Sunday, March 29, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၁)

M-Res ကျမ်းကို ရေးဖို့တောင် မစရသေးပဲ ကျမ်းမှာ သုံးမယ့် စာရင်းအင်းနည်းက ပြဿနာတက်နေတာကြောင့် “ဒီကောင်တော့ ဘွဲ့ရတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ပြောဆိုမှုတွေကလည်း ဆူညံလို့ နေပါတယ်။ ကျုပ်ကလည်း “ဘွဲ့ကို ဂရုမစိုက်ဘူး…၊ ဘွဲ့မရရင် နေပါစေ…၊ ကျုပ်မှန်တယ်ထင်တဲ့အရာကို လုပ်မယ်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ဘွဲ့အတွက် ရည်ရွယ်ပြီး အလုပ် လုပ်နေတာမို့ ဘွဲ့ကိုတော့ လိုချင်ပါတယ်။ ဒါပေမဲ့ ဒီမဟာဘွဲ့ကို မရရင်ကော ဘာဖြစ်မလဲ…။ ကျောင်းဆရာ လုပ်နေတာ မဟုတ်တာကြောင့် ကျုပ်အတွက် ဘာမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ကျမ်းကြီးကြပ်သူ ဆရာ့ကို “ဆရာ… သူ့ကို(စိတ်ပညာစာရင်းအင်းကျွမ်းကျင်သူ ပညာရှင်ဆရာ) ကျော်ပြီး ကျနော် မှန်တယ် ထင်တဲ့ ဒီနည်းနဲ့ပဲ တွက်ပြီး ကျမ်းတင်မယ်ဆိုရင်… နောက်ဆုံး ဘာဖြစ်လာနိုင်သလဲ”လို့ မေးလိုက်ပါတယ်။

ဆရာကတော့ “Final Defense မှာ ဘုတ်အဖွဲ့က မင်းသုံးတဲ့ စာရင်းအင်းနည်းလမ်းက မှားနေတယ်လို့ ထောက်ပြတာကို မင်းက ပြန်လည်ခုခံရှင်းပြတဲ့အခါ သူတို့က လက်မခံခဲ့ရင်… မင်း ဘွဲ့မရတော့နိုင်တော့ဘူးပေါ့”လို့ ဖြေပါတယ်။ ကျုပ်ကလည်း “ဒီလိုဆိုရင်… ဆရာ ဘေးဖယ်နေပါ…၊ ဘွဲ့မရရင်နေပါစေ…၊ ကျနော်လုပ်တာ ကျနော်ခံပါ့မယ်…”လို့ ဆရာ့ကို ပြောအပြီး “ ဆရာ့အထင် ဒီဌာနမှာ တခြား စိတ်ပညာစာရင်းအင်းကျွမ်းကျင်သူ ဆရာတယောက်လောက်ရှိမယ်ဆိုရင် နောက်ဆုံးအနေနဲ့ နည်းနည်းပါးပါး တီးခေါက်ကြည့်ချင်ပါတယ်”လို့ ပြောလိုက်ပါတယ်။ “ဒီလိုဆိုရင်လည်း ဒီနေ့ည ဆရာဦးခင်မြင့်ဆီ သွားကြတာပေါ့”လို့ တုန့်ပြန်ပါတယ်။ ညရောက်တော့ ဆရာ-တပည့် နှစ်ယောက် ဆရာ ဦးခင်မြင့်အိမ် သွားပြီး ဆွေးနွေးကြတာပေါ့…။ ဆရာကလည်း “တွက်လို့ ရတယ်”လို့ ယတိပြတ် မပြောခဲ့ပါဘူး။ “ရနိုင်ခြေ ရှိတယ်” ဆိုတဲ့ အဖြေနဲ့ပဲ ကျေနပ် ပြန်ခဲ့ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် M-Res ကျမ်းကို “ကိုယ်ညံ့ရင် ကိုယ်ခံမယ်” ဆိုတဲ့ ခံယူချက်အပြည့်နဲ့ ကျုပ် မှန်တယ်ထင်တဲ့အတိုင်း တွက်ချက် အဖြေထုတ်ကာ ရေးပြီး တင်ခဲ့ပါတယ်။ မှန်တယ်-မှားတယ် မသေခြာသေးတဲ့ စာရင်းအင်းနည်းအတွက်လည်း Final Defense မှာ ခုခံဖြေဆိုဖို့ အထောက်အထားတွေ ခိုင်လုံအောင် ရှာဖွေ ပြင်ဆင်ခဲ့ရတာပေါ့။

Final Defense ရောက်တော့ ပြင်ပစာစစ် (External Eaxminer) က ဆရာကြီး ဒေါက်တာစိန်တူပါ။ ဆရာကြီးဟာ အသက် ၂၅ နှစ် အရွယ်လောက်မှာ အမေရိကန်ပြည်ထောင်စု၊ ကိုလံဗီယာတက္ကသိုလ်မှ မဟာဘွဲ့(Master) နဲ့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ ရရှိခဲ့ပြီး အသက် ၂၆ နှစ် အရွယ်မှာ မန္တလေးတက္ကသိုလ်မှာ စိတ်ပညာပါမောက္ခ ဖြစ်လာခဲ့သူပါ။ အဲဒီအချိန်က မြန်မာ့ပညာရေးကို စိတ်ကူးနဲ့သာ မှန်းဆလို့ ကြည့်ကြပါတော့…။ Defense မှာ ဆရာကြီးပါတယ်ဆိုတော့ ဘယ်လိုပင် မောင်းတင်ထားပေမယ့် ကျုပ်လည်း ခတ်လန့်လန့်ပါဘဲ။ ဘွဲ့ကတော့ ဝေးပြီ ထင်ပါရဲ့…။ ခုံနံပတ်-၁ ဖြစ်တာကြောင့် အထောက်အထားစာအုပ်တွေ ပွေ့ပိုက်ကာ စိုးရိမ်စိတ်နဲ့ အခန်းထဲဝင်…၊ စာစစ်ဘုတ်အဖွဲ့ရှေ့မှာ ထိုင်ကာ သူတို့မေးသမျှ ဖြေရတာပေါ့။ အများဆုံးမေးခဲ့သူက ဆရာကြီးဒေါက်တာစိန်တူပါ။ ဒါပေမဲ့ “အလိုမကျတာ-အမှားပါတာ တွေ့ခဲ့ရင် ကျမ်းကို လွှင့်ပစ်လေ့ရှိတယ်” ဆိုတဲ့ ဆရာကြီးက ကျုပ်စိုးရိမ်ခဲ့တဲ့ စာရင်းအင်းနည်းနဲ့ပတ်သက်လို့ တခွန်းတလေမျှ မဟခဲ့ပါဘူး…။ ကျန်တဲ့အပိုင်းတွေကိုသာ မေးမြန်းကာ အနည်းငယ် ပြင်ဆင်စေခဲ့ပါတယ်။

