Sunday, March 29, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၁)

M-Res ကျမ်းကို ရေးဖို့တောင် မစရသေးပဲ ကျမ်းမှာ သုံးမယ့် စာရင်းအင်းနည်းက ပြဿနာတက်နေတာကြောင့် “ဒီကောင်တော့ ဘွဲ့ရတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ပြောဆိုမှုတွေကလည်း ဆူညံလို့ နေပါတယ်။ ကျုပ်ကလည်း “ဘွဲ့ကို ဂရုမစိုက်ဘူး…၊ ဘွဲ့မရရင် နေပါစေ…၊ ကျုပ်မှန်တယ်ထင်တဲ့အရာကို လုပ်မယ်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ဘွဲ့အတွက် ရည်ရွယ်ပြီး အလုပ် လုပ်နေတာမို့ ဘွဲ့ကိုတော့ လိုချင်ပါတယ်။ ဒါပေမဲ့ ဒီမဟာဘွဲ့ကို မရရင်ကော ဘာဖြစ်မလဲ…။ ကျောင်းဆရာ လုပ်နေတာ မဟုတ်တာကြောင့် ကျုပ်အတွက် ဘာမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ကျမ်းကြီးကြပ်သူ ဆရာ့ကို “ဆရာ… သူ့ကို(စိတ်ပညာစာရင်းအင်းကျွမ်းကျင်သူ ပညာရှင်ဆရာ) ကျော်ပြီး ကျနော် မှန်တယ် ထင်တဲ့ ဒီနည်းနဲ့ပဲ တွက်ပြီး ကျမ်းတင်မယ်ဆိုရင်… နောက်ဆုံး ဘာဖြစ်လာနိုင်သလဲ”လို့ မေးလိုက်ပါတယ်။

ဆရာကတော့ “Final Defense မှာ ဘုတ်အဖွဲ့က မင်းသုံးတဲ့ စာရင်းအင်းနည်းလမ်းက မှားနေတယ်လို့ ထောက်ပြတာကို မင်းက ပြန်လည်ခုခံရှင်းပြတဲ့အခါ သူတို့က လက်မခံခဲ့ရင်… မင်း ဘွဲ့မရတော့နိုင်တော့ဘူးပေါ့”လို့ ဖြေပါတယ်။ ကျုပ်ကလည်း “ဒီလိုဆိုရင်… ဆရာ ဘေးဖယ်နေပါ…၊ ဘွဲ့မရရင်နေပါစေ…၊ ကျနော်လုပ်တာ ကျနော်ခံပါ့မယ်…”လို့ ဆရာ့ကို ပြောအပြီး “ ဆရာ့အထင် ဒီဌာနမှာ တခြား စိတ်ပညာစာရင်းအင်းကျွမ်းကျင်သူ ဆရာတယောက်လောက်ရှိမယ်ဆိုရင် နောက်ဆုံးအနေနဲ့ နည်းနည်းပါးပါး တီးခေါက်ကြည့်ချင်ပါတယ်”လို့ ပြောလိုက်ပါတယ်။ “ဒီလိုဆိုရင်လည်း ဒီနေ့ည ဆရာဦးခင်မြင့်ဆီ သွားကြတာပေါ့”လို့ တုန့်ပြန်ပါတယ်။ ညရောက်တော့ ဆရာ-တပည့် နှစ်ယောက် ဆရာ ဦးခင်မြင့်အိမ် သွားပြီး ဆွေးနွေးကြတာပေါ့…။ ဆရာကလည်း “တွက်လို့ ရတယ်”လို့ ယတိပြတ် မပြောခဲ့ပါဘူး။ “ရနိုင်ခြေ ရှိတယ်” ဆိုတဲ့ အဖြေနဲ့ပဲ ကျေနပ် ပြန်ခဲ့ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် M-Res ကျမ်းကို “ကိုယ်ညံ့ရင် ကိုယ်ခံမယ်” ဆိုတဲ့ ခံယူချက်အပြည့်နဲ့ ကျုပ် မှန်တယ်ထင်တဲ့အတိုင်း တွက်ချက် အဖြေထုတ်ကာ ရေးပြီး တင်ခဲ့ပါတယ်။ မှန်တယ်-မှားတယ် မသေခြာသေးတဲ့ စာရင်းအင်းနည်းအတွက်လည်း Final Defense မှာ ခုခံဖြေဆိုဖို့ အထောက်အထားတွေ ခိုင်လုံအောင် ရှာဖွေ ပြင်ဆင်ခဲ့ရတာပေါ့။

Final Defense ရောက်တော့ ပြင်ပစာစစ် (External Eaxminer) က ဆရာကြီး ဒေါက်တာစိန်တူပါ။ ဆရာကြီးဟာ အသက် ၂၅ နှစ် အရွယ်လောက်မှာ အမေရိကန်ပြည်ထောင်စု၊ ကိုလံဗီယာတက္ကသိုလ်မှ မဟာဘွဲ့(Master) နဲ့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ ရရှိခဲ့ပြီး အသက် ၂၆ နှစ် အရွယ်မှာ မန္တလေးတက္ကသိုလ်မှာ စိတ်ပညာပါမောက္ခ ဖြစ်လာခဲ့သူပါ။ အဲဒီအချိန်က မြန်မာ့ပညာရေးကို စိတ်ကူးနဲ့သာ မှန်းဆလို့ ကြည့်ကြပါတော့…။ Defense မှာ ဆရာကြီးပါတယ်ဆိုတော့ ဘယ်လိုပင် မောင်းတင်ထားပေမယ့် ကျုပ်လည်း ခတ်လန့်လန့်ပါဘဲ။ ဘွဲ့ကတော့ ဝေးပြီ ထင်ပါရဲ့…။ ခုံနံပတ်-၁ ဖြစ်တာကြောင့် အထောက်အထားစာအုပ်တွေ ပွေ့ပိုက်ကာ စိုးရိမ်စိတ်နဲ့ အခန်းထဲဝင်…၊ စာစစ်ဘုတ်အဖွဲ့ရှေ့မှာ ထိုင်ကာ သူတို့မေးသမျှ ဖြေရတာပေါ့။ အများဆုံးမေးခဲ့သူက ဆရာကြီးဒေါက်တာစိန်တူပါ။ ဒါပေမဲ့ “အလိုမကျတာ-အမှားပါတာ တွေ့ခဲ့ရင် ကျမ်းကို လွှင့်ပစ်လေ့ရှိတယ်” ဆိုတဲ့ ဆရာကြီးက ကျုပ်စိုးရိမ်ခဲ့တဲ့ စာရင်းအင်းနည်းနဲ့ပတ်သက်လို့ တခွန်းတလေမျှ မဟခဲ့ပါဘူး…။ ကျန်တဲ့အပိုင်းတွေကိုသာ မေးမြန်းကာ အနည်းငယ် ပြင်ဆင်စေခဲ့ပါတယ်။

ဒီလိုနဲ့ ကျုပ်လည်း များစွာသောအနှောက်အယှက်-အခက်အခဲတွေကြားကနေ ဒီ M-Res ခေါ်တဲ့ မဟာသုတေသနဘွဲ့ကြီးကို ထပ်မံ ရရှိခဲ့ပြန်ပါတော့တယ်။ ပွဲပြီးလို့ ဒီစိတ်ညစ်ခဲ့ရတဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ကြတဲ့အခါ ကျမ်းကြီးကြပ်သူ ဆရာက “ မင်းက..ဆရာ ဘေးဖယ်နေပါ…ဆိုပေမယ့် မင်း ဘွဲ့မရရင် ငါ့မှာလည်း တာဝန်ရှိတယ်ဆိုတာ နားမလည်ဘူးလား.. ကွ” လို့ ဂရုဏာဒေါသောနဲ့ ဟောက်ပါတော့တယ်။ တကယ်ကို မစဉ်းစားခဲ့မိတာပါ…။ လွန်တာရှိခဲ့ရင် ဝန္ဒာမိပါ ဆရာ…၊ ဝန္ဒာမိပါ ဆရာ…။

Saturday, March 28, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၀)

M-Res ကျမ်း အတွက် အချိန်တွေ ငွေတွေ အကုန်ကျခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ အများတကာလို လမ်းဟောင်းကို အလွယ်မလိုက်ပဲ လမ်းသစ်ကို ထွင်ကာ ဖောက်ပြန်တော့ အခက်အခဲ အဖုအထစ်တွေက ဒုနဲ့ဒေးပါ။ စာဖတ်တာကို အင်မတန် ဝါသနာပါတဲ့ ကျုပ်က ပညာရေးကို ကျောခိုင်း စွန့်ခွာလိုက်ဖို့အထိ စိတ်ဓါတ်ကျခဲ့ဖူးပါတယ်။

ပြဿနာအစက ကျုပ်ရဲ့ M-Res ကျမ်းမှာ သုံးမယ့် စာရင်းအင်းနည်းလမ်း (Statistical method) ပါ။ လက်တွေ့လေ့လာမှုမှာ စုဆောင်းကောက်ယူလို့ ရရှိလာတဲ့ အချက်အလက် Data တွေကို သင့်လျှော်မှန်ကန်တဲ့ စာရင်အင်းနည်းလမ်းနဲ့ တွက်ချက်ကာ ကိုယ်ရဲ့ တွေးဆချက်တွေ-တင်ကြိုခန့်မှန်းချက်တွေ မှန်မမှန် အဖြေထုတ်ပြီး နိဂုံးကောက်ချက်ဆွဲရပါတယ်။ အကယ်၍ ကိုယ်သုံးလိုက်တဲ့ စာရင်းအင်းနည်းလမ်းက မှားခဲ့ရင်… ရလာတဲ့အဖြေကလည်း မှား… အဖြေက မှားတော့ နောက်ဆုံး နိဂုံးကောက်ချက်ဆွဲတာကလည်း မှားပြီပေါ့…။ ဒါကြောင့် သိပ္ပံနည်းကျ လေ့လာတဲ့ စိတ်ပညာသုတေသနတွေမှာ စာရင်းအင်းနည်ပညာဟာလည်း အဓိကနေရာက ပါဝင်နေခဲ့ပါတယ်။

ဒီသော့ချက်ကို နားလည်သဘောပေါက်ခဲ့တာကြောင့်လည်း စာရင်အင်းဘာသာရပ် ပါဝင်တဲ့ CABS, DBS သင်တန်းတွေကို အချိန်ကုန်-ငွေကုန်ခံပြီး တက်ရောက်လေ့လာခဲ့ပါတယ်။ ဒီသင်တန်းတွေမှာ စာရင်းအင်းအခြေခံလောက်နဲ့ ပုစ္ဆာတွေကို များများတွက်ခိုင်းပါတယ်။ ရှင်းပြပါတယ်။ ဒါပေမဲ့ ကျုပ်လိုချင်တဲ့ အတိုင်းအတာထိ မရခဲ့ပါဘူး။ တချို့ပုစ္ဆာလေးတွေ တွက်ရင်းနဲ့ပဲ အိုက်ဒီယာအနည်းငယ် ရခဲ့တယ်ဆိုတာကိုတော့ ရိုးသားစွာနဲ့ ဝန်ခံရပါလိမ့်မယ်။ ကျန်တာကိုတော့ ကိုယ့်ဖာသာကိုယ် ဆက်ပြီး လေ့လာရတာပေါ့။ အဲဒီကတဆင့် ဦးစန်း (ယခု ပါချုပ်-မိတ္ထီလာစီးပွား) နဲ့ ဆွေးနွေးရာကနေ စာရင်းအင်းပညာရှင် ဆရာ ၂ ယောက်နဲ့ သိကျွမ်းခွင့် ရခဲ့ပါတယ်။ သူတို့ကတော့ UN Project တွေမှာတောင် တွက်ပေးနေတဲ့ ဆရာကြီးတွေပါ။ ကျုပ်အတွက် ပညာဗဟုသုတတွေ အများကြီးရခဲ့ပါတယ်။

M-Res Paper အတွက် ကျုပ်တွက်ချင်တဲ့ စာရင်းအင်းနည်းလမ်းကို ဖြစ်နိုင်ခြေ ရှိမရှိ သူတို့ကို မေးမြန်းကြည့်တော့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျုပ်ကိုယ်တိုင်လည်း Statistical Method တွေကို သေခြာအချိန်ပေးလေ့လာပြီး ဒီနည်းသာလျှင် အသင့်တော်ဆုံးလို့ ယူဆခဲ့ပါတယ်။ ဒါ့အပြင် ဌာနမှာ အရင်ရှိပြီးသား Journal အဟောင်းတွေကို လှန်လော ဖတ်ရှုရင်း ကျုပ်ရဲ့ လေ့လာမှုနဲ့ ခတ်ဆင်ဆင် Paperတစောင်ကို အမှတ်မထင် တွေ့ခဲ့ရပြန်ပါတယ်။ အဲဒီ Paper မှာလည်း ကျုပ်တွက်ချင်တဲ့ Statistics ကိုသာ သုံးထားတာမို့ ကျုပ်ရဲ့ယူဆချက်ကို ပိုမို ခိုင်လုံစေခဲ့ပါတယ်။ ဒါကြောင့် ကျုပ်ရဲ့ M-Res ကျမ်းမှာ ဒီ စာရင်းအင်းနည်းလမ်းကိုသာ သုံးပြီး တွက်ချက် အဖြေရှာမယ်ဆိုတဲ့အကြောင်း ကျမ်း ကြီးကြပ်သူ ဆရာ့ကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြခဲ့ပါတယ်။ ဆရာကတော့ “နေအုံး… ငါ တပတ်လောက် ပြန်ဖတ်အုံးမယ်” လို့ ဆိုပါတယ်။

တပတ်လောက်ကြာတော့ ဆရာက “ မင်းဟာက တွက်လို့ ရနိုင်တယ်…ကွ” ဟု ဆိုကာ ဌာနမှ စိတ်ပညာစာရင်းအင်း ကျွမ်းကျင်သူ ဆရာလတ်နဲ့ ထိတ်တိုက် ရင်ဆိုင် ဆွေးနွေးကြပါတော့တယ်။ သူငယ်ချင်းတွေ အပြောအရဆိုရင်တော့ ပါမောက္ခကို ပုဏ္ဏထိုင်ထားလို့ အပြင်းအထန် ငြင်းကြ ခုံကြ နဲ့ တော်တော် ပွဲကြမ်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျုပ်တို့ လုပ်ချင်တာကို ကျွမ်းကျင်သူပညာရှင်က လက်မခံခဲ့သလို… အခြားသင့်တော်မယ့် စာရင်းအင်းနည်းလမ်းကို ညွှန်ပြပါဆိုတော့လည်း နှုတ်ဆိတ်လို့ နေခဲ့ပြန်ပါတော့တယ်…။

Thursday, March 26, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၉)

M-Res ကျမ်းအတွက် ပြင်ဆင်ရင်း ကုမ္ပဏီမှာ အချိန်ပိုင်း Psychologist လုပ်နေစဉ်မှာပဲ နောက်ထပ် သင်တန်းတခု တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်။ Customs လို့ လူသိများတဲ့ အကောက်ခွန်ဦးစီးဌာနက ဖွင့်လှစ်တဲ့ “အကောက်ခွန်ရှင်းလင်းရေး” သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းဟာ ပို့ကုန်-သွင်းကုန် လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အင်မတန်အရေးကြီးတဲ့ သင်တန်းပါ။ ဒီသင်တန်း အောင်လက်မှတ် ရှိမှ အကောက်ခွန်ဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်လုပ်ငန်း (Customs Clearing Agency)ကို လုပ်ကိုင်ခွင့်ရှိပါတယ်။ ဒီလက်မှတ်မရှိရင် လုပ်ခွင့်မရှိပါ။ ထုတ်ကုန်-သွင်းကုန်လုပ်ငန်း လုပ်နေတဲ့ကုမ္ပဏီတွေဆိုရင်တော့ ဒီသင်တန်းအောင်လက်မှတ် ရှိတဲ့သူ အနည်းဆုံး ၅ ယောက်ရှိမှ လုပ်ကိုင်ခွင့်ပြုပါတယ်။

