Tuesday, April 14, 2009

ချစ်သမီးငယ်သို့ အမှတ်တရ (၁)

သမီးငယ်...

၂၀၀၇ ခုနှစ်၊ ဧပရယ်လ ၁၃ ရက်၊ သောကြာနေ့နံနက်မှာ ဖေဖေတို့ သားအမိ-သားအဖ သုံးယောက် ဟာ မေမေ့ဗိုက်ထဲမှာ ရှိနေဆဲဖြစ်တဲ့ သမီးငယ်ရဲ့ကျန်းမာရေးအခြေအနေကို စမ်းသပ်စစ်ဆေးဖို့ တိုဟုခုတက္ကသိုလ်ဆေးရုံ (Tohoku University Hospital) ကို ရောက်ရှိခဲ့ကြပါတယ်။ မေမေနဲ့သမီးငယ်ရဲ့ကျန်းမာရေးကို နှစ်လ-တစ်ကြိမ်…၊ တစ်လ-တစ်ကြိမ်…၊နှစ်ပတ်-တစ်ကြိမ်…၊ တစ်ပတ်-တကြိမ်နဲ့ ပုံမှန် စမ်းသပ်စစ်ဆေးလာခဲ့တာဟာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ သမီးငယ်ကို အမြဲတမ်း စမ်းသပ်စစ်ဆေးပေးနေတဲ့ အန်တီဆရာဝန်တွေ ခန့်မှန်းချက်အရဆိုရင် ဒီလကုန်လောက်မှာ သမီးငယ်ဟာ ဖေဖေတို့မိသားစုရှိရာ လူ့လောကကြီးထဲကို ကျန်းမာစွာနဲ့ ရောက်လာတော့မှာပေါ့…။

ဒါပေမဲ့ သမီးငယ်ရယ်…
အဲဒီ သောကြာနေ့က မေမေနဲ့သမီးငယ်တို့ကို စမ်းသပ် စစ်ဆေးနေတဲ့အချိန်မှာ ဖေဖေနဲ့ သမီးကြီးက အခန်းအပြင်ဘက်မှာ TV ကြည့်ရင်း အေးအေးဆေးဆေးနဲ့ ထိုင်စောင့်နေကြတာပေါ့။ ဟုတ်တယ်လေ…။ မေမေ့ကျန်းမာရေးက ကောင်းသလို… မေမေ့ဗိုက်ထဲမှာ ရှိနေဆဲဖြစ်တဲ့ သမီးငယ်ရဲ့ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ဆိုတာ ဖေဖေကိုယ်တိုင် TV Screen မှာ အမြဲတမ်း မြင်တွေ့နေခဲ့ရပါတယ်။ သမီးငယ်အတွက် နည်းနည်းလေးမှ စိုးရိမ်စိတ် မရှိခဲ့ပါဘူး…။ နာရီဝက်လောက်ကြာတော့ သမီးငယ်တို့ ရှိနေတဲ့ စမ်းသပ်ခန်း အမှတ် (၅) က ဆရာဝန်နဲ့ သူနာပြုဆရာမတွေ ပျာပျာသလဲ အလှုပ်ရှုတ်နေကြလေရဲ့…။ ဖေဖေတို့ကတော့ အေးအေးဆေးဆေးပဲပေါ့။ ဒါပေမဲ့ သူနာပြုဆရာမတယောက်က “အိုဂေါ်ရှုဂျင်း… ဂေါ်ရှုဂျင်း…”လို့ ဖေဖေ့ကို အတင်းခေါ်လိုက်တဲ့အချိန်မှာတော့ မေမေက တွန်းလှည်းပေါ်မှာ မျက်နှာငယ်လေးနဲ့ ရောက်ရှိလို့ နေလေပြီ…။ အန်တီဆရာဝန်မကလည်း စိုးရိမ်ကြောင့်ကြနေတဲ့ မျက်နှာနဲ့အတူ ဖုန်းတလုံးနဲ့ အလုပ်ရှုတ်နေလေရဲ့…။ ပြီးတာနဲ့ အရေးပေါ် ICU (Intensive Care Unit) ဆီသို့ အတင်းတွန်းကာ ပြေးလွှားသွားခဲ့ကြတယ်လေ…။

ဖေဖေတို့က ဘာမှမသိရ…။ ဖေဖေတို့ကိုလည်း ဘာမှရှင်းမပြကြ…။ ဒါပေမဲ့ စိုးရိမ်ကြောင့်ကြပြီး ပျာယာခတ်နေတဲ့ သူတို့တတွေကို မြင်တွေ့လိုက်ရတာကြောင့် မေမေနဲ့သမီးငယ်မှာ အန္တရာယ် တခုခု ရှိနေပြီဆိုတာကိုတော့ သတိထားမိလိုက်ပါတယ်။ အဲဒီကျမှ ပူပင်သောက စိုးရိမ်မှုတွေက ဖေဖေ့ရင်ထဲကို အစုလိုက်-အပြုံလိုက် ဝင်ရောက်လာခဲ့တာပေါ့…။ ဖေဖေ့ရဲ့ သောကမီးတွေကို သမီးကြီးမသိအောင် အဖတ်ဆယ်ရင်း သူနာပြုဆရာမ ရှင်းပြသမျှကို ငြိမ်ကာ နားထောင်ခဲ့ရပါတယ်။ ပြီးတာနဲ့ သမီးငယ်တို့ရှိရာ ICU ဆီကို ဆရာမနဲ့အတူ လာခဲ့ကြတာပေါ့။ ဆရာမအပြောအရဆိုရင်တော့ သမီးငယ်ရဲ့နှလုံးခုန်နှုန်းဟာ ပုံမှန်အလုပ် လုပ်နေရာကနေ ရုတ်တရက် ရပ်သွားပြီး သုံညအဆင့်ထိ ရောက်သွားခဲ့ပါတယ်။ ဘယ်လိုမှ ပြန်တက်မလာတာကြောင့် တာဝန်ခံ အန်တီဆရာဝန်ပါ လန့်ဖြန့်သွားပြီး ICU ကို အချိန်မှီ ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်…။ သမီးငယ်ရဲ့ကံ… ဖေဖေတို့ရဲ့ကံပေါ့…။