ဒီလိုနဲ့ ကျုပ်လည်း များစွာသောအနှောက်အယှက်-အခက်အခဲတွေကြားကနေ ဒီ M-Res ခေါ်တဲ့ မဟာသုတေသနဘွဲ့ကြီးကို ထပ်မံ ရရှိခဲ့ပြန်ပါတော့တယ်။ ပွဲပြီးလို့ ဒီစိတ်ညစ်ခဲ့ရတဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ကြတဲ့အခါ ကျမ်းကြီးကြပ်သူ ဆရာက “ မင်းက..ဆရာ ဘေးဖယ်နေပါ…ဆိုပေမယ့် မင်း ဘွဲ့မရရင် ငါ့မှာလည်း တာဝန်ရှိတယ်ဆိုတာ နားမလည်ဘူးလား.. ကွ” လို့ ဂရုဏာဒေါသောနဲ့ ဟောက်ပါတော့တယ်။ တကယ်ကို မစဉ်းစားခဲ့မိတာပါ…။ လွန်တာရှိခဲ့ရင် ဝန္ဒာမိပါ ဆရာ…၊ ဝန္ဒာမိပါ ဆရာ…။

Saturday, March 28, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၀)

M-Res ကျမ်း အတွက် အချိန်တွေ ငွေတွေ အကုန်ကျခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ အများတကာလို လမ်းဟောင်းကို အလွယ်မလိုက်ပဲ လမ်းသစ်ကို ထွင်ကာ ဖောက်ပြန်တော့ အခက်အခဲ အဖုအထစ်တွေက ဒုနဲ့ဒေးပါ။ စာဖတ်တာကို အင်မတန် ဝါသနာပါတဲ့ ကျုပ်က ပညာရေးကို ကျောခိုင်း စွန့်ခွာလိုက်ဖို့အထိ စိတ်ဓါတ်ကျခဲ့ဖူးပါတယ်။

ပြဿနာအစက ကျုပ်ရဲ့ M-Res ကျမ်းမှာ သုံးမယ့် စာရင်းအင်းနည်းလမ်း (Statistical method) ပါ။ လက်တွေ့လေ့လာမှုမှာ စုဆောင်းကောက်ယူလို့ ရရှိလာတဲ့ အချက်အလက် Data တွေကို သင့်လျှော်မှန်ကန်တဲ့ စာရင်အင်းနည်းလမ်းနဲ့ တွက်ချက်ကာ ကိုယ်ရဲ့ တွေးဆချက်တွေ-တင်ကြိုခန့်မှန်းချက်တွေ မှန်မမှန် အဖြေထုတ်ပြီး နိဂုံးကောက်ချက်ဆွဲရပါတယ်။ အကယ်၍ ကိုယ်သုံးလိုက်တဲ့ စာရင်းအင်းနည်းလမ်းက မှားခဲ့ရင်… ရလာတဲ့အဖြေကလည်း မှား… အဖြေက မှားတော့ နောက်ဆုံး နိဂုံးကောက်ချက်ဆွဲတာကလည်း မှားပြီပေါ့…။ ဒါကြောင့် သိပ္ပံနည်းကျ လေ့လာတဲ့ စိတ်ပညာသုတေသနတွေမှာ စာရင်းအင်းနည်ပညာဟာလည်း အဓိကနေရာက ပါဝင်နေခဲ့ပါတယ်။

ဒီသော့ချက်ကို နားလည်သဘောပေါက်ခဲ့တာကြောင့်လည်း စာရင်အင်းဘာသာရပ် ပါဝင်တဲ့ CABS, DBS သင်တန်းတွေကို အချိန်ကုန်-ငွေကုန်ခံပြီး တက်ရောက်လေ့လာခဲ့ပါတယ်။ ဒီသင်တန်းတွေမှာ စာရင်းအင်းအခြေခံလောက်နဲ့ ပုစ္ဆာတွေကို များများတွက်ခိုင်းပါတယ်။ ရှင်းပြပါတယ်။ ဒါပေမဲ့ ကျုပ်လိုချင်တဲ့ အတိုင်းအတာထိ မရခဲ့ပါဘူး။ တချို့ပုစ္ဆာလေးတွေ တွက်ရင်းနဲ့ပဲ အိုက်ဒီယာအနည်းငယ် ရခဲ့တယ်ဆိုတာကိုတော့ ရိုးသားစွာနဲ့ ဝန်ခံရပါလိမ့်မယ်။ ကျန်တာကိုတော့ ကိုယ့်ဖာသာကိုယ် ဆက်ပြီး လေ့လာရတာပေါ့။ အဲဒီကတဆင့် ဦးစန်း (ယခု ပါချုပ်-မိတ္ထီလာစီးပွား) နဲ့ ဆွေးနွေးရာကနေ စာရင်းအင်းပညာရှင် ဆရာ ၂ ယောက်နဲ့ သိကျွမ်းခွင့် ရခဲ့ပါတယ်။ သူတို့ကတော့ UN Project တွေမှာတောင် တွက်ပေးနေတဲ့ ဆရာကြီးတွေပါ။ ကျုပ်အတွက် ပညာဗဟုသုတတွေ အများကြီးရခဲ့ပါတယ်။