သင်တန်းတက်ရောက်ခွင့် ရဖို့ ခက်ခဲသလို အောင်ဖို့လည်း မလွယ်လှပါဘူး။ ကျုပ်ရဲ့ကုမ္ပဏီလုပ်ခဲ့တဲ့ သက်တမ်း ၅ နှစ် (၁၉၉၃-၁၉၉၈) အတွင်းမှာ ဒီသင်တန်း တက်ရောက်ခွင့် ရဖို့ အကြိမ်ကြိမ် ကြိုစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လုံးဝ အခွင့်အရေးမရခဲ့…။ အခုတခါတော့ ဆွေမျိုးလည်းတော်ပြီး ကျုပ်ရဲ့အကိုလိုနေတဲ့ ဘိုးလေးသန်းရွှေက “သူကိုယ်တိုင် တက်ဖို့ ရအောင် ကြိုးစားပြီးကာမှ.. အလုပ်များနေတာကြောင့် မတက်ရောက်နိုင်ကြောင်း…၊ ဒါကြောင့် အလုပ်မရှိတဲ့မင်းက ငါ့အစား သွားတက်လိုက်…၊ ငါ နံမည်စာရင်း ပြောင်းပေးလိုက်မယ်”လို့ ဆိုပါတယ်။ ကျုပ်ကလည်း ဒီလိုလွယ်လွယ်နဲ့ ရမယ်ဆိုရင် တက်မယ်ဗျာ…လို့ ပြောလိုက်တာပေါ့။

သင်တန်းက လမ်း ၅၀ အောက်ဘလောက်မှာ ရှိတဲ့ အကောက်ခွန်သင်တန်းကျောင်းမှာ တက်ရပါတယ်။ နေ့စဉ် မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီခွဲလောက်အထိ နှစ်လနီးပါး သင်ကြားပို့ချပါတယ်။ လက်ရှိ အလုပ် လုပ်နေတဲ့ကုမ္ပဏီက ၄၉ လမ်း အလယ်ဘလောက်မှာဆိုတော့ ကျုပ်အတွက်တော့ တော်တော်လေးကို အဆင်ပြေလှပါတယ်။ သင်တန်းက ပျက်ကွက်ခွင့် မရှိတာကြောင့် ရုံးချိန်ကို သူဌေးနဲ့ ညှိယူပြီး သင်တန်းတက်နေတဲ့ကာလမှာ နေ့စဉ် ရုံးတက်ကာ(ညနေ ၃-၅) Psycho test စစ်မယ့် အချိန်ကို ညနေ သုံးနာရီ နောက်ပိုင်း ရွှေ့လိုက်တာပေါ့ဗျာ။ သူလည်းအဆင်ပြေ ကိုယ်လည်း အိုကေပေါ့…။

အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းတွေကို လက်တွေ့လုပ်ကိုင်ခဲ့ဖူးတဲ့ ကျုပ်အတွက်တော့ ဒီသင်တန်းက သိပ်ကြီးမခက်လှပါဘူး။ ပို့ချသမျှ စာတွေကို အရမ်းကာရော မကျက်ခဲ့ရဘူးဆိုပါတော့ဗျာ…။ ဒါပေမဲ့ သင်တန်းပြီးလို့ စာမေးပွဲဖြေတော့ တခါမှ မဖြစ်ခဲ့ဘူးတဲ့ ဇောချွေးတွေ ပြန်တာ ဒီစာမေးပွဲပေါ့…။ အဲဒီမှာ H.S code မှန်အောင် ရှာပေးရတဲ့ မေးခွန်းက Open book ပေးထားပါတယ်။ ကျုပ်တို့ ဂငယ်က မဟာဝင်ခွင့်စာမေးပွဲမှာ ဘာသာပြန်ဘာသာရပ် (အင်္ဂလိပ်မှ ဂငယ်သို့) ဖြေဆိုတဲ့အခါ အဘိဓါန်(Dictionary) သုံးခွင့် ပေးထားသလိုမျိုးပေါ့…။ ကျုပ်ကလည်း Open book ဆိုတော့ စာအုပ်ကြည့်ဖြေရမှာပဲဆိုပြီး အေးအေးဆေးဆေး လုပ်နေတာ…။ ဘယ်ဟုတ်မလဲဗျာ… စာအုပ် လှန်ရှာနေရတာနဲ့ အချိန်က ကုန်ပါရောလား…။ ဇောချွေးတွေ ပြန်နေတဲ့ကြားက မနည်းကို ပြီးအောင်-မှန်အောင် ဖြေခဲ့ရပါတယ်။ ကျုပ်ဘဝအတွေ့အကြုံအရဆိုရင်တော့ Open book ဖြေရတာက ပိုပြီး ခက်တယ်လို့ ထင်ခဲ့မိပါကြောင်း…။

၂၀၀၀-၂၀၀၁ ပညာသင်နှစ်ဟာ ကျုပ်ဘဝအတွက် သင်တန်းတွေ အများဆုံး တက်ခဲ့ရတဲ့နှစ် ဖြစ်ခဲ့သလို အချိန်ကိုလည်း အကျိုးရှိရှိ ကုန်လွန်စေခဲ့ရတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ မိန်းထဲကDBL သင်တန်း(၇-၉) တက်…၊ နေ့လည်ပိုင်းမှာ အလုပ်နဲ့ M-Res ကျမ်းအတွက် ပြင်ဆင်…၊ ဒီကြားထဲမှာပဲ နှစ်လလောက်က အကောက်ခွန်ရှင်းလင်းရေးသင်တန်း တက်…၊ ညနေပိုင်းကြပြန်တော့ RC-2 ဘက်မှာ DBS သင်တန်း(၅-၇) တက်…၊ ညပိုင်းရောက်မှပဲ သင်တန်းကစာတွေ-ကျောင်းစာတွေ ပြန်ဖတ်ရင်း နားခွင့်ရတာပေါ့။ တက်ခဲ့သမျှ သင်တန်းတွေထဲမှာ လက်ငင်းအကျိုးပြုတဲ့ သင်တန်းကတော့ “အကောက်ခွန်ရှင်းလင်းရေး”သင်တန်းပါပဲ…။ အောင်စာရင်းထွက်ပြီးလို့ အောင်လက်မှတ်ရတဲ့အချိန်ကစပြီး ကျုပ်ရဲ့အဲဒီအောင်လက်မှတ်ကို ကျုပ်ညီကတဆင့် စိတ်ချယုံကြည်ရတဲ့ ကုမ္ပဏီကြီးတစ်ခုကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။ အဲဒီအတွက် တန်ပြန်ကျေးဇူးဆပ်သောအားဖြင့် ကုမ္ပဏီက ကျုပ်ကို အခုချိန်ထိ လစဉ် ကျပ်ငွေ နှစ်သောင်း ပေးနေဆဲပါဆိုလျှင်… ပေးနေဆဲပါဆိုလျှင်…။

Tuesday, March 24, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၈)

ကုမ္ပဏီက ၄၉ လမ်းမှာပါ…။ နှစ်လွှာတိုက်ခန်း ဖြစ်ပြီး အောက်ထပ်မှာ သူဌေးနဲ့ ရုံးအဖွဲ့ထိုင်ပြီး အပေါ်ထပ်မှာ Psycho test စစ်ဖို့ ပြင်ဆင်ထားတာကြောင့် ကျုပ်က အပေါ်မှာ ထိုင်ရတာပေါ့။ အရေးပေါ်ကိစ္စမျိုးက လွဲရင် တစ်ဦးချင်း တစ်ယောက်ချင်း စစ်မပေးပါဘူး…။ အနည်းဆုံး ၅ ယောက်လောက် စုပြီးမှ စစ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ၃ ရက် ရုံးတက်ရပေမယ့် တကယ် အလုပ် လုပ်ရတာက တစ်ရက်လောက်ပါ။ ကျုပ်အတွက် မပင်မပမ်း အေးအေးဆေးဆေး ဖြစ်ပေမယ့် တခါတလေ ဂဂျီဂဂျောင်နိုင်လှတဲ့ အမျိုးသမီး အလုပ်လာလျှောက်တဲ့သူတွေနဲ့ တွေ့ရရင် အင်မတန် စိတ်ညစ်ရပါတယ်။

ဥပမာ… ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်နေတဲ့ ကျောင်းသူတယောက်ဆိုပါတော့… သူက အပေါ်ထပ်မှာ Psycho test စစ်ပြီးတာနဲ့ အောက်ထပ်မှာ ရုံးအဖွဲ့နဲ့ လုပ်စရာရှိတာ လုပ်ပြီးရင် အိမ်ပြန်ရုံပါပဲ…။ သူနဲ့အတူ စစ်တဲ့သူတွေက ပြန်သွားကြပေမယ့် မင်းသမီးက မပြန်…။ ရုံးအဖွဲ့က သူ့ကိုမေးတော့ psycho test အဖြေ သိချင်တယ်လို့ ဆိုပါတယ်။ အဖြေက ပြောလို့ မရဘူးလို့ ဘယ်လိုပင် ရှင်းပြနေပေမယ့် သူက လက်မခံ…။ နောက်ဆုံး သူဌေးကိုယ်တိုင် ကျုပ်ရှိရာ အပေါ်ထပ် တက်လာပြီး“ ဆရာ… အောက်မှာတော့ ပြဿနာ တက်နေပြီ…၊ အမျိုးသမီးတစ်ယောက်က သူ့အဖြေ မသိရရင် မပြန်နိုင်ဘူး လုပ်နေတယ်…။ ဘယ်လိုလုပ်မလဲ ဆရာ…”လို့ ပြောပါတော့တယ်။ အဲဒါမှ ဒုက္ခ…။

တကယ်တော့ ကျုပ်တို့မှာ စောင့်ထိန်းလိုက်နာရတဲ့ ကျင့်ဝတ်တွေ အများကြီး ရှိသလို… ကာယကံရှင်က လိုလိုလားလား တောင်းဆိုလာခဲ့ရင် ပြောလို့ရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ကျုပ်က သူတို့ကို စိတ်ပညာစစ်ဆေးလွှာရဲ့ သဘောသဘာဝကို ရှင်းပြပြီး စံပြုထားတဲ့ စိတ်ပညာစစ်ဆေးလွှာတွေကို ဖြေခိုင်း… ချက်ချင်း Scoring လုပ်..၊ ပြီးတာနဲ့ လူတွေ့ပြန်မေးဆိုတော့ အဖြေက ကျုပ်ခေါင်းထဲမှာ ရှိနေပြီးသားပါ။ ဒါပေမဲ့ ဒီဖြေလွှာရမှတ်တွေကို ကြည့်ပြီး Assessment ရေးတာက ဌာနမှ ပညာရှင် ဆရာလတ် (ယခု တွဲဘက်ပါမောက္ခ၊ တာဝ) ဖြစ်ပါတယ်။ ကျုပ်အဆင့်နဲ့ ရေးခွင့်မရှိ- ပြောခွင့်မရှိ…။

ကျုပ်လည်း သူဌေးနဲ့အတူ အောက်ထပ် လိုက်သွားပြီး စောစောကအမျိုးသမီးကိုတွေ့ကာ အဖြေကို သိဖို့ မဖြစ်နိုင်တဲ့အကြောင်း စိတ်ပညာကျင့်ဝတ်တွေနဲ့ ရှင်းပြရတာပေါ့။ သူမကတော့ နားမဝင်…၊ “ဗေဒင်ဆရာတောင် တွက်ချက်ပြီးရင် ဟောရတယ်”လို့ ခွန်းတုန့်ပြန်ပါတယ်။ ကျုပ်လည်း ဘယ်လိုမှ ပြောမရတာကြောင့် သူ့ကို ခဏစောင့်ခိုင်းပြီး အပေါ်ပြန်တက်ကာ ဌာနကို ဖုန်းဆက်ရပါတော့တယ်။ ကံအားလျှော်စွာပဲ ဆရာလတ်နဲ့တွေ့တာကြောင့် ရင်ဆိုင်နေရတဲ့ပြဿနာကို ရှင်းပြလိုက်တော့… “ဘယ်လိုမှ ပြောလို့မရရင် လက်စွမ်းတာပြလိုက်တော့”လို့ ဆိုပါတယ်။ ကျုပ်လည်း ဆရာလတ်ဆီက ခွင့်ပြုချက် ရတာနဲ့ သူမကို အပေါ်ထပ် ခေါ်ကာ“သူမရဲ့လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ ဆက်ဆံရေးပုံစံတွေ” ကို အသေးစိတ် ရှင်းပြလိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ ကျုပ်ပြောသမျှ ငြိမ်ကာ နားထောင်နေတဲ့ သူမရဲ့ တုန့်ပြန်လိုက်တဲ့ စကားတခွန်းကြောင့် ကျုပ်တောင် ခတ်လန့်လန့် ဖြစ်ခဲ့မိပါရဲ့…။ ဘာတဲ့…“ဆရာတို့ဟာက ဗေဒင်-လက္ခဏာထက် မှန်သားပဲ” ပါတဲ့ခင်မျာ…။

Monday, March 23, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၇)

ဆရာမကြီးက လိုအပ်တဲ့ Data ကောက်ယူဖို့အတွက် အချို့ကုမ္ပဏီတွေကို သူကိုယ်တိုင် မိတ်ဆက် ကူညီမှုပေးခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ ကျုပ်တို့ကို ကားအကြို-အပို့ကအစ စီစဉ်ပေးခဲ့သလို… ဟိုရောက်ရင်လည်း အဆင်သင့်ဖြစ်အောင် မန်နေဂျာတွေကို စုဝေးထားတတ်ပါတယ်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲကြသလို ကျုပ်တို့လို ကျောင်းသားတွေကိုလည်း ဂရုတစိုက်နဲ့ အလေးထားဆက်ဆံခဲ့ကြပါတယ်။ ဒါပေမဲ့ ကျုပ်လိုချင်တဲ့ အလယ်အလတ် မန်နေဂျာက ကုမ္ပဏီ ခတ်ကြီးကြီးတွေတောင်မှ ၁၀ ယောက်ထက် မပို။ လိုချင်တဲ့ Subjects က မန်နေဂျာ အယောက် ၂၀၀ လောက်ဆိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီကြီး-လတ်-ငယ် နဲ့ အင်န်ဂျီအို တွေကို တခုပြီး တခု သွားကာ အကူအညီတောင်းရင်း မေးမြန်းရပါတယ်။ Data ကောက်ယူရာမှာ ကျုပ်ရဲ့မိတ်ဟောင်းဆွေဟောင်း ကုမ္ပဏီတွေက ကူညီမှုပေးခဲ့သလို… စိတ်ပညာဌာနမှာ DAP (Dip in Applied Psychology) တက်နေတဲ့ ကိုသက်ထွန်း (MBA 4th batch) ကလည်း မငြီးမငြူ ကူညီခဲ့ရှာပါတယ်။ ကျေးဇူးပါ ကိုသက်ထွန်းရေ…။