ယနေ့ (၁၄-၀၄-၂၀၀၉) သင်္ကြန်အကျနေ့တွင် ကျရောက်သော ချစ်သမီးငယ်၏ ၂ နှစ်မြောက် မွေးနေ့သို့ အမှတ်တရ...။

Monday, April 13, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၇)

ကျုပ်ဘဝမှာ ကိုယ်ကိုတိုင် ကြိုးစားလို့ ဘယ်လိုမှ မဖြစ်နိုင်လောက်တဲ့ အရာတခုဟာ ကံကြမ္မာ မျက်နှာသာပေးခဲ့မှုကြောင့် ဖြစ်လာခဲ့ဖူးပါတယ်။ အတိတ်ကံကြောင့်လား…၊ ပစ္စုပ္ပန်ကံကြောင့်လား…ဆိုတာ အခုချိန်ထိ မဝေခွဲနိုင်သေးပါဘူး…။ ဒါပေမဲ့ ဒီဘဝမှာ ကျုပ်လို အညတြ ကျောင်းဆရာတယောက်အတွက် ဘယ်လိုမှ မရနိုင်တော့တဲ့ မဟာအခွင့်အရေးတရပ်ကို ကံကြမ္မာက အမှန်တကယ် ကူညီဖေးမ ပေးခဲ့ဖူးပါတယ်။ ကျုပ်ဘဝမှာ မယုံကြည်နိုင်လောက်အောင်ကို အံ့သြဝမ်းသာ ဖြစ်ခဲ့ရဖူးပါတယ်။ ကံကြမ္မာဆိုတာ တကယ်ကို အံ့သြဖို့ ကောင်းပါပေတယ်။

ဂျပန်ပညာတော်သင်ဆုအတွက် ရန်ကုန်တက္ကသိုလ်သွားဖို့ စုရုံး စုရုံး လုပ်နေကြတဲ့ ညီမငယ် ဆရာမအုပ်စုနဲ့ စကားပြောနေတဲ့ ကျုပ်တို့အခန်းထဲကို ပါမောက္ခ ဆရာဦးခင်မြင့်က ၂၀၀၂ ခုနှစ်၊ ဂျပန်မူဘူးရှိုး ပညာတော်သင်ဆု စည်းကမ်းသတ်မှတ်ချက် အမိန့်စာလေးကို ကိုင်ကာ ဝင်လာလျှက် “ကိုမိုးစံ… ဒီမှာ သေခြာဖတ်စမ်းပါအုံး…၊ ဒီနှစ် စည်းကမ်းသတ်မှတ်ချက်မှာ အခါတိုင်းနှစ်တွေလို လုပ်သက် ၂ နှစ် ဆိုတဲ့ ကန့်သတ်ချက် မပါဘူး…၊ ဒါကြောင့် ကိုမိုးစံလည်း ဝင်ဖြေလို့ ရပါတယ်” လို့ ဆိုပါတယ်။ အဲဒီကျမှ ကျုပ်လည်း ဆရာ့လက်ထဲက စာရွက်ကို လက်ခံယူလိုက်ကာ သေသေခြာခြာ စေ့စေ့စပ်စပ် ဖတ်ပါတော့တယ်။ မယုံနိုင်လောက်အောင် ဖြစ်မိတာကြောင့် နှစ်ခေါက်-သုံးခေါက် ပြန်ဖတ်မိပါတယ်…။ ဟုတ်ပါတယ်…၊ သေခြာပါတယ်…။ ဆရာ အမိန့်ရှိခဲ့သလို… ဒီနှစ် ဂျပန်ပညာတော်သင်ဆုအတွက် ဝင်ရောက်ဖြေဆိုခွင့် သတ်မှတ်ချက်မှာ လုပ်သက်ကန့်သတ်ချက် မပါခဲ့ပါဘူး…။ ကျန်တဲ့အချက်အလက်တွေကတော့ အရင်နှစ်တွေနဲ့ အတူတူပါဘဲ…။ အရမ်းကို အံ့သြဖို့ ကောင်းပါတယ်…။

ဒီအမိန့်စာကို သမံကာ-လျှံကာ ဖတ်ခဲ့မိတဲ့ ကျုပ်ကိုကျုပ်လည်း မကျေမနပ်နဲ့ ဒေါသဖြစ်ခဲ့မိပါတယ်။ ကိုယ့်ဘဝအတွက် ဒီလောက်အရေးကြီးတဲ့စာကို ဘာဖြစ်လို့များ သေသေခြာခြာ မဖတ်ခဲ့မိပါလိမ့်…။ ဆရာ ဦးခင်မြင့်သာ ဒီလုပ်သက်ကန့်သတ်ချက် မပါတာကို သတိမထားခဲ့မိရင်…၊ ဆရာဦးခင်မြင့်သာ ဒီအကြောင်းကို အချိန်မှီ အသိမပေးခဲ့ရင်…၊ ကျုပ်ဘဝမှာ (ကံကြမ္မာ မျက်နှာသာပေးခဲ့ပေမယ့်) ဂျပန်ပညာတော်သင်ဆုအတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် မရနိုင်ပါဘူး…။ ကျုပ်ဘဝအတွက် မဟာအခွင့်အရေးကြီးတရပ် ဆုံးရှုံးသွားနိုင်တာပေါ့။ ကျုပ်ဘဝမှာ ထာဝရ မေ့ဖျောက်လို့ မရနိုင်လောက်တဲ့ “စိတ်ဒဏ်ရာ” တခု ရရှိသွားနိုင်တာပေါ့…။