M-Res Paper အတွက် ကျုပ်တွက်ချင်တဲ့ စာရင်းအင်းနည်းလမ်းကို ဖြစ်နိုင်ခြေ ရှိမရှိ သူတို့ကို မေးမြန်းကြည့်တော့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျုပ်ကိုယ်တိုင်လည်း Statistical Method တွေကို သေခြာအချိန်ပေးလေ့လာပြီး ဒီနည်းသာလျှင် အသင့်တော်ဆုံးလို့ ယူဆခဲ့ပါတယ်။ ဒါ့အပြင် ဌာနမှာ အရင်ရှိပြီးသား Journal အဟောင်းတွေကို လှန်လော ဖတ်ရှုရင်း ကျုပ်ရဲ့ လေ့လာမှုနဲ့ ခတ်ဆင်ဆင် Paperတစောင်ကို အမှတ်မထင် တွေ့ခဲ့ရပြန်ပါတယ်။ အဲဒီ Paper မှာလည်း ကျုပ်တွက်ချင်တဲ့ Statistics ကိုသာ သုံးထားတာမို့ ကျုပ်ရဲ့ယူဆချက်ကို ပိုမို ခိုင်လုံစေခဲ့ပါတယ်။ ဒါကြောင့် ကျုပ်ရဲ့ M-Res ကျမ်းမှာ ဒီ စာရင်းအင်းနည်းလမ်းကိုသာ သုံးပြီး တွက်ချက် အဖြေရှာမယ်ဆိုတဲ့အကြောင်း ကျမ်း ကြီးကြပ်သူ ဆရာ့ကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြခဲ့ပါတယ်။ ဆရာကတော့ “နေအုံး… ငါ တပတ်လောက် ပြန်ဖတ်အုံးမယ်” လို့ ဆိုပါတယ်။

တပတ်လောက်ကြာတော့ ဆရာက “ မင်းဟာက တွက်လို့ ရနိုင်တယ်…ကွ” ဟု ဆိုကာ ဌာနမှ စိတ်ပညာစာရင်းအင်း ကျွမ်းကျင်သူ ဆရာလတ်နဲ့ ထိတ်တိုက် ရင်ဆိုင် ဆွေးနွေးကြပါတော့တယ်။ သူငယ်ချင်းတွေ အပြောအရဆိုရင်တော့ ပါမောက္ခကို ပုဏ္ဏထိုင်ထားလို့ အပြင်းအထန် ငြင်းကြ ခုံကြ နဲ့ တော်တော် ပွဲကြမ်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျုပ်တို့ လုပ်ချင်တာကို ကျွမ်းကျင်သူပညာရှင်က လက်မခံခဲ့သလို… အခြားသင့်တော်မယ့် စာရင်းအင်းနည်းလမ်းကို ညွှန်ပြပါဆိုတော့လည်း နှုတ်ဆိတ်လို့ နေခဲ့ပြန်ပါတော့တယ်…။

Thursday, March 26, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၉)

M-Res ကျမ်းအတွက် ပြင်ဆင်ရင်း ကုမ္ပဏီမှာ အချိန်ပိုင်း Psychologist လုပ်နေစဉ်မှာပဲ နောက်ထပ် သင်တန်းတခု တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်။ Customs လို့ လူသိများတဲ့ အကောက်ခွန်ဦးစီးဌာနက ဖွင့်လှစ်တဲ့ “အကောက်ခွန်ရှင်းလင်းရေး” သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းဟာ ပို့ကုန်-သွင်းကုန် လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အင်မတန်အရေးကြီးတဲ့ သင်တန်းပါ။ ဒီသင်တန်း အောင်လက်မှတ် ရှိမှ အကောက်ခွန်ဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်လုပ်ငန်း (Customs Clearing Agency)ကို လုပ်ကိုင်ခွင့်ရှိပါတယ်။ ဒီလက်မှတ်မရှိရင် လုပ်ခွင့်မရှိပါ။ ထုတ်ကုန်-သွင်းကုန်လုပ်ငန်း လုပ်နေတဲ့ကုမ္ပဏီတွေဆိုရင်တော့ ဒီသင်တန်းအောင်လက်မှတ် ရှိတဲ့သူ အနည်းဆုံး ၅ ယောက်ရှိမှ လုပ်ကိုင်ခွင့်ပြုပါတယ်။

သင်တန်းတက်ရောက်ခွင့် ရဖို့ ခက်ခဲသလို အောင်ဖို့လည်း မလွယ်လှပါဘူး။ ကျုပ်ရဲ့ကုမ္ပဏီလုပ်ခဲ့တဲ့ သက်တမ်း ၅ နှစ် (၁၉၉၃-၁၉၉၈) အတွင်းမှာ ဒီသင်တန်း တက်ရောက်ခွင့် ရဖို့ အကြိမ်ကြိမ် ကြိုစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လုံးဝ အခွင့်အရေးမရခဲ့…။ အခုတခါတော့ ဆွေမျိုးလည်းတော်ပြီး ကျုပ်ရဲ့အကိုလိုနေတဲ့ ဘိုးလေးသန်းရွှေက “သူကိုယ်တိုင် တက်ဖို့ ရအောင် ကြိုးစားပြီးကာမှ.. အလုပ်များနေတာကြောင့် မတက်ရောက်နိုင်ကြောင်း…၊ ဒါကြောင့် အလုပ်မရှိတဲ့မင်းက ငါ့အစား သွားတက်လိုက်…၊ ငါ နံမည်စာရင်း ပြောင်းပေးလိုက်မယ်”လို့ ဆိုပါတယ်။ ကျုပ်ကလည်း ဒီလိုလွယ်လွယ်နဲ့ ရမယ်ဆိုရင် တက်မယ်ဗျာ…လို့ ပြောလိုက်တာပေါ့။