ဒီလိုနဲ့ တရက်မှာတော့ ဆရာမကြီးက“ကိုမိုးစံရေ… ပြင်ပ အလုပ်သမားရွေးချယ်ခန့်ထားရေးကုမ္ပဏီတစ်ခုက သူတို့ဆီမှာ Psycho Test စစ်ချင်လို့ ကူညီပါလို့ လာပြောနေတယ်…၊ အဲဒါ ဒို့ကလည်း ကူညီမယ်လို့ ပြောထားတယ်…၊ Test ကတော့ ဌာနက Test တွေကို သုံးမယ်… ကိုမိုးစံက အဲဒီမှာ ဌာနကိုယ်စား သွားထိုင်ပေးပါ”လို့ ပြောရင်း “အလုပ်ချိန်နဲ့လစာကိုတော့ မနက်ဖန် သူတို့လာမှ ညှိကြတာပေါ့” လို့ ဆိုပါတယ်။ နောက်နေ့မနက် ၁၀ နာရီ ခွဲလောက်မှာ ဆရာမကြီးရဲ့ ရုံးခန်းမှာပဲ တရုပ်သူဌေးပေါက်စ နဲ့ သူ့ရဲ့ အတွင်းရေးမှူး ဗမာမလေး အပါအဝင် ကျုပ်တို့လေးယောက် ညှိနှိုင်းရေး လုပ်ကြတာပေါ့။ ဆရာမကြီးက သူတို့ကို “ဒါက အဲဒီမှာ ဌာနကိုယ်စား အချိန်ပိုင်း လာရောက်ကူညီမယ့် ဆရာ ဦးမိုးစံ”ဆိုပြီး စတင် မိတ်ဆက်ပါတော့တယ်။ ကျုပ်ကို“ဆရာ”ဆိုပြီး မိတ်ဆက်ပေးတာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး…။ အရင်တုန်းကလည်း အပြင်လူတွေနဲ့ တွေ့ရင် ကျုပ်ကို “ဆရာ”ဆိုပြီး မိတ်ဆက်ပေးခဲ့တာ အကြိမ်ပေါင်း မနည်းလှပါဘူး…။ ပြီးတာနဲ့ “ဆရာ”ဝင်လုပ်ဖို့ အမြဲတမ်း တိုက်တွန်းတတ်ပါတယ်။ ကျုပ်က ရတဲ့လစာနဲ့ မိသားစုအရေး အဆင်မပြေနိုင်ကြောင်း တင်ပြတဲ့အခါ “လျှောက်သာ လျှောက်လိုက်ပါ… အပြင်အလုပ် လုပ်လို့ရအောင် ဒို့ကူညီမှာပေါ့”လို့ အားပေးစကား ပြောတတ်သူပါ။

အခုလည်း ကျုပ်ကို “ဆရာ” လို့ မိတ်ဆက်ပေးလိုက်တာကြောင့် သူဌေး နဲ့ သူ့မိသားစု၊ ကုမ္ပဏီအကြံပေးအရာရှိ (အလုပ်သမားဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးဟောင်း) နဲ့ တရုံးလုံးက ကျုပ်ကို ဆရာ.. ဆရာနဲ့ ခေါ်လို့ နေကြပြန်ပါတော့တယ်။

Saturday, March 21, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၆)

နှစ်ပတ်လောက် အကြာမှာတော့ ဆရာမကြီးက “ကျုပ်ရဲ့သုတေသန မေးခွန်းလွှာအပေါ် တိုင်းအဆင့်အာဏာပိုင်ရဲ့ တုန့်ပြန်ချက် သဘောထား” ကို ခေါ်ပြောခဲ့ပါတယ်။ ဆရာမကြီးရဲ့အပြောအရဆိုရင်“သူတို့အထက်ကသူတွေအနေနဲ့ ဒီလိုအကျိုးရှိမယ့် လက်တွေ့လေ့လာမှုမျိုးကို ကြိုဆိုပါကြောင်း…၊ ခွင့်ပြုချက်လည်းပေးချင်ပါကြောင်း…၊ ဒါပေမဲ့ ဝန်ထမ်းတွေက အရင်တခါ ဖြစ်ထားတာကြောင့် မေးခွန်းလွှာဆိုရင် ကြောက်နေကြကြောင်း…၊ အခု ခွင့်ပြုလိုက်ရင် သို့လော သို့လောနဲ့ မတည်မငြိမ် ပွစိပွစိ ဖြစ်လာနိုင်ကြောင်း…၊ ဒါကြောင့်မို့ ပရိုက်ဗိတ်ဆက်တာက မန်နေဂျာတွေကိုပဲ Target subjects အဖြစ် လုပ်စေချင်ကြောင်း.. နဲ့ လိုအပ်ပါက ကူညီပံ့ပိုးပေးနိုင်ပါကြောင်း…”တို့ ဖြစ်ကြပါတယ်။

ပရိုက်ဗိတ်ဆက်တာ ဆိုတော့ ၈၈ နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ တစ်ဦးတည်းပိုင်-အများပိုင် ကုမ္ပဏီတွေ၊ ဖက်စပ်ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေ ပါလာပါတော့တယ်။ အရင်တုန်းက ခွင့်မပြုခဲ့တဲ့ ဒီ ပရိုက်ဗိတ်ဆက်တာဟာ အခုမှ ဘာကြောင့်ပေါ်ပေါက်လာခဲ့ရတာလဲ…၊ ဘယ်လောက်အတိုင်းအတာထိ အရေးပါနေသလဲ…၊ ဘယ်လိုလုပ်ငန်းမျိုးတွေကို လုပ်ခွင့်ပြုပါသလဲ…၊ ဘယ်ဥပဒေတွေနဲ့ ခွင့်ပြုခဲ့ပါသလဲ… စသည်ဖြင့် သိဖို့လိုအပ်လာပါတယ်။ အထူးသဖြင့် ပရိုက်ဗိတ်ဆက်တာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ရင်းနှီးမြှုတ်နှံမှုဥပဒေ၊ ကုမ္ပဏီအက်ဥပဒေ နဲ့ စီးပွားရေး ဥပဒေတွေကို လေ့လာဖို့ လိုအပ်လာခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနက ဖွင့်လှစ်သင်ကြားပေးနေတဲ့ DBS (Dip in Business Law) မနက်ပိုင်းသင်တန်း(၇-၉) ရဲ့ အနီးဆုံးအပတ်စဉ်မှာ တက်ရောက်လေ့လာနိုင်ဖို့ အချိန်မှီ ငွေသွင်း စာရင်းပေးလိုက်ရပြန်ပါတော့တယ်။

အဲဒီအချိန်မှာပဲ ကျုပ်တို့ ၂၀၀၀ ခုနှစ် ပြီးတဲ့ မဟာဘွဲ့ရတွေအတွက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ပါတယ်။ တရံတခါမှမတက်ဖူးတဲ့ ဒီဘွဲ့နှင်းသဘင်ကို ကျုပ်လည်း သူငယ်ချင်းတွေနဲ့အတူ တက်ရောက်ခဲ့တာပေါ့။ ကံကြမ္မာ မျက်နှာသာပေးပြန်တော့ ကျောင်းပြီးတဲ့နှစ်တူပေမယ့် ဘာသာရပ်ကွဲနေတဲ့ သူမနဲ့ တရက်တည်း တချိန်တည်း ဘွဲ့နှင်းသဘင် တက်ရောက်ခွင့် ရရှိခဲ့ပြန်ပါတယ်။ ပွဲပြီးတော့ အထင်ကရ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ (Convocation) ကြီးရဲ့ရှေ့မှာ ကိုယ့်အုပ်စုနဲ့ကိုယ် ဓါတ်ပုံတွေ ရိုက်ကြတာပေါ့…။ ကျုပ်ရဲ့ M.Res ကျမ်း ကြီးကြပ်သူ ဆရာ ဦးအောင်သန်းဦး (ယခု ဌာနမှူးတွဲဘက်ပါမောက္ခ-ရန်ကုန်) နဲ့ ပါမောက္ခ ဆရာမကြီးဒေါ်ခင်အေးဝင်း (ယခု-အငြိမ်းစား) တို့လည်း ဘွဲ့နှင်းသဘင် တက်ရောက်ခဲ့ကြတာမို့ သူတို့နဲ့အတူ အမှတ်တရ ဓါတ်ပုံတွေ ပလူပြန်အောင် တယောက်ပြီးတယောက် ရိုက်ကြပါတယ်။

အဲဒီလို ကျုပ်တို့အဖွဲ့လိုက် ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ… သူမ ရောက်လာပြီး အမှတ်တရအဖြစ် အတူတူ ဓါတ်ပုံရိုက်ကြမယ်လို့ ဆိုပါတယ်။ ကျုပ်တို့ကလည်း ဝမ်းသာအားရ ကြိုဆိုလျှက် သူမနဲ့ကျုပ်ကို အလယ်မှာ ယှဉ်ကာထားလို့ အဖွဲ့လိုက် ရိုက်ကြတာပေါ့။ ပြီးတာနဲ့ ကျုပ်က သူမ သွားလေရာ နောက်က တကောက်ကောက် လိုက်ခဲ့ရသူ…။ သစ်ပုတ်ပင်ကြီးနဲ့အတူ အမျိုးမျိုး အိုက်တင်လုပ်ကာ ဓါတ်ပုံရိုက်နေတာကို ကြည့်လို့မဆုံး… ရှုလို့မဆုံး ဖြစ်နေခဲ့သူ…။ သူမရဲ့ ကြည်လင်ဝင်းပနေတဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ရင်တွေခုန်နေမိသူ…။ ပစ္စည်းမဲ့လူတန်းစားမှာ အများဆုံးဖြစ်လေ့ရှိတဲ့ သိမ်ငယ်စိတ်လေးကို အတင်းမေ့ဖျေက်ကာ သူမကို ဖွင့်ပြောလိုက်ဖို့ အကြိမ်ကြိမ် စဉ်းစားမိခဲ့သူ…။ နောက်ဆုံးတော့လည်း လက်ရှိဘဝကို လက်တွေ့ကျကျ အချိန်မှီ ပြန်လည်သုံးသပ်ကာ… ဘယ်ဆီဘယ်ဝယ်မှန်း မသိသေးတဲ့ ကိုယ့်ရည်မှန်းချက်လေး အောင်မြင်သည်အထိ သူမကို ဒီအတိုင်း ဆက်လက်ရှိနေပါစေဟုသာ အတ္တကြီးစွာ ဆုတောင်းရင်း… ဆုတောင်းရင်း…။

Friday, March 20, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၅)

M.Res အတွက် မေးခွန်းလွှာကို စနစ်တကျ ပြင်ဆင်ပြီး ပါမောက္ခဆီက ထောက်ခံစာ ရယူကာ မြို့နယ်အဆင့် အာဏာပိုင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဥက္ကဌ မရှိတာကြောင့် အတွင်းရေးမှုးနဲ့ ဝင်တွေ့ကာ ကျုပ်ရဲ့မေးခွန်းလွှာနမူနာကို ပြပြီး သုနေသနအကြောင်း ရှင်းပြပါတယ်။ ကျုပ်စကားအဆုံး သူပြောလိုက်တာကတော့ “အထက်က ခွင့်ပြုချက် ပါရင်” ကူညီနိုင်ပါတယ်လို့ ဆိုပါတယ်။ ဟက်ဟက်ပက်ပက် မရှိလှတဲ့ ခြောက်ကပ်ကပ်လေသံနဲ့ပေါ့ဗျာ…။ အထက်က ခွင့်ပြုချက် လိုတယ်ဆိုတော့လည်း နောက်တဆင့် ခရိုင်အာဏာပိုင်နဲ့တွေ့ခွင့်ရဖို့ နည်းလမ်းရှာရပါတော့တယ်။

ကံကောင်းတယ်လို့ပြောရမှာပါ…။ အဲဒီအချိန်က ကျုပ်ရဲ့အတန်းဖော် ညီမငယ် မလေးက ပြည်တွင်း NGO တခုမှာ ခရိုင်အီးစီလုပ်နေတာကြောင့် ခရိုင်အဆင့်အာဏာပိုင်ကို လွယ်လွယ်ကူကူ နဲ့ တွေ့ဆုံကာ ရှင်းပြ အကူအညီတောင်းခွင့် ရရှိခဲ့ပါတယ်။ သူကလည်း“ ခင်ဗျားလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေ အင်မတန် ကောင်းကြောင်း…၊ မေးခွန်းလွှာကို ဖတ်ကြည့်ရုံနဲ့ စီမံအရာထမ်းတွေအတွက် အကျိုးပြုနိုင်မယ့် ရလဒ်တွေ တွေ့ရှိမယ်ဆိုတာ လုံးဝယုံကြည်ကြောင်း…၊ ဒါပေမဲ့ သူတို့တတွေဟာ ဝန်ထမ်းတွေ ဖြစ်နေတဲ့အတွက် အထက်က ခွင့်ပြုချက် လိုအပ်ကြောင်း…၊ အဲဒီအထက်က ခွင့်ပြုချက်သာ ပါမယ်ဆိုရင် သူ့အနေနဲ့ စိတ်ရော-ကိုယ်ပါ ကူညီပေးချင်ပါကြောင်း…” ပြောပါတော့တယ်။ ကျုပ်က ဘယ်လိုပင် ထပ်ခါတလဲလဲ အကူအညီပေးဖို့ ပြောနေ ပြောနေ… သူကတော့ “အထက်က”ဆိုတဲ့ ဓါတ်ပြားဟောင်းကြီးကိုပဲ ဖွင့်နေတာကြောင့် လက်လျှော့ကာ ပြန်ခဲ့ရပါတော့တယ်။

ကျုပ်အဆင့်နဲ့ တိုင်းအာဏာပိုင်ကို လက်လှမ်းမမှီတာကြောင့် ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျမ်းကြီးကြပ်သူ ဆရာနဲ့ ပါမောက္ခ ဆရာမကြီးကို တိုက်ရိုက်တင်ပြလိုက်ပါတယ်။ ဆရာမကြီးကတော့ “ မေးခွန်းလွှာတစောင် ဒို့ကို ပေးပါ…၊ အကျိုးအကြောင်း ရှင်းပြပြီး တိုင်းမှူးလက်ထဲ ရောက်အောင် ထည့်ပေးလိုက်မယ်…၊ အဲဒီကထွက်လာတဲ့ အဖြေကို ကြည့်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားကြတာပေါ့” လို့ ဆိုပါတယ်။ ပြီးတာနဲ့ “စိတ်ဓါတ်မကျပါနဲ့ ကိုမိုးစံရယ်… အဆင်ပြေသွားပါလိမ့်မယ်...”လို့ အားပေးပြန်ပါတယ်။ တကယ်ကို သူ ကူညီနိုင်တာဆိုရင် အကူအညီပေးဖို့ ဝန်မလေးခဲ့သူ ဆရာမကြီးပါ…။ နောက်ပြီး စိတ်ပညာကျောင်းသားတစ်ယောက်ကို သူလိုချင်တဲ့ အဝန်းအဝိုင်းထဲ ရောက်လာအောင် ဆွဲဆောင် စည်းရုံးနိုင်သည်အထိ “အသုံးချစိတ်ပညာ” ကို နှံ့စပ်ကျွမ်းကျင်သူ ဆရာမကြီးပါ။ အသုံးချစိတ်ပညာ ဆိုတာ “အသုံးချခံရသူ ကာယကံရှင်ကိုယ်တိုင်က အသုံးချ ခံလိုက်ရမှန်းမသိပဲ… သူဆွဲဆောင်ရာ အဝန်းအဝိုင်းဆီသို့ ကိုယ့်သဘောနဲ့ကိုယ် ကျေကျေနပ်နပ်ကြီး ဝင်ရောက်သွားခဲ့တာမျိုးကို ခေါ်တာပါ”။

