတွေကို ကြိုးစားမှုနဲ့ သက်သေပြကြဖို့ တိုက်တွန်းခဲ့သလို ကျုပ်ကိုယ်တိုင်လည်း ပါဝင်ကပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တဲ့ အရာပေါ့ဗျာ…။ ကျုပ်တို့တတွေ ဂုဏ်ထူးတန်းက ကလးတွေထက် မတော်ရင်တောင်… သူတို့ထက် မညံ့ဘူး ဆိုတာကို အမှန်တကယ်သာ သက်သေပြနိုင်ခဲ့ရင် ဆရာ-ဆရာမတွေ အသိအမှတ်ပြုလာနိုင်ပါတယ်(သူတို့လေးတွေထက် သာတယ်ဆိုတာ ပြသနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့)။ ဒီကတစ်ဆင့် အဝေးသင်ကလာတဲ့သူတွေလည်း ကြိုးစားကြသားဘဲ…။ ထိုမှတစ်ဆင့် အဝေးသင်ကျောင်းသားတိုင်း မညံ့ပါလား..ကနေ အဝေးသင်ကျောင်းသားတွေလည်း အဆင့်မြင့်ပညာ ဆက်သင်ဖို့ အရည်အချင်းရှိသူတွေပါဘဲလား… အထိ လက်ခံအသိအမှတ်ပြု လာနိုင်တာပေါ့။
ဒီအဆင့်တွေ ရောက်ဖို့ နှစ်တွေ ဘယ်လောက် ကြာအုံးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး…။ ဒါပေမဲ့ တနေ့နေ့တော့… တနေ့နေ့တော့…။

Thursday, January 29, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၀)

ဂုဏ်ထူးတန်းက လာတဲ့သူတွေက စုစုပေါင်း (၇)ယောက် (ကျား-၁၊ မ-၆)။ တောင်ငူ ဇာတိဖြစ်တဲ့ လင်းလင်း နဲ့ သဲနုမာ က လွဲရင် ကျန်တဲ့သူတွေက ရန်ကုန်ကပေါ့။ ညိုညို၊ ညွန့်ညွန့်၊ မလေး၊ ချိုချို နဲ့ ဇော်ရှင်း။ ဒီမိန်းခလေးတွေကြားထဲမှာ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်တဲ့ ဇော်ရှင်း ဆိုတာက “မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ်” ဝတ္ထု နဲ့ နံမည်ကြီးခဲ့သူ စာရေးဆရာ ဆွေလှိုင်ဦး ရဲ့နောက်ဆုံးမျိုးဆက် သားထွေးလေးပါ။ သူတို့အထဲမှာတော့ လူတော်လေးလို့ နံမည်ကြီးလှသူပေါ့။ သူတို့အားလုံးဟာ ငယ်ဂုဏ်လေးတွေနဲ့အတူ ခတ်သွက်သွက် ပျော်ပျော်နေတတ်သူလေးတွေပါ။ မိဘရဲ့အရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းစွာ နေထိုင်ရင်း ပညာသင်ခွင့် ရရှိသူ ကံထူးရှင်လေးတွေပေါ့ဗျာ…။ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနရဲ့ လက်ရွေးစင် ဂုဏ်ထူးတန်း ကျောင်းသားတွေဆိုတော့လည်း ယုံကြည်ချက် မာန်မာနလေးတွေနဲ့အတူ ခတ်စွာစွာ ပုံစံလေးတွေတော့ တွေ့ရတာပေါ့။

ရန်ကုန်တက္ကသိုလ် Day က တက်လာတဲ့ Qualify သမားက (၃) ယောက်ပါ (ကျား-၂၊ မ-၁)။ ရခိုင်က ကိုမြတ်ရွှေ၊ ပဲခူးက မင်းဇော်ဦး နဲ့ ဖျာပုံက ဥမ္မာ တို့ပေါ့။ သူတို့ကတော့ အသက်အရွယ်က ကျုပ်နဲ့ မတိမ်းမယိမ်းပါ။ အဲဒီအထဲက ရခိုင်သား ကိုမြတ်ရွှေက ဘာမပြော ညာမပြောနဲ့ မြသီလာကို ရုတ်တရက် နှုတ်ဆက်လို့ လောကပင်လယ်ကြီးကို လက်ပစ်ကူးလို့ နေပါတော့တယ်။ မိန်းထဲက ရွှေဘိုဆောင်မှာ နေတဲ့ မင်းဇော်ဦးက ကျောင်းစာမှန်သမျှ မိတ္တူကူးပေးကာ ကျုပ်ကို ကူညီခဲ့သူ တစ်ယောက်ပေါ့။

ဆိုတော့ ကျု-ဝမ်း မှာ အားလုံးပေါင်းလိုက်ရင် (၁၇) ယောက် ရှိပါတယ်။ သင်ယူရတဲ့ မေဂျာ ဘာသာရပ်တွေက ကျုပ်တို့ ဖိုင်နယ်မှာ သင်ခဲ့ရတာတွေနဲ့ အတူတူဆိုပေမယ့် နည်းနည်းတော့ ပိုပြီး ကျယ်ပြန့်တဲ့သဘော ရှိပါတယ်။ အင်္ဂလိပ်စာ မိုင်နာတောင် မပါတော့ဘူးပေါ့ဗျာ။ စုစုပေါင်း မေဂျာ လေးခုကိုပဲ သင်ရပါတယ်။ သင်ကြားပေးခဲ့တဲ့ ဆရာ-ဆရာမတွေကလည်း ဌာနက ဝါရင့် ကထိကကြီးတွေပေါ့။ Lecture တွေကလည်း အတော်ကို ကောင်းကြပါတယ်။ တခါတလေမှ အတန်းလာတက်ပြီး ဒီလို ချီးမွမ်းစကား ပြောကြားလေတော့“ ဟိုတုန်းက ယောအတွင်းဝန် ဦးဖိုးလှိုင် ရေးတဲ့ ဥတုဘောဇနသင်္ဂဟကျမ်းကို(စာအုပ်အမည် မှားကောင်း မှားနိုင်ပါတယ်) စာမတတ်တဲ့ သူ့တပည့် မြင်းထိန်းငတာ က သိပ်ကောင်းတဲ့ စာအုပ်ပဲ လို့ မလွတ်တမ်း ချီးမွမ်းနေသလို”များ ဖြစ်နေသရော့လား…။ ထင်ချင်သလို ထင်နိုင်ကြပါတယ်လေ…။

ကျူ-ဝမ်း မှာ သင်ကြားပေးခဲ့ကြတဲ့ ဆရာ-ဆရာမတွေကတော့ ဆရာ ဦးခင်မြင့် (ယခု ပါမောက္ခ-အငြိမ်းစား)၊ ဆရာ ဦးအေးကျော် (ယခု ပါမောက္ခ-ဒဂုံ)၊ ဆရာမကြီး ဒေါ်ခင်မျိုးရီ (ယခု ပါမောက္ခ-အငြိမ်းစား) နဲ့ ဆရာမ ဒေါ်လှလှသန်း (ယခု ပါမောက္ခ-မြစ်ကြီးနား) တို့ ဖြစ်ကြပါတယ်။

Wednesday, January 28, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၉)

အဝေးသင်က လာတဲ့သူတွေက ကျုပ် အပါအဝင် အားလုံးပေါင်း (၇)ယောက် (ကျား ၅၊ မ ၂)။ မိန်းခလေး (၂)ယောက်က ဝန်ထမ်း အရာရှိလေးတွေ ဖြစ်ကြပေမယ့်… ကျန် ယောက်ျားလေး ၅ ယောက်က ပြင်ပ အလုပ်အကိုင် ကိုယ်စီနဲ့ပါ။ အလုပ်ချိန်နဲ့ ကျောင်းချိန် တိုက်နေတာကြောင့် အမြဲတမ်းလိုလို ပျောက်နေတတ်တဲ့ ကျုပ်ကလွဲရင် ကျန်တဲ့သူတွေက ကျောင်းမှန်မှန်တက်နိုင်ကြသူတွေပါ။ အတန်းကလည်း နေ့တိုင်း မရှိသလို… ရှိတဲ့နေ့မှာလည်း နေ့လည် ၂း၃၀ နာရီလောက်ဆိုရင် ပြီးတတ်တာမို့ ကိုယ်ပိုင်အလုပ်ချိန်နဲ့ ကျောင်းချိန်ကို သဟဇာတဖြစ်အောင် ညှိယူကာ ကျားကုတ်ကျားခဲ တွယ်ဖက်လို့ တက်နေကြသူတွေပေါ့။

သာဓကအနေနဲ့ ဆွဲထုတ်လို့ ပြရမယ် ဆိုပါလျှင်… တိုင်းရင်းဆေးဆရာ ကိုသိန်းဇော် ဆိုပါက နေ့ပိုင်းမှာ ကျောင်းတက်ပြီး ညနေပိုင်း ၅ နာရီ မှ ည ၉ နာရီလောက်အထိ သုဝဏ္ဏလမ်းဆုံ အနီးက ပန်းခြံဘေးမှာ နေ့စဉ် ဆေးခန်း ထိုင်ရရှာပါတယ်။ နေ့ခင်းပိုင်း မထိုင်နိုင်တော့လည်း ဝင်ငွေ လျော့တာပေါ့။ ငွေကြေး နဲ့ ပညာ လဲယူရတဲ့ သဘောပါ။ အင်္ဂလိပ်စာ ကျူရှင်ဆရာ ကိုမောင်မောင်နိုင်ကတော့ သိပ်ပြီး ပြဿနာ ရှိဟန်မတူ…။ သူက ဆရာဆိုတော့ သူ အဆင်ပြေတဲ့အချိန်ကို ကလေးတွေနဲ့ ညှိလို့ ယူကာ ကျောင်းမှန်နေသည်။ သူကလည်း ခေသူမဟုတ်… ဘဝသစ်ဦးအောင်ကျော်ရဲ့ အင်္ဂလိပ်စာသင်တန်းကို နှစ် (၂၀)လောက် ဆက်တိုက်တက်ခဲ့သူလို့ ဆိုပါတယ်။ နောက်ပြီး တစ်မတ်ဖိုးလောက် သိရင် တစ်ကျပ်ဖိုးလောက် လေလုံးထွားတဲ့ ရန်ကုန်ခြံပေါက် ကျုပ်တို့ဘော်ဒါ ကိုသောင်းကြည်ကတော့ ရန်ကုန်ဆေးရုံကြီးက ဆေးဆိုင်တစ်ဆိုင်မှာ နေ့စဉ် ညနေ ၄ နာရီ မှ ည ၁၁ နာရီ အထိ အရောင်းစာရေးလုပ်ရင်း ကျောင်းတက်နေသူပေါ့…။ ကိုကျော်လွင် ဆိုသူ ဆောက်လုပ်ရေး ကန်ထရိုက်တာ သူဌေးလေးကတော့ ကျူ-ဝမ်း အပြီးမှာ မြသီလာကို ကျောခိုင်းစွန့်ခွာ သွားသူပါ။

မိန်းခလေး နှစ်ယောက်မှာ တစ်ယောက်က အဆည ငွေစာရင်းဌာနက ဒေါ်တင်တင်အေး ဖြစ်ပြီး၊ ကျန် တစ်ယောက်ကတော့ ကမ်းနားလမ်း ခြောက်ထပ်ရုံးမှာရှိတဲ့ ဝန်ထမ်း ရွေး/ကျင့် က စိတ်စစ်ဆေးရေးအရာရှိ ဒေါ်ကြည်ကြည်ရှိန် ဖြစ်ပါတယ်။ သူတို့ရဲ့ ရာထူးအနေအထားအရ “ဒေါ်” တပ်ခေါ်တာဖြစ်ပေမယ့် အသက်အရွယ်ကတော့ ကျုပ်နဲ့မှ အတူတူလောက်ပဲ ရှိပါတယ်။ ကွာလှရင် တစ်နှစ်ကြီး တစ်နှစ်ငယ်ပေါ့။ သူတို့ နှစ်ယောက်ကလည်း ကျူ-ဝမ်း အပြီးမှာ ကျောင်း ဆက်တက်ဖို့ ဌာနဆိုင်ရာ ခွင့်ပြုချက် မရတာကြောင့် မြကျွန်းညိုညို တက္ကသိုလ်ကို ရုတ်တရက် နှုတ်ဆက် ခွဲခွာ သွားခဲ့ရသူတွေပါ။

Tuesday, January 27, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၈)

ကျောင်း အပ်ထားပြီးပြီ ဆိုတော့ (အရေးကြီးတဲ့ အလုပ် မရှိတဲ့အခါ) ရုံးကနေ လစ်လို့ အတန်း တက်ဖို့ ကြိုးစားရပါတော့တယ်။ ပထမဆုံး အတန်း စတက်တဲ့နေ့ကတော့ ကျုပ်သူငယ်ချင်း မြင့်စိန်က စိတ်ပညာ ကျူ-ဝမ်း (Q 1) စာသင်နေတဲ့ အခန်း အပေါက်ဝအထိ လိုက်ပို့ပါတယ်။ စာသင်ခန်းက ရာမညဆေင်နဲ့ တောင်ငူဆောင်ကြားက ခတ်ဟောင်းဟောင်းလေးပါ။ အခန်းအမှတ်ကတော့ T -9 လို့ ထင်တာဘဲ (မှားကောင်း မှားနိုင်ပါတယ်…)။ ကျုပ် စာသင်ခန်း အပေါက်ဝ ရောက်တော့ အထဲမှာ ဆရာမ တစ်ယောက် စာသင်နေတာကြောင့် နီးရာ ထိုင်ခုံမှာ ကုတ်ကုတ်ကလေး ဝင်ထိုင်လိုက်ပါတယ်။ ဖုန်တွေ အလူးလူးနဲ့ပေါ့ဗျာ…။ ဆရာမ စာသင်တာကို နားထောင်ရင်းနဲ့ပဲ အခန်းထဲကို မသိမသာ အကဲခတ် ကြည့်လိုက်တော့… ဝင် ဝင်ချင်း ကျုပ် ထိုင်နေတဲ့ ဘယ်ဘက်အတန်း ရှေ့ပိုင်းမှာ အသက် ခတ်ကြီးကြီးလို့ ထင်ရတဲ့ ယောက်ျား ငါးယောက်လောက် နဲ့ ညာဘက်အတန်း ရှေ့ပိုင်းမှာတော့ ခတ်ငယ်ငယ် မိန်းခလေး တစ်သိုက်နဲ့ ယောက်ျားလေး တစ်ယောက်ကို သတိထားမိပါတယ်။

ဆရာမ အတန်းပြီးလို့ နောက်ဆရာ မလာသေးခင်မှာပဲ အသက်ကြီးကြီး ကျောင်းသားတွေက ကျုပ်ကို လက်ရပ် ခေါ်ပြီး“ ဒါ Psycho Q 1 အတန်းနော်…အတန်း မှားနေအုံးမယ်” လို့ ဆိုပါတယ်။ ကျုပ်ကလည်း “မမှားပါဘူး… Psycho Q 1 လာတက်တာပါ” လို့ ပြောလိုက်တော့…၊ ဟာ… ခင်ဗျား နောက်ကျလှပါလား… ဘယ်ကနေ လာတာလဲ လို့ မေးပြန်ပါတယ်။ အဝေးသင်က လို့ ပြောလိုက်တော့ “ခင်ဗျားကို အဝေးသင် မှာ တစ်ခါမှ မမြင်ဖူးပါဘူး… အဝေးသင်မှာ ကျနော်တို့ မသိတဲ့သူ မရှိသလောက်ပဲ…” လို့ ပြောနေစဉ်မှာ ဆရာ ဝင်လာတာကြောင့် စကားပြတ်သွားခဲ့ရပါတယ်။ စာသင်တာကတော့ ဆရာက ရှေ့ကနေ အင်္ဂလိပ်လို ခေါ်ပေး… ကျောင်းသားတွေက လိုက်ရေး… ပြီးရင် ဆရာက ပြန်ရှင်းပြပေါ့…။ များသောအားဖြင့်တော့ ဆရာရေးထားတဲ့ notes ကို ကော်ပီကူးခိုင်းပြီး ရှင်းပြတာက များပါတယ်။ အချိန်တို အတွင်းမှာ ထိထိရောက်ရောက် သင်နိုင်တာပေါ့။

နေ့လည် ထမင်းစား နားချိန်မှာတော့ သူတို့အဖွဲ့နဲ့အတူ တောင်ငူကင်တင်းက အရှည်ကြီးဆိုင်ကို လိုက်ပြီး မပြီးဆုံးသေးတဲ့ ဇာတ်လမ်းကို ဆက်ကြပြန်ပါတယ်။ ကျုပ်က“ ဒီနှစ်မှ မန္တလေးအဝေးသင်က အောင်ပြီး ဝင်ရောက်လာတာမို့ နောက်ကျရတဲ့အကြောင်း” ပြောပြလိုက်မှ ပိုပြီး တအံ့တသြ ဖြစ်သွားကြလေရဲ့။ သူတို့တတွေက ရန်ကုန်အဝေးသင်ကနေ ကျူ (Q) နဲ့ အောင်ပြီး ဒီ Psycho Q 1 တက်ဖို့ အနီးဆုံးပညာသင်နှစ်မှာ ဝင်ခွင့်ရဖို့ ကြိုးစားခဲ့ကြပေမယ့်… ဘက်လိုမှ ဝင်ခွင့် မရခဲ့တာကြောင့် ပညာသင်နှစ် တစ်နှစ် စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျုပ်ကိုတော့“ခင်ဗျား တော်တော် ကံကောင်းတဲ့ လူ ပဲ” လို့ ဆိုကြပါတယ်။ အဲဒီ Q 1 အတန်းမှာတော့ အဝေးသင်က လာတဲ့ အသက်ကြီးကြီး ဘဝသမားတွေက တစ်ဖွဲ့…၊ ဌာနက ဆရာ-ဆရာမတွေရဲ့ မွေးစားသားသမီးတွေ ဖြစ်တဲ့ အသက်ခတ်ငယ်ငယ် ဂုဏ်ထူးတန်းကသူတွေက တစ်ဖုံ… နဲ့ ဟိုမရောက် ဒီမရောက် Day က လာတဲ့ Qualify သမားတွေ... အပြိုင် ဖိုက်ခဲ့ကြပါတယ်ဆိုရင်… အပြိုင် ဖိုက်ခဲ့ကြပါတယ်ဆိုရင်…။

Sunday, January 25, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၇)

