Tuesday, May 12, 2009

ကျုပ်ဘဝတစေ့တစောင်း(၁၀၀)

“အဝေးသင်” မှသည် “နေဝန်းနီ” သို့…


၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ -၁ ရက်နေ့ နံက်စောစောမှာ ကျုပ်တို့ဇနီးမောင်နှံနှစ်ယောက် ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ကန်တော့ ဆုတောင်းရင်း အချိန်တော်တော်ကြာသည်အထိ ဘုရားရိပ်မှာ ငြိမ်းချမ်းစွာ ခိုလှုံခဲ့ကြပါသေးတယ်။ ပြီးတာနဲ့ မြေနီဂုံး ဒဂုံစင်တာရှေ့က မျက်နှာချင်းဆိုင်လမ်းထဲမှာရှိတဲ့ “ရွှေရည်” အညာလက်ဘက်ရည်ဆိုင်ကို ဝင်ကာ အညာမုန့်တီ နဲ့ မုန့်ပစ်သလက် စားခဲ့ကြတာပေါ့။

အိမ်ပြန်ရောက်တော့ အမ (အမေ) နဲ့ အမျိုးသမီးက ကျုပ်အတွက် လိုအပ်မယ့်ပစ္စည်းတွေထည့်…၊ ကျုပ်ကတော့ အညာက ရောက်နေတဲ့ ဦးလေးတွေ-အဒေါ်တွေနဲ့ ထိုင်ကာ အာရိုက်ရင်း အချိန်ဖြုန်းနေခဲ့ပါတယ်။ နေ့လည်တစ်နာရီလောက်မှာတော့ မနေ့ကမှ အငယ်ဆုံးညီတော်မောင် ဝယ်လာပေးခဲ့တဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ကာ အိမ်မှာရှိနေသမျှ အကြီးတွေကို ဝပ်ချကန်တော့ကာ... အငယ်တွေကိုလည်း ဆုံးမစကား ပြောကြားခဲ့ပါတယ်။ ပြီးတာနဲ့ ရန်ကုန်လေဆိပ်ကို ဆင်းခဲ့ကြတာပေါ့…။

တကယ်တော့ ကျုပ်ဘဝကြီးက အင်မတန် ထူးဆန်းလှပါပေတယ်…။

  • မနက်ပိုင်းမှာ အကြော်ရောင်း… နေ့လည်ပိုင်းမှာ ပေါက်စီရောင်းမှ ထမင်းနပ်မှန်ခဲ့ရသူ...။
  • ကျောင်းစရိတ်လေး ရဖို့အတွက် နွေကျောင်းပိတ်ရက်တိုင်းမှာ တောဓလေ့အလုပ်မျိုးစုံ လုပ်ခဲ့ရသူ…။
  • ရွာကတွဲဘက်ကျောင်းမှာ ဖြစ်သလို ကုတ်ဖဲ့တက်ရင်း အထက်တန်းအောင်ခဲ့ရသူ…။
  • ရွာဇနပုဒ်လေးက မူလတန်းကျောင်းတကျောင်းရဲ့ လက်ထောက်မူပြ ဆရာတယောက်ဖြစ်ခဲ့ရသူ…။
  • ကြီးပွားတိုးတက်ဖို့ လမ်းစရှာရင်း မွေးရပ်မြေကို စွန့်ခွာလို့ မိုးကုတ်ကျောက်တူးသမားလေးဘဝ ရောက်ခဲ့ရသူ…။
  • ဘဝဝမ်းစာအတွက် မြို့တော်ရန်ကုန်ရဲ့ ကုမ္ပဏီလောကမှာ ကျင်လည်လှုပ်ရှားခဲ့ရသူ…။
  • ဘဝတက်လမ်းအတွက် အလုပ်တဘက်နဲ့ “အဝေးသင်တက္ကသိုလ်” တက်ခဲ့ရသူ…။
  • ကံကောင်းထောက်မစွာနဲ့ အထင်ကရ “ရန်ကုန်တက္ကသိုလ်ကြီး”မှာ ဘွဲ့လွန်ပညာတွေ ဆက်လက် သင်ယူ ဆည်းပူးခွင့် ရခဲ့သူ…။
  • ကံကြမ္မာမျက်နှာသာပေးမှုကြောင့် တက္ကသိုလ်ဆရာ ဖြစ်လာခဲ့ရသူ…။
  • အတိတ်ကံ-ပစ္စုပ္ပန်ကံတွေရဲ့ မ စမှုကြောင့် ဘယ်လိုမှ မဖြစ်နိုင်လောက်တဲ့ နိုင်ငံခြားပညာသင်ဆု စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရရှိကာ အောင်မြင်မှုရခဲ့သူ…။
  • များပြားလှတဲ့ အခက်အခဲ အတားအဆီးတွေကြားကပဲ နိုင်ငံခြားသွားရောက်ဖို့ ကံဇာတာပါလာခဲ့သူ။

ဤမျှလောက် အပြောင်းအလဲ များခဲ့ရတဲ့ ကျုပ်ဘဝကို အသေအခြာ ပြန်လည် စဉ်းစားကြည့်လိုက်တော့ ကျုပ်ဘဝကြီးဟာ… တခါက ဆရာကြီးဒေါက်တာလှဖေ ရေးခဲ့သလို “ဝီရိယကို ထူ…ဉာဏ်နဲ့ကူ… ကံကဖေးမသူ” ဖြစ်ခဲ့တာပါ…။ တဆက်တည်းမှာပဲ ကျုပ်ရဲ့အိပ်မက်ဇာတ်ကောင် “နိုင်ငံခြားပြန် တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမြင့်နွယ်” ဖြစ်လာလိမ့်အုံးမလားရယ်လို့ စိတ်ကူးယဉ် ကြည့်နေမိပါ၏။


အခုတော့ မိုးစံတယောက် ဒီစိတ်ကူးယဉ်မှုလေးကို လက်တွေ့အကောင်အထည်ဖေါ်ဖို့အတွက် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာ-၁ ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ မှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွါမယ့် UB 221 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်…၊ ထိုမှတဆင့် JAL 718 လေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပညာတော်သင်တယောက်အဖြစ် ထွက်ခွါလို့ လာခဲ့ပါပြီ…။ လာခဲ့ပါပြီ…။

(ဤနေရာတွင် “ကျုပ်ဘဝတစေ့တစောင်း” ကို အချိန်အတိုင်းအတာတခုအထိ ရပ်နားထားမည် ဖြစ်ပါကြောင်း…)

3 comments:

Zytee said...

ကိုမိုးစံ ဘလော့ကို နေ့တိုင်းနီးပါး ဝင်ဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါမှတော့ ကွန့်မန့်မပေးဖူးဘူး။ အခု ကျုပ်ဘဝတစေ့တစောင်း ခနနားလို့ ကွန့်မန့်ပေးလိုက်တာ။ တကယ်ချီးကျူးပါတယ်။ လေးစားပါတယ်။

Ðaywalker[Soul] said...

အစ်ကို မိုးစံရေ....

ပညာရေးပန်းတိုင်ကို အောင်မြင်စွာ ဆွတ်ခူးပြီး ပြန်လာနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ...။

မသက်ဇင် said...

ကိုမိုးစံ
လာလည်သွားပါတယ်
အစစအရာရာအောင်မြင်ပါစေ
ခင်မင်လျက်