သင်တန်းက လမ်း ၅၀ အောက်ဘလောက်မှာ ရှိတဲ့ အကောက်ခွန်သင်တန်းကျောင်းမှာ တက်ရပါတယ်။ နေ့စဉ် မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီခွဲလောက်အထိ နှစ်လနီးပါး သင်ကြားပို့ချပါတယ်။ လက်ရှိ အလုပ် လုပ်နေတဲ့ကုမ္ပဏီက ၄၉ လမ်း အလယ်ဘလောက်မှာဆိုတော့ ကျုပ်အတွက်တော့ တော်တော်လေးကို အဆင်ပြေလှပါတယ်။ သင်တန်းက ပျက်ကွက်ခွင့် မရှိတာကြောင့် ရုံးချိန်ကို သူဌေးနဲ့ ညှိယူပြီး သင်တန်းတက်နေတဲ့ကာလမှာ နေ့စဉ် ရုံးတက်ကာ(ညနေ ၃-၅) Psycho test စစ်မယ့် အချိန်ကို ညနေ သုံးနာရီ နောက်ပိုင်း ရွှေ့လိုက်တာပေါ့ဗျာ။ သူလည်းအဆင်ပြေ ကိုယ်လည်း အိုကေပေါ့…။

အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းတွေကို လက်တွေ့လုပ်ကိုင်ခဲ့ဖူးတဲ့ ကျုပ်အတွက်တော့ ဒီသင်တန်းက သိပ်ကြီးမခက်လှပါဘူး။ ပို့ချသမျှ စာတွေကို အရမ်းကာရော မကျက်ခဲ့ရဘူးဆိုပါတော့ဗျာ…။ ဒါပေမဲ့ သင်တန်းပြီးလို့ စာမေးပွဲဖြေတော့ တခါမှ မဖြစ်ခဲ့ဘူးတဲ့ ဇောချွေးတွေ ပြန်တာ ဒီစာမေးပွဲပေါ့…။ အဲဒီမှာ H.S code မှန်အောင် ရှာပေးရတဲ့ မေးခွန်းက Open book ပေးထားပါတယ်။ ကျုပ်တို့ ဂငယ်က မဟာဝင်ခွင့်စာမေးပွဲမှာ ဘာသာပြန်ဘာသာရပ် (အင်္ဂလိပ်မှ ဂငယ်သို့) ဖြေဆိုတဲ့အခါ အဘိဓါန်(Dictionary) သုံးခွင့် ပေးထားသလိုမျိုးပေါ့…။ ကျုပ်ကလည်း Open book ဆိုတော့ စာအုပ်ကြည့်ဖြေရမှာပဲဆိုပြီး အေးအေးဆေးဆေး လုပ်နေတာ…။ ဘယ်ဟုတ်မလဲဗျာ… စာအုပ် လှန်ရှာနေရတာနဲ့ အချိန်က ကုန်ပါရောလား…။ ဇောချွေးတွေ ပြန်နေတဲ့ကြားက မနည်းကို ပြီးအောင်-မှန်အောင် ဖြေခဲ့ရပါတယ်။ ကျုပ်ဘဝအတွေ့အကြုံအရဆိုရင်တော့ Open book ဖြေရတာက ပိုပြီး ခက်တယ်လို့ ထင်ခဲ့မိပါကြောင်း…။

၂၀၀၀-၂၀၀၁ ပညာသင်နှစ်ဟာ ကျုပ်ဘဝအတွက် သင်တန်းတွေ အများဆုံး တက်ခဲ့ရတဲ့နှစ် ဖြစ်ခဲ့သလို အချိန်ကိုလည်း အကျိုးရှိရှိ ကုန်လွန်စေခဲ့ရတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ မိန်းထဲကDBL သင်တန်း(၇-၉) တက်…၊ နေ့လည်ပိုင်းမှာ အလုပ်နဲ့ M-Res ကျမ်းအတွက် ပြင်ဆင်…၊ ဒီကြားထဲမှာပဲ နှစ်လလောက်က အကောက်ခွန်ရှင်းလင်းရေးသင်တန်း တက်…၊ ညနေပိုင်းကြပြန်တော့ RC-2 ဘက်မှာ DBS သင်တန်း(၅-၇) တက်…၊ ညပိုင်းရောက်မှပဲ သင်တန်းကစာတွေ-ကျောင်းစာတွေ ပြန်ဖတ်ရင်း နားခွင့်ရတာပေါ့။ တက်ခဲ့သမျှ သင်တန်းတွေထဲမှာ လက်ငင်းအကျိုးပြုတဲ့ သင်တန်းကတော့ “အကောက်ခွန်ရှင်းလင်းရေး”သင်တန်းပါပဲ…။ အောင်စာရင်းထွက်ပြီးလို့ အောင်လက်မှတ်ရတဲ့အချိန်ကစပြီး ကျုပ်ရဲ့အဲဒီအောင်လက်မှတ်ကို ကျုပ်ညီကတဆင့် စိတ်ချယုံကြည်ရတဲ့ ကုမ္ပဏီကြီးတစ်ခုကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။ အဲဒီအတွက် တန်ပြန်ကျေးဇူးဆပ်သောအားဖြင့် ကုမ္ပဏီက ကျုပ်ကို အခုချိန်ထိ လစဉ် ကျပ်ငွေ နှစ်သောင်း ပေးနေဆဲပါဆိုလျှင်… ပေးနေဆဲပါဆိုလျှင်…။

Tuesday, March 24, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၈)

ကုမ္ပဏီက ၄၉ လမ်းမှာပါ…။ နှစ်လွှာတိုက်ခန်း ဖြစ်ပြီး အောက်ထပ်မှာ သူဌေးနဲ့ ရုံးအဖွဲ့ထိုင်ပြီး အပေါ်ထပ်မှာ Psycho test စစ်ဖို့ ပြင်ဆင်ထားတာကြောင့် ကျုပ်က အပေါ်မှာ ထိုင်ရတာပေါ့။ အရေးပေါ်ကိစ္စမျိုးက လွဲရင် တစ်ဦးချင်း တစ်ယောက်ချင်း စစ်မပေးပါဘူး…။ အနည်းဆုံး ၅ ယောက်လောက် စုပြီးမှ စစ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ၃ ရက် ရုံးတက်ရပေမယ့် တကယ် အလုပ် လုပ်ရတာက တစ်ရက်လောက်ပါ။ ကျုပ်အတွက် မပင်မပမ်း အေးအေးဆေးဆေး ဖြစ်ပေမယ့် တခါတလေ ဂဂျီဂဂျောင်နိုင်လှတဲ့ အမျိုးသမီး အလုပ်လာလျှောက်တဲ့သူတွေနဲ့ တွေ့ရရင် အင်မတန် စိတ်ညစ်ရပါတယ်။