အခုချိန် တရေးရေး ပြန်တွေးကြည့်မှ ကျုပ်ကိုယ်တိုင်လည်း ဆရာမကြီးရဲ့အသုံးချ ခံလိုက်ရမှန်း မသိခဲ့တဲ့ စိတ်ပညာကျောင်းသား တစ်ယောက် ဖြစ်ခဲ့သလို…၊ ဒီအသုံးချခံလိုက်ရမှုအတွက်လည်း ကျေနပ်ပီတိတွေ ဖြစ်ကာ… ဖန်တီးရှင် ဆရာမကြီးကို ကျေးဇူးတွေ အထပ်ထပ်တင်…၊ လေးစားကြည်ညိုစိတ်တွေ နေ့စဉ်နဲ့အမျှ ဖြစ်လို့ နေပါတော့တယ်။ ဤသည်ပင် အသုံးချစိတ်ပညာရှင်၏ ကျွမ်းကျင်မှု…။ ဤသည်ပင် အသုံးချစိတ်ပညာ၏ စွမ်းပကား…။ ဤသည်ပင် အသုံးချစိတ်ပညာ၏ အနှစ်သာရ…။

Wednesday, March 18, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၄)

M.Res လုပ်မယ်ဆိုတော့ ဘာလုပ်ရရင် ကောင်းမလဲ… အရင် စဉ်းစားရပါတယ်။ ပြီးတာနဲ့ ကိုယ်တကယ် စိတ်ဝင်စားရဲ့လား…၊ လုပ်လို့ရော ဖြစ်နိုင်ပါ့မလား…၊ လိုအပ်တဲ့ စာအုပ်စာတန်းတွေ ရနိုင်ပါ့မလား…၊ အချက်အလက် စုဆောင်း ကောက်ယူဖို့ကရော အဆင်ပြေနိုင်ပါ့မလား…၊ ကိုယ်လုပ်မယ့် သုတေသနကျမ်းက သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းမှာရော အကျိုးရှိနိုင်ပါ့မလား…၊ ကျမ်း ကြီးကြပ်သူ ဆရာနဲ့ ပါမောက္ခကရော သဘောကျ လက်ခံနိုင်ပါ့မလား… စသည်ဖြင့် ထောင့်ပေါင်းစုံက စဉ်းစားခဲ့ရပါတယ်။ Q-2 မှာ ရေးခဲ့တဲ့ Term paper ‘Personnel Trainning ‘ နဲ့ ဆက်စပ်ကာ လက်တွေ့လုပ်ငန်းခွင်က အမှုထမ်း-အရာထမ်းတွေအတွက် အကျိုးရှိမယ့် လက်တွေ့သုတေသနတခုကို ရေးသားတင်ပြဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ပြင်ပကုမ္ပဏီမှာ အလုပ် လုပ်ခဲ့စဉ်က ဆက်စပ်ပတ်သက် ဆက်ဆံခဲ့ရတဲ့ အလယ်အလတ် စီမံခန့်ခွဲရေး အရာထမ်းတွေရဲ့ တာဝန်ခေါင်းရှောင်မှုနဲ့ ပဋိပက္ခ-ပြဿနာ ဖြေရှင်းမှုစတိုင် အားနည်းချက်တွေကို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတာမို့ ဒီ ပဋိပက္ခ ဖြေရှင်းမှုစတိုင်ကို လက်တွေ့လေ့လာတင်ပြဖို့ စိတ်ကူးခဲ့ပါတယ်။ ပြီးတာနဲ့ ကျမ်း ကြီးကြပ်သူ ဆရာ့ကို တင်ပြ ဆွေနွေးကာ အကြံပြု-သဘောတူညီချက် ရယူခဲ့ပါတယ်။

M.Res Proposal ကို သုံးမျက်နှာလောက် ရေးတင်ကာ ဆရာကြီး ဒေါက်တာကျော်စိန် အမှူးပြုတဲ့ ပါမောက္ခကြီးတွေရှေ့မှာ Pre-defense ထိုင်ရပါတယ်။ ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိခဲ့ပါဘူး။ ဒီခေါင်းစဉ်“A Study on Managing Organizational Conflicts” နဲ့ပဲ လုပ်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ တခုပဲ စိုးရိမ်စရာကောင်းတာက မေးခွန်းလွှာမေးပြီး နမူနာစစ်တမ်း ကောက်ယူမယ့် Target subjects က အလယ်အလတ်အဆင့် ဌာနဆိုင်ရာ စီမံခန့်ခွဲရေး အရာထမ်းတွေ ဖြစ်နေတာပါပဲ…။ သူတို့က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် “ဒီ မေးခွန်းတွေကို ဖြေကြားမပေးနိုင်ပါဘူး” ဆိုရင် ဘယ်လိုလုပ်မလဲ…။ ခေါင်းစဉ် ပြောင်းရမှာလား...။ သုတေသန ဆိုတာ မီးစင်ကြည့် ကလို့ ရတဲ့အရာမျိုးလား…။

Pre-defense ပြီးတဲ့အချိန်မှာ လက်ဘက်ရည်သောက်ကြတော့ ပါမောက္ခ ဆရာဦးခင်မြင့် (ယခု အငြိမ်းစား) က “ကိုမိုးစံရဲ့လေ့လာမှုမှာ သုံးမယ့် စာရင်းအင်းနည်း (Statistical Method) က သုံးနေကြ ခိုင်စကွဲယား (x2) ထက် တီတက်စ် (t test) က ပိုပြီး အဆင်ပြေလိမ့်မယ်” ထင်တယ် လို့ အမှတ်မထင် ပြောလိုက်ပါတယ်။ ကျုပ်ကလည်း စာရင်းအင်းနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရအုံးမယ်လို့ စိတ်ထဲမှာပဲ တေးထားလိုက်ပါတယ်။ တကယ်တော့ အဝေးသင်တတိယနှစ်မှာ “စိတ်ပညာစာရင်းအင်း” ဆိုပြီး သီးသန့်တစ်ဘာသာ သင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဘယ်အခြေအနေမျိုးမှာ ဘယ်စာရင်းအင်းနည်းလမ်းကို အသုံးပြုရမယ်ဆိုတာ မသိခဲ့…။ သက်ဆိုင်ရာ ဖော်မြူလာကို အလွတ်ကျက်… ပေးထားတဲ့ကိန်းဂဏန်းကို အစားထိုးကာ အဖြေရှာ တွက်ချက်ခဲ့ကြသည်သာ…။ အဲဒီလိုဆိုရင် Day မှာရော…၊ ထူးမခြားနား..အတူတူပါပဲ…။

လူမှုရေးသိပ္ပံနယ်ပယ်ကသုတေသနမှာ အဓိကသော့ချက်တစ်ခုဖြစ်တဲ့ စာရင်းအင်းနည်းပညာ (Statistical Method) ကို လေ့လာသင်ယူဖို့ ကြိုးစားရပါတော့တယ်။ ကံအားလျော်စွာပဲ ရန်ကုန်စီပွားရေးတက္ကသိုလ် HRD ကဖွင့်လှစ်တဲ့ CABS, DBS ညနေပိုင်းသင်တန်းတွေမှာ စာရင်းအင်းဘာသာရပ် ပါဝင်ခဲ့တာကြောင့် အချိန်မှီ သင်တန်းတက်ရောက်ဖို့အရေး စာရင်းပေးငွေသွင်းလိုက်ရပါတော့တယ်။

Tuesday, March 17, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၃)

M-2 အောင်စာရင်း ထွက်တော့ “အထူးအောင်“ဆိုတဲ့ အမြီးလေးက ပါလာပြန်ပါတယ်။ ဒီအမြီးလေးကြောင့်ပဲ ပါမောက္ခဆရာမကြီးက တွေ့ချင်တယ်ဆိုတာကြောင့် ရာမညဆောင်ကို အရောက်သွားခဲ့ရပါတယ်။ ဟိုရောက်တော့ “ဘာတွေလုပ်နေလဲ…၊ အလုပ်တွေရော အဆင်ပြေရဲ့လား…မေးရင်းကနေ ကိုမိုးစံက သိပ်တော်တာပဲ… လွတ်လွတ်ကျွတ်ကျွတ်ပဲ လို့ ချီးမွမ်းခန်းဖွင့်ကာ… ဒီနှစ်မှ စမယ့် M.Res (Master of Research) ဆိုတဲ့ မဟာသုတေသနဘွဲ့အကြောင်း အသေးစိတ် ရှင်းပြနေပါတော့တယ်။ ဒီ M.Res ကို မဟာတန်းမှာ Credit နဲ့အောင်တဲ့သူမှသာ တက်ရောက်နိုင်ကြောင်း…၊ အတန်းတက်ဖို့ မလိုပဲ တစ်နှစ်အတွင်း Thesis တင်နိုင်ရင် ဒီဘွဲ့ကို ရမှာဖြစ်ကြောင်း…၊ အလုပ်တဘက်နဲ့ လုပ်လို့ရတာကြောင့် ကိုမိုးစံကို ဆက်ပြီး လုပ်စေချင်ကြောင်း…” တိုက်တွန်း ပြောကြားပါတော့တယ်။

အမှန်တကယ်က မဟာဘွဲ့ ရပြီးရင်တော်ပြီ…။ အလုပ် လုပ်ပြီး ပိုက်ဆံရှာမယ်…စုမယ်…၊ မိသားစုအတွက် ငြိမ်းအေးရပြီဆိုရင်…၊ သူမအတွက် ကြိုးစားရှာမယ်… သူမမိဘထက် မသာရင်တောင် တန်းတူထားနိုင်လောက်တဲ့ အဆင့်ရောက်ရင် သူမကို ဖွင့်ပြောလိုက်မယ်… အဆင်ပြေရင် ရှေ့ဆက်လျှောက်မယ်…၊ အဆင်မပြေရင်တော့“ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်း”ကို ထာဝရ မေ့ပျောက်သွားအောင် ဘုန်းကြီးဘဝနဲ့ အရိုးထုတ်ဖို့ စိတ်ကူးနေခဲ့သူပါ။ တချိန်ထဲမှာပဲ “လူတကာ အထင်အမြင်သေးခံရတဲ့ အဝေးသင် ကျောင်းသားဘဝ” ကို ရင်နာလွန်းတာကြောင့် “ငါတို့ အဝေးသင် ကျောင်းသားတွေလည်း မင်းတို့ Day က သူတွေလိုပဲ အရည်အချင်းရှိပါတယ်…၊ လုပ်နိုင်ပါတယ်…၊ မညံ့ပါဘူး” ဆိုတာကို သက်သေပြချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေတာကြောင့် M-Res ဘွဲ့ကို ရအောင် ယူပြချင်ပါသေးတယ်။ အဝေးသင်ကျောင်းသားတွေကို အထင်စမောတဲ့ အချို့သော ဆရာ-ဆရာမတွေကို အဝေးသင်ရဲ့ကိုယ်စား တကယ် သက်သေပြချင်ခဲ့တာပါ။ ပါမောက္ခ ဆရာမကြီးကတောင် “အဝေးသင်ကျောင်းသားကို အသိအမှတ် ပြုလာစအချိန်မှာ သူတို့ကတော့ ထုံးစံအတိုင်း ပြောနေမြဲ ဆိုနေမြဲပါ…။ အင်မတန် မျက်နှာငယ်ရပါဘိ။

အဲဒီလို စိတ်ဒွိဟ ဖြစ်နေတဲ့အချိန်မှာ ကျုပ်ရဲ့စိတ်ကူးယဉ် ဇာတ်လိုက်ကျော် ဒေါက်တာမြင့်နွယ်က တမှောင့်…။ ကျုပ်ကို ဒုက္ခပေးလို့ နေပါတော့တယ်…။ သူက “ဟေ့ကောင် မိုးစံ… ငါလို ဝပ်ခ်ရှော့ပ် နောက်လိုက် အလုပ်သမားလေးကတောင် တက္ကသိုလ်ဆရာ ကထိကကြီး နိုင်ငံခြားပြန် ဒေါက်တာမြင့်နွယ် ဖြစ်လာသေးတာပဲ…၊ မင်းကော မဖြစ်နိုင်ဘူးလား…၊ ကံကြမ္မာဆိုတာ ဘယ်ပြောလို့ ရမလဲ…ကွ။ မင်းတောင် လောကဓံကပေးတဲ့ ဒုက္ခမျိုးစုံ ရင်ဆိုင်ရင်း.. ဒလိမ့်ခေါက်ကွေးနဲ့ ရွာတွဲဘက်ကျောင်းကနေ…အဝေးသင်ရောက်၊ အဝေးသင်ကနေတဆင့်… အခုဆို အထင်ကရ တက္ကသိုလ်ကြီးကနေ မဟာဘွဲ့ကြီးတောင် ရနေပြီ…။ လာပြန်ပြီ မင်းအတွက် နောက်ထပ် မဟာတစ်ဘွဲ့…၊ အခွင့်အရေးဆိုတာ နှစ်ခါ မရဘူးကွ…၊ ကြုံကြိုက်တုန်း ကြိုးစားပြီး ရအောင်ယူ…၊ စာဖတ်တာ ဝါသနာပါရင်… စာပေနဲ့နီးစပ်တဲ့အလုပ်ကိုပဲ လုပ်…။ လက်ဘက်ရည် တစ်ခွက်နဲ့ ဗိုက်ပြည့်အောင်နေ…၊ ကျန်တာကို မစဉ်းစားနဲ့…၊ ငါလို နိုင်ငံခြားပြန် ဖြစ်လာရင် မင့်ဘေးမှာ ဝိုင်းနေလိမ့်မယ်…၊ အခုချိန်တော့ သူများပြောသမျှ ခေါင်းငုံ့ခံ… ပန်းတိုင်ကို မှန်မှန်လျှောက်…၊ လမ်း မပျောက်စေနဲ့…။ ကံကြမ္မာ မျက်နှာသာပေးတဲ့ တနေ့ကျရင် ငါလို နိုင်ငံခြားပြန် ဒေါက်တာကြီး ဖြစ်လာပါလိမ့်မယ်…” လို့ ဆိုပါတယ်။ … အိပ်မက်ထဲမှာပါ…။

ဒီလို စိတ်တွင်းပဋိပက္ခတွေ တလှေကြီးနဲ့ ယောင်လည်လည် ဖြစ်နေဆဲကာလမှာပဲ ဆရာမကြီးက နောက်တစ်ခါ ခေါ်အပြောမှာတော့ ရယူပိုင်ဆိုင်ချင်တာတွေ အားလုံးကို စွန့်လွှတ်ကာ ပညာဆက်သင်ဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတော့တယ်…။

Sunday, March 15, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၂)

ရန်ကုန် ပြန်ရောက်တော့ M-2 ဖြေဖို့ ၅ ရက်ပဲ လိုတော့တာမို့ စာကို အသဲအသန် ပြန်လုပ်ရပါတယ်။ ဒါတောင်မှ Project paper ကို အစောကြီးကတည်းက ပြီးအောင် လုပ်ထားခဲ့တာကြောင့် သက်သာယာ ရခဲ့တာပါ။ နောက်ဆုံးတော့ အနှောက်အယှက်တွေ-အခက်အခဲတွေကြားကပဲ M-2 ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။