အခုတော့ ရှေးဘဝကံ မျက်နှာသာပေးမှု နဲ့ ဆရာ့ရဲ့ကျေးဇူးကြောင့် ဒီဘဝမှာ ဘယ်လိုမှ မရနိုင်တဲ့ ဂျပန်ပညာတော်သင်ဆုစာမေးပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် ရရှိခဲ့ပါပြီ…။ ဒီလို ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် ရရှိပါလျှက်နဲ့ စာမေးပွဲမှာ ကျရှုံးခဲ့မယ်ဆိုရင်…၊ အပယ်ခံခဲ့ရမယ်ဆိုရင်…။

(အငြိမ်းစားပါမောက္ခ ဆရာဦးခင်မြင့်အား လေးစား ကျေးဇူးတင်လျှက်…။)

Friday, April 10, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၆)

တခါတရံတော့လည်း ကျုပ်တို့လူ့ဘဝကြီးကို “ဘယ်အချိန်မှာ ဘာဖြစ်ရမယ်…၊ ဘယ်အချိန်မှာ ကျရှူံးမှုတွေနဲ့ ရင်ဆိုင်ရမယ်…၊ ဘယ်အချိန်မှာ အောင်မြင်မှုတွေ ရမယ်…၊ ဘယ်အချိန်မှာ အိမ်ထောင်ကျမယ်…” လို့များ အတိတ်ဘဝကတည်းက ပြဌာန်းခဲ့လေရော့သလား အောက်မေ့မိပါတယ်။

ဒီဘဝမှာ တက္ကသိုလ်ဆရာတယောက်အနေနဲ့ နိုင်ငံခြားပညာတော်သင်ဆု ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့် မရနိုင်တော့မှန်း သိလိုက်ရတဲ့အချိန်က စလို့ ပြည်တွင်းဒေါက်တာဘွဲ့လေးနဲ့ ကျေနပ်ကာ ကျောင်းဆရာကောင်းတယောက်ဖြစ်အောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကျုပ်ရဲ့စိတ်ကူးယဉ် ဇာတ်လိုက်ကျော် ကထိက ဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် မဖြစ်နိုင်ပေမဲ့ ပြည်တွင်းဒေါက်တာဘွဲ့လေးနဲ့ ကထိက ဒေါက်တာမိုးစံ ဖြစ်နိုင်တာပေါ့…။ ရွာဇနပုဒ်မှာ ကျုပ်တို့လို တနေ့လုပ်မှ တနေ့စားရတဲ့ မိသားစုဘဝကနေ တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမိုးစံ ဖြစ်လာခဲ့မယ်ဆိုရင်…၊ မရိုးသားမှုတွေ-မသမာမှုတွေနဲ့ ပြည့်နှက်နေသလို အရည်အချင်းမရှိတဲ့ လူညံ့တွေ မွေးထုတ်ရာ နေရာလို့ အများက သမုဒ်နေကြတဲ့ “အဝေးသင်” ကနေ တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမိုးစံ ဖြစ်လာခဲ့မယ်ဆိုရင်… ဆိုရင်… ဆိုရင်… ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်အားပေးရင်း တာဝန်တွေ ထမ်းဆောင်လို့ နေခဲ့တာပေါ့…။

ဒီလိုနဲ့ အလုပ်ဝင်ပြီး ၆ လ ကျော်ကျော်လောက်မှာ နှစ်စဉ် ခေါ်နေကြ ဂျပန်မူဘူးရှိုး (monbukagagusho) ပညာသင်ဆု အတွက် စည်းကမ်းသတ်မှတ်ချက်နဲ့အတူ အချိန်မှီ လျှောက်လွာတင်ကြဖို့ ကျုပ်တို့ ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထွက်လာပါတယ်။ အဲဒီစာကို ညီမငယ် ချိုချိုက ယူလာပြီး “ ဟေး… ကိုမိုးစံကြီး ဖြေလို့မရဘူး...” ဆိုပြီး ဝမ်းသာအားရ အော်ဟစ်လို့ ပြောနေပါတော့တယ်။ ကျုပ် ဝင်ရောက်ဖြေဆိုခွင့် မရလို့ ဝမ်းသာနေကြတာ ဟုတ်ဟန်မတူပါဘူး…။ တစ်နှစ်ခြားလောက်မှသာ ပါတတ်တဲ့ ဒီစိတ်ပညာ ပညာသင်ဆုဟာ သူတို့လို လုပ်သက်ရှိနေပြီး ငယ်ရွယ်တဲ့ဆရာမတွေအတွက် မဟာအခွင့်အရေးကြီး တရပ် ဖြစ်နေတာကြောင့်ပါ။ ကျုပ်ကလည်း “အေး… နင်တို့ ရအောင် ဖြေကြ” လို့ တိုက်တွန်းလိုက်ပြီး အမိန့်ကြော်ငြာစာကို သမံကာ-လျှံကာပဲ ကြည့်လိုက်ပါတယ်။ သူတို့တတွေ ရန်ကုန်တက္ကသိုလ် သွားဖို့ စုရုံး စုရုံး လုပ်နေချိန်မှာ ကျုပ်ကတော့ ကိုယ်နဲ့မဆိုင်သလိုပဲ နေလိုက်ပါတယ်။ ဒါပေမဲ့ သူတို့တတွေ နိုင်ငံခြားပညာသင်ဆု အတွက် အခုလို တက်တက်ကြွကြွ လှုပ်ရှားနေကြတာကို မြင်တွေ့ရပြန်တော့ ကျုပ်ရင်ထဲမှာ စို့နင့်ဝမ်းနည်းလို့ လာခဲ့ပြန်ပါတယ်။