ဥပမာ… ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်နေတဲ့ ကျောင်းသူတယောက်ဆိုပါတော့… သူက အပေါ်ထပ်မှာ Psycho test စစ်ပြီးတာနဲ့ အောက်ထပ်မှာ ရုံးအဖွဲ့နဲ့ လုပ်စရာရှိတာ လုပ်ပြီးရင် အိမ်ပြန်ရုံပါပဲ…။ သူနဲ့အတူ စစ်တဲ့သူတွေက ပြန်သွားကြပေမယ့် မင်းသမီးက မပြန်…။ ရုံးအဖွဲ့က သူ့ကိုမေးတော့ psycho test အဖြေ သိချင်တယ်လို့ ဆိုပါတယ်။ အဖြေက ပြောလို့ မရဘူးလို့ ဘယ်လိုပင် ရှင်းပြနေပေမယ့် သူက လက်မခံ…။ နောက်ဆုံး သူဌေးကိုယ်တိုင် ကျုပ်ရှိရာ အပေါ်ထပ် တက်လာပြီး“ ဆရာ… အောက်မှာတော့ ပြဿနာ တက်နေပြီ…၊ အမျိုးသမီးတစ်ယောက်က သူ့အဖြေ မသိရရင် မပြန်နိုင်ဘူး လုပ်နေတယ်…။ ဘယ်လိုလုပ်မလဲ ဆရာ…”လို့ ပြောပါတော့တယ်။ အဲဒါမှ ဒုက္ခ…။

တကယ်တော့ ကျုပ်တို့မှာ စောင့်ထိန်းလိုက်နာရတဲ့ ကျင့်ဝတ်တွေ အများကြီး ရှိသလို… ကာယကံရှင်က လိုလိုလားလား တောင်းဆိုလာခဲ့ရင် ပြောလို့ရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ကျုပ်က သူတို့ကို စိတ်ပညာစစ်ဆေးလွှာရဲ့ သဘောသဘာဝကို ရှင်းပြပြီး စံပြုထားတဲ့ စိတ်ပညာစစ်ဆေးလွှာတွေကို ဖြေခိုင်း… ချက်ချင်း Scoring လုပ်..၊ ပြီးတာနဲ့ လူတွေ့ပြန်မေးဆိုတော့ အဖြေက ကျုပ်ခေါင်းထဲမှာ ရှိနေပြီးသားပါ။ ဒါပေမဲ့ ဒီဖြေလွှာရမှတ်တွေကို ကြည့်ပြီး Assessment ရေးတာက ဌာနမှ ပညာရှင် ဆရာလတ် (ယခု တွဲဘက်ပါမောက္ခ၊ တာဝ) ဖြစ်ပါတယ်။ ကျုပ်အဆင့်နဲ့ ရေးခွင့်မရှိ- ပြောခွင့်မရှိ…။

ကျုပ်လည်း သူဌေးနဲ့အတူ အောက်ထပ် လိုက်သွားပြီး စောစောကအမျိုးသမီးကိုတွေ့ကာ အဖြေကို သိဖို့ မဖြစ်နိုင်တဲ့အကြောင်း စိတ်ပညာကျင့်ဝတ်တွေနဲ့ ရှင်းပြရတာပေါ့။ သူမကတော့ နားမဝင်…၊ “ဗေဒင်ဆရာတောင် တွက်ချက်ပြီးရင် ဟောရတယ်”လို့ ခွန်းတုန့်ပြန်ပါတယ်။ ကျုပ်လည်း ဘယ်လိုမှ ပြောမရတာကြောင့် သူ့ကို ခဏစောင့်ခိုင်းပြီး အပေါ်ပြန်တက်ကာ ဌာနကို ဖုန်းဆက်ရပါတော့တယ်။ ကံအားလျှော်စွာပဲ ဆရာလတ်နဲ့တွေ့တာကြောင့် ရင်ဆိုင်နေရတဲ့ပြဿနာကို ရှင်းပြလိုက်တော့… “ဘယ်လိုမှ ပြောလို့မရရင် လက်စွမ်းတာပြလိုက်တော့”လို့ ဆိုပါတယ်။ ကျုပ်လည်း ဆရာလတ်ဆီက ခွင့်ပြုချက် ရတာနဲ့ သူမကို အပေါ်ထပ် ခေါ်ကာ“သူမရဲ့လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ ဆက်ဆံရေးပုံစံတွေ” ကို အသေးစိတ် ရှင်းပြလိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ ကျုပ်ပြောသမျှ ငြိမ်ကာ နားထောင်နေတဲ့ သူမရဲ့ တုန့်ပြန်လိုက်တဲ့ စကားတခွန်းကြောင့် ကျုပ်တောင် ခတ်လန့်လန့် ဖြစ်ခဲ့မိပါရဲ့…။ ဘာတဲ့…“ဆရာတို့ဟာက ဗေဒင်-လက္ခဏာထက် မှန်သားပဲ” ပါတဲ့ခင်မျာ…။

Monday, March 23, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၇)

