Wednesday, May 6, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၆)

အမှန်တကယ်ကတော့ ပညာရေးအတိုင်ပင်ခံ ဆရာမရဲ့လမ်းညွှန်မှုဟာ မလွဲပါဘူး…။ အတိအကျကို မှန်ကန်ပါတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ အရင်ရောက်နေတဲ့ စီနီယာရဲ့ကူညီလိုတဲ့ စိတ်ဆန္ဒ အတိုင်းအတာအပေါ်မှာ အများကြီး မူတည်တာပေါ့။ တကယ်ကူညီလိုတဲ့ စိတ်စေတနာမှန်တွေသာ ရှိခဲ့မယ်ဆိုရင် သူတို့စီနီယာတွေ လုပ်ပေးနိုင်တာတွေက ဒုနဲ့ဒေးပါ…။ အရင်ပို့စ်ရဲ့နိဂုံးမှာ ရေးခဲ့သလို မြန်မာတွေရဲ့စိတ်နေစရိုက်ကို ကျုပ်ရဲ့ကိုယ်တွေ့ဖြစ်စဉ်လေးတခုကနေ ခန့်မှန်းသုံးသပ်ကြည့်လိုက်ပါရစေ…။ တစုံတယောက်အပေါ်မှာ နစ်နာစေလိုတဲ့ စိတ်ဆန္ဒ မရှိသလို… ကျုပ်တယောက်တည်းရဲ့ ကိုယ်ပိုင်အမြင် ယုံကြည်ချက်သာ ဖြစ်ပါကြောင်း ကြိုတင်အသိပေးထားခဲ့ပါရစေ…။

ဂျပန်သံရုံးမှာ အင်တာဗျူး ဖြေပြီးကတည်းက အချိန်မှီ Acceptance ရဖို့အတွက် ဂျပန်မှာရှိနေတဲ့ ကျုပ်ရဲ့စီနီယာဆီကို ပါမောက္ခမှ တဆင့် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Waiting list မထွက်ခင်ကလေးမှာပဲ “NO” ဆိုတဲ့အဖြေကို ပြန်ကြားခဲ့ပါတယ်။ သံရုံးက ပညာရေးအတိုင်ပင်ခံ ဆရာမရဲ့ လမ်းညွှန်မှုကို သိခဲ့ရပြီးတဲ့နောက်မှာ စီနီယာကို ကျုပ်ကိုယ်တိုင် ဒုတိယအကြိမ် ထပ်မံဆက်သွယ်ကာ အကူအညီ တောင်းခံခဲ့ပါတယ်။ ဒီတခါလည်း “NO” ပါပဲ…။ ဂျပန်ဆရာတွေက ဘာဖြစ်လို့ လက်မခံချင်တာလဲလို့ အတွန့်တက်မေးတဲ့အခါ… သူဖြေလိုက်တာကတော့ “ဂျပန်မှာ ပါမောက္ခဆရာတွေဟာ နိုင်ငံခြားကျောင်းသားကို တစ်ယောက်ထက်ပိုပြီး လက်မခံရဘူး…”လို့ ဆိုပါတယ်။ ကျုပ်ကလည်း ဂျပန်မရောက်ဖူးတော့ သူပြောသမျှ ယုံရတာပေါ့…။ ဒါက မြန်မာပြည်မှာ ကျုပ်နဲ့တက္ကသိုလ်တခုတည်း… ဌာနတခုတည်းမှာ တာဝန်ကျနေတဲ့ စီနီယာရဲ့ ကူညီမှုပါ။

နောက်စီနီယာတယောက်ရှိပါသေးတယ်။ သူမကတော့ မန္တလေးစိတ်ပညာက စီနီယာဆရာမ တယောက်ပါ။ သူမကိုလည်း ကျုပ်က လုံးဝ မသိပါဘူး။ ဒါကြောင့်လည်း မန္တလေးစိတ်ပညာက သူမနဲ့ရင်းနှီးတဲ့ ဆရာမတယောက်ကနေ တဆင့် မိတ်ဆက်စာရေးပေးစေကာ Acceptance ရဖို့အတွက် အကူအညီ တောင်းခံခဲ့ပါသေးတယ်။ အဲဒီစီနီယာဆရာမကတော့ “ ဂျပန်ဆရာတွေဟာ အင်္ဂလိပ်စာ နည်းနည်းညံ့လို့ နိုင်ငံခြားသားကျောင်းသားတွေကို လက်မခံချင်ကြဘူး” ဆိုတဲ့ ငြင်းဆန်မှုအကြောင်းပြချက် ပြန်စာတစောင်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဒါက မန္တလေးက ဒုတိယစီနီယာရဲ့ကူညီမှုလေးပါ။