ဘာများ တတ်နိုင်အုံးမှာလဲ…။
လောကကြီးမှာ ကိုယ်ကိုတိုင် ကြိုးစားလို့ မရနိုင်တာတွေ ရှိခဲ့ပါတယ်… ရှိနေပါတယ်… ရှိနေအုံးမှာပါ…။

Tuesday, April 7, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၅)

ကျုပ်က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ “နှင်းငွေ့တထောင့် မိုးတမှောင့်” ဝတ္ထုထဲက ဇာတ်လိုက်ကျော် ကထိက ဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် တက္ကသိုလ်ဆရာ ဖြစ်ချင်ခဲ့သူပါ။ ဆရာ့လိုပဲ စာလေးသင်လိုက်…၊ စိတ်ပညာနဲ့ဆိုင်တဲ့ ပညာပေးဝတ္ထု-ဆောင်းပါးလေးတွေ ရေးလိုက်…၊ သုတေသနလေးတွေ လုပ်လိုက်…၊ ကျန်းမာရေးအအတွက် ဂေါက်လေး ရိုက်လိုက်နဲ့ အေးအေးလူလူ နေချင်ခဲ့သူပါ။ သူ့ဘဝ-သူ့လူနေမှုစတိုင်ကို အတော်အားကျခဲ့သူပါ။ ကျုပ်ဘဝထဲမှာ ဆရာ့ရဲ့ပုံရိပ်တွေက အမြဲတစေ ငြိတွယ်လို့ နေခဲ့ပါတယ်။ ဒါကြောင့်လည်း ကံဇာတာ တက်လို့ အခွင့်အခါ ကြုံကြိုက်လာတဲ့ တနေ့ကျရင် ဆရာ့လို ဒေါက်တာမြင့်နွယ်တယောက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကလေးက ရင်ထဲမှာ ကိန်းအောင်းလို့ နေခဲ့တာပေါ့…။

ကျုပ်ရင်ထဲမှာ ဘယ်လိုပင် စိတ်ကူးယဉ် မျှော်မှန်းချက်လေးတွေ ရှိနေပေမယ့် လက်တွေ့ဘဝမှာတော့ အကောင်အထည် ဖေါ်နိုင်ဖို့ မလွယ်လှပါဘူး။ ရှုတ်ထွေးလှတဲ့ လူ့ဘောင်လောကကြီးမှာ လိုက်နာရမယ့် ဥပဒေသတွေ… စည်းမျဉ်းစည်းကမ်းတွေက ဒု နဲ့ ဒေးပါ…။ အဖွဲ့အစည်းတိုင်းမှာလည်း သက်ဆိုင်ရာ ကန့်သတ်ချက်တွေ… နည်းဥပဒေတွေ ရှိကြပါတယ်။ အခုလည်း ကျုပ်ရောက်နေတဲ့ ပညာရေးဌာနမှာ နိုင်ငံခြားပညာသင်ဆု ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။ ဆရာ ဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် ဖြစ်ချင်တဲ့ ကျုပ်က ကိုယ့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးလေးများ ရှိလေမလား သိချင်တာကြောင့် အဲဒီ စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်လေ့လာကြည့်ခဲ့မိပါတယ်။ အား ပါး…ပါး…။ ကျုပ်နဲ့တော့ လားလားမှ မဆိုင်…။ ဒီဘဝမှာတော့ ကျုပ်ရဲ့အိပ်မက်ဇာတ်ကောင် ဆရာဒေါက်တာမြင့်နွယ်လို နိုင်ငံခြားပြန် တက္ကသိုလ်ဆရာတယောက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။

ကျုပ်လေ့လာခဲ့တဲ့ ၂၀၀၁ ခုနှစ် အထိသော ပညာရေးက စည်းမျဉ်းကန့်သတ်ချက်တွေထဲမှာ နိုင်ငံခြားပညာတော်သင်ဆု ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့်ရဖို့အတွက်-
၁။ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ-ဆရာမ ဖြစ်ရမည်။
၂။ တဆက်တည်းလုပ်သက် အနည်းဆုံး (၂) နှစ်ရှိသူ ဖြစ်ရမည်။
၃။ သက်ဆိုင်ရာဘာသာရပ်တွင် မဟာဘွဲ့ ရရှိထားသူ ဖြစ်ရမည်။
၎။ နောက်လာမည့် ပညာသင်နှစ်တွင် အသက်(၃၅)နှစ်ထက် မကျော်ရ။(တစ်နှစ်ကြိုပြီး ခေါ်တဲ့သဘောပါ)။