စာမေးပွဲပြီိးတော့ လူက ယောင်ခြာခြာ ဖြစ်လို့နေပြန်ပါတယ်။ မူလအလုပ်ကို ပြန်သွားကြည့်ပြန်တော့လည်း ကုမ္ပဏီက အခြေအနေ မကောင်း…။ ကျုပ်ရှိစဉ်က တာဝန်ယူ လုပ်ဆောင်ခဲ့တဲ့ တကယ့်အလုပ်ကြီး နှစ်ခုက သူများလက်ထဲ ပါသွားလေရဲ့…။ အင်မတန် နှမြောစရာ ကောင်းလှပါတယ်။ အခုချိန်ထိ ခိုင်မာတောင့်တင်း ရှင်သန်နေဆဲဖြစ်နေတဲ့ ဒီ နိုင်ငံခြားဖက်စပ် လုပ်ငန်းကြီးနှစ်ခုကို ဆက်လက်ထိန်းထားခြင်း မပြုနိုင်တာဟာ အထက်လူကြီးတွေရဲ့ ရှေးရိုးဆန်မှု နဲ့ အောက်ခြေ တာဝန်ခံဝန်ထမ်းတွေရဲ့ အတ္တကြီးမှုတွေကြောင့် ဖြစ်ခဲ့ရတာပါ။ ကုမ္ပဏီကြီး ဘာပဲဖြစ်နေ ဖြစ်နေ… ငါ ပိုက်ဆံရရင် ပြီးရော ဆိုတဲ့ “တနပ်စား အကြံသမား” ရန်ကုန်သားလူလယ်တွေကြောင့် စွန့်လွှတ် ဆုံးရှုံးခဲ့ရတာပါ…။ ကျုပ်တို့ ကုမ္ပဏီရဲ့ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်ကို ဒီအလုပ်ကြီး နှစ်ခုဆီက ရနေမှန်း သိပါလျှက်နဲ့ လုပ်ရက်ကြပါပေတယ်။ အခုတော့ ကျုပ်တို့ ကုမ္ပဏီကြီးက အလုပ်မရှိ… ခြောက်သွေ့လို့နေခဲ့ပါပြီ…။ အလုပ်မရှိတော့ ဝင်ငွေမရှိ…၊ ဝင်ငွေမရှိတော့ လစာမပေးနိုင်…၊ လစာမပေးနိုင်တော့ ဝန်ထမ်းတွေ လျှော့…။ ဒီလိုနဲ့ လျှော့လာလိုက်တာ ကုမ္ပဏီ မပျက်ယုံ တမယ်… မဝါ နဲ့ သူ့လက်ထောက် နှစ်ယောက် စုစုပေါင်း သုံးယောက်ပဲ ရှိပါတော့တယ်။ အခုတော့ ဘယ်လို နှစ်ပါးသွားနေသည်မသိ…။

ကုမ္ပဏီက အခြေအနေ မကောင်းတာကြောင့် ကျုပ်လည်း ရပ်ကွက်ထဲက လမ်းလျှောက်ကားပွဲစားတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ကာ အာရိုက်လိုက်… သူတို့နဲ့ ဟံသာဝတီကားပွဲစားတန်းကို လိုက်သွားလိုက်နဲ့ ကား ဝယ်ရောင်း လောကကို မြေစမ်းခရမ်းပျိုးကြည့်ဖို့ စိတ်ကူးခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျုပ်တိှုှ့ဆီက တကယ့်အလုပ်ကြီးတစ်ခုကို လွှဲပြောင်းရယူသွားနိုင်ခဲ့တဲ့ ဝါးတမ်းလမ်းက သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ မန်နေဂျာက ကျုပ်ကို လာတွေ့ပြီး “သူတို့ကို အကူအညီ ပေးဖို့နဲ့ သူ့သူဌေးကလည်း ကျုပ်နဲ့တွေ့ဆုံဆွေးနွေးချင်ကြောင်း” ပြောပါတော့တယ်။ တကယ်တော့ အဲဒီမန်နေဂျာနဲ့ ကျုပ်က ရင်းနှီးပြီးသားပါ။ ကျုပ်က ဆိပ်ကမ်းနဲ့ လေဆိပ်ကနေ ကုန်ပစ္စည်းတွေ ထုတ်ပေးတိုင်း-ပြန်ပို့တိုင်း ကျုပ်အလိုရှိတဲ့ ကားအမျိုးအစားကို စီစဉ်ပေးရတာက သူပါ။ တနည်းအားဖြင့် ကျုပ်တို့က ကုန်ပစ္စည်း ထုတ်ပေးရေး-ပြန်ပို့ရေးအပိုင်း… သူတို့က သယ်ယူပို့ဆောင်ရေးအပိုင်း သန့်သန့်ပေါ့။ အခုတော့ ဒီအလုပ်က ဂွင်ကြီးမှန်း သိနေတဲ့ သူတို့က ကျုပ်တို့လုပ်နေတဲ့ ကုန်ပစ္စည်းထုတ်ပေးရေး-ပြန်ပို့ရေးအပိုင်းကိုပါ မောင်ပိုင်စီးကာ လုယူသွားခဲ့သူတွေပါ..။ ဒါပေမဲ့ သူတို့မှာ ကျွမ်းကျင်သူ မရှိ။ နောက်လိုက်တွေသာ ရှိဟန်တူသည်။ ဒီအတွက် ကျုပ်ကို အိမ်တိုင်ယာရောက် လာရောက်ပင့်ကာ အကူအညီ တောင်းကြဟန် တူပါ၏။

ကျုပ်လည်း သူတို့ရုံး လိုက်သွားကာ သူဌေးနဲ့ စကားပြောကြည့်ပါတယ်။ ချမ်းသာသူဆိုပေမဲ့ အင်မတန် သဘောထားပြည့်ဝပါတယ်။ ကျုပ်ကိုလည်း“သူ့ရုံးမှာ မန်နေဂျာရာထူးနဲ့ ထိုက်သင့်တဲ့လစာနဲ့လုပ်ဖို့… ဒါမှမဟုတ် အလုပ်တခုချင်းအလိုက် ကန်ထရိုက်စနစ်နဲ့ ပုတ်ပြတ်လုပ်ဖို့” ကမ်းလှမ်းပါတယ်။ ကျုပ်ကတော့ “ဒီအလုပ်ကို ဆက်လုပ်နေရင် မူလကုမ္ပဏီအပေါ် သစ္စာမဲ့ရာ ကျတာမို့ မလုပ်ချင်ကြောင်း…၊ ဒါပေမဲ့ လုပ်ငန်းအဆင်ပြေ ချောမွေ့စေဖို့ ဒီက ဝန်ထမ်းတွေကို အခကြေးငွေမယူပဲ စာတွေ့-လက်တွေ့ သင်ကြားပေးပါမယ် ဆိုတဲ့အကြောင်း…နဲ့ လိုအပ်လာပါက အချိန်မရွေး လာရောက် ခေါ်နိုင်ကြောင်း…” ပြောလိုက်တာပေါ့။ အဲဒီနောက် သူတို့ဝန်ထမ်း ယောက်ျားလေးတွေကို ဆိပ်ကမ်းထဲမှာ သင်္ဘောမှ ကုန်ပစ္စည်း တိုက်ရိုက်ထုတ်ယူခြင်း ( Direct Delivery) ကို အကြောင်းပြုလို့ နှစ်လနီးပါး နေ့ရော ညပါ စာတွေ့-လက်တွေ့ သင်ကြားပေးခဲ့ပါတယ်။ သူတို့အားလုံးကတော့ ကျေးဇူးတွေ တင်လို့ပေါ့...။

ဒီဘဝ-ဒီလောကကြီးမှာ စေတနာသစ္စာတရားသည် ရောင်ပြန်ဟပ်သည်ဆိုပါက တူသောအကျိုး ပေးပါစေဟုသာ…၊ ပေးပါစေဟုသာ…။

Thursday, March 12, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၁)

ရွာရောက်တဲ့ အချိန်ကစလို့ နေ့ဆိုရင် အဖေ့ကိစ္စ လာမေးကြတဲ့ ရပ်ဝေး-ရပ်နီးက အသိမိတ်ဆွေတွေကို တနေကုန် ဧည့်ခံစကားပြောရပါတယ်။ ည ရောက်ပြန်တော့ ရွာရဲ့ဓလေ့ထုံးစံအတိုင်း သောက်ဝိုင်း-ဖဲဝိုင်းတွေ လုပ်ပေးရတာပေါ့။ နိုင်တဲ့သူက ပျော်… ရှုံးတဲ့လူက ညှော်…ဆိုတော့ ရန်ပွဲမဖြစ်အောင် မနဲဂရုစိုက်ရပါတယ်။ တချိန်ထဲမှာပဲ အဖေ့ဆီက ရရန်-ပေးရန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး စာရင်းရှင်းရပါတယ်။ ပြီးတာနဲ့ အဖေရှိစဉ်က ရပ်ရေး-ရွာရေး အတွက် လုပ်ပေးမယ်ဆိုပြီး ကတိပေးထားတွေ ရှိမရှိ မေးမြန်းရပါတယ်။ အိမ်ရှေ့ ရွာလယ်လမ်းမကြီး ခြားပြီး မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရွာဦးကျောင်းဆရာတော်ကြီးကို အုတ်တံတိုင်း နှစ်ခန်းစာ လှူမယ်လို့ ကတိပေးထားတယ် ဆိုတာကြောင့် ဆရာတော်ကြီးဆီ သွားပြီး လျှောက်ထားမေးမြန်းရပါတယ်။ ကတိပြုထားတာ မှန်တယ်ဆိုတာကြောင့် အဖေ့အမည်နဲ့ ၂ ခန်း၊ အမေညို (အဖေ့အမေ)အမည်နဲ့ ၃ ခန်း လှူဒါန်းခဲ့ပါတယ်။ (ရောက်ရာဘုံဘဝမှ သာဓုခေါ်နိုင်ကြပါစေ…)။ ဆရာတော်ကြီးကတော့ ဝတ္ထုငွေကို လက်ခံပြီး “မင်းတို့လည်း တခါတလေ ပြန်လာတဲ့အခါ သဒ္ဒါပီတိ ပွားနိုင်အောင်… မင်းတို့အိမ်နဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းကို အုတ်တံတိုင်း ၅ ခန်းဆက်တိုက် နံမည် ကဗျည်းထိုးပြီး သူတို့သားအမိအတွက် လုပ်ပေးမယ်လို့ မိန့်တော်မူပါတယ်။ ကျေးဇူးတင်လျှက်ပါ ဆရာတော်ဘုရားရယ်…။

ကျုပ်ကလည်း ရှေးရိုးထုံးစံအတိုင်း ၇ ရက်ပြည့်မှ ရက်လည်ဆွမ်းသွတ် လုပ်မယ်လို့ စီစဉ်ခဲ့ပါတယ်။ ခက်တာက ကျုပ်တို့ ရက်လည် လုပ်မယ့်နေ့မှာ ရွာက ဆွေမျိုးတစ်ယောက်ရဲ့သားရှင်ပြု အလှူမင်္ဂလာပွဲက ရှိနေပြန်ပါတယ်။ သူက “အလှူဖိတ်စာတွေက ဝေပြီးသားဖြစ်တာမို့ သူ့အနေနဲ့ ရက်ရွှေ့လို့ မရနိုင်တော့ကြောင်း…၊ ဒါကြောင့် ကျုပ်ကပဲ ၇ ရက်အစား ၅ ရက်နဲ့ ရက်လည် လုပ်ပေးဖို့” မောတ္တာရပ်ခံလာပါတော့တယ်။ ကျုပ်လည်း ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားပြီး ၅ ရက်နဲ့ ရက်လည် လုပ်ပေးလိုက်ရတာပေါ့။ ရက်လည်နေ့ မနက်ခင်းမှာတော့ အုပ်စုငါးရွာက သံဃာ ၆ ပါး (ရွာက ၂ ပါး) ကို ပင့်ဖိတ်ကာ ကန်တော့ပွဲနဲ့အတူ အဖေ သုံးဆောင်ခဲ့သမျှ အိပ်ယာကုတင်ကအစ ပစ္စည်းအားလုံးကို ရေစက်ချ လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ ရွာထဲက အမျိုးတွေနဲ့ အပေါင်းအသင်းမိတ်ဆွေတွေလည်း တော်တော်များများ လာခဲ့ကြတာပေါ့။

အစပထမ တရားနာပြီးတာနဲ့ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်ရပါတယ်။ ပြီးတာနဲ့ ရေစက်ချမယ် ဆိုတော့… ကျုပ်တို့ညီအကိုနှစ်ယောက်ကိုလည်း ရေစက်ခွက် ကိုင်ခိုင်းပါတယ်။ အစပိုင်းမှာတော့ ဘာမှမဖြစ်သလိုနဲ့ ခံနိုင်ရည်ရှိခဲ့ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆရာတော်ကြီးရဲ့“ကွယ်လွန်သူဖခင်ရဲ့ဂုဏ်ကျေးဇူး မောတ္တာတရားတွေ ကြီးမားခဲ့ပုံ…၊ သူ့ကျေးဇူးတွေက မြင့်မိုရ်တောင်မက ကြီးမားလှပုံ…၊ တမလွန်ဘဝ ရောက်သွားရှာပြီ ဖြစ်သော ဖခင်အတွက် ရည်စူး…” ဆိုတာတွေက ထပ်ခါတလဲလဲ ကြားနေရတာကြောင့် ငိုရှိုက်သံ မထွက်အောင် အံကြိတ်နေပေမယ့် မျက်ရည်တွေက တသွင်သွင် စီးဆင်းလို့ နေပါပြီ…။ ဒီအချိန်မှာပဲ ကျုပ်ဘယ်ဘက်က ရေစက်ချနေတဲ့ ညီတော်မောင်က ရုတ်တရက် “အီး...”ဆိုတဲ့ အော်ဟစ်ငိုကြွေးသံနဲ့အတူ ရေစက်ခွက်ကို ချလို့ ထွက်ပြေးသွားခဲ့ပါတော့တယ်…။ ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့…။

ကျုပ်ကတော့ အကြီးပီပီ “တမလွန်ဘဝက အဖေ့အတွက် ရေစက်ပြီးအောင် ချပြီး အမျှဝေပေးရမယ်”ဆိုတဲ့ အသိနဲ့ ကြိတ်မှိတ် ကြိုးစားကာ ထိန်းချုပ်နေပေမယ့် ကျုပ်ရဲ့ငိုရှိုက်သံကလည်း တစထက်တစ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ ဒီအချိန်မှာ နောက်က အမျိုးတစ်ယောက်က(ကိုသန်းထွန်း ထင်တာပဲ) ကျုပ်နားကပ်လာပြီး “မင်းက အကြီးပဲ… မင်းက ပညာတတ်ပဲ… မင်း ပြီးအောင် လုပ်နိုင်ရမယ်…၊ မိဘအပေါ် မင်းတို့ တာဝန် ကျေခဲ့ပြီပဲ…၊ မင်းတို့တာဝန် ဘာမှ မကျန်ဘူး…၊ မင်းအဖေလည်း ကျေနပ်တယ်…၊ နောက်ဆုံးအနေနဲ့ ဒီရေစက်ကို ပြီးအောင်ချပြီး အမျှ ဝေပေးပါ… ဒါမှ မင်းအဖေ သာဓုခေါ်နိုင်မှာပေါ့” လို့ ထပ်ခါတလဲလဲ ပြောပါတယ်။ အကျိုးဆက်အနေနဲ့ ကျုပ်က ကိုယ့်ကိုကိုယ် အချိန်မှီ ပြန်လည် ထိန်းသိမ်း နိုင်လိုက်ပြီး ရေစက်ချ အမျှဝေ ပေးနိုင်ခဲ့ပါတယ်။ သုံးကြိမ်သုံးခါ ပေးရတဲ့ “ဒီ အမျှ…အမျှ…အမျှ… ယူတော်မူကြပါကုန်လော့…”ဆိုတဲ့ နောက်ဆုံး အမျှဝေသံကို မျက်ရည်မိုးတွေနဲ့အတူ ကျုပ်ရဲ့ဝမ်းနည်း ဆို့နင့် အော်ဟစ် ငိုကြွေးသံနဲ့ အဆုံးသပ်ခဲ့ရပါတယ်ဆိုရင်…။ အဆုံးသပ်ခဲ့ရပါတယ်ဆိုရင်…။