ဆရာမကြီးက လိုအပ်တဲ့ Data ကောက်ယူဖို့အတွက် အချို့ကုမ္ပဏီတွေကို သူကိုယ်တိုင် မိတ်ဆက် ကူညီမှုပေးခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ ကျုပ်တို့ကို ကားအကြို-အပို့ကအစ စီစဉ်ပေးခဲ့သလို… ဟိုရောက်ရင်လည်း အဆင်သင့်ဖြစ်အောင် မန်နေဂျာတွေကို စုဝေးထားတတ်ပါတယ်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲကြသလို ကျုပ်တို့လို ကျောင်းသားတွေကိုလည်း ဂရုတစိုက်နဲ့ အလေးထားဆက်ဆံခဲ့ကြပါတယ်။ ဒါပေမဲ့ ကျုပ်လိုချင်တဲ့ အလယ်အလတ် မန်နေဂျာက ကုမ္ပဏီ ခတ်ကြီးကြီးတွေတောင်မှ ၁၀ ယောက်ထက် မပို။ လိုချင်တဲ့ Subjects က မန်နေဂျာ အယောက် ၂၀၀ လောက်ဆိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီကြီး-လတ်-ငယ် နဲ့ အင်န်ဂျီအို တွေကို တခုပြီး တခု သွားကာ အကူအညီတောင်းရင်း မေးမြန်းရပါတယ်။ Data ကောက်ယူရာမှာ ကျုပ်ရဲ့မိတ်ဟောင်းဆွေဟောင်း ကုမ္ပဏီတွေက ကူညီမှုပေးခဲ့သလို… စိတ်ပညာဌာနမှာ DAP (Dip in Applied Psychology) တက်နေတဲ့ ကိုသက်ထွန်း (MBA 4th batch) ကလည်း မငြီးမငြူ ကူညီခဲ့ရှာပါတယ်။ ကျေးဇူးပါ ကိုသက်ထွန်းရေ…။

ဒီလိုနဲ့ တရက်မှာတော့ ဆရာမကြီးက“ကိုမိုးစံရေ… ပြင်ပ အလုပ်သမားရွေးချယ်ခန့်ထားရေးကုမ္ပဏီတစ်ခုက သူတို့ဆီမှာ Psycho Test စစ်ချင်လို့ ကူညီပါလို့ လာပြောနေတယ်…၊ အဲဒါ ဒို့ကလည်း ကူညီမယ်လို့ ပြောထားတယ်…၊ Test ကတော့ ဌာနက Test တွေကို သုံးမယ်… ကိုမိုးစံက အဲဒီမှာ ဌာနကိုယ်စား သွားထိုင်ပေးပါ”လို့ ပြောရင်း “အလုပ်ချိန်နဲ့လစာကိုတော့ မနက်ဖန် သူတို့လာမှ ညှိကြတာပေါ့” လို့ ဆိုပါတယ်။ နောက်နေ့မနက် ၁၀ နာရီ ခွဲလောက်မှာ ဆရာမကြီးရဲ့ ရုံးခန်းမှာပဲ တရုပ်သူဌေးပေါက်စ နဲ့ သူ့ရဲ့ အတွင်းရေးမှူး ဗမာမလေး အပါအဝင် ကျုပ်တို့လေးယောက် ညှိနှိုင်းရေး လုပ်ကြတာပေါ့။ ဆရာမကြီးက သူတို့ကို “ဒါက အဲဒီမှာ ဌာနကိုယ်စား အချိန်ပိုင်း လာရောက်ကူညီမယ့် ဆရာ ဦးမိုးစံ”ဆိုပြီး စတင် မိတ်ဆက်ပါတော့တယ်။ ကျုပ်ကို“ဆရာ”ဆိုပြီး မိတ်ဆက်ပေးတာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး…။ အရင်တုန်းကလည်း အပြင်လူတွေနဲ့ တွေ့ရင် ကျုပ်ကို “ဆရာ”ဆိုပြီး မိတ်ဆက်ပေးခဲ့တာ အကြိမ်ပေါင်း မနည်းလှပါဘူး…။ ပြီးတာနဲ့ “ဆရာ”ဝင်လုပ်ဖို့ အမြဲတမ်း တိုက်တွန်းတတ်ပါတယ်။ ကျုပ်က ရတဲ့လစာနဲ့ မိသားစုအရေး အဆင်မပြေနိုင်ကြောင်း တင်ပြတဲ့အခါ “လျှောက်သာ လျှောက်လိုက်ပါ… အပြင်အလုပ် လုပ်လို့ရအောင် ဒို့ကူညီမှာပေါ့”လို့ အားပေးစကား ပြောတတ်သူပါ။

အခုလည်း ကျုပ်ကို “ဆရာ” လို့ မိတ်ဆက်ပေးလိုက်တာကြောင့် သူဌေး နဲ့ သူ့မိသားစု၊ ကုမ္ပဏီအကြံပေးအရာရှိ (အလုပ်သမားဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးဟောင်း) နဲ့ တရုံးလုံးက ကျုပ်ကို ဆရာ.. ဆရာနဲ့ ခေါ်လို့ နေကြပြန်ပါတော့တယ်။

Saturday, March 21, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၆)

နှစ်ပတ်လောက် အကြာမှာတော့ ဆရာမကြီးက “ကျုပ်ရဲ့သုတေသန မေးခွန်းလွှာအပေါ် တိုင်းအဆင့်အာဏာပိုင်ရဲ့ တုန့်ပြန်ချက် သဘောထား” ကို ခေါ်ပြောခဲ့ပါတယ်။ ဆရာမကြီးရဲ့အပြောအရဆိုရင်“သူတို့အထက်ကသူတွေအနေနဲ့ ဒီလိုအကျိုးရှိမယ့် လက်တွေ့လေ့လာမှုမျိုးကို ကြိုဆိုပါကြောင်း…၊ ခွင့်ပြုချက်လည်းပေးချင်ပါကြောင်း…၊ ဒါပေမဲ့ ဝန်ထမ်းတွေက အရင်တခါ ဖြစ်ထားတာကြောင့် မေးခွန်းလွှာဆိုရင် ကြောက်နေကြကြောင်း…၊ အခု ခွင့်ပြုလိုက်ရင် သို့လော သို့လောနဲ့ မတည်မငြိမ် ပွစိပွစိ ဖြစ်လာနိုင်ကြောင်း…၊ ဒါကြောင့်မို့ ပရိုက်ဗိတ်ဆက်တာက မန်နေဂျာတွေကိုပဲ Target subjects အဖြစ် လုပ်စေချင်ကြောင်း.. နဲ့ လိုအပ်ပါက ကူညီပံ့ပိုးပေးနိုင်ပါကြောင်း…”တို့ ဖြစ်ကြပါတယ်။