အဲဒီစည်းမျဉ်းနဲ့ ချိန်ထိုးကြည့်လိုက်ရင် ကျုပ်က အမှတ်စဉ်-၁ နဲ့ ၃ ပဲ ကိုက်ညီပါတယ်။ အမှတ်စဉ်-၂ နဲ့ ၄ က အပြန်အလှန် ငြိနေတာကြောင့် ဒီဘဝမှာတော့ ဝေးပြီပေါ့…။ ဆိုလိုတာက ဘဝပေးအခြေအနေ နဲ့ ခေတ်ကာလ မတည်ငြိမ်မှုတွေကြောင့် တက္ကသိုလ် နည်းပြဆရာအဖြစ် အလုပ်ဝင်တဲ့အချိန်မှာ ကျုပ်ရဲ့အသက်က သုံးဆယ့်သုံးနှစ်ထဲ ရောက်နေပါပြီ…။ ဒါကြောင့် လုပ်သက် ၂ နှစ် ပြည့်တဲ့အချိန်ကျရင် ကျုပ်ရဲ့အသက်က သုံးဆယ့်ငါးနှစ် ကျော်ပြီပေါ့…။ နောက်ပြီး ပညာသင်ဆု စာမေးပွဲကို တစ်နှစ်ကြိုပြီး ခေါ်လေ့ ရှိတာကြောင့် ကျုပ်အတွက် ဘယ်လိုမှ အခွင့်အရေး မရနိုင်တော့ပါဘူး။

“ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်” လို့ ယူဆ-ယုံကြည်ခဲ့တဲ့ ကျုပ်အတွက် ဌာနစည်းမျဉ်း ကန့်သတ်ချက်က ပိတ်ပင်လို့ ထားခဲ့လေပြီ…။ နိုင်ငံခြားပညာသင်ဆုကို ဝင်ရောက်ဖြေဆိုခွင့်လေးတောင် မရနိုင်တော့ပါဘူး။ မသကာ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့် ရပြီး ကျရှုံးခဲ့ရင် (သို့) အပယ်ခံခဲ့ရရင်… “ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲ” ဆိုပြီး ကျေနပ်ဖြေသိမ့်လို့ ရနိုင်ပါသေးတယ်။ အခုတော့…၊ အခုတော့…။

Monday, April 6, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၄)

ကျောင်းဆရာ ဖြစ်လာကတည်းက ကျောင်းသားတွေဆီက အခကြေးငွေယူကာ ကျူရှင်သင်မစားဘူးလို့ စဉ်းစားဆုံးဖြတ်ခဲ့ပြီး မြန်မာကျောင်းဆရာ ပီပီသသ လုပ်ချင်ခဲ့သူပါ။ ဒီအတိုင်းလည်း ကျင့်ကြံ လိုက်နာ နေထိုင်ခဲ့သလို… ကျူရှင်ပြတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေကိုလည်း “ ကျူရှင်မပြကြဖို့” အမြဲတစေ တိုက်တွန်းတတ်သူပါ။ ရင်းနှီးတဲ့သူတွေဆိုရင်တော့ “ကျူရှင်ပြတာကို မကြိုက်တဲ့အကြောင်း တည့်တည့်ပြောကာ အားမနာတမ်း ဝေဖန်အပြစ်ပြောတတ်သူပါ…။ ဟုတ်တယ်လေ…။ ခင်ဗျားတို့ စဉ်းစားကြည့်ကြစမ်းပါ…။ Day မှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်အောင် တက်ခိုင်းပြီး ကိုယ်ကိုတိုင်သင်ကြားပေးနေတဲ့ ဒီကျောင်းသားတွေကို အိမ်မှာ-ဝိုင်းမှာ ကျူရှင်အဖြစ်နဲ့ ထပ်ပြီး သင်ကြားပေးရပြန်တယ်ဆိုတော့ ဘာတွေ သင်ကြမှာလဲ…။ ကိုယ်က ကျောင်းမှာ သင်ပေးတာ မလုံလောက်လို့လား…။ ကျောင်းဆရာက ကျောင်းဆရာအလုပ် ကောင်းကောင်းလုပ်ရင် ကျောင်းသားက ကျောင်းသားအလုပ် ကောင်းကောင်းလုပ်ပါလိမ့်မယ်။ အခုတော့…။ အခုတော့…။

ကျုပ်အထင် ယနေ့ခေတ် ဆရာ-ဆရာမအများစုဟာ ကိုယ်ရဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို ကျွမ်းကျင်အောင် လေ့လာအားထုတ်မှု မပြုကြပဲ…စတိုင်-မလိုင် တခွဲသားနဲ့ ဟိတ်ဟန်ထုတ်ကာ နေကြလေရဲ့…။ ပြီးတာနဲ့ ရာထူးပိုစရှင်ကို အကြောင်းပြုလို့ ဂွင်ရှာကြပြန်ပါတယ်။ကျုပ်ကိုယ်တိုင် တွေ့ခဲ့ဖူးတဲ့ အချို့သော ဆရာ-ဆရာမတွေဆိုရင် Day က အတန်းမှာ စေတနာမထား… အိမ်ကဝိုင်းမှာတော့ ရွှန်းရွှန်းတွေ ဝေ…။ UDE ခေါ် အဝေးသင်မှာလည်း ထိုနည်းလည်းကောင်း...။ အဲဒီက အစပြုလို့ မရိုးသားမှုတွေ၊ မသမာမှုတွေ၊ ခြစားမှုတွေက တဖြည်းဖြည်း ကြီးထွားလာကာ ပညာရေး အဆောက်အဦကြီးက ယိုယွင်းပျက်စီးခြင်းဆီသို့ တစထက် တစ…တစထက် တစ…။