(ကျေးဇူးရှင် အဖေတစ်ယောက် ကောင်းရာသုဂတိ ရောက်ပါစေ...)။

Tuesday, March 10, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၀)

ရထားတတန် ကားတတန်နဲ့ မနားတမ်း ခရီးနှင်လာလိုက်တာ ရွာကိုရောက်တော့ ညနေ ၄ နာရီ ခွဲလောက် ရှိနေပါပြီ။ ကျုပ် ထင်တဲ့အတိုင်း အဖေ့ကို မြင်တွေ့-ကန်တော့ခွင့် မရလိုက်တော့ပါဘူး။ အမျိုးတွေနဲ့ အဖေ့ရဲ့ သောက်ဖော်-စားဖက် အပေါင်းအသင်း ရောင်းရင်းတွေက ကျုပ်တို့သားသမီးတွေ ရောက်သည်အထိ နေ့ကူးကာ တစ်ရက်စောင့်ဖို့ ဝိုင်းဝန်းတားမြစ်ကြပေမဲ့ ရွာဦးကျောင်း ဆရာတော်ကြီးရဲ့ သဘောဆန္ဒ ဆုံးဖြတ်ချက်အတိုင်း နေ့ချင်းပြီး လုပ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဓါတ်ပုံဆရာ ငှားကာ မှတ်တမ်းအဖြစ် ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုပဲ ကြည့်ခွင့်ရခဲ့တော့တာပေါ့။ ကျုပ်တို့ညီအကိုမောင်နှမတတွေရဲ့ ကံကြမ္မာက အဲဒီလောက်အထိ မိုးမှောင်ကျခဲ့ပါတယ်။ ကွယ်လွန်သူ ဖခင်ရဲ့ ရုပ်ကလပ်ကိုတောင် ကျေးဇူးဆပ်-ကန်တော့ခွင့် မရခဲ့ကြပါဘူး။ အင်မတန် ကံဆိုးခဲ့သူတွေပါ...။

အငယ်ဆုံး ညီမလေး ၁၀ တန်း အောင်တဲ့ ဒီနှစ်မှာပဲ ကျုပ်ရဲ့ M-2 final ဖြေပြီးတာနဲ့ ရွာပြန်ကာ သူတို့မိဘတွေကိုခေါ်… မိသားစုအားလုံးအတွက် ရည်ရွယ်ပြီး သေခြာပြင်ဆောက်ထားတဲ့ မြောက်ဒဂုံက အိမ်ကြီးမှာ ပျော်ပျော်ပါးပါး နေထိုင်ဖို့ စိတ်ကူးထားသူ ကျုပ်မှာတော့ အတော်လေးကို ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒီလောက်အထိ လူ့ဘဝကြီးက စောစီးစွာ ထွက်ခွာသွားလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့တာ အမှန်ပါ…။ နေရေး-ထိုင်ရေး၊ စားရေး-သောက်ရေး ဘာတခုမှ လိုလေသေးမရှိအောင် ထောက်ပံ့ပေးထားခဲ့သူမို့လည်း အသက် နည်းနည်း ပိုရှည်လိမ့်အုံးမယ်လို့ ယူဆခဲ့မိသူပါ…။ ဒီအတွက်လည်း အဖေ့ကို လျှော့သောက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့သူပါ…။ အခုတော့ အဖေက ကျုပ် ရည်ရွယ်မျှော်မှန်းထားတဲ့ ပန်းတိုင်မရောက်ခင် လူ့ဘဝကြီးမှ ထွက်ခွာသွားခဲ့လေပြီ…။ ထွက်ခွာသွားခဲ့လေပြီ…။

တကယ်တော့ အခုလို အဖေ အသေစောခဲ့ရတာဟာ ကျုပ်က တရားခံလို့ ဆိုကြပါတယ်။ နေစရာ ဗလာနတ္ထိ ဖြစ်နေတဲ့ မိဘတွေကို မကြည့်ရက်တာကြောင့် ကျုပ်ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ “အငယ်ဆုံး ညီမလေး ၁၀ တန်းအောင်မှ မိဘတွေအတွက် စဉ်းစားမယ်”ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂ နှစ်စောကာ ပြန်လည်ပြင်ဆင်ခဲ့ပြီး အားလုံးအဆင်ပြေအောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျုပ်ရဲ့ အနာဂါတ် မိသားစုမျှော်မှန်းချက် ရည်ရွယ်ချက်တွေကို အသေအခြာ ရှင်းပြခဲ့ပါသေးတယ်။ အဖေကလည်း နားလည်သဘောပေါက်ကာ နည်းနည်းပါးပါးသောက်ပြီး အေးအေးဆေးဆေး နေတော့မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အရက်သမား အဖေ့စကားကို မယုံတဝက်-ယုံတဝက် ရယ်ပါ…။

အစပိုင်း သုံးလေးလလောက်က အခြေအနေကောင်းနေပေမဲ့ နောက်ပိုင်းမှာတော့ အဖေက ဗွေဖောက်ကာ သောက်လာတဲ့အသံတွေ ကြားနေရပါတယ်။ ဒီနယ်-ဒီရွာမှာ “ငါ့သားသမီးတွေလို မိဘကို ဂရုစိုက်တဲ့ကောင် ဘယ်ကောင်ရှိလဲကွ..” ဆိုတဲ့ တလွဲဂုဏ်ယူဝင့်ကြွားမှုတွေနဲ့အတူ မူးချင်တိုင်း မူးနေပါတော့တယ်…။ နဂိုကလည်း မျိုးရိုးနဲ့ချမ်းသာလာခဲ့သူ…၊ အထည်ကြီးပျက် သမဥက္ကဌ လုပ်လာခဲ့သူ…၊ အခုလည်း သူလိုချင်တာ ရနေတော့ သောက်ဖော်-စားဖက်တွေ တရုံးရုံးနဲ့ နေမှာပေါ့။ ကျုပ်တို့ သားသမီးတွေက သူတို့အတွက် လိုလေသေးမရှိအောင် ထောက်ပံပေးထားတာကို ရွာထဲမှာ ကြွားလို့မဆုံး-ဝါလို့မဆုံး…၊ ပြီးတာနဲ့ အဲဒါကို အကြောင်းပြုလို့ နေ့စဉ်ရက်ဆက် မိုးမလင်း သောက်…။ ဒါကြောင့် အချိန်မတန်သေးပဲနဲ့ အကြွေစောခဲ့တာ လို့ ဆိုကြပါတယ်။ နောက်ဆုံး နိဂုံးဆွဲလိုက်တော့ အားလုံးကို ဖန်တီးပေးခဲ့သူ ကျုပ်က တရားခံဖြစ်ပါလေရော…၊ ဖြစ်ပါလေရော…။

Sunday, March 8, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၉)

ည ၇ နာရီ ထိုးတော့မယ်ဆိုရင် နေလို့မရ ထိုင်လို့မရနဲ့ ကျုပ်ရင်တွေ တလှပ်လှပ် ခုန်နေတတ်ပြီ။ နာရီစက်သံနဲ့ အမျှပေါ့…။ ၇ နာရီအတိ ဆိုတာနဲ့ သူမဆီကို ဖုံးဆက်တတ်နေပြီ…။ သူမကလည်း အမြဲတန်း အဆင်သင့်…။ လွဲချော်သွားခဲ့တယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့…။ သူမနဲ့ စကားပြောခွင့်ရလို့ အခွင့်အခါကြုံတိုင်း တောသားဖြစ်တဲ့ ကျုပ်ဘဝနောက်ကြောင်းကို အမြဲတန်းလိုလို အသိပေးခဲ့ပါတယ်။ ဒါမှလည်း ကျုပ်က ရှေ့တဆင့်တက်လို့ တိုးခဲ့ရင် သူမ လက်ခံစဉ်းစားပေးနိုင်မှာပေါ့။ ဒီအပေါ်မှာ တုန့်ပြန်မှုပြုတဲ့ သူမရဲ့သဘောထား အခြေအနေကို ထောက်ရှုလို့ ကျုပ်ကလည်း ရှေ့ဆက် တိုးသင့်-မတိုးသင့် စဉ်းစားဆုံးဖြတ်ရမှာလေ…။ အကယ်၍ သူမက ကျုပ်ဘဝကို နားလည်မှု မပေးနိုင်ဘူးလို့ (ကျုပ်ကိုယ်တိုင် တဘက်သတ်)ယူဆခဲ့ရင်… ရှေ့ဆက်မတိုးဖို့ စဉ်းစားထားသူပါ။ ဒါကြောင့်လည်း ကျုပ်ဘဝမှန်ကို တွင်တွင်ကြီး ပြောနေရင်း သူမရဲ့သဘောထားကိုလည်း စောင့်မျှော် အကဲဖြတ်နေရတာပေါ့။ သူမကတော့ “ ကဲ… ကိုရွှေတောသားကြီး ဒီတခါ ဘာတွေပြောအုံးမှာလဲ…”လို့ စတတ် နောက်တတ်နေပါပြီ။ ကျုပ်ကလည်း “ဒီအချိန် ရောက်ရင်နော်ဗျာ.. ကျနော့်စိတ်တွေ ဖောက်ဖောက်လာတယ်…” ဆိုတဲ့ သီချင်းစာသားလေးလို… ည ၇ နာရီ ထိုးတော့မယ်ဆိုတာနဲ့ ကျုပ်စိတ်တွေ… ကျုပ်စိတ်တွေ…။

ဒီလိုနဲ့ မဟာတန်း ဒုတိယနှစ် (M-2 Second Semester) ဖြေခါနီး နှစ်ပတ်အလို… တနေ့မှာတော့ ညီတော်မောင်က ကျုပ်ရှိရာ ရာမညဆောင်ကို ထူးခြားစွာ လိုက်လာပါတယ်။ ကျုပ်ကို တွေ့တာနဲ့ “ဒီနေ့မနက်စောစော အဖေ ရုတ်တရက် ဆုံးသွားပြီ”လို့ ရွာက ဖုံးဆက်တဲ့အကြောင်း တိုက်ရိုက်ပြောပါတော့တယ်။ ကျုပ်လည်း ရုတ်တရက် ဘာလုပ်လို့ ဘာပြောရမှန်း မသိ။ ညီတော်မောင်က “အဖေက ဒီနေ့ လကွယ်ဥဗုဓ်နေ့ကြီး ဆုံးတာမို့ ရွာထုံးစံအရ နေ့ချင်းပြီး ချရမယ်…၊ နေ့ကူးလို့ မရဘူး…တဲ့၊ အဲဒါ ရွာကလူတွေက မင့်သဘောထားကို သိချင်နေတယ်…၊ ဘာဆက်လုပ်ရမယ်ဆိုတာကို နေ့လည် ၂ နာရီလောက် ကိုအောင်ဆင် လာပြီး အဒေါ်အိမ်က ဖုံးကို ပြန်ဆက်လိမ့်မယ်”လို့ ဆက်ပြောပြန်ပါတယ်။ ကျုပ်လည်း ကိုသောင်းကြည်ကို အကျိုးအကြောင်း ရှင်းပြလိုက်ပြီး ဆရာ-ဆရာမတွေထံ ခွင့်တစ်ပတ် တင်ပေးဖို့ မောတ္တာရပ်ခံကာ ညီအကိုနှစ်ယောက် အဒေါ်အိမ်ရှိရာ ခြောက်မိုင်ခွဲကို ချီတက်ကြပါတယ်။

အဒေါ်အိမ်ရောက်တော့ အလုပ်လုပ်နေတဲ့ ညီမအကြီးက ပြန်ရောက်နေပြီး တရှုံ့ရှုံ့ ငိုနေလေပြီ…။ ကျုပ်တို့ကလည်း နှစ်သိမ့်ယုံမှတပါး ဘာမှ မတတ်နိုင်…။ ညီတော်မောင်ကိုတော့ “မင်း အလုပ်က မှာစရာ ရှိတာတွေ မှာပါ… လွှဲရမယ့်ဟာတွေ လွှဲပါ…၊ အနည်းဆုံး တစ်ပတ်ကြာမယ်…၊ ပြီးတာနဲ့ အထုပ်အပိုး ပြင်ပါ… ဒီနေ့ညနေ ၅ နာရီ အမြန်နဲ့ မှီအောင် လိုက်မယ်” လို့ အမိန့် ပေးလိုက်ပါတယ်။ ၂ နာရီ ခွဲလောက်မှာတော့ ကျုပ်သူငယ်ချင်း အောင်ဆင် ဖုံးဆက်လာပါတယ်။ သူက “ရွာက အမျိုးတွေကတော့ မင်းတို့အလာကို စောင့်စေချင်ကြတယ်…။ ဒါပေမဲ့ ရွာထဲက လူကြီးတွေ နဲ့ အများစုကတော့ ရွာထုံးစံကို မပစ်ပယ်သင့်ဘူး…၊ တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ…၊ ရွာကို တခုခု ထိခိုက်လာရင် ဘယ်သူက တာဝန်ယူမှာလဲ…ဆိုပြီး မင်းတို့ ရောက်တဲ့အထိ မစောင့်ပဲ နေ့ချင်းပြီး ချဖို့ ပြောနေကြတယ်” လို့ ဆိုပါတယ်။ ကျုပ်လည်း “ အေးကွာ… အဲဒီလိုဖြစ်နေရင်လည်း ရွာဦးကျောင်းက ဆရာတော်ကြီးကို သေခြာတင်ပြလျှောက်ထားပြီး ဆရာတော်ကြီးရဲ့ သဘောဆန္ဒအတိုင်း လုပ်လိုက်ပါ။ နေ့မကူးရလို့ ချက်ချင်း လုပ်ရမယ်ဆိုရင်… ကောင်းကောင်းမွန်မွန် ဖြစ်အောင် ဝိုင်းဝန်းကူညီပေးဖို့ မောတ္တာရပ်ခံလိုက်ပြီး… ငါတို့ ညီအကိုနှစ်ယောက်လည်း အခု ညနေ ၅ နာရီ ရထားနဲ့ လိုက်လာပြီး မနက်ဖန်ညနေ ၄ နာရီလောက် ရွာကို ရောက်မယ်လို့ ပြောလိုက်ပါတယ်။

ပြီးတာနဲ့ ကျုပ်လည်း အဆောင်ပြန်ကာ အထုပ်အပိုး ပြင်ရပါတယ်။ စာမေးပွဲက နီးနေတာမို့ စာ ဖတ်ဖြစ်လို ဖတ်ဖြစ်ငြား စာအုပ်တွေ အကုန်သယ်ရတာပေါ့။ အဒေါ်အိမ် ပြန်ရောက်တော့ ငိုနေတဲ့ ညီမအကြီးက “သူလည်း လိုက်ချင်တယ်” လို့ မျက်ရည်ဆက်လက်နဲ့ နားပူနားစာ လုပ်နေတာကို “ရထားလက်မှတ် အခက်အခဲ…၊ နောက်ပြီး ဒီအတိုင်းဆိုရင် အဖေ့အလောင်းကို မြင်တွေ့ခွင့် မရနိုင်တာတွေ…စသည်ဖြင့် ”နားလည်လက်ခံလာအောင် ရှင်းပြရပါတယ်။ ကျန်ညီတော်မောင်တွေကိုတော့ နောက်နေ့မှ အကြောင်းကြားပေးဖို့ အဒေါ်ကို မှာကြားပြီး ညီအကိုနှစ်ယောက် ရန်ကုန်ဘူတာကြီးကို ဆင်းကာ… ကံအားလျှော်စွာ ရရှိတဲ့ အထက်တန်းထိုင်ခုံလက်မှတ်နဲ့ မွေးသဖခင်-ကျေးဇူးရှင်ကြီး ရုတ်တရက် နှုတ်မဆက်ပဲ ကြွေလွင့်ခဲ့ရာ မွေးရပ်မြေဆီသို့…၊ မွေးရပ်မြေဆီသို့…။

