Tuesday, May 12, 2009

ကျုပ်ဘဝတစေ့တစောင်း(၁၀၀)

“အဝေးသင်” မှသည် “နေဝန်းနီ” သို့…


၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ -၁ ရက်နေ့ နံက်စောစောမှာ ကျုပ်တို့ဇနီးမောင်နှံနှစ်ယောက် ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ကန်တော့ ဆုတောင်းရင်း အချိန်တော်တော်ကြာသည်အထိ ဘုရားရိပ်မှာ ငြိမ်းချမ်းစွာ ခိုလှုံခဲ့ကြပါသေးတယ်။ ပြီးတာနဲ့ မြေနီဂုံး ဒဂုံစင်တာရှေ့က မျက်နှာချင်းဆိုင်လမ်းထဲမှာရှိတဲ့ “ရွှေရည်” အညာလက်ဘက်ရည်ဆိုင်ကို ဝင်ကာ အညာမုန့်တီ နဲ့ မုန့်ပစ်သလက် စားခဲ့ကြတာပေါ့။

အိမ်ပြန်ရောက်တော့ အမ (အမေ) နဲ့ အမျိုးသမီးက ကျုပ်အတွက် လိုအပ်မယ့်ပစ္စည်းတွေထည့်…၊ ကျုပ်ကတော့ အညာက ရောက်နေတဲ့ ဦးလေးတွေ-အဒေါ်တွေနဲ့ ထိုင်ကာ အာရိုက်ရင်း အချိန်ဖြုန်းနေခဲ့ပါတယ်။ နေ့လည်တစ်နာရီလောက်မှာတော့ မနေ့ကမှ အငယ်ဆုံးညီတော်မောင် ဝယ်လာပေးခဲ့တဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ကာ အိမ်မှာရှိနေသမျှ အကြီးတွေကို ဝပ်ချကန်တော့ကာ... အငယ်တွေကိုလည်း ဆုံးမစကား ပြောကြားခဲ့ပါတယ်။ ပြီးတာနဲ့ ရန်ကုန်လေဆိပ်ကို ဆင်းခဲ့ကြတာပေါ့…။

တကယ်တော့ ကျုပ်ဘဝကြီးက အင်မတန် ထူးဆန်းလှပါပေတယ်…။

  • မနက်ပိုင်းမှာ အကြော်ရောင်း… နေ့လည်ပိုင်းမှာ ပေါက်စီရောင်းမှ ထမင်းနပ်မှန်ခဲ့ရသူ...။
  • ကျောင်းစရိတ်လေး ရဖို့အတွက် နွေကျောင်းပိတ်ရက်တိုင်းမှာ တောဓလေ့အလုပ်မျိုးစုံ လုပ်ခဲ့ရသူ…။
  • ရွာကတွဲဘက်ကျောင်းမှာ ဖြစ်သလို ကုတ်ဖဲ့တက်ရင်း အထက်တန်းအောင်ခဲ့ရသူ…။
  • ရွာဇနပုဒ်လေးက မူလတန်းကျောင်းတကျောင်းရဲ့ လက်ထောက်မူပြ ဆရာတယောက်ဖြစ်ခဲ့ရသူ…။
  • ကြီးပွားတိုးတက်ဖို့ လမ်းစရှာရင်း မွေးရပ်မြေကို စွန့်ခွာလို့ မိုးကုတ်ကျောက်တူးသမားလေးဘဝ ရောက်ခဲ့ရသူ…။
  • ဘဝဝမ်းစာအတွက် မြို့တော်ရန်ကုန်ရဲ့ ကုမ္ပဏီလောကမှာ ကျင်လည်လှုပ်ရှားခဲ့ရသူ…။
  • ဘဝတက်လမ်းအတွက် အလုပ်တဘက်နဲ့ “အဝေးသင်တက္ကသိုလ်” တက်ခဲ့ရသူ…။
  • ကံကောင်းထောက်မစွာနဲ့ အထင်ကရ “ရန်ကုန်တက္ကသိုလ်ကြီး”မှာ ဘွဲ့လွန်ပညာတွေ ဆက်လက် သင်ယူ ဆည်းပူးခွင့် ရခဲ့သူ…။
  • ကံကြမ္မာမျက်နှာသာပေးမှုကြောင့် တက္ကသိုလ်ဆရာ ဖြစ်လာခဲ့ရသူ…။
  • အတိတ်ကံ-ပစ္စုပ္ပန်ကံတွေရဲ့ မ စမှုကြောင့် ဘယ်လိုမှ မဖြစ်နိုင်လောက်တဲ့ နိုင်ငံခြားပညာသင်ဆု စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရရှိကာ အောင်မြင်မှုရခဲ့သူ…။
  • များပြားလှတဲ့ အခက်အခဲ အတားအဆီးတွေကြားကပဲ နိုင်ငံခြားသွားရောက်ဖို့ ကံဇာတာပါလာခဲ့သူ။

ဤမျှလောက် အပြောင်းအလဲ များခဲ့ရတဲ့ ကျုပ်ဘဝကို အသေအခြာ ပြန်လည် စဉ်းစားကြည့်လိုက်တော့ ကျုပ်ဘဝကြီးဟာ… တခါက ဆရာကြီးဒေါက်တာလှဖေ ရေးခဲ့သလို “ဝီရိယကို ထူ…ဉာဏ်နဲ့ကူ… ကံကဖေးမသူ” ဖြစ်ခဲ့တာပါ…။ တဆက်တည်းမှာပဲ ကျုပ်ရဲ့အိပ်မက်ဇာတ်ကောင် “နိုင်ငံခြားပြန် တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမြင့်နွယ်” ဖြစ်လာလိမ့်အုံးမလားရယ်လို့ စိတ်ကူးယဉ် ကြည့်နေမိပါ၏။


အခုတော့ မိုးစံတယောက် ဒီစိတ်ကူးယဉ်မှုလေးကို လက်တွေ့အကောင်အထည်ဖေါ်ဖို့အတွက် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာ-၁ ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ မှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွါမယ့် UB 221 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်…၊ ထိုမှတဆင့် JAL 718 လေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပညာတော်သင်တယောက်အဖြစ် ထွက်ခွါလို့ လာခဲ့ပါပြီ…။ လာခဲ့ပါပြီ…။

(ဤနေရာတွင် “ကျုပ်ဘဝတစေ့တစောင်း” ကို အချိန်အတိုင်းအတာတခုအထိ ရပ်နားထားမည် ဖြစ်ပါကြောင်း…)

ကျုပ်ဘဝတစေ့တစောင်း(၉၉)

အလာကောင်းပေမဲ့ အခါနှောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ဖေဖေါ်ဝါရီလ မကုန်ခင် Acceptance ရရင် April တန်း မှီတယ်လို့ ဆိုခဲ့ပေမဲ့ တကယ်တန်းကျတော့ မမှီခဲ့ပါဘူး။ ဒါကြောင့် အားလုံးက April မှာ ထွက်သွားကြပေမဲ့ ကျုပ်ကတော့ နောက်ထပ် ခြောက်လ စောင့်ပြီး October တန်းကျမှ ထွက်ခွါဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဘာများတတ်နိုင်အုံးမှာလဲ…။ ကံစီမံရာ အတိုင်းပေါ့…။

အဲဒီ စောင့်ခဲ့ရတဲ့ ခြောက်လဟာ ကျုပ်ဘဝအတွက်တော့ လောကဓံကို အလူးအလဲ ခံခဲ့ရတဲ့ကာလတွေပါ…။ုံမနက်မိုးလင်းတာနဲ့ ကျောင်းသွား… ဒေး နဲ့ အဝေးသင်က အတန်းပေါင်းစုံကို တလှည့်စီ သင်…။ ပြီးတာနဲ့ စာမေးပွဲ ဂျူတီ… လုံခြုံရေးဂျူတီတွေ မနားမနေ ထမ်းဆောင်ခဲ့ရ…။ နည်းပြကျူတာ စာမသင်ရဖူးလို့ ဆိုကြပေမယ့် ကျုပ်ကတော့ လုံးဝမနားခဲ့ရပါဘူး။ ကိုယ်ကိုတိုင်က အဝေးသင်ကတဆင့် ဆရာဖြစ်လာခဲ့သူမို့ အဝေးသင်ကို သင်ရတဲ့အချိန်မှာလည်း စေတနာအပြည့်နဲ့ တကယ်ကို ကျကျနနပြင်ဆင်ကာ သင်ကြားပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းသား-သူ အများစုက “ ဆရာ… ကျူရှင်ဖွင့်ပါ…၊ ကျမတို့ ဝိုင်း လုပ်ထားပြီးသား…နေရာလည်းရှိပါတယ်..၊ ဆရာ လာသင်ပေးပါ…” ဆိုတာတွေက တပုံတပင်…။ ကျုပ်ကလည်း “ကျူရှင် လုံးဝ မသင်ဘူး…၊ နားမလည်ရင် ချက်ချင်းထမေးပါ… ဒီအနီးကပ်သင်တန်းမှာပဲ သင်မယ်” လို့ တုန့်ပြန်ရတာပေါ့။

တကယ်တော့ ကျောင်းသား-သူ အများစုဟာ သက်ဆိုင်ရာဆရာ-ဆရာမတွေဆီမှာ ကျူရှင် တက်ခဲ့ပြီးသား-တက်နေဆဲသူတွေပါ။ အနီးကပ်သင်တန်းကို တကယ်စိတ်ဝင်စားလို့ လာတက်တဲ့သူတွေ ရှိပေမဲ့ အပျော်သဘောလာတဲ့သူတွေက များဟန်တူပါတယ်။ အချို့ကလည်း အချိန်နီးမှ ကပ်ရောက်လာကြပြီး ဟိုမမှီ-ဒီမမှီ ဖြစ်နေကြသူတွေပါ။ ကျောင်းသားနှစ်ယောက်ကဆိုရင် “ ဆရာ… အသေးစိတ် ရှင်းပြမနေပါနဲ့…၊ စာမေးပွဲမှာ ပါမယ့်ဟာပဲ သင်ပါ” လို့ ထပြောခဲ့ပါသေးတယ်။ အဲဒီလို ကျောင်းသားတွေ…။ ဒါနဲ့ ကျုပ်ကလည်း “အေးကွာ… အဲဒီလိုဆိုရင် ဆိုက်ကော်လော်ဂျီ (Psychology) ကို အင်္ဂလိပ်လို စာလုံးပေါင်းပြစမ်းပါအုံး” လို့ မေးလိုက်တော့ Sitechology လို့ ပေါင်းပါရောဗျာ…။ ကျုပ်က ခေါင်လေး ငြိမ့်ရုံ ငြိမ့်ပြီး စိတ်မကောင်း ဖြစ်နေပေမဲ့ ကျန်တဲ့ ကျောင်းသား-သူတွေက ဟားကြတာပေါ့။ အဲဒီကျောင်းသားနှစ်ယောက်ကို စိတ်ပညာအခြေခံ သိသင့်သိထိုက်တဲ့ Concept လေးတွေကို ဘာဖြစ်လို့ အသေးစိတ်ရှင်းပြရတဲ့အကြောင်း အထောက်အထားတွေနဲ့တကွ အသံတွေတုန်သည်အထိ ပြောပြခဲ့ပါသေးတယ်။ သူတို့လည်း မှားမှန်းသိသွားပြီးတဲ့နောက်မှာ အနီးကပ်ရက် နေ့စဉ်နေ့တိုင်း ကျုပ်နောက်ကလိုက်ပြီး တောင်းပန်ခဲ့ကြပါတယ်။

တချိန်ထဲမှာပဲ သူတို့နဲ့ဆန့်ကျင်ဘက် စာ တကယ်ဖတ်တဲ့ အဝေးသင် ကျောင်းသား-သူတွေကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ကျောင်းသူတယောက်ဆိုရင် တော်တော်လေးကို စာဖတ်အား ကောင်းဟန်တူပါတယ်။ ကျုပ် စာသင်နေတဲ့အချိန်မှာ သူမ မေးလိုက်တဲ့ မေးခွန်းဟာ စာဖတ်အားနည်းတဲ့ ကျောင်းဆရာ-ဆရာမဆိုရင် ပက်လက်လန်သွားနိုင်ပါတယ်။ ကျုပ်လည်း လုံးဝ မျှော်လင့်မထားတာကြောင့် အံ့သြသွားခဲ့ရပါတယ်။ ပြီးမှ သူမေးတာကို အားလုံးနားလည်နိုင်မယ့် ဥပမာလေးနဲ့ ပြန်လည်ရှင်းပြခဲ့ရတာပေါ့။ ကျုပ် သင်နေတဲ့ ဒေးက ဂုဏ်ထူးတန်းကျောင်းသားထက်တောင် စာဖတ်အား ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ တခုတော့ ရှိတာပေါ့လေ… သူမက စိတ်ပညာပါမောက္ခကြီးတွေဆီမှာ ကျူရှင်ယူပြီး ကျုပ်ကို အကဲစမ်းခဲ့တာဆိုရင်တော့ ကျုပ် အထင်ကြီးခဲ့သမျှ သဲထဲရေသွန်သလိုပဲပေါ့…။

အဲဒီလို ကျောင်းတာဝန်တွေနဲ့ အလုပ်ရှုတ်နေတာကြောင့် ပုံမှန်ဝင်ငွေရနေတဲ့ စီးပွားရေးလုပ်ငန်းလေးကိုလည်း ပြန်မကြည့်နိုင်ပဲ စပ်တူလုပ်နေသူ ပေးသမျှနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ နောက်ဆုံး အဲဒီလူကပဲ အားလုံးမောင်ပိုင်စီးကာ ဘတ်သွားသည်အထိ ဘဝပျက်မတတ် ခံလိုက်ရပါသေးတယ်။ ကျောင်းဆရာတယောက် ဖြစ်လာခဲ့ခြင်းရဲ့ ကြီးမားလှတဲ့ အရင်းအနှီးတခုပေါ့…။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရဲ့ကျောင်းဆရာဘဝမှာ အလွန်အမင်း ကျေနပ်ပီတိဖြစ်ခဲ့တာ တခုရှိခဲ့ပါတယ်။ အဲဒါကတော့… ပါမောက္ခ ဆရာဦးခင်မြင့်က အဝေးသင်ကျောင်းသားတွေရဲ့ အာစရိယပူဇော်ပွဲတိုင်းမှာ စင်မြင့်ပေါ်ကနေ “အဝေးသင်ကျောင်းသားတွေ မညံ့တဲ့အကြောင်း…၊ အဝေးသင်ကနေ ဆရာဖြစ်လာပြီး အခုဆိုရင် နိုင်ငံခြားပညာသင်အဖြစ် ရွေးချယ်ခံရသူတွေ ရှိနေပြီဖြစ်ကြောင်း…” ကို ဝန်ခံပြောကြားလာခဲ့ပါတယ်။ ကျုပ်တို့အဝေးသင်ကလူတွေအတွက် အကြားချင်ဆုံး-အလိုချင်ဆုံး စကားတခွန်းပါ။ ဆရာကတော့ ဘယ်လိုနေမယ်မသိ…။ ကျုပ်ကတော့ ကန်တော့ခံ နောက်တန်းထိုင်ခုံကနေ ဆရာ ပြောသမျှ နားထောင်ရင်း ဝမ်းနည်း-ဝမ်းသာဖြစ်ကာ မျက်ရည်တွေ တသွင်သွင်စီးဆင်းလို့ နေခဲ့တာပေါ့…။ နေခဲ့တာပေါ့…။

Monday, May 11, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၈)

E mail ကတဆင့် ဆက်သွယ်လိုက်တဲ့ ဂျပန်ဆရာ ၃၅ ယောက်အနက် တယောက်သောဆရာက “ကျုပ်ရဲ့ မဟာကျမ်း နဲ့ Research proposal ဟာ သူ လက်ရှိလုပ်နေတဲ့ Field နဲ့ တိုက်ရိုက် ဆက်ဆိုင်နေတာကြောင့် တပည့်ကျောင်းသားအဖြစ် လက်ခံ သင်ကြားပေးနိုင်တဲ့အကြောင်း အီးမေးလ်နဲ့ အကြောင်းပြန်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဂျပန်မှာရောက်နေတဲ့ ဆရာမရဲ့ကူညီမှုကြောင့် ပရိုက်ဗိတ်ကျောင်းက ဆရာတယောက်ကလည်း လက်ခံမယ်ဆိုတဲ့အကြောင်း ပြန်ကြားခဲ့ပါသေးတယ်။

ကျုပ်ကလည်း အဲဒီမေးလ်နှစ်စောင်ကို print ထုတ်ကာ သံရုံးကို သွားပြတာပေါ့။ သံရုံးကတော့ ကိုယ့် Field နဲ့ကိုက်ညီတဲ့ National ကျောင်းက ဆရာကို ရွေးချယ်ပြီး Acceptance ကို ဖက်စ် (Fax)နဲ့ အရင်ပို့ပေးခိုင်းဖို့ မိန့်တော်မူခဲ့ပါတယ်။ ကျုပ်လည်း ဆရာသမားဆီကို ဖက်စ်ထိုးကာ သူတို့ပြောတဲ့အတိုင်း လုပ်ပေးဖို့ မောတ္တာရပ်ခံခဲ့ရတာပေါ့။ ဖက်စ်ကလည်း ဈေးကြီးလိုက်တာ... တမျက်နှာကို ကျပ် ငါးထောင် ပေးရပါတယ်။ ဒါတောင် အမျိုးသမီးရဲ့ရုံးကတဆင့် အသုံးပြုခဲ့တာကြောင့် အဝင်အတွက် မပေးခဲ့ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်က ဆရာသမားကလည်း Acceptance ကို ချက်ချင်းရေးကာ ဖက်စ်နဲ့ပို့ပေးခဲ့ပါတယ်။ အဲဒီဖက်စ်ကော်ပီကို ယူပြီး သံရုံးကို သွားပေးတော့… “အိုကေပြီ… Original မူရင်း ရောက်လာရင်သာ လာပို့လိုက်ပါ” လို့ ဆိုပါတယ်။ အဲဒါက ဇန္နဝါရီနောက်ဆုံးပတ်ထဲမှာပေါ့…။ ဖေဖေါ်ဝါရီလ မကုန်ခင် Acceptance ရရင် သူများနည်းတူ April မှာ ထွက်ရမယ်ဆိုတာကြောင့် ကျိန်းသေသလောက်ရှိခဲ့ပါတယ်။

ဖေဖေါ်ဝါရီလလယ်လောက်မှာ သံရုံးက Acceptance original လာပေးဖို့ ကျုပ်ကို ဖုန်းဆက်ပါတယ်။ ကျုပ်ကလည်း Original ရောက်မလာသေးကြောင်း အကြောင်းပြန်ကြားပြီး… ဂျပန်က ဆရာသမားဆီကိုလည်း “Acceptance original မြန်မြန်ပို့ပေးဖို့ နဲ့ သံရုံးက မေးနေတယ်ဆိုတဲ့အကြောင်း” မေးလ် ပို့လိုက်တာပေါ့။ ကျုပ်အထင် နောက်သုံးရက်လောက်အကြာမှာ သံရုံးက ကျုပ်ဆီကို ဖုန်းဆက်ကာ “ ဂျပန်ဆရာက Acceptance original ကို ဇန္နဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာန၊ ပါမောက္ခသို့ လိပ်မူလျှက် ပို့ပေးထားပြီးဖြစ်ကြောင်း…၊ ဒါကြောင့် အခု သွားရောက်စုံစမ်းပြီး ချက်ချင်းလာပေးဖို့…” ပြောပါတော့တယ်။

ကျုပ်လည်း ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာန ပါမောက္ခဆရာမကြီးထံ အပြေးသွားကာ အကျိုးအကြောင်း ရှင်းပြရတာပေါ့။ ဆရာမကြီးက ရုံးစာရေး ကိုမောင်ဆန်းကို စာဝင်-စာထွက်တွေ သေခြာပြန်စစ်ခိုင်းပါတယ်။ ဒါပေမဲ့ နိုင်ငံခြားက ဘယ်စာမှ အဝင်မရှိ…။ သံရုံးက ပြောတဲ့အတိုင်းဆိုရင် စာက ရောက်ချိန်တန်နေပါပြီ…။ ဘာဖြစ်လို့ မရာက်တာလဲ…။ ဆရာမကြီးကတော့ “ကိုမိုးစံရေ… ရန်ကုန်တက္ကသိုလ်စာတိုက်ကို အခုချက်ချင်း သွားပြီး မေးလိုက်ပါ… ဒို့စောင့်နေမယ်” လို့ ဆိုတာကြောင့် ကျုပ်လည်း အပြေးအလွှား သွားခဲ့ရတာပေါ့…။

ဟိုရောက်တော့ စာတိုက်တာဝန်ရှိသူ တယောက်ကို အကျိုးအကြောင်း ရှင်းပြကာ ဝင်ရှာခွင့် တောင်းလိုက်ပါတယ်။ သူတို့က အမျိုးမျိုး တားနေတဲ့ကြားကပဲ ကျုပ်က အထဲကို ရောက်သွားခဲ့ပါတယ်။ အခုချိန် ပြန်စဉ်းစားကြည့်တော့ ဘယ်လိုမှ မမှတ်မိတော့…။ ကျုပ် မှတ်မိတာကတော့ အဲဒီအချိန်မှာ သံရုံးရဲ့အပြောကို ယုံကြည်ပြီး ရောက်ချိန်တန်လို့မှ ရောက်မလာခဲ့တဲ့ အင်မတန်အရေးကြီးလှတဲ့ Acceptance အတွက် တော်တော်လေးကို စိတ်တိုနေတာပါ။ ဖြစ်ချင်တော့ အထဲကို ဝင်ရှာလိုက်တာနဲ့ စင်ပေါ်မှာ Professor, Psychology Department ဆိုတဲ့ အဝါရောင်စာအိတ်လေးက အပေါ်ဆုံးမှာ ထင်းထင်းကြီး ရှိနေပါတယ်။ ကျုပ်က “ဒီစာပဲ” လို့ ပြောလိုက်ပြီး စာဝင်ရက်စွဲကို ကြည့်လိုက်တော့ ဖေဖေါ်ဝါရီ ၇ ရက်နေ့ကတည်းက ရောက်နေတာပါ။ အဲဒီမှာ ကျုပ်က “စာတိုက်နဲ့ လမ်းပဲ ခြားတဲ့ စိတ်ပညာဌာနကို မပို့ပဲ… ဘာဖြစ်လို့ စာတိုက်မှာတင် တပတ်ကျော်ကျော် သိမ်းထားတာလဲ…” ဆိုပြီး ကြမ်းတော့ ရမ်းတော့တာပါပဲ…။ တိုင်မယ်-တောမယ်နဲ့ တကယ်ကို ရမ်းခဲ့မိတာပါ။ သူတို့ကတော့ အကြိမ်ကြိမ် တောင်းပန်ခဲ့ကြတာပေါ့။

ဌာနပြန်ရောက်တော့ စာကို ဆရာမကြီးလက်ထဲ ထည့်လိုက်ပါတယ်။ ဆရာမကြီးကလည်း ကျုပ်ရှေ့မှာတင် ချက်ချင်းဖောက်ကြည့်လိုက်တော့ ဇန္နဝါရီ ၂၇ ရက်စွဲနဲ့ရေးလိုက်တဲ့ Cover letter နဲ့ Acceptance original ပါ။ ဆရာမကြီးက “ ကဲ… ကိုမိုးစံ သံရုံးကို အချိန်မှီ ပြေးပေတော့” လို့ ဆိုတာကြောင့် ဒုန်းစိုင်းလို့ ပြေးခဲ့ရပါကြောင်း…။

Friday, May 8, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၇)

Scholarship က ရပြီးသားဆိုတော့ Acceptance အချိန်မှီရရင် April မှာ ထွက်ရမယ်ဆိုပြီး စာသင်မပျက် ရုတ်တရက် မင်္ဂလာဆောင်လိုက်ပါသေးတယ်။ ကျုပ်ကလည်း တောက… သူမကလည်း တောက… ဆိုတော့ နှစ်ဘက်ပေါင်းမှ လူ ၃၅၀ လောက် ဖိတ်ကာ “ဇီဝိတဒါနသံဃာ့ဆေးရုံ” မှာ ဆွမ်းကပ်ရင်း ဧည့်ခံပွဲလေး လုပ်လိုက်တာပေါ့။ အဲဒီတုန်းကတော့ လာသမျှသူတွေကို ဟင်းနှစ်မျိုး (ဆိတ်သား နဲ့ ဝက်သား) နဲ့ ထောပတ်ထမင်း ကျွေးခဲ့တာမှ ကျပ်ငွေ သုံးသိန်းကျော်ကျော်လေးပဲ ကုန်ခဲ့ပါတယ်။ အခုတော့ မသိ…။

မင်္ဂလာဆောင်အပြီး တလလောက်အကြာမှာ Acceptance အတွက် အကူအညီ တောင်းခံထားတဲ့ ဂျပန်က စီနီယာ ၂ ယောက်ဆီကနေ “ NO ” ဆိုတဲ့ ပြန်ကြားချက်အဖြေကို ဝမ်းနည်းစွာနဲ့ လက်ခံရရှိခဲ့ပါတယ်။ ဘာများတတ်နိုင်အုံးမှာလဲ…။ သူတို့ပြောသမျှ အမှန်တွေပဲလို့ ယုံကြည်ခဲ့ရတာပေါ့။ UFL မှာ တက်ရတဲ့ ဂျပန်စာသင်တန်းကိုလည်း “သင်ကြားရေးတာဝန်တွေ များပြားမှု နဲ့ ဆရာအင်အား မလုံလောက်မှု” ကို အကြောင်းပြကာ တရားဝင်တက်ရောက်ခွင့် မပြုခဲ့ပါဘူး။ ကျုပ်တို့ပညာရေးက ဘော်ဒါတွေ ဂျပန်စာ တက်-ကျက်နေတဲ့အချိန်မှာ ကျုပ်က သင်ကြားရေး-စာမေးပွဲ တာဝန်တွေနဲ့ လုံးလည်လိုက်နေတာပေါ့။ အတန်းမရှိတဲ့ရက်တွေမှာ တယောက်တည်း ဘက်ပဲ့စွာ ဆေးစစ်ခဲ့ရပါတယ်။ ကျုပ်ပါမောက္ခရဲ့စကားကို ပြန်လည် ကိုးကားရရင်တော့ “ပညာသင်ကိစ္စဟာ ကျုပ်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စ”ဖြစ်တာမို့ နိုင်ငံတော်တာဝန်လောက် အဓိကမကျဘူးလို့ ဆိုခဲ့ပါတယ်။ အချို့ကတော့ ဆရာ့ကို စာအုပ်ကြီးသမားလို့လည်း ကင်ပွန်းတတ်ကြပါတယ်။ ကျုပ်ကတော့ သူ့ရဲ့မြေစာပင်လေး တပင် ဖြစ်ခဲ့ရတာပေါ့။

စီနီယာတွေဆီက Acceptance မရနိုင်တော့ဘူး ဆိုတာ သိတဲ့အချိန်ကစလို့ ကိုယ်ကိုတိုင် ရှာပုံတော် ဖွင့်ဖို့ ကြိုးစားရပါတော့တယ်။ ပထမဆုံး ကျုပ်တို့ မဟာတန်းတက်တဲ့အချိန်မှာ လေးလလောက် သင်ကြားပေးခဲ့လို့ ဆရာမ တော်ခဲ့ဖူးပြီး ဂျပန်မှာ ရှိနေတဲ့ အဲဒီဆရာမကို မြန်မာပြည်ကနေ တိုက်ရိုက် ဖုန်းခေါ်ခဲ့ပါတယ်။ ဆရာမကတော့ “မင်းရဲ့ အင်္ဂလိပ်စာနဲ့ ဂျပန်စာ ဘယ်အခြေအနေမှာ ရှိသလဲ…၊ သူ့ဆရာက ပင်စင်သွားပြီမို့… ပရိုက်ဗိတ်ကျောင်းတကျောင်းကို ချိတ်ပေးနိုင်တယ်” လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အဆညမှာ ရှိတဲ့ ကွန်ပြူတာဌာနကို သွားကာ တနာရီ ၁၅၀၀ ကျပ်နဲ့ အင်တာနက်ကြည့်ကာ ကိုယ့်ဘာသာရပ်နဲ့ ဆက်ဆိုင်မယ်ထင်တဲ့ ဂျပန်ပါမောက္ခဆရာတွေရဲ့ email လိပ်စာတွေကို ကူးယူပါတယ်။ ဆရာ ၃၅ ယောက်တောင် ရှိခဲ့ပါတယ်။ အဲဒီဆရာတွေဆီကို ကျုပ်ရဲ့ ကိုယ်ရေးအချက်အလက်၊ မဟာကျမ်းအကျဉ်းချုပ်၊ ဂျပန်မှာ ကျုပ်လုပ်ချင်တဲ့ Research proposal နဲ့အတူ ဖြစ်နိုင်ပါက ကျုပ်ကို လက်ခံသင်ကြားပေးဖို့အတွက် မောတ္တာရပ်ခံစာတစောင်တို့ကို Attached file လုပ်ပြီး ကျုပ်ရဲ့အမျိုးသမီး အလုပ် လုပ်ရာ ကုမ္ပဏီရုံးမှ တဆင့် တပြိုင်တည်း ပို့လွှတ်ခဲ့ပါတယ်။ ပြန်လည် ဆက်သွယ်ရန် email address ကိုတော့ ရန်ကုန်စိတ်ပညာပါမောက္ခ ဆရာမကြီးရဲ့ လိပ်စာကို အကူအညီတောင်း အသုံးပြုခဲ့ရတာပေါ့။ နောက်ပြီး ဆရာဦးခင်မြင့် ဂျပန်သုံးလ သွားစဉ်က သိခဲ့တဲ့ ဂျပန်ဆရာကြီးတယောက်ထံကိုလည်း စာတိုက်မှတဆင့် ဆက်သွယ်ခဲ့ပါသေးတယ်။ အချိန်မှီ ရလိုရငြား ကိုယ်တတ်နိုင်သမျှ-လက်လှမ်းမှီသမျှကို ကြိုးစားလုပ်ဆောင်ခဲ့ရတာပေါ့…။ ကျန်တာကတော့ ကံစီမံရာပေါ့လေ…။

ဂျပန်ကို ပညာသင် သွားရ-မသွားရ မသေခြာသေးပေမဲ့… စိတ်နှလုံးသား မွန်မြန်လှတဲ့ အညာတောသူ မိန်းမတယောက်ကိုတော့ ဘဝလက်တွဲဖေါ်အဖြစ် ရလိုက်ပါပြီ…။ ရလိုက်ပါပြီ…။