အကျိုးဆက်ရလဒ်အနေနဲ့ ယနေ့ခေတ် ကျောင်းသားတွေက ဆရာ--ဆရာမဆိုတာ လေးစားရကောင်းမှန်း မသိတော့…။ ငွေပေးရင် ဘာမဆို ဝယ်လို့ရတယ်လို့ ခံယူလာကြပါတယ်။ ဆရာမှန်း သိပါလျှက်နဲ့ ပုခုံးချင်းတိုက်သည်အထိ မိုက်ရိုင်းလာကြချေပြီ…။ ဆရာမမှန်း သိပါလျှက်နဲ့ လမ်းဘေးက မိန်းမတယောက်ပမာ သဘောထားကာ စကြနောက်ကြ ကျီဇယ်ကြ နေလေပြီ…။ တချိန်ထဲမှာပဲ ကျုပ်တို့ ဆရာ-ဆရာမတွေရဲ့အရည်အချင်းကလည်း (ဒေါ်)မေငြိမ်းရဲ့မြသီလာ အလွမ်းပြေ ၃၆ မှာ ကို mm Thinkerဆိုသူ comment ရေးခဲ့သလို neo-ရှေ့ဆက်ပုဒ်ကိုတောင် မသိ-နားမလည်သည်အထိ အင်္ဂလိပ်စာက ညံ့ဖြင်းနေကြလေပြီ…။ ဒါတောင် အဲဒီကိုmm Thinker ကိုယ်တိုင် တွေ့ခဲ့တယ်ဆိုတဲ့ သူတွေက ကျုပ်တို့ဆီမှာ Ph.D လုပ်နေတဲ့သူတွေပါ။ ပြီးတော့ နိုင်ငံခြားပညာသင်အဖြစ် ရွေးချယ် စေလွှတ်ခြင်း ခံခဲ့ရတဲ့ လက်ရွေးစင်တွေပါ။ ကျုပ်တို့ပညာရေးက ဆရာ-ဆရာမတွေရဲ့ အဆင့်ကို စဉ်းစားတာ ကြည့်ကြပါတော့…။ ကျုပ်တို့လူတွေ (ကျုပ်အပါအဝင်) ညံ့တယ်ဆိုတာ နားလည်လက်ခံနိုင်ပေမယ့် ကို mm Thinker ထောက်ပြလောက်သည်အထိ ညံ့လိမ့်မယ်လို့တော့ မထင်ခဲ့မိရိုး အမှန်ပါ။ ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းပါတယ်။

မညာတမ်း ပြောရရင် ကျုပ်ကိုယ်တိုင်လည်း ကျောင်းဆရာတယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတယောက် မဟုတ်ပါဘူး…။ ဒါပေမဲ့ မြန်မာ့ပညာရေးကို အများတကာရဲ့ တံတွေးခွက်မှာ ပက်လက်မမျောစေချင်သူပါ…။ပညာရေးကသူတွေဟာ ကျန်တဲ့သူတွေထက် မနိမ့်သင့်ဘူး ဆိုတဲ့ ခံယူချက်-ယုံကြည်ချက်နဲ့ ရှေ့ခရီးကို လျှောက်လှမ်းနေဆဲ လူတယောက်ပါ။ အဲဒီလိုပဲ ကျုပ်တို့ ပညာရေးအသိုင်းအဝိုင်းက ဆရာ-ဆရာမတွေကို ဒီလိုခံယူချက်-ယုံကြည်ချက်တွေနဲ့ ရှေ့ဆက် လျှောက်လှမ်းစေချင်သူပါ…။ အဲဒီလိုမဟုတ်ပဲ အများမိုးခါးရေ သောက်တိုင်း ကျုပ်တို့လည်း လိုက်သောက်နေမယ်ဆိုရင်…၊ လိုက်သောက်နေမယ်ဆိုရင်…။

Friday, April 3, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၃)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဟာ ရန်ကုန်-သံလျှင်-သုံးခွ ကားလမ်းပေါ်မှာ တည်ရှိပြီး “တာဝ” လို့လည်း လူသိများကြပါတယ်။ ရန်ကုန်မြို့ကနေ ဘတ်စ်ကား စီးမယ်ဆိုရင် အနည်းဆုံး နှစ်နာရီလောက် ကြာပါတယ်။ နေရာမရလို့ မတ်တတ်ရပ်ကာ လိုက်ရပြီဆိုရင်တော့ တွေးသာ ကြည့်ကြပေတော့…။ တာဝန်ကျရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကို သွားပြီး Duty Report လုပ်ရပါသေးတယ်။ ပြီးတာနဲ့ ကျုပ်ကို တက်လက်စ Ph.D Prelim တန်းကို ပြီးဆုံးအောင် မိန်းထဲမှာ ဆက်လက် တက်ရောက်ခွင့်ပြုခဲ့ပါတယ်။ Prelim ပြီးလို့ အလုပ်ပြန်ဝင်ရတဲ့အချိန်ကစပြီး နားရတယ် မရှိ။