ပရိုက်ဗိတ်ဆက်တာ ဆိုတော့ ၈၈ နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ တစ်ဦးတည်းပိုင်-အများပိုင် ကုမ္ပဏီတွေ၊ ဖက်စပ်ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေ ပါလာပါတော့တယ်။ အရင်တုန်းက ခွင့်မပြုခဲ့တဲ့ ဒီ ပရိုက်ဗိတ်ဆက်တာဟာ အခုမှ ဘာကြောင့်ပေါ်ပေါက်လာခဲ့ရတာလဲ…၊ ဘယ်လောက်အတိုင်းအတာထိ အရေးပါနေသလဲ…၊ ဘယ်လိုလုပ်ငန်းမျိုးတွေကို လုပ်ခွင့်ပြုပါသလဲ…၊ ဘယ်ဥပဒေတွေနဲ့ ခွင့်ပြုခဲ့ပါသလဲ… စသည်ဖြင့် သိဖို့လိုအပ်လာပါတယ်။ အထူးသဖြင့် ပရိုက်ဗိတ်ဆက်တာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ရင်းနှီးမြှုတ်နှံမှုဥပဒေ၊ ကုမ္ပဏီအက်ဥပဒေ နဲ့ စီးပွားရေး ဥပဒေတွေကို လေ့လာဖို့ လိုအပ်လာခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနက ဖွင့်လှစ်သင်ကြားပေးနေတဲ့ DBS (Dip in Business Law) မနက်ပိုင်းသင်တန်း(၇-၉) ရဲ့ အနီးဆုံးအပတ်စဉ်မှာ တက်ရောက်လေ့လာနိုင်ဖို့ အချိန်မှီ ငွေသွင်း စာရင်းပေးလိုက်ရပြန်ပါတော့တယ်။

အဲဒီအချိန်မှာပဲ ကျုပ်တို့ ၂၀၀၀ ခုနှစ် ပြီးတဲ့ မဟာဘွဲ့ရတွေအတွက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ပါတယ်။ တရံတခါမှမတက်ဖူးတဲ့ ဒီဘွဲ့နှင်းသဘင်ကို ကျုပ်လည်း သူငယ်ချင်းတွေနဲ့အတူ တက်ရောက်ခဲ့တာပေါ့။ ကံကြမ္မာ မျက်နှာသာပေးပြန်တော့ ကျောင်းပြီးတဲ့နှစ်တူပေမယ့် ဘာသာရပ်ကွဲနေတဲ့ သူမနဲ့ တရက်တည်း တချိန်တည်း ဘွဲ့နှင်းသဘင် တက်ရောက်ခွင့် ရရှိခဲ့ပြန်ပါတယ်။ ပွဲပြီးတော့ အထင်ကရ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ (Convocation) ကြီးရဲ့ရှေ့မှာ ကိုယ့်အုပ်စုနဲ့ကိုယ် ဓါတ်ပုံတွေ ရိုက်ကြတာပေါ့…။ ကျုပ်ရဲ့ M.Res ကျမ်း ကြီးကြပ်သူ ဆရာ ဦးအောင်သန်းဦး (ယခု ဌာနမှူးတွဲဘက်ပါမောက္ခ-ရန်ကုန်) နဲ့ ပါမောက္ခ ဆရာမကြီးဒေါ်ခင်အေးဝင်း (ယခု-အငြိမ်းစား) တို့လည်း ဘွဲ့နှင်းသဘင် တက်ရောက်ခဲ့ကြတာမို့ သူတို့နဲ့အတူ အမှတ်တရ ဓါတ်ပုံတွေ ပလူပြန်အောင် တယောက်ပြီးတယောက် ရိုက်ကြပါတယ်။

အဲဒီလို ကျုပ်တို့အဖွဲ့လိုက် ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ… သူမ ရောက်လာပြီး အမှတ်တရအဖြစ် အတူတူ ဓါတ်ပုံရိုက်ကြမယ်လို့ ဆိုပါတယ်။ ကျုပ်တို့ကလည်း ဝမ်းသာအားရ ကြိုဆိုလျှက် သူမနဲ့ကျုပ်ကို အလယ်မှာ ယှဉ်ကာထားလို့ အဖွဲ့လိုက် ရိုက်ကြတာပေါ့။ ပြီးတာနဲ့ ကျုပ်က သူမ သွားလေရာ နောက်က တကောက်ကောက် လိုက်ခဲ့ရသူ…။ သစ်ပုတ်ပင်ကြီးနဲ့အတူ အမျိုးမျိုး အိုက်တင်လုပ်ကာ ဓါတ်ပုံရိုက်နေတာကို ကြည့်လို့မဆုံး… ရှုလို့မဆုံး ဖြစ်နေခဲ့သူ…။ သူမရဲ့ ကြည်လင်ဝင်းပနေတဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ရင်တွေခုန်နေမိသူ…။ ပစ္စည်းမဲ့လူတန်းစားမှာ အများဆုံးဖြစ်လေ့ရှိတဲ့ သိမ်ငယ်စိတ်လေးကို အတင်းမေ့ဖျေက်ကာ သူမကို ဖွင့်ပြောလိုက်ဖို့ အကြိမ်ကြိမ် စဉ်းစားမိခဲ့သူ…။ နောက်ဆုံးတော့လည်း လက်ရှိဘဝကို လက်တွေ့ကျကျ အချိန်မှီ ပြန်လည်သုံးသပ်ကာ… ဘယ်ဆီဘယ်ဝယ်မှန်း မသိသေးတဲ့ ကိုယ့်ရည်မှန်းချက်လေး အောင်မြင်သည်အထိ သူမကို ဒီအတိုင်း ဆက်လက်ရှိနေပါစေဟုသာ အတ္တကြီးစွာ ဆုတောင်းရင်း… ဆုတောင်းရင်း…။

Friday, March 20, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၅)