Wednesday, May 6, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၆)

အမှန်တကယ်ကတော့ ပညာရေးအတိုင်ပင်ခံ ဆရာမရဲ့လမ်းညွှန်မှုဟာ မလွဲပါဘူး…။ အတိအကျကို မှန်ကန်ပါတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ အရင်ရောက်နေတဲ့ စီနီယာရဲ့ကူညီလိုတဲ့ စိတ်ဆန္ဒ အတိုင်းအတာအပေါ်မှာ အများကြီး မူတည်တာပေါ့။ တကယ်ကူညီလိုတဲ့ စိတ်စေတနာမှန်တွေသာ ရှိခဲ့မယ်ဆိုရင် သူတို့စီနီယာတွေ လုပ်ပေးနိုင်တာတွေက ဒုနဲ့ဒေးပါ…။ အရင်ပို့စ်ရဲ့နိဂုံးမှာ ရေးခဲ့သလို မြန်မာတွေရဲ့စိတ်နေစရိုက်ကို ကျုပ်ရဲ့ကိုယ်တွေ့ဖြစ်စဉ်လေးတခုကနေ ခန့်မှန်းသုံးသပ်ကြည့်လိုက်ပါရစေ…။ တစုံတယောက်အပေါ်မှာ နစ်နာစေလိုတဲ့ စိတ်ဆန္ဒ မရှိသလို… ကျုပ်တယောက်တည်းရဲ့ ကိုယ်ပိုင်အမြင် ယုံကြည်ချက်သာ ဖြစ်ပါကြောင်း ကြိုတင်အသိပေးထားခဲ့ပါရစေ…။

ဂျပန်သံရုံးမှာ အင်တာဗျူး ဖြေပြီးကတည်းက အချိန်မှီ Acceptance ရဖို့အတွက် ဂျပန်မှာရှိနေတဲ့ ကျုပ်ရဲ့စီနီယာဆီကို ပါမောက္ခမှ တဆင့် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Waiting list မထွက်ခင်ကလေးမှာပဲ “NO” ဆိုတဲ့အဖြေကို ပြန်ကြားခဲ့ပါတယ်။ သံရုံးက ပညာရေးအတိုင်ပင်ခံ ဆရာမရဲ့ လမ်းညွှန်မှုကို သိခဲ့ရပြီးတဲ့နောက်မှာ စီနီယာကို ကျုပ်ကိုယ်တိုင် ဒုတိယအကြိမ် ထပ်မံဆက်သွယ်ကာ အကူအညီ တောင်းခံခဲ့ပါတယ်။ ဒီတခါလည်း “NO” ပါပဲ…။ ဂျပန်ဆရာတွေက ဘာဖြစ်လို့ လက်မခံချင်တာလဲလို့ အတွန့်တက်မေးတဲ့အခါ… သူဖြေလိုက်တာကတော့ “ဂျပန်မှာ ပါမောက္ခဆရာတွေဟာ နိုင်ငံခြားကျောင်းသားကို တစ်ယောက်ထက်ပိုပြီး လက်မခံရဘူး…”လို့ ဆိုပါတယ်။ ကျုပ်ကလည်း ဂျပန်မရောက်ဖူးတော့ သူပြောသမျှ ယုံရတာပေါ့…။ ဒါက မြန်မာပြည်မှာ ကျုပ်နဲ့တက္ကသိုလ်တခုတည်း… ဌာနတခုတည်းမှာ တာဝန်ကျနေတဲ့ စီနီယာရဲ့ ကူညီမှုပါ။

နောက်စီနီယာတယောက်ရှိပါသေးတယ်။ သူမကတော့ မန္တလေးစိတ်ပညာက စီနီယာဆရာမ တယောက်ပါ။ သူမကိုလည်း ကျုပ်က လုံးဝ မသိပါဘူး။ ဒါကြောင့်လည်း မန္တလေးစိတ်ပညာက သူမနဲ့ရင်းနှီးတဲ့ ဆရာမတယောက်ကနေ တဆင့် မိတ်ဆက်စာရေးပေးစေကာ Acceptance ရဖို့အတွက် အကူအညီ တောင်းခံခဲ့ပါသေးတယ်။ အဲဒီစီနီယာဆရာမကတော့ “ ဂျပန်ဆရာတွေဟာ အင်္ဂလိပ်စာ နည်းနည်းညံ့လို့ နိုင်ငံခြားသားကျောင်းသားတွေကို လက်မခံချင်ကြဘူး” ဆိုတဲ့ ငြင်းဆန်မှုအကြောင်းပြချက် ပြန်စာတစောင်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဒါက မန္တလေးက ဒုတိယစီနီယာရဲ့ကူညီမှုလေးပါ။

ဒီဖြစ်စဉ်နှစ်ခုကို ကြည့်မယ်ဆိုရင် စီနီယာတွေရဲ့ကူညီလိုတဲ့ စိတ်စေတနာမှန်ကို ခန့်မှန်းသုံးသပ်နိုင်ပါတယ်။ ကျုပ်ကတော့ သူတို့ရဲ့အကူအညီကို တရားဝင်တောင်းခံခဲ့တာပါ။ သူတို့ရဲ့တုန့်ပြန်ချက်ကလည်း အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်းပါပဲ…။ အဲဒီ တုန့်ပြန် အကြောင်းပြချက်တွေ မှန်တယ်-မှားတယ်၊ ယုတ္တိရှိတယ်-မရှိဘူး ဆိုတာကလည်း ဂျပန်မှာ ပညာသင်ဖူးသူတိုင်း သိကြပါတယ်။ အထဲကနေ သူတို့ပြောသမျှ ယုံခဲ့ရသူမို့ ဒီအတွက် ဘာမှ စောဒက မတက်လိုပါဘူး။ ဒါပေမဲ့ ကျုပ်စိတ်ဝင်စားတာက ကျုပ်ကို ကူညီဖို့အတွက် စီနီယာတွေ ဘယ်လောက်အတိုင်းအတာထိ ကြိုးစားအားထုတ်ခဲ့သလဲ…။ တနည်းအားဖြင့် သူတို့ရဲ့ ကူညီလိုမှု စိတ်စေတနာအတိုင်းအတာကိုသာ ဆန်းစစ်ကြည့်လိုတာပါ…။

သူတို့ရဲ့တုန့်ပြန်မှုတွေကို လေ့လာကြည့်ရင် Acceptance ရဖို့အတွက် ဘာတခုမှ ကြိုးစားအားထုတ်မှု ရှိခဲ့ကြဟန် မတူပါဘူး…။ သူတို့ရဲ့ဆရာတွေနဲ့ ဌာနမှာရှိနေတဲ့ အခြားဆရာ-ဆရာမတွေကိုလည်း ကျုပ်ရဲ့ကိုယ်ရေး-ပညာရေးဖိုင်ကို ပြပြီး လက်ခံပေးဖို့ Request လုပ်ခဲ့ကြဟန် မရှိပါဘူး…။ နောက်ဆုံးအဆင့် ဂျပန်မှာ Enter တချက် ခေါက်လိုက်ရုံနဲ့ ရနိုင်လောက်တဲ့ သူတို့ရောက်နေတဲ့ဌာနက ပါမောက္ခဆရာ-ဆရာမတွေရဲ့ Email address လေးကိုတောင် မျှဝေမှု မပြုခဲ့ကြပါဘူး…။ အင်မတန် အံ့သြဖို့ မကောင်းပေဘူးလား…။ ဘာတခုမှ ကူညီဖို့ မစဉ်းစား-မကြိုးစားပဲ သူတို့အထင် သူတို့အမြင်နဲ့ သူတို့ဘာသာ ဆုံးဖြတ်ကာ “သူတို့ကတော့ ကူညီပါတယ်… ဒါပေမဲ့ ဒီက ဆရာတွေက လက်မခံချင်ဘူးဆိုသော NO” ဆိုတဲ့အဖြေကိုပဲ အလွယ်တကူ ပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကူညီလိုမှု ဆန္ဒအတိုင်းအတာကို ခန့်မှန်းကြည့်နိုင်တာပေါ့။ ဒါက ကျုပ်ရဲ့ထင်မြင်ချက်… ယူဆချက်… ယုံကြည်ချက်ပါ။ ဟုတ်မဟုတ်-မှန်မမှန်ကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျုပ်ဘဝမှာတော့ အဲဒီ Acceptance နှောင့်နှေးကြံ့ကြာခဲ့မှုကြောင့် ဂျပန်မှာ ပြဿနာ-ဒုက္ခ-အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း ရင်ဆိုင်နေရဆဲပါ…။

မြန်မာတို့ရဲ့ ရင်းနှီးဖေါ်ရွေပြီး သူတပါးကို ကူညီလိုလှပါတယ်ဆိုတဲ့ စိတ်ရင်းစေတနာမှန်တွေက ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ ပြောင်းလဲသွားခဲ့ပြီလား…။ ပြောင်းလဲနေပြီလား…။ ပြောင်းလဲသွားတော့မှာလား…။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စီနီယာတွေဟာ ပညာတတ်အလွှာက သူတွေပါ။ ရင်ထဲက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေကို ထုတ်ဖေါ်ပြသဖို့ သင့်-မသင့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး ဦးနှောက်အသိဥာဏ်နဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတွေပါ။ ဒီလို ပညာတတ်အသိုင်းအဝိုင်းမှာတောင် ဒီလိုစိတ်ဓါတ်တွေ ရှိနေကြပြီဆိုရင်… သာမန်ပြည်သူတွေ ကြားမှာရော ဘယ်လိုနေမလဲ…။ အနာဂါတ်မြန်မာတွေရဲ့ စိတ်နေစရိုက်အတွက် စဉ်းစားတွေးတောစရာပါ…။

ကျုပ်က စီနီယာဖြစ်လာတဲ့အချိန်မှာလည်း နောက်က ဂျူနီယာတယောက်က Acceptance အတွက် အကူအညီတောင်းခံလာခဲ့ဖူးပါတယ်။ ကျုပ်က ဂျပန်ဆရာတယောက်ရဲ့အခန်းကို တံခါးခေါက် ဝင်ခွင့်တောင်းကာ ချက်ချင်းရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ကူညီမှုအတွက် အသိအမှတ်ပြုခြင်း-မပြုခြင်း ပတိပက္ခတွေ ဘယ်လိုပင် ခံစားခဲ့ရ-ခံစားနေရဆဲဖြစ်ပေမယ့် အခုချိန်အထိတော့ ကူညီလိုတဲ့စိတ်ဆန္ဒလေးက ရင်မှာကိန်းအောင်းနေဆဲပါ…။ ကိုယ်တတ်နိုင်သရွေ့ပေါ့။

သင်ကော စီနီယာတယောက်ဖြစ်လာလို့ သင့်ဂျူနီယာတယောက်က အကူအညီ တောင်းခံလာခဲ့ရင်… ဘယ်လိုတုန့်ပြန်ဖို့ စိတ်ကူးထားပါသလဲ…။ စိတ်ကူးထားပါသလဲ…။

Monday, May 4, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၅)

ကျုပ်မှတ်တာ မမှားခဲ့ရင် နိုဝင်္ဘာလထဲမှာ ထင်ပါရဲ့…။ ဂျပန်မူဘူးရှိုးက ရွေးချယ်လိုက်တဲ့ မူဘူးရှိုး ပညာသင်ဆု ရရှိတဲ့ စာရင်း ထွက်လာပါတယ်။ ကျုပ်ကိုလည်း ဂျပန်သံရုံးက အခုချက်ချင်း လာခဲ့ဖို့ ဖုန်းဆက်ခေါ်တာကြောင့် အိုကေပြီ ဆိုပြီး အပြေးအလွှား သွားခဲ့တာပေါ့။ ဟိုရောက်တော့ ပညာရေးက ငါးယောက်မှာ ကျုပ်တယောက်တည်း “Waiting list” ဆိုပဲ…။ “Waiting list” ဆိုတာ ပညာသင်ဆုပေးဖို့ ရွေးချယ်ပေးလိုက်ပြီးသားပါ။ ဒါပေမဲ့ ဂျပန်မှာရှိတဲ့ ကျောင်းတကျောင်း က ပါမောက္ခဆရာတစ်ယောက်ဆီကနေ “ဒီကျောင်းသားကို လက်ခံသင်ကြားပေးနိုင်ပါတယ်ဆိုတဲ့ Acceptance Letter” ကို အချိန်မှီ မတင်ပြနိုင်တဲ့အတွက် Waiting list အနေနဲ့ ထွက်လာတာပါ။ ငြင်းပယ်လိုက်တာမဟုတ်ပါဘူး။ ကိုယ်က Acceptance letter တင်ပြနိုင်တဲ့အချိန်မှာ အနီးဆုံးပညာသင်နှစ်ကနေ စပြီး တက်ရောက်ခွင့်ရမှာပေါ့။ ထီပေါက်ပြန်တော့ ထီလက်မှတ်က ပျောက်နေလို့ ရှာဖွေရအုံးမယ့် အခြေအနေပေါ့။

သံရုံးက ဒေါ်မာဂရက်ကတော့ ၂၀၀၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ မကုန်ခင် Acceptance letter လာပို့ပေးနိုင်ရင် သူများနည်းတူ April တန်းကို မှီပါတယ်လို့ ဆိုပါတယ်။ ပြီးတာနဲ့ မျက်နှာငယ်လေးနဲ့ ဖြစ်နေတဲ့ကျုပ်ကို သနားလို့ထင်ပါရဲ့… သံရုံးက “ယဉ်ကျေးမှု နဲ့ ပညာရေး” ဌာနကို ခေါ်သွားပြီး ပညာရေးအတိုင်ပင်ခံ ဆရာမတယောက်နဲ့ မိတ်ဆက်ပေးကာ သူကပဲ Acceptance letter အချိန်မှီ မရလို့ အခက်အခဲ ဖြစ်နေတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။

ပညာရေးအတိုင်ပင်ခံ ဆရာမကြီးကတော့ “ စိတ်ပညာမှာ ဂျပန်ပြန် မရှိဘူးလား…၊ အခု ဂျပန်မှာ တက်နေတဲ့ စီနီယာကော မရှိဘူးလား…၊ ဘာမှလုပ်မနေနဲ့ သူတို့ကို ဆက်သွယ်ပြီး အကူအညီတောင်းလိုက်ပါ…၊ မူဘူးရှိုး Scholarship ရထားတဲ့သူတယောက် Acceptence ရဖို့ လွယ်ပါတယ်…၊ မခက်ပါဘူး…” လို့ ပြောပြီးသကာလ.. “ဆရာသာ… ဥပဒေပညာကဆိုရင် ကျမ အခုချက်ချင်း ရအောင် လုပ်ပေးနိုင်ပါတယ်” လို့ ဆိုပါတယ်။ ကျုပ်ကတော့ သူပြောသမျှ ခေါင်းငြိမ့်ကာ နားထောင်ခဲ့ရတာပေါ့။ ဆရာမက တော်တော်လေး သွက်သွက်လက်လက်ရှိပြီး ကူညီလိုတဲ့ စိတ်ဆန္ဒရှိသူ ဥပဒေပညာက ဆရာမ ဒေါက်တာ(ဒေါ်)စောယုနွယ် ပါ။

တကယ်တော့ ဆရာမ အကြံပေးတဲ့ လမ်းညွှန်ချက်တွေကို ကျုပ်က လုပ်ခဲ့ပြီးသားပါဆိုရင်… ဆရာမတယောက် အံ့သြသွားလေမလား…။ ကျုပ်ကိုယ်တိုင်မဟုတ်ပေမဲ့ ကျုပ်ရဲ့ ပါမောက္ခဌာနမှူးကတဆင့် ဒီအင်မတန် အရေးကြီးလှတဲ့ Acceptance ကို အချိန်မှီရအောင် ကြိုးစားခဲ့ပြီးသားပါ။ ကျုပ်ကိုယ်တိုင် မကြိုးစားခဲ့တာက ဂျပန်ကိုရောက်နေတဲ့ အဲဒီ စီနီယာကို လုံးဝ မသိခဲ့တာကြောင့်ပါ။ နာမည်တော့ ကြားဖူးပါတယ်။ ကျုပ် ဆရာပေါက်စ ဖြစ်တဲ့အချိန်မှာ သူက ဂျပန်ကို ရောက်နေပါပြီ။ သူဟာ ကျုပ်နဲ့ တက္ကသိုလ်တခုတည်း… တဌာနတည်းပါ။ သူဟာ ကျုပ်ရဲ့ စီနီယာလို့ ပြောလို့ရသလို… ကျုပ်တို့ပါမောက္ခ ဆရာဦးခင်မြင့်ရဲ့ တပည့်ရင်းဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ဆရာကလည်း ကျုပ် သံရုံးမှာ အင်တာဗျူး ဖြေပြီးကတည်းက Acceptance ရဖို့ စိတ်မပူနဲ့…။ အမြဲတမ်း အဆက်အသွယ် ရှိနေတဲ့ သူ့တပည့်ရင်းဖြစ်သူ ကျုပ်ရဲ့စီနီယာကတဆင့် အချိန်မှီရအောင် လုပ်ပေးမယ်ဆိုတာကြောင့် အေးအေးဆေးဆေး လေချွန်ပြီး နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီ Waiting list မထွက်ခင်ကလေးမှာပဲ စီနီယာဆီက “No” ဆိုတဲ့ အဖြေကို ပါမောက္ခမှတဆင့် အကြောင်းပြန်ခဲ့ပါတယ်။

အတိုင်ပင်ခံ ဆရာမကြီးရဲ့ “ အခု ဂျပန်မှာ လက်ရှိတက်နေတဲ့ စီနီယာတွေကိုသာ အကူအညီတောင်းလိုက်ပါ…၊ မူဘူးရှိုးစကောလားရှစ် ရထားပြီးသား လူတယောက်အတွက် Acceptance letter ရဖို့ မခက်ပါဘူး…” ဆိုတဲ့ လမ်းညွှန်မှုဟာ လွဲများ လွဲနေပြီလား…။ ဘာတွေများ မှားယွင်းနေပြီလဲ…။ မြန်မာလူမျိုးတွေရဲ့ ရင်ထဲအသဲထဲက ကူညီတတ်ပါတယ်ဆိုတဲ့ စိတ်စေတနာတန်ဖိုးထားမှုတွေကရော… နေရာ .. အခြေအနေ..အချိန်အခါကိုလိုက်လို့ အရောင် ပြောင်းလဲသွားတတ်ပါသလား…။ ဒါမှမဟုတ်… အင်မတန် မွန်မြန်လှတဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေဟာ လူကြားကောင်းအေင် “စကားလုံး” အဖြစ်နဲ့သာ ပြောဆိုတည်ရှိနေပြီး လက်တွေ့ဘဝမှာ ကျင့်ကြံအားထုတ်မှု မရှိကြတော့ဘူးလား…။ ဒါမှမဟုတ်… လိုက်နာကျင့်သုံးမှု လျော့နည်းလာကြတာလား…။ ဒါမှမဟုတ်… ကျုပ်တို့မြန်မာလူမျိုးတွေကြားမှာ “မုဒိတာစိတ်တွေ ဆုတ်ယုတ်ကာ မနာလိုဝန်တိုစိတ်တွေ တိုးပွား များပြားလာလေရော့သလား…”။

ယနေ့ခေတ် မြန်မာတွေရဲ့စိတ်နေစရိုက်ကို ယေဘုယျအားဖြင့် လေ့လာသုံးသပ် အကဲဖြတ် နိုင်ဖို့အတွက် ကျုပ်ဘဝမှာ မေ့ပျောက်ဖို့ အတင်းကြိုးစားခဲ့-ကြိုးစားနေရတဲ့ ဒီအတိတ်က ဇာတ်ကြောင်းလေးကို မပြောချင်ပေမဲ့ ပြောရအုံးမှာပေါ့လေ…။ မလွမ်းချင်ပေမဲ့ လွမ်းရအုံးမှာပေါ့…။ လွမ်းရအုံးမှာပေါ့…။

Saturday, May 2, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၄)

ဂျပန်သံရုံးမှာ ပထမတစ်ရက်က အင်္ဂလိပ်စာ နဲ့ ဂျပန်စာ ရေးဖြေ ဖြေခဲ့ရပါတယ်။ ကျူပ်တို့ ပညာရေးက ငါးယောက် (ဓါတု၊ရူပ၊သင်္ချာ၊သမိုင်း၊စိတ်ပညာ) အပါအဝင် ဌာနပေါင်းစုံက ဆန်ကာတင်ဝန်ထမ်းတွေ အယောက် ၅၀ ကျော် ဖြေဆိုခဲ့ကြတာပါ။ အင်္ဂလိပ်စာကို အချိန်ပြည့်ထိုင်ကာ ကြိုးစားဖြေခဲ့ပေမယ့် ဂျပန်စာကိုတော့ ဘာမှမသိတာကြောင့် အမြန်ဆုံး ၅ မီးနစ်နဲ့ အပြီး ဖြေခဲ့ရပါတယ်။ နောက်နေ့ကစလို့ အုပ်စုခွဲကာ လူတွေ့နှုတ်ဖြေ အင်တာဗျူး ဝင်ရပါတယ်။

ကျုပ် အင်တာဗျူးဝင်တော့ အခန်းထဲမှာ စစ်မေးမယ့်သူ သုံးယောက်ပဲ ရှိပါတယ်။ ကျုပ်တို့ အဆညအင်တာဗျူးလို Formal ပုံစံမဟုတ်ပဲ လေးယောက်ထိုင် ဆက်တီစားပွဲတစုံမှာ ထိပ်တည့်တည့်က ဂျပန်မျိုးသမီးတယောက် ထိုင်နေပြီး ဘေးဝဲယာ နှစ်ဘက်မှာတော့ အညာသားရုပ် ပေါက်တဲ့ မြန်မာဆရာကြီး နှစ်ယောက် ထိုင်နေပါတယ်။ ကျုပ်က အခန်းထဲဝင်လိုက်တာနဲ့ ဂျပန်အမျိုးသမီးနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ရတာပေါ့။ အင်တာဗျူးစတာနဲ့ ဂျပန်အမျိုးသမီးက “အခု ဒီအဆင့်ထိရောက်လာအောင် ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ ဌာနတွင်းပညာသင်ရွေးချယ်မှုပုံစံ…၊ လက်ရှိတာဝန်ယူသင်ကြားပေးနေရတဲ့ အတန်းတွေနဲ့ ဘာသာရပ်တွေကို အကြိုမိတ်ဆက် မေးပြီးသကာလ… ကျုပ်ရေးတင်ထားတဲ့ Proposal နဲ့ ပတ်သက်လို့ စေ့စေ့စပ်စပ် စစ်စစ်ပေါက်ပေါက်ကို မေးပါတော့တယ်။ သူမက မေး… ကျုပ်က ဖြေပေါ့…။ တခါတလေ ကျုပ်ပြောတဲ့ အင်္ဂလိပ်စာကို သူနားမရှင်းရင် ညာဘက်မှာ ထိုင်နေတဲ့ ဆရာကြီးကို မေးပါတယ်။ ဆရာကြီးက ကျုပ်ကိုပြန်မေး… ကျုပ်က ပြန်ဖြေပေါ့။ သူမနဲ့တော့ တော်တော်လေးကို အချီအချ ပြောခဲ့ရပါတယ်။

သူမပြီးတော့ ဘယ်ဘက်မှာ ထိုင်နေတဲ့ ဆရာသမားက စာရွက်စာတမ်းတွေ လှန်လော ကြည့်နေရင်းကနေ “ အဝေးသင်ကနေ ဒီကိုရောက်လာဖို့ တော်တော်ကြိုးစား ရုန်းကန်ခဲ့ရမှာပဲနော်…၊ နဲနဲလောက် အကျဉ်းချုံးပြီး ပြောပြပါလား…ဆရာ” လို့ လမ်းခင်းလိုက်ပါတယ်။ အဲဒီကျမှ မယ်မင်းကြီးမ ဂျပန်မက “အဝေးသင်ဆိုတာ ဘာလဲ…” ဆိုပြီး မြန်မာလို ပီပီသသကြီး မေးလိုက်ပါတော့တယ်။ ကျုပ်ဆိုရင် ပါးစပ်အဟောင်းသားကြီး ဖြစ်သည်အထိ အံ့သြသွားခဲ့ရတာပေါ့။ သူမရဲ့အမေးကိုလည်း စောစောက ကျုပ်ကိုမေးတဲ့ ဆရာသမားက ဖြေလိုက်ပြီး ညာဘက်က ဆရာကြီးက ထပ်ဆင့်ရှင်းပြလိုက်ပါတယ်။ ပြီးတာနဲ့ ကျုပ်က “ အဝေးသင်ကျောင်းသားဘဝမှာ အင်မတန် ပင်ပမ်းခဲ့ပါကြောင်း…၊ အဝေးသင်နဲ့ ကျူဝမ်း-ကျူတူးကို ကုမ္ပဏီအလုပ်တဘက်နဲ့ တက်ခဲ့ရသူမို့ သူများတွေ ကျောင်းတက်နေတဲ့အချိန်မှာ ကိုယ်က အလုပ် လုပ်နေရကြောင်း…၊ သူများတွေ အိမ်ပြန်အနားယူပြီး စာဖတ်နေတဲ့အချိန်မှာ ကိုယ်က အလုပ်မှာပဲ ရှိနေဆဲဖြစ်ကြောင်း…၊ သူများတွေ အိပ်ယာဝင်တဲ့အချိန်ရောက်မှ ကိုယ်က စာကိုဖတ်ခွင့်ရကြောင်း…” အတိုချုပ် ရှင်းပြလိုက်ပါတယ်။

ဘယ်ဘက်က ဆရာသမားကတော့ “ ဆရာ ဖြည့်ထားတဲ့ ဖောင်ထဲမှာ ကုမ္ပဏီလုပ်ငန်း အတွေ့အကြုံ ထည့်မထားဘူးနော်…၊ ဘာဖြစ်လို့ မဖေါ်ပြတာလဲ…” လို့ မေးပြန်ပါတယ်။ ကျုပ်ကလည်း “ ပညာရေးနဲ့ ကုမ္ပဏီလုပ်ငန်းအတွေ့အကြုံ ဘာမှမဆိုင်ဘူးထင်လို့..” ပါ လို့ ဖြေလိုက်တော့…၊ မဟုတ်သေးဘူး..ဆရာ… ဆရာ့ကုမ္ပဏီလုပ်သက်က ၅ နှစ်ကျော်တောင် ရှိတာပဲ…၊ ဒီလိုအလုပ်တဘက်နဲ့ရုန်းကန်ရင်း အဝေးသင်ကနေ တက္ကသိုလ်ဆရာ ဖြစ်လာပြီး ဒီအဆင့်ရောက်လာဖို့ဆိုတာ တကယ်မလွယ်ပါဘူး ဆရာ…၊ လေးစားပါတယ်…၊ ဆရာ့အတွက်ပြောတာပါ… ကုမ္ပဏီလုပ်သက်လေး ထပ်ဖြည့်လိုက်ပါ ဆရာ…” လို့ တိုက်တွန်းပါတယ်။ ကျုပ်ကတော့ ဘာမှမဆိုင်ဘူးလို့ ထင်ပေမယ့် ကျန်တဲ့နှစ်ယောက်ကလည်း ထပ်ဖြည့်စေချင်တဲ့ မျက်နှာအနေအထား တွေ့ရတာကြောင့် ရေးဖြည့်ပေးလိုက်ပါတယ်။ သူတို့ကလည်း “ဆရာ ကံကောင်းပါစေ” လို့ ဆုတောင်းပေးရင်း အင်တာဗျူးကို အဆုံးသတ်လိုက်ကြတာပေါ့။

နောက်ပိုင်းမှာ ပြန်လည်သိခွင့် ရခဲ့တာကတော့ ကျုပ်ရဲ့အင်တာဗျူးမှာ ညာဘက်ကထိုင်ခဲ့တဲ့ ဆရာကြီးဟာ ဆရာကြီး ဒေါက်တာမောင်သင်း (ဒဂုံပါချုပ်-ယခုအငြိမ်းစား) ဖြစ်ပြီး ဘယ်ဘက်က ဆရာသမားကတော့ စာရေးဆရာ ဆရာ(ဦး)ရဲမြလွင် ဖြစ်ပါကြောင်း…။

(အားလုံးကို ကျေးဇူးအထူးတင်လျှက်ပါ။)

Thursday, April 30, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၃)

ရာမညဆောင် အပေါ်ထပ်မှာ ရှိတဲ့ စိတ်ပညာဌာနကို ရောက်တော့ ပါမောက္ခဆရာမကြီးရှိရာ တန်းသွားလိုက်ပြီး အိတ်ပိတ် Recommendation Form မှာ ရေးဖြည့်ထောက်ခံပေးဖို့ မောတ္တာရပ်ခံလိုက်ပါတယ်။ ဆရာမကြီးကတော့ နမူနာချက်ချင်းရေးဖြည့်ကာ လှည်းတန်းလမ်းဆုံမှာ အင်္ဂလိပ်တိုက်ပ်နဲ့ ရိုက်စေပြီး လက်မှတ်ထိုး တံဆိပ်တုံးထုကာ ချိတ်ပိတ်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ ဆရာမကြီးကို ကျေးဇူးတင်စွာ နှုတ်ဆက်လျှက် ပါရဂူဘွဲ့ကြိုတန်း (Ph.D Prelim) တက်နေတဲ့ ကိုမောင်မောင်နိုင် (ယခု ဒေါက်တာမောင်မောင်နိုင်-အဝေးသင်) ကို ခေါ်ထုတ်ကာ မြို့ထဲကို မြန်းခဲ့ကြပြန်ပါတယ်။ မြို့ထဲမှာ မဟာဗန္ဓုလပန်းခြံအနီး ရှေ့နေများကောင်စီရုံးရှိရာ လမ်းဘေးဝဲယာမှာရှိတဲ့ ဖိုတိုကော်ပီဆိုင်တဆိုင်မှ တဆင့် အောင်လက်မှတ်-ဘွဲ့လက်မှတ်တွေကို နိုထရီ (Notary) လုပ်ရပါတယ်။ အင်္ဂလိပ်လက်နှိပ်စက်လည်း အဲဒီမှာ တခါတည်း ရိုက်လို့ရတာကြောင့် ညက လက်ရေးနဲ့ ဖြည့်ထားတဲ့ စာရွက်စာတမ်းတွေကို ပြကာ ကိုမောင်မောင်နိုင်ကို သေခြာရှင်းပြရပါတယ်။ အင်္ဂလိပ်တိုက်ပ် နဲ့ ဖြည့်တဲ့အချိန်မှာ Typing Error မဖြစ်အောင် သေခြာဂရုစိုက် စစ်ဆေးဖို့ ကိုမောင်မောင်နိုင်ကို မှာခဲ့ပြီး… ကျုပ်ကတော့ ပါမောက္ခ နဲ့ ပါချုပ် Recommendation ရရှိဖို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆီကို ဆက်လက်ချီတက်ခဲ့ရပါတယ်။