Saturday, March 7, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၈)

တစ်နေ့မှာတော့ သူမက“ ကိုမိုးစံကို အပြင်မှာ အလုပ် လုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်” လို့ ဆိုလာပါတယ်။ ကျုပ်ကလည်း “ရတယ်လေ… ဘယ်အချိန်မှာ ဘယ်မှာ တွေ့ကြမလဲ”လို့ မေးလိုက်တာပေါ့…။ သူမက “ဒီနေ့ နေ့လည်အတန်းပြီးတဲ့အချိန် သုံးနာရီလောက် သူတို့နှစ်ယောက် ဒီကိုလာပြီး ဂန္တဝင်အပေါ်ထပ်မှာ စောင့်နေကြလိမ့်မယ်”လို့ ဆိုလိုက်တော့… အိုကေ..သုံးနာရီအရောက် လာခဲ့မယ်လို့ ကတိပေးလိုက်ပါတယ်။ သူမက တဆင့်တက်လို့ ကျုပ်ကို အကဲဖြတ်တော့မယ် ထင်ပါရဲ့…။

အတန်းပြီးလို့ ဂန္တဝင် ရောက်တော့ သူတို့သုံးယောက်က ရယ်ကာ မောကာနဲ့ အဖွဲ့ကျလို့ နေကြပါပြီ။ ကျုပ်လည်း အူကြောင်ကြောင်နဲ့ သူတို့အဖွဲ့ကို ပြုံးပြလိုက်ရင်း ဝင်ထိုင်လိုက်တာပေါ့။ သူမက ဘာသောက်မလဲ မေးတော့… ထုံးစံအတိုင်း ပုံမှန်ပေါ့လို့ ဖြေလိုက်ရင်း သူ့သူငယ်ချင်းနှစ်ယောက်ကို တပြိုင်တည်း အကဲခတ်လိုက်ပါတယ်။ စားစရာ-သောက်စရာ မှာအပြီးမှာတော့ အမည်နာမတွေ ပြောလို့ တရားဝင် မိတ်ဆက်ကြတာပေါ့။ တစ်ယောက်က သာကေတ…. နောက်တစ်ယောက်က ဗိုလ်တထောင်ကလို့ ထင်တာပါပဲ…။ နှစ်ယောက်လုံးက အပြင်မှာ ရှေ့နေ လုပ်နေကြသူတွေ…။ စကားနည်းတဲ့ ကျုပ်လည်း ရှေ့နေတွေ အဆွယ်ကောင်းတာကြောင့် စကားများများပြောခဲ့ရတာပေါ့။ သူတို့က ကျုပ်ကို ရှေ့ဆောင်မေးခွန်းလေးတွေ မေးရင်း အကဲဖြတ်နေမှန်း ရိပ်စားမိခဲ့ပါတယ်။ သူတို့ရဲ့ တစ်ချို့သောမေးခွန်းလေးတွေကို ကျုပ်က တိုက်ရိုက်မဖြေပဲ သူမကို ကြည့်နေလိုက်တဲ့အခါ… သူမက ပြုံးလို့ ရယ်လို့ပေါ့…။ ပြီးတော့ သူတို့နှစ်ယောက်လည်း ရယ်ကြပြန်ပါလေရော…။ အဲဒီနေ့က ညနေ လေးနာရီကျော်ကျော်လောက်မှာ ကျုပ်နဲ့ သူမတို့အဖွဲ့ လမ်းခွဲခဲ့ကြပါတယ်။

ကျုပ်ကို လေ့လာခဲ့တဲ့ ဒီသူငယ်ချင်း နှစ်ယောက်ရဲ့အကဲဖြတ်ချက်အပေါ်မှာ အခြေပြုလို့ ကျုပ်နဲ့ သူမရဲ့ဆက်ဆံရေးကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ကျုပ်ကို အကဲခတ်လေ့လာနေမှန်း သိခဲ့ပေမယ့် သူတို့မေးသမျှကို မုသားမပါ အမှန်အတိုင်းပဲ ဖြေခဲ့ပါတယ်။ ကျုပ်ဘဝအခြေအနေမှန်ကို သိရလို့ အမူအယာ ပြောင်းလဲသွားခဲ့မယ်ဆိုရင်လည်း အတိတ်ကံကြမ္မာကို ယိုးမယ်ဖွဲ့လို့ ကျေနပ်နေမယ့် သူပါ။ ကျေနပ်နိုင်သူပါ…။ ဘဝအမှန်ကို ဖုံးကွယ်လို့ မိန်းမအကြိုက် ဟန်ဆောင်မုသားတွေ သုံးကာ ကြိုးစားမှ သူမရဲ့မောတ္တာတရားကို ရမယ်ဆိုရင်... အဲဒီလမ်းကို ကျုပ်က ဘယ်တော့မှ မလျှောက်…။ ဘယ်တော့မှ မလျှောက်…။

ဒါပေမဲ့ ကျုပ်အတွက် ကံကြမ္မာက မျက်နှာသာပေးခဲ့တယ်လို့ ဆိုရမှာပါ။ နောက်ပိုင်းရက်တွေမှာလည်း သူမနဲ့ ကျုပ်တို့အဖွဲ့ အခင်အမင်မပျက် ပုံမှန်အတိုင်း ရှိနေခဲ့ပါတယ်…။ ဒီလိုနဲ့ တစ်ရက်မှာတော့… သူမက “နေ့စဉ် သူမ ရှိနေမယ့်အချိန်နဲ့ သူမကို ဆက်သွယ်လို့ ရတဲ့ နံပါတ်လေး တစ်ခုကို ပေးခဲ့ပါတယ်ဆိုရင်…။ ပေးခဲ့ပါတယ်ဆိုရင်…။

Thursday, March 5, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၇)

သူမနဲ့ နီးဖို့အရေး ရှေ့ဆက် တလှမ်းတိုးကြည့်ဖို့ အတန်းဖော် ညီမငယ်တွေကို မီးစိမ်းပြလိုက်ပါတယ်။ သူတို့ကလည်း လိုလိုချင်ချင်ကို အားကြိုးမာန်တက် ကူညီမှု ပေးခဲ့ကြတာပါ။ ကျေးဇူးပါ ညီမငယ်တို့ရေ...။ ဒီလိုနဲ့ တပတ်လောက်အကြာ တနေ့မှာပေါ့...။ ညီမငယ်တွေက “ကိုမိုးစံ ဒီနေ့ မနက်ပိုင်းအတန်းပြီးလို့ နေ့လည်ထမင်းစားချိန်ရောက်ရင် ဂန္တဝင်က စောင့်နေပါ… ဘာမှ မှာမထားနဲ့အုံး…၊ ညီမတို့ သူ့ကို ခေါ်လာခဲ့မယ်” လို့ ဆိုပါတယ်။ ကျုပ်ကတော့ “နင်တို့ဟာက ဟုတ်မှလည်း လုပ်ကြပါဟာ… တော်ကြာ ငါ အရူးဖြစ်နေပါအုံးမယ်” လို့ မယုံတဝက်-ယုံတဝက်နဲ့ ခွန်းတုန့်လိုက်ပြန်တော့… စွာတေးမလေး ချိုချိုက “ လျှာမရှည်နဲ့… စောင့်မှာသာ စောင့်နေ…၊ ခိုင်းတဲ့အတိုင်း လုပ်”လို့ အမိန့်ပေးပြန်ပါတယ်။ ကျုပ်လည်း အဲဒီနေ့က ဂန္တဝင် အတွင်းဘက်က စားပွဲဝိုင်းကြီးမှာ တစ်ယောက်တည်း ရင်တထိတ်ထိတ်နဲ့ စောင့်လို့နေခဲ့ရတာပေါ့…။

မကြာလှတဲ့အချိန်မှာ သူမနဲ့အတူ သူတို့တဖွဲ့လုံး ကျုပ်ရှိရာကို ကြွမြန်းလို့ လာခဲ့ကြပါတယ်။ အဲဒီကျမှ တယောက်နဲ့တယောက် ပထမဆုံးအကြိမ်အဖြစ် တရားဝင် မိတ်ဆက်ကြတာပေါ့။ ဒီလောက် တည်ကြည် ခန့်ငြားလှတဲ့ သူမကို အရင်နှစ်က M-1 မှာ ဘာကြောင့် မတွေ့မိတာပါလိမ့်လို့ စဉ်းစားရင်း ကိုယ့်ကိုကိုယ်တောင် မကျေမနပ် ဖြစ်ခဲ့မိပါတယ်။ အရင်နှစ်က သိပ်မတွေ့မိပါဘူးလို့ သူမကို ပြောလိုက်တဲ့အခါ… သူမက “လက်ဘက်ရည်ဆိုင်တွေ-ဘာတွေ မထိုင်ဖြစ်ဘူး…၊ အိမ်က အပို့-အကြို လုပ်တာကြောင့် အတန်းပြီးတာနဲ့ အိမ်ကို တန်းပြန်ရတယ်” လို့ ဆိုပါတယ်။ ဒီနှစ်တော့ ကိုယ်တိုင် ကားမောင်းလို့ တက်နေသူပါ…။ သူတို့တတွေ စားရင်းသောက်ရင်း ပြောကြ-ဆိုကြတာတွေကို နားထောင်ရင်း သူမကို ငေးလို့ ကြည့်နေခဲ့ရသူက ကျုပ်ပေါ့…။ ကျုပ်ရဲ့ ပင်ကိုယ်စရိုက်ကိုက စကားနည်းသလို… မိန်းခလေးတွေနဲ့ စကားမပြောတတ်တာကြောင့်လည်း အမှားပါမှာကို စိုးရိမ်ကြောင့်ကြနေတတ်သူပါ။ သူမကတော့ ကျုပ်နဲ့ဆန့်ကျင်ဘက် ဖြစ်ပါလိမ့်မယ်…။ ဥပဒေပညာကို သင်ယူနေသူမို့လားမသိ…၊ စကားဝိုင်းကို ဦးစီးဦးဆောင် ပြုကာ ပြောဆိုနိုင်သူပါ…။ ပြီးတော့ ကျုပ်က ခတ်ရွံ့ရွံ့-ခတ်ရှက်ရှက်…။ သူမက သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိတဲ့ပုံ…။ သူမက ကျုပ်တို့လို လက်ဘက်ရည် မကြိုက်…။ ကိုကာကိုလာကိုမှ သောက်တတ်သူ…။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆုံတွေ့မှုလေးက ကျုပ်ဘဝရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီနေ့က အစပြုလို့ သူမ နဲ့ ကျုပ်တို့အဖွဲ့ အမြဲတမ်းလိုလို အတူထိုင်ဖြစ်ကြပါတယ်။ ကျုပ်တို့က မနက်ပိုင်းအတန်း စောပြီးရင် သူမကို စောင့်…။ သူမက အတန်းဆင်းတာ စောခဲ့ရင် ကျုပ်တို့ကို စောင့်ပေါ့။ ဒီလိုနဲ့ တယောက်နဲ့တယောက် ပိုမို ရင်းနှီးခွင့် ရခဲ့သလို… တခါတလေတော့လည်း ဇွတ်အတင်းပို့တဲ့ ညီမငယ်တွေကြောင့် မျက်နှာပူခဲ့ရတာတွေလည်း အကြိမ်ပေါင်း မနည်းလှပါဘူး။ သူမကတော့ ဘယ်လိုနေမယ် မသိ…။ ကျုပ်ကတော့ အဲဒါလေးကိုပဲ ရှေ့မျက်နှာ နောက်ထားလို့ ကျေနပ်ပီတိ ဖြစ်နေခဲ့ရသူပါ…။ ဖြစ်နေခဲ့ရသူပါ…။

Tuesday, March 3, 2009

ထွေရာလေးပါး မိတ်ဆွေများ

မနေ့က ဆင်းဒိုင်မြို့ နေအိမ်မှာ ပြုလုပ်တဲ့ ကျုပ်တို့ဂျူနီယာ မိုးကုတ်သူဌေးလေးရဲ့ (၃၅ )နှစ်မြောက် မွေးနေ့ပွဲကို ရောက်ခဲ့ပါတယ်။ ကျုပ်တို့ ဒေသခံဘော်ဒါတွေအပြင် ရာမဂတတောင်ပေါ်စခန်းက မင်းသမီးနှစ်ယောက်လည်း ကြွရောက်လို့ အားပေးခဲ့ကြတာပေါ့။ မွေးနေ့ရှင်ရဲ့စေတနာတွေက ပိုလွန်းတယ် ထင်ပါရဲ့…။ ရှမ်းခေါက်ဆွဲတို့ဟူးနွေးက စားလို့ကောင်းသလို ကြက်အကောင်လိုက် ပေါင်းကြီးကလည်း နှစ်ခုတောင်…။ ပြီးတော့ ကော်ဖီ၊ ဂျင်းလက်ဖက်သုတ်နဲ့ ရေနွေးကြမ်း…။ ဒီပွဲမှာ ရှားပါးလှတဲ့ သူတို့တတွေရဲ့အပြုံးတွေကို မထင်မှတ်ပဲ တွေ့ရပြန်တော့ ပေပါရီဂျက် ထိခံထားရလို့ စိတ်ညစ်နေတဲ့ ကျုပ်တောင် လတ်ဆတ်လန်းဆန်းလာခဲ့သလိုလို…။

မန္တလေးတောင်ထိပ်မှ ဒေါ်မြိုင်က ဌာနတွင်းဆယ်မီနာ ရှိလို့ မွေးနေ့ရှင်ကို နှုတ်ဆက်ခါ ပြန်အသွား
ရန်ကုန်သားလူတော်လေး ဗိုလ်အောင်ကိုသက်က တစ်စခန်း ထပြန်ပါတယ်။ “ဆရာ… ကျနော့်နှလုံးလမ်းကြောင်းမှာလည်း ကျွန်းခံနေတယ်” ဆိုပြီး သူ့လက်ဝါးကြီးကို ဖြန့်လို့ ပြတာပေါ့…။ ကျုပ်ကလည်း သူ့လက်ဝါးကြီးကို ကြည့်လိုက်ပြီး“ ဒါဆို အခုဟာက ဘယ်နှယောက်မြောက် ကျန်ရစ်လဲ…”လို့ မေးလိုက်ရော… သူက “ရှူး…တိုးတိုးလုပ်ပါဆရာ…။ ဒါက စီးကရက်လေ…၊ ကျနော့်မှာ ဒါလေးပဲ ရှိတာပါ… အချွန်နဲ့ မ မပါနဲ့ဗျာ”လို့ ပျာပျာသလဲ ဆိုပြန်ပါလေရော…။ ကောင်းလေစွတကား…။
(ကျုပ်ကတော့ မနေနိုင်လို့ အချွန်နဲ့ မ လိုက်မိပြန်ပြီ…)။