M.Res အတွက် မေးခွန်းလွှာကို စနစ်တကျ ပြင်ဆင်ပြီး ပါမောက္ခဆီက ထောက်ခံစာ ရယူကာ မြို့နယ်အဆင့် အာဏာပိုင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဥက္ကဌ မရှိတာကြောင့် အတွင်းရေးမှုးနဲ့ ဝင်တွေ့ကာ ကျုပ်ရဲ့မေးခွန်းလွှာနမူနာကို ပြပြီး သုနေသနအကြောင်း ရှင်းပြပါတယ်။ ကျုပ်စကားအဆုံး သူပြောလိုက်တာကတော့ “အထက်က ခွင့်ပြုချက် ပါရင်” ကူညီနိုင်ပါတယ်လို့ ဆိုပါတယ်။ ဟက်ဟက်ပက်ပက် မရှိလှတဲ့ ခြောက်ကပ်ကပ်လေသံနဲ့ပေါ့ဗျာ…။ အထက်က ခွင့်ပြုချက် လိုတယ်ဆိုတော့လည်း နောက်တဆင့် ခရိုင်အာဏာပိုင်နဲ့တွေ့ခွင့်ရဖို့ နည်းလမ်းရှာရပါတော့တယ်။

ကံကောင်းတယ်လို့ပြောရမှာပါ…။ အဲဒီအချိန်က ကျုပ်ရဲ့အတန်းဖော် ညီမငယ် မလေးက ပြည်တွင်း NGO တခုမှာ ခရိုင်အီးစီလုပ်နေတာကြောင့် ခရိုင်အဆင့်အာဏာပိုင်ကို လွယ်လွယ်ကူကူ နဲ့ တွေ့ဆုံကာ ရှင်းပြ အကူအညီတောင်းခွင့် ရရှိခဲ့ပါတယ်။ သူကလည်း“ ခင်ဗျားလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေ အင်မတန် ကောင်းကြောင်း…၊ မေးခွန်းလွှာကို ဖတ်ကြည့်ရုံနဲ့ စီမံအရာထမ်းတွေအတွက် အကျိုးပြုနိုင်မယ့် ရလဒ်တွေ တွေ့ရှိမယ်ဆိုတာ လုံးဝယုံကြည်ကြောင်း…၊ ဒါပေမဲ့ သူတို့တတွေဟာ ဝန်ထမ်းတွေ ဖြစ်နေတဲ့အတွက် အထက်က ခွင့်ပြုချက် လိုအပ်ကြောင်း…၊ အဲဒီအထက်က ခွင့်ပြုချက်သာ ပါမယ်ဆိုရင် သူ့အနေနဲ့ စိတ်ရော-ကိုယ်ပါ ကူညီပေးချင်ပါကြောင်း…” ပြောပါတော့တယ်။ ကျုပ်က ဘယ်လိုပင် ထပ်ခါတလဲလဲ အကူအညီပေးဖို့ ပြောနေ ပြောနေ… သူကတော့ “အထက်က”ဆိုတဲ့ ဓါတ်ပြားဟောင်းကြီးကိုပဲ ဖွင့်နေတာကြောင့် လက်လျှော့ကာ ပြန်ခဲ့ရပါတော့တယ်။

ကျုပ်အဆင့်နဲ့ တိုင်းအာဏာပိုင်ကို လက်လှမ်းမမှီတာကြောင့် ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျမ်းကြီးကြပ်သူ ဆရာနဲ့ ပါမောက္ခ ဆရာမကြီးကို တိုက်ရိုက်တင်ပြလိုက်ပါတယ်။ ဆရာမကြီးကတော့ “ မေးခွန်းလွှာတစောင် ဒို့ကို ပေးပါ…၊ အကျိုးအကြောင်း ရှင်းပြပြီး တိုင်းမှူးလက်ထဲ ရောက်အောင် ထည့်ပေးလိုက်မယ်…၊ အဲဒီကထွက်လာတဲ့ အဖြေကို ကြည့်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားကြတာပေါ့” လို့ ဆိုပါတယ်။ ပြီးတာနဲ့ “စိတ်ဓါတ်မကျပါနဲ့ ကိုမိုးစံရယ်… အဆင်ပြေသွားပါလိမ့်မယ်...”လို့ အားပေးပြန်ပါတယ်။ တကယ်ကို သူ ကူညီနိုင်တာဆိုရင် အကူအညီပေးဖို့ ဝန်မလေးခဲ့သူ ဆရာမကြီးပါ…။ နောက်ပြီး စိတ်ပညာကျောင်းသားတစ်ယောက်ကို သူလိုချင်တဲ့ အဝန်းအဝိုင်းထဲ ရောက်လာအောင် ဆွဲဆောင် စည်းရုံးနိုင်သည်အထိ “အသုံးချစိတ်ပညာ” ကို နှံ့စပ်ကျွမ်းကျင်သူ ဆရာမကြီးပါ။ အသုံးချစိတ်ပညာ ဆိုတာ “အသုံးချခံရသူ ကာယကံရှင်ကိုယ်တိုင်က အသုံးချ ခံလိုက်ရမှန်းမသိပဲ… သူဆွဲဆောင်ရာ အဝန်းအဝိုင်းဆီသို့ ကိုယ့်သဘောနဲ့ကိုယ် ကျေကျေနပ်နပ်ကြီး ဝင်ရောက်သွားခဲ့တာမျိုးကို ခေါ်တာပါ”။

အခုချိန် တရေးရေး ပြန်တွေးကြည့်မှ ကျုပ်ကိုယ်တိုင်လည်း ဆရာမကြီးရဲ့အသုံးချ ခံလိုက်ရမှန်း မသိခဲ့တဲ့ စိတ်ပညာကျောင်းသား တစ်ယောက် ဖြစ်ခဲ့သလို…၊ ဒီအသုံးချခံလိုက်ရမှုအတွက်လည်း ကျေနပ်ပီတိတွေ ဖြစ်ကာ… ဖန်တီးရှင် ဆရာမကြီးကို ကျေးဇူးတွေ အထပ်ထပ်တင်…၊ လေးစားကြည်ညိုစိတ်တွေ နေ့စဉ်နဲ့အမျှ ဖြစ်လို့ နေပါတော့တယ်။ ဤသည်ပင် အသုံးချစိတ်ပညာရှင်၏ ကျွမ်းကျင်မှု…။ ဤသည်ပင် အသုံးချစိတ်ပညာ၏ စွမ်းပကား…။ ဤသည်ပင် အသုံးချစိတ်ပညာ၏ အနှစ်သာရ…။