ဟိုရောက်တော့ ဆရာဦးခင်မြင့်က အဆင်သင့်လုပ်ထားတဲ့ အိတ်ပိတ် Recommendation တစောင်နဲ့ အလွတ်တစောင်ကို ကမ်းပေးရင်း“ကိုမိုးစံ… ပါချုပ်ကြီးရှိတယ်… အခုသွားလိုက်ပါ” လို့ ဆိုတာကြောင့် ဌာနမှာ မနားပဲ အဆောင်-၁ က ပါချုပ်ရုံးခန်းဆီကို တောက်လျှောက် မြန်းခဲ့တာပေါ့…။ ပါချုပ်ရုံးခန်းရောက်တော့ အပေါက်ဝမှာ စာရေးတယောက် စားပွဲတလုံးနဲ့ ထိုင်နေတာကြောင့် သူ့ကို အကျိုးအကြောင်း ရှင်းပြကာ တွေ့ခွင့်တောင်းလိုက်ပါတယ်။ သူက ဆယ်မီးနစ်လောက် စောင့်ပါ ဆိုတာကြောင့် သူပေးတဲ့ ကုလားထိုင်မှာပဲ ထိုင်ကာ စောင့်နေလိုက်ပါတယ်။ တွေ့လို့ရပြီ ဆိုတော့ ကျုပ်လည်း တံခါးဖွင့်ကာ အခန်းထဲ ဝင်လိုက်တာပေါ့…။ ပါချုပ်ကြီးက “ဘာလဲ…” လို့ မေးလိုက်တော့ ကျုပ်ကလည်း ပညာတော်သင်ကိစ္စအကြောင်း အနည်းငယ်ရှင်းပြကာ ပါမောက္ခရဲ့ထောက်ခံစာကို ထိုးပြလိုက်ရင်း ပါချုပ်ကြီးဆီက Recommendation လေး အလိုရှိတဲ့အကြောင်း ဖြေကြားလိုက်ပါတယ်။

ကျုပ်စကားအဆုံးမှာ သူမေးလိုက်တဲ့မေးခွန်းကြောင့် ကျုပ် တော်တော် အံ့သြ တုန်လှုပ်သွားခဲ့ရပါတယ်။ ဘာတဲ့… “ ခင်းဗျားကို ကျနော်မသိဘူး…၊ ကျနော့်ကိုရော ခင်ဗျား သိသလား…တဲ့။” စဉ်းစားတာ ကြည့်ကြပါတော့ဗျာ…။ ပါချုပ်တယောက်က သူ့တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ နည်းပြကျူတာ တယောက်ကို ပြောလိုက်တဲ့ စကားပါ…။ ပါချုပ်က နည်းပြကျူတာပေါက်စတယောက်ကို မသိတာ လက်ခံနိုင်ပေမယ့်… နည်းပြကျူတာတယောက်က ပါချုပ်ကို သိသလားဆိုတဲ့ မေးခွန်းမျိုးကတော့ မမေးသင့်ဘူးလို့ ထင်ခဲ့ပါတယ်။ စာမေးပွဲဂျူတီ…၊ အားကစားဂျူတီ…၊ လုံခြုံရေးဂျူတီ…၊ တံတားဂျူတီ… စတဲ့ စတဲ့ ဂျူတီတွေ ခိုင်းချင်တိုင်း ခိုင်းခဲ့ပြီးမှ အခုတော့ “ ခင်းဗျားကို ကျနော်မသိဘူး…၊ ကျနော့်ကိုရော ခင်ဗျား သိသလား..” ဆိုတဲ့ မေးသံကို ကြားလိုက်ရတော့ “ထောင်းခနဲထလာတဲ့ ဒေါသ” ကို အချိန်မှီ ထိန်းချုပ်ရင်း မချိပြုံး ပြုံးခဲ့ရတာပေါ့။ ပြီးတာနဲ့ “ ကျနော်တို့ နည်းပြဆရာ-ဆရာမ အသစ်တွေကို သီးသန့်တွေ့ဆုံ သြဝါဒမိန့်ခွန်းချွေ” တဲ့ အချိန်ကစလို့ ဆရာကြီးကို သိရှိခဲ့ပါကြောင်း အစချီကာ ရှင်းပြလိုက်ပါတယ်။ ပါချုပ်ကြီးကတော့ “မသိတဲ့လူတယောက်ကို ထောက်ခံချက် Recommendation ရေးပေးဖို့ မလွယ်တဲ့အကြောင်း” ဆက်လက်ရှင်းပြနေတာမို့ မတ်တပ်ရပ်နားထောင်ကာ … သူလည်းစကားဆုံးရော “ကျေးဇူးတင်ပါတယ် ဆရာကြီး” လို့ နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့ပါတယ်။ ဆရာကြီးကတော့ ဘယ်လိုနေမယ်မသိ…။ ကျုပ်ကတော့ အတော်ကို စိတ်အချဉ်ပေါက်ခဲ့တာပါ။

ဌာနပြန်ရောက်လို့ ဆရာ့ကို ပြောပြတဲ့အခါ သံရုံးကို သေခြာရှင်းပြပြီး ဒီနေ့ည ဆရာကြီးအိမ်သွားကာ ရအောင်ယူ… နောက်နေ့မှ သက်ဆိုင်ရာဖိုင်နဲ့ လိုက်တွဲ…” လို့ ဆိုပါတယ်။ ကျုပ်ကတော့ ဆရာပြောသမျှ နားထောင်ပြီးသကာလ ရန်ကုန်မြို့ဆီ အသော့နှင်ခဲ့ပါတယ်။ ဟိုရောက်တော့ လက်နှိပ်စက်နဲ့ ဖြည့်ပြီးသား စာရွက်စာတမ်းတွေကို ကျုပ်ကိုယ်တိုင် သေခြာပြန်စစ်ကာ အပိုကော်ပီတစုံကူးပြီး သံရုံးကို ချီတက်ကြပါတယ်။ သံရုံးရောက်တော့ ညနေ လေးနာရီထိုးဖို့ ဆယ်မီးနစ်အလို…။ သံရုံးမှာ ဒေါ်မာဂရက်က စာရွက်စာတမ်းတွေကို တခုချင်း ပြန်စစ်ပါတယ်။ ပြီးတာနဲ့ ပါချုပ်ထောက်ခံစာကို မနက်ဖန်မနက် ၁၀ နာရီအရောက် လာပို့ပေးမယ်ဆိုရင် လက်ခံတွဲပေးနိုင်တယ်ဆိုတဲ့အကြောင်း မှာလိုက်ပါသေးတယ်။

ဒါပေမဲ့ ကျုပ်က ပါချုပ်ရုံးခန်းက အထွက်မှာကတည်းက “ပါချုပ်ရဲ့ ထေက်ခံချက် Recommendation မပါလို့ ဒီပညာသင်ဆုကြီး ဆုံးရှုံးခဲ့မယ်ဆိုရင်တောင်… ဒီပညာသင်ဆုကို အဆုံးရှုံးခံဖို့ မိုက်မဲစွာနဲ့ ဆုံးဖြတ်ခဲ့ပြီးသားပါ…။ ဆုံးဖြတ်ခဲ့ပြီးသားပါ…။

Wednesday, April 29, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၂)

အဆညအင်တာဗျူး ဖြေအပြီး တလနီးပါးလောက်အကြာမှာ ထင်ပါရဲ့…။ ကျုပ်တို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စိတ်ပညာဌာနက ပါမောက္ခရုံးခန်းမှာ ဌာနတွင်း ဘာသာရပ်သင်ကြားမှု ခွဲဝေရေး အစည်းအဝေး လုပ်ကြပါတယ်။ လူစုံတက်စုံနဲ့ နေ့လည် ၁ နာရီမှာ စကြပါတယ်။ အစည်းအဝေး စပြီး နာရီဝက်လောက်အကြာမှာ ဖုန်းမြည်သံ တဂွမ်ဂွမ် ပေါ်လာတာကြောင့် ဌာနစာရေးမလေးက ကိုင်လိုက်ပြီး ဖုန်းနဲ့အနီးဆုံးနေရာမှာ ရှိနေတဲ့ ပါမောက္ခဌာနမှူး ဆရာဦးခင်မြင့်ကို ထိုးပေးလိုက်ပါတယ်။ ဆရာက “ ဟုတ်ကဲ့… ဟုတ်ပါတယ်… ဟုတ်ကဲ့” လို့ ပြန်ပြောနေရင်းကနေ ကျုပ်တို့အားလုံးကို လက်မ ထောင်ပြပါတယ်။ ကျုပ်တို့ကတော့ ဘာမှနားမလည်…။ ခတ်ကြောင်ကြောင်နဲ့ တယောက်မျက်နှာ တယောက်ကြည့်ကာ မေးငေါ့ နေကြတာပေါ့။ ဆရာက ဖုန်းလည်း ချပြီးရော “ ကိုမိုးစံကို ရွေးလိုက်ပြီ… အခုချက်ချင်း ဂျပန်သံရုံးကို လာခဲ့ဖို့ ဖုန်းဆက်တာ…” လို့ မနားတမ်း ပြောလိုက်ပါတော့တယ်။

ကျုပ်လည်း ရင်တွေ တုန်လှုပ်နေသည်အထိ ဖြစ်နေတဲ့ဝမ်းသာမှုတွေကို ဟန်မပျက် မြိုသိပ်ကာ အားလုံးကို ခွင့်ပန် နှုတ်ဆက်လျှက် သံရုံးမပိတ်ခင် အချိန်မှီရောက်ဖို့အရေး တက္ကစီငှါးကာ အပြေးကလေး ဒိုးခဲ့ရတာပေါ့။ သံရုံးရောက်တော့ ပညာသင်တာဝန်ခံ မြန်မာဝန်ထမ်း ဒေါ်မာဂရက်က စာရွက်စာတမ်းတွေ ထုတ်ပေးကာ လိုအပ်တဲ့အထောက်အထားတွေ နဲ့ ဖေါင်ဖြည့်ပုံကအစ သေခြာရှင်းပြပါတယ်။ ပြီးတာနဲ့ လူကြီးတွေရဲ့ ထောက်ခံချက် Recommemdation က အရမ်း အရေးကြီးတာကြောင့် ပါမောက္ခနဲ့ ပါမောက္ခချုပ်ဆီက ရအောင် ယူခဲ့ဖို့ တတွတ်တွတ် မှာရှာပါတယ်။ သူ့ရဲ့ ကိုယ့်မြန်မာလူမျိုးတွေအပေါ်မှာ ထားရှိတဲ့ စေတနာဆန္ဒတွေကို မြင်တွေ့ခဲ့ရတာပေါ့။ ကျေးဇူးလည်း အထူးတင်မိပါ၏။ သူပေးလိုက်တဲ့ လျှောက်လွှာဖောင်တွေကို လက်ရေးနဲ့ မဖြည့်ရပဲ တိုက်ပ်ရိုက်ပြီး ဖြည့်ကာ မနက်ဖန်ညနေ ၄ နာရီ နောက်ဆုံးထားကာ သံရုံးကို အရောက်ပို့်ရမယ်လို့ ဆိုပါတယ်။

သံရုံးကပေးလိုက်တဲ့ စာရွက်စာတမ်းအားလုံးကို ကော်ပီတစုံ ဆွဲကာ အိမ်ပြန်ခဲ့ပြီး အကြမ်း ဖြည့်ထားလိုက်ပါတယ်။ ပြီးတာနဲ့ “အကယ်၍ ပညာသင်အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရလျှင် ဂျပန်မှာ ကိုယ်လုပ်မယ့် သုတေသနအတွက် Proposal” ရေးရပါတော့တယ်။ ရေးလိုက်-ဖျက်လိုက်… ရေးလိုက်-ပြင်လိုက်နဲ့ ညဥ့်သန်းခေါင် ကျော်သွားပါရောလား…။ နောက်နေ့မနက် ၇ နာရီလောက်မှာ ဆရာဦးခင်မြင့်ကို ကျောင်းကားပေါ် လိုက်တွေ့ကာ “ အိပ်ပိတ် Recommemdation တစောင် ဖြည့်ပေးဖို့နဲ့ အလွတ်တစောင် ရေးပေးထားဖို့” မောတ္တာရပ်ခံလျှက် နေ့လည် ၁၂ နာရီလောက်မှာ လာယူမယ်ဆိုတဲ့အကြောင်း ပြောရတာပေါ့။ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနကို မနက် ၉ နာရီခွဲ အရောက်သွားတော့ ကျုပ်ရဲ့ပြိုင်ဘက်စီနီယာကို အောက်ထပ်မှာ တွေ့ရတာကြောင့် အကျိုးအကြောင်း ပြောပြလိုက်ပါသေးတယ်။ သူကတော့ အံ့သြစွာနဲ့ပဲ “ခင်ဗျား အောင်မြင်မှာပါ” လို့ အားပေးရှာပါတယ်။

တကယ်တော့ အဲဒီပြိုင်ဘက် ဖြစ်လာမယ့် ကျုပ်ရဲ့စီနီယာဟာ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနက လက်ထောက်ကထိက ဆရာတယောက်ပါ။ ကျုပ်တို့ ပညာသင်ဆု လျှောက်လွှာခေါ်တဲ့အချိန်မှာ သူဟာ မင်္ဂလာဆောင်ပြီးကာစ အလုပ်မှ တရားဝင်ခွင့်ယူကာ ပျားရည်ဆမ်းခရီးအကြောင်းပြကာ အိမ်မှာ နှပ်နေသူပါ။ ပညာသင်စည်းကမ်းနဲ့ ဘောင်ဝင်နေတဲ့သူ့ကို ဘယ်သူမှ အသိပေး အကြောင်းကြားခြင်း မရှိခဲ့ပါဘူး။ ကျုပ် လျှောက်လွှာတင်ပြီးလို့ ရန်ကုန်စိတ်ပညာဌာန ရောက်တဲ့အချိန်မှာ သူ့အကြာင်းသိခဲ့ရတာမို့ ကျုပ်ကိုယ်တိုင် သူ့ဦးလေးဆိုသူကို မရ ရအောင် ဆက်သွယ်ကာ အချိန်မှီ အကြောင်းကြားပေးခဲ့တာပါ။ သူဟာ လူတော်တယောက် ဖြစ်သလို… ကျုပ်တို့အားလုံးအတွက် မဟာကြီးမားတဲ့ ပြိုင်ဘက်တယောက်ဆိုတာကိုလည်း ကြိုတင်သိခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ်က “ကျုပ်တို့လို ဘောင်ဝင်နေပြီး ရတောင့်ရခဲ ဒီလိုအခွင့်အရေးမျိုးကို သူလည်း ရသင့်တယ်” ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားစွာ အသိပေးခဲ့တာပါ။ တကယ်လို့ ဒီပညာသင်ဆုကို သူရသွားခဲ့မယ်ဆိုရင်လည်း ကျုပ်က “ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲ” ဆိုပြီး ကျေနပ်နေမှာပါ။ ရိုးသားစွာ ယှဉ်ပြိုင်ကြရတဲ့ ဒီလိုပညာသင်ဆုပြိုင်ပွဲမျိုးမှာ စည်းမျဉ်းနဲ့ ကိုက်ညီသူတိုင်း ပါဝင်ခွင့် ရစေချင်တာက ကျုပ်ရဲ့ မူလအဓိက စေတနာ ဖြစ်ခဲ့ပါတယ်။

စေတနာသည် ရောင်ပြန်ဟပ်သည်ဆိုပါက ဒီဘဝမှာ “တူသောအကျိုးသာ ပေးပါစေ” ဟု ဆုတောင်းပါ၏…။ ဆုတောင်းပါ၏…။

Monday, April 27, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၁)

တကယ်တော့ သူမဟာလည်း ကျုပ်တို့လို အညာသူ-အညာသားတဦးပါ။ ဇာတိကတော့ မုံရွာအနီး ချောင်းဦးမြို့နယ်ထဲက “ငလုံးတင်” ဆိုတဲ့ ရွာကလေးကပါ…။ ဒီရွာကလေးဟာ ချောင်းဦးမြို့ရဲ့တောင်ဘက် ပခုက္ကူသွား ကားလမ်းပေါ်မှာ တည်ရှိပြီး အများစုကတော့ တောင်သူ ယာခင်းလုပ်ငန်းနဲ့ ရိုးသားစွာ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ ပညာရေးအတွက် အလယ်တန်းကျောင်း (နှင့် တွဲဘက်အထက်တန်းကျောင်း) တကျောင်းသာ ရှိပါတယ်။ သူမရဲ့ မိသားစုဟာလည်း ရွာမှာတော့ မရှိ-မရှား တောင်သူလယ်လုပ်သူတွေ ဖြစ်ဟန်တူပါတယ်။ သူမဟာ မွေးချင်း ငါးယောက်အနက် အလယ်ကြားလူဖြစ်ပြီး ၁၀ တန်းကို ရွာတွဲဘက်ကျောင်းကနေ သင်္ချာအမှတ်တစ်ရာအပြည့်နဲ့ အောင်မြင်ခဲ့ကာ၊ ၁၉၉၃ ခုနှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ Commerce ခေါ် ဝါနိဇ္ဇဗေဒ နဲ့ ဘွဲ့ရခဲ့သူပါ (သင်္ချာအမှတ် ၁၀၀ အပြည့် ရတယ်ဆိုတာကို မယုံတဲ့သူတော့ ရှိပါတယ်။ သူများယုံအောင် ပြောနေ-ရေးနေခြင်း မဟုတ်ပဲ… ဘဝရဲ့အမှန်တရားတွေကို ရေးနေခြင်း ဖြစ်တာကြောင့် ကျုပ်ရေးခဲ့သမျှကို လုံးဝ တာဝန်ယူပါကြောင်း… :D ။ ဒါတင်မက အဲဒီခေတ်အဲဒီအချိန်က ခေတ်စားလှတဲ့ လူရည်ချွန်စာမေးပွဲကို တိုင်းအဆင့်ထိ ၈၊ ၉၊ ၁၀ တန်း သုံးကြိမ်တိတိ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့်ရခဲ့သူ ဖြစ်ပါကြောင်း... :D)။ အဲဒီသူမဟာ တောနေလူတန်းစားတို့ ထုံးစံအတိုင်း ဘွဲ့ရပြီး ရွာပြန်ကာ အိမ်မှာပဲ အလုပ်မရှိ အကိုင်မရှိနဲ့ ဒီအတိုင်းနေ နေတာကြောင့် သူမရဲ့ဦးလေးက ရန်ကုန်ခေါ်လာကာ ကုမ္မဏီမှာ စာရင်းကိုင်အဖြစ် ဝင်ရောက်လုပ်ကိုင်စေခဲ့တာပါ။

ကျုပ်အဖွားဟာ သူမတို့အိမ်ကို (ကျုပ်အထင် ) အနည်းဆုံး တနေ့ တခေါက်လောက် သွားသလို… သူမရဲ့အဒေါ်ဟာလည်း ကျုပ်တို့အဒေါ်အိမ်ကို(အဖွားကို ပြန်လိုက်ပို့ရင်း) တနေ့ တခေါက်လောက်တော့ ပုံမှန် အသွားအလာ ရှိဟန်တူပါတယ်။ အဲဒီကစလို့ ကျုပ်အဖွားက သူမရဲ့အနေအထိုင်… အသွားအလာ… အပြောအဆို… စိတ်နေသဘောထားတွေကို သဘောကျလာခဲ့ဟန်တူပါတယ်။ အဲဒီလိုပဲ တဘက်က သူမရဲ့ဦးလေးနဲ့အဒေါ်တို့ကလည်း သူတို့တူမကို (ပိုက်ဆံမရှိရင် နေပါစေ) ရိုးသားပြီး ကြိုးစားတဲ့ကျုပ်နဲ့ အိမ်ထောင်ချပေးချင်တဲ့အကြောင်း တိုက်ရိုက်ကမ်းလှမ်းခဲ့ကြတာပါ (ဟဲ ဟဲ… ဒါကတော့ ကြုံကြွားလေးပေါ့ဗျာ…၊ သူတို့ကလည်း ကျုပ်ကို ဘယ်အချိန်ကစပြီး သဘောကျနေတယ် မသိပါဘူး… :D)။ အဲဒီနောက် ကျုပ်အဒေါ်က သူမကို အချိန်အတော်ကြာကြာ လေ့လာပြီးကာမှ ကျုပ်တို့မိသားစုနဲ့သင့်တော်တယ်ဆိုပြီး ကျုပ်ကို လက်ခံစဉ်းစားဖို့-အိမ်ထောင်ပြုဖို့ တိုက်တွန်းခဲ့တာပါ။

ဒီနေရာမှာ ကျုပ်ဘဝအတွေ့အကြုံအရပြောရမယ်ဆိုရင် ယောက်ျားလေးပဲဖြစ်ဖြစ်-မိန်းခလေးပဲဖြစ်ဖြစ် အနေအထိုင်ဟာ အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့် မိန်းခလေးတွေပေါ့…။ မိန်းခလေးတွေရဲ့အနေအထိုင်-အသွားအလာကို သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်က အမြဲသတိပြုနေတတ်ကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ကောင်းမွန်မှုကြောင့် အဲဒီအနေအထိုင်မှန်တဲ့ မိန်းခလေးတွေ ဘဝတသက်တာ အာမခံချက်ရှိတဲ့ အိမ်ထောင်ဖက်တွေ နဲ့တွေ့ကာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ရရှိသွားကြတာတွေ မနည်းလှပါဘူး။ (ကိုယ်မသိလိုက်ပဲ) ကိုယ့်ရဲ့အနေအထိုင်ကို မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့သူတွေ အစဉ်အမြဲ ရှိနေတယ်ဆိုတာကို မိန်းခလေးတွေ သတိထားသင့်ပါတယ်။ (သံသရာမှာ ကျင်လည်နေရအုံးမယ်ဆိုရင်) ကိုယ့်ဘဝကြီးကို ပြောင်းလဲသွားစေနိုင်တဲ့ အဲဒီအနေအထိုင်ကိုလည်း ဂရုတစိုက်ရှိသင့်တာပေါ့…။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ သူမကို “ ခင်ဗျား… ကျုပ်ဘဝအကြောင်းကို ဘယ်လောက်အထိ သိပါသလဲ…၊ မသိရင် လေ့လာပါ…၊ သူများပြောတိုင်း မယုံပါနဲ့…၊ ကိုယ်တိုင်လေ့လာပါ…” ဆိုတဲ့ စကားတခွန်းပဲ ပြောခဲ့ပါတယ်။

Thursday, April 23, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၀)

အဆညအင်တာဗျူး အပြီးမှာတော့ ကျုပ်အဖွားနဲ့အဒေါ်က ကျုပ်ကို အိမ်ထောင်ပြုဖို့ နေ့စဉ်ညတိုင်း ပုံစံအမျိုးမျိုးနဲ့ နားချပါတော့တယ်။ သူတို့ အဓိကထား စဉ်းစားခဲ့ကြတာကတော့ “အကယ်၍ ကျုပ်က ပညာသင်ရွေးချယ်ခံရလို့ ဂျပန်ကို သွားခွင့်ရခဲ့ရင်… အငယ်ဆုံး ညီမလေးနှစ်ယောက်ကို ဘယ်သူက ထိန်းသိမ်းစောင့်ရှောက်မှာလဲ…” ဆိုတဲ့ ပြဿနာပါ။ ပြီးတော့ ကျုပ်က အိမ်ထောင်ပြုဖို့ အရွယ်လွန်နေတာလည်း ပါတာပေါ့လေ…။ ဒါပေမဲ့ ဘယ်သူ့ကို ယူရမယ်လို့ အတင်းအကြပ် မပြောခဲ့ပါဘူး။ ကျုပ်မှာ ရည်ရွယ်ထားတဲ့ ချစ်သူရည်းစား ရှိရင် သူတို့ဆီကို ခေါ်လာဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ ကျုပ်ကလည်း “မူးလို့တောင် ရှူစရာ” မရှိခဲ့တဲ့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေသူပါ။ အိမ်ထောင်မပြုချင်သေးတာကြောင့် ကျောင်းက လုပ်ဖေါ်ကိုင်ဖက် ညီမငယ်တယောက်ကို အကူအညီတောင်းပြီး ခေတ္တခဏ အယောင်ဆောင်ငှါးပြဖို့ စိတ်ကူးခဲ့ပါသေးတယ်။ နောက်ဆုံးတော့လည်း အရှိကို အရှိတိုင်း “ကျုပ်မှာ ရည်ရွယ်ထားသူ မရှိသေးတဲ့အကြောင်း” ဝန်ခံလိုက်ရတာပေါ့…။

အဲဒီအချိန်ကျမှ ကျုပ်ရဲ့ဟာကွက်ကို ထောက်ပြီး အတင်းနင်းကာ မြန်မြန်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပါတော့တယ်။ အဖွားနဲ့ အဒေါ်ဖြစ်သူက ကျုပ်တို့ မိသားစုရဲ့ နောက်ခံဘဝဇာတ်ကြောင်း…၊ ညီအကိုမောင်နှမတွေအချင်းချင်း ယိုင်းပင်းကူညီပေးနေရမှုတွေ…၊ နားလည်မှုမရှိသူနဲ့ အိမ်ထောင်ကျပါက ရှေ့ဆက်ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အသေးစိတ် နောက်ကြောင်းပြန် ရှင်းပြခဲ့ကြပါတယ်။ ပြီးတာနဲ့ ဒီလိုမိသားစုနောက်ခံရှိတဲ့ ကျုပ်လိုလူတယောက်ရဲ့ အိမ်ထောင်ဘက်ဟာ “ကိုယ်လို တောနေလူတန်းစား အညာသူ အညာသား” တယောက်သာ ဖြစ်သင့်တဲ့အကြောင်း…၊ အခု မင်းမှာလည်း ရည်ရွယ်ထားသူ မရှိဘူးဆိုရင်… မင်းတို့မိသားစုအတွက် သင့်တော်တဲ့သူတယောက် ရှိကြောင်း…၊ သူ့ကိုလည်း ငါတို့ အားလုံးလေ့လာပြီးဖြစ်ကြောင်း…၊ ဒါကြောင့် ငါတို့ ရွေးထားတဲ့သူကို လက်ခံစဉ်းစားစေချင်ကြောင်း… မနားတမ်း တရားဟောကြပါတော့တယ်။

ကဲ… ဟုတ်ပါပြီ… ခင်ဗျားတို့ ရွေးထားတဲ့သူက ဘယ်သူလဲလို့ မေးလိုက်တော့… “မူမူ” လေ…တဲ့။ ဟာဗျာ… ခင်းဗျားတို့ဟာက ကြည့်လည်း လုပ်ကြပါအုန်း…၊ သူက “ အသက်ကလည်း ကြီး… အသားကလည်း ညို… ရုပ်ကလည်း မလှ…” နဲ့ မဖြစ်ပါဘူးလို့ ရုတ်တရက် တုန့်ပြန်လိုက်ပါတယ်။ လူမမာ အဖွားဖြစ်သူကတော့ “ ဟေ့…ငါ့မြေး.. လှတာမက်ရင် ညစာခက်မယ်၊ ရုပ်လှတာ ကိုက်စားလို့ မရဘူး… စိတ်လှဖို့ဘဲ အရေးကြီးတယ်” လို့ဆိုကာ ကျုပ်ကို ဟောက်ပါတော့တယ်။ ကျုပ်လည်း သူတို့ကို ဘာမှ ပြန်မပြောတော့…။

တကယ်တော့ ကျုပ်လည်း မေးပြော-ခေါ်ထူး မရှိပေမဲ့ သူမကို သိနေပါတယ်။ သူမဟာ ကျုပ်တို့အဒေါ်အိမ်ရဲ့ နှစ်အိမ်ကျော်လောက်မှာရှိတဲ့ သူမရဲ့ဦးလေးအိမ်မှာ နေရင်း ကုမ္ပဏီမှာ စာရင်းကိုင်အလုပ် လုပ်နေတာပါ။ သူတို့မိသားစုနဲ့ ကျုပ်တို့အဒေါ်မိသားစုဟာ အညာသူ-အညာသားချင်းမို့ နှစ်အိမ့်တစ်အိမ်တမျှ ရင်းနှီးကြပါတယ်။ သူမက ကျုပ်ညီမတွေအပါအဝင် မိသားစုအားလုံးနဲ့ ရင်နှီးပေမယ့် အဒေါ်အိမ်ကို မိုးချုပ်မှ ရောက်လာတတ်တဲ့ ကျုပ်နဲ့ကတော့ စကားတောင် မပြောခဲ့ဖူးပါဘူး။

အခုတော့ ရှေးရေစက်လို့များ ပြောရလေမလား…။ သူမနဲ့ ဆုံတွေ့ဖို့ ကံကြမ္မာက အတင်းဖန်းတီးလို့ လာနေပြန်ပါပြီ…။ ဒီတခါရော နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေသူ မိုးစံတယောက် ကျန်ရစ်ဖြစ်ခဲ့နေလေအုံးမှာလား…။ ကျန်ရစ်ဖြစ်ခဲ့နေလေအုံးမှာလား…။

Wednesday, April 22, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၉)

အိမ်အပြန် ကျောင်းကားပေါ်မှာတော့ ပါမောက္ခဌာနမှူး ဆရာဦးခင်မြင့်က “ ကိုမိုးစံ… ဘယ်လိုလုပ်မလဲ…၊ ကျန်တဲ့သူတွေကတော့ အောင်စာရင်း သွားမကြည့်တော့ဘူး ပြောနေကြတယ်…၊ ကိုမိုးစံ သွားကြည့်အုံးမှာလား…” လို့ မေးပြန်ပါတယ်။ ကျုပ်ကလည်း “အောင်တယ်-ကျတယ် clear ဖြစ်အောင်တော့ မာလာမှတ်တိုင်မှာ ဆင်းပြီး ကိုယ်တိုင် သွားကြည့်လိုက်ပါမယ်.. ဆရာ ” လို့ တုန့်ပြန်လိုက်ပါတယ်။ ဇူလိုင်လထဲမို့ ထင်ပါရဲ့… ။ မိုးက တဖွဲဖွဲ ရွာနေတဲ့အချိန် တံတားဖြူမှတ်တိုင် ရောက်တော့ ဆရာက “ကိုမိုးစံရေ… Good luck” လို့ နှုတ်ဆက်ရင်း ဆင်းသွားလေရဲ့…။ ရှေ့မှတ်တိုင် “မာလာ” ကို ရောက်ရင် ကျုပ်အလှည့်ပေါ့…။