ကျောင်းဆရာ ဖြစ်လာကတည်းက“ကျုပ်တို့ မြန်မာ့လူမှုအဖွဲ့အစည်းက လက်ခံတဲ့ ကျောင်းဆရာစစ်စစ် တစ်ယောက်” ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒီအတွက်လည်း ခံနိုင်ရည် ရှိအောင် အရာရာကို စနစ်တကျ ပြင်ဆင်ထားခဲ့ပါတယ်။ မိသားစုစားဝတ်နေရေးကို ညီတော်မောင်က တာဝန်ယူနေတာမို့ ကျုပ်က လှည့်ကြည့်စရာ မလိုခဲ့ပါဘူး။ ကျုပ်မှာရှိတဲ့ စီးတော်ကားကို ရောင်းပြီး တခြားအလုပ်တွေမှာ ငွေထည့်ထားလိုက်ရင်… တလ တလ ရလာတဲ့အတိုးနဲ့ ကျောင်းဆရာကောင်းကောင်း လုပ်နိုင်ပြီလို့ ထင်မြင်ယုံကြည်ခဲ့မိသူပါ။ ကိုယ်ယုံကြည်မိတဲ့အတိုင်းလည်း လုပ်ခဲ့ပါတယ်။ ပြီးတာနဲ့ နေလက်စ အဆောင်ကနေ ၁၉၉၇ ခုနှစ်ကတည်းက ဝယ်ထားခဲ့တဲ့ ခြောက်မိုင်ခွဲ၊ ရွှေဟင်္သာလမ်း ဆင်းရဲသားရပ်ကွက်က အိမ်စုတ်ကလေးဆီကို ပြောင်းရွှေ့လို့ နေခဲ့ပါတယ်။ တကယ်တော့ ဒီအိမ်ကလေးကလည်း ကိုယ်ကြိုက်လို့ ဝယ်လိုက်တာမဟုတ်ပါဘူး…။ ဒုက္ခရောက်နေတဲ့ ကထိကဆရာမ တယောက်ကို ကူညီတဲ့အနေနဲ့ ဝယ်လိုက်ရတာပါ။ အရင်က ဆရာမကို တကြိမ်တခါမှ မမြင်ဘူးခဲ့ပေမဲ့ အိမ်ပွဲစားကတဆင့် ဆရာမမှန်း သိခဲ့ရ…၊ သူကလည်း ကိုယ့်ကို အလုပ်တဖက်နဲ့ ကျောင်းတက်နေသူမှန်း သိရာကနေ… သူ့ကို ကူညီဖို့ အတန်တန် ပြောခဲ့တာကြောင့် နေရာအနေအထား မကြိုက်ပေမဲ့ ဝယ်ဖြစ်ခဲ့တာပါ။ ဆရာမကို ကူညီရာလည်း ရောက်… ကျုပ်လည်း အိမ်လေးတလုံး အဖတ်တင်ခဲ့တာပေါ့။ အခုတော့ အဲဒီဆရာမတောင် ပါမောက္ခကြီး ဖြစ်နေပြီလို့ သိရတာကြောင့် ဝမ်းသာပီတိ ဖြစ်ရပါ၏။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သွားဖို့အတွက် မနက် ၆ နာရီ အိပ်ယာမှ ထရပါတယ်။ ကိုယ်လက်သုတ်သင် ရေမိုး ချိုးပြီး ကျောင်းကြို-ပို့ကား စီးဖို့အတွက် RC-2 က ဂန္ဓာမာဆောင်ရှေ့ကားမှတ်တိုင်ကို ၇ နာရီအရောက် မြန်းရပါတယ်။ နောက်ကြလို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒိုးကြပေတော့…။ အဲဒီကျောင်းကားနဲ့ သွားတာတောင် ဟိုတင်-ဒီတင်ဆိုတော့ တာဝ ရောက်တော့ ၉ နာရီ ထိုးနေပါပြီ။ အတန်းတွေက ၁၀ နာရီမှ စတာကြောင့် နာရီဝက်ကျော်ကျော်လောက်က ကျောင်းထဲက လက်ဘက်ရည်ဆိုင်မှာ မနက်စာစားရင်း အချိန်ဖြုန်းကြတာပေါ့။ ၁၀ နာရီလောက်က စပြီး စာသင်… တာဝန်… အစည်းအဝေးတွေနဲ့ အလုပ်ရှုတ်…။ အလုပ်ပါးရင် အောက်ဆင်း လက်ဘက်ရည်ဆိုင် ထိုင်ကာ အာရိုက်ကြပါတယ်။ ညနေ ၃ နာရီခွဲတာနဲ့ ကျောင်းကားပေါ် ပြန်တက်… အိမ်ရောက်တော့ ၅ နာရီ ကျော်လေပြီ…။ အဲဒါက ကျောင်းဖွင့်ရက်တိုင်းရဲ့ နေ့စဉ်တဓူဝအလုပ်…။

ကျူတာနည်းပြ လုပ်သက် ၃ နှစ် မပြည့်ရင် စာမသင်-စာမစစ်ရဘူးလို့တော့ ကြားဖူးပါရဲ့…။ ကျုပ်တို့တော့ အတန်းပေါင်းစုံ သင်လိုက်ရတာ နားရတယ်မရှိ။ ဒါပေမဲ့ စာကိုတော့ စစ်ခွင့်မရှိပါ…တဲ့။ ဒီကြားထဲ (ကျုပ်အထင်) ကျောင်းဆရာနဲ့ မဆိုင်တဲ့ ဘာရိယတာဝန်တွေက ဒု နဲ့ ဒေး။ မိုးလင်း-မိုးချုပ် သွားနေရတဲ့ နည်းပြ ကျောင်းဆရာဘဝ ရလာတဲ့လခ ငါးထောင့်လေးရာနဲ့ ဘယ်လိုများ စခန်းသွားနေကြပါလိမ့်…။ စခန်းသွားနေကြပါလိမ့်…။

Thursday, April 2, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၂)