ဒီပွဲမှာ မကြာသေးခင်ကမှ ရွှေပြည်တော်က ပြန်ရောက်လာကာ အပျိုကြီးဘဝက ဝတ်ကျွတ်တော့မယ့်(မသေခြာသေးဘူးနော်..) ဒေါ်ဆိုးကြီးကတော့ “မိန်းခလေးတွေအတွက် အိမ်ထောင်ပြုခြင်းဟာ အကောင်းဆုံး” ဆိုတဲ့ အိမ်ထောင်ရေးသီအိုရီတွေကို ဖေါင်ဖွဲ့အောင် ပြောနေလေရဲ့…။ ကျုပ်တို့အိမ်ထောင်ရှင်တွေက သူနဲ့အပြိုင် “ဒုက္ခမရှာပဲ တစ်ယောက်တည်း နေတာက ကောင်းပါလိမ့်မယ်”လို့ ပြန်လှန်ဆွေးနွေးကြရင် ဖိုက်တင်ပလေးရဖို့ သေခြာတာမို့ ငြိမ်ငြိမ်လေး ကုတ်နေကြရပါတယ်။ သူက အခုမှ...၊ အခုမှ...။ သူ့ဂျူနီယာ ကချင်သူလေး လွယ်ဆမ်နဲ့ ကွန်ပျူတာအိတ်စ်ပတ်လေး နှင်းယု တို့ကတော့ သူပြောသမျှ မေးထောက်ကာ ဟုတ်သလိုလို-မဟုတ်သလိုလိုနဲ့ နားထောင်နေခဲ့ကြတာပေါ့။ ကချင်မလေးကလည်း ခေသူမဟုတ်...။ စားရင်းသောက်ရင်း ပါးစပ်က တော်ပါပြီ... တော်ပါပြီ... ပြန်တော့မယ် ပြောနေပေမဲ့ လက်ထဲက ပန်းကန်ပြားကို လှမ်းပေးကာ နောက်ထပ် ထပ်ထည့်ပေးဖို့ အမူအရာနဲ့ ပြောတတ်သူပါ။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို စောင့်ထိန်းသူ ညီမလေး နှင်းယုကတော့ သိတတ်သူပီပီ အိုက်ဒိုးပန်းကန်ဆေး လုပ်လိုက်ရတာကြောင့် “အငယ်ဖြစ်ရတာ မကောင်းဘူး” ဆိုတဲ့ အသံ ထွက်လာသည်အထိ ညည်းညူရှာပါတယ်။ မွေးနေ့ရှင်ကြီးကတော့ သူ့ထုံးစံအတိုင်း လာသမျှလူတွေကို သူ့ချစ်ဇနီးချောနဲ့ ချစ်သမီးလှတို့ရဲ့ ဓါတ်ပုံတွေကို မလွတ်တမ်း ထုတ်ကာ ကြွားရင်း ဘာစားအုံးမလဲ… ဘာသောက်အုံးမလဲ..နဲ့ ထပ်ခါတလဲလဲ မေးလို့နေခဲ့ပြန်ပါတယ်။ ဒီ(၃၅)နှစ်မြောက် မွေးနေ့မှသည် ဒီချစ်ဇနီး-ချစ်သမီးတို့နဲ့အတူ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ မိုးကုတ်သူဌေးလေးရေ…။

မွေးနေ့ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ လူက ငြီးစီစီဖြစ်လို့ နေပြန်ပါတယ်။ စာဖတ်ရရင် ကောင်းမလား…၊ စာရေးရင် ကောင်းမလား စဉ်းစားရင်း စဉ်းစားရင်း “ဘဝတစေ့တစောင်း”ကို အနည်းငယ် စလိုက်မိပါတယ်။ ဒါပေမဲ့ ရှေ့ဆက် တိုးလို့မရ…။ ရန်ကုန်သားလေးလိုပဲ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့ကျုပ်က လွမ်းလို့ကျန်ရစ်ခဲ့မှာကို သိပါလျှက်နဲ့ သူမနဲ့နီးဖို့အရေး ရှေ့ဆက် တစ်လှမ်းတိုးခဲ့မိသူပါ…။ ရှေ့ဆက် တစ်လှမ်းတိုးမိခဲ့သူပါ…။

Monday, March 2, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၆)

သူမကို ကူညီမှုပေးလိုက်ရတဲ့ ဘက်ထရီပလပ်ခေါင်းလေးအကြောင်း တရေးရေးတွေးမိရင်း ကျုပ်ရဲ့ဇာတ်လိုက်ကျော် တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမြင့်နွယ်ကို သတိယလာပြန်ပါတော့တယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့“နှင်းငွေ့တစ်ထောင့် မိုးတမှောင့်” ဇာတ်လမ်းမှာ ဆရာ ဒေါက်တာမြင့်နွယ် နဲ့ မွန်မွန် တို့နှစ်ယောက် တွေ့ဆုံခြင်းအစကလည်း မော်တော်ကားလေး မဟုတ်ပါလား…။ စက်နှိုးလို့မရတဲ့ မွန်မွန်တို့ကားကလေးကို သေခြာစစ်ဆေးပြီး ဒီစတြီဗြူတာ ကက်ပ်ဖုံးလေးကို ပြုပြင်လဲပေးလိုက်ခြင်းအားဖြင့် ကူညီမှုပေးခဲ့သူက စိတ်ပညာ ကထိကဆရာ နိုင်ငံခြားပြန် ဒေါက်တာမြင့်နွယ်ပါ။ အဲဒီတွေ့ဆုံကူညီမှုက အစပြုလို့ ဆရာ နဲ့ မွန်မွန်…၊ ဆရာ နဲ့ မွန်မွန်…။

ကျုပ်က ဒေါက်တာမြင့်နွယ်လို တက္ကသိုလ်ဆရာ မဟုတ်သလို… နိုင်ငံခြားပြန်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာ့ကို အင်မတန် အားကျခဲ့သူပါ။ ဝတ္ထုထဲမှာ ဆရာက ဆင်းရဲနွမ်းပါးသူ အမေတစ်ခု-သားတစ်ခု…။ ပညာထူးချွန်သူ ဆရာက ဝပ်ခ်ရှော့သမားဘဝနဲ့ မိခင်ကို လုပ်ကျွေးပြုစုရင်း တက္ကသိုလ်ဆရာတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့သူ…။ ထိုမှတစ်ဆင့် နိုင်ငံခြားပညာသင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသူ…၊ နိုင်ငံခြားမှ စိတ်ပညာဒေါက်တာဘွဲ့ကြီး ဆွတ်ခူးရရှိခဲ့သူ ပညာရှင်…။ ကျုပ်ကတော့ ညီအစ်ကို မောင်နှမတွေ များပြားလှတဲ့ ဆင်းရဲသားမိသားစုမှ သားကြီးသြရဿ…။ ဆရာ့လို ပညာ မထူးချွန်ပေမယ့် စာဖတ်တာကို ဝါသနာထုံသူ…။ ဆရာ့လို တက္ကသိုလ်ကထိကကြီး မဟုတ်ပေမဲ့ အခြေအနေပေးလာရင်တော့ တက္ကသိုလ်ဆရာ ဖြစ်ချင်သူ…။ အခွင့်အခါ ကြုံကြိုက်လာခဲ့ရင် ဆရာ့လို စိတ်ပညာဒေါက်တာဘွဲ့ကြီးကို နိုင်ငံရပ်ခြားမှ ရယူကြိုးစားချင်သူ…။ ဆရာ့လိုပဲ အမှတ်တမဲ့ ဆုံတွေ့မှုမှသည် ချစ်သူတွေဘဝ ရောက်ချင်ခဲ့သူ…။

တကယ်တော့ စိတ်ကူးယဉ်ဝတ္ထုဇာတ်လမ်း နဲ့ လက်တွေ့ဘဝဟာ ကွာခြားလွန်းလှပါတယ်။ ကျုပ်ကသာ စိတ်ကူးယဉ်ဇာတ်ကောင် ဆရာဒေါက်တာမြင့်နွယ်ကို မိုက်ရူးရဲဆန်စွာ အားကျနေမိခဲ့သူပါ…။ သူ့လို ဆရာတစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုတာ သိပေမယ့် မိုက်မဲစွာ တမ်းတနေမိသူပါ…။ အခုလည်း တိုက်ဆိုင်ခြင်းကူညီဆုံတွေ့မှု တစ်ခုကို အကြောင်းပြုလို့ ဆရာ့လို နှလုံးသားရေးရာ ကံကောင်းသူတစ်ယောက် ဖြစ်လာချင်ခဲ့သူ…။ ကားကက်ပ်ဖုံးလေးကို အခြေပြုလို့ ဆရာဒေါက်တာမြင့်နွယ်နဲ့ မွန်မွန်တို့ ပေါင်းဖက်ခွင့် ရခဲ့ကြသလို… ကျုပ်လည်း ကားဘက်ထရီ ပလပ်ခေါင်းကလေးကို အကြောင်းပြုလို့ သူမနဲ့ ဆုံစည်းခွင့် ရခဲ့မယ်ဆိုရင်…၊ ရခဲ့မယ်ဆိုရင်…။

Sunday, March 1, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၅)

ဘဝနောက်ကြောင်းကို ပြန်လည်ငဲ့ကြည့်ရင်း သူမနဲ့အနီးဆုံးနေရာ ရောက်အောင် ရှေ့ဆက်တိုးဖို့ ချိန်ဆ…ချိန်ဆ လုပ်နေတဲ့ ကျုပ်ကို ညီမငယ်တွေက အတင်းဖိအားပေးပါတော့တယ်။ သူတို့ပြောတာက “ကိုမိုးစံ စဉ်းစားတာတွေက ဒိတ်အောက်နေပြီ…၊ ဒီခေတ်မှာ ဒါတွေ မလိုတော့ဘူး…၊ သူလည်း မဟာတန်း တက်နေတာ… ကိုယ်လည်း မဟာတန်း တက်နေတာ… အားလုံးအတူတူပဲ…၊ သူမနဲ့ ရင်းနှီးအောင် လုပ်ပြီး လေ့လာကာ Propose လုပ်ရမှာက ကိုယ့်အလုပ်…၊ လက်ခံစဉ်းစား-မစဉ်းစားတာက သူမအလုပ်…” လို့ ဆိုပါတယ်။ ပြီးတာနဲ့ “ကိုမိုးစံဘက်က အိုကေတယ်ဆိုရင် ကျန်တာ သူတို့တာဝန်ထား” လို့ ဆက်ပြန်ပါတယ်။ ကျုပ်ကတော့ “ နေကြပါအုံးဟာ… ငါလည်း အချိန်နည်းနည်း စောင့်ကြည့်ချင်ပါသေးတယ်” ဆိုပြီး တစ်ခန်း ရပ်လိုက်ကြတာပေါ့…။

ဒီလိုနဲ့ တစ်နေ့သော ညနေ ၃ နာရီလောက်မှာပေါ့။ အတန်းပြီးလို့ အိမ်မပြန်ကြသေးပဲ “ဂန္တဝင်” မှာ အပြင်မှာထိုင်ကာ လက်ဘက်ရည်သောက်ရင်း လေပန်းနေခဲ့ကြပါတယ်။ ကျုပ်တို့ ယောက်ျားလေးတွေကတော့ ဆိုင်ရှေ့က ဖြတ်သွားတဲ့သူမှန်သမျှကို ငေးချင်တာလည်း ပါတာပေါ့။ အဲဒီအချိန်မှာ ရာမညဆောင်ရှေ့ကနေ ကျုပ်တို့ရှိရာ ဂန္တဝင်ဆီကို ဦးတည်ကာ လာနေတဲ့ သူမကို အဝေးကနေ လှမ်းမြင်နေရပါတယ်။ ကျုပ်နဲ့ကိုသောင်းကြည်က လမ်းဘက်ကို မျက်နှာမူကာ ထိုင်နေတာဆိုတော့ တည့်တည့်ကြီးကို တွေ့နေရတာပေါ့။ ကိုသောင်းကြည်က ကျုပ်ကို လက်တို့ကာ မျက်စပစ် ပြနေပေမဲ့ ကျုပ်က (ခိုးကြည့်ကာ) မမြင်ချင်ယောင် ဆောင်ကာ နေလိုက်ပါတယ်။ သူမကလည်း ကားသော့လေးကို လက်ညှိုးကလေးနဲ့ ရမ်းခါ ရမ်းခါ ဆိုင်ထဲကို တန်းတန်းမတ်မတ် ဝင်လာပြီး ဟိုကြည့် ဒီကြည့် လုပ်နေပါသေးတယ်။ ကျုပ်ကတော့ သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို လာရှာတာလို့ တွက်လိုက်ပါတယ်။ ခဏကြာတော့ ကျုပ်တို့ဝိုင်း ရှိရာကို သူမ ရောက်လာပြီး“ ကား စက်နှိုးလို့ မရလို့...လိုက်ကြည့်ပေးပါ” ဟု ဆိုကာ ကားသော့ကို ကျုပ်လက်ထဲ ထည့်လိုက်ပါတော့တယ်။ ကျုပ်လည်း သူမ ပေးလိုက်တဲ့ ကားသော့ကို လက်ခံယူလိုက်ရင်း ထိုင်ရာမှ ထကာ ကားရှိရာ ရာမညဆောင်ရှေ့ကို နှစ်ယောက် အတူတူ ထွက်ခဲ့ကြပါတော့တယ်။

တကယ်တော့ ကျုပ်ကလည်း ကားအကြောင်းကို ဟုတ်တိပတ်တိ နားလည်တတ်ကျွမ်းတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ အသေးအမွှား ဆီပျောက်-မီးပျောက်လောက်ကိုသာ သိခဲ့သူပါ။ ကားဆီ ရောက်တော့ ကားသော့ကို ထိုးထည့်လိုက်ပြီး စက်နှိုးကြည့်လိုက်ပါတယ်။ “တက်” ဆိုတဲ့ အသံက လွဲလို့ ဘာမှ ထွက်မလာ…။ သေခြာအောင် နောက်ထပ် နှစ်ချက် သုံးချက် မွှေ့ကြည့်လိုက်ပါသေးတယ်။ အဟုတ်ကို နှိုးလို့ မရတာကြောင့် ဘောနပ်ဖုံးကို ဆွဲဖွင့်လိုက်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ်။ ဘောနပ်ဖုံးကို ဒေါက်တိုင်နဲ့ထောက်လိုက်ပြီး အင်ဂျင်ခန်းကို ဟိုကြည့် ဒီကြည့် လုပ်ရပါတော့တယ်။ သူမကလည်း ကျုပ်နောက်က လိုက်လို့ ကြည့်နေလေရဲ့။ တကယ်တော့ ကျုပ်က သူမရှေ့မှာ ဟိုကြည့် ဒီကြည့် လုပ်နေပေမဲ့ ကျုပ်ခေါင်းထဲမှာ စက်နှိုးလို့မရတဲ့ အကြောင်းရင်းကို စဉ်းစားနေတာပါ။ ကားက စက်နှိုးကြည့်လိုက်ရင် မော်တာ မွှေ့သံတောင် မကြားရတာမို့… ဒါဟာ ဆီပျောက်တာ မဖြစ်နိုင်…။ မီးပျောက်တာပဲ ဖြစ်ရမယ်…။ မီးပျောက်ရင် မီးရဲ့မူလအစ ဘက်ထရီကစလို့ တောက်လျှောက်စစ်ဆေးရမယ် ဆိုတာကို တွက်ချက်စဉ်းစားပြီး ဘက်ထရီကို ပထမဆုံး စတင်စစ်ဆေးပါတော့တယ်။

ကားက အဲဒီအချိန်က နောက်ဆုံးပေါ်ကား ဆိုတော့ ဘက်ထရီအိုးကအစ အင်ဂျင်ခန်းတစ်ခုလုံး