ကျောင်းဆရာ ကျူတာပေါက်စ မိုးစံတယောက် မိုးရေထဲမှာ ထီးမပါ ဘာမပါနဲ့ ခေါင်းငိုက်စိုက် ချခါ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ခတ်သုတ်သုတ် လျှောက်လှမ်းလို့ နေလေပြီ…။ ဘွဲ့နှင်းခန်းမကြီးကို ဖြတ်ကာ “စာမေးပွဲနှင့် ဘွဲ့နှင်းဌာန” ရောက်တော့ မော်ကွန်းထိန်းကြီးက “ဘာလဲဟေ့… ပညာသင်ကိစ္စလား…၊ မေဂျာနဲ့ နာမည် ပြော…” လို့ ဆိုပါတယ်။ ကျုပ်က “စိတ်ပညာက မိုးစံ…ပါ” လို့ ဖြေလိုက်တဲ့အခါ… မော်ကွန်းထိန်းကြီးက “ဟာ… ဒီနာမည် အောင်တယ်…၊ လာ..လာ.. ဒီမှာလက်မှတ်ထိုး.. မနက်ဖန်မနက် အဆည(အဆင့်မြင့်ပညာဦးစီးဌာန) ကို သွားပြီး သတင်းပို့ရမယ်” ဆိုပြီး အောင်စာရင်း မိတ္တူတစ်စောင် ထုတ်ပေးလိုက်ပါတော့တယ်။ အောင်စာရင်းကို ကြည့်လိုက်တော့ နှစ်ယောက်ပဲ ပါသည်။ နှစ်ယောက်ပဲ ပါမှာပေါ့…။ ဒီအဆင့်တွေက စာမေးပွဲအောင်ရုံတော့ လူတိုင်းဖြေနိုင်ကြပါတယ်။ ဒီအထဲကမှ အတော်ဆုံး (အမှတ်အများဆုံး) နှစ်ယောက်ကို ရွေးချယ်ပေးလိုက်တာပါ။ ကျန်တစ်ယောက်က ကျုပ်ရဲ့စီနီယာ နိုင်ငံခြားမာစတာဘွဲ့ရ လက်ထောက်ကထိက ဆရာတစ်ယောက်ပါ…။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်ကတော့ သူနဲ့အတူ လူတွေ့နှုတ်ဖြေစာမေးပွဲကို ဆက်လက်ယှဉ်ပြိုင်ရပေလိမ့်အုံးမည်။ ကျုပ်တို့ဆီက နိုင်ငံခြားပညာသင်ရွေးချယ်ရေး စည်းမျဉ်းအရ တစ်ဘာသာလျှင် တစ်ယောက်သာ ရွေးချယ်ပေးရတာမို့ နံပါတ်တစ် ဖြစ်မှသာ သက်ဆိုင်ရာသံရုံးသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိနိုင်ပေလိမ့်မည်။

အဲဒီနေ့ညက နံပါတ်တစ် ဖြစ်ဖို့အရေး တွေးကာတောကာ တော်တော်နဲ့ အိပ်မပျော်…။ မိသားစုညီအစ်ကို မောင်နှမတွေကတော့ ရေးဖြေအောင်ရုံနဲ့တင် ဆွေ့ဆွေ့ခုန်အောင် ဝမ်းသာနေကြလေပြီ…။ အကယ်၍ နံပါတ်တစ်ဖြစ်လာခဲ့လျှင်သော်မှ သံရုံးအဆင့်မှာ ကျော်လွှား ဖြတ်သန်းရအုံးမယ့် “သံရုံး ရေးဖြေ-နှုတ်ဖြေ” စာမေးပွဲရှိနေသေးတယ်ဆိုတာကို သူတို့သိပုံမရ…။ သူတို့အားလုံးရဲ့ ကျေနပ်ပီတိ ဖြစ်မှုတွေက ကျုပ်ကိုလည်း စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ တွန်းအား ဖြစ်စေခဲ့ပါတယ်။ နောက်တနေ့ ၁၀ နာရီလောက် အဆည ကို သွားကာ သတင်းပို့လိုက်တော့… “လူတွေ့-နှုတ်ဖြေ” (အင်တာဗျူး) ဖြေဆိုဖို့ မနက်ဖန်မနက် ၉ နာရီ အရောက် ပြန်လာခဲ့ဖို့ မှာကြားလိုက်တာကြောင့် အိမ်ကို ပြန်လာကာ နားနားနေနေနဲ့ စာဖတ်နေလိုက်ပါတော့တယ်။

အင်တာဗျူး ဖြေတဲ့နေ့က ကျုပ်တို့ကို မေးခဲ့တာက ဆရာကြီး သုံးယောက်…။ အလယ်က ဒိုင်ခံမေးခဲ့တဲ့ ဆရာကြီးကတော့ ရန်ကုန်ပါချုပ် ဆရာကြီး ဒေါက်တာစိုးရင်ပါ…။ ကျန်တဲ့ နှစ်ယောက်ကိုတော့ ကျုပ်မသိ…။ ဆရာကြီးကိုလည်း ဒါက ရန်ကုန်ပါချုပ် ဆရာကြီးဆိုတာလောက်ပဲ သိခဲ့တာပါ။ ဒီအင်တာဗျူးမှာပဲ အဝေးသင်ကျောင်းသားဘဝက လာခဲ့တဲ့ကျုပ်က “အင်္ဂလိပ်”လို စပြီး ပြောခွင့်ရခဲ့တာပါ။ အင်္ဂလိပ်လိုမေးပြီး အင်္ဂလိပ်လို ဖြေဆိုခဲ့ရတဲ့ ပထမဆုံးသော အင်တာဗျူးပေါ့…။ စိုးရိမ်စိတ်တွေ ရှိခဲ့ပေမဲ့ ဆရာကြီးရဲ့ “ရိုးစင်းတဲ့အင်္ဂလိပ်စကား” ပြောဟန်ကြောင့် လုံးဝ အခက်အခဲ မရှိခဲ့ပါဘူး…။ အင်္ဂလိပ်စကားပြောကျင့် မရှိခဲ့ပေမဲ့ အင်္ဂလိပ်သဒ္ဒါ နားလည်မှုက ကျုပ်ကို အများကြီး အထောက်အကူပြုခဲ့တယ်လို့ ထင်ခဲ့မိပါတယ်။ ဆရာကြီး မေးသမျှကို သဒ္ဒါနည်းကျတဲ့ အင်္ဂလိပ်စာနဲ့ ပြန်ဖြေခဲ့ရတာပေါ့…။

ဘာသာရပ်အသီးသီးရဲ့ နံပါတ်တစ် ဖြစ်လာမယ့်သူတွေရဲ့ အောင်စာရင်းကိုတော့ ဘယ်အချိန်မှာ ထုတ်ပြန်ကြေငြာမယ်ဆိုတာ ကြိုတင်အသိပေးခြင်း မရှိခဲ့ပါဘူး…။ သံရုံးက ဆက်သွယ်လာတဲ့အချိန်ဟာ ကျုပ်တို့ရဲ့ အောင်စာရင်းထွက်တဲ့အချိန်ပေါ့…။ အောင်စာရင်းထွက်တဲ့အချိန်ပေါ့…။

Saturday, April 18, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၈)

ကျုပ်တို့ပညာရေးက နိုင်ငံခြားပညာတော်သင်ဆု ရွေးချယ်ရေးစာမေးပွဲကို အစ-အဆုံး တပတ်အတွင်း အပြီးစစ်လေ့ရှိကြပါတယ်။ ဆိုလိုတာက သတ်မှတ်ချက် စဉ်းမျဉ်းနဲ့ ကိုက်ညီသူတွေကို လျှောက်လွာစီစစ်လက်ခံတာ… ရေးဖြေစာမေးပွဲ နဲ့ ရေးဖြေအောင်တဲ့သူတွေကို လူတွေ့နှုတ်ဖြေ မေးမြန်းကျင်းပတာကို ပြောချင်တာပါ။ ရေးဖြေစာမေးပွဲမှာ များသောအားဖြင့် သက်ဆိုင်ရာဘာသာရပ် (အထွေထွေ) နဲ့ အင်္ဂလိပ်စာတို့ကို ဖြေကြရပါတယ်။

နိုင်ငံခြားပညာတော်သင်ဆုကို စီးပွားရေးတခုလို အရှူံးအမြတ် တွက်ပြီး သေသေခြာခြာ ကြိုတင် ပြင်ဆင်ကြိုးစားနေတဲ့ ဆရာ-ဆရာမတွေ ဒု နဲ့ ဒေးပါ…။ အဲဒီလို ပြင်ဆင် ကြိုးစားနေရင်း အသက်က ၃၅ နှစ် ကျော်သွားလို့ လက်လွှတ်ဆုံးရှူံးလိုက်ရတဲ့သူတွေကလည်း မနည်းလှပါဘူး…။ အဲ… အားလုံးမဟုတ်ရင်တောင်… အချို့သော နိုင်ငံခြားပြန်ဆရာကြီး-ဆရာမကြီးများကလည်း “ ပညာသင်ဆု ရရှိဖို့အတွက် စီးပွားရေး တွက်..တွက်ကာ ကြိုးစားသင့်တယ်” လို့ သက်ဆိုင်ရာ တပည့်ဆရာ-ဆရာမတွေကို လမ်းညွှန်သင်ကြားပေးနေကြလေရဲ့…။

ကျုပ်တဦးတည်း အမြင်အရ ပြောရမယ်ဆိုရင်တော့ ဒီအဆို-ဒီလမ်းညွှန်မှုမျိုးကို လုံးဝ သဘောမတူပါဘူး…။ ကျောင်းဆရာ-ဆရာမတယောက်ဟာ ကိုယ့်မှာ ရှိသင့်ရှိထိုက်တဲ့ ကျောင်းဆရာအရည်အချင်းနဲ့ပြည့်စုံအောင် သက်ဆိုင်ရာဘာသာရပ်တွေကို အမြဲတမ်း ပုံမှန်ဖတ်ရှု လေ့လာခြင်းဖြင့် ဖြည့်စီးပေးနေမယ်ဆိုရင် ပညာတော်သင်ဆု စာမေးပွဲဆိုတာ မခက်လှပါဘူး။ အဲဒီလို ကျောင်းဆရာကောင်း တယောက်ဖြစ်အောင် ကြိုးစား ဖြည့်စီးနေတဲ့ဆရာ-ဆရာမတွေအတွက် ပညာသင်ဆုဆိုတာ ရောက်လာရမှာပါ…။ ဒီလိုမဟုတ်ပဲ ပညာသင်ဆုကို စီးပွားရေးတွက် တွက်လာခဲ့ကြမယ်ဆိုရင်… တွက်လာခဲ့ကြမယ်ဆိုရင်…။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ ရှေးအတိတ်ကံ နဲ့ လက်ရှိကံ နှစ်ခုပေါင်းစပ် ဖေးမကူညီမှုကြောင့် ဘယ်လိုမှ မျှော်လင့်မထားတဲ့ ဒီပညာတော်သင်ဆု စာမေးပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် ရရှိခဲ့တာပါ။ ကျုပ်ရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့် ရခဲ့တာမဟုတ်ပါဘူး…။ ကျုပ်တို့လူသားတွေ မလုပ်နိုင်တဲ့အရာတခုကို ကံကြမ္မာက ဖန်တီး ကူညီ ပို့ဆောင်ပေးခဲ့တာပါ။ ကျေးဇူးအထူးတင်လျှက်ပါ ကံကြမ္မာရယ်…။

ဂျပန်ပညာတော်သင်ဆုအတွက် မနက်ပိုင်းမှာ “အထွေထွေစိတ်ပညာဘာသာရပ်” နဲ့ နေ့လည်ပိုင်းမှာ “အင်္ဂလိပ်စာဘာသာရပ်” စာမေးပွဲတို့ကို ဖြေဆိုခဲ့ရပါတယ်။ ရေးဖြေအောင်စာရင်းကို နောက်တစ်ရက်ခြား နေ့လည် ၂ နာရီလောက်မှာ ကြေငြာမှာ ဖြစ်တာကြောင့် ကျုပ်တို့ရဲ့ အောင်-ရှူံး ကို အကြောင်းကြား ဖုန်းဆက်ပေးဖိှု့ စာမေးပွဲ အတူတူဖြေခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနမှ လုပ်ဖေါ်ကိုင်ဘက်တွေကို မောတ္တာရပ်ခံခဲ့ရတာပေါ့…။ အဲဒီ ရေးဖြေအောင်စာရင်း ထွက်တဲ့နေ့မှာ ကျုပ်တို့ ရန်ုကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စိတ်ပညာဌာနက ဆရာ-ဆရာမတွေအားလုံး ရန်ကုန်တက္ကသိုလ်မှ ဝင်ရောက်လာမယ့် ဖုန်းမြည်သံကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရပါတယ်။ ၂ နာရီခွဲ သုံးနာရီအထိ ဘာသံမှ မလာ…။ ကျုပ်တို့ဌာနက ဖုန်းကလည်း အဝင်သာ လက်ခံနိုင်ပြီး အထွက်မရတဲ့ Extension ဖုန်းဖြစ်တာကြောင့် သူတို့ဆီကို ဖုန်းဆက်မေးဖို့ကလည်း မဖြစ်နိုင်…။ ကျောင်းထဲမှာရှိတဲ့ တခုတည်းသော အများသုံးဖုန်းဆီကို သွားပြန်တော့ ကိုယ်ပြောခွင့်ရဖို့အရေး တန်းစီနေလိုက်ကြတာ အလကား မုန့်ဝေနေတဲ့အတိုင်းပါပဲ…။

ညနေသုံးနာရီ ကျော်လို့ လေးနာရီထိုးကာ အိမ်ပြန်ချိန် ရောက်သည်အထိ ဘာမှ မသိရတာကြောင့် “အော်… သတင်းဆိုးမို့ သူတို့ မပြောကြတာနေမှာပါလေ…” ဆိုတဲ့အတွေးတွေက စိုးမိုးလို့နေခဲ့ပါတော့တယ်…။

Tuesday, April 14, 2009

ချစ်သမီးငယ်သို့ အမှတ်တရ (၃)

နောက်တနေ့ စနေနေ့ နေကျချိန်မှာ သမီးငယ်က လူ့လောကကြီးထဲကို အခက်ခဲမရှိ ရှောရှောရှူရှူ ရောက်လာခဲ့တာပါ။ ဂျပန်မှာ ဆာကူရာ ခေါ် ချယ်ရီပန်းတို့ ဝေဆာလှပနေတဲ့အချိန်…၊ မြန်မာပြည်မှာ ပန်းပိတောက်တွေ ဖူးပွင့်လို့ အတာကူးတဲ့ နှစ်ဦးသင်္ကြန်အချိန်မှာ လူ့လောကကြီးထဲကို ရောက်ရှိလို့ လာခဲ့တာပါ…။ တကယ်ကို မင်္ဂလာရှိသော အချိန်ပေါ့ သမီးငယ်ရယ်…။ ဆေးရုံမှာရှိနေတဲ့ အချိန်အတွင်းမှာလည်း ဘဘဂျပန်ဘုန်းကြီးနဲ့ ဆရာလေးတို့မိသားစု၊ ဘဘ ဆူဇူကီး၊ အိုကားစံ၊ ဖေဖေရဲ့ဆရာနဲ့ ဦးဦး ဒေါ်ဒေါ်ပညာရှင်ကြီးတွေ လာခဲ့ကြသေးတာပေါ့။

ဆေးရုံပေါ်မှာ ဦးဦးဆရာဝန်ကြီးက သမီးငယ်အတွက် ဂျပန်ယမ်းငွေ တစ်သောင်း အတင်းပေးနေတာကြောင့် ဖေဖေက“ ခင်ဗျား အဲဒီလို ပေးရင် ကျနော်က စိတ်ဆိုးမှာ”လို့ ခတ်ပြတ်ပြတ် ပြောခဲ့ရပါသေးတယ်။ သမီးငယ် လောကကြီးထဲ ရောက်လာပြီးသုံးရက်အတွင်း… ဆေးရုံက မဆင်းခင်မှာ အမည်နာမ ပေးရမယ်ဆိုတာကြောင့် ဖေဖေတို့မှာ အကြပ်ရိုက်ခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ သမီးရဲ့မွေးနံနဲ့လည်း ညီစေ…၊ မမရဲ့နာမည်နဲ့လည်း ကာရံနဘေ လိုက်ဖက်စေ…၊ ဘဘတိုးလို မိသားစုအပေါ် ကျေးဇူးသိတတ် ပြန်လည်စောင့်ရှောက်တတ်တဲ့ သားသမီးရတနာတပါး ဖြစ်ပါစေ... ဆိုပြီး သမီးရဲ့နာမည်ကို ဖေဖေကိုယ်တိုင် ရွေးချယ်ပေးခဲ့တာပါ။

(မမမိုးသက်မွန်နဲ့အအတူ)


ဒီကမ္ဘာလောကကြီးမှာ တိုးတက် ထက်မြက် မွန်မြတ်လှတဲ့ သမီးရတနာတပါး ဖြစ်လာစေဖို့ “တိုးထက်မွန်” ရယ်လို့ ပေးခဲ့တာပါ။ ဖေဖေရဲ့ ရည်ရွယ်ချက်-မျှော်မှန်းချက်တွေကို ဖြည့်စီးပေးနိုင်သော သမီးရတနာတပါး ဖြစ်ပါစေ…။

မွေးနေ့မှာ မေမေမူ၊ မမ မိုးသက်မွန် တို့နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

မွေးနေ့မှာ ဖွားဖွား၊ ဦးဦး၊ ဒေါ်ဒေါ် တို့ မိသားစုတတွေနဲ့အတူ ရွှင်လန်းချမ်းမြေ့ပါစေ...။

ဒီကနေ့ (၁၄-၀၄-၂၀၀၉) သင်္ကြန်အကျနေ့တွင် ကျရောက်သော ချစ်သမီးငယ်၏ ၂ နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

ချစ်သမီးငယ်သို့ အမှတ်တရ (၂)

(ချစ်သောမမမိုးသက်မွန်နဲ့အတူ)

ဖေဖေတို့ ICU ရောက်တော့ အခန်းအပြင်မှာပဲ စောင့်နေရပါတယ်။ သမီးငယ်တို့ရှိရာ အခန်းထဲကို ဝင်လို့မရပါဘူး…။ ICU ဆိုတာ စိုးရိမ်ရတဲ့ လူနာတွေကိုသာ ထားလေ့ရှိတဲ့နေရာ ဖြစ်တာကြောင့် ဖေဖေက နေလို့မရ-ထိုင်လို့မရနဲ့ ဂနာမငြိမ် ဖြစ်လို့နေပြီလေ။ ဖေဖေက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတာကြောင့် ဆေးပညာ ကျွမ်းကျင်သူ သမီးရဲ့ ဦးဦးဆရာဝန်ကြီးဆီကို ဖုန်းဆက်တာပေါ့။ ဦးဦးဆရာဝန်ကြီးကလည်း စာသင်ခန်းထဲ ရောက်နေတာကြောင့် အဆက်အသွယ် မရခဲ့ပါဘူး။

အတော်လေးကြာတော့ ဖေဖေနဲ့သမီးကြီးကို မေမေနဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။ အားပါးပါး… အခန်းထဲမှာ ဆရာဝန်တွေရော နာ့စ်တွေပါ အများကြီးပါလား…။ မေမေနဲ့ မတွေ့ခင်မှာ ဖေဖေ့အထင် ခေါင်းဆောင်လို့ထင်ရတဲ့ ဆရာဝန်နှစ်ယောက်က ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် ပြန်လည်ရှင်းပြခဲ့ပြီး အခုချိန်မှာ ဘာမှစိုးရိမ်စရာ မလိုတော့ကြောင်း အားပေးစကား ပြောကြပါတယ်။ မေမေ့ကို တွေ့တော့ အောက်စီဂျင်ပေးထားပြီး ဖေဖေတို့ နားမလည်တဲ့ စက်တွေနဲ့ စောင့်ကြည့်နေဆဲဖြစ်တာမို့ စကားပြောလို့ မရပါဘူး။ သုံးမီးနစ်လောက်ပဲ အပြုအမူနဲ့ အားပေးစကားပြောပြီး ပြန်ထွက်ခဲ့ရတာပေါ့။ စိုးရိမ်စရာ မလိုပေမဲ့ ဒီတညတော့ ICU မှာ စောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုတာကြောင့် ဆေးရုံတက်ခဲ့ရပါတယ် သမီးငယ်…။

နေ့လည် ၁ နာရီလောက်ကျတော့ ဦးဦးဆရာဝန်ကြီးနဲ့ ဦးဦး ပထဝီဝင်ပညာရှင်ကြီးတို့ နှစ်ယောက် ရောက်လို့လာခဲ့ပါတယ်။ ဘာရယ်တော့ မဟုတ်… ၊ သူတို့လာတော့ ဖေဖေတို့ သားအဖလည်း အားရှိတာပေါ့။ ပြီးရင် သမီးငယ်ရဲ့မမ သမီးကြီးကလည်း သူတို့နဲ့မှ တရင်းတနှီး နေထိုင်တတ်တယ်လေ…။ ဖေဖေက မေမေနဲ့သမီးငယ်အနားမှာ ရှိနေတဲ့အချိန် သူတို့နှစ်ယောက်က သမီးကြီးကို ထိန်းကြတာပေါ့…။ ညနေပိုင်းရောက်တော့ အန်တီသမိုင်းပညာရှင်ကြီးရယ်…၊ ဦးဦးအင်ဂျင်နီယာကြီးရယ်…၊ အန်တီရူပပေဒပညာရှင်ကြီးရယ် ရောက်ရှိလို့လာခဲ့ပြန်ပါတယ်။ ဘယ်လောက်တောင် အားရှိစရာလည်းနော်…။ သမီးငယ်ဟာ မေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက သမီးရဲ့ဘေးမှာ စိတ်ပိုင်းဆိုင်ရာ-ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အားပေးထောက်ပံ့ ကူညီမယ့်ပညာရှင်တွေ ဝိုင်းလို့ နေခဲ့ပါတယ်။ ဖေဖေတို့ဘဝနဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းကို ကံကောင်းခဲ့ပါတယ် သမီးငယ်…။

ညပိုင်းရောက်တော့ ဖေဖေတို့သားအဖနှစ်ယောက်လည်း သမီးငယ်တို့နဲ့အတူ အိပ်ဖို့အတွက် ဆေးရုံက စောင်နဲ့လိုအပ်တဲ့ပစ္စည်းတွေကို အခကြေးငွေပေးပြီး တစ်ညစာ ငှားလိုက်ပါတယ်။ သမီးကြီး အိပ်ပျော်သွားတော့ ဖေဖေက အိမ်ခဏ ပြန်ပြီး သမီးငယ်အတွက် လိုအပ်မယ့် ပစ္စည်းတွေ ပြန်ယူရတာပေါ့…။ အကယ်၍ သမီးငယ်က မထင်မှတ်ပဲ လူ့လောကထဲကို စောစီးစွာ ဝင်ရောက်လာခဲ့ရင်..ဆိုတဲ့အတွေးနဲ့ ဖေဖေ မေမေတို့က လိုအပ်မယ့်စ္စည်းတွေကို ကြိုတင် ဝယ်ယူ စုဆောင်း ပြင်ဆင်ထားခဲ့ကြပါတယ်။ မေမေကလည်း နောက်တနေ့ စနေနေ့မှာ သမီးငယ်က ထွက်လာချင် ထွက်လာနိုင်တယ်ဆိုတာကြောင့် ဦးဦးဆရာဝန်ကြီးနဲ့ ဦးဦးပထဝီဝင်ပညာရှင်ကြီးတို့ကို မနက် ၉ နာရီ အရောက် ပြန်လာခဲ့ကြဖို့ အကူအညီတောင်းခဲ့ရတာပေါ့။ ဖေဖေက သမီးငယ်တို့အနားမှာ ရှိနေတဲ့အချိန် သမီးကြီးကို သူတို့နဲ့အတူ ထားရအုံးမှာလေ…။





ယနေ့(၁၄-၀၄-၂၀၀၉) သင်္ကြန်အကျနေ့တွင် ကျရောက်သော ချစ်သမီးငယ်၏ ၂ နှစ်မြောက် မွေးနေ့သို့ အမှတ်တရ...။

ချစ်သမီးငယ်သို့ အမှတ်တရ (၁)

သမီးငယ်...

၂၀၀၇ ခုနှစ်၊ ဧပရယ်လ ၁၃ ရက်၊ သောကြာနေ့နံနက်မှာ ဖေဖေတို့ သားအမိ-သားအဖ သုံးယောက် ဟာ မေမေ့ဗိုက်ထဲမှာ ရှိနေဆဲဖြစ်တဲ့ သမီးငယ်ရဲ့ကျန်းမာရေးအခြေအနေကို စမ်းသပ်စစ်ဆေးဖို့ တိုဟုခုတက္ကသိုလ်ဆေးရုံ (Tohoku University Hospital) ကို ရောက်ရှိခဲ့ကြပါတယ်။ မေမေနဲ့သမီးငယ်ရဲ့ကျန်းမာရေးကို နှစ်လ-တစ်ကြိမ်…၊ တစ်လ-တစ်ကြိမ်…၊နှစ်ပတ်-တစ်ကြိမ်…၊ တစ်ပတ်-တကြိမ်နဲ့ ပုံမှန် စမ်းသပ်စစ်ဆေးလာခဲ့တာဟာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ သမီးငယ်ကို အမြဲတမ်း စမ်းသပ်စစ်ဆေးပေးနေတဲ့ အန်တီဆရာဝန်တွေ ခန့်မှန်းချက်အရဆိုရင် ဒီလကုန်လောက်မှာ သမီးငယ်ဟာ ဖေဖေတို့မိသားစုရှိရာ လူ့လောကကြီးထဲကို ကျန်းမာစွာနဲ့ ရောက်လာတော့မှာပေါ့…။

ဒါပေမဲ့ သမီးငယ်ရယ်…
အဲဒီ သောကြာနေ့က မေမေနဲ့သမီးငယ်တို့ကို စမ်းသပ် စစ်ဆေးနေတဲ့အချိန်မှာ ဖေဖေနဲ့ သမီးကြီးက အခန်းအပြင်ဘက်မှာ TV ကြည့်ရင်း အေးအေးဆေးဆေးနဲ့ ထိုင်စောင့်နေကြတာပေါ့။ ဟုတ်တယ်လေ…။ မေမေ့ကျန်းမာရေးက ကောင်းသလို… မေမေ့ဗိုက်ထဲမှာ ရှိနေဆဲဖြစ်တဲ့ သမီးငယ်ရဲ့ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ဆိုတာ ဖေဖေကိုယ်တိုင် TV Screen မှာ အမြဲတမ်း မြင်တွေ့နေခဲ့ရပါတယ်။ သမီးငယ်အတွက် နည်းနည်းလေးမှ စိုးရိမ်စိတ် မရှိခဲ့ပါဘူး…။ နာရီဝက်လောက်ကြာတော့ သမီးငယ်တို့ ရှိနေတဲ့ စမ်းသပ်ခန်း အမှတ် (၅) က ဆရာဝန်နဲ့ သူနာပြုဆရာမတွေ ပျာပျာသလဲ အလှုပ်ရှုတ်နေကြလေရဲ့…။ ဖေဖေတို့ကတော့ အေးအေးဆေးဆေးပဲပေါ့။ ဒါပေမဲ့ သူနာပြုဆရာမတယောက်က “အိုဂေါ်ရှုဂျင်း… ဂေါ်ရှုဂျင်း…”လို့ ဖေဖေ့ကို အတင်းခေါ်လိုက်တဲ့အချိန်မှာတော့ မေမေက တွန်းလှည်းပေါ်မှာ မျက်နှာငယ်လေးနဲ့ ရောက်ရှိလို့ နေလေပြီ…။ အန်တီဆရာဝန်မကလည်း စိုးရိမ်ကြောင့်ကြနေတဲ့ မျက်နှာနဲ့အတူ ဖုန်းတလုံးနဲ့ အလုပ်ရှုတ်နေလေရဲ့…။ ပြီးတာနဲ့ အရေးပေါ် ICU (Intensive Care Unit) ဆီသို့ အတင်းတွန်းကာ ပြေးလွှားသွားခဲ့ကြတယ်လေ…။

ဖေဖေတို့က ဘာမှမသိရ…။ ဖေဖေတို့ကိုလည်း ဘာမှရှင်းမပြကြ…။ ဒါပေမဲ့ စိုးရိမ်ကြောင့်ကြပြီး ပျာယာခတ်နေတဲ့ သူတို့တတွေကို မြင်တွေ့လိုက်ရတာကြောင့် မေမေနဲ့သမီးငယ်မှာ အန္တရာယ် တခုခု ရှိနေပြီဆိုတာကိုတော့ သတိထားမိလိုက်ပါတယ်။ အဲဒီကျမှ ပူပင်သောက စိုးရိမ်မှုတွေက ဖေဖေ့ရင်ထဲကို အစုလိုက်-အပြုံလိုက် ဝင်ရောက်လာခဲ့တာပေါ့…။ ဖေဖေ့ရဲ့ သောကမီးတွေကို သမီးကြီးမသိအောင် အဖတ်ဆယ်ရင်း သူနာပြုဆရာမ ရှင်းပြသမျှကို ငြိမ်ကာ နားထောင်ခဲ့ရပါတယ်။ ပြီးတာနဲ့ သမီးငယ်တို့ရှိရာ ICU ဆီကို ဆရာမနဲ့အတူ လာခဲ့ကြတာပေါ့။ ဆရာမအပြောအရဆိုရင်တော့ သမီးငယ်ရဲ့နှလုံးခုန်နှုန်းဟာ ပုံမှန်အလုပ် လုပ်နေရာကနေ ရုတ်တရက် ရပ်သွားပြီး သုံညအဆင့်ထိ ရောက်သွားခဲ့ပါတယ်။ ဘယ်လိုမှ ပြန်တက်မလာတာကြောင့် တာဝန်ခံ အန်တီဆရာဝန်ပါ လန့်ဖြန့်သွားပြီး ICU ကို အချိန်မှီ ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်…။ သမီးငယ်ရဲ့ကံ… ဖေဖေတို့ရဲ့ကံပေါ့…။