ဒီဖြစ်စဉ်နှစ်ခုကို ကြည့်မယ်ဆိုရင် စီနီယာတွေရဲ့ကူညီလိုတဲ့ စိတ်စေတနာမှန်ကို ခန့်မှန်းသုံးသပ်နိုင်ပါတယ်။ ကျုပ်ကတော့ သူတို့ရဲ့အကူအညီကို တရားဝင်တောင်းခံခဲ့တာပါ။ သူတို့ရဲ့တုန့်ပြန်ချက်ကလည်း အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်းပါပဲ…။ အဲဒီ တုန့်ပြန် အကြောင်းပြချက်တွေ မှန်တယ်-မှားတယ်၊ ယုတ္တိရှိတယ်-မရှိဘူး ဆိုတာကလည်း ဂျပန်မှာ ပညာသင်ဖူးသူတိုင်း သိကြပါတယ်။ အထဲကနေ သူတို့ပြောသမျှ ယုံခဲ့ရသူမို့ ဒီအတွက် ဘာမှ စောဒက မတက်လိုပါဘူး။ ဒါပေမဲ့ ကျုပ်စိတ်ဝင်စားတာက ကျုပ်ကို ကူညီဖို့အတွက် စီနီယာတွေ ဘယ်လောက်အတိုင်းအတာထိ ကြိုးစားအားထုတ်ခဲ့သလဲ…။ တနည်းအားဖြင့် သူတို့ရဲ့ ကူညီလိုမှု စိတ်စေတနာအတိုင်းအတာကိုသာ ဆန်းစစ်ကြည့်လိုတာပါ…။

သူတို့ရဲ့တုန့်ပြန်မှုတွေကို လေ့လာကြည့်ရင် Acceptance ရဖို့အတွက် ဘာတခုမှ ကြိုးစားအားထုတ်မှု ရှိခဲ့ကြဟန် မတူပါဘူး…။ သူတို့ရဲ့ဆရာတွေနဲ့ ဌာနမှာရှိနေတဲ့ အခြားဆရာ-ဆရာမတွေကိုလည်း ကျုပ်ရဲ့ကိုယ်ရေး-ပညာရေးဖိုင်ကို ပြပြီး လက်ခံပေးဖို့ Request လုပ်ခဲ့ကြဟန် မရှိပါဘူး…။ နောက်ဆုံးအဆင့် ဂျပန်မှာ Enter တချက် ခေါက်လိုက်ရုံနဲ့ ရနိုင်လောက်တဲ့ သူတို့ရောက်နေတဲ့ဌာနက ပါမောက္ခဆရာ-ဆရာမတွေရဲ့ Email address လေးကိုတောင် မျှဝေမှု မပြုခဲ့ကြပါဘူး…။ အင်မတန် အံ့သြဖို့ မကောင်းပေဘူးလား…။ ဘာတခုမှ ကူညီဖို့ မစဉ်းစား-မကြိုးစားပဲ သူတို့အထင် သူတို့အမြင်နဲ့ သူတို့ဘာသာ ဆုံးဖြတ်ကာ “သူတို့ကတော့ ကူညီပါတယ်… ဒါပေမဲ့ ဒီက ဆရာတွေက လက်မခံချင်ဘူးဆိုသော NO” ဆိုတဲ့အဖြေကိုပဲ အလွယ်တကူ ပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကူညီလိုမှု ဆန္ဒအတိုင်းအတာကို ခန့်မှန်းကြည့်နိုင်တာပေါ့။ ဒါက ကျုပ်ရဲ့ထင်မြင်ချက်… ယူဆချက်… ယုံကြည်ချက်ပါ။ ဟုတ်မဟုတ်-မှန်မမှန်ကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျုပ်ဘဝမှာတော့ အဲဒီ Acceptance နှောင့်နှေးကြံ့ကြာခဲ့မှုကြောင့် ဂျပန်မှာ ပြဿနာ-ဒုက္ခ-အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း ရင်ဆိုင်နေရဆဲပါ…။