အစဉ်အလာကြီးမားတဲ့ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျူ-ဝမ်း (Q 1) တက်ရောက်ခွင့် ရရှိခဲ့ပါပြီ။ တက္ကသိုလ်ဆိုတာကို သိပ် သွားချင်တဲ့ ကျုပ်က တက်မယ် တက်ရတော့လည်း ကံ့ကော်ပန်းတို့ ပွင့်လန်းရာမြေ… အဓိပတိလမ်း နဲ့ သစ်ပုတ်ပင်ကြီး တည်ရှိရာ မြကျွန်းညိုညို တက္ကသိုလ်ဆီမှာပေါ့…။ အရွယ်လွန်မှ ခြေချခွင့် ရခဲ့ပေမယ့် ကျုပ် တကယ်ပျော်ခဲ့ရတာပါ…။ ကျောင်းထဲကို ခြေချလိုက်တာနဲ့ အင်မတန် အေးမြတဲ့ တက္ကသိုလ်ရဲ့ အရိပ်ကို ခံစားခဲ့ရဖူးပါတယ်။ တကယ်ကို တက္ကသိုလ်နဲ့တူသော တက္ကသိုလ်ကြီးပေါ့…။
ကျုပ် စတင်တက်ရောက်မယ့် Q 1 ဆိုတဲ့ “မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း အပိုင်း-၁” ဆိုတာက ရှုံး-ထွက် အတန်းပါ။ မဟာတန်း တက်ရောက်ဖို့ အဆင့်မှီ-မမှီ အရည်အချင်း စစ်တဲ့ အတန်း ဖြစ်တာကြောင့် “မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း” လို့ ခေါ်ဟန် တူပါတယ် (သိပ္ပံ သမားတွေ အတွက်တော့ မဟာသိပ္ပံ အရည်အချင်းစစ်တန်းပေါ့)။ အရည်အချင်းစစ်တန်းမှာ မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း အပိုင်း-၁ (Q 1) နဲ့ အပိုင်း-၂ (Q 2) ဆိုပြီး အတန်း နှစ်တန်း ရှိပါတယ်။ မည်သည့် အတန်းမှာ ကျရှုံးသည် ဖြစ်စေ… ကျောင်းက ထွက်ရမှာ ဖြစ်ပြီး၊ ဒီဘဝမှာတော့ အဆင့်မြင့်ပညာခေါ်တဲ့ မဟာတန်းကို ဒီမေဂျာဘာသာရပ်နဲ့ ဆက်လက်သင်ကြားဖို့ အခွင့်အရေး မရှိတော့ပါဘူး။ မဟာတန်း ဝင်ဖို့အတွက် အရည်အချင်း စစ်တဲ့ အတန်းဆိုတော့လည်း သဘာဝ ကျပါပေတယ်…။ (အခုတော့ နယူးကျူ New Q ဆိုတဲ့ အရည်အချင်းစစ်တန်း (Q) တစ်တန်းသာ ရှိပြီး… စာမေးပွဲ ကျ ရင်လည်း ပြန်ဖြေလို့ ရတဲ့ Supplementary စနစ်ကို ကျင့်သုံးနေလေရဲ့…)
ဒီနေရာမှာ မဟာတန်း တက်ရောက်ခွင့် ရဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျူ (Q) ဆိုတဲ့ အရည်အချင်းစစ်တန်းနဲ့ အောနာ့စ်(Honours) ဆိုတဲ့ ဂုဏ်ထူးတန်း အကြောင်းကို ခွဲခြားပြောဖို့ လိုအပ်လာပါတယ်။ Day မှာ ဒုတိယနှစ် ဖြေအပြီး အမှတ်အပေါ် အခြေခံလို့ ဂုဏ်ထူးတန်းဝင်ခွင့် သတ်မှတ်ပါတယ်။ ဒါကြောင့် ဂုဏ်ထူးတန်း ပထမနှစ် (H 1) ဟာ ရိုးရိုးတန်း တတိယနှစ်၊ ဂုဏ်ထူးတန်း ဒုတိယနှစ် (H 2) ဟာ ရိုးရိုးတန်း နောက်ဆုံးနှစ် နဲ့ တူညီပါတယ်။ ဂုဏ်ထူးတန်းဟာ စုစုပေါင်း (၅) နှစ် တက်ရောက်ရတာ ဖြစ်တဲ့အတွက် နောက်တစ်နှစ် ဂုဏ်ထူးတန်း တတိယနှစ် (H 3) ကို ဆက်တက်ပြီး… စီ (c ) မထိရင် ဝိဇ္ဇာ/သိပ္ပံ (ဂုဏ်ထူး)ဘွဲ့ ရရှိပြီး မဟာ ဆက်တက်ခွင့် ရရှိပါတယ်။ စီ (c ) ထိတဲ့ သူကတော့ ဝိဇ္ဇာ/သိပ္ပံ (ဂုဏ်ထူး)ဘွဲ့ကိုသာ ရရှိပြီး မဟာတန်း တက်ရောက်ခွင့် မရရှိကြပါဘူး။ ဆိုလိုတာက မဟာတန်း တက်ရောက်ဖို့ အတွက် ဂုဏ်ထူးတန်းကို အနိမ့်ဆုံး ဒုတိယတန်း ဒုတိယအဆင့်(Second class second division) က အောင်ဖို့ လိုပါတယ်။ ဒီလို အခွင့်အရေးကို Day တက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေသာ ရရှိနိုင်ကြပါတယ်။ “အဝေးသင်” မှာ လုံးဝ မရှိ…။
Day မှာပဲ ဒုတိယနှစ်မှာ ဂုဏ်ထူးတန်း မဝင်တဲ့ သူတွေက နောက်ဆုံးနှစ်Final မှာ ကျူ (Qualify) ဝင်အောင် ကြိုးစားရင် အရည်အချင်းစစ်တန်း Q 1-Q 2 က တစ်ဆင့် မဟာတန်း တက်ရောက်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ အဝေးသင်တက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေကိုလည်း ဒီ အခွင့်အလမ်း တစ်ခု ပေးထားပါတယ်။ Final မှာ Qualify ဖြစ်တာနဲ့ သက်ဆိုင်ရာ အနီးဆုံးတက္ကသိုလ်မှာ Day ကျောင်းသားအဖြစ် စာရင်းသွင်းကာ Q 1-Q 2 မှတစ်ဆင့် မဟာတန်းအထိ တက်ရောက်နိုင်ပါတယ်။ “ကျ ရင် ထွက်” ဆိုတဲ့ ဒီ Q 1-Q 2 အတန်း နှစ်တန်း အောင်မြင်မှသာ မဟာတန်းကို ဆက်တက်ခွင့် ရှိတာပါ။ ထူးခြားတာတစ်ခုက ပထမဘွဲ့ ရပြီး အရည်အချင်းစစ်တန်း အပိုင်း-၁ (Q 1) တက်ရောက်သူတွေကို ဂုဏ်ထူးတန်း ဒုတိယနှစ် (H 2) နဲ့ အဆင့်တူ သတ်မှတ်ခဲ့တာပါဘဲ…။ အတန်း အတူတူ တက်ရတာပေါ့ဗျာ…။ ဆိုလိုချင်တာက Qualify က လာတဲ့သူတွေဟာ အောက်တစ်တန်း ပြန်ဆင်းပြီး တက်ရသလို ဖြစ်နေခဲ့တာပါ။ အမှန်တကယ်က Q 1 အတန်းဟာ H 3 ဆိုတဲ့ ဂုဏ်ထူးတန်း တတိယနှစ်နဲ့မှ အဆင့်ညီတာပါ။ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ Q1-Q2 ဆိုပြီး အတန်း နှစ်တန်း မထားတော့ပဲ Supplementary စနစ်နဲ့ ကျူ (Q) တစ်တန်းပဲ ရှိပါတော့တယ်။ ဒီ ကျူ (Q) တန်းကို အောင်မြင်တာနဲ့ မဟာတန်း တက်ရောက်ခွင့် ရရှိနေကြပါပြီ။

Friday, January 23, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၆)

ရာမညဆောင်ပေါ်က ဆင်းလာတဲ့ ကျုပ်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခြေလှမ်းတွေက အလာကနဲ့မတူ သွက်လက်လို့နေပါတယ်။ ဝမ်းသာအားရ အော်ကြီးဟစ်ကျယ်နဲ့ ပြောလိုက်တဲ့ စကားတွေကလည်း တစ်လမ်းလုံး ဆူညံလို့ပေါ့...။ ပါမောက္ခရဲ့လက်မှတ် ရပြီဆိုတော့ ကျောင်းအပ်ဖို့က အေးအေးဆေးဆေး ဖြစ်သွားပြီဆိုပြီး “ဦးချစ်” မှာ နေ့လည်စာ စားဖို့ ဝင်ထိုင်လိုက်ကြပါတယ်။ ကျုပ်ကတော့ “ဦးချစ်” မှာ ပထမဆုံး ထိုင်ဖူးတာပါ။ “ဦးချစ်” မှာ ထမင်းစားရင်းပဲ... ကျုပ် သူငယ်ချင်း မြင့်စိန်က ဘယ်ဌာနက ဘယ်အဆောင်မှာ ရှိတယ်ဆိုတာကို သူ သိသလောက် ရှင်းပြပါတယ်။ ဆက်ပြီးတော့ “မင်း အလုပ်ရှိရင် ပြန်တော့... ကျန်တာကို ငါ ဆက်လုပ်လိုက်မယ်” လို့ ဆိုပါတယ်။ ကျုပ်ကလည်း “နေပါစေကွာ... တော်ကြာ တစ်ခုခုလိုနေရင် ကြာနေလိမ့်မယ်... ငါ ကိုယ်တိုင် လိုက်ပြီး အပ် ပါမယ်” လို့ ဆိုကာ မော်ကွန်းထိန်း ရုံးခန်းဆီသို့ မြန်းခဲ့ကြပြန်ပါတယ်။
ဒီတစ်ခါတော့ မော်ကွန်းထိန်းကြီးက ကျုပ်ရဲ့ ကျောင်းဝင်ခွင့်ဖေါင် ပေါ်က ပါမောက္ခတံဆိပ်တုံးကြီးနဲ့ လက်မှတ်ကို မယုံသင်္ကာ မျက်နှာနဲ့ ဟိုဘက်-ဒီဘက် လှန်ကာ ကြည့်နေလေရဲ့...။ ဧကန္တ ပါမောက္ခကြီးရဲ့ ထောက်ခံချက်လက်မှတ် ဘယ်လိုမှ မရနိုင်ဘူး ထင်ပြီး ကျုပ်တို့ကို လွှတ်လိုက်ဟန် တူပါတယ်။ သူက ဆက်ပြီး ဝင်ခွင့်ဖေါင်နဲ့ တွဲထားတဲ့ အခြားစာရွက်စာတမ်းတွေကို ပုလိပ်စစ် စစ်နေပြန်ပါတယ်။ သူက “ မင်းနာမည် ဘယ်သူလဲ” လို့ မေးတော့... ကျုပ်က “မိုးစံ” ပါလို့ ဖြေလိုက်တဲ့အခါ...“ ဟာ... ကျောင်းတက်မယ့် ကောင်က အိမ်ထောင်ဦးစီး ဖြစ်နေတယ်...၊ အိမ်ထောင်ဦးစီးက ကျောင်းတက်လို့ မရဘူးကွ...”လို့ ဆိုပါတယ်။ ကျုပ်ကလည်း “အိမ်ထောင်ဦးစီး ကျောင်းမတက်ရဘူး” လို့ ဘယ်ဥပဒေမှာ ရှိသလဲ လို့ ပြန်မေးလိုက်ရင်း... သန်းခေါင်စာရင်းမှာ ကျုပ်က အိမ်ထောင်ဦးစီး ဖြစ်နေရတဲ့အကြောင်းကို ရှင်းပြရပါတော့တယ်။
တကယ်က ကျုပ်တို့ မောင်နှမတွေအားလုံးဟာ ကျုပ်အဒေါ်ရဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းထဲမှာ ရှိနေတဲ့ အချိန်... နိုင်ငံတော်က လုပ်သက်နှစ်ဆယ်ကျော်တဲ့ ဝန်ထမ်းတွေကို မြေကွက် ချပေးမယ် ဆိုတာကြောင့် ဒီဇာတ်လမ်း ပေါ်ပေါက်လာခဲ့ရတာပါ။ မြေကွက် လျှောက်လွှာတင်ဖို့အတွက် အဆိုပါဝန်ထမ်းရဲ့ မိသားစု ဓါတ်ပုံနဲ့ သန်းခေါင်စာရင်းသာ လိုအပ်တာကြောင့်... ဘာမှမဆိုင်တဲ့ ကျန်သန်းခေါင်စာရင်းဝင် ကျုပ်တို့မောင်နှမတွေကို သီးသန့် ခွဲထုတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါကြောင့် အဒေါ့်အိမ်ကို အိမ်ငှါးအဖြစ် အိမ်ငှါးစာချုပ် ချုပ်လျှက်... အကြီးဆုံးဖြစ်တဲ့ ကျုပ်က အိမ်ထောင်ဦးစီး လုပ်ကာ... ကျုပ်တို့မောင်နှမတတွေသာပါဝင်တဲ့ သီးသန့် အိမ်ထောင်စု သန်းခေါင်စာရင်း တစ်ခုကို လဝက နဲ့ အကြိမ်ကြိမ် စကားများလျှက် ရရှိအောင် အတော် လုပ်ခဲ့ရပါတယ်။ အခုတော့ အခက်အခဲ အမျိုးမျိုးကြားက ရရှိခဲ့တဲ့ အဆိုပါ “အိမ်ထောင်စု သန်းခေါင်စာရင်းကြီး” က ကျုပ်ကို ဒုက္ခ ပေးနေလေရဲ့...။
ဒီလိုနဲ့ ငြင်းရင်း ခုန်ရင်း... နောက်ဆုံးတော့ “မင်း အခုနေတဲ့ ရပ်ကွက်ရုံးက နေထိုင်ကြောင်း ထောက်ခံစာကို ဒီနေ့ အချိန်မှီ ယူပေးနိုင်ရင် လက်ခံမယ်” လို့ မော်ကွန်းထိန်းကြီးက ဆိုပါတယ်။ “နေ့ကူးသွားရင် လက်မခံဘူး” ဆိုတာကြောင့်... စိတ်က တို၊ ဒေါသက ထွက်၊ အချိန်က မရှိ တာကြောင့်... ဘာမှ မပြောတော့ပဲ စာရွက်တွေကို အတင်းယူကာ ထွက်လာပါတယ်။ အဆောင်ရှေ့က အပင်ရိပ်မှာ ရပ်ထားတဲ့ ကျုပ်ရဲ့ ဆန်နီအစုတ်လေး ဓ/၂၁၇၆ အနားရောက်တော့ နောက်က လိုက်လာတဲ့ မြင့်စိန်ကို “တက်ကွာ” လို့ ဆိုလိုက်ပြီး ခြောက်မိုင်ခွဲ ရွှေဟင်္သာလမ်းမှာရှိတဲ့ ရပ်ကွက်ရုံးလေးဆီကို အသော့နှင်ရပါတော့တယ်။ ကားမောင်းနေရင်း “ရန်ကုန်က ရပ်ကွက်ရုံးတွေက ညဘက်မှာ ဖွင့်တာက များတယ်... အခု ရုံး ပိတ်ထားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အတွေး ဝင်နေတာကြောင့် စကား မပြောဖြစ်ကြပါဘူး။
ကံ ကောင်းတယ်လို့ ဆိုရမှာပါ။ ရပ်ကွက်ရုံး မရောက်ခင် “ငွေတိုး” လက်ဘက်ရည်ဆိုင်နားမှာ ရပ်ကွက်စာရေးကြီးကို မြင်တွေ့လိုက်ရတာကြောင့်... ကားကို ချက်ချင်းရပ်လိုက်ပြီး အကျိုးအကြောင်း ရှင်းပြကာ အကူအညီ တောင်းလိုက်ပါတယ်။ သူကလည်း “ ရုံးပိတ်ထားပေမဲ့ သူ့အိမ်မှာ တံဆိပ်တုံး ရှိပါတယ်... ဒီလောက်ကတော့ သူ လုပ်ပေးလို့ ရပါတယ်” ဆိုပြီး... ငွေတိုး ကပဲ စောင့်နေပါ...၊ သူ ၁၅ မီးနစ်အတွင်း ပြန်လာခဲ့မယ် လို့ ပြောကာ ကျုပ်ဆီက သန်းခေါင်စာရင်း ကော်ပီ ယူလျှက် ထွက်သွားလေရဲ့...။ သူ ပြန်လာတော့ ငွေတိုးမှာ လက်ဘက်ရည်-ဆေးလိပ် အလျှံပယ် တိုက်ကာ အဆင်ပြေအောင် လုပ်ပေးခဲ့ပြီး...၊ ဒီ ရတက်မအေးလှတဲ့...အချိန်မှီ ကျောင်းဝင်ခွင့် ရဖို့အရေး... တွေးမျှော်ကာ ခေါင်းစားလို့... စီးတော်ကားကို တလကြမ်း မောင်းခဲ့ရပါတော့တယ်...။

Tuesday, January 20, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၅)

ဒီလိုနဲ့ “ရာမညဆောင်” အပေါ်ဆုံးထပ် ညာဘက်ခြမ်းမှာ ရှိတဲ့ စိတ်ပညာဌာနကို ရောက်သွားပြီး... “ပါမောက္ခ” လို့ ရေးထားတဲ့ အခန်းထဲမှာ ထိုင်နေတဲ့ ဆရာမကြီး တစ်ယောက်ကို တွေ့ရတော့... “ဝင်ခွင့်ပြုပါခင်ဗျာ” ဆိုတဲ့ နှုတ်ဆက်သံနဲ့အတူ နှစ်ယောက်သမား အထဲကို ဝင်လိုက်ကြပါတယ်။ ဆရာမကြီးက အသားဖြူဖြူ ပိန်ပိန်သေးသေး မျက်မှန်ကြီးနဲ့ပါ။ “ဘာလဲကွဲ့... ကျောင်းတက်ဖို့လား” ဆိုတဲ့ အသံ တိုးတိုးလေးနဲ့အတူ လက် လှမ်းလာတာကြောင့် ကျုပ် လက်ထဲက ဖေါင် ကို လက်နှစ်ဖက်နဲ့ တရိုတသေ ပေးလိုက်ရင်း “ဖြစ်ကြောင်းကုန်စင်” ကိုပါ တဆက်တည်း ရှင်းပြလိုက်ပါတယ်။

ဆရာမကြီးကတော့ ဝင်ခွင့်ဖေါင်နဲ့အတူ တွဲထားတဲ့ စာရွက်စာတမ်းတွေကို ဟိုလှန် ဒီလှန် ကြည့်ရင်း...“ အေးကွာ... မင်းကို ပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက် တစ်ခုကို အမှန်အတိုင်း ပြောပြမယ်... သေခြာ နားထောင် စဉ်းစားပေါ့လို့ ဆိုလျှက်...
ဟို အရင် စာပေးစာယူခေတ်တုန်းကပေါ့... အခု မင်း လိုဘဲ Final မှာ Quailfy နဲ့ အောင်လာတဲ့ ပုသိမ်ဘက်က အလယ်တန်းပြဆရာ တစ်ယောက်ဟာ မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း အပိုင်း-၁ (Q 1) တက်ရောက်ဖို့ အလုပ်က ထွက်ပြီး ဒို့ဆီကို ရောက်လာတယ်...၊ အဲဒီကတစ်ဆင့် စိတ်ပညာ မဟာဝိဇ္ဇာဘွဲ့ကို ရအောင်ယူပြီး တက္ကသိုလ်ဆရာ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ရည်မှန်းချက် အပြည့်နဲ့ပေါ့။ ဒါပေမဲ့ ဒီအတန်းတွေက အကုန်လုံး အင်္ဂလိပ်လို သင်တာဆိုတော့ မဟာတန်းလည်း ရောက်ရော... (စာက မလိုက်နိုင်တော့) သွက်သွက်ခါ သွားတော့တာဘဲ...၊ ပုံမှန် အခြေအနေကို ပြန်မရောက်တော့ဘူး... ၊ ဒုက္ခ ရောက်သွားရှာတယ်ကွယ်” ဟု အဆုံးသပ်ကာ... မင်းက ဘယ်လိုလုပ်မလဲလို့ ကျုပ်ကို မေးပါတော့တယ်။ ကျုပ်ကလည်း “ ကျနော်ကတော့ ဘာဖြစ်ဖြစ် တက်မှာဘဲ..” လို့ တုန့်ပြန်လိုက်ပါတယ်။ အဲဒီလိုဆိုရင် “မင်းရဲ့ အင်္ဂလိပ်စာ အခြေအနေ ဘယ်လိုရှိသလဲ” လို့ မေးပြန်ပါတယ်။ ကျုပ်ကလည်း အားကျမခံ “အဝေးသင် ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ နှစ်စဉ် အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့အောင်ခဲ့တာပါ” လို့ ဆိုလိုက်ပါတယ်။ (အမှန်အတိုင်း ဝန်ခံရရင် အဲဒီ အဝေးသင် လေးနှစ်မှာ သင်ခဲ့ရတဲ့ အင်္ဂလိပ်စာဟာ ၁၀ တန်း အဆင့်ပဲ ရှိပါတယ်။ ဒေး မှာတော့ ကျုပ် မသိ...။)