ယနေ့ (၁၄-၀၄-၂၀၀၉) သင်္ကြန်အကျနေ့တွင် ကျရောက်သော ချစ်သမီးငယ်၏ ၂ နှစ်မြောက် မွေးနေ့သို့ အမှတ်တရ...။

Monday, April 13, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၇)

ကျုပ်ဘဝမှာ ကိုယ်ကိုတိုင် ကြိုးစားလို့ ဘယ်လိုမှ မဖြစ်နိုင်လောက်တဲ့ အရာတခုဟာ ကံကြမ္မာ မျက်နှာသာပေးခဲ့မှုကြောင့် ဖြစ်လာခဲ့ဖူးပါတယ်။ အတိတ်ကံကြောင့်လား…၊ ပစ္စုပ္ပန်ကံကြောင့်လား…ဆိုတာ အခုချိန်ထိ မဝေခွဲနိုင်သေးပါဘူး…။ ဒါပေမဲ့ ဒီဘဝမှာ ကျုပ်လို အညတြ ကျောင်းဆရာတယောက်အတွက် ဘယ်လိုမှ မရနိုင်တော့တဲ့ မဟာအခွင့်အရေးတရပ်ကို ကံကြမ္မာက အမှန်တကယ် ကူညီဖေးမ ပေးခဲ့ဖူးပါတယ်။ ကျုပ်ဘဝမှာ မယုံကြည်နိုင်လောက်အောင်ကို အံ့သြဝမ်းသာ ဖြစ်ခဲ့ရဖူးပါတယ်။ ကံကြမ္မာဆိုတာ တကယ်ကို အံ့သြဖို့ ကောင်းပါပေတယ်။

ဂျပန်ပညာတော်သင်ဆုအတွက် ရန်ကုန်တက္ကသိုလ်သွားဖို့ စုရုံး စုရုံး လုပ်နေကြတဲ့ ညီမငယ် ဆရာမအုပ်စုနဲ့ စကားပြောနေတဲ့ ကျုပ်တို့အခန်းထဲကို ပါမောက္ခ ဆရာဦးခင်မြင့်က ၂၀၀၂ ခုနှစ်၊ ဂျပန်မူဘူးရှိုး ပညာတော်သင်ဆု စည်းကမ်းသတ်မှတ်ချက် အမိန့်စာလေးကို ကိုင်ကာ ဝင်လာလျှက် “ကိုမိုးစံ… ဒီမှာ သေခြာဖတ်စမ်းပါအုံး…၊ ဒီနှစ် စည်းကမ်းသတ်မှတ်ချက်မှာ အခါတိုင်းနှစ်တွေလို လုပ်သက် ၂ နှစ် ဆိုတဲ့ ကန့်သတ်ချက် မပါဘူး…၊ ဒါကြောင့် ကိုမိုးစံလည်း ဝင်ဖြေလို့ ရပါတယ်” လို့ ဆိုပါတယ်။ အဲဒီကျမှ ကျုပ်လည်း ဆရာ့လက်ထဲက စာရွက်ကို လက်ခံယူလိုက်ကာ သေသေခြာခြာ စေ့စေ့စပ်စပ် ဖတ်ပါတော့တယ်။ မယုံနိုင်လောက်အောင် ဖြစ်မိတာကြောင့် နှစ်ခေါက်-သုံးခေါက် ပြန်ဖတ်မိပါတယ်…။ ဟုတ်ပါတယ်…၊ သေခြာပါတယ်…။ ဆရာ အမိန့်ရှိခဲ့သလို… ဒီနှစ် ဂျပန်ပညာတော်သင်ဆုအတွက် ဝင်ရောက်ဖြေဆိုခွင့် သတ်မှတ်ချက်မှာ လုပ်သက်ကန့်သတ်ချက် မပါခဲ့ပါဘူး…။ ကျန်တဲ့အချက်အလက်တွေကတော့ အရင်နှစ်တွေနဲ့ အတူတူပါဘဲ…။ အရမ်းကို အံ့သြဖို့ ကောင်းပါတယ်…။

ဒီအမိန့်စာကို သမံကာ-လျှံကာ ဖတ်ခဲ့မိတဲ့ ကျုပ်ကိုကျုပ်လည်း မကျေမနပ်နဲ့ ဒေါသဖြစ်ခဲ့မိပါတယ်။ ကိုယ့်ဘဝအတွက် ဒီလောက်အရေးကြီးတဲ့စာကို ဘာဖြစ်လို့များ သေသေခြာခြာ မဖတ်ခဲ့မိပါလိမ့်…။ ဆရာ ဦးခင်မြင့်သာ ဒီလုပ်သက်ကန့်သတ်ချက် မပါတာကို သတိမထားခဲ့မိရင်…၊ ဆရာဦးခင်မြင့်သာ ဒီအကြောင်းကို အချိန်မှီ အသိမပေးခဲ့ရင်…၊ ကျုပ်ဘဝမှာ (ကံကြမ္မာ မျက်နှာသာပေးခဲ့ပေမယ့်) ဂျပန်ပညာတော်သင်ဆုအတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် မရနိုင်ပါဘူး…။ ကျုပ်ဘဝအတွက် မဟာအခွင့်အရေးကြီးတရပ် ဆုံးရှုံးသွားနိုင်တာပေါ့။ ကျုပ်ဘဝမှာ ထာဝရ မေ့ဖျောက်လို့ မရနိုင်လောက်တဲ့ “စိတ်ဒဏ်ရာ” တခု ရရှိသွားနိုင်တာပေါ့…။

အခုတော့ ရှေးဘဝကံ မျက်နှာသာပေးမှု နဲ့ ဆရာ့ရဲ့ကျေးဇူးကြောင့် ဒီဘဝမှာ ဘယ်လိုမှ မရနိုင်တဲ့ ဂျပန်ပညာတော်သင်ဆုစာမေးပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် ရရှိခဲ့ပါပြီ…။ ဒီလို ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် ရရှိပါလျှက်နဲ့ စာမေးပွဲမှာ ကျရှုံးခဲ့မယ်ဆိုရင်…၊ အပယ်ခံခဲ့ရမယ်ဆိုရင်…။

(အငြိမ်းစားပါမောက္ခ ဆရာဦးခင်မြင့်အား လေးစား ကျေးဇူးတင်လျှက်…။)

Friday, April 10, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၆)

တခါတရံတော့လည်း ကျုပ်တို့လူ့ဘဝကြီးကို “ဘယ်အချိန်မှာ ဘာဖြစ်ရမယ်…၊ ဘယ်အချိန်မှာ ကျရှူံးမှုတွေနဲ့ ရင်ဆိုင်ရမယ်…၊ ဘယ်အချိန်မှာ အောင်မြင်မှုတွေ ရမယ်…၊ ဘယ်အချိန်မှာ အိမ်ထောင်ကျမယ်…” လို့များ အတိတ်ဘဝကတည်းက ပြဌာန်းခဲ့လေရော့သလား အောက်မေ့မိပါတယ်။

ဒီဘဝမှာ တက္ကသိုလ်ဆရာတယောက်အနေနဲ့ နိုင်ငံခြားပညာတော်သင်ဆု ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့် မရနိုင်တော့မှန်း သိလိုက်ရတဲ့အချိန်က စလို့ ပြည်တွင်းဒေါက်တာဘွဲ့လေးနဲ့ ကျေနပ်ကာ ကျောင်းဆရာကောင်းတယောက်ဖြစ်အောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကျုပ်ရဲ့စိတ်ကူးယဉ် ဇာတ်လိုက်ကျော် ကထိက ဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် မဖြစ်နိုင်ပေမဲ့ ပြည်တွင်းဒေါက်တာဘွဲ့လေးနဲ့ ကထိက ဒေါက်တာမိုးစံ ဖြစ်နိုင်တာပေါ့…။ ရွာဇနပုဒ်မှာ ကျုပ်တို့လို တနေ့လုပ်မှ တနေ့စားရတဲ့ မိသားစုဘဝကနေ တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမိုးစံ ဖြစ်လာခဲ့မယ်ဆိုရင်…၊ မရိုးသားမှုတွေ-မသမာမှုတွေနဲ့ ပြည့်နှက်နေသလို အရည်အချင်းမရှိတဲ့ လူညံ့တွေ မွေးထုတ်ရာ နေရာလို့ အများက သမုဒ်နေကြတဲ့ “အဝေးသင်” ကနေ တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမိုးစံ ဖြစ်လာခဲ့မယ်ဆိုရင်… ဆိုရင်… ဆိုရင်… ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်အားပေးရင်း တာဝန်တွေ ထမ်းဆောင်လို့ နေခဲ့တာပေါ့…။

ဒီလိုနဲ့ အလုပ်ဝင်ပြီး ၆ လ ကျော်ကျော်လောက်မှာ နှစ်စဉ် ခေါ်နေကြ ဂျပန်မူဘူးရှိုး (monbukagagusho) ပညာသင်ဆု အတွက် စည်းကမ်းသတ်မှတ်ချက်နဲ့အတူ အချိန်မှီ လျှောက်လွာတင်ကြဖို့ ကျုပ်တို့ ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထွက်လာပါတယ်။ အဲဒီစာကို ညီမငယ် ချိုချိုက ယူလာပြီး “ ဟေး… ကိုမိုးစံကြီး ဖြေလို့မရဘူး...” ဆိုပြီး ဝမ်းသာအားရ အော်ဟစ်လို့ ပြောနေပါတော့တယ်။ ကျုပ် ဝင်ရောက်ဖြေဆိုခွင့် မရလို့ ဝမ်းသာနေကြတာ ဟုတ်ဟန်မတူပါဘူး…။ တစ်နှစ်ခြားလောက်မှသာ ပါတတ်တဲ့ ဒီစိတ်ပညာ ပညာသင်ဆုဟာ သူတို့လို လုပ်သက်ရှိနေပြီး ငယ်ရွယ်တဲ့ဆရာမတွေအတွက် မဟာအခွင့်အရေးကြီး တရပ် ဖြစ်နေတာကြောင့်ပါ။ ကျုပ်ကလည်း “အေး… နင်တို့ ရအောင် ဖြေကြ” လို့ တိုက်တွန်းလိုက်ပြီး အမိန့်ကြော်ငြာစာကို သမံကာ-လျှံကာပဲ ကြည့်လိုက်ပါတယ်။ သူတို့တတွေ ရန်ကုန်တက္ကသိုလ် သွားဖို့ စုရုံး စုရုံး လုပ်နေချိန်မှာ ကျုပ်ကတော့ ကိုယ်နဲ့မဆိုင်သလိုပဲ နေလိုက်ပါတယ်။ ဒါပေမဲ့ သူတို့တတွေ နိုင်ငံခြားပညာသင်ဆု အတွက် အခုလို တက်တက်ကြွကြွ လှုပ်ရှားနေကြတာကို မြင်တွေ့ရပြန်တော့ ကျုပ်ရင်ထဲမှာ စို့နင့်ဝမ်းနည်းလို့ လာခဲ့ပြန်ပါတယ်။

ဘာများ တတ်နိုင်အုံးမှာလဲ…။
လောကကြီးမှာ ကိုယ်ကိုတိုင် ကြိုးစားလို့ မရနိုင်တာတွေ ရှိခဲ့ပါတယ်… ရှိနေပါတယ်… ရှိနေအုံးမှာပါ…။

Tuesday, April 7, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၅)

ကျုပ်က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ “နှင်းငွေ့တထောင့် မိုးတမှောင့်” ဝတ္ထုထဲက ဇာတ်လိုက်ကျော် ကထိက ဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် တက္ကသိုလ်ဆရာ ဖြစ်ချင်ခဲ့သူပါ။ ဆရာ့လိုပဲ စာလေးသင်လိုက်…၊ စိတ်ပညာနဲ့ဆိုင်တဲ့ ပညာပေးဝတ္ထု-ဆောင်းပါးလေးတွေ ရေးလိုက်…၊ သုတေသနလေးတွေ လုပ်လိုက်…၊ ကျန်းမာရေးအအတွက် ဂေါက်လေး ရိုက်လိုက်နဲ့ အေးအေးလူလူ နေချင်ခဲ့သူပါ။ သူ့ဘဝ-သူ့လူနေမှုစတိုင်ကို အတော်အားကျခဲ့သူပါ။ ကျုပ်ဘဝထဲမှာ ဆရာ့ရဲ့ပုံရိပ်တွေက အမြဲတစေ ငြိတွယ်လို့ နေခဲ့ပါတယ်။ ဒါကြောင့်လည်း ကံဇာတာ တက်လို့ အခွင့်အခါ ကြုံကြိုက်လာတဲ့ တနေ့ကျရင် ဆရာ့လို ဒေါက်တာမြင့်နွယ်တယောက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကလေးက ရင်ထဲမှာ ကိန်းအောင်းလို့ နေခဲ့တာပေါ့…။

ကျုပ်ရင်ထဲမှာ ဘယ်လိုပင် စိတ်ကူးယဉ် မျှော်မှန်းချက်လေးတွေ ရှိနေပေမယ့် လက်တွေ့ဘဝမှာတော့ အကောင်အထည် ဖေါ်နိုင်ဖို့ မလွယ်လှပါဘူး။ ရှုတ်ထွေးလှတဲ့ လူ့ဘောင်လောကကြီးမှာ လိုက်နာရမယ့် ဥပဒေသတွေ… စည်းမျဉ်းစည်းကမ်းတွေက ဒု နဲ့ ဒေးပါ…။ အဖွဲ့အစည်းတိုင်းမှာလည်း သက်ဆိုင်ရာ ကန့်သတ်ချက်တွေ… နည်းဥပဒေတွေ ရှိကြပါတယ်။ အခုလည်း ကျုပ်ရောက်နေတဲ့ ပညာရေးဌာနမှာ နိုင်ငံခြားပညာသင်ဆု ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။ ဆရာ ဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် ဖြစ်ချင်တဲ့ ကျုပ်က ကိုယ့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးလေးများ ရှိလေမလား သိချင်တာကြောင့် အဲဒီ စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်လေ့လာကြည့်ခဲ့မိပါတယ်။ အား ပါး…ပါး…။ ကျုပ်နဲ့တော့ လားလားမှ မဆိုင်…။ ဒီဘဝမှာတော့ ကျုပ်ရဲ့အိပ်မက်ဇာတ်ကောင် ဆရာဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် တက္ကသိုလ်ဆရာတယောက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။

ကျုပ်လေ့လာခဲ့တဲ့ ၂၀၀၁ ခုနှစ် အထိသော ပညာရေးက စည်းမျဉ်းကန့်သတ်ချက်တွေထဲမှာ နိုင်ငံခြားပညာတော်သင်ဆု ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့်ရဖို့အတွက်-
၁။ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ-ဆရာမ ဖြစ်ရမည်။
၂။ တဆက်တည်းလုပ်သက် အနည်းဆုံး (၂) နှစ်ရှိသူ ဖြစ်ရမည်။
၃။ သက်ဆိုင်ရာဘာသာရပ်တွင် မဟာဘွဲ့ ရရှိထားသူ ဖြစ်ရမည်။
၎။ နောက်လာမည့် ပညာသင်နှစ်တွင် အသက်(၃၅)နှစ်ထက် မကျော်ရ။(တစ်နှစ်ကြိုပြီး ခေါ်တဲ့သဘောပါ)။

အဲဒီစည်းမျဉ်းနဲ့ ချိန်ထိုးကြည့်လိုက်ရင် ကျုပ်က အမှတ်စဉ်-၁ နဲ့ ၃ ပဲ ကိုက်ညီပါတယ်။ အမှတ်စဉ်-၂ နဲ့ ၄ က အပြန်အလှန် ငြိနေတာကြောင့် ဒီဘဝမှာတော့ ဝေးပြီပေါ့…။ ဆိုလိုတာက ဘဝပေးအခြေအနေ နဲ့ ခေတ်ကာလ မတည်ငြိမ်မှုတွေကြောင့် တက္ကသိုလ် နည်းပြဆရာအဖြစ် အလုပ်ဝင်တဲ့အချိန်မှာ ကျုပ်ရဲ့အသက်က သုံးဆယ့်သုံးနှစ်ထဲ ရောက်နေပါပြီ…။ ဒါကြောင့် လုပ်သက် ၂ နှစ် ပြည့်တဲ့အချိန်ကျရင် ကျုပ်ရဲ့အသက်က သုံးဆယ့်ငါးနှစ် ကျော်ပြီပေါ့…။ နောက်ပြီး ပညာသင်ဆု စာမေးပွဲကို တစ်နှစ်ကြိုပြီး ခေါ်လေ့ ရှိတာကြောင့် ကျုပ်အတွက် ဘယ်လိုမှ အခွင့်အရေး မရနိုင်တော့ပါဘူး။

“ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်” လို့ ယူဆ-ယုံကြည်ခဲ့တဲ့ ကျုပ်အတွက် ဌာနစည်းမျဉ်း ကန့်သတ်ချက်က ပိတ်ပင်လို့ ထားခဲ့လေပြီ…။ နိုင်ငံခြားပညာသင်ဆုကို ဝင်ရောက်ဖြေဆိုခွင့်လေးတောင် မရနိုင်တော့ပါဘူး။ မသကာ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့် ရပြီး ကျရှုံးခဲ့ရင် (သို့) အပယ်ခံခဲ့ရရင်… “ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲ” ဆိုပြီး ကျေနပ်ဖြေသိမ့်လို့ ရနိုင်ပါသေးတယ်။ အခုတော့…၊ အခုတော့…။

Monday, April 6, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၄)

ကျောင်းဆရာ ဖြစ်လာကတည်းက ကျောင်းသားတွေဆီက အခကြေးငွေယူကာ ကျူရှင်သင်မစားဘူးလို့ စဉ်းစားဆုံးဖြတ်ခဲ့ပြီး မြန်မာကျောင်းဆရာ ပီပီသသ လုပ်ချင်ခဲ့သူပါ။ ဒီအတိုင်းလည်း ကျင့်ကြံ လိုက်နာ နေထိုင်ခဲ့သလို… ကျူရှင်ပြတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေကိုလည်း “ ကျူရှင်မပြကြဖို့” အမြဲတစေ တိုက်တွန်းတတ်သူပါ။ ရင်းနှီးတဲ့သူတွေဆိုရင်တော့ “ကျူရှင်ပြတာကို မကြိုက်တဲ့အကြောင်း တည့်တည့်ပြောကာ အားမနာတမ်း ဝေဖန်အပြစ်ပြောတတ်သူပါ…။ ဟုတ်တယ်လေ…။ ခင်ဗျားတို့ စဉ်းစားကြည့်ကြစမ်းပါ…။ Day မှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်အောင် တက်ခိုင်းပြီး ကိုယ်ကိုတိုင်သင်ကြားပေးနေတဲ့ ဒီကျောင်းသားတွေကို အိမ်မှာ-ဝိုင်းမှာ ကျူရှင်အဖြစ်နဲ့ ထပ်ပြီး သင်ကြားပေးရပြန်တယ်ဆိုတော့ ဘာတွေ သင်ကြမှာလဲ…။ ကိုယ်က ကျောင်းမှာ သင်ပေးတာ မလုံလောက်လို့လား…။ ကျောင်းဆရာက ကျောင်းဆရာအလုပ် ကောင်းကောင်းလုပ်ရင် ကျောင်းသားက ကျောင်းသားအလုပ် ကောင်းကောင်းလုပ်ပါလိမ့်မယ်။ အခုတော့…။ အခုတော့…။

ကျုပ်အထင် ယနေ့ခေတ် ဆရာ-ဆရာမအများစုဟာ ကိုယ်ရဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို ကျွမ်းကျင်အောင် လေ့လာအားထုတ်မှု မပြုကြပဲ…စတိုင်-မလိုင် တခွဲသားနဲ့ ဟိတ်ဟန်ထုတ်ကာ နေကြလေရဲ့…။ ပြီးတာနဲ့ ရာထူးပိုစရှင်ကို အကြောင်းပြုလို့ ဂွင်ရှာကြပြန်ပါတယ်။ကျုပ်ကိုယ်တိုင် တွေ့ခဲ့ဖူးတဲ့ အချို့သော ဆရာ-ဆရာမတွေဆိုရင် Day က အတန်းမှာ စေတနာမထား… အိမ်ကဝိုင်းမှာတော့ ရွှန်းရွှန်းတွေ ဝေ…။ UDE ခေါ် အဝေးသင်မှာလည်း ထိုနည်းလည်းကောင်း...။ အဲဒီက အစပြုလို့ မရိုးသားမှုတွေ၊ မသမာမှုတွေ၊ ခြစားမှုတွေက တဖြည်းဖြည်း ကြီးထွားလာကာ ပညာရေး အဆောက်အဦကြီးက ယိုယွင်းပျက်စီးခြင်းဆီသို့ တစထက် တစ…တစထက် တစ…။

အကျိုးဆက်ရလဒ်အနေနဲ့ ယနေ့ခေတ် ကျောင်းသားတွေက ဆရာ--ဆရာမဆိုတာ လေးစားရကောင်းမှန်း မသိတော့…။ ငွေပေးရင် ဘာမဆို ဝယ်လို့ရတယ်လို့ ခံယူလာကြပါတယ်။ ဆရာမှန်း သိပါလျှက်နဲ့ ပုခုံးချင်းတိုက်သည်အထိ မိုက်ရိုင်းလာကြချေပြီ…။ ဆရာမမှန်း သိပါလျှက်နဲ့ လမ်းဘေးက မိန်းမတယောက်ပမာ သဘောထားကာ စကြနောက်ကြ ကျီဇယ်ကြ နေလေပြီ…။ တချိန်ထဲမှာပဲ ကျုပ်တို့ ဆရာ-ဆရာမတွေရဲ့အရည်အချင်းကလည်း (ဒေါ်)မေငြိမ်းရဲ့မြသီလာ အလွမ်းပြေ ၃၆ မှာ ကို mm Thinkerဆိုသူ comment ရေးခဲ့သလို neo-ရှေ့ဆက်ပုဒ်ကိုတောင် မသိ-နားမလည်သည်အထိ အင်္ဂလိပ်စာက ညံ့ဖြင်းနေကြလေပြီ…။ ဒါတောင် အဲဒီကိုmm Thinker ကိုယ်တိုင် တွေ့ခဲ့တယ်ဆိုတဲ့ သူတွေက ကျုပ်တို့ဆီမှာ Ph.D လုပ်နေတဲ့သူတွေပါ။ ပြီးတော့ နိုင်ငံခြားပညာသင်အဖြစ် ရွေးချယ် စေလွှတ်ခြင်း ခံခဲ့ရတဲ့ လက်ရွေးစင်တွေပါ။ ကျုပ်တို့ပညာရေးက ဆရာ-ဆရာမတွေရဲ့ အဆင့်ကို စဉ်းစားတာ ကြည့်ကြပါတော့…။ ကျုပ်တို့လူတွေ (ကျုပ်အပါအဝင်) ညံ့တယ်ဆိုတာ နားလည်လက်ခံနိုင်ပေမယ့် ကို mm Thinker ထောက်ပြလောက်သည်အထိ ညံ့လိမ့်မယ်လို့တော့ မထင်ခဲ့မိရိုး အမှန်ပါ။ ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းပါတယ်။

မညာတမ်း ပြောရရင် ကျုပ်ကိုယ်တိုင်လည်း ကျောင်းဆရာတယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတယောက် မဟုတ်ပါဘူး…။ ဒါပေမဲ့ မြန်မာ့ပညာရေးကို အများတကာရဲ့ တံတွေးခွက်မှာ ပက်လက်မမျောစေချင်သူပါ…။ပညာရေးကသူတွေဟာ ကျန်တဲ့သူတွေထက် မနိမ့်သင့်ဘူး ဆိုတဲ့ ခံယူချက်-ယုံကြည်ချက်နဲ့ ရှေ့ခရီးကို လျှောက်လှမ်းနေဆဲ လူတယောက်ပါ။ အဲဒီလိုပဲ ကျုပ်တို့ ပညာရေးအသိုင်းအဝိုင်းက ဆရာ-ဆရာမတွေကို ဒီလိုခံယူချက်-ယုံကြည်ချက်တွေနဲ့ ရှေ့ဆက် လျှောက်လှမ်းစေချင်သူပါ…။ အဲဒီလိုမဟုတ်ပဲ အများမိုးခါးရေ သောက်တိုင်း ကျုပ်တို့လည်း လိုက်သောက်နေမယ်ဆိုရင်…၊ လိုက်သောက်နေမယ်ဆိုရင်…။

Friday, April 3, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၃)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဟာ ရန်ကုန်-သံလျှင်-သုံးခွ ကားလမ်းပေါ်မှာ တည်ရှိပြီး “တာဝ” လို့လည်း လူသိများကြပါတယ်။ ရန်ကုန်မြို့ကနေ ဘတ်စ်ကား စီးမယ်ဆိုရင် အနည်းဆုံး နှစ်နာရီလောက် ကြာပါတယ်။ နေရာမရလို့ မတ်တတ်ရပ်ကာ လိုက်ရပြီဆိုရင်တော့ တွေးသာ ကြည့်ကြပေတော့…။ တာဝန်ကျရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကို သွားပြီး Duty Report လုပ်ရပါသေးတယ်။ ပြီးတာနဲ့ ကျုပ်ကို တက်လက်စ Ph.D Prelim တန်းကို ပြီးဆုံးအောင် မိန်းထဲမှာ ဆက်လက် တက်ရောက်ခွင့်ပြုခဲ့ပါတယ်။ Prelim ပြီးလို့ အလုပ်ပြန်ဝင်ရတဲ့အချိန်ကစပြီး နားရတယ် မရှိ။

ကျောင်းဆရာ ဖြစ်လာကတည်းက“ကျုပ်တို့ မြန်မာ့လူမှုအဖွဲ့အစည်းက လက်ခံတဲ့ ကျောင်းဆရာစစ်စစ် တစ်ယောက်” ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒီအတွက်လည်း ခံနိုင်ရည် ရှိအောင် အရာရာကို စနစ်တကျ ပြင်ဆင်ထားခဲ့ပါတယ်။ မိသားစုစားဝတ်နေရေးကို ညီတော်မောင်က တာဝန်ယူနေတာမို့ ကျုပ်က လှည့်ကြည့်စရာ မလိုခဲ့ပါဘူး။ ကျုပ်မှာရှိတဲ့ စီးတော်ကားကို ရောင်းပြီး တခြားအလုပ်တွေမှာ ငွေထည့်ထားလိုက်ရင်… တလ တလ ရလာတဲ့အတိုးနဲ့ ကျောင်းဆရာကောင်းကောင်း လုပ်နိုင်ပြီလို့ ထင်မြင်ယုံကြည်ခဲ့မိသူပါ။ ကိုယ်ယုံကြည်မိတဲ့အတိုင်းလည်း လုပ်ခဲ့ပါတယ်။ ပြီးတာနဲ့ နေလက်စ အဆောင်ကနေ ၁၉၉၇ ခုနှစ်ကတည်းက ဝယ်ထားခဲ့တဲ့ ခြောက်မိုင်ခွဲ၊ ရွှေဟင်္သာလမ်း ဆင်းရဲသားရပ်ကွက်က အိမ်စုတ်ကလေးဆီကို ပြောင်းရွှေ့လို့ နေခဲ့ပါတယ်။ တကယ်တော့ ဒီအိမ်ကလေးကလည်း ကိုယ်ကြိုက်လို့ ဝယ်လိုက်တာမဟုတ်ပါဘူး…။ ဒုက္ခရောက်နေတဲ့ ကထိကဆရာမ တယောက်ကို ကူညီတဲ့အနေနဲ့ ဝယ်လိုက်ရတာပါ။ အရင်က ဆရာမကို တကြိမ်တခါမှ မမြင်ဘူးခဲ့ပေမဲ့ အိမ်ပွဲစားကတဆင့် ဆရာမမှန်း သိခဲ့ရ…၊ သူကလည်း ကိုယ့်ကို အလုပ်တဖက်နဲ့ ကျောင်းတက်နေသူမှန်း သိရာကနေ… သူ့ကို ကူညီဖို့ အတန်တန် ပြောခဲ့တာကြောင့် နေရာအနေအထား မကြိုက်ပေမဲ့ ဝယ်ဖြစ်ခဲ့တာပါ။ ဆရာမကို ကူညီရာလည်း ရောက်… ကျုပ်လည်း အိမ်လေးတလုံး အဖတ်တင်ခဲ့တာပေါ့။ အခုတော့ အဲဒီဆရာမတောင် ပါမောက္ခကြီး ဖြစ်နေပြီလို့ သိရတာကြောင့် ဝမ်းသာပီတိ ဖြစ်ရပါ၏။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သွားဖို့အတွက် မနက် ၆ နာရီ အိပ်ယာမှ ထရပါတယ်။ ကိုယ်လက်သုတ်သင် ရေမိုး ချိုးပြီး ကျောင်းကြို-ပို့ကား စီးဖို့အတွက် RC-2 က ဂန္ဓာမာဆောင်ရှေ့ကားမှတ်တိုင်ကို ၇ နာရီအရောက် မြန်းရပါတယ်။ နောက်ကြလို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒိုးကြပေတော့…။ အဲဒီကျောင်းကားနဲ့ သွားတာတောင် ဟိုတင်-ဒီတင်ဆိုတော့ တာဝ ရောက်တော့ ၉ နာရီ ထိုးနေပါပြီ။ အတန်းတွေက ၁၀ နာရီမှ စတာကြောင့် နာရီဝက်ကျော်ကျော်လောက်က ကျောင်းထဲက လက်ဘက်ရည်ဆိုင်မှာ မနက်စာစားရင်း အချိန်ဖြုန်းကြတာပေါ့။ ၁၀ နာရီလောက်က စပြီး စာသင်… တာဝန်… အစည်းအဝေးတွေနဲ့ အလုပ်ရှုတ်…။ အလုပ်ပါးရင် အောက်ဆင်း လက်ဘက်ရည်ဆိုင် ထိုင်ကာ အာရိုက်ကြပါတယ်။ ညနေ ၃ နာရီခွဲတာနဲ့ ကျောင်းကားပေါ် ပြန်တက်… အိမ်ရောက်တော့ ၅ နာရီ ကျော်လေပြီ…။ အဲဒါက ကျောင်းဖွင့်ရက်တိုင်းရဲ့ နေ့စဉ်တဓူဝအလုပ်…။