မြန်မာတို့ရဲ့ ရင်းနှီးဖေါ်ရွေပြီး သူတပါးကို ကူညီလိုလှပါတယ်ဆိုတဲ့ စိတ်ရင်းစေတနာမှန်တွေက ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ ပြောင်းလဲသွားခဲ့ပြီလား…။ ပြောင်းလဲနေပြီလား…။ ပြောင်းလဲသွားတော့မှာလား…။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စီနီယာတွေဟာ ပညာတတ်အလွှာက သူတွေပါ။ ရင်ထဲက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေကို ထုတ်ဖေါ်ပြသဖို့ သင့်-မသင့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး ဦးနှောက်အသိဥာဏ်နဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတွေပါ။ ဒီလို ပညာတတ်အသိုင်းအဝိုင်းမှာတောင် ဒီလိုစိတ်ဓါတ်တွေ ရှိနေကြပြီဆိုရင်… သာမန်ပြည်သူတွေ ကြားမှာရော ဘယ်လိုနေမလဲ…။ အနာဂါတ်မြန်မာတွေရဲ့ စိတ်နေစရိုက်အတွက် စဉ်းစားတွေးတောစရာပါ…။

ကျုပ်က စီနီယာဖြစ်လာတဲ့အချိန်မှာလည်း နောက်က ဂျူနီယာတယောက်က Acceptance အတွက် အကူအညီတောင်းခံလာခဲ့ဖူးပါတယ်။ ကျုပ်က ဂျပန်ဆရာတယောက်ရဲ့အခန်းကို တံခါးခေါက် ဝင်ခွင့်တောင်းကာ ချက်ချင်းရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ကူညီမှုအတွက် အသိအမှတ်ပြုခြင်း-မပြုခြင်း ပတိပက္ခတွေ ဘယ်လိုပင် ခံစားခဲ့ရ-ခံစားနေရဆဲဖြစ်ပေမယ့် အခုချိန်အထိတော့ ကူညီလိုတဲ့စိတ်ဆန္ဒလေးက ရင်မှာကိန်းအောင်းနေဆဲပါ…။ ကိုယ်တတ်နိုင်သရွေ့ပေါ့။

သင်ကော စီနီယာတယောက်ဖြစ်လာလို့ သင့်ဂျူနီယာတယောက်က အကူအညီ တောင်းခံလာခဲ့ရင်… ဘယ်လိုတုန့်ပြန်ဖို့ စိတ်ကူးထားပါသလဲ…။ စိတ်ကူးထားပါသလဲ…။

2 comments:

မသက်ဇင် said...

မန်မာတို့ရဲ့ ရင်းနှီးဖေါ်ရွေပြီး သူတပါးကို ကူညီလိုလှပါတယ်ဆိုတဲ့ စိတ်ရင်းစေတနာမှန်တွေက ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ ပြောင်းလဲသွားခဲ့ပြီလား…။ ပြောင်းလဲနေပြီလား…။ ပြောင်းလဲသွားတော့မှာလား…။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စီနီယာတွေဟာ ပညာတတ်အလွှာက သူတွေပါ။ ရင်ထဲက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေကို ထုတ်ဖေါ်ပြသဖို့ သင့်-မသင့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး ဦးနှောက်အသိဥာဏ်နဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတွေပါ။ ဒီလို ပညာတတ်အသိုင်းအဝိုင်းမှာတောင် ဒီလိုစိတ်ဓါတ်တွေ ရှိနေကြပြီဆိုရင်… သာမန်ပြည်သူတွေ ကြားမှာရော ဘယ်လိုနေမလဲ…။ အနာဂါတ်မြန်မာတွေရဲ့ စိတ်နေစရိုက်အတွက် စဉ်းစားတွေးတောစရာပါ…။


စိတ်ထိခိုက် ။ စိတ်မကောင်းဖြစ်မိပါတယ်။

lwin said...

ပညာရေးက ဘ၀တူတွေမို့ နားလည်းခံစာမိပါတယ်...။