ကျုပ်စကား အဆုံးမှာတော့...ဆရာမကြီးက ဘာမှ ဆက်မပြောတော့ပဲ... စာရွက်တစ်ရွက်ပေါ်မှာ ငုံ့ပြီး စာရေးနေပါတယ်။ ပြီးတာနဲ့ ကျုပ်ဆီကို ထိုးပေးလိုက်ပြီး အဲဒါလေးကို “ဖြည့်ပြစမ်းပါ” လို့ လက်တွေ့ ခိုင်းပါတော့တယ်။ ကျုပ်ကလည်း သူ ပေးတဲ့စာရွက်ကို လှမ်းယူလိုက်ပြီး မတ်တပ်ရပ်ရင်းပဲ “သူ မေးတဲ့ English Verb Form ဝါကျ (၅) ကြောင်း ကို ဖြည့်ပေးပြီး ပြန်ပေးလိုက်ပါတယ်။ အဖြေကို ကြည့်ပြီး ဆရာမကြီးက ဘာတစ်ခွန်းမှ မပြောတော့ဘဲ... ဝင်ခွင့်ဖေါင် ပေါ်မှာ“ ဒုံး”ခနဲ ဆို တံဆိပ်တုံး ထုလိုက်ပြီး လက်မှတ်ထိုးကာ... “ရော့..သွား အပ်ချေ... ရပြီ” လို့ ဆိုလိုက်ပါတော့တယ်။
ကျုပ်တို့နှစ်ယောက်လည်း မတိုင်ပင်ရပဲနဲ့ ပြိုင်တူထိုင်ကာ လက်အုပ်ချီမိုး ရှစ်ခိုးကန်တော့မိရဲ့သား ဖြစ်နေလေရဲ့...။ တကယ်ကို ကျေးဇူးကြီးမားလှပါတယ် ဆရာမကြီးရယ်...။

အဆိုပါ ပါမောက္ခဆရာမကြီးကား အခြားသူမဟုတ်...။ ၂၀၀၀ ခုနှစ်၊ အမျိုးသားစာပေဘာသာပြန်(သုတ) ဆုကို “မိဘကောင်းတို့ ရင်သွေးပြုစုပျိုးထောင်နည်း” အမည်ရှိ ပွဲဦးထွက်စာအုပ်ဖြင့် ဆွတ်ခူးရရှိခဲ့သူ...၊ ၂၀၀၁ ခုနှစ်၊ စာပေဗိမာန်ဆု၊ ဘာသာပြန်စာပေ ပထမဆုကို “ ရောင်စုံယှက်သန်း ယဉ်ကျေးမှုအဆင်ဆန်းများ” စာအုပ်ဖြင့် ဆွတ်းခူးရရှိခဲ့သူ... ဆရာမကြီး ပါမောက္ခဒေါ်အေးသန်း ပင် ဖြစ်ပါတော့သည်။

(ကွယ်လွန်သွားရှာပြီဖြစ်သော ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာန၊ အငြိမ်းစားပါမောက္ခ ဆရာမကြီး ဒေါ်အေးသန်းအား သတိယ လေးစား ကျေးဇူးတင်လျှက်...)

ကျုပ်ဘဝတစေ့တစောင်း(၄၄)

ရန်ကုန် ပြန်ရောက်တော့ ကျောင်းအပ်ဖို့ ကိစ္စအဝဝကို လက်ရှိ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး ကိုမြင့်စိန်က သူပဲ တာဝန်ယူ အပ်ပေးမယ် ဆိုတာကြောင့်... အေးအေးဆေးဆေးနဲ့ဘဲ အလုပ် ပြန်ဝင်နိုင်ခဲ့ပါတယ်။ အလုပ်တွေ အရမ်းများနေတာကြောင့်လည်း မိန်းထဲက သူ့ဆီကို မရောက်ဖြစ်ပါဘူး။ ဒါပေမဲ့ တစ်ပတ်ကြာတော့ ကိုယ်တော်ချောက ဘိုကလေးဈေးလမ်းမှာ ရှိတဲ့ ကျုပ်တို့ရုံးကို လိုက်လာပါတော့တယ်။ ကျုပ်ကို တွေ့တာနဲ့ “ ကျောင်း အပ်လို့ မရသေးဘူးကွ...၊ အစကတည်းက မော်ကွန်းထိန်းက ကျောင်းဖွင့်တာ တစ်လကျော်နေလို့ လက်မခံဘူး ပြောနေတာ...၊ ငါ ကလည်း “အဝေးသင်” အောင်စာရင်းက နောက်ကျတာကြောင့် အခုလို နောက်ကျတာဖြစ်ကြောင်း ရှင်းပြရင်း... ရနိုး ရနိုး နဲ့ နေ့တိုင်းသွားပြီး ဂျီတိုက်နေတာ... ဒီတစ်ခါတော့ ကာယကံရှင် မင်းကို ခေါ်ခဲ့ပါ” ဆိုလို့ လာခေါ်တာလို့ ဆိုပါတယ်။ ကျုပ်ကတော့ ကျောင်းဝင်ခွင့် ရပြီးပြီလို့တောင် ထင်နေတာပါ။ အဲဒီလောက်အထိ ခက်ခဲလိမ့်မယ် ဆိုတာကို မစဉ်းစားခဲ့မိပါဘူး။ ဆိုတော့... ဒီနေ့တော့ အလုပ် ရှိနေတာမို့ “မနက်ဖန်မနက် (၁၀) နာရီ အရောက် မင့် အဆောင်ကို လာခဲ့မယ်” လို့ ကတိပေးကာ... သူ့ကို သိမ်ဖြူလမ်းက ၄၈ (ဟိုင်းလတ်) အင်းစိန်ကားဂိတ်အထိ လိုက်ပို့ပြီး အလုပ်ရှိရာ ဗိုလ်အောင်ကျော်ဆိပ်ကမ်းထဲသို့ ဝင်ရောက်ခဲ့ပါတော့တယ်။

နောက်နေ့မနက် ၁၀ နာရီခွဲလောက်မှာ မြင့်စိန်နဲ့အတူ မော်ကွန်းထိန်းရုံးခန်းကို သွားကြပါတယ်။ ဟိုရောက်တော့ ကေ့စ်က သိပြီးသား ဖြစ်တာမို့ မော်ကွန်းထိန်းက စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြင်းချက်ထုတ်ပြီး နောက်နှစ်မှ တက်ဖို့ ဖိအားပေး...၊ ကျုပ်တို့ နှစ်ယောက်ကလည်း အဝေးသင် အောင်စာရင်း နောက်ကျတာကို အကြောင်းပြကာ ဒီနှစ် မဖြစ်မနေ လက်ခံပေးဖို့ တောင်းပန်...၊ ဒီလိုနဲ့... နောက်ဆုံးတော့ “ဇွဲဆု” အဖြစ်... “စိတ်ပညာဌာန၊ ပါမောက္ခ က ကျုပ်ရဲ့ ကျောင်းဝင်ခွင့်ဖေါင်မှာ လက်မှတ်ထိုးပေးမယ်” ဆိုရင်... သူက လက်ခံပါမယ် လို့ မော်ကွန်းထိန်းက ဆိုပါတယ်။ ကျုပ်တို့လည်း စိတ်ပညာပါမောက္ခ ဆီ သွားရုံမှတစ်ပါး အခြားရွေးစရာ လမ်းမရှိ...။ ကျုပ်တစ်ယောက်ထဲ ဆိုရင်တော့ ဒီအခြေအနေထိ ရောက်လာစရာ အကြောင်းမရှိပါဘူး။ အစောကြီးကတည်းက တပ်ခေါက် ပြန်ရဖို့ သေခြာပါတယ်။ ဒီ စကားဝိုင်းကို ကျုပ် ကိုယ်စား ဦးဆောင်ပြောသွားသူက မြင့်စိန်ပါ။ အခုလည်း စိတ်ပညာဌာန သွားရမယ်ဆိုတော့ ဘယ်နေရာမှာ ရှိမှန်း ကျုပ် မသိ။ သူ ခေါ်ရာကိုပဲ “ကျောင်းဝင်ခွင့်ဖေါင်လေး” ကို လက်ထဲမှာ ကိုင်လို့ မျက်နှာငယ်လေးနဲ့ လိုက်ရတာပေါ့။ လမ်းမှာတော့ “မင်း ပါမောက္ခနဲ့တွေ့လည်း ဘာမှမစိုးရိမ်နဲ့... သူ မေးတာကို မှန်မှန်ဖြေရုံဘဲ... ငါ ဝင်လို့ ရရင် ငါလည်း မင်းနဲ့အတူ ရှိနေမှာဘဲ” လို့ အားပေးရှာပါတယ်။

သူက ဘယ်လိုပင် အားပေးနေပေမယ့်... ကျုပ်ကတော့ ပါမောက္ခကြီး နဲ့ တွေ့ရမယ်ဆိုတာကြောင့် စိုးရိမ် ထိတ်လန့်နေခဲ့တာ အမှန်ပါ။

Sunday, January 18, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၃)

မန္တလေး ရောက်တော့ မြင့်စိန် သူငယ်ချင်း နမ္မတီးက မကေသွယ်တို့ အုပ်စုက ကြိုနေကြလေရဲ့...။ သူတို့ကလည်း မန္တလေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်နေကြတဲ့သူတွေဆိုတော့... ကိုတင်မိုးလွင်ကြီး ပြောခဲ့သလို “ဖိုင်နယ်မှာ တိုင်မကွယ်” နဲ့ ဆိုတဲ့ အသွင်မျိုး ထင်ရလောက်အောင်ကို ဖက်လှဲတကင်း ရှိလှပါတယ်။ ကျုပ်နဲ့ အခုမှ ဆုံဖူးကြပေမယ့် သူတို့တတွေရဲ့ နွေးထွေးတဲ့ အပြုံး... ဟန်ဆောင်မှု ကင်းမဲ့သော ဖေါ်ရွေတဲ့ နှုတ်ဆက် ခေါ်သံတွေကြောင့်လည်း တခဏအတွင်းမှာ ငယ်ပေါင်းမိတ်ဆွေရင်းတွေပမာ ခင်မင်ခွင့် ရရှိခဲ့ပါတယ်။ ခနဇဝါး (ခါနားဇားဝါး) က ကွန်ပျူတာပါရဂူ ဆရာမ ဒေါ်စောစန္ဒာ တို့အဖွဲ့နဲ့ ခင်မင်ခွင့် ရခဲ့တာမျိုးပေါ့။ တွေ့ဆုံခွင့်ရတဲ့အချိန်က အင်မတန် တိုတောင်းလှပေမဲ့... တစ်ဖက်သူရဲ့ ရိုးသားမှု-ပွင့်လင်းမှု တွေကို မြင်ရတဲ့အခါ ဒီလို “မိတ်ဆွေရင်းတွေဘဲ” ဆိုတဲ့ စိတ်ခံစားမှုမျိုး ဖြစ်ပေါ်လာတယ် ထင်ပါရဲ့...။ တခါတလေတော့လည်း တစ်နေရာတည်းမှာ အချိန် အတော်ကြာကြာ အတူနေခဲ့ကြဖူးတဲ့ မိတ်ဆွေတိုင်း အပေါ် ဒီလို စိတ်ခံစားမှုမျိုးတွေ မရှိခဲ့တာကြောင့် (ကျုပ်ရဲ့ စိတ်ထားမပြည့်ဝမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်) “ရှေးဘဝ ရေစက်” များလား လို့ တွေးတော စဉ်းစားမိပါရဲ့...။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ဘဝတကွေ့မှာ ခေတ္တခဏသာ ဆုံတွေ့ခွင့် ရခဲ့ပေမယ့်... “ဒီလူတွေက တကယ့်မိတ်ဆွေရင်းတွေ ပါဘဲလား(တကယ် ဖြစ်မလာခဲ့ရင်တောင်)” ဆိုတဲ့ “စိတ်ခံစားမှုမျိုး” ဖြစ်ပေါ်လာစေခဲ့တဲ့သူတွေနဲ့ ကြုံတွေ့ခွင့် ရတာကို ကျေနပ်ပီတိ ဝမ်းသာဂုဏ်ယူလျှက်ပါ။
ဆိုတော့ ဘူတာကြီးအနီးက တည်းခိုခန်းတစ်ခုမှာ အဝင်ပြ..လို့ ကျုပ်တို့ နှစ်ယောက်ကို စက်ဘီးတစ်စီး ပေးကာ မန္တလေးတက္ကသိုလ်ဘက်ကို ချီတက်ကြပါတယ်။ ဟိုရောက်တော့ “ယူနီစံ” မှာ ထိုင်... လက်ဘက်ရည် သောက်ရင်း အာရိုက်ကြ...။ ပြီးတာနဲ့ မကေသွယ်က ကျုပ်ဆီက ဓါတ်ပုံနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းကာ“ ကိုင်း... ဒီနေ့ ညစာကို ကျမတို့ အဖွဲ့က ကျွေးမှာဖြစ်တဲ့အတွက် ညနေ ၅ နာရီ အရောက် ဒီဆိုင်ကို ပြန်လာပါ...၊ “ဘွဲ့ရ ယာယီ ထောက်ခံစာ” အတွက်လည်း ဘာမှ မပူပါနဲ့... အမြန်ဆုံး ရစေရပါမယ်..၊ အခုတော့ တည်းခိုခန်းမှာ ပြန်နားချင်နား.. ဒါမှမဟုတ် သွားချင်ရာသွားကြဖို့ ဒီစက်ဘီးတစ်စီး ယူထား” ဆိုပြီး လမ်းခွဲကြပါတယ်။ ကျုပ်တို့ နှစ်ယောက်ကတော့ ရထားပေါ်မှာ ကောင်းကောင်း မမှေးခဲ့ရတာကြောင့် တည်းခိုခန်း ပြန်ကာ တရေးတမော နှပ်ကြတာပေါ့ဗျာ...။
ညနေ ၅ နာရီ ထိုးလို့ ယူနီစံ မှာ ဆုံတွေ့ကြပြီး ညစာ စားဖို့ “သီတဂူဆောင်” နဲ့ မျက်နှာချင်းဆိုင်က ဆိုင်လေးဆီကို မြန်းကြပါတယ်။ ကြိုတင် မှာယူထားတာကြောင့်လား မသိ...။ တစ်ဆိုင်လုံးမှာ ကျုပ်တို့ ခုနှစ်ယောက်ထဲရယ်ပါ...။ ပြီးတော့ လေးထောင့်စားပွဲပုလေး နှစ်ခုကို အလယ်မှာ ဆက်ပေးထားပြီး ဟိုဘက် ဒီဘက် မျက်နှာချင်းဆိုင် စားလို့ရအောင် ဖန်တီး ထားပါတယ်။ ဟင်းလျာတွေကလည်း စုံလင်လှပါတယ်။ အလယ်တည့်တည့်မှာ ချပေးထားတဲ့ “ငါး အကောင်လိုက် ပေါင်းကြီး” ဆိုရင် အခု စာရေးနေတဲ့အချိန်မှာတောင် မျက်စိ ထဲ မြင်ရောင်နေတုန်းပါဘဲ...။ တကယ်ကို ကဗျာဆန်လှတဲ့ “မိတ်ဆုံ စား ပွဲ” လေးပါ။ ကျေးဇူးပါ မကေသွယ်နဲ့ သူငယ်ချင်းများရယ်...။
အဝေးသင် “ယာယီ ထောက်ခံစာ” ကလည်း အမြန်ဆုံး ဆိုတာတောင် သုံးရက် ကြာမယ်ဆိုတာကြောင့်... ရွာက “စာဥတို့.. မိအေးတို့” နဲ့ မတွေ့တာကြာပြီ ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး မောင်မြင့်စိန်က ရွာ ပြန်ချင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်အပြန် ရထားလက်မှတ် ကြိုတင် ဝယ်ဖို့အရေး မကေသွယ်တို့ကို ထပ်ကာ ဒုက္ခ ပေးလျှက်... သူငယ်ချင်းနှစ်ယောက် “စာဥရေ ငါ အရောက်ပြန်ခဲ့မှာ” ဆိုတဲ့ သီချင်းကို ရင်ထဲမှာ ပြိုင်တူ ဟစ်လို့... အသွားအပြန် နှစ်ညအိပ် သုံးရက်ခရီးကို ဆက်ခဲ့ကြပြန်ပါတော့တယ်။

Saturday, January 17, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၂)

Qualify နဲ့ အောင်ပြီ ဆိုတော့... ရန်ကုန်တက္ကသိုလ်မှာ ပညာ ဆက်သင်ဖို့အရေး စဉ်းစားရပြီပေါ့။ ရှိသမျှ ပညာတတ် အမျိုးတွေကို တီးခေါက်ကြည့်တော့ လက်ရှိအလုပ်ကလေးက ဝင်ငွေလေး ကောင်းနေတာမို့... ပညာရေးကို ရပ်တန်းက ရပ်လိုက်ဖို့ တွင်တွင်ကြီး နားချ ကြလေရဲ့...။ ကျုပ်ကလည်း မိသားစု စားဝတ်နေရေးသည် ပထမ၊ ကျုပ်ဘဝ ပညာရေးသည် ဒုတိယ ဟု သတ်မှတ်ကာ... အားလုံးရဲ့ ကန့်ကွက်မှုတွေကို ဥပက္ခာ ပြုလျှက်... အခွင့်အလမ်း ရှိနေသမျှကာလပတ်လုံး ပညာ ဆက်လက်သင်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျုပ် ငယ်သူငယ်ချင်း မြင့်စိန် ရှိတဲ့ မိန်းထဲက စစ်ကိုင်းဆောင်ကို အရောက်သွားလို့ သူနဲ့ တိုင်ပင် ဆွေးနွေးကြည့်ပါတယ်။ သူက မိန်းထဲမှာ ဥပဒေပညာ အထူးပြုနဲ့ ကျောင်းတက်နေတာ စတုတ္ထနှစ် တောင် ရောက်နေပါပြီ (အခုတော့ တရားသူကြီး ဖြစ်နေလေရဲ့)။ သူကလည်း ခေသူမဟုတ်ပါလေ...။ ကျုပ်တို့ (၁၀) တန်း ဖြေတဲ့နှစ်မှာ ရွာတွဲဘက်ကျောင်းက ဝိဇ္ဇာ သိပ္ပံ နှစ်ခုပေါင်း လူ (၈၀) ကျော်လောက် ဝင်ဖြေခဲ့ရာ... ဝိဇ္ဇာတွဲက သုံးယောက် (တစ်ယောက်က “က” အဆင့်၊ ကျန် နှစ်ယောက်က “ခ”အဆင့်) နဲ့ သိပ္ပံတွဲက နှစ်ယောက် (နှစ်ယောက်စလုံး “က” အဆင့်) စုစုပေါင်း (၅) ယောက်ပဲ အောင်မြင်ခဲ့ပါတယ်။ အဲဒီအထဲက “က” အဆင့်နဲ့ ဝိဇ္ဇာတွဲက လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့သူက “မြင့်စိန်” ပေါ့ဗျာ။ ဥပဒေပညာ အမှတ် မှီတာကြောင့် မိဘဆွေမျိုးတွေက ရှိတာ ရောင်းချပြီး ရန်ကုန်တက္ကသိုလ် ပို့လိုက်တာပါ။ ကျုပ်တို့ နယ်က ရန်ကုန် တာမွေဘက်မှာ ကျောင်းထိုင်ဖြစ်နေတဲ့ “ဆုထူးပန် ဆရာတော်” ရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ဆိုရင်လည်း မမှားပါဘူး။ ဆရာတော်သာ ရန်ကုန်မှာ မရှိရင် အဲဒီကောင် တက္ကသိုလ် ရောက်ချင်မှ ရောက်မှာပါ။ ဆိုတော့... ဆရာတော်ရဲ့ ဆုထူးပန် ကျောင်းတိုက်ကြီးဟာ များသောအားဖြင့် ကျုပ်တို့နယ်က ရန်ကုန်ကို လာသမျှသူတွေရဲ့ နားခိုရာဗိမာန်ကြီးတစ်ခုပါ။ ကျေးဇူးကြီးမားလှပါတယ် ဆရာတော်ဘုရားရယ်...။
မြင့်စိန်နဲ့တွေ့တော့ “တက်ကွာ... စာကတော့ မင်း လိုက်နိုင်လောက်တယ်... ကျောင်းကလည်း နေ့တိုင်းတော့ အတန်း မရှိလောက်ပါဘူး...၊ ကျောင်းခေါ်ချိန်ကလည်း အဲဒီလောက်အထိ အရေးမကြီးဘူး” လို့ ဆိုပါတယ်။ သူက “အခုလောလောဆယ် ငါတို့ ကျောင်းအပ်ဖို့ လုပ်ရမယ်ကွ.. ကျောင်း ဖွင့်နေတာ တစ်လလောက် ရှိပြီ...တော်ကြာ နောက်ကြလို့ ဒီနှစ် မမှီလိုက်ဘဲ နေအုံးမယ်” ဆိုပြီး ဆက်ပြောပါတယ်။ ကျောင်းအပ်ဖို့ အဝေးသင်က Qualify နဲ့ အောင်တဲ့အကြောင်း “ယာယီဘွဲ့ရ ထောက်ခံစာ” လိုအပ်တာကြောင့်... အဲဒါကိုလည်း (ကျုပ်က မန္တလေး အဝေးသင်ဌာနခွဲက အောင်ခဲ့တာကြောင့်) ရန်ကုန်အဝေးသင်မိန်းချုပ်မှာ ယူလို့ ရ-မရ သူကိုယ်တိုင် သွားမေးမယ်လို့ ဆိုပြန်ပါတယ်။ ကျုပ်ကတော့ နောက်နေ့ အလုပ်ကအပြန် ညနေကျမှ သူ့ဆီဝင်ပေါ့။ ကံကြမ္မာက မျက်နှာသာ မပေးပြန်ပါဘူး။ “ယာယီဘွဲ့ရ ထောက်ခံစာ” ကို ကိုယ်ဖြေဆိုခဲ့ရာ စာစစ်ဌာနကပဲ ယူရမယ် ဆိုတာကြောင့် “မန္တလေးအဝေးသင်” ကို ချီတက်ဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်။ ဒီအချိန်မှာလည်း သူငယ်ချင်းက “မင်း ဘာမှမပူနဲ့... မန္တလေးတက္ကသိုလ်မှာ ငါ့ မိတ်ဆွေ လူရင်းတွေ ရှိတယ်... ငါလည်း လိုက်ခဲ့မယ်” လို့ ဆိုတာကြောင့် နှစ်ယောက်သမား မှီရာ ညရထားနဲ့ မန္တလေးမြို့ဆီ မြန်းခဲ့ရပါတော့တယ်။

Wednesday, January 14, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၁)

ကျုပ် မှတ်တာ မမှားခဲ့ရင်... ၁၉၉၅ ခုနှစ်၊ မေလ ဆန်းထဲမှာ ထင်ပါရဲ့။ ရန်ကုန်လေဆိပ်က ကုန်ပစ္စည်း ထုတ်ပြီး ပြန်လာတော့ ရုံးက မဝါက “ မိုးစံ... နင့် သူငယ်ချင်း မင်္ဂလာတောင်ညွန့် ရဲစခန်းက ကျော်ကျော်ဦး ဆိုတာ လာသွားတယ်...၊ ဒီနေ့ အဝေးသင် နောက်ဆုံးနှစ်တွေ အောင်စာရင်း ထွက်တယ် ဆိုလို့ သွားကြည့်တာ... သူလည်း အောင်တယ်၊ နင်ကတော့ Qualify နဲ့ အောင်တဲ့အပြင် ဂုဏ်ထူး ၂ ဘာသာနဲ့အတူ အထူးအောင် ဖြစ်တယ် လို့ ပြောသွားတယ်” ဆိုပြီး ဆီးကာ ပြောပါတယ်။ ကျုပ်ကလည်း “ဟာ... ဟုတ်လား” ဆိုပြီး ဝမ်းသာအားရ အော် ထည့်လိုက်တာ...၊ ဟို... မှန်လုံခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ အထွေထွေမန်နေဂျာ အန်ကယ်လ် ဦးတင်ဦး တောင် လန့်ဖျတ်သွားပြီး ပြုံးစိစိ လုပ်နေလေရဲ့...။ မဝါကတော့ “ဟဲ့ အညာသား... ဝမ်းသာတာတွေ အသာထား.. နင် ဒီညနေ ရုံးဆင်းရင် မုန့်ကျွေးရမယ်” လို့ ဆိုပါတယ်။ အဲဒီနေ့ ညနေ ရုံးဆင်းတော့... တစ်ရုံးလုံး ရန်ကုန်က နံမည်ကြီး ၄၆ လမ်း လက်ဘက်ရည်ဆိုင်ကို လမ်းလျှောက်ချီတက်ကာ အဝ တုတ်ကြပါတော့တယ်။ ကျုပ်ရင်ထဲမှာတော့ ဟိုကောင် ကျော်ကျော်ဦး... ရဲပီပီ မလိမ့်တပတ် လုပ်သွားရင်ကော ဆိုတဲ့အတွေးက ရှိနေတာမို့ သိပ်ပြီး မပျော်နိုင်...။ တဆက်တည်းမှာပဲ “ ငါ တကယ်လုပ်ခဲ့တာဘဲ... Qualify ဖြစ်နိုင်ပါတယ်” လို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်အားပေးရင်း... မနက်ဖန်တော့ ငါ ကိုယ်တိုင် အဝေးသင်တက္ကသိုလ် သွားပြီး အောင်စာရင်း ကြည့်မှ ဖြစ်မယ် ဆိုတဲ့ ရီဝေဝေ အတွေးတွေနဲ့ ယောက်ယက်ခတ်လို့ နေခဲ့တာပေါ့။
နောက်တစ်နေ့ မနက် ၁၀ နာရီကျော်ကျော်လောက်မှာ အဝေးသင်တက္ကသိုလ် ကို ကိုယ်တိုင် သွားလို့ အောင်စာရင်း ကြည့်ပါတယ်။ ကျုပ် သူငယ်ချင်း အောင်ဆင် ကလွဲရင်... လှဆွေ နဲ့ မဆွေ အပါအဝင် ကျုပ် သိတဲ့သူငယ်ချင်းတွေ အားလုံး အောင်ကြပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ အဝေးသင် မန္တလေးဌာနခွဲရဲ့ စိတ်ပညာ နောက်ဆုံးနှစ် စာမေးပွဲ အောင်စာရင်းမှာ ကျောင်းသားနှစ်ယောက်ပဲ Qualify နဲ့ အောင်မြင်ခဲ့တာပါ။ ပြီးတော့ နှစ်ယောက်စလုံးက ဂုဏ်ထူးတွေနဲ့ “အထူးအောင်” တွေ...။ တစ်ယောက်က တကယ်တော်တဲ့ မန္တလေး ခရစ်ယန် ရဟန်းဖြစ်တက္ကသိုလ်က ချင်းလူမျိုး...။ သူကတော့ Final ကို လေးဘာသာ ဂုဏ်ထူးနဲ့ ထိုက်တန်စွာ အောင်မြင်ခဲ့သူ...။ လူမြင်ရင် သိပေမယ့် အမည်နာမကိုတော့ ကျုပ်မမှတ်မိ။ ကျန်တဲ့ အခြားတစ်ယောက်ကတော့ ကျုပ် ပေါ့ဗျာ...။ ကြွားတယ်လို့ပဲထင်ထင်.. ကျုပ်ကလည်း အပေါ်မှာ ပြောခဲ့သလို Final ကို ဂုဏ်ထူး နှစ်ဘာသာနဲ့ ထိုက်တန်စွာ အောင်မြင်ခဲ့သူပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရိုးသားစွာနဲ့ ကြိုးစားခဲ့သူတွေရဲ့ တူညီသောအကျိုးရလဒ် တစ်ခုလို့ ထင်မြင်ယူဆခဲ့မိပါတယ်။
ဒီ အောင်စာရင်းကို ကျုပ် တကယ် ကျေနပ်ခဲ့တာပါ...။ ကျုပ် Qualify မဖြစ်ခဲ့ရင်တောင်... ဟို ရိုးသားပြီး တကယ်တော်တဲ့ ချင်း တစ်ယောက် Qualify ဖြစ်တာနဲ့တင် ကျေနပ်နိုင်ပါတယ်...။ နောက်ပြီး မရိုးသားမှုတွေ... မသမာမှုတွေ နဲ့ နဘမ်းလုံးကာ ကြိုးစားခဲ့ကြတဲ့ အချို့ အချို့သောသူတွေဟာ “အောင် ယုံဘဲ အောင်” ခဲ့ကြတာမို့ ပိုပြီး ကျေနပ် ပီတိ ဖြစ်ခဲ့ရတာပါ။ ဒီဖြစ်စဉ်ဟာ သာမန်ကြည့်ရင် အရေးမကြီးဘူး လို့ ထင်ရပေမယ့်...၊ အဲဒီခေတ်... အဲဒီအချိန်... အဲဒီအခါက အင်မတန် အရေးကြီးတဲ့ တက္ကသိုလ် ဆရာ-ဆရာမတွေရဲ့ အရည်အချင်း နဲ့ အကျင့်စာရိတ္တကို ဖေါ်ညွှန်းပြသရာ ရောက်ခဲ့ပါတယ်ဆိုရင်... ရောက်ခဲ့ပါတယ်ဆိုရင်...။

Sunday, January 11, 2009

ချစ်ဇနီးသို့ အမှတ်တရ (၄)

(၅) သုရာမေရယမဇ္ဇပမာဒဌာနာ သိက္ခာပုဒ်မှာ သုရာ ဆိုတဲ့ မီး နဲ့ မချက်ပဲ မူးယစ်စေနိုင်တဲ့ သေရည်အမျိုးအစား(ဥပမာ..စိမ်ရည်၊ထန်းရည်၊ခေါင်ရည်)၊ မေရယ ဆိုတဲ့ မီး နဲ့ ချက်လို့ ရတဲ့ အရက်အမျိုးမျိုး၊ မဇ္ဇ ဆိုတဲ့ ဆေးခြောက်၊ဘိန်း၊ဘင်း၊ကုတ်ကင်း စတဲ့ မူးယစ်ဆေးဝါးတွေ၊ မေ့လျော့ခြင်းရဲ့ အခြားအကြောင်းတရားဖြစ်တဲ့ လောင်းကစားအမျိုးမျိုးတွေကို ရှောင်ကျဉ်ရမယ်လို့ ဆိုပါတယ်။

“ကိုယ်ကျင့်တရား” ကို ငါတို့ မြတ်ဗုဒ္ဓ လမ်းညွှန်ခဲ့တဲ့ ဒီ ကံငါးပါး ဆိုတဲ့ ပေတံ နဲ့ တိုင်းတာမယ် ဆိုရင်... ငါ ကတော့ “ကိုယ်ကျင့်သိက္ခာ မရှိတဲ့သူ” (ဝါ) “ကိုယ်ကျင့်တရား မကောင်းတဲ့သူ” တစ်ယောက်ပါ။ ဒါကြောင့်လည်း ငါဟာ “လူကောင်း” မဟုတ်သလို... “တန်ဖိုးရှိတဲ့ လူတစ်ယောက်” လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကံတွေကို ကိုယ် တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ဖြည့်ကျင့်နေသူ တစ်ယောက်တော့ ဖြစ်နိုင်ပါတယ်။
ဘယ်သူတွေများ “ကိုယ်ကျင့်တရား” ကောင်းမွန်တဲ့ “လူ့အဖိုးတန်” တွေ ဖြစ်ကြမလဲ...။
တွေ့ချင် မြင်ချင်စမ်းပါဘိ...။ ရှိတော့ရှိမယ် ရှားပါလိမ့်မယ်။
တို့ မြတ်ဗုဒ္ဓဘုရားရှင် သော်မှ ဘုရားမဖြစ်မီ အလောင်းတော်ဘဝ နုငယ်စဉ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဘဝအဆက်ဆက် ပါရမီ ဖြည့်ခဲ့ရစဉ်က “မုသာဝါဒကံ” က လွဲရင်... ကျန် ကံလေးပါးကို ကျူးလွန်ခဲ့မိပါသတဲ့...။ လိမ်ညာမှု၊ ဟန်ဆောင်မှု၊ လှည့်စားမှု၊ ကတိသစ္စာမတည်မှု ဆိုတဲ့ မုသာဝါဒကို ကျူးလွန်ရဲတဲ့သူဟာ ဘာမဆို လုပ်ရဲတဲ့ သူတစ်ယောက် ဖြစ်တယ်လို့ မြတ်ဗုဒ္ဓဘုရားရှင်က ဟောကြားတော် မူခဲ့ပါတယ်။ လိမ်ညာရဲတဲ့သူတစ်ယောက်ဟာ ဘာမဆို လုပ်ရဲတဲ့ သဘောပေါ့။ ဒါကြောင့်လည်း တို့ မြတ်ဗုဒ္ဓဘုရားရှင်ဟာ မုသာဝါဒ ကိုတော့ တစ်ကြိမ်တစ်ခါမျှ မကျူးလွန်ခဲ့ဘူးပါလို့ ဆိုပါတယ်။ ဒီအတိုင်းဆိုရင် မုသာဝါဒ ဟာ “ကိုယ်ကျင့်သိက္ခာ” အတွက် အခြေခံ အကျဆုံး-အရေးကြီးဆုံး သိက္ခာပုဒ် တစ်ခုများ ဖြစ်လာနိုင်သလား...။ ပညာရှင်များ စဉ်းစားကြပါလိမ့်မယ်...။
ငါ ကတော့ “ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူ့အဖိုးတန်” တစ်ယောက် မဟုတ်ပေမယ့်... ဒီကံငါးပါးကို “အများဆုံး ရှောင်ရှား ပြုမူ ဖြည့်ကျင့် နိုင်အောင် ကြိုးစားသွားပါမယ်”ဆိုတဲ့ ကတိ တစ်ခုကို... ဒီကနေ့ ကျရောက်တဲ့ မင်းရဲ့ နှစ်လေးဆယ်မြောက် မွေးနေ့မှာ ဒီစာလေးနဲ့အတူ “မွေးနေ့လက်ဆောင်” အဖြစ် ပေးလိုက်ပါရဲ့...။

မွေးနေ့မှာ သမီးကြီး မိုး ၊ သမီးငယ် တိုး တို့နဲ့အတူ ပျော်ရွှင် ချမ်းမြေ့ပါစေ...။

ချစ်ဇနီး၏ နှစ်(၄၀) မြောက် မွေးနေ့သို့ အမှတ်တရ...။

ချစ်ဇနီးသို့ အမှတ်တရ (၃)

(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပုဒ်မှာ ခိုးဝှက်ခြင်း၊ လုယက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည်လှည့်ဖျား ရယူခြင်း အစရှိတဲ့ ခိုးခြင်း ၂၅ ပါးကို ရှောင်ကျဉ်ရမယ်လို့ ဆိုပါတယ်။ အကျယ်ကိုတော့ ငါ့ စာအုပ်စင်မှာပဲ ရှာဖတ်ပေတော့။ အလွယ်ဆုံးနဲ့ အမြင်သာဆုံး ဥပမာတစ်ခု ပေးရမယ်ဆိုရင်... အခု ငါတို့ကို ကျောင်းက ပေးထားတဲ့ စာရွက်စာတမ်း၊ စာရေးကရိယာ၊ တယ်လီဖုန်း စတာတွေကို ကျောင်းစာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ မသုံးပဲ... ကိုယ်ရေးကိုယ်တာ အတွက် သုံးခဲ့မယ်ဆိုရင်... အများပိုင်(ကျောင်းပိုင်) ပစ္စည်းကို အလွဲသုံးစားပြုရာ ရောက်တာမို့ ခိုးခြင်းတစ်မျိုးကို ကျူးလွန်ရာ ရောက်ပါသတဲ့...။ အဲဒီလို လုပ်နေတဲ့သူကို ဘေးက မြင်တဲ့သူက မတားဆီး မပိတ်ပင် သက်ဆိုင်ရာကိုလည်း သတင်းမပို့ခဲ့ဘူးဆိုရင်... ခိုးးမှုကို သွယ်ဝိုက် အားပေးရာ ရောက်တာမို့ အဆိုသူဟာလည်း အကျင့်သီလ ပျက်ပြားသူတစ်ယောက် ဖြစ်ပါသတဲ့...။ အများပိုင်ပစ္စည်းကို ကိုယ်ကျိုးအတွက် ယူငင်သုံးစွဲခြင်းဟာ ကိုယ်ကျင့်တရား အရာမှာ အယုတ်ညံ့ဆုံး မည်ပါသတဲ့...။
(၃) ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်မှာလည်း ငါတို့ သာမန်သိထားတဲ့ သူတစ်ပါး သားမယား၊ သားပျိုသမီးပျိုတွေကို ဖောက်ပြန် ဖျက်ဆီးမှု ပြုတာတွေတင် မဟုတ်ပဲ... ကိုယ့်မိန်းမက နေထိုင်မကောင်းဖြစ်လို့ အင်တင်တင် လုပ်နေချိန်မှာ ကာမ ရယူခဲ့ရင်...၊ သဘာဝ ဓမ္မတာလမ်းကြောင်းမှ သွေဖယ်လို့ ဖောက်ပြန်စွာ ပြုကျင့်ခဲ့ရင်... ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသတဲ့...။ အုပ်ထိန်းခြင်းမကင်းတဲ့ အမျိုးသမီးတွေ(သူတို့ကိုယ်တိုင်က သဘောတူညီမှု ရှိစေကာမူ) နဲ့ ပြစ်မှားခဲ့မယ်ဆိုရင် ဒီကာမေသုကံကို ကျူးလွန်ရာ ရောက်ပါသတဲ့...။ ယုတ်စွအဆုံး အခကြေးငွေ ပေးပြီး ဆက်ဆံရတဲ့ CSW (Commercial Sex Worker) ကို တစ်နာရီစာ ပေးပြီး... တစ်နာရီကျော် ဆက်ဆံခဲ့ရင်...၊ တစ်ရက်စာပေးပြီး နှစ်ရက်နေခဲ့ရင်... ကာမေသုကံ မြောက်ပါသတဲ့...။ ဟာကွက် မရှိအောင်ကို အသေးစိတ်လှပါတယ်။
(၄) မုသာဝါဒကံကတော့ မင်းတို့ ငါတို့ နားလည်သလို “လိမ်ညာပြောတာ မှန်သမျှကို မုသာဝါဒ” လို့ ဆိုပါတယ်။ အခုခေတ်လူတွေကတော့ ကိုယ်လိုရာ ဆွဲပြီး လိမ်ညာပြောပေမယ့် သူတစ်ပါးကို မထိခိုက်ရင် မုသာဝါဒ မမြောက်ဘူးလို့ ပြောနေကြလေရဲ့...။ ဥပမာ... မနက် (၁၀) နာရီ အရောက် လာမယ်ပြောပြီး... အချိန်လွန်မှ ရောက်လာတာတွေ...၊ ကောင်မလေး နောက်တစ်ယောက် ရဖို့အရေး... အရင်က(ရှိခဲ့ပေမယ့်) ရည်းစား မရှိခဲ့ပါဘူး လို့ ပြောနေကြတာတွေ...၊ တစ်ဖက်သားက အထင်အမြင်သေးမှာကို စိုးရိမ်မှု လွန်ကဲပြီး လက်ရှိအလုပ်အကိုင် မရှိပေမဲ့... ရှိချင်ယောင်ဆောင်ကာ ဟန်လုပ်နေကြတာတွေ...၊ မိန်းမတစ်ယောက် ရပြီးတာတောင်မှ ဒီမိန်းမနဲ့ မရခင် ချစ်ခဲ့ကြိုက်ခဲ့သူ (ရှိခဲ့ဖူးပေမယ့်) မရှိခဲ့ပါဘူးလို့ ဆိုနေတာတွေ...ပေါ့။ နောက်ဆုံး ငါတို့အများစု အခုလောလောဆယ် ရင်ဆိုင်နေရတဲ့ Extension ရဖို့ ကိစ္စကို ကြည့်မယ်ဆိုရင်... သတ်မှတ်ထားတဲ့ ၃ နှစ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပါရဂူကျမ်းက မတင်နိုင်ကြ... ဒီတော့ ပညာသင်ထောက်ပံ့ကြေးက ဆက်လက်မရတော့...၊ ပညာသင်ထောက်ပံ့ကြေးမရရင် Extension က မရနိုင်တာမို့...(တကယ်မရပေမဲ့) ထောက်ပံ့ကြေး ရရှိကြောင်း နည်းမျိုးစုံနဲ့ လိမ်ညာကာ တင်ပြနေကြရ...၊ ဒါကိုပဲ ဘယ်သူ့ကိုမှ မထိခိုက်တာမို့ မုသာဝါဒ ကျူးလွန်တာ မဟုတ်ဘူးလို့ ကိုယ့်အတ္တအကျိုးအတွက် မျက်စိမှိတ်ကာ တွင်တွင်ကြီး ငြင်းချက်ထုတ်နေကြလေရဲ့...။ တကယ်တော့ တို့ မြတ်ဗုဒ္ဓ ရဲ့ လမ်းညွှန်ချက်အရဆိုရင် အခုပြောခဲ့တဲ့ ဥပမာတွေ အားလုံးဟာ မုသာဝါဒကို ကျူးလွန်ရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒီအတွက် ရရှိလာမယ့် “အကုသိုလ်အပြစ်”ကသာ ပြုလုပ်သူရဲ့ Intention စေတနာပေါ် မူတည်ပြီး ဒီဂရီ အလေး အပေါ့ ကွာခြားသွားတာပါ။ သေခြာလေ့လာလေ လိုက်နာပြုကျင့်ဖို့ မလွယ်လေ ဆိုပါတော့...။

(ယနေ့ (၁၁-၀၁-၂၀၀၉) နေ့တွင် ကျရောက်သော ချစ်ဇနီး၏ နှစ်(၄၀) မြောက် မွေးနေ့သို့ အမှတ်တရ)

ချစ်ဇနီးသို့ အမှတ်တရ (၂)

အဲဒီတော့ “ကိုယ်ကျင့်တရား” ကို ဘယ်လို ပေတံနဲ့ တိုင်းကြမလဲ...။ “ကိုယ်ကျင့်သိက္ခာ မရှိတဲ့သူ” ဒါမှမဟုတ် “ကိုယ်ကျင့်တရား မကောင်းတဲ့သူ” လို့ ပြောလိုက်တာနဲ့ ငါတို့ မြန်မာလူမျိုး အများစုကတော့ “ငါးပါးသီလ ထဲက ကာမေသု မိစ္ဆာ စာရ ကံ” ကို ကျုးလွန်တဲ့သူ လို့ အလွယ်တကူ ပြောကြပါလိမ့်မယ်။ အထူးသဖြင့် သူတစ်ပါး လင်၊ မယား၊ သမီးပျို တွေကို မှောက်မှား-ဖောက်ပြား ကျူးလွန်ခဲ့ရင် သူယုတ်မာ (ဝါ) ကိုယ်ကျင့်တရား မရှိတဲ့သူ လို့ ဆိုစမှတ် ပြုကြပါတယ်။ တနည်းအားဖြင့် လူ့အဖိုးတန်တွေ မဟုတ်ကြဘူးပေါ့။ ငါတို့ လူမှုအဖွဲ့အစည်းကလည်း ဒီအတိုင်းပဲ လက်ခံထားကြသလို... ငါ ကိုယ်တိုင်ကလည်း ဒီအတိုင်းပဲလို့ ထင်ခဲ့မိပါတယ်။ “လူကောင်း ဟုတ်-မဟုတ်၊ လူ့အဖိုးတန် ဟုတ်-မဟုတ်” ဆိုတာကို ပြဌာန်းသတ်မှတ်ပေးနိုင်တဲ့ “ကိုယ်ကျင့်တရား” ကို ဒီ ပေတံလေး တစ်ခုတည်းနဲ့ပဲ တိုင်းတာလို့ လုံလောက်ပါ့မလား...၊ အမှန်တကယ်ပဲ ဒီအတိုင်း ကျင့်သုံးတိုင်းတာ ခဲ့ကြသလား ဆိုတာကို သိရှိနိုင်ဖို့ လူမှုရေးသိပ္ပံ ကို လေ့လာနေသူ တစ်ယောက်အနေနဲ့ ရှာပုံတော် ဖွင့်ခဲ့မိပါတယ်။ တကယ်တော့ “ကိုယ်ကျင့်တရား” ဆိုတာ ငါတို့ လက်ခံ ပြောဆို ယုံကြည်နေကြတာထက် အများကြီး ကျယ်ဝန်း နက်နဲလှပါတယ်။
မြတ်ဗုဒ္ဓ ရဲ့ ဟောပြော လမ်းညွှန်ချက်တွေအရ ဆိုရင်တော့ “ကိုယ်ကျင့်သိက္ခာ ရှိတဲ့ သူတော်ကောင်း” ဆိုတာကို ငါတို့ တတွေ ငယ်ငယ်ကလေးတည်းက အလွတ်ရနေတဲ့ “ကံငါးပါး ဆိုတဲ့ ငါးပါးသီလ” လုံခြုံမှု နဲ့ တိုင်းတာရပါတယ်။ ဒီ ကံငါးပါးထဲက တစ်ပါးပါးကို ဖောက်ဖျက်ကျူးလွန်ခဲ့ရင်... အဲဒီလူကို ကိုယ်ကျင့်တရား ပျက်ပြားတဲ့သူအဖြစ် သတ်မှတ်ပါတယ်။ အထက်မှာ ပြောခဲ့သလို “ကာမေသု” ဆိုတဲ့ ကံ တစ်ပါးတည်းနဲ့ တိုင်းတာလို့ မရပါဘူး။ အသေအခြာ လေ့လာကြည့်တော့မှ ဒီ ကံငါးပါးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက ငါတို့ သိရှိ နားလည်နေတာထက် ပိုပြီး အဆပေါင်းများစွာ နက်နဲလှတာကို တွေ့ရပြန်ပါတယ်။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓ က ငါးပါးသီလ လုံခြုံရင် ဗြဟ္မစိုရ်တရားလေးပါး၊ ပါရမီဆယ်ပါး နဲ့ မဂ္ဂင်ရှစ်ပါးကို အလိုအလျှောက် ဖြည့်ကျင့်ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုမှတဖန် အဆင့်ဆင့်သော ကျင့်စဉ်များဖြင့် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် နိဗ္ဗန်တည်ထိ တက်လှမ်းနိုင်သည် ဟု ဆိုခဲ့ပြန်ပါတယ်။ ဒီလောက် အရေးကြီး အခြေခံ ကျတဲ့ ကံငါးပါး ဖြစ်တာကြောင့်လည်း “လူ့တန်ဖိုး” ကို အကဲဖြတ် ပေးနိုင်တဲ့ “ကိုယ်ကျင့်တရား” အတွက် အခြေခံ စံ အဖြစ် သတ်မှတ်ပြဌာန်းခဲ့ဟန်တူပါရဲ့...။ ငါတို့ သိရှိ နားလည်ပြီးဖြစ်တဲ့ “ကံငါးပါး” မှာ ဝါရိတ္တသီလ( ရှောင်ရမယ့် သီလ) နဲ့ စာရိတ္တသီလ(ဆောင်ရမယ့် သီလ) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီ နှစ်မျိုးစလုံး လိုက်နာ ကျင့်ကြံ နိုင်မှသာ သီလနဲ့ ပြည့်စုံသူ လို့ ဘာသာရေး ပညာရှင်တွေက ဆိုကြပါတယ်။ ငါ ကတော့ ရှောင်ကျဉ်ရမယ့် ဝါရိတ္တသီလ ကို တို့ လူသားတွေ ဖြည့်ကျင့်နိုင်ရင်... ကိုယ်ကျင့်တရား နဲ့ ပြည့်စုံသူ လို့ ယူဆတာကြောင့်... ဒီ ရှောင်ရမယ့် ကံငါးပါးကိုပဲ မြတ်ဗုဒ္ဓ လမ်းညွှန်တော်မူခဲ့တဲ့အတိုင်း (အသေးစိတ်မဟုတ်ရင်တောင်) အတန်အသင့် လေ့လာကြည့်ကြရအောင်...
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပုဒ်မှာ ဆိုရင် မင်းသိပြီး ဖြစ်တဲ့အတိုင်း... သူတစ်ပါး အသက်ကိုမသတ်ရ..၊ သူတစ်ပါးကို ရုပ်ပိုင်း နဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်အောင် မနှိပ်စက်ရ...၊ နောက်ဆုံး ပိုးမွှားကလေးတွေကိုပင် ထိခိုက်နာကျင်စေလိုတဲ့ စေတနာနဲ့ မလုပ်ရ... လို့ ပြဌာန်းခဲ့ပါတယ်။ အလွယ်အကူ သိသာမြင်နိုင်တာမို့ အသေးမစိတ်တော့ပါ။

(ယနေ့(၁၁-၀၁-၂၀၀၉)နေ့တွင် ကျရောက်သော ချစ်ဇနီး၏ နှစ်(၄၀)မြောက် မွေးနေ့သို့ အမှတ်တရ)

ချစ်ဇနီးသို့ အမှတ်တရ (၁)

အိမ်ထောင်သက် ၆ နှစ် ကျော်လို့ သုံးလ စွန်းတဲ့ ယနေ့အချိန်ထိ မိန်းမတစ်ယောက်ကို “မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဆိုတဲ့ အလကားရတဲ့ စကားလေးတစ်ခွန်းကိုတောင် ပြောဖို့ တွန့်တိုတတ်တဲ့ ငါ လို ယောက်ျားတစ်ယောက်ဆီက “မွေးနေ့လက်ဆောင်” ဘယ်တော့မှ မရနိုင်ဘူးဆိုတာ မင်းလည်း ခန့်မှန်း သိရှိ နေခဲ့မှာပါလေ...။ ငါ ကလည်း ဘယ်တုံးကမှ ပေးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမဲ့ သမီးကြီးရဲ့မွေးနေ့ ကို အမှတ်တရဖြစ်အောင် နှစ်စဉ်နှစ်တိုင်း မွေးနေ့ဆုတောင်းလေးတွေ လုပ်ရင်း လက်ဆောင်လေးတွေ ပေးနေခဲ့တာကြောင့်... ဒီနှစ် ငါ့ မိန်းမရဲ့ မွေးနေ့မှာ လက်ဆောင်လေး တစ်ခုလောက် အမှတ်တရ အဖြစ် ပေးရရင် ကောင်းမှာပဲ လို့ တွေးလာမိခဲ့ပါရဲ့။ ခက်တာတစ်ခုက ငါ ဟာ “ပီတိကိုသာ အားရှိအောင် စားနေရတဲ့ ကျောင်းဆရာ” ဖြစ်နေတာကြောင့် အများတကာလို တန်ဖိုးကြီးမားတဲ့ လက်ဆောင်တွေက မတတ်နိုင်ပြန်...။ ကိုယ်တတ်နိုင်တဲ့ တနေ့ ကျရင်တော့ သူများတွေလို ပေးနိုင်မှာပေါ့ မိန်းမရယ်...။ ဒီတစ်နှစ်တော့ ငါ ကိုယ်တိုင် လေ့လာမှတ်သား လက်ခံယုံကြည် လိုက်နာကျင့်သုံး လိုတဲ့ “အကျင့်စာရိတ္တ နှင့် ကိုယ်ကျင့်သိက္ခာ” အကြောင်းကို ကိုယ်သိသလောက်သာ ချယ်မှုန်းထားတဲ့ “ကိုယ်ကျင့်တရား” နဲ့ ဆိုင်တဲ့ ဆောင်းပါးလေးကိုပဲ ပထမဦးဆုံး မွေးနေ့လက်ဆောင် အဖြစ် ပေးပို့လိုက်ပါရစေ...။
ယနေ့ခေတ် လူတွေဟာ “ကိုယ်ကျင့်တရား”ဆိုတဲ့ အရာကို “အချစ်”ဆိုတဲ့ စကားလုံး တစ်လုံးလို ပေါ့ပေါ့တန်တန် အလွယ်တကူ ထည်လဲသုံးနေကြလေရဲ့။ အချစ်ဟာ တစ်ယောက်ပြီး တစ်ယောက် ချစ်၍ ရသလို၊ အချိန် နေရာ ပတ်ဝန်းကျင် ပြောင်းလဲသွားတာနဲ့အမျှ အချစ်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ... လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ ချစ်သူ နှစ်ဦးမှာ တစ်ဦးဖြစ်သူ မိန်းခလေးက(ယောက်ျားလေး ဖြစ်စေ) နိုင်ငံခြားမှာ ပညာသင်ခွင့်ရ-အလုပ် လုပ်ခွင့် ရလာတဲ့အခါ... ဒီမှာ နောက်ထပ်တွေ့တဲ့ အသစ်တစ်ယောက်ကို (အရင် ချစ်သူဟောင်းလို) ချစ်နိုင် လက်ထပ်နိုင်တာ မျိုးပေါ့။ ဒါပေမဲ့ “စာရိတ္တကိုယ်ကျင့်တရား” ဆိုတဲ့ အရာကတော့ အချိန် လူပုဂ္ဂိုလ် နေရာ ပတ်ဝန်းကျင် ကို လိုက်လို့ ပြောင်းလဲမသွားနိုင်တဲ့ အရာ တစ်ခုပါ။ ဘယ်အချိန် ဘယ်နေရာမှာမဆို အမြဲတန်းမှန်ကန်နေတဲ့ ထာဝရအမှန်တရား တစ်ခုပေါ့။ “အကျင့်စာရိတ္တ လို့ပဲ ပြောပြော...၊ ကိုယ်ကျင့်သိက္ခါ လို့ပဲ ဆိုဆို...၊ ကိုယ်ကျင့်တရား လို့ပဲ ခေါ်ခေါ်” ကိုယ် ကြိုက်သလို သုံးနှုန်းလို့ ရပေမယ့်... ပြဿနာက အဲဒီ စကားလုံးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်။ ငါ့ အမြင်ကတော့ အကျင့်စာရိတ္တ နဲ့ ကိုယ်ကျင့်တရား မှာ ပါဝင်နေတဲ့ အခြေခံအချက်အလက်တွေဟာ လုံးဝ တူညီနေပြီး ကိုယ်ကျင့်တရားက အကျင့်စာရိတ္တထက် ပိုပြီး ကျယ်ပြန့်တဲ့သဘောရှိပါတယ်။ ဒီနေရာမှာ လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ မနေ့ကမှ မေးလ်ကတစ်ဆင့် လက်ခံရရှိခဲ့တဲ့ ငါတို့ ညီမလေး တစ်ယောက်ရဲ့ အဆိုယုံကြည်ချက်လေး တစ်ခုကို ကြည့်ကြရအောင်...။ သူ ရေးထားတဲ့ အတိုင်းဆိုရင်...
All performance you do on everything is your morality.
(အရာရာတိုင်းအပေါ် သင်၏ပြုမူဆောင်ရွက်မှုတိုင်းသည် သင်၏ ကိုယ်ကျင့်တရားပင် ဖြစ်သည်။)
မည်မျှပင် ရုပ်လှလှ၊ မည်မျှပင် ပညာတတ်၍ ဥစ္စာရှိပါစေ... ကိုယ်ကျင့်သိက္ခာ မရှိသောသူသည် လူ့အဖိုးတန် မမည်ပါ။
သူ ပြောလိုက်တဲ့ ပထမစာကြောင်းလေးကတော့ လှလည်း လှပသလို... သွေးထွက်အောင်လည်း မှန်တဲ့ ယူဆချက်လေးပေါ့။ Morality ကို တခါတရံမှာ “အကျင့်စာရိတ္တ” လို့ သုံးနှုန်းပြီး... တခါတလေမှာ “ကိုယ်ကျင့်တရား” လို့ ပြောဆိုကြတာကြောင့် တို့ မြန်မာလူမျိုးတွေ အတွက်တော့ ဒီ နှစ်ခုရဲ့ အဓိပ္ပါယ်က အတူတူပဲလို့ မှတ်ယူနိုင်ပါတယ်။ ဒုတိယ စာကြောင်းမှာတော့ “ ကိုယ်ကျင့်သိက္ခာ မရှိတဲ့သူဟာ လူကောင်း မဟုတ်၊ လူ့အဖိုးတန် မဟုတ်” လို့ ဆိုပြန်ပါတယ်။ ဒါကလည်း ဦးဏှောက် ရှိတဲ့လူသားမှန်ရင် လက်ခံရမယ့် အမှန်တရား တစ်ခုပေါ့။ ပြဿနာက အဲဒီ လူကောင်း၊ လူ့အဖိုးတန် ဆိုတဲ့ အရာကို အဆုံးအဖြတ် ပေးနိုင်တဲ့ “ကိုယ်ကျင့်သိက္ခာ” ကို ဘယ်ပေတံ နဲ့ တိုင်းတာကြမှာလဲ...။ ရုပ်လှတာ-ရုပ်ဆိုးတာ၊ စီးပွားဥစ္စာ ချမ်းသာတာ-ဆင်းရဲတာ တွေဟာ ကိုယ်ကျင့်တရားနဲ့ ဆက်စပ်မှု ရှိ-မရှိ အတိအကျ မပြောနိုင်ပေမဲ့...၊ ပညာတတ်မြောက်မှု နဲ့ ကိုယ်ကျင့်တရား ဟာ ဆက်နွယ်ပတ်သက်မှု ရှိနေတယ် ဆိုတာကို လက်တွေ့သုတေသန အထောက်အထားတွေက သက်သေပြနေပါပြီ။ ပညာတတ်မြောက်မှု မြင့်မားလာတာနဲ့အမျှ ကိုယ်ကျင့်တရား စောင့်ထိန်းမှု အဆင့် မြင့်တက်လာတယ် ဆိုတဲ့ သဘောပါ။

(ယနေ့ (၁၁-၀၁-၂၀၀၉) နေ့တွင် ကျရောက်သော ချစ်ဇနီး၏ နှစ်(၄၀)မြောက် မွေးနေ့သို့ အမှတ်တရ)

Thursday, January 8, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၀)

အဖြစ်သနစ်တွေက တစ်မျိုးပြီး တစ်မျိုး မရိုးရလေအောင် ကျန်ညီအစ်မနှစ်ယောက်ကလည်း ဒီလိုလာပါတယ်လေ...။ ကျုပ်တို့ ကတော့ မောင်နှမ ခုနှစ်ယောက်မှာ အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ မိန်းခလေးတွေကို ကျန်ညီအငယ်တွေထက်ပိုပြီး ဂရုတစိုက် ရှိခဲ့ကြပါတယ်။ ယောက်ျားလေးတွေဟာ ဒေါင် ကျကျ... ဗြား ကျကျ... ဘယ်လိုပဲနေနေ ရတယ်လို့ စဉ်းစားခဲ့ကြပေမဲ့... မိန်းခလေးတွေကိုတော့ ဒီလို ပစ်ထားလို့ မဖြစ်ဘူး ဆိုပြီး စနစ်တကျ စဉ်းစားစီမံခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကျုပ်နဲ့ အနီးဆုံးနေရာဖြစ်တဲ့ ရန်ကုန်အိမ်ကို ခယတောင်းပန်ကာ သူတို့ နှစ်ယောက်ကို ကျောင်းတက်စေခဲ့ပါတယ်။ အစပိုင်းမှာ အဆင်ချောခဲ့ပေမယ့်... နောက်ပိုင်းမှာ တကျက်ကျက် ဖြစ်တဲ့အသံတွေ ကြားလာရပါတယ်။ အနေကြာလာတာနဲ့အမျှ သူတို့ နှစ်ယောက်ရဲ့ ကုန်ကျစရိတ် အားလုံးကို ကျုပ်တို့ညီအစ်ကိုနှစ်ယောက်က ပေးနေရတာတွေ...၊ ပြီးတော့ သူတို့ နှစ်ယောက်ကို လက်ခံ စောင့်ရှောက်ဖို့အရေး ဒီ အဒေါ်အိမ်ကို ကျုပ်တို့ပေးဆပ်နေရတဲ့ ငွေအား လူအား လုပ်အားခတွေ ကိုပါ မြင်တွေ့ သိရှိ နားလည်လာပါတော့တယ်။ ဒီအခါမှာ ကလေးတွေပီပီ “အဒေါ်နဲ့ အဖွား အပေါ်မှာ... သူတို့က စေတနာရှိလို့ တို့ကို ခေါ်ထားတာ မဟုတ်ဘူး... ဆိုတဲ့ အတွေးတွေ...၊ ငါတို့ အစ်ကိုတွေက အားလုံး လိုလေသေးမရှိ ထောက်ပံ့ထားတာပဲ... ဒီအိမ်မှာ ငါတို့ ဘာအလုပ်မှ လုပ်စရာမလိုဘူး... စာ တစ်ခုပဲ ကျက်မယ်ဆိုတဲ့ အမြင်တွေ” ဖြစ်ပေါ်လာတာကြောင့် အဆင်မပြေမှုတွေက နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားလို့နေခဲ့ပါတော့တယ်။ အလုပ်က ပြန်တိုင်း သူတို့လေးတွေ အဆင်မှပြေပါ့မလား ဆိုတဲ့ ရင်တဒိတ်ဒိတ် အတွေးနဲ့ အဒေါ်အိမ် ဝင်ရတာက အမော...။ သူတို့လေးတွေ ပြုံးပျော်နေတာ တွေ့ရရင်... ကျုပ်တို့လည်း ပျော်ရ...။ သူတို့လေးတွေ မျက်နှာ မရွှင်မလန်း ဖြစ်နေရင်... စိတ်ဆင်းရဲ ရတာက ကျုပ်တို့ ညီအစ်ကို။ ဒါတွေကို သူတို့ သိပါလေစ...။ တခါတလေတော့လည်း သူတို့နှစ်ယောက်ကို ကိုယ်ပိုင် ဆန်နီကား အစုတ်လေးပေါ်တင်... ဝယ်ထားပြီး မနေဖြစ်သေးတဲ့ မြောက်ဒဂုံအိမ်ကို မောင်း... ဟိုရောက်တော့မှ “ ညီးတို့ နှစ်ယောက် ၁၀ တန်း အောင်ပြီဆိုတာနဲ့... အခု တကွဲတပြားစီ ဖြစ်နေတဲ့ တို့ညီအစ်ကိုမောင်နှမတတွေကို မိဘ နှစ်ပါးနဲ့အတူ ဟောဒီ အိမ်ကြီးမှာ စည်းလုံးညီညွတ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားကြဖို့ စီမံကိန်းချပြီး တို့ညီအစ်ကိုနှစ်ယောက် ရှေ့ကနေ ရုန်းကန်ကြိုးစားနေကြောင်း...၊ အခုလောလောဆယ်တော့ အားလုံးကို သီးခံပြီး ကျောင်းစာကိုသာ ကြိုးစားကြစေချင်ကြောင်း...၊ ဘယ်လိုပဲဖြစ်ဖြစ် (သူတို့က စေတနာ မမှန်ပေမယ့်) ဒီအဒေါ်ရဲ့ ကျေးဇူးတွေ တို့ မိသားစုအပေါ်မှာ တင်ရှိနေကြောင်း...၊ ဒီ ကျေးဇူးတွေကိုလည်း ကိုယ်တတ်နိုင်တဲ့ အချိန်မှာ ပြန်ဆပ်ရမှာ ဖြစ်ကြောင်း...၊ ဒီအဒေါ် ရန်ကုန် ရောက်လို့ တို့ညီအစ်ကို ဒီရောက်ခွင့် ရလာပြီး အလုပ်လေးတွေ အဆင်ပြေလာကြောင်း...၊ အကျိုးဆက်အနေနဲ့ အခု ညီးတို့ ညီအစ်မနှစ်ယောက် အိပ်မက်တောင် မမက်ဖူးတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ပညာသင်ကြားခွင့် ရရှိလာတာဖြစ်ကြောင်း...၊ အမ (အမေ) လည်း သူ အဆင်ပြေရင် ပြေသလို လာနေတာမို့ မိဘတွေအကြောင်း ခေါင်း ထဲ မထည့်စေချင်ကြောင်း...၊ မကြာခင်ကာလမှာ အေးချမ်းသာယာတဲ့ မိသားစုတစ်ခုအဖြစ် ရန်ကုန်မြို့ကြီးမှာ ကိုယ့်အိုး- ကိုယ့်အိမ်နဲ့ သီးခြား ရပ်တည်နိုင်လာတော့မှာ ဖြစ်ကြောင်း...၊ အခုလည်း မိသားစုစိတ်ဓါတ်နဲ့ အိမ်မှုကိစ္စတွေကို ဝိုင်းဝန်းလုပ်ဆောင်ရင်း စာကိုသာ ကြိုးစားကြစေချင်ကြောင်း…” ကို အေးအေးဆေးဆေးနဲ့ နားဝင်အောင် ရှင်းပြခဲ့ရတာပေါ့။ ခတ်ကြမ်းကြမ်း ပြောခဲ့ လုပ်ခဲ့ ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ဘာမှမပြောပဲ တုံဏှိဘာဝေ နေပြီး၊ ပိုက်ဆံကိုသာ တောင်းသလောက် ထုတ်ပေးနေတဲ့ ကျုပ်ညီ သူတို့အစ်ကို ကို အသက်နဲ့အမျှ ချစ်ကြပေမယ့်... အစ်ကိုကြီးဖြစ်သူ ကျုပ် ကိုတော့ ယနေ့ထက်တိုင် ဟိုအဝှါ ထက်တောင် မုန်းကြပါကြောင်း...။

ကျုပ်ဘဝတစေ့တစောင်း(၃၉)

အမှန်တိုင်း ဝန်ခံရရင် အဲဒီကာလတွေဟာ ကျုပ်ဘဝ အတွက် အင်မတန် စိတ်ရော လူရော ပင်ပမ်းနွမ်းနယ်ခဲ့တဲ့ အချိန်ကာလတွေပါ။ အငယ်တွေက တစ်နှစ်တစ်တန်း မှန်မှန်အောင်ကြပေမယ့်... ငွေ အသုံးက ပို၍ ပို၍ တိုးလာကြသည်။ နယ်က အဒေါ်ဝမ်းကွဲ တစ်ယောက်အိမ်မှာ ကုန်ကျစရိတ် အပြည့်အဝ ထောက်ပံ့၍ ၁၀ တန်း တက်စေခဲ့သော ညီအငယ်ဆုံးကဆိုလျှင်... “အခု ပိုက်ဆံ ကျပ်တစ်သောင်း ပို့လိုက်ပါ... မပို့ရင် ဒီနှစ် ၁၀ တန်း မဖြေတော့ဘူး” ဆိုတဲ့ ခြိမ်းခြောက် တောင်းဆိုမှုတွေ အထိ လုပ်ခဲ့ပါတယ်။ သမီးတွေပဲ ရှိပြီး အမျိုးသားမရှိတော့တဲ့ ဒီအဒေါ်ကလည်း သူ့သားအရင်းနဲ့မခြား အလိုလိုက်လေတော့ ထင်တိုင်းကြဲ ဆိုးသွမ်းလို့နေသည်။ နောက်ဆုံး ကျောင်းပြေး ဖဲရိုက် ဇယ်တွေ ရှုတ်လို့ ထိန်းမနိုင် သိမ်းမရ ဖြစ်တော့မှ စာတစ်စောင်ရေးလို့ ဇာတ်စုံခင်းပြပါတော့သည်။ ဒါတောင် သူ့တူ သားတော်မောင်အကြောင်း မကောင်းသတင်း တစ်ခုမပါ။ ပတ်ဝန်းကျင်က မိန်းမလယ် သိန်းကြွယ်တို့ အဆွယ်ကောင်းတာကြောင့် သူ့သား ပျက်ရပါသတဲ့။ စာ အဆုံးမှာတော့ သူ့သားတော်မောင် ဖဲကြွေးစာရင်း ကို ရေးလို့... “ကလေး စိတ်ဓါတ်မကျဖို့အရေး၊ မနှေးအမြန်.. ဆပ်ပေးပါရန် မောတ္တာရပ်ခံသည်” တဲ့။
ဒီကြားထဲ ကျုပ် မိဘနှစ်ပါးက တမှောင့်။ ကျုပ်တို့ကတော့ အမ (အမေ) ရန်ုကုန် လာတဲ့အခါ ငွေအရင်းလေး ထုတ်ပေးလိုက်... သူက ဟိုမှာ ပြန်ရောင်းဖို့ ငါးခြောက်ငါးခြမ်းလေး ဝယ်ပြီး ပြန်သွားလိုက်...။ မေ့လောက်ပြီ ဆိုတဲ့ အချိန်ကြရင်... သူ့အမေ ကျုပ်တို့အဖွားက မှာလိုက်လို့ ဆိုပြီး ရန်ကုန် တစ်ခေါက်ပြန်လာလိုက်... ကျုပ်တို့က အရင်း တစ်ခါ ထုတ်ပေးလိုက်... ဈေးဝယ်ပြီး ပြန်သွားလိုက်...နဲ့ လာတိုင်း လာတိုင်း အရင်း ထုတ်ပေးနေရပါတယ်။ ဒါနဲ့ ကျုပ်လည်း အမ လာတဲ့အချိန်မှာ “ နေပါအုံး... ခင်များ ပြောတော့.. ဈေးရောင်းတာ မြတ်တယ်.. မြတ်တယ်နဲ့ ဘယ်မှာလဲ အရင်းနဲ့ အမြတ်...၊ အမြတ်ကို ခင်များတို့ လင်မယားနှစ်ယောက် ထမင်းစားလို့ ရရင် ဘယ်မှာလဲ အရင်တစ်ခေါက်က ထုတ်ပေးလိုက်တဲ့ အရင်း...၊ လာတိုင်းသာ အရင်း ထုတ်ပေးနေရရင် ဈေး ရောင်းမနေတော့နဲ့...၊ ခင်များတို့ ရှိတဲ့ အိမ်ဝိုင်း ကိုသာ ရောင်းစားပြီး ထိုင်နေကြတော့” လို့ ခတ်ညစ်ညစ်နဲ့ ညစ်တွန်း တွန်းလိုက်ပါတယ်။ အဲဒီတစ်ခေါက် ပြန်သွားပြီးကတည်းက အမ လည်း တော်တော်နဲ့ ပေါ်မလာတော့ပါဘူး။ ပေါ်လာပြန်တော့လည်း ရုန်းကန်လှုပ်ရှားနေရတဲ့ သားသမီးတွေကိုမှ အားမနာ... စိတ်ညစ်စရာ-စိတ်ဆင်းရဲစရာ သတင်းတွေကို သယ်ဆောင်လို့ လာခဲ့ပြန်ပါတယ်။ “ မင့် အဖေက မင်းပြောတဲ့အတိုင်းပဲ... စားစရာမရှိရင် အိမ်ဝိုင်းကို ရောင်းစား ဆိုလို့ .. အခု ရတဲ့ဈေးနဲ့ ရောင်းလိုက်ပြီ” လို့ ခရီး ရောက်မဆိုက် မနက်စောစောကြီးမှာပဲ ဆိုလာပါတော့တယ်။ ကျုပ်က “ခင်များတို့ကို ရွဲ့ ပြောတာဗျ...”လို့ အော်ဟစ်ကာ အံကြိတ် ငိုကြွေးခဲ့ရုံမှ တပါး ဘာမှ မတတ်နိုင်ခဲ့ပါလေ...။

Wednesday, January 7, 2009

ကျုပ်ဘဝတစေ့တစောင်း(၃၈)

တစ်ရက်မှာတော့ ကုမ္ပဏီမှာ အလုပ် အတူတူလုပ်နေတဲ့ ရန်ကုန် ၅၁ လမ်းက ကိုအောင်ခိုင် ဆိုတဲ့ ကျုပ်ရဲ့ စီနီယာက ဖိုင်နယ်မှာ ကျူ(Q) ဝင်လို့ ဆိုပြီး လက်ရှိအလုပ်မှ ထွက်ကာ မဟာဝိဇ္ဖာအရည်အချင်းစစ်တန်း အပိုင်း-၁ (Q 1) တက်ရောက်ဖို့ ရန်ကုန်တက္ကသိုလ်ဆီ အားတက်သရော ချီတက်သွားပါတော့တယ်။ မသွားခင်မှာလည်း သူ့လို စာတော်တဲ့သူအတွက် ဆိုပြီး ကျုပ်တို့အဖွဲ့က ဂုဏ်ပြုပွဲလေး လုပ်ပေးလိုက်ကြပါသေးတယ်။ ဒါပေမဲ့ ကျုပ်အထင် နှစ်ပတ်လောက်ကြာတော့ ကိုအောင်ခိုင် တစ်ယောက် “စာမလိုက်နိုင်” လို့ ဆိုပြီး အလုပ် ပြန်လုပ်ဖို့ ရုံးကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ ကျုပ်လည်း သူ့ကို တော်တော်လေး စိတ်ဝင်စားသွားပြီး ကျုပ်နဲ့ သူ နဲ့ တက္ကသိုလ်အကြောင်း ပြောဖြစ်ကြတာပေါ့။ သူဟာ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှာ နေ့ကျောင်းတက်... အဲဒီကပဲ ဖိုင်နယ်မှာ Qualify (Q) ဖြစ်လို့ မဟာအရည်အချင်းစစ်တန်း အပိုင်း-၁ ကို အဲဒီ ရန်ကုန်တက္ကသိုလ်က သမိုင်းဌာနမှာပဲ ပြန်သွားတက်တာ... စာမလိုက်နိုင်ဘူး ဆိုတော့ ကျုပ်အတွက် တော်တော်လေး ထူးဆန်းနေပါတယ်။ ကျုပ်က “အဲဒီအတန်းက စာတွေ တကယ် ခက်တာပဲလား ကိုအောင်ခိုင်” လို့ သူ့ကို မေးတော့...“ဟာ... အားလုံးကို အင်္ဂလိပ်လို သင်တာဖြစ်တဲ့အတွက် တကယ် ခက်ကြောင်း...၊ အမှန်တကယ် စာမလိုက်နိုင်လို့ ပြန်ထွက်လာတာဖြစ်ကြောင်း...၊ စာ သာ လိုက်နိုင်ပါက ကျောင်းတက်ချိန်က သိပ်ပြီး အရေးမကြီးကြောင်း...၊ တစ်ပတ်ကို တစ်ရက် နှစ်ရက် သွားတက်နိုင်ပါက အဆင်ပြေကြောင်း...” ရန်ကုန်လေနဲ့ အသေအခြာ ရှင်းပြပါတော့တယ်။
သူ ပြောပြလိုက်တာကို အဆောင်ပြန်ရောက်လို့ အိပ်ယာပေါ် ရောက်နေသည့်တိုင် ခေါင်း ထဲက မထွက်နိုင်တဲ့ အကြောင်းတစ်ခုကတော့ “ စာ သာ လိုက်နိုင်ပါက ကျောင်းမှန်မှန်မတက်” လည်း ရတယ် ဆိုတဲ့ အချက်ပါပဲ..။ အကယ်၍ ကျုပ်သာ ဖိုင်နယ်ကို သူ့လို Qualify (Q) နဲ့ အောင်ခဲ့မယ် ဆိုရင်... အလုပ်တဖက်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာ ဆက်သင်ဖို့ အခွင့်အလမ်း ရပြီပေါ့။ ဒီလို အခွင့်အရေး ရခဲ့ပြီဆိုရင်... ကျုပ် အိပ်မက်ထဲက တက္ကသိုလ်ဆရာ ကထိက ဒေါက်တာ မြင့်နွယ် တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...။ တွေးရင်း...တွေးရင်း...နဲ့ ရင်တွေ ခုန်လာလိုက်တာ ငုတ်တုတ်တောင် ထ ထိုင်ခဲ့ရပါတယ်။ အဲဒီကျမှ ကျုပ်ဖြေထားခဲ့တဲ့ အဝေးသင် ဖိုင်နယ်စာမေးပွဲကို Qualify (Q) နဲ့ အောင်မြင်ချင်တဲ့ စိတ်တွေ ကျုပ် ရင်ထဲမှာ တားမရ-ဆီးမရ ဖြစ်ပေါ်လာပါတော့တယ်။ ဒါကြောင့်လည်း ချက်ချင်းပဲ အိပ်ယာကုတင်ပေါ်မှဆင်းကာ အဝေးသင် ကျောင်းစာအုပ်တွေ သီးသန့်ထုပ်ထားတဲ့ ကုတင်ခြေရင်းက ပီနံအိပ်ကို ဖွင့်လို့ ဖိုင်နယ်မေးခွန်းတွေ ပြန်ရှာ... ကိုယ် ဖြေထားခဲ့တာတွေကို ပြန်စဉ်းစားရင်း... အမှတ်တွေ ပြန်တွက်ကြည့်...။ ဘယ်လိုပဲဖြစ်ဖြစ် မေဂျာရော... မိုင်နာရော... တစ်ပုဒ်မကျန် အပုဒ်စေ့ ဖြေနိုင်ခဲ့တာမို့... ဆရာသမားတွေ အမှန်တိုင်း စစ်ပါက Qualify ဖြစ်နိုင်ပါတယ်လေ...လို့ ကိုယ့်ကိုကိုယ် အားပေးပြီးသကာလ၊ တမှေး အိပ်စက်ဖို့အရေး... မီးလေးကို အပြေးပိတ်လို့ ... တရေး ကြိတ်ခဲ့ရပါတော့တယ်။

Monday, January 5, 2009

ကျုပ်ဘဝတစေ့တစောင်း(၃၇)

တကယ်တော့ မဝါ ဟာ ကျုပ်ဘဝကို ရန်ကုန်မြို့ကြီးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အစစအရာရာ ရှေ့ဆောင်လမ်းပြ လုပ်ပေးခဲ့သူပါ။ “ဝတ်ပုံ-စားပုံ...၊ မိန်းခလေးတွေနဲ့ စကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး ဘယ်လိုပြောရမယ်”ကအစ သင်ပြပေးခဲ့သူပါ။ အင်္ကျီ ဆိုရင်လည်း လည်ကတုံးကအစ အသင့်ချုပ်ပြီးသား ရယ်ဒီမိတ် ကို ဝယ်မဝတ်စေပဲ... ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းက နံမည်ကြီး စက်ချုပ်ဆိုင်မှာ သူကိုယ်တိုင် လိုက်ပို့... သူကိုယ်တိုင် ရွေးပြီး ချုပ်စေ... ဝတ်စေ.. ခဲ့သူပါ။ အဲဒီဆိုင်က လည်ကတုံး ချုပ်ပုံ ဘယ်လောက်အထိ ကောင်းသလဲ ဆိုရင်.. ကျုပ်ရဲ့ ရန်ကုန်တက္ကသိုလ်က ဆရာ-ဆရာမတွေကတောင် “ နင့် လည်ကတုံး ချုပ်ပုံ သိပ်ကောင်းတာပဲ... ဘယ်ဆိုင်မှာ ချုပ်တာလဲ..” လို့ မကြာခဏ မေးကြတဲ့အထိပါ။ တမင်တကာ လုပ်ယူပြီး ဟန်ဆောင် ဖန်တီးထားတဲ့ အပေါ်ယံ အပြုံး အပြောအဆို အပြုအမူမျိုး မဟုတ်ပဲ... တကယ် ရင်ထဲက လာတဲ့ စိတ်ရင်းစေတနာမှန်နဲ့ မောင်လေးတစ်ယောက်လို ကြင်နာ ယုယစွာ ဆက်ဆံခဲ့တယ် ဆိုတာ သိလာရပြန်တော့... မဝါကို ပိုလို့..ပိုလို့.. လေးစားလာခဲ့မိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မဝါရဲ့ နူးညံ့သိမ်မွေ့တဲ့ အပြောအဆို အပြုအမူ အယုအယတွေ အောက်မှာ ကျုပ် ဆိုတဲ့ တောသားတစ်ယောက် တဒင်္ဂ သာယာနစ်မွန်းခဲ့ဖူးပါတယ်။ စကား အပိုအလို ပြောတာ မကြိုက်ပါဘူး ဆိုတဲ့ ကျုပ် တောင်မှ... သူမရဲ့ မုသားမပါ ချိုသာတဲ့ မောတ္တာစေတနာ ရေယဉ်ကျောမှာ မျောပါစီးဝင်ခဲ့ဖူးပါတယ်။ ဒီကတဆင့် ရရှိလာတဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုတွေဟာ ကျုပ် တစ်ယောက်သာမက... ကျုပ် ပတ်ဝန်းကျင်နဲ့ လောကကြီး တစ်ခုလုံးကိုလည်း ကူးဆက် ပြန့်နှံ့ သွားစေခဲ့တာ အမှန်ပါ။ ဒါကြောင့်လည်း ကျုပ်ဘဝ အတွေ့အကြုံအပေါ် အမှီပြုလို့... ကျုပ်တို့ ညီမလေးကိုလည်း... “ဓာတ်ပုံထဲမှာ အမြဲတမ်း ပြုံးနေသလို... ပြင်ပလောကမှာလည်း အမြဲတမ်း ပြုံးနေစေချင်ပါတယ်။” တစ်ယောက်တည်း ပြုံးဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင်... အမြဲတမ်းမဟုတ်ရင်တောင်မှ တခါတလေ (အရာအားလုံး ပြီးပြည့်စုံနေပေမယ့်) လောကကြီးကို အလိုမကျတဲ့ မျက်နှာနဲ့ သုန်မှုန်နေတတ်တဲ့ ဟို.. မန္တလေးတောင်ထိပ်က ဒေါ်မြိုင် ကိုပါ အဖေါ်ညှိလို့ အပြိုင် ပြုံးကြည့်ကြစေချင်ပါတယ်။ အနီးဆုံးပတ်ဝန်းကျင်ရဲ့ ကျေနပ် ပီတိ အေးချမ်းမှု ရိုက်ခတ်သံကို အဆောတလျင် ခံစားသိရှိ ရလိမ့်မည်က မြေကြီးလက်ခတ် မလွဲပါ။
အလျဉ်းသင့်လို့ နောက်တစ်ခုကို ထပ်ဆင့်လို့ တင်ပြခွင့်ပြုမယ်ဆိုရင်...“အိပ်မက်ထဲမှာ မုသားမနှောတဲ့ အမှန်စကားတွေကို တုံးတိတိ မပြောခဲ့သလို.. လက်ရှိ ပြင်ပလောကမှာလည်း တုံးတိတိကို ထာဝရ နှုတ်ဆက်လို့ မလျှော့မတင်းတဲ့ စောင်းကြိုးလေးနှယ် ကြိုးစား အားထုတ် ပြုပြင် သွားစေချင်ပါတယ်။” ကျုပ်လို ယောက်ျားရင့်မကြီး တစ်ယောက်ရဲ့ နှုတ်က အမှန်တရားကို ခတ်ပြတ်ပြတ် စကားလုံးတွေနဲ့ ပုံဖေါ်တာဟာ သဘာဝကျပေမယ့်... ညီမလေးတို့လို အားနွဲ့တဲ့ မိန်းခလေး တစ်ယောက်ရဲ့ နှုတ်ခမ်းဖျားက ပေါ်ထွက်လာခဲ့မယ်ဆိုရင်... ကြားရသူအပေါင်းက နားဝင်မပီ သူ့လက်ရည် ရယ်လို့ ညည်း(ညီး)ကြပေမပေါ့...။ ညီမလေးရဲ့ ရှိပြီးသား ရုပ်အလှ နဲ့ စိတ်အလှတွေကို သင့်တင့်သော အပြုံး အပြောအဆို.. အပြုအမူတွေ နဲ့ ထပ်ဆင့်လို့ ပုံဖေါ်ထုဆစ် လိုက်မယ်ဆိုရင်... တော်လေးဝဝင် မင်းသမီးတွေကတောင် ထိုင်ကာ ရှိခိုး ကြရပေလိမ့်မည်။
( အစ်ကိုကြီးရဲ့ စေတနာနှင့် ဆိုဆုံးမမှုတွေကို အမြဲတစေ ဝေဒနာ အဖြစ် ယုံမှားထင်မှတ်လေ့ရှိသော အထွေးဆုံး ညီမငယ် နှင့် တိုက်ဆိုင်မှုရှိသော ညီမငယ်တိုင်းကို ရည်ညွှန်းပါသည်။)

ကျုပ်ဘဝတစေ့တစောင်း(၃၆)

ကျုပ်ဘဝအတွက် မဆွေကို ထာဝရ ဘဝလက်တွဲဖေါ်အဆင့်ထိ ရည်မှန်းလို့ ရိုးသားစွာ ကြိုးစားခဲ့ပေမယ့်... အရှုံးသမားဖြစ်ခဲ့ရသူက ကျုပ် ပါ။ မျှော်လင့်ချက်ရောင်ခြည်တွေ တသီကြီး ပေးကာ အရူးလုပ်ခံလိုက်ရသူက ကျုပ်ပါ။ ဘဝကို ကြမ်းတမ်းခက်ထန်စွာ ရုန်းကန်လှုပ်ရှား နေရသူ တစ်ယောက်ဖြစ်ပေမယ့်... ကျုပ် နှလုံးသားကလည်း အခြားပုထုစဉ်များနည်းတူ နုနယ်လှပါ၏။ ခံစားတတ်ပါ၏။ ဘဝပေး အတွေ့အကြုံအရ “အများအမြင်မှာ ခံနိုင်ရည်ရှိသူ တစ်ယောက်အဖြစ်” ကြိုးစားရပ်တည်နိုင်ခဲ့ပေမယ့်... ည အိပ်ချိန် ရောက်လို့ ရန်ုကုန်က အဆောင်ခန်း ကျဉ်းကျဉ်းလေးထဲမှာ အထီးကျန် တစ်ယောက်တည်း ကြိတ်မှိတ် ငိုကြွေးခဲ့ရတာတွေကို ဘယ်သူများ သိနိုင်အုံးမှာလဲ...။ ဘယ်သူကများ နားလည် စာနာမှု ပေးနိုင်ကြမှာလဲ...။ အခုလည်း တစ်ပူပေါ် နှစ်ပူဆင့်လို့ တိတ်တိတ်ကလေး ငိုခြင်း ဆက်ရပြန်ပါပြီ...။ ဒါကို မဆွေ တစ်ယောက် ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ...။ သူမကြောင့် ကျုပ် ပူဆွေး သောက ရောက်ခဲ့ရတာကို သူမ ဘယ်လိုလုပ် ကိုယ်ချင်းစာပေးနိုင်မှာတဲ့လဲ...။ အများအထင်မှာ တိကျပြတ်သားလှတဲ့ ကျုပ်လိုလူတစ်ယောက်မှာ မိန်းမ တစ်ယောက်ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေ ရှိခဲ့ဖူးပါတယ်ဆိုရင်... ပုံပြင်လို့များ.. မှတ်နေမလား...။ မယုံမရှိပါနဲ့ ပုံပြင်မဟုတ်တဲ့ နှလုံးသားဒဏ်ချက် တစ်ခုပါ...။
ဘယ်လိုပင် နှလုံးသားဒဏ်ရာတွေ ရှိနေပေမယ့်... မိသားစုအရေး ဦးစားပေးခဲ့ရသူမို့... မန္တလေးတက္ကသိုလ်က တင်မိုးလွင်ကြီး ဘော့လုံးကိုသာ ကြုံးကြုံး ကန်ခဲ့သလို... ကျုပ်ကလည်း ကုမ္ပဏီအလုပ်ကိုသာ ဇွတ်မှိတ် ကြိတ်လုပ်ခဲ့ရတာပေါ့။ တခါတရံတော့လည်း ရန်ကုန်သူ မဝါရဲ့ အပြုအစု အယုအယတွေ အောက်မှာ နစ်မျောခဲ့ဖူးပါတယ်။ ကျုပ် နေထိုင်မကောင်း ဖြစ်လို့ မှိုင်နေတတ်တဲ့အခါ... “ပြစမ်း..ဆိုပြီး ကျုပ် နဖူးကို သူ့လက်ကလေးနဲ့ တယုတယ စမ်းကာ... မဖြစ်ဘူး..မဖြစ်ဘူး... နင် ဆေးသောက်မှ ဖြစ်မယ်ဆိုတဲ့ အပြုံးမျက်နှာနဲ့ အပြော...၊ ပါရာစီတမော ဆေးပြားကို ကိုယ်တိုင် ကြိတ်လို့ သောက်ရေတစ်ခွက်နဲ့ အသာအယာ ချော့မော့တိုက်ခဲ့တဲ့ ဟန်ပန်အမူအရာ...၊ ဒီပုံတိုင်းဆိုရင် ထမင်းစားလို့ မဖြစ်သေးဘူး ဆိုပြီး.. တပည့်ကျော်တစ်ယောက်ကို ဆံပြုတ် (သို့) ခေါက်ဆွဲပြုတ် သွားဝယ်ခိုင်းကာ.. ခွံ့မကြွေးရုံတမယ် အသေအခြာ ဂရုတစိုက်နဲ့ ပြုစုယုယမှု”တွေကြောင့် ကျုပ်ရင်ထဲမှာ စိတ်ရိုင်းတွေ ဝင်ခဲ့ဖူးပါတယ်။ မဝါက “ငါ့ကိုများ စိတ်ဝင်စားနေတာလား” ဆိုတဲ့ အတ္တကြီးတဲ့စိတ်တွေ လွှမ်းမိုးဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဘဝကို ခတ်ကြမ်းကြမ်း ရုန်းကန် ဖြတ်သန်းခဲ့ရသူမို့လည်း မိန်းမတစ်ယောက်ရဲ့ အကြင်နာ မောတ္တာတရားနဲ့ ယုယမှုတွေကို မကြုံစဖူး... ကြုံရလေတော့.. လွဲမှားတဲ့ စိတ်နဲ့ မှားယွင်းတဲ့အဓိပ္ပါယ်တွေ ကောက်ယူခဲ့ဖူးပါတယ်။ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ “စိတ်ဆင်ရိုင်း” ကို “ဥာဏ်ပညာချွန်း” နဲ့ အချိန်မှီ မအုပ်နိုင်ခဲ့ရင်...ကျုပ်ဘဝရှေ့ရေးက မတွေးဝံ့စရာ...။

Friday, January 2, 2009

ယင်းမာပင် အမှတ်တရ (၄)

ဦးလေးငြိမ်းတို့အိမ်ဟာ မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီးရဲ့ ညာဘက်ခြမ်း၊ ယင်းမာပင်မြို့လယ်ခေါင်ရှိ ဈေးကြီးရဲ့ အနောက်ဘက် ကပ်လျှက်ရှိသော တောင်-မြောက်လမ်းအတိုင်း ငါးမီးနစ်လောက် လမ်းလျှောက်လိုက်ပါက ရောက်နိုင်တဲ့နေရာ ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ အိမ်က နှစ်ထပ်အိမ် ဖြစ်ပြီး သီးခြားမီးဖိုဆောင်လေးလည်း ရှိပါတယ်။ အိမ်ရောက်တော့ အောက်ထပ်မှာ သူ့အမျိုးသမီး အန်တီဝင်း၊ သမီးကြီး ကျော့ကျော့၊ သားလတ် ကျော်ငြိမ်း၊ သားငယ် သီဟ တို့နဲ့ မိတ်ဆက်ပေးပြီး..“ မင်းအဖေနဲ့ ငါ ဟာ တစ်ချိန်က လုပ်ဖေါ်ကိုင်ဖက်တွေ ဖြစ်တဲ့အကြောင်း..၊ တစ်ဦးက အဆင်မပြေတဲ့ အချိန်မှာ တစ်ဦးက ကူညီရမှာ ဖြစ်တဲ့အကြောင်း...၊ ဒီအိမ်မှာ ဘာမှ အားနာစရာ မလိုကြောင်း...၊ စာကိုသာ ကြိုးစားစေချင်ကြောင်း...၊ မင်းက ဒီနှစ် လမ်းစဉ်လူငယ် မြို့နယ်အဆင့် မြန်မာစာရည်ချွန်ပြိုင်ပွဲမှာလည်း ဒုတိယဆု ရထားတာကြောင့် ဒီစာမေးပွဲကို အောင်မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း...၊ မနက်ဖန် မုံရွာက ငါ့ တူမ တစ်ယောက်လည်း ဒီကို ရောက်လာပြီး မင်းနဲ့အတူ ၁၀ တန်း ဖြေမှာ ဖြစ်တဲ့အကြောင်း...၊ မသိတာရှိရင် တိုင်တိုင်ပင်ပင် မေးမြန်းဆွေးနွေးနိုင်ကြောင်း... စသည်ဖြင့် စုံလင်အောင် ရှင်းပြကာ အပေါ်ထပ်ကို လိုက်ပို့ပါတယ်။ အပေါ်ထပ်မှာ ထမင်းစား စားပွဲပုတစ်လုံး ချပေးထားပြီး တစ်ယောက်တည်း နေရပါတယ်။ အစားအသောက်ကိုလည်း စာမေးပွဲကာလ တစ်လျှောက်လုံးမှာ ဦးလေးငြိမ်းကပဲ သေသေခြာခြာ ဂရုတစိုက် ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။ မနက်မိုးလင်းတာနဲ့ စားတော်ပဲပြုတ်ထမင်းကြော်နဲ့ ဗူးသီးကြော် ကို သူကိုယ်တိုင် အိမ်အပေါ်ထပ်အထိ တစ်ရက်မပျက် လာပို့ပေးခဲ့ပါတယ်။ စာမေးပွဲဖြေပြီးအပြန် နေ့လည်စာကို မီးဖိုဆောင်မှာ တကူးတက စောင့်ပြီး ခူးခတ် ကျွေးမွေးခဲ့သလို... ညစာကိုလည်း အလားတူပါပဲ...။ ဦးလေးငြိမ်းရဲ့ ကျေးဇူးတရားတွေက ကြီးမားလှပါပေတယ်။ ဦးလေးငြိမ်းအိမ်မှာ တည်းခို နားယူခွင့် ရရှိခဲ့ပြီး စာမေးပွဲဖြေဆိုခဲ့တာကြောင့် ၁၀ တန်း ဆိုတဲ့ “တောင်” ကို ကျော်နိုင်ခဲ့တာပါ။ ဒီ တောင် ကို မကျော်နိုင်ခဲ့ရင်.. မိုးစံ ဆိုတာ ဖြစ်လာမှာ မဟုတ်သလို... ဒီစာကိုလည်း ရေးခွင့်ရမှာ မဟုတ်ပါဘူး...။ အခုတော့ မိုးစံ တစ်ယောက် ပြည်တွင်းက ရိုးရိုးဘွဲ့-မဟာဘွဲ့တွေ တစ်ခုပြီး တစ်ခု ရရှိခဲ့ရုံမက... ရေခြား မြေခြားက မဟာဘွဲ့တစ်ခုကိုပါ ရရှိနေပြီး...မကြာခင်ကာလမှာ ပီအိပ်ခ်ျဒီ ဆိုတဲ့ ပါရဂူ ဘွဲ့ကြီးကိုလည်း ထိုက်တန်အောင်မြင်စွာ ဆွတ်ခူးရရှိတော့မှာပါ။ ဒီလို အောင်မြင်မှုတွေနဲ့ ပြည်တော် ပြန်ရောက်လာတဲ့အခါ မိသားစုနဲ့အတူ ဦးလေးငြိမ်း ရှိရာ “ယင်းမာပင်မြို့”ကလေးဆီကို လာရောက် ကျေးဇူးဆပ်မယ် လို့ စိတ်ကူးစဉ်းစားထားပေမယ့်... ဦးလေးငြိမ်းကလည်း မိုးစံတို့အဖေလို သောက်တတ် စားတတ်သူမို့ “သူ မရှိတော့ရင်...”ဆိုတဲ့ အတွေးက ရင်ကို စိုးရိမ် တုန်လှုပ် ပူပန်စေခဲ့ပါတယ်။ ကျေးဇူးရှိသူကို အသက်ထင်ရှားရှိစဉ် ကိုယ်တတ်နိုင်တာလေးနဲ့ ကျေးဇူးဆပ်ခွင့် မရလိုက်မှာကို အရမ်း စိုးရိမ် နေမိပါတယ်။ အခုတော့ ဒီ စိုးရိမ်မှု ကွက်လပ်ကလေးကို “ယင်းမာပင်ဘလော့ဂ်” လေးက ဖြည့်စီးပေးနိုင်မယ် ဆိုတာကြောင့် အတိုင်းမသိ ဝမ်းမြောက်ရပါ၏။
(ယင်းမာပင်မြို့မှ ဦးလေးငြိမ်းနှင့် သူငယ်ချင်းများသို့ အမှတ်တရ)

ယင်းမာပင် အမှတ်တရ (၃)

စာမေးပွဲ ဖြေဖို့ လေး ငါးရက်အလို ရင်ပေါင်တိုင် တွဲဘက် အ.ထ.က မှ ၁၀ တန်း ကျောင်းသားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ယင်းမာပင်မြို့ဆီသို့ အလျှိုလျှို ထွက်ခွာသွားကြလေပြီ။ မိုးစံကတော့ “ဒီတစ်နှစ်တော့ သွားပါပြီ” ဆိုတဲ့ ဝမ်းနည်းအတွေးနဲ့ ကြိတ်မှိတ် ငိုနေခဲ့ရတာပေါ့။ အင်မတန်မှ ပြုံးခဲ.. ရီခဲ.. ငိုခဲလှတဲ့ အစ်ကိုကြီး ဖြစ်သူ မျက်ရည်ကျတာကို မြင်တွေ့ရတော့... ညီငယ်လေးယောက်ကလည်း ထပ်ကာလိုက်လို့ ငိုကြွေးကြပြန်ပါတယ်။ ဒီအခါမှာ ဘာမှမသိသေးတဲ့ ညီမလေးနှစ်ယောက်ကလည်း အော်ကာဟစ်ကာ ငိုကြပြန်ပါရော...။ ဒီအဖြစ်အပျက်တွေကြောင့်လည်း နောက်ပိုင်းမှာ မိုးစံဟာ... သူ့ရင်ထဲမှာ ဘယ်လောက်ပဲ ဝမ်းနည်းပူဆွေးမှုတွေ နဲ့ ရင်ဆိုင်နေရပါစေ... “အများအမြင်မှာ ခံနိုင်ရည်ရှိသူ တစ်ယောက်အဖြစ်” တက်လှမ်းနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ မောင်နှမတတွေ ငိုကြွေးပြီးလို့ နောက်တစ်ရက်မှာ ရွာသစ်က“ပေါကျန်”ဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရောက်လာကာ... “သူတို့ သူငယ်ချင်း ငါးယောက် ယင်းမာပင် တံတားကြီးအနီးမှာ အိမ်တစ်အိမ် ငှါးကာ အတူနေ အတူစားလျှက် ကျောင်းတက်နေကြကြောင်း..၊ အခု မင်း ငါတို့ဆီမှာ တည်းပြီး စာမေးပွဲဖြေဖို့ လာခေါ်တာဖြစ်ကြောင်း...၊ ဒါဟာ ငါ တစ်ယောက်တည်း သဘောမဟုတ်ကြောင်း...၊ ကျန်တဲ့ မင့်သူငယ်ချင်းတွေဖြစ်တဲ့ ဖိုးလင်း၊ ယဉ်ညွန့် နဲ့ အောင်ဆင်တို့ကလည်း အခေါ်ခိုင်းတာ ဖြစ်ကြောင်း..၊ ငါတို့ စားသလို စားမယ်ဆိုရင် ဘာမှမလိုကြောင်း...၊ လုံးဝ အားနာစရာ မလိုကြောင်း” တရစပ်ပြောကာ အတင်းခေါ်ပါတော့တယ်။ တကယ်တော့ ပေါကျန်ဟာလည်း သောက်သောက်စားစားနဲ့ ပျော်ပျော်နေတတ်တာကလွဲရင် ၈ တန်းကို အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ လူတော်တစ်ယောက်ပါ။ သူကလည်း အတင်းခေါ်.. ကိုယ့်မှာလည်း စားသောက်စရိတ် အလုံအလောက် ရှိတာမို့ သူတို့ဆီမှာ တည်းခိုပြီး ၁၀ တန်း စာမေးပွဲ ဖြေဆိုဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
နောက်နေ့မနက် ကြုံရာ သစ်ကား(သစ်တင်တဲ့ကား) နဲ့ ရွာသစ်ကနေ ယင်းမာပင်မြို့အထိ လိုက်လာကြပြီး “ဝင်းလိုက်” ဓာတ်ပုံတိုက်ရှေ့ ဆင်းကာ... လမ်းဆက်လျှောက်၊ တံတားထိပ် ရောက်တော့ ညာဘက်ချိုးကာ သူတို့ နေထိုင်ရာ အိမ်ကလေးဆီ မြန်းခဲ့ကြပါတယ်။ ဟိုရောက်တော့ အားလုံးက ဝမ်းသာအားရ ကြိုဆိုကြပါ၏။ သို့သော် သုံးပင်နှစ်ခန်း ဝါးထရံကာ ဇလီသပ် အိမ်ကလေးမှာ သူတို့ ငါးယောက်အပြင် မိုးစံလို လာရောက် တည်းခိုဖြေဆိုကြမည့် အခြားနယ်က ကျောင်းသား လေး ငါးယောက်လည်း ရောက်ရှိနေတာကြောင့် ပြည့်ညှပ်လို့နေသည်။ သူတို့အားလုံးက စာမေးပွဲဆိုတာ အမှုထားပုံမပေါ်။ တော်တော်လေး ပျော်နေပုံ ရ၏။ မိုးစံကတော့ “ဒီလောက် လူများနေရင် စာကြည့်ဖို့ အဆင်ပြေပါ့မလား”ဆိုတဲ့ အတွေးနဲ့ စိုးရိမ်လျှက် ရှိနေပါ၏။ နောက်ထပ် တစ်နာရီလောက် အကြာမှာတော့ ဒီအိမ်မှာ ရင်ပေါင်တိုင်က မိုးစံ ဆိုတာ ရှိသလား ဆိုတဲ့ အသံနဲ့အတူ အရပ်ရှည်ရှည် အသားဖြူဖြူ လူတစ်ယောက် စက်ဘီးတစ်စီးနဲ့ ဝင်ရောက်လာပါ၏။ မိုးစံ ကလည်း လူကိုမြင်လိုက်တာနဲ့ သူတို့ငယ်ငယ်... ရွာကို စာရင်းစစ်လာတိုင်း အိမ်မှာ ထမင်း-ဟင်း ကိုယ်တိုင် ဝင်ချက်လေ့ရှိတဲ့ စာရင်းစစ် (ဦး)မောင်ငြိမ်းမှန်း ချက်ချင်း မှတ်မိလိုက်ပါတယ်။ သူကလည်း တွေ့တာနဲ့တစ်ပြိုင်နက် “မိုးစံ.. မင်း ဦးလေးငြိမ်းတို့အိမ်မှာ လိုက်တည်းပြီး စာမေးပွဲဖြေဖို့ လာခေါ်တာ... အခု လိုက်ခဲ့ပါ”လို့ ဆိုပါတယ်။ မိုးစံ တစ်ယောက် ဒီသူငယ်ချင်းတွေဆီမှာ တည်းခိုနေတယ်ဆိုတာကို ဦးလေးငြိမ်း ဘယ်လိုလုပ် သိခဲ့ပါသလဲ...။ ဒီအကြောင်းကို မိုးစံကလည်း မမေးခဲ့သလို... သူကလည်း ပြောမပြခဲ့ပါ။ ဆိုတော့ ရွာအထိအောင် အိမ်တိုင်ယာရောက် လာခေါ်ခဲ့တဲ့ ပေါကျန်နဲ့ ကျန်သူငယ်ချင်းတွေကို နှုတ်ဆက် တောင်းပန်ကာ ဦးလေးငြိမ်းနဲ့အတူ လိုက်ခဲ့ရပြန်ပါတယ်။

ယင်းမာပင် အမှတ်တရ (၂)

ဒီလိုနဲ့ သုံးလေးလအကြာ... ရွာကျောင်းက မန္တလေးတက္ကသိုလ်ဘွဲ့ရ မူလတန်းပြ နှင့် အလယ်တန်းပြဆရာ-ဆရာမတွေက အခကြေးငွေ မယူပဲ ၉ တန်းနဲ့ ၁၀ တန်း ကို တက်ရောက်သင်ကြားပေးမယ်ဆိုတာကြောင့် ရင်ပေါင်တိုင်ရွာ တွဲဘက်အထက်တန်းကို ပုံမှန်အချိန်ထက် နောက်ကျလျှက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါ၏။ ကျေးဇူး ကြီးမားလှပါပေတယ် ဆရာ-ဆရာမတို့ရယ်...။ တွဲဘက်ကျောင်း ဖြစ်တာမို့ ရင်ပေါင်တိုင်ကျောင်းက ကိုးတန်းဆယ်တန်း ကျောင်းသားတွေအတွက် ပုံနှိပ်ပြဌာန်းစာအုပ် အလုံအလောက် မရရှိပါ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာကိုင် တစ်အုပ်စီ နှင့် အပို လေး ငါး ဆယ်အုပ်စီသာ။ ဒီမိုး ဒီမြေ ဒီကျောင်းမှာ ဒီဆရာတွေနဲ့ ဒီတပည့်တွေ ဘယ်လို နှစ်ပါးသွားခဲ့ရတယ် ဆိုတာကိုတော့ ပဟေဠိအဖြစ် အဖြေညှိဖို့ ထားခဲ့ပါရစေ...။ မြို့ပြနဲ့ကျေးလက်၊ လူချမ်းသာနဲ့ လူဆင်းရဲ၊ ပညာတတ်နဲ့ ပညာမဲ့ တို့ရဲ့ကြားမှာ တည်ရှိနေတဲ့ ပညာရေးအခွင့်အလမ်း မညီမျှမှုတွေဟာ... အရင်ကလည်း ရှိခဲ့သလို..၊ ယခုလည်း ရှိနေဆဲ...၊ နောင်လည်း ဆက်လက် တည်ရှိနေအုံးမည်သာ...။ ဒီအတွက် မည်သူ့ကိုမျှ အပြစ် မတင်လိုသော်လည်း... ရှေးအတိတ်ကံကြမ္မာကိုတော့ ယိုးမယ်ဖွဲ့မိပါ၏။
“အစကောင်းမှ အနှောင်းသေခြာ” ဆိုသလို... မူလအစကတည်းက ယိုင်နဲ့နဲ့ စတင်ခဲ့ရတဲ့ ရင်ပေါင်တိုင် တွဲဘက်အထက်တန်း(၁၀ တန်း)ဟာ နောက်ဆုံး အတန်းတင်စာမေးပွဲဖြေဖို့အရေး စာဖြေ-စာစစ်ဌာန ရှိရာ ယင်းမာပင်မြို့ သို့ သွားရောက်တည်းခိုဖို့ အတွက် ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြန်ပါတယ်။ အရင်နှစ်တွေတုန်းကဆိုရင် အစိုးရစစ် အတန်းတွေ ဖြစ်တဲ့ ၈ တန်းနဲ့ ၁၀ တန်းကို ယင်းမာပင်စာစစ်ဌာန သွားရောက်ဖြေဆိုတဲ့အခါ... ဆရာ-ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ရွာက လှည်းတွေနဲ့ လိုက်ပို့ကြ...၊ ယင်းမာပင်မြို့နယ်ခန်းမကြီးကို ခေတ္တခဏ နေထိုင်ခွင့် တောင်းကာ တည်းခိုကြ...၊ ရွာက ထမင်းချက်အဖွဲ့ကလည်း ကျောင်းသားတွေဆီက တွက်ချက်ကောက်ခံထားတဲ့ စားစရိတ်ကို အလေအလွင့် မရှိအောင် စီမံခန့်ခွဲလို့ ချက်ပြုတ်ကျွေးမွေးကြ...၊ ဆရာ-ဆရာမတွေကလည်း တပည့်တွေကို ကြီးကြပ်(လိုအပ်လျှင် စာသင်)အုပ်ချုပ်လို့ အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့ကြပါ၏။ ဒီနှစ်တော့ ရွာလူကြီးက ခေါင်း ရှောင်၊ ရွာလူထုက စိတ်မဝင်စား၊ ဆရာ-ဆရာမတွေကလည်း အလုံးစုံ တာဝန်မယူနိုင်တာကြောင့် မိမိအစီအစဉ်နဲ့မိမိ သွားရောက် တည်းခို ဖြေဆိုကြဖို့ အကြောင်း ဖန်လာခဲ့ပါတော့တယ်။ ဤဖြစ်စဉ် သည်ပင်လျှင် စောစောက အကြော်သည် မိုးစံတို့ မိသားစုမောင်နှမတတွေ မျက်နှာ မသာမယာဖြစ်ရခြင်း၏ အကြောင်းရင်း ဖြစ်ရလေသည်။
မိုးစံ ကတော့ နောက်နှစ်ဆိုတာ မသေခြာတာမို့.. အောင်တာ-မအောင်တာ အပထားလို့ ဒီနှစ် ဖြေလိုက်ချင်သည်။ ဒီအတွက်လည်း အမေညိုက သူ စုထားသော ငွေကျပ်ငါးဆယ်ကို မြေးဖြစ်သူ မြို့သွားဖို့ အရေး ထုတ်ပေးထားပြီးဖြစ်သလို... အဒေါ်ဝမ်းကွဲဖြစ်သူ မမဝင်းကလည်း ငွေအစိတ် ပေးခဲ့ပြီးလေပြီ။ ဒီငွေ ၇၅ိ/ ဆိုရင် ၁၀ တန်း စာမေးပွဲ ဖြေဆိုစဉ်ရက်အတွင်း စားဖို့ လုံလောက်ပါ၏။ ခက်တာက တည်းခိုနေထိုင်ဖို့ နေရာ..။ တကယ်လိုအပ်နေတာက ယင်းမာပင်မြို့မှာ ၁၀ ရက်လောက် တည်းခိုနိုင်ဖို့ အသိမိတ်ဆွေအိမ်တစ်အိမ်...။ ဒီအတွက် သားကြီး မိုးစံက ဖခင်ဖြစ်သူကို သွယ်ဝိုက်၍ အပူကပ် နေခြင်းပင်။ မိုးစံတို့ ငယ်ငယ်... ဖခင်ဖြစ်သူ သမလူကြီး လုပ်ခဲ့စဉ်က ယင်းမာပင်မြို့မှာ မိတ်ဆွေတွေ ရှိခဲ့ဖူးသည်။ အထူးသဖြင့် သမအသင်းတွေကို စာရင်း လိုက်စစ်လေ့ရှိသော မြို့နယ်သမဦးစီးဌာနမှ စာရင်းစစ်များပင်...။ ဒီမိတ်ဆွေတွေထဲက တစ်ယောက်ယောက်အိမ်ကို လိုက်ပို့ဖို့ ဖခင်ဖြစ်သူကို နည်းမျိုးစုံဖြင့် စည်းရုံးတိုက်တွန်းနေသော်လည်း... “သူများကို ဒုက္ခမပေးချင်ဘူး..ကွာ” ဆိုတဲ့ အဖြေကလွဲလို့ ဘာမှ မပြော။

ယင်းမာပင် အမှတ်တရ (၁)

၁၉၈၈ ခုနှစ်၊ မတ်လဆန်း ရဲ့ ပူအိုက်သော နွေနံနက်ခင်းတစ်ခုမှာ ရင်ပေါင်တိုင်ရွာ အနောက်ထိပ်ရှိ ရွာ၏ တစ်ခုတည်းသော အခြေခံပညာအလယ်တန်းကျောင်း (နှင့် တွဲဘက် အ.ထ.က) ၏ ရှေ့အဝင်ဝ ဘယ်ဘက်ခြမ်း အိမ်ဝိုင်းအတွင်း၌ရှိသော အကြော်ဆိုင်တွင် မိုးစံတို့ မိသားစုမောင်နှမတတွေ မျက်နှာ မသာမယာဖြင့် အလုပ်ရှုတ်နေကြလေ၏။ ဖခင်ဖြစ်သူက ခေါင်း ငိုက်စိုက်ချကာ ဆန်ကော(စကော)အလယ်၌ ရှိသော စင်းနှီတုံး ပေါ်တွင် ဗူးသီးကိုတင်ကာ တောက်တောက်စင်းနေသလို... သားကြီးဖြစ်သူ မိုးစံ က စင်းပြီးသား ဗူးသီးဖတ်ကလေးတွေကို ဇလုံဖြူကြီးထဲ ထည့်ကာ ဆား၊ ဆန်မှုန့်၊ ဆော်ဒါအနည်းငယ် နှင့် ရေ ကို သမအောင် ထပ်ဖြည့်လျှက် ဒူးပေါ် မေးထောက်ကာ ညာဘက်လက်ဖြင့် အားရပါးရ နှယ်နေလေသည်။ မိခင်ဖြစ်သူက မနေ့ညက ထောင်းထားသော မတ်ပဲအစိုလေးတွေကို အကွင်းလေးတွေ လုပ်ကာ ဆီပူဒယ်အိုးကြီးထဲသို့ တစ်ခုပြီး တစ်ခု ထည့်ရင်း တစို့တံကလေးဖြင့် ဟိုဘက်ဒီဘက် ပြန်ကာလှန်ကာ လုပ်ပေးလျှက်ရှိ၏။ ထိုအချိန်မှာ ကျန်ညီအစ်ကို လေးယောက်က မြင်းခွာရွက်ကြော် ရောင်းနိုင်ဖို့အတွက် မြင်းခွာရွက် သင်နေကြသလို... ဥမမယ် စာမမြောက်သေးတဲ့ ညီမလေး နှစ်ယောက်ကလည်း ထမင်းဇလုံထဲ ထည့်ပေးထားသော အကြော်တစ်ခုကို သူနိုင် ကိုယ်နိုင် အပြိုင်လုနေကြလေသည်။
“ကျနော် ဒီနှစ် ၁၀ တန်း စာမေးပွဲ မဖြေရတော့ဘူးပေါ့... ဟုတ်လား အဖေ” ဆိုတဲ့ အသံနဲ့အတူ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက သားကြီး မိုးစံပင်...။ ဖခင်ဖြစ်သူကတော့ “ ဒီလိုလည်း မဟုတ်သေးပါဘူးကွာ... ရွာကလူကြီးတွေနဲ့ မင်းတို့ ဆရာတွေ တိုင်ပင်ပြီး တစ်ခုခု လုပ်ပေးလိမ့်မယ် ထင်ပါတယ်” ဟု ဟက်ဟက်ပက်ပက် မရှိလှသော အသံဖြင့် တုန့်ပြန်မှုပြုလေ၏။ ဇာတ်လမ်းက အစကတည်းက ယဉ်သကိုဟု ဆိုရမည်ပင်။ မိုးစံ ၁၀ တန်း ရောက်သည့် ဒီ ၁၉၈၇-၈၈ ပညာသင်နှစ်မှာ ရင်ပေါင်တိုင်ရွာ တွဲဘက်အထက်တန်းကို တော်တော်နှင့် မဖွင့်နိုင်။ မိုးခေါင်ရေရှားအရပ်ဖြစ်တာမို့ စီးပွားရေးက အမြဲတမ်း အဆင်မပြေကြ။ မိုး ကောင်းလို့ ကောက်ပဲသီးနှံ ရကြရင် စီးပွားရေးအဆင်ပြေ...၊ စီးပွားရေး ဖွံ့ဖြိုးတာနဲ့အမျှ... တစ်အိမ်ထောင်ကို ဘယ်လောက် ဟု ကျသင့်ငွေ ခွဲတမ်းကောက်ယူကာ မြို့တက် ဆရာ ငှါးကာ ရွာနှင့် ရွာအနီးတဝိုက်က ကျောင်းသားလူငယ်တွေအတွက် တွဲဘက်အထက်တန်း ( ၉ တန်း နှင့် ၁၀ တန်း) ကို ဖွင့်ပေးနေကြ။ ကျောင်းသားကျောင်းသူတွေက လစဉ်ကြေး အနည်းငယ် ပံ့ပိုးပေးရုံပင်..။ မိုး ခေါင်လို့ ဆရာ မငှါးနိုင်တဲ့နှစ် ဆိုရင်တော့.. တတ်နိုင်တဲ့သူတွေက အထက်တန်းကျောင်းရှိရာ သက်ဆိုင်ရာ မြို့တွေဆီ ချီတက်ကြ။ ဆင်းရဲသား မတတ်နိုင်တဲ့သူတွေကတော့ တစ်နှစ်နားလို့... နောက်နှစ် မိုး ကောင်းအောင် ဆုတောင်းယုံမှတပါး အခြားရွေးစရာ လမ်းမရှိ။ ဒီနှစ်လည်း မိုးခေါင်တာကြောင့် ဆရာ ငှါးဖို့ ရွာက ငွေကြေး မထောက်ပံ့နိုင်။ ဒါကြောင့် ရွာတွဲဘက်အထက်တန်း ဖွင့်ရေး-မဖွင့်ရေး ရွာကလူကြီးတွေ၊ မိဘ-ဆရာအသင်းနဲ့ ဆရာ-ဆရာမတွေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရ၏။ ကျောင်းဖွင့်ချိန် ရောက်နေတာတောင် တော်တော်နဲ့ မဖွင့်နိုင်တာကြောင့် စီးပွားရေး အဆင်ပြေသူတွေ နဲ့ အဆက်အသွယ် ရှိသူတွေက အထက်တန်းကျောင်းရှိရာ မြို့ကြီးများသို့ အသီးသီး ပြောင်းရွှေ့သွားကြလေပြီ။ အထူးသဖြင့် ရွာ နှင့် အနီးဆုံးနေရာတွင် ရှိသော ယင်းမာပင် အ.ထ.က သို့ ပြောင်းကြလေ၏။ မိုးစံ တို့လို လူတွေကတော့ “တွဲဘက် ဖွင့်နိုင်ပါစေ”လို့ ဆုတောင်းရင်း ကျောင်းဖွင့်ရက်ကို လည်ပင်းတရှည်ရှည်ဖြင့် မျှော်လင့်နေကြရပါ၏။ ဒီနှစ် မဖွင့်နိုင်ရင်.. နားပေအုံးတော့ တစ်နှစ်ပေါ့။