ကျူတာနည်းပြ လုပ်သက် ၃ နှစ် မပြည့်ရင် စာမသင်-စာမစစ်ရဘူးလို့တော့ ကြားဖူးပါရဲ့…။ ကျုပ်တို့တော့ အတန်းပေါင်းစုံ သင်လိုက်ရတာ နားရတယ်မရှိ။ ဒါပေမဲ့ စာကိုတော့ စစ်ခွင့်မရှိပါ…တဲ့။ ဒီကြားထဲ (ကျုပ်အထင်) ကျောင်းဆရာနဲ့ မဆိုင်တဲ့ ဘာရိယတာဝန်တွေက ဒု နဲ့ ဒေး။ မိုးလင်း-မိုးချုပ် သွားနေရတဲ့ နည်းပြ ကျောင်းဆရာဘဝ ရလာတဲ့လခ ငါးထောင့်လေးရာနဲ့ ဘယ်လိုများ စခန်းသွားနေကြပါလိမ့်…။ စခန်းသွားနေကြပါလိမ့်…။

Thursday, April 2, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၂)

M.Res ပြီးလို့ ကားပွဲစားတန်း ရောက်နေတဲ့ကျုပ်ကို ပါမောက္ခဆရာမကြီးက တွေ့ချင်တယ်ဆိုတာကြောင့် ကျောင်းထဲကို တခေါက် ရောက်ခဲ့ရပြန်ပါတယ်။ ကျုပ်စိတ်ထဲမှာတော့ “ ဒီတခါ ဆရာမကြီးက ဘာကြောင့် ခေါ်တာပါလိမ့်…။ ကျောင်းဆက်တက်ဖို့ကလည်း ဂိတ်ဆုံးနေပြီ…၊ ဘာမှ တက်စရာ မရှိတော့ဘူး…၊ တက္ကသိုလ်နည်းပြဆရာ-ဆရာမတွေ ခေါ်သံလည်း မကြားမိပါဘူး..” ဆိုပြီး သို့လော သို့လောနဲ့ သွားခဲ့ရတာပေါ့…။ ဟိုရောက်တော့ ဆရာမကြီးက “အရင်တခါလို အလ္လာပ-သလ္လာပ ပြောပြီးသကာလ… ဒီတခါတော့ ကိုမိုးစံအတွက် မဟာအခွင့်အရေးပဲ” ဆိုပြီး “ဒို့ဌာနမှာ စိတ်ပညာပါရဂူဘွဲ့ (Ph.D) သင်တန်း ဖွင့်လာခဲ့တာ အခုဆိုရင် 3rd Batch ရောက်လာပြီ ဖြစ်ကြောင်း…၊ အရင်က Ph.D သင်တန်းကို ဌာနတွင်း ဆရာ-ဆရာမဖြစ်မှသာ ဝင်ခွင့်ဖြေဆိုပြီး တက်ရောက်နိုင်ကြောင်း…၊ အပြင်လူတွေ လုံးဝ တက်ရောက်ခွင့် မရှိကြောင်း…၊ ဒါပေမဲ့ အခုပညာသင်နှစ် ၂၀၀၁-၀၂ က စပြီး ကိုမိုးစံတို့လို M.Res ပြီးတဲ့ အပြင်ကျောင်းသားတွေကိုလည်း ပါရဂူဝင်ခွင့် (Ph.D Entrance) စာမေးပွဲ ဖြေစရာမလိုပဲ ပါရဂူဘွဲ့ကြို (Ph.D Prelim) တန်းကို တိုက်ရိုက် တက်ရောက်ခွင့်ပြုမှာ ဖြစ်ကြောင်း…၊ ဒီ Prelim အတန်းဟာ အချိန်ပြည့် တစ်နှစ် တက်ရမှာဖြစ်ပြီး ကျန်သုံးနှစ်က အတန်းတက်စရာ မလိုပဲ အလုပ် လုပ်ရင်း သုတေသန လုပ်နိုင်ကြောင်း…၊ ဒါကြောင့် ကိုမိုးစံကို ဒီ Prelim တစ်နှစ် ပြီးအောင် တက်စေချင်ကြောင်း…” မနားတမ်း တိုက်တွန်းပါတော့တယ်။ ပြီးတာနဲ့ “ဒီတခါ ဆရာအလုပ်တွေ ခေါ်ရင် လျှောက်ဖြစ်အောင် လျှောက်လိုက်ပါ… အပြင်အလုပ် လုပ်လို့ရအောင် ဒို့ ဖန်တီးပေးမှာပေါ့” လို့ ဆိုပြန်ပါတယ်။

ဒီလိုနဲ့ ပညာသင်ရတာကို သံယောစဉ် မကုန်တဲ့ ကျုပ်က ကံ့ကော်ပန်းတို့ ပွင့်လန်းရာ မြသီလာဆီကို ပါရဂူဘွဲ့ကြိုကျောင်းသားတယောက်အဖြစ် ရောက်ခဲ့ရပြန်ပါတယ်။ ဒီ Prelim ခေါ် ပါရဂူဘွဲ့ကြိုတန်း 3rd Batch မှာ သင်တန်းသား ၈ ယောက်ရှိပြီး ကျုပ်ကလွဲရင် ကျန်အားလုံးဟာ ဆရာ-ဆရာမတွေပါ။ သင်တန်းမှာ စိတ်ပညာဘာသာရပ် လေးခု သင်ခဲ့ရပြီး ဆရာကြီး ဒေါက်တာကျော်စိန်က ၂ ဘာသာ နဲ့ ဆရာမကြီး ဒေါ်အေးသန်းက ၂ ဘာသာ တာဝန်ယူ သင်ကြားပေးခဲ့ပါတယ်။ တကယ်ကို ဆရာကြီး-ဆရာမကြီးတို့ရဲ့ ပြည့်ဝလှတဲ့ ပညာဗဟုသုတ အဆီအနှစ်တွေကို နာကြားခွင့် ရရှိခဲ့တဲ့အတန်းပါ။ ကျေးဇူးကြီးမားလှပါပေတယ်…။

အဲဒီ Prelim တက်နေဆဲမှာပဲ တက္ကသိုလ်နည်းပြဆရာ-ဆရာမတွေ အလုပ်ခေါ်တာကြောင့် လျှောက်လွှာတင်လိုက်ပါတယ်။ အရင်တခါက ဒီအလုပ်ကို လူတွေ့နှုတ်ဖြေ တခုတည်းနဲ့ ရွေးချယ်ခန့်အပ်ခဲ့ကြပေမယ့်… ကျုပ်တို့အလှည့်ကြတော့ ရေးဖြေ နဲ့ လူတွေ့နှုတ်ဖြေ နှစ်ခုစလုံးဖြေခဲ့ရပါတယ်။ ကံကြမ္မာက အဲဒီလိုပါ…။ ဘယ်လိုပဲဖြစ်ဖြစ် Prelim တက်နေဆဲ ၂၀၀၂ ခုနှစ်၊ ဇန္နဝါရီလထဲမှာ စိတ်ပညာအထူးပြု တက္ကသိုလ်နည်းပြဆရာ-ဆရာမ အောင်စာရင်း ခန့်အပ်အမိန့်စာ ထွက်လာတော့… ရှေ့ဆုံးက အမှတ်စဉ်-၁ အဖြစ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စိတ်ပညာဌာနမှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ရပါတော့တယ်။

Sunday, March 29, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၁)

M-Res ကျမ်းကို ရေးဖို့တောင် မစရသေးပဲ ကျမ်းမှာ သုံးမယ့် စာရင်းအင်းနည်းက ပြဿနာတက်နေတာကြောင့် “ဒီကောင်တော့ ဘွဲ့ရတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ပြောဆိုမှုတွေကလည်း ဆူညံလို့ နေပါတယ်။ ကျုပ်ကလည်း “ဘွဲ့ကို ဂရုမစိုက်ဘူး…၊ ဘွဲ့မရရင် နေပါစေ…၊ ကျုပ်မှန်တယ်ထင်တဲ့အရာကို လုပ်မယ်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ဘွဲ့အတွက် ရည်ရွယ်ပြီး အလုပ် လုပ်နေတာမို့ ဘွဲ့ကိုတော့ လိုချင်ပါတယ်။ ဒါပေမဲ့ ဒီမဟာဘွဲ့ကို မရရင်ကော ဘာဖြစ်မလဲ…။ ကျောင်းဆရာ လုပ်နေတာ မဟုတ်တာကြောင့် ကျုပ်အတွက် ဘာမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ကျမ်းကြီးကြပ်သူ ဆရာ့ကို “ဆရာ… သူ့ကို(စိတ်ပညာစာရင်းအင်းကျွမ်းကျင်သူ ပညာရှင်ဆရာ) ကျော်ပြီး ကျနော် မှန်တယ် ထင်တဲ့ ဒီနည်းနဲ့ပဲ တွက်ပြီး ကျမ်းတင်မယ်ဆိုရင်… နောက်ဆုံး ဘာဖြစ်လာနိုင်သလဲ”လို့ မေးလိုက်ပါတယ်။

ဆရာကတော့ “Final Defense မှာ ဘုတ်အဖွဲ့က မင်းသုံးတဲ့ စာရင်းအင်းနည်းလမ်းက မှားနေတယ်လို့ ထောက်ပြတာကို မင်းက ပြန်လည်ခုခံရှင်းပြတဲ့အခါ သူတို့က လက်မခံခဲ့ရင်… မင်း ဘွဲ့မရတော့နိုင်တော့ဘူးပေါ့”လို့ ဖြေပါတယ်။ ကျုပ်ကလည်း “ဒီလိုဆိုရင်… ဆရာ ဘေးဖယ်နေပါ…၊ ဘွဲ့မရရင်နေပါစေ…၊ ကျနော်လုပ်တာ ကျနော်ခံပါ့မယ်…”လို့ ဆရာ့ကို ပြောအပြီး “ ဆရာ့အထင် ဒီဌာနမှာ တခြား စိတ်ပညာစာရင်းအင်းကျွမ်းကျင်သူ ဆရာတယောက်လောက်ရှိမယ်ဆိုရင် နောက်ဆုံးအနေနဲ့ နည်းနည်းပါးပါး တီးခေါက်ကြည့်ချင်ပါတယ်”လို့ ပြောလိုက်ပါတယ်။ “ဒီလိုဆိုရင်လည်း ဒီနေ့ည ဆရာဦးခင်မြင့်ဆီ သွားကြတာပေါ့”လို့ တုန့်ပြန်ပါတယ်။ ညရောက်တော့ ဆရာ-တပည့် နှစ်ယောက် ဆရာ ဦးခင်မြင့်အိမ် သွားပြီး ဆွေးနွေးကြတာပေါ့…။ ဆရာကလည်း “တွက်လို့ ရတယ်”လို့ ယတိပြတ် မပြောခဲ့ပါဘူး။ “ရနိုင်ခြေ ရှိတယ်” ဆိုတဲ့ အဖြေနဲ့ပဲ ကျေနပ် ပြန်ခဲ့ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် M-Res ကျမ်းကို “ကိုယ်ညံ့ရင် ကိုယ်ခံမယ်” ဆိုတဲ့ ခံယူချက်အပြည့်နဲ့ ကျုပ် မှန်တယ်ထင်တဲ့အတိုင်း တွက်ချက် အဖြေထုတ်ကာ ရေးပြီး တင်ခဲ့ပါတယ်။ မှန်တယ်-မှားတယ် မသေခြာသေးတဲ့ စာရင်းအင်းနည်းအတွက်လည်း Final Defense မှာ ခုခံဖြေဆိုဖို့ အထောက်အထားတွေ ခိုင်လုံအောင် ရှာဖွေ ပြင်ဆင်ခဲ့ရတာပေါ့။

Final Defense ရောက်တော့ ပြင်ပစာစစ် (External Eaxminer) က ဆရာကြီး ဒေါက်တာစိန်တူပါ။ ဆရာကြီးဟာ အသက် ၂၅ နှစ် အရွယ်လောက်မှာ အမေရိကန်ပြည်ထောင်စု၊ ကိုလံဗီယာတက္ကသိုလ်မှ မဟာဘွဲ့(Master) နဲ့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ ရရှိခဲ့ပြီး အသက် ၂၆ နှစ် အရွယ်မှာ မန္တလေးတက္ကသိုလ်မှာ စိတ်ပညာပါမောက္ခ ဖြစ်လာခဲ့သူပါ။ အဲဒီအချိန်က မြန်မာ့ပညာရေးကို စိတ်ကူးနဲ့သာ မှန်းဆလို့ ကြည့်ကြပါတော့…။ Defense မှာ ဆရာကြီးပါတယ်ဆိုတော့ ဘယ်လိုပင် မောင်းတင်ထားပေမယ့် ကျုပ်လည်း ခတ်လန့်လန့်ပါဘဲ။ ဘွဲ့ကတော့ ဝေးပြီ ထင်ပါရဲ့…။ ခုံနံပတ်-၁ ဖြစ်တာကြောင့် အထောက်အထားစာအုပ်တွေ ပွေ့ပိုက်ကာ စိုးရိမ်စိတ်နဲ့ အခန်းထဲဝင်…၊ စာစစ်ဘုတ်အဖွဲ့ရှေ့မှာ ထိုင်ကာ သူတို့မေးသမျှ ဖြေရတာပေါ့။ အများဆုံးမေးခဲ့သူက ဆရာကြီးဒေါက်တာစိန်တူပါ။ ဒါပေမဲ့ “အလိုမကျတာ-အမှားပါတာ တွေ့ခဲ့ရင် ကျမ်းကို လွှင့်ပစ်လေ့ရှိတယ်” ဆိုတဲ့ ဆရာကြီးက ကျုပ်စိုးရိမ်ခဲ့တဲ့ စာရင်းအင်းနည်းနဲ့ပတ်သက်လို့ တခွန်းတလေမျှ မဟခဲ့ပါဘူး…။ ကျန်တဲ့အပိုင်းတွေကိုသာ မေးမြန်းကာ အနည်းငယ် ပြင်ဆင်စေခဲ့ပါတယ်။

ဒီလိုနဲ့ ကျုပ်လည်း များစွာသောအနှောက်အယှက်-အခက်အခဲတွေကြားကနေ ဒီ M-Res ခေါ်တဲ့ မဟာသုတေသနဘွဲ့ကြီးကို ထပ်မံ ရရှိခဲ့ပြန်ပါတော့တယ်။ ပွဲပြီးလို့ ဒီစိတ်ညစ်ခဲ့ရတဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ကြတဲ့အခါ ကျမ်းကြီးကြပ်သူ ဆရာက “ မင်းက..ဆရာ ဘေးဖယ်နေပါ…ဆိုပေမယ့် မင်း ဘွဲ့မရရင် ငါ့မှာလည်း တာဝန်ရှိတယ်ဆိုတာ နားမလည်ဘူးလား.. ကွ” လို့ ဂရုဏာဒေါသောနဲ့ ဟောက်ပါတော့တယ်။ တကယ်ကို မစဉ်းစားခဲ့မိတာပါ…။ လွန်တာရှိခဲ့ရင် ဝန္ဒာမိပါ ဆရာ…၊ ဝန္ဒာမိပါ ဆရာ…။

Saturday, March 28, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၀)

M-Res ကျမ်း အတွက် အချိန်တွေ ငွေတွေ အကုန်ကျခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ အများတကာလို လမ်းဟောင်းကို အလွယ်မလိုက်ပဲ လမ်းသစ်ကို ထွင်ကာ ဖောက်ပြန်တော့ အခက်အခဲ အဖုအထစ်တွေက ဒုနဲ့ဒေးပါ။ စာဖတ်တာကို အင်မတန် ဝါသနာပါတဲ့ ကျုပ်က ပညာရေးကို ကျောခိုင်း စွန့်ခွာလိုက်ဖို့အထိ စိတ်ဓါတ်ကျခဲ့ဖူးပါတယ်။

ပြဿနာအစက ကျုပ်ရဲ့ M-Res ကျမ်းမှာ သုံးမယ့် စာရင်းအင်းနည်းလမ်း (Statistical method) ပါ။ လက်တွေ့လေ့လာမှုမှာ စုဆောင်းကောက်ယူလို့ ရရှိလာတဲ့ အချက်အလက် Data တွေကို သင့်လျှော်မှန်ကန်တဲ့ စာရင်အင်းနည်းလမ်းနဲ့ တွက်ချက်ကာ ကိုယ်ရဲ့ တွေးဆချက်တွေ-တင်ကြိုခန့်မှန်းချက်တွေ မှန်မမှန် အဖြေထုတ်ပြီး နိဂုံးကောက်ချက်ဆွဲရပါတယ်။ အကယ်၍ ကိုယ်သုံးလိုက်တဲ့ စာရင်းအင်းနည်းလမ်းက မှားခဲ့ရင်… ရလာတဲ့အဖြေကလည်း မှား… အဖြေက မှားတော့ နောက်ဆုံး နိဂုံးကောက်ချက်ဆွဲတာကလည်း မှားပြီပေါ့…။ ဒါကြောင့် သိပ္ပံနည်းကျ လေ့လာတဲ့ စိတ်ပညာသုတေသနတွေမှာ စာရင်းအင်းနည်ပညာဟာလည်း အဓိကနေရာက ပါဝင်နေခဲ့ပါတယ်။

ဒီသော့ချက်ကို နားလည်သဘောပေါက်ခဲ့တာကြောင့်လည်း စာရင်အင်းဘာသာရပ် ပါဝင်တဲ့ CABS, DBS သင်တန်းတွေကို အချိန်ကုန်-ငွေကုန်ခံပြီး တက်ရောက်လေ့လာခဲ့ပါတယ်။ ဒီသင်တန်းတွေမှာ စာရင်းအင်းအခြေခံလောက်နဲ့ ပုစ္ဆာတွေကို များများတွက်ခိုင်းပါတယ်။ ရှင်းပြပါတယ်။ ဒါပေမဲ့ ကျုပ်လိုချင်တဲ့ အတိုင်းအတာထိ မရခဲ့ပါဘူး။ တချို့ပုစ္ဆာလေးတွေ တွက်ရင်းနဲ့ပဲ အိုက်ဒီယာအနည်းငယ် ရခဲ့တယ်ဆိုတာကိုတော့ ရိုးသားစွာနဲ့ ဝန်ခံရပါလိမ့်မယ်။ ကျန်တာကိုတော့ ကိုယ့်ဖာသာကိုယ် ဆက်ပြီး လေ့လာရတာပေါ့။ အဲဒီကတဆင့် ဦးစန်း (ယခု ပါချုပ်-မိတ္ထီလာစီးပွား) နဲ့ ဆွေးနွေးရာကနေ စာရင်းအင်းပညာရှင် ဆရာ ၂ ယောက်နဲ့ သိကျွမ်းခွင့် ရခဲ့ပါတယ်။ သူတို့ကတော့ UN Project တွေမှာတောင် တွက်ပေးနေတဲ့ ဆရာကြီးတွေပါ။ ကျုပ်အတွက် ပညာဗဟုသုတတွေ အများကြီးရခဲ့ပါတယ်။

M-Res Paper အတွက် ကျုပ်တွက်ချင်တဲ့ စာရင်းအင်းနည်းလမ်းကို ဖြစ်နိုင်ခြေ ရှိမရှိ သူတို့ကို မေးမြန်းကြည့်တော့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျုပ်ကိုယ်တိုင်လည်း Statistical Method တွေကို သေခြာအချိန်ပေးလေ့လာပြီး ဒီနည်းသာလျှင် အသင့်တော်ဆုံးလို့ ယူဆခဲ့ပါတယ်။ ဒါ့အပြင် ဌာနမှာ အရင်ရှိပြီးသား Journal အဟောင်းတွေကို လှန်လော ဖတ်ရှုရင်း ကျုပ်ရဲ့ လေ့လာမှုနဲ့ ခတ်ဆင်ဆင် Paperတစောင်ကို အမှတ်မထင် တွေ့ခဲ့ရပြန်ပါတယ်။ အဲဒီ Paper မှာလည်း ကျုပ်တွက်ချင်တဲ့ Statistics ကိုသာ သုံးထားတာမို့ ကျုပ်ရဲ့ယူဆချက်ကို ပိုမို ခိုင်လုံစေခဲ့ပါတယ်။ ဒါကြောင့် ကျုပ်ရဲ့ M-Res ကျမ်းမှာ ဒီ စာရင်းအင်းနည်းလမ်းကိုသာ သုံးပြီး တွက်ချက် အဖြေရှာမယ်ဆိုတဲ့အကြောင်း ကျမ်း ကြီးကြပ်သူ ဆရာ့ကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြခဲ့ပါတယ်။ ဆရာကတော့ “နေအုံး… ငါ တပတ်လောက် ပြန်ဖတ်အုံးမယ်” လို့ ဆိုပါတယ်။

တပတ်လောက်ကြာတော့ ဆရာက “ မင်းဟာက တွက်လို့ ရနိုင်တယ်…ကွ” ဟု ဆိုကာ ဌာနမှ စိတ်ပညာစာရင်းအင်း ကျွမ်းကျင်သူ ဆရာလတ်နဲ့ ထိတ်တိုက် ရင်ဆိုင် ဆွေးနွေးကြပါတော့တယ်။ သူငယ်ချင်းတွေ အပြောအရဆိုရင်တော့ ပါမောက္ခကို ပုဏ္ဏထိုင်ထားလို့ အပြင်းအထန် ငြင်းကြ ခုံကြ နဲ့ တော်တော် ပွဲကြမ်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျုပ်တို့ လုပ်ချင်တာကို ကျွမ်းကျင်သူပညာရှင်က လက်မခံခဲ့သလို… အခြားသင့်တော်မယ့် စာရင်းအင်းနည်းလမ်းကို ညွှန်ပြပါဆိုတော့လည်း နှုတ်ဆိတ်လို့ နေခဲ့ပြန်ပါတော့တယ်…။

Thursday, March 26, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၉)

M-Res ကျမ်းအတွက် ပြင်ဆင်ရင်း ကုမ္ပဏီမှာ အချိန်ပိုင်း Psychologist လုပ်နေစဉ်မှာပဲ နောက်ထပ် သင်တန်းတခု တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်။ Customs လို့ လူသိများတဲ့ အကောက်ခွန်ဦးစီးဌာနက ဖွင့်လှစ်တဲ့ “အကောက်ခွန်ရှင်းလင်းရေး” သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းဟာ ပို့ကုန်-သွင်းကုန် လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အင်မတန်အရေးကြီးတဲ့ သင်တန်းပါ။ ဒီသင်တန်း အောင်လက်မှတ် ရှိမှ အကောက်ခွန်ဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်လုပ်ငန်း (Customs Clearing Agency)ကို လုပ်ကိုင်ခွင့်ရှိပါတယ်။ ဒီလက်မှတ်မရှိရင် လုပ်ခွင့်မရှိပါ။ ထုတ်ကုန်-သွင်းကုန်လုပ်ငန်း လုပ်နေတဲ့ကုမ္ပဏီတွေဆိုရင်တော့ ဒီသင်တန်းအောင်လက်မှတ် ရှိတဲ့သူ အနည်းဆုံး ၅ ယောက်ရှိမှ လုပ်ကိုင်ခွင့်ပြုပါတယ်။

သင်တန်းတက်ရောက်ခွင့် ရဖို့ ခက်ခဲသလို အောင်ဖို့လည်း မလွယ်လှပါဘူး။ ကျုပ်ရဲ့ကုမ္ပဏီလုပ်ခဲ့တဲ့ သက်တမ်း ၅ နှစ် (၁၉၉၃-၁၉၉၈) အတွင်းမှာ ဒီသင်တန်း တက်ရောက်ခွင့် ရဖို့ အကြိမ်ကြိမ် ကြိုစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လုံးဝ အခွင့်အရေးမရခဲ့…။ အခုတခါတော့ ဆွေမျိုးလည်းတော်ပြီး ကျုပ်ရဲ့အကိုလိုနေတဲ့ ဘိုးလေးသန်းရွှေက “သူကိုယ်တိုင် တက်ဖို့ ရအောင် ကြိုးစားပြီးကာမှ.. အလုပ်များနေတာကြောင့် မတက်ရောက်နိုင်ကြောင်း…၊ ဒါကြောင့် အလုပ်မရှိတဲ့မင်းက ငါ့အစား သွားတက်လိုက်…၊ ငါ နံမည်စာရင်း ပြောင်းပေးလိုက်မယ်”လို့ ဆိုပါတယ်။ ကျုပ်ကလည်း ဒီလိုလွယ်လွယ်နဲ့ ရမယ်ဆိုရင် တက်မယ်ဗျာ…လို့ ပြောလိုက်တာပေါ့။

သင်တန်းက လမ်း ၅၀ အောက်ဘလောက်မှာ ရှိတဲ့ အကောက်ခွန်သင်တန်းကျောင်းမှာ တက်ရပါတယ်။ နေ့စဉ် မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီခွဲလောက်အထိ နှစ်လနီးပါး သင်ကြားပို့ချပါတယ်။ လက်ရှိ အလုပ် လုပ်နေတဲ့ကုမ္ပဏီက ၄၉ လမ်း အလယ်ဘလောက်မှာဆိုတော့ ကျုပ်အတွက်တော့ တော်တော်လေးကို အဆင်ပြေလှပါတယ်။ သင်တန်းက ပျက်ကွက်ခွင့် မရှိတာကြောင့် ရုံးချိန်ကို သူဌေးနဲ့ ညှိယူပြီး သင်တန်းတက်နေတဲ့ကာလမှာ နေ့စဉ် ရုံးတက်ကာ(ညနေ ၃-၅) Psycho test စစ်မယ့် အချိန်ကို ညနေ သုံးနာရီ နောက်ပိုင်း ရွှေ့လိုက်တာပေါ့ဗျာ။ သူလည်းအဆင်ပြေ ကိုယ်လည်း အိုကေပေါ့…။

အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းတွေကို လက်တွေ့လုပ်ကိုင်ခဲ့ဖူးတဲ့ ကျုပ်အတွက်တော့ ဒီသင်တန်းက သိပ်ကြီးမခက်လှပါဘူး။ ပို့ချသမျှ စာတွေကို အရမ်းကာရော မကျက်ခဲ့ရဘူးဆိုပါတော့ဗျာ…။ ဒါပေမဲ့ သင်တန်းပြီးလို့ စာမေးပွဲဖြေတော့ တခါမှ မဖြစ်ခဲ့ဘူးတဲ့ ဇောချွေးတွေ ပြန်တာ ဒီစာမေးပွဲပေါ့…။ အဲဒီမှာ H.S code မှန်အောင် ရှာပေးရတဲ့ မေးခွန်းက Open book ပေးထားပါတယ်။ ကျုပ်တို့ ဂငယ်က မဟာဝင်ခွင့်စာမေးပွဲမှာ ဘာသာပြန်ဘာသာရပ် (အင်္ဂလိပ်မှ ဂငယ်သို့) ဖြေဆိုတဲ့အခါ အဘိဓါန်(Dictionary) သုံးခွင့် ပေးထားသလိုမျိုးပေါ့…။ ကျုပ်ကလည်း Open book ဆိုတော့ စာအုပ်ကြည့်ဖြေရမှာပဲဆိုပြီး အေးအေးဆေးဆေး လုပ်နေတာ…။ ဘယ်ဟုတ်မလဲဗျာ… စာအုပ် လှန်ရှာနေရတာနဲ့ အချိန်က ကုန်ပါရောလား…။ ဇောချွေးတွေ ပြန်နေတဲ့ကြားက မနည်းကို ပြီးအောင်-မှန်အောင် ဖြေခဲ့ရပါတယ်။ ကျုပ်ဘဝအတွေ့အကြုံအရဆိုရင်တော့ Open book ဖြေရတာက ပိုပြီး ခက်တယ်လို့ ထင်ခဲ့မိပါကြောင်း…။

၂၀၀၀-၂၀၀၁ ပညာသင်နှစ်ဟာ ကျုပ်ဘဝအတွက် သင်တန်းတွေ အများဆုံး တက်ခဲ့ရတဲ့နှစ် ဖြစ်ခဲ့သလို အချိန်ကိုလည်း အကျိုးရှိရှိ ကုန်လွန်စေခဲ့ရတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ မိန်းထဲကDBL သင်တန်း(၇-၉) တက်…၊ နေ့လည်ပိုင်းမှာ အလုပ်နဲ့ M-Res ကျမ်းအတွက် ပြင်ဆင်…၊ ဒီကြားထဲမှာပဲ နှစ်လလောက်က အကောက်ခွန်ရှင်းလင်းရေးသင်တန်း တက်…၊ ညနေပိုင်းကြပြန်တော့ RC-2 ဘက်မှာ DBS သင်တန်း(၅-၇) တက်…၊ ညပိုင်းရောက်မှပဲ သင်တန်းကစာတွေ-ကျောင်းစာတွေ ပြန်ဖတ်ရင်း နားခွင့်ရတာပေါ့။ တက်ခဲ့သမျှ သင်တန်းတွေထဲမှာ လက်ငင်းအကျိုးပြုတဲ့ သင်တန်းကတော့ “အကောက်ခွန်ရှင်းလင်းရေး”သင်တန်းပါပဲ…။ အောင်စာရင်းထွက်ပြီးလို့ အောင်လက်မှတ်ရတဲ့အချိန်ကစပြီး ကျုပ်ရဲ့အဲဒီအောင်လက်မှတ်ကို ကျုပ်ညီကတဆင့် စိတ်ချယုံကြည်ရတဲ့ ကုမ္ပဏီကြီးတစ်ခုကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။ အဲဒီအတွက် တန်ပြန်ကျေးဇူးဆပ်သောအားဖြင့် ကုမ္ပဏီက ကျုပ်ကို အခုချိန်ထိ လစဉ် ကျပ်ငွေ နှစ်သောင်း ပေးနေဆဲပါဆိုလျှင်… ပေးနေဆဲပါဆိုလျှင်…။

Tuesday, March 24, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၈)

ကုမ္ပဏီက ၄၉ လမ်းမှာပါ…။ နှစ်လွှာတိုက်ခန်း ဖြစ်ပြီး အောက်ထပ်မှာ သူဌေးနဲ့ ရုံးအဖွဲ့ထိုင်ပြီး အပေါ်ထပ်မှာ Psycho test စစ်ဖို့ ပြင်ဆင်ထားတာကြောင့် ကျုပ်က အပေါ်မှာ ထိုင်ရတာပေါ့။ အရေးပေါ်ကိစ္စမျိုးက လွဲရင် တစ်ဦးချင်း တစ်ယောက်ချင်း စစ်မပေးပါဘူး…။ အနည်းဆုံး ၅ ယောက်လောက် စုပြီးမှ စစ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ၃ ရက် ရုံးတက်ရပေမယ့် တကယ် အလုပ် လုပ်ရတာက တစ်ရက်လောက်ပါ။ ကျုပ်အတွက် မပင်မပမ်း အေးအေးဆေးဆေး ဖြစ်ပေမယ့် တခါတလေ ဂဂျီဂဂျောင်နိုင်လှတဲ့ အမျိုးသမီး အလုပ်လာလျှောက်တဲ့သူတွေနဲ့ တွေ့ရရင် အင်မတန် စိတ်ညစ်ရပါတယ်။

ဥပမာ… ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်နေတဲ့ ကျောင်းသူတယောက်ဆိုပါတော့… သူက အပေါ်ထပ်မှာ Psycho test စစ်ပြီးတာနဲ့ အောက်ထပ်မှာ ရုံးအဖွဲ့နဲ့ လုပ်စရာရှိတာ လုပ်ပြီးရင် အိမ်ပြန်ရုံပါပဲ…။ သူနဲ့အတူ စစ်တဲ့သူတွေက ပြန်သွားကြပေမယ့် မင်းသမီးက မပြန်…။ ရုံးအဖွဲ့က သူ့ကိုမေးတော့ psycho test အဖြေ သိချင်တယ်လို့ ဆိုပါတယ်။ အဖြေက ပြောလို့ မရဘူးလို့ ဘယ်လိုပင် ရှင်းပြနေပေမယ့် သူက လက်မခံ…။ နောက်ဆုံး သူဌေးကိုယ်တိုင် ကျုပ်ရှိရာ အပေါ်ထပ် တက်လာပြီး“ ဆရာ… အောက်မှာတော့ ပြဿနာ တက်နေပြီ…၊ အမျိုးသမီးတစ်ယောက်က သူ့အဖြေ မသိရရင် မပြန်နိုင်ဘူး လုပ်နေတယ်…။ ဘယ်လိုလုပ်မလဲ ဆရာ…”လို့ ပြောပါတော့တယ်။ အဲဒါမှ ဒုက္ခ…။

တကယ်တော့ ကျုပ်တို့မှာ စောင့်ထိန်းလိုက်နာရတဲ့ ကျင့်ဝတ်တွေ အများကြီး ရှိသလို… ကာယကံရှင်က လိုလိုလားလား တောင်းဆိုလာခဲ့ရင် ပြောလို့ရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ကျုပ်က သူတို့ကို စိတ်ပညာစစ်ဆေးလွှာရဲ့ သဘောသဘာဝကို ရှင်းပြပြီး စံပြုထားတဲ့ စိတ်ပညာစစ်ဆေးလွှာတွေကို ဖြေခိုင်း… ချက်ချင်း Scoring လုပ်..၊ ပြီးတာနဲ့ လူတွေ့ပြန်မေးဆိုတော့ အဖြေက ကျုပ်ခေါင်းထဲမှာ ရှိနေပြီးသားပါ။ ဒါပေမဲ့ ဒီဖြေလွှာရမှတ်တွေကို ကြည့်ပြီး Assessment ရေးတာက ဌာနမှ ပညာရှင် ဆရာလတ် (ယခု တွဲဘက်ပါမောက္ခ၊ တာဝ) ဖြစ်ပါတယ်။ ကျုပ်အဆင့်နဲ့ ရေးခွင့်မရှိ- ပြောခွင့်မရှိ…။

ကျုပ်လည်း သူဌေးနဲ့အတူ အောက်ထပ် လိုက်သွားပြီး စောစောကအမျိုးသမီးကိုတွေ့ကာ အဖြေကို သိဖို့ မဖြစ်နိုင်တဲ့အကြောင်း စိတ်ပညာကျင့်ဝတ်တွေနဲ့ ရှင်းပြရတာပေါ့။ သူမကတော့ နားမဝင်…၊ “ဗေဒင်ဆရာတောင် တွက်ချက်ပြီးရင် ဟောရတယ်”လို့ ခွန်းတုန့်ပြန်ပါတယ်။ ကျုပ်လည်း ဘယ်လိုမှ ပြောမရတာကြောင့် သူ့ကို ခဏစောင့်ခိုင်းပြီး အပေါ်ပြန်တက်ကာ ဌာနကို ဖုန်းဆက်ရပါတော့တယ်။ ကံအားလျှော်စွာပဲ ဆရာလတ်နဲ့တွေ့တာကြောင့် ရင်ဆိုင်နေရတဲ့ပြဿနာကို ရှင်းပြလိုက်တော့… “ဘယ်လိုမှ ပြောလို့မရရင် လက်စွမ်းတာပြလိုက်တော့”လို့ ဆိုပါတယ်။ ကျုပ်လည်း ဆရာလတ်ဆီက ခွင့်ပြုချက် ရတာနဲ့ သူမကို အပေါ်ထပ် ခေါ်ကာ“သူမရဲ့လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ ဆက်ဆံရေးပုံစံတွေ” ကို အသေးစိတ် ရှင်းပြလိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ ကျုပ်ပြောသမျှ ငြိမ်ကာ နားထောင်နေတဲ့ သူမရဲ့ တုန့်ပြန်လိုက်တဲ့ စကားတခွန်းကြောင့် ကျုပ်တောင် ခတ်လန့်လန့် ဖြစ်ခဲ့မိပါရဲ့…။ ဘာတဲ့…“ဆရာတို့ဟာက ဗေဒင်-လက္ခဏာထက် မှန်သားပဲ” ပါတဲ့ခင်မျာ…။

Monday, March 23, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၇)

ဆရာမကြီးက လိုအပ်တဲ့ Data ကောက်ယူဖို့အတွက် အချို့ကုမ္ပဏီတွေကို သူကိုယ်တိုင် မိတ်ဆက် ကူညီမှုပေးခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ ကျုပ်တို့ကို ကားအကြို-အပို့ကအစ စီစဉ်ပေးခဲ့သလို… ဟိုရောက်ရင်လည်း အဆင်သင့်ဖြစ်အောင် မန်နေဂျာတွေကို စုဝေးထားတတ်ပါတယ်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲကြသလို ကျုပ်တို့လို ကျောင်းသားတွေကိုလည်း ဂရုတစိုက်နဲ့ အလေးထားဆက်ဆံခဲ့ကြပါတယ်။ ဒါပေမဲ့ ကျုပ်လိုချင်တဲ့ အလယ်အလတ် မန်နေဂျာက ကုမ္ပဏီ ခတ်ကြီးကြီးတွေတောင်မှ ၁၀ ယောက်ထက် မပို။ လိုချင်တဲ့ Subjects က မန်နေဂျာ အယောက် ၂၀၀ လောက်ဆိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီကြီး-လတ်-ငယ် နဲ့ အင်န်ဂျီအို တွေကို တခုပြီး တခု သွားကာ အကူအညီတောင်းရင်း မေးမြန်းရပါတယ်။ Data ကောက်ယူရာမှာ ကျုပ်ရဲ့မိတ်ဟောင်းဆွေဟောင်း ကုမ္ပဏီတွေက ကူညီမှုပေးခဲ့သလို… စိတ်ပညာဌာနမှာ DAP (Dip in Applied Psychology) တက်နေတဲ့ ကိုသက်ထွန်း (MBA 4th batch) ကလည်း မငြီးမငြူ ကူညီခဲ့ရှာပါတယ်။ ကျေးဇူးပါ ကိုသက်ထွန်းရေ…။

ဒီလိုနဲ့ တရက်မှာတော့ ဆရာမကြီးက“ကိုမိုးစံရေ… ပြင်ပ အလုပ်သမားရွေးချယ်ခန့်ထားရေးကုမ္ပဏီတစ်ခုက သူတို့ဆီမှာ Psycho Test စစ်ချင်လို့ ကူညီပါလို့ လာပြောနေတယ်…၊ အဲဒါ ဒို့ကလည်း ကူညီမယ်လို့ ပြောထားတယ်…၊ Test ကတော့ ဌာနက Test တွေကို သုံးမယ်… ကိုမိုးစံက အဲဒီမှာ ဌာနကိုယ်စား သွားထိုင်ပေးပါ”လို့ ပြောရင်း “အလုပ်ချိန်နဲ့လစာကိုတော့ မနက်ဖန် သူတို့လာမှ ညှိကြတာပေါ့” လို့ ဆိုပါတယ်။ နောက်နေ့မနက် ၁၀ နာရီ ခွဲလောက်မှာ ဆရာမကြီးရဲ့ ရုံးခန်းမှာပဲ တရုပ်သူဌေးပေါက်စ နဲ့ သူ့ရဲ့ အတွင်းရေးမှူး ဗမာမလေး အပါအဝင် ကျုပ်တို့လေးယောက် ညှိနှိုင်းရေး လုပ်ကြတာပေါ့။ ဆရာမကြီးက သူတို့ကို “ဒါက အဲဒီမှာ ဌာနကိုယ်စား အချိန်ပိုင်း လာရောက်ကူညီမယ့် ဆရာ ဦးမိုးစံ”ဆိုပြီး စတင် မိတ်ဆက်ပါတော့တယ်။ ကျုပ်ကို“ဆရာ”ဆိုပြီး မိတ်ဆက်ပေးတာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး…။ အရင်တုန်းကလည်း အပြင်လူတွေနဲ့ တွေ့ရင် ကျုပ်ကို “ဆရာ”ဆိုပြီး မိတ်ဆက်ပေးခဲ့တာ အကြိမ်ပေါင်း မနည်းလှပါဘူး…။ ပြီးတာနဲ့ “ဆရာ”ဝင်လုပ်ဖို့ အမြဲတမ်း တိုက်တွန်းတတ်ပါတယ်။ ကျုပ်က ရတဲ့လစာနဲ့ မိသားစုအရေး အဆင်မပြေနိုင်ကြောင်း တင်ပြတဲ့အခါ “လျှောက်သာ လျှောက်လိုက်ပါ… အပြင်အလုပ် လုပ်လို့ရအောင် ဒို့ကူညီမှာပေါ့”လို့ အားပေးစကား ပြောတတ်သူပါ။

အခုလည်း ကျုပ်ကို “ဆရာ” လို့ မိတ်ဆက်ပေးလိုက်တာကြောင့် သူဌေး နဲ့ သူ့မိသားစု၊ ကုမ္ပဏီအကြံပေးအရာရှိ (အလုပ်သမားဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးဟောင်း) နဲ့ တရုံးလုံးက ကျုပ်ကို ဆရာ.. ဆရာနဲ့ ခေါ်လို့ နေကြပြန်ပါတော့တယ်။

Saturday, March 21, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၆)

နှစ်ပတ်လောက် အကြာမှာတော့ ဆရာမကြီးက “ကျုပ်ရဲ့သုတေသန မေးခွန်းလွှာအပေါ် တိုင်းအဆင့်အာဏာပိုင်ရဲ့ တုန့်ပြန်ချက် သဘောထား” ကို ခေါ်ပြောခဲ့ပါတယ်။ ဆရာမကြီးရဲ့အပြောအရဆိုရင်“သူတို့အထက်ကသူတွေအနေနဲ့ ဒီလိုအကျိုးရှိမယ့် လက်တွေ့လေ့လာမှုမျိုးကို ကြိုဆိုပါကြောင်း…၊ ခွင့်ပြုချက်လည်းပေးချင်ပါကြောင်း…၊ ဒါပေမဲ့ ဝန်ထမ်းတွေက အရင်တခါ ဖြစ်ထားတာကြောင့် မေးခွန်းလွှာဆိုရင် ကြောက်နေကြကြောင်း…၊ အခု ခွင့်ပြုလိုက်ရင် သို့လော သို့လောနဲ့ မတည်မငြိမ် ပွစိပွစိ ဖြစ်လာနိုင်ကြောင်း…၊ ဒါကြောင့်မို့ ပရိုက်ဗိတ်ဆက်တာက မန်နေဂျာတွေကိုပဲ Target subjects အဖြစ် လုပ်စေချင်ကြောင်း.. နဲ့ လိုအပ်ပါက ကူညီပံ့ပိုးပေးနိုင်ပါကြောင်း…”တို့ ဖြစ်ကြပါတယ်။

ပရိုက်ဗိတ်ဆက်တာ ဆိုတော့ ၈၈ နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ တစ်ဦးတည်းပိုင်-အများပိုင် ကုမ္ပဏီတွေ၊ ဖက်စပ်ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေ ပါလာပါတော့တယ်။ အရင်တုန်းက ခွင့်မပြုခဲ့တဲ့ ဒီ ပရိုက်ဗိတ်ဆက်တာဟာ အခုမှ ဘာကြောင့်ပေါ်ပေါက်လာခဲ့ရတာလဲ…၊ ဘယ်လောက်အတိုင်းအတာထိ အရေးပါနေသလဲ…၊ ဘယ်လိုလုပ်ငန်းမျိုးတွေကို လုပ်ခွင့်ပြုပါသလဲ…၊ ဘယ်ဥပဒေတွေနဲ့ ခွင့်ပြုခဲ့ပါသလဲ… စသည်ဖြင့် သိဖို့လိုအပ်လာပါတယ်။ အထူးသဖြင့် ပရိုက်ဗိတ်ဆက်တာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ရင်းနှီးမြှုတ်နှံမှုဥပဒေ၊ ကုမ္ပဏီအက်ဥပဒေ နဲ့ စီးပွားရေး ဥပဒေတွေကို လေ့လာဖို့ လိုအပ်လာခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနက ဖွင့်လှစ်သင်ကြားပေးနေတဲ့ DBS (Dip in Business Law) မနက်ပိုင်းသင်တန်း(၇-၉) ရဲ့ အနီးဆုံးအပတ်စဉ်မှာ တက်ရောက်လေ့လာနိုင်ဖို့ အချိန်မှီ ငွေသွင်း စာရင်းပေးလိုက်ရပြန်ပါတော့တယ်။

အဲဒီအချိန်မှာပဲ ကျုပ်တို့ ၂၀၀၀ ခုနှစ် ပြီးတဲ့ မဟာဘွဲ့ရတွေအတွက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ပါတယ်။ တရံတခါမှမတက်ဖူးတဲ့ ဒီဘွဲ့နှင်းသဘင်ကို ကျုပ်လည်း သူငယ်ချင်းတွေနဲ့အတူ တက်ရောက်ခဲ့တာပေါ့။ ကံကြမ္မာ မျက်နှာသာပေးပြန်တော့ ကျောင်းပြီးတဲ့နှစ်တူပေမယ့် ဘာသာရပ်ကွဲနေတဲ့ သူမနဲ့ တရက်တည်း တချိန်တည်း ဘွဲ့နှင်းသဘင် တက်ရောက်ခွင့် ရရှိခဲ့ပြန်ပါတယ်။ ပွဲပြီးတော့ အထင်ကရ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ (Convocation) ကြီးရဲ့ရှေ့မှာ ကိုယ့်အုပ်စုနဲ့ကိုယ် ဓါတ်ပုံတွေ ရိုက်ကြတာပေါ့…။ ကျုပ်ရဲ့ M.Res ကျမ်း ကြီးကြပ်သူ ဆရာ ဦးအောင်သန်းဦး (ယခု ဌာနမှူးတွဲဘက်ပါမောက္ခ-ရန်ကုန်) နဲ့ ပါမောက္ခ ဆရာမကြီးဒေါ်ခင်အေးဝင်း (ယခု-အငြိမ်းစား) တို့လည်း ဘွဲ့နှင်းသဘင် တက်ရောက်ခဲ့ကြတာမို့ သူတို့နဲ့အတူ အမှတ်တရ ဓါတ်ပုံတွေ ပလူပြန်အောင် တယောက်ပြီးတယောက် ရိုက်ကြပါတယ်။

အဲဒီလို ကျုပ်တို့အဖွဲ့လိုက် ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ… သူမ ရောက်လာပြီး အမှတ်တရအဖြစ် အတူတူ ဓါတ်ပုံရိုက်ကြမယ်လို့ ဆိုပါတယ်။ ကျုပ်တို့ကလည်း ဝမ်းသာအားရ ကြိုဆိုလျှက် သူမနဲ့ကျုပ်ကို အလယ်မှာ ယှဉ်ကာထားလို့ အဖွဲ့လိုက် ရိုက်ကြတာပေါ့။ ပြီးတာနဲ့ ကျုပ်က သူမ သွားလေရာ နောက်က တကောက်ကောက် လိုက်ခဲ့ရသူ…။ သစ်ပုတ်ပင်ကြီးနဲ့အတူ အမျိုးမျိုး အိုက်တင်လုပ်ကာ ဓါတ်ပုံရိုက်နေတာကို ကြည့်လို့မဆုံး… ရှုလို့မဆုံး ဖြစ်နေခဲ့သူ…။ သူမရဲ့ ကြည်လင်ဝင်းပနေတဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ရင်တွေခုန်နေမိသူ…။ ပစ္စည်းမဲ့လူတန်းစားမှာ အများဆုံးဖြစ်လေ့ရှိတဲ့ သိမ်ငယ်စိတ်လေးကို အတင်းမေ့ဖျေက်ကာ သူမကို ဖွင့်ပြောလိုက်ဖို့ အကြိမ်ကြိမ် စဉ်းစားမိခဲ့သူ…။ နောက်ဆုံးတော့လည်း လက်ရှိဘဝကို လက်တွေ့ကျကျ အချိန်မှီ ပြန်လည်သုံးသပ်ကာ… ဘယ်ဆီဘယ်ဝယ်မှန်း မသိသေးတဲ့ ကိုယ့်ရည်မှန်းချက်လေး အောင်မြင်သည်အထိ သူမကို ဒီအတိုင်း ဆက်လက်ရှိနေပါစေဟုသာ အတ္တကြီးစွာ ဆုတောင်းရင်း… ဆုတောင်းရင်း…။

Friday, March 20, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၅)

M.Res အတွက် မေးခွန်းလွှာကို စနစ်တကျ ပြင်ဆင်ပြီး ပါမောက္ခဆီက ထောက်ခံစာ ရယူကာ မြို့နယ်အဆင့် အာဏာပိုင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဥက္ကဌ မရှိတာကြောင့် အတွင်းရေးမှုးနဲ့ ဝင်တွေ့ကာ ကျုပ်ရဲ့မေးခွန်းလွှာနမူနာကို ပြပြီး သုနေသနအကြောင်း ရှင်းပြပါတယ်။ ကျုပ်စကားအဆုံး သူပြောလိုက်တာကတော့ “အထက်က ခွင့်ပြုချက် ပါရင်” ကူညီနိုင်ပါတယ်လို့ ဆိုပါတယ်။ ဟက်ဟက်ပက်ပက် မရှိလှတဲ့ ခြောက်ကပ်ကပ်လေသံနဲ့ပေါ့ဗျာ…။ အထက်က ခွင့်ပြုချက် လိုတယ်ဆိုတော့လည်း နောက်တဆင့် ခရိုင်အာဏာပိုင်နဲ့တွေ့ခွင့်ရဖို့ နည်းလမ်းရှာရပါတော့တယ်။

ကံကောင်းတယ်လို့ပြောရမှာပါ…။ အဲဒီအချိန်က ကျုပ်ရဲ့အတန်းဖော် ညီမငယ် မလေးက ပြည်တွင်း NGO တခုမှာ ခရိုင်အီးစီလုပ်နေတာကြောင့် ခရိုင်အဆင့်အာဏာပိုင်ကို လွယ်လွယ်ကူကူ နဲ့ တွေ့ဆုံကာ ရှင်းပြ အကူအညီတောင်းခွင့် ရရှိခဲ့ပါတယ်။ သူကလည်း“ ခင်ဗျားလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေ အင်မတန် ကောင်းကြောင်း…၊ မေးခွန်းလွှာကို ဖတ်ကြည့်ရုံနဲ့ စီမံအရာထမ်းတွေအတွက် အကျိုးပြုနိုင်မယ့် ရလဒ်တွေ တွေ့ရှိမယ်ဆိုတာ လုံးဝယုံကြည်ကြောင်း…၊ ဒါပေမဲ့ သူတို့တတွေဟာ ဝန်ထမ်းတွေ ဖြစ်နေတဲ့အတွက် အထက်က ခွင့်ပြုချက် လိုအပ်ကြောင်း…၊ အဲဒီအထက်က ခွင့်ပြုချက်သာ ပါမယ်ဆိုရင် သူ့အနေနဲ့ စိတ်ရော-ကိုယ်ပါ ကူညီပေးချင်ပါကြောင်း…” ပြောပါတော့တယ်။ ကျုပ်က ဘယ်လိုပင် ထပ်ခါတလဲလဲ အကူအညီပေးဖို့ ပြောနေ ပြောနေ… သူကတော့ “အထက်က”ဆိုတဲ့ ဓါတ်ပြားဟောင်းကြီးကိုပဲ ဖွင့်နေတာကြောင့် လက်လျှော့ကာ ပြန်ခဲ့ရပါတော့တယ်။

ကျုပ်အဆင့်နဲ့ တိုင်းအာဏာပိုင်ကို လက်လှမ်းမမှီတာကြောင့် ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျမ်းကြီးကြပ်သူ ဆရာနဲ့ ပါမောက္ခ ဆရာမကြီးကို တိုက်ရိုက်တင်ပြလိုက်ပါတယ်။ ဆရာမကြီးကတော့ “ မေးခွန်းလွှာတစောင် ဒို့ကို ပေးပါ…၊ အကျိုးအကြောင်း ရှင်းပြပြီး တိုင်းမှူးလက်ထဲ ရောက်အောင် ထည့်ပေးလိုက်မယ်…၊ အဲဒီကထွက်လာတဲ့ အဖြေကို ကြည့်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားကြတာပေါ့” လို့ ဆိုပါတယ်။ ပြီးတာနဲ့ “စိတ်ဓါတ်မကျပါနဲ့ ကိုမိုးစံရယ်… အဆင်ပြေသွားပါလိမ့်မယ်...”လို့ အားပေးပြန်ပါတယ်။ တကယ်ကို သူ ကူညီနိုင်တာဆိုရင် အကူအညီပေးဖို့ ဝန်မလေးခဲ့သူ ဆရာမကြီးပါ…။ နောက်ပြီး စိတ်ပညာကျောင်းသားတစ်ယောက်ကို သူလိုချင်တဲ့ အဝန်းအဝိုင်းထဲ ရောက်လာအောင် ဆွဲဆောင် စည်းရုံးနိုင်သည်အထိ “အသုံးချစိတ်ပညာ” ကို နှံ့စပ်ကျွမ်းကျင်သူ ဆရာမကြီးပါ။ အသုံးချစိတ်ပညာ ဆိုတာ “အသုံးချခံရသူ ကာယကံရှင်ကိုယ်တိုင်က အသုံးချ ခံလိုက်ရမှန်းမသိပဲ… သူဆွဲဆောင်ရာ အဝန်းအဝိုင်းဆီသို့ ကိုယ့်သဘောနဲ့ကိုယ် ကျေကျေနပ်နပ်ကြီး ဝင်ရောက်သွားခဲ့တာမျိုးကို ခေါ်တာပါ”။

အခုချိန် တရေးရေး ပြန်တွေးကြည့်မှ ကျုပ်ကိုယ်တိုင်လည်း ဆရာမကြီးရဲ့အသုံးချ ခံလိုက်ရမှန်း မသိခဲ့တဲ့ စိတ်ပညာကျောင်းသား တစ်ယောက် ဖြစ်ခဲ့သလို…၊ ဒီအသုံးချခံလိုက်ရမှုအတွက်လည်း ကျေနပ်ပီတိတွေ ဖြစ်ကာ… ဖန်တီးရှင် ဆရာမကြီးကို ကျေးဇူးတွေ အထပ်ထပ်တင်…၊ လေးစားကြည်ညိုစိတ်တွေ နေ့စဉ်နဲ့အမျှ ဖြစ်လို့ နေပါတော့တယ်။ ဤသည်ပင် အသုံးချစိတ်ပညာရှင်၏ ကျွမ်းကျင်မှု…။ ဤသည်ပင် အသုံးချစိတ်ပညာ၏ စွမ်းပကား…။ ဤသည်ပင် အသုံးချစိတ်ပညာ၏ အနှစ်သာရ…။

Wednesday, March 18, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၄)

M.Res လုပ်မယ်ဆိုတော့ ဘာလုပ်ရရင် ကောင်းမလဲ… အရင် စဉ်းစားရပါတယ်။ ပြီးတာနဲ့ ကိုယ်တကယ် စိတ်ဝင်စားရဲ့လား…၊ လုပ်လို့ရော ဖြစ်နိုင်ပါ့မလား…၊ လိုအပ်တဲ့ စာအုပ်စာတန်းတွေ ရနိုင်ပါ့မလား…၊ အချက်အလက် စုဆောင်း ကောက်ယူဖို့ကရော အဆင်ပြေနိုင်ပါ့မလား…၊ ကိုယ်လုပ်မယ့် သုတေသနကျမ်းက သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းမှာရော အကျိုးရှိနိုင်ပါ့မလား…၊ ကျမ်း ကြီးကြပ်သူ ဆရာနဲ့ ပါမောက္ခကရော သဘောကျ လက်ခံနိုင်ပါ့မလား… စသည်ဖြင့် ထောင့်ပေါင်းစုံက စဉ်းစားခဲ့ရပါတယ်။ Q-2 မှာ ရေးခဲ့တဲ့ Term paper ‘Personnel Trainning ‘ နဲ့ ဆက်စပ်ကာ လက်တွေ့လုပ်ငန်းခွင်က အမှုထမ်း-အရာထမ်းတွေအတွက် အကျိုးရှိမယ့် လက်တွေ့သုတေသနတခုကို ရေးသားတင်ပြဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ပြင်ပကုမ္ပဏီမှာ အလုပ် လုပ်ခဲ့စဉ်က ဆက်စပ်ပတ်သက် ဆက်ဆံခဲ့ရတဲ့ အလယ်အလတ် စီမံခန့်ခွဲရေး အရာထမ်းတွေရဲ့ တာဝန်ခေါင်းရှောင်မှုနဲ့ ပဋိပက္ခ-ပြဿနာ ဖြေရှင်းမှုစတိုင် အားနည်းချက်တွေကို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတာမို့ ဒီ ပဋိပက္ခ ဖြေရှင်းမှုစတိုင်ကို လက်တွေ့လေ့လာတင်ပြဖို့ စိတ်ကူးခဲ့ပါတယ်။ ပြီးတာနဲ့ ကျမ်း ကြီးကြပ်သူ ဆရာ့ကို တင်ပြ ဆွေနွေးကာ အကြံပြု-သဘောတူညီချက် ရယူခဲ့ပါတယ်။

M.Res Proposal ကို သုံးမျက်နှာလောက် ရေးတင်ကာ ဆရာကြီး ဒေါက်တာကျော်စိန် အမှူးပြုတဲ့ ပါမောက္ခကြီးတွေရှေ့မှာ Pre-defense ထိုင်ရပါတယ်။ ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိခဲ့ပါဘူး။ ဒီခေါင်းစဉ်“A Study on Managing Organizational Conflicts” နဲ့ပဲ လုပ်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ တခုပဲ စိုးရိမ်စရာကောင်းတာက မေးခွန်းလွှာမေးပြီး နမူနာစစ်တမ်း ကောက်ယူမယ့် Target subjects က အလယ်အလတ်အဆင့် ဌာနဆိုင်ရာ စီမံခန့်ခွဲရေး အရာထမ်းတွေ ဖြစ်နေတာပါပဲ…။ သူတို့က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် “ဒီ မေးခွန်းတွေကို ဖြေကြားမပေးနိုင်ပါဘူး” ဆိုရင် ဘယ်လိုလုပ်မလဲ…။ ခေါင်းစဉ် ပြောင်းရမှာလား...။ သုတေသန ဆိုတာ မီးစင်ကြည့် ကလို့ ရတဲ့အရာမျိုးလား…။

Pre-defense ပြီးတဲ့အချိန်မှာ လက်ဘက်ရည်သောက်ကြတော့ ပါမောက္ခ ဆရာဦးခင်မြင့် (ယခု အငြိမ်းစား) က “ကိုမိုးစံရဲ့လေ့လာမှုမှာ သုံးမယ့် စာရင်းအင်းနည်း (Statistical Method) က သုံးနေကြ ခိုင်စကွဲယား (x2) ထက် တီတက်စ် (t test) က ပိုပြီး အဆင်ပြေလိမ့်မယ်” ထင်တယ် လို့ အမှတ်မထင် ပြောလိုက်ပါတယ်။ ကျုပ်ကလည်း စာရင်းအင်းနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရအုံးမယ်လို့ စိတ်ထဲမှာပဲ တေးထားလိုက်ပါတယ်။ တကယ်တော့ အဝေးသင်တတိယနှစ်မှာ “စိတ်ပညာစာရင်းအင်း” ဆိုပြီး သီးသန့်တစ်ဘာသာ သင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဘယ်အခြေအနေမျိုးမှာ ဘယ်စာရင်းအင်းနည်းလမ်းကို အသုံးပြုရမယ်ဆိုတာ မသိခဲ့…။ သက်ဆိုင်ရာ ဖော်မြူလာကို အလွတ်ကျက်… ပေးထားတဲ့ကိန်းဂဏန်းကို အစားထိုးကာ အဖြေရှာ တွက်ချက်ခဲ့ကြသည်သာ…။ အဲဒီလိုဆိုရင် Day မှာရော…၊ ထူးမခြားနား..အတူတူပါပဲ…။

လူမှုရေးသိပ္ပံနယ်ပယ်ကသုတေသနမှာ အဓိကသော့ချက်တစ်ခုဖြစ်တဲ့ စာရင်းအင်းနည်းပညာ (Statistical Method) ကို လေ့လာသင်ယူဖို့ ကြိုးစားရပါတော့တယ်။ ကံအားလျော်စွာပဲ ရန်ကုန်စီပွားရေးတက္ကသိုလ် HRD ကဖွင့်လှစ်တဲ့ CABS, DBS ညနေပိုင်းသင်တန်းတွေမှာ စာရင်းအင်းဘာသာရပ် ပါဝင်ခဲ့တာကြောင့် အချိန်မှီ သင်တန်းတက်ရောက်ဖို့အရေး စာရင်းပေးငွေသွင်းလိုက်ရပါတော့တယ်။

Tuesday, March 17, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၃)

M-2 အောင်စာရင်း ထွက်တော့ “အထူးအောင်“ဆိုတဲ့ အမြီးလေးက ပါလာပြန်ပါတယ်။ ဒီအမြီးလေးကြောင့်ပဲ ပါမောက္ခဆရာမကြီးက တွေ့ချင်တယ်ဆိုတာကြောင့် ရာမညဆောင်ကို အရောက်သွားခဲ့ရပါတယ်။ ဟိုရောက်တော့ “ဘာတွေလုပ်နေလဲ…၊ အလုပ်တွေရော အဆင်ပြေရဲ့လား…မေးရင်းကနေ ကိုမိုးစံက သိပ်တော်တာပဲ… လွတ်လွတ်ကျွတ်ကျွတ်ပဲ လို့ ချီးမွမ်းခန်းဖွင့်ကာ… ဒီနှစ်မှ စမယ့် M.Res (Master of Research) ဆိုတဲ့ မဟာသုတေသနဘွဲ့အကြောင်း အသေးစိတ် ရှင်းပြနေပါတော့တယ်။ ဒီ M.Res ကို မဟာတန်းမှာ Credit နဲ့အောင်တဲ့သူမှသာ တက်ရောက်နိုင်ကြောင်း…၊ အတန်းတက်ဖို့ မလိုပဲ တစ်နှစ်အတွင်း Thesis တင်နိုင်ရင် ဒီဘွဲ့ကို ရမှာဖြစ်ကြောင်း…၊ အလုပ်တဘက်နဲ့ လုပ်လို့ရတာကြောင့် ကိုမိုးစံကို ဆက်ပြီး လုပ်စေချင်ကြောင်း…” တိုက်တွန်း ပြောကြားပါတော့တယ်။

အမှန်တကယ်က မဟာဘွဲ့ ရပြီးရင်တော်ပြီ…။ အလုပ် လုပ်ပြီး ပိုက်ဆံရှာမယ်…စုမယ်…၊ မိသားစုအတွက် ငြိမ်းအေးရပြီဆိုရင်…၊ သူမအတွက် ကြိုးစားရှာမယ်… သူမမိဘထက် မသာရင်တောင် တန်းတူထားနိုင်လောက်တဲ့ အဆင့်ရောက်ရင် သူမကို ဖွင့်ပြောလိုက်မယ်… အဆင်ပြေရင် ရှေ့ဆက်လျှောက်မယ်…၊ အဆင်မပြေရင်တော့“ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်း”ကို ထာဝရ မေ့ပျောက်သွားအောင် ဘုန်းကြီးဘဝနဲ့ အရိုးထုတ်ဖို့ စိတ်ကူးနေခဲ့သူပါ။ တချိန်ထဲမှာပဲ “လူတကာ အထင်အမြင်သေးခံရတဲ့ အဝေးသင် ကျောင်းသားဘဝ” ကို ရင်နာလွန်းတာကြောင့် “ငါတို့ အဝေးသင် ကျောင်းသားတွေလည်း မင်းတို့ Day က သူတွေလိုပဲ အရည်အချင်းရှိပါတယ်…၊ လုပ်နိုင်ပါတယ်…၊ မညံ့ပါဘူး” ဆိုတာကို သက်သေပြချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေတာကြောင့် M-Res ဘွဲ့ကို ရအောင် ယူပြချင်ပါသေးတယ်။ အဝေးသင်ကျောင်းသားတွေကို အထင်စမောတဲ့ အချို့သော ဆရာ-ဆရာမတွေကို အဝေးသင်ရဲ့ကိုယ်စား တကယ် သက်သေပြချင်ခဲ့တာပါ။ ပါမောက္ခ ဆရာမကြီးကတောင် “အဝေးသင်ကျောင်းသားကို အသိအမှတ် ပြုလာစအချိန်မှာ သူတို့ကတော့ ထုံးစံအတိုင်း ပြောနေမြဲ ဆိုနေမြဲပါ…။ အင်မတန် မျက်နှာငယ်ရပါဘိ။

အဲဒီလို စိတ်ဒွိဟ ဖြစ်နေတဲ့အချိန်မှာ ကျုပ်ရဲ့စိတ်ကူးယဉ် ဇာတ်လိုက်ကျော် ဒေါက်တာမြင့်နွယ်က တမှောင့်…။ ကျုပ်ကို ဒုက္ခပေးလို့ နေပါတော့တယ်…။ သူက “ဟေ့ကောင် မိုးစံ… ငါလို ဝပ်ခ်ရှော့ပ် နောက်လိုက် အလုပ်သမားလေးကတောင် တက္ကသိုလ်ဆရာ ကထိကကြီး နိုင်ငံခြားပြန် ဒေါက်တာမြင့်နွယ် ဖြစ်လာသေးတာပဲ…၊ မင်းကော မဖြစ်နိုင်ဘူးလား…၊ ကံကြမ္မာဆိုတာ ဘယ်ပြောလို့ ရမလဲ…ကွ။ မင်းတောင် လောကဓံကပေးတဲ့ ဒုက္ခမျိုးစုံ ရင်ဆိုင်ရင်း.. ဒလိမ့်ခေါက်ကွေးနဲ့ ရွာတွဲဘက်ကျောင်းကနေ…အဝေးသင်ရောက်၊ အဝေးသင်ကနေတဆင့်… အခုဆို အထင်ကရ တက္ကသိုလ်ကြီးကနေ မဟာဘွဲ့ကြီးတောင် ရနေပြီ…။ လာပြန်ပြီ မင်းအတွက် နောက်ထပ် မဟာတစ်ဘွဲ့…၊ အခွင့်အရေးဆိုတာ နှစ်ခါ မရဘူးကွ…၊ ကြုံကြိုက်တုန်း ကြိုးစားပြီး ရအောင်ယူ…၊ စာဖတ်တာ ဝါသနာပါရင်… စာပေနဲ့နီးစပ်တဲ့အလုပ်ကိုပဲ လုပ်…။ လက်ဘက်ရည် တစ်ခွက်နဲ့ ဗိုက်ပြည့်အောင်နေ…၊ ကျန်တာကို မစဉ်းစားနဲ့…၊ ငါလို နိုင်ငံခြားပြန် ဖြစ်လာရင် မင့်ဘေးမှာ ဝိုင်းနေလိမ့်မယ်…၊ အခုချိန်တော့ သူများပြောသမျှ ခေါင်းငုံ့ခံ… ပန်းတိုင်ကို မှန်မှန်လျှောက်…၊ လမ်း မပျောက်စေနဲ့…။ ကံကြမ္မာ မျက်နှာသာပေးတဲ့ တနေ့ကျရင် ငါလို နိုင်ငံခြားပြန် ဒေါက်တာကြီး ဖြစ်လာပါလိမ့်မယ်…” လို့ ဆိုပါတယ်။ … အိပ်မက်ထဲမှာပါ…။

ဒီလို စိတ်တွင်းပဋိပက္ခတွေ တလှေကြီးနဲ့ ယောင်လည်လည် ဖြစ်နေဆဲကာလမှာပဲ ဆရာမကြီးက နောက်တစ်ခါ ခေါ်အပြောမှာတော့ ရယူပိုင်ဆိုင်ချင်တာတွေ အားလုံးကို စွန့်လွှတ်ကာ ပညာဆက်သင်ဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတော့တယ်…။

Sunday, March 15, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၂)

ရန်ကုန် ပြန်ရောက်တော့ M-2 ဖြေဖို့ ၅ ရက်ပဲ လိုတော့တာမို့ စာကို အသဲအသန် ပြန်လုပ်ရပါတယ်။ ဒါတောင်မှ Project paper ကို အစောကြီးကတည်းက ပြီးအောင် လုပ်ထားခဲ့တာကြောင့် သက်သာယာ ရခဲ့တာပါ။ နောက်ဆုံးတော့ အနှောက်အယှက်တွေ-အခက်အခဲတွေကြားကပဲ M-2 ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။

စာမေးပွဲပြီိးတော့ လူက ယောင်ခြာခြာ ဖြစ်လို့နေပြန်ပါတယ်။ မူလအလုပ်ကို ပြန်သွားကြည့်ပြန်တော့လည်း ကုမ္ပဏီက အခြေအနေ မကောင်း…။ ကျုပ်ရှိစဉ်က တာဝန်ယူ လုပ်ဆောင်ခဲ့တဲ့ တကယ့်အလုပ်ကြီး နှစ်ခုက သူများလက်ထဲ ပါသွားလေရဲ့…။ အင်မတန် နှမြောစရာ ကောင်းလှပါတယ်။ အခုချိန်ထိ ခိုင်မာတောင့်တင်း ရှင်သန်နေဆဲဖြစ်နေတဲ့ ဒီ နိုင်ငံခြားဖက်စပ် လုပ်ငန်းကြီးနှစ်ခုကို ဆက်လက်ထိန်းထားခြင်း မပြုနိုင်တာဟာ အထက်လူကြီးတွေရဲ့ ရှေးရိုးဆန်မှု နဲ့ အောက်ခြေ တာဝန်ခံဝန်ထမ်းတွေရဲ့ အတ္တကြီးမှုတွေကြောင့် ဖြစ်ခဲ့ရတာပါ။ ကုမ္ပဏီကြီး ဘာပဲဖြစ်နေ ဖြစ်နေ… ငါ ပိုက်ဆံရရင် ပြီးရော ဆိုတဲ့ “တနပ်စား အကြံသမား” ရန်ကုန်သားလူလယ်တွေကြောင့် စွန့်လွှတ် ဆုံးရှုံးခဲ့ရတာပါ…။ ကျုပ်တို့ ကုမ္ပဏီရဲ့ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်ကို ဒီအလုပ်ကြီး နှစ်ခုဆီက ရနေမှန်း သိပါလျှက်နဲ့ လုပ်ရက်ကြပါပေတယ်။ အခုတော့ ကျုပ်တို့ ကုမ္ပဏီကြီးက အလုပ်မရှိ… ခြောက်သွေ့လို့နေခဲ့ပါပြီ…။ အလုပ်မရှိတော့ ဝင်ငွေမရှိ…၊ ဝင်ငွေမရှိတော့ လစာမပေးနိုင်…၊ လစာမပေးနိုင်တော့ ဝန်ထမ်းတွေ လျှော့…။ ဒီလိုနဲ့ လျှော့လာလိုက်တာ ကုမ္ပဏီ မပျက်ယုံ တမယ်… မဝါ နဲ့ သူ့လက်ထောက် နှစ်ယောက် စုစုပေါင်း သုံးယောက်ပဲ ရှိပါတော့တယ်။ အခုတော့ ဘယ်လို နှစ်ပါးသွားနေသည်မသိ…။

ကုမ္ပဏီက အခြေအနေ မကောင်းတာကြောင့် ကျုပ်လည်း ရပ်ကွက်ထဲက လမ်းလျှောက်ကားပွဲစားတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ကာ အာရိုက်လိုက်… သူတို့နဲ့ ဟံသာဝတီကားပွဲစားတန်းကို လိုက်သွားလိုက်နဲ့ ကား ဝယ်ရောင်း လောကကို မြေစမ်းခရမ်းပျိုးကြည့်ဖို့ စိတ်ကူးခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျုပ်တိှုှ့ဆီက တကယ့်အလုပ်ကြီးတစ်ခုကို လွှဲပြောင်းရယူသွားနိုင်ခဲ့တဲ့ ဝါးတမ်းလမ်းက သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ မန်နေဂျာက ကျုပ်ကို လာတွေ့ပြီး “သူတို့ကို အကူအညီ ပေးဖို့နဲ့ သူ့သူဌေးကလည်း ကျုပ်နဲ့တွေ့ဆုံဆွေးနွေးချင်ကြောင်း” ပြောပါတော့တယ်။ တကယ်တော့ အဲဒီမန်နေဂျာနဲ့ ကျုပ်က ရင်းနှီးပြီးသားပါ။ ကျုပ်က ဆိပ်ကမ်းနဲ့ လေဆိပ်ကနေ ကုန်ပစ္စည်းတွေ ထုတ်ပေးတိုင်း-ပြန်ပို့တိုင်း ကျုပ်အလိုရှိတဲ့ ကားအမျိုးအစားကို စီစဉ်ပေးရတာက သူပါ။ တနည်းအားဖြင့် ကျုပ်တို့က ကုန်ပစ္စည်း ထုတ်ပေးရေး-ပြန်ပို့ရေးအပိုင်း… သူတို့က သယ်ယူပို့ဆောင်ရေးအပိုင်း သန့်သန့်ပေါ့။ အခုတော့ ဒီအလုပ်က ဂွင်ကြီးမှန်း သိနေတဲ့ သူတို့က ကျုပ်တို့လုပ်နေတဲ့ ကုန်ပစ္စည်းထုတ်ပေးရေး-ပြန်ပို့ရေးအပိုင်းကိုပါ မောင်ပိုင်စီးကာ လုယူသွားခဲ့သူတွေပါ..။ ဒါပေမဲ့ သူတို့မှာ ကျွမ်းကျင်သူ မရှိ။ နောက်လိုက်တွေသာ ရှိဟန်တူသည်။ ဒီအတွက် ကျုပ်ကို အိမ်တိုင်ယာရောက် လာရောက်ပင့်ကာ အကူအညီ တောင်းကြဟန် တူပါ၏။

ကျုပ်လည်း သူတို့ရုံး လိုက်သွားကာ သူဌေးနဲ့ စကားပြောကြည့်ပါတယ်။ ချမ်းသာသူဆိုပေမဲ့ အင်မတန် သဘောထားပြည့်ဝပါတယ်။ ကျုပ်ကိုလည်း“သူ့ရုံးမှာ မန်နေဂျာရာထူးနဲ့ ထိုက်သင့်တဲ့လစာနဲ့လုပ်ဖို့… ဒါမှမဟုတ် အလုပ်တခုချင်းအလိုက် ကန်ထရိုက်စနစ်နဲ့ ပုတ်ပြတ်လုပ်ဖို့” ကမ်းလှမ်းပါတယ်။ ကျုပ်ကတော့ “ဒီအလုပ်ကို ဆက်လုပ်နေရင် မူလကုမ္ပဏီအပေါ် သစ္စာမဲ့ရာ ကျတာမို့ မလုပ်ချင်ကြောင်း…၊ ဒါပေမဲ့ လုပ်ငန်းအဆင်ပြေ ချောမွေ့စေဖို့ ဒီက ဝန်ထမ်းတွေကို အခကြေးငွေမယူပဲ စာတွေ့-လက်တွေ့ သင်ကြားပေးပါမယ် ဆိုတဲ့အကြောင်း…နဲ့ လိုအပ်လာပါက အချိန်မရွေး လာရောက် ခေါ်နိုင်ကြောင်း…” ပြောလိုက်တာပေါ့။ အဲဒီနောက် သူတို့ဝန်ထမ်း ယောက်ျားလေးတွေကို ဆိပ်ကမ်းထဲမှာ သင်္ဘောမှ ကုန်ပစ္စည်း တိုက်ရိုက်ထုတ်ယူခြင်း ( Direct Delivery) ကို အကြောင်းပြုလို့ နှစ်လနီးပါး နေ့ရော ညပါ စာတွေ့-လက်တွေ့ သင်ကြားပေးခဲ့ပါတယ်။ သူတို့အားလုံးကတော့ ကျေးဇူးတွေ တင်လို့ပေါ့...။

ဒီဘဝ-ဒီလောကကြီးမှာ စေတနာသစ္စာတရားသည် ရောင်ပြန်ဟပ်သည်ဆိုပါက တူသောအကျိုး ပေးပါစေဟုသာ…၊ ပေးပါစေဟုသာ…။

Thursday, March 12, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၁)

ရွာရောက်တဲ့ အချိန်ကစလို့ နေ့ဆိုရင် အဖေ့ကိစ္စ လာမေးကြတဲ့ ရပ်ဝေး-ရပ်နီးက အသိမိတ်ဆွေတွေကို တနေကုန် ဧည့်ခံစကားပြောရပါတယ်။ ည ရောက်ပြန်တော့ ရွာရဲ့ဓလေ့ထုံးစံအတိုင်း သောက်ဝိုင်း-ဖဲဝိုင်းတွေ လုပ်ပေးရတာပေါ့။ နိုင်တဲ့သူက ပျော်… ရှုံးတဲ့လူက ညှော်…ဆိုတော့ ရန်ပွဲမဖြစ်အောင် မနဲဂရုစိုက်ရပါတယ်။ တချိန်ထဲမှာပဲ အဖေ့ဆီက ရရန်-ပေးရန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး စာရင်းရှင်းရပါတယ်။ ပြီးတာနဲ့ အဖေရှိစဉ်က ရပ်ရေး-ရွာရေး အတွက် လုပ်ပေးမယ်ဆိုပြီး ကတိပေးထားတွေ ရှိမရှိ မေးမြန်းရပါတယ်။ အိမ်ရှေ့ ရွာလယ်လမ်းမကြီး ခြားပြီး မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရွာဦးကျောင်းဆရာတော်ကြီးကို အုတ်တံတိုင်း နှစ်ခန်းစာ လှူမယ်လို့ ကတိပေးထားတယ် ဆိုတာကြောင့် ဆရာတော်ကြီးဆီ သွားပြီး လျှောက်ထားမေးမြန်းရပါတယ်။ ကတိပြုထားတာ မှန်တယ်ဆိုတာကြောင့် အဖေ့အမည်နဲ့ ၂ ခန်း၊ အမေညို (အဖေ့အမေ)အမည်နဲ့ ၃ ခန်း လှူဒါန်းခဲ့ပါတယ်။ (ရောက်ရာဘုံဘဝမှ သာဓုခေါ်နိုင်ကြပါစေ…)။ ဆရာတော်ကြီးကတော့ ဝတ္ထုငွေကို လက်ခံပြီး “မင်းတို့လည်း တခါတလေ ပြန်လာတဲ့အခါ သဒ္ဒါပီတိ ပွားနိုင်အောင်… မင်းတို့အိမ်နဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းကို အုတ်တံတိုင်း ၅ ခန်းဆက်တိုက် နံမည် ကဗျည်းထိုးပြီး သူတို့သားအမိအတွက် လုပ်ပေးမယ်လို့ မိန့်တော်မူပါတယ်။ ကျေးဇူးတင်လျှက်ပါ ဆရာတော်ဘုရားရယ်…။

ကျုပ်ကလည်း ရှေးရိုးထုံးစံအတိုင်း ၇ ရက်ပြည့်မှ ရက်လည်ဆွမ်းသွတ် လုပ်မယ်လို့ စီစဉ်ခဲ့ပါတယ်။ ခက်တာက ကျုပ်တို့ ရက်လည် လုပ်မယ့်နေ့မှာ ရွာက ဆွေမျိုးတစ်ယောက်ရဲ့သားရှင်ပြု အလှူမင်္ဂလာပွဲက ရှိနေပြန်ပါတယ်။ သူက “အလှူဖိတ်စာတွေက ဝေပြီးသားဖြစ်တာမို့ သူ့အနေနဲ့ ရက်ရွှေ့လို့ မရနိုင်တော့ကြောင်း…၊ ဒါကြောင့် ကျုပ်ကပဲ ၇ ရက်အစား ၅ ရက်နဲ့ ရက်လည် လုပ်ပေးဖို့” မောတ္တာရပ်ခံလာပါတော့တယ်။ ကျုပ်လည်း ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားပြီး ၅ ရက်နဲ့ ရက်လည် လုပ်ပေးလိုက်ရတာပေါ့။ ရက်လည်နေ့ မနက်ခင်းမှာတော့ အုပ်စုငါးရွာက သံဃာ ၆ ပါး (ရွာက ၂ ပါး) ကို ပင့်ဖိတ်ကာ ကန်တော့ပွဲနဲ့အတူ အဖေ သုံးဆောင်ခဲ့သမျှ အိပ်ယာကုတင်ကအစ ပစ္စည်းအားလုံးကို ရေစက်ချ လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ ရွာထဲက အမျိုးတွေနဲ့ အပေါင်းအသင်းမိတ်ဆွေတွေလည်း တော်တော်များများ လာခဲ့ကြတာပေါ့။

အစပထမ တရားနာပြီးတာနဲ့ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်ရပါတယ်။ ပြီးတာနဲ့ ရေစက်ချမယ် ဆိုတော့… ကျုပ်တို့ညီအကိုနှစ်ယောက်ကိုလည်း ရေစက်ခွက် ကိုင်ခိုင်းပါတယ်။ အစပိုင်းမှာတော့ ဘာမှမဖြစ်သလိုနဲ့ ခံနိုင်ရည်ရှိခဲ့ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆရာတော်ကြီးရဲ့“ကွယ်လွန်သူဖခင်ရဲ့ဂုဏ်ကျေးဇူး မောတ္တာတရားတွေ ကြီးမားခဲ့ပုံ…၊ သူ့ကျေးဇူးတွေက မြင့်မိုရ်တောင်မက ကြီးမားလှပုံ…၊ တမလွန်ဘဝ ရောက်သွားရှာပြီ ဖြစ်သော ဖခင်အတွက် ရည်စူး…” ဆိုတာတွေက ထပ်ခါတလဲလဲ ကြားနေရတာကြောင့် ငိုရှိုက်သံ မထွက်အောင် အံကြိတ်နေပေမယ့် မျက်ရည်တွေက တသွင်သွင် စီးဆင်းလို့ နေပါပြီ…။ ဒီအချိန်မှာပဲ ကျုပ်ဘယ်ဘက်က ရေစက်ချနေတဲ့ ညီတော်မောင်က ရုတ်တရက် “အီး...”ဆိုတဲ့ အော်ဟစ်ငိုကြွေးသံနဲ့အတူ ရေစက်ခွက်ကို ချလို့ ထွက်ပြေးသွားခဲ့ပါတော့တယ်…။ ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့…။

ကျုပ်ကတော့ အကြီးပီပီ “တမလွန်ဘဝက အဖေ့အတွက် ရေစက်ပြီးအောင် ချပြီး အမျှဝေပေးရမယ်”ဆိုတဲ့ အသိနဲ့ ကြိတ်မှိတ် ကြိုးစားကာ ထိန်းချုပ်နေပေမယ့် ကျုပ်ရဲ့ငိုရှိုက်သံကလည်း တစထက်တစ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ ဒီအချိန်မှာ နောက်က အမျိုးတစ်ယောက်က(ကိုသန်းထွန်း ထင်တာပဲ) ကျုပ်နားကပ်လာပြီး “မင်းက အကြီးပဲ… မင်းက ပညာတတ်ပဲ… မင်း ပြီးအောင် လုပ်နိုင်ရမယ်…၊ မိဘအပေါ် မင်းတို့ တာဝန် ကျေခဲ့ပြီပဲ…၊ မင်းတို့တာဝန် ဘာမှ မကျန်ဘူး…၊ မင်းအဖေလည်း ကျေနပ်တယ်…၊ နောက်ဆုံးအနေနဲ့ ဒီရေစက်ကို ပြီးအောင်ချပြီး အမျှ ဝေပေးပါ… ဒါမှ မင်းအဖေ သာဓုခေါ်နိုင်မှာပေါ့” လို့ ထပ်ခါတလဲလဲ ပြောပါတယ်။ အကျိုးဆက်အနေနဲ့ ကျုပ်က ကိုယ့်ကိုကိုယ် အချိန်မှီ ပြန်လည် ထိန်းသိမ်း နိုင်လိုက်ပြီး ရေစက်ချ အမျှဝေ ပေးနိုင်ခဲ့ပါတယ်။ သုံးကြိမ်သုံးခါ ပေးရတဲ့ “ဒီ အမျှ…အမျှ…အမျှ… ယူတော်မူကြပါကုန်လော့…”ဆိုတဲ့ နောက်ဆုံး အမျှဝေသံကို မျက်ရည်မိုးတွေနဲ့အတူ ကျုပ်ရဲ့ဝမ်းနည်း ဆို့နင့် အော်ဟစ် ငိုကြွေးသံနဲ့ အဆုံးသပ်ခဲ့ရပါတယ်ဆိုရင်…။ အဆုံးသပ်ခဲ့ရပါတယ်ဆိုရင်…။

(ကျေးဇူးရှင် အဖေတစ်ယောက် ကောင်းရာသုဂတိ ရောက်ပါစေ...)။

Tuesday, March 10, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၀)

ရထားတတန် ကားတတန်နဲ့ မနားတမ်း ခရီးနှင်လာလိုက်တာ ရွာကိုရောက်တော့ ညနေ ၄ နာရီ ခွဲလောက် ရှိနေပါပြီ။ ကျုပ် ထင်တဲ့အတိုင်း အဖေ့ကို မြင်တွေ့-ကန်တော့ခွင့် မရလိုက်တော့ပါဘူး။ အမျိုးတွေနဲ့ အဖေ့ရဲ့ သောက်ဖော်-စားဖက် အပေါင်းအသင်း ရောင်းရင်းတွေက ကျုပ်တို့သားသမီးတွေ ရောက်သည်အထိ နေ့ကူးကာ တစ်ရက်စောင့်ဖို့ ဝိုင်းဝန်းတားမြစ်ကြပေမဲ့ ရွာဦးကျောင်း ဆရာတော်ကြီးရဲ့ သဘောဆန္ဒ ဆုံးဖြတ်ချက်အတိုင်း နေ့ချင်းပြီး လုပ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဓါတ်ပုံဆရာ ငှားကာ မှတ်တမ်းအဖြစ် ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုပဲ ကြည့်ခွင့်ရခဲ့တော့တာပေါ့။ ကျုပ်တို့ညီအကိုမောင်နှမတတွေရဲ့ ကံကြမ္မာက အဲဒီလောက်အထိ မိုးမှောင်ကျခဲ့ပါတယ်။ ကွယ်လွန်သူ ဖခင်ရဲ့ ရုပ်ကလပ်ကိုတောင် ကျေးဇူးဆပ်-ကန်တော့ခွင့် မရခဲ့ကြပါဘူး။ အင်မတန် ကံဆိုးခဲ့သူတွေပါ...။

အငယ်ဆုံး ညီမလေး ၁၀ တန်း အောင်တဲ့ ဒီနှစ်မှာပဲ ကျုပ်ရဲ့ M-2 final ဖြေပြီးတာနဲ့ ရွာပြန်ကာ သူတို့မိဘတွေကိုခေါ်… မိသားစုအားလုံးအတွက် ရည်ရွယ်ပြီး သေခြာပြင်ဆောက်ထားတဲ့ မြောက်ဒဂုံက အိမ်ကြီးမှာ ပျော်ပျော်ပါးပါး နေထိုင်ဖို့ စိတ်ကူးထားသူ ကျုပ်မှာတော့ အတော်လေးကို ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒီလောက်အထိ လူ့ဘဝကြီးက စောစီးစွာ ထွက်ခွာသွားလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့တာ အမှန်ပါ…။ နေရေး-ထိုင်ရေး၊ စားရေး-သောက်ရေး ဘာတခုမှ လိုလေသေးမရှိအောင် ထောက်ပံ့ပေးထားခဲ့သူမို့လည်း အသက် နည်းနည်း ပိုရှည်လိမ့်အုံးမယ်လို့ ယူဆခဲ့မိသူပါ…။ ဒီအတွက်လည်း အဖေ့ကို လျှော့သောက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့သူပါ…။ အခုတော့ အဖေက ကျုပ် ရည်ရွယ်မျှော်မှန်းထားတဲ့ ပန်းတိုင်မရောက်ခင် လူ့ဘဝကြီးမှ ထွက်ခွာသွားခဲ့လေပြီ…။ ထွက်ခွာသွားခဲ့လေပြီ…။

တကယ်တော့ အခုလို အဖေ အသေစောခဲ့ရတာဟာ ကျုပ်က တရားခံလို့ ဆိုကြပါတယ်။ နေစရာ ဗလာနတ္ထိ ဖြစ်နေတဲ့ မိဘတွေကို မကြည့်ရက်တာကြောင့် ကျုပ်ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ “အငယ်ဆုံး ညီမလေး ၁၀ တန်းအောင်မှ မိဘတွေအတွက် စဉ်းစားမယ်”ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂ နှစ်စောကာ ပြန်လည်ပြင်ဆင်ခဲ့ပြီး အားလုံးအဆင်ပြေအောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျုပ်ရဲ့ အနာဂါတ် မိသားစုမျှော်မှန်းချက် ရည်ရွယ်ချက်တွေကို အသေအခြာ ရှင်းပြခဲ့ပါသေးတယ်။ အဖေကလည်း နားလည်သဘောပေါက်ကာ နည်းနည်းပါးပါးသောက်ပြီး အေးအေးဆေးဆေး နေတော့မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အရက်သမား အဖေ့စကားကို မယုံတဝက်-ယုံတဝက် ရယ်ပါ…။

အစပိုင်း သုံးလေးလလောက်က အခြေအနေကောင်းနေပေမဲ့ နောက်ပိုင်းမှာတော့ အဖေက ဗွေဖောက်ကာ သောက်လာတဲ့အသံတွေ ကြားနေရပါတယ်။ ဒီနယ်-ဒီရွာမှာ “ငါ့သားသမီးတွေလို မိဘကို ဂရုစိုက်တဲ့ကောင် ဘယ်ကောင်ရှိလဲကွ..” ဆိုတဲ့ တလွဲဂုဏ်ယူဝင့်ကြွားမှုတွေနဲ့အတူ မူးချင်တိုင်း မူးနေပါတော့တယ်…။ နဂိုကလည်း မျိုးရိုးနဲ့ချမ်းသာလာခဲ့သူ…၊ အထည်ကြီးပျက် သမဥက္ကဌ လုပ်လာခဲ့သူ…၊ အခုလည်း သူလိုချင်တာ ရနေတော့ သောက်ဖော်-စားဖက်တွေ တရုံးရုံးနဲ့ နေမှာပေါ့။ ကျုပ်တို့ သားသမီးတွေက သူတို့အတွက် လိုလေသေးမရှိအောင် ထောက်ပံပေးထားတာကို ရွာထဲမှာ ကြွားလို့မဆုံး-ဝါလို့မဆုံး…၊ ပြီးတာနဲ့ အဲဒါကို အကြောင်းပြုလို့ နေ့စဉ်ရက်ဆက် မိုးမလင်း သောက်…။ ဒါကြောင့် အချိန်မတန်သေးပဲနဲ့ အကြွေစောခဲ့တာ လို့ ဆိုကြပါတယ်။ နောက်ဆုံး နိဂုံးဆွဲလိုက်တော့ အားလုံးကို ဖန်တီးပေးခဲ့သူ ကျုပ်က တရားခံဖြစ်ပါလေရော…၊ ဖြစ်ပါလေရော…။