M.Res ပြီးလို့ ကားပွဲစားတန်း ရောက်နေတဲ့ကျုပ်ကို ပါမောက္ခဆရာမကြီးက တွေ့ချင်တယ်ဆိုတာကြောင့် ကျောင်းထဲကို တခေါက် ရောက်ခဲ့ရပြန်ပါတယ်။ ကျုပ်စိတ်ထဲမှာတော့ “ ဒီတခါ ဆရာမကြီးက ဘာကြောင့် ခေါ်တာပါလိမ့်…။ ကျောင်းဆက်တက်ဖို့ကလည်း ဂိတ်ဆုံးနေပြီ…၊ ဘာမှ တက်စရာ မရှိတော့ဘူး…၊ တက္ကသိုလ်နည်းပြဆရာ-ဆရာမတွေ ခေါ်သံလည်း မကြားမိပါဘူး..” ဆိုပြီး သို့လော သို့လောနဲ့ သွားခဲ့ရတာပေါ့…။ ဟိုရောက်တော့ ဆရာမကြီးက “အရင်တခါလို အလ္လာပ-သလ္လာပ ပြောပြီးသကာလ… ဒီတခါတော့ ကိုမိုးစံအတွက် မဟာအခွင့်အရေးပဲ” ဆိုပြီး “ဒို့ဌာနမှာ စိတ်ပညာပါရဂူဘွဲ့ (Ph.D) သင်တန်း ဖွင့်လာခဲ့တာ အခုဆိုရင် 3rd Batch ရောက်လာပြီ ဖြစ်ကြောင်း…၊ အရင်က Ph.D သင်တန်းကို ဌာနတွင်း ဆရာ-ဆရာမဖြစ်မှသာ ဝင်ခွင့်ဖြေဆိုပြီး တက်ရောက်နိုင်ကြောင်း…၊ အပြင်လူတွေ လုံးဝ တက်ရောက်ခွင့် မရှိကြောင်း…၊ ဒါပေမဲ့ အခုပညာသင်နှစ် ၂၀၀၁-၀၂ က စပြီး ကိုမိုးစံတို့လို M.Res ပြီးတဲ့ အပြင်ကျောင်းသားတွေကိုလည်း ပါရဂူဝင်ခွင့် (Ph.D Entrance) စာမေးပွဲ ဖြေစရာမလိုပဲ ပါရဂူဘွဲ့ကြို (Ph.D Prelim) တန်းကို တိုက်ရိုက် တက်ရောက်ခွင့်ပြုမှာ ဖြစ်ကြောင်း…၊ ဒီ Prelim အတန်းဟာ အချိန်ပြည့် တစ်နှစ် တက်ရမှာဖြစ်ပြီး ကျန်သုံးနှစ်က အတန်းတက်စရာ မလိုပဲ အလုပ် လုပ်ရင်း သုတေသန လုပ်နိုင်ကြောင်း…၊ ဒါကြောင့် ကိုမိုးစံကို ဒီ Prelim တစ်နှစ် ပြီးအောင် တက်စေချင်ကြောင်း…” မနားတမ်း တိုက်တွန်းပါတော့တယ်။ ပြီးတာနဲ့ “ဒီတခါ ဆရာအလုပ်တွေ ခေါ်ရင် လျှောက်ဖြစ်အောင် လျှောက်လိုက်ပါ… အပြင်အလုပ် လုပ်လို့ရအောင် ဒို့ ဖန်တီးပေးမှာပေါ့” လို့ ဆိုပြန်ပါတယ်။

ဒီလိုနဲ့ ပညာသင်ရတာကို သံယောစဉ် မကုန်တဲ့ ကျုပ်က ကံ့ကော်ပန်းတို့ ပွင့်လန်းရာ မြသီလာဆီကို ပါရဂူဘွဲ့ကြိုကျောင်းသားတယောက်အဖြစ် ရောက်ခဲ့ရပြန်ပါတယ်။ ဒီ Prelim ခေါ် ပါရဂူဘွဲ့ကြိုတန်း 3rd Batch မှာ သင်တန်းသား ၈ ယောက်ရှိပြီး ကျုပ်ကလွဲရင် ကျန်အားလုံးဟာ ဆရာ-ဆရာမတွေပါ။ သင်တန်းမှာ စိတ်ပညာဘာသာရပ် လေးခု သင်ခဲ့ရပြီး ဆရာကြီး ဒေါက်တာကျော်စိန်က ၂ ဘာသာ နဲ့ ဆရာမကြီး ဒေါ်အေးသန်းက ၂ ဘာသာ တာဝန်ယူ သင်ကြားပေးခဲ့ပါတယ်။ တကယ်ကို ဆရာကြီး-ဆရာမကြီးတို့ရဲ့ ပြည့်ဝလှတဲ့ ပညာဗဟုသုတ အဆီအနှစ်တွေကို နာကြားခွင့် ရရှိခဲ့တဲ့အတန်းပါ။ ကျေးဇူးကြီးမားလှပါပေတယ်…။

အဲဒီ Prelim တက်နေဆဲမှာပဲ တက္ကသိုလ်နည်းပြဆရာ-ဆရာမတွေ အလုပ်ခေါ်တာကြောင့် လျှောက်လွှာတင်လိုက်ပါတယ်။ အရင်တခါက ဒီအလုပ်ကို လူတွေ့နှုတ်ဖြေ တခုတည်းနဲ့ ရွေးချယ်ခန့်အပ်ခဲ့ကြပေမယ့်… ကျုပ်တို့အလှည့်ကြတော့ ရေးဖြေ နဲ့ လူတွေ့နှုတ်ဖြေ နှစ်ခုစလုံးဖြေခဲ့ရပါတယ်။ ကံကြမ္မာက အဲဒီလိုပါ…။ ဘယ်လိုပဲဖြစ်ဖြစ် Prelim တက်နေဆဲ ၂၀၀၂ ခုနှစ်၊ ဇန္နဝါရီလထဲမှာ စိတ်ပညာအထူးပြု တက္ကသိုလ်နည်းပြဆရာ-ဆရာမ အောင်စာရင်း ခန့်အပ်အမိန့်စာ ထွက်လာတော့… ရှေ့ဆုံးက အမှတ်စဉ်-၁ အဖြစ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စိတ်ပညာဌာနမှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ရပါတော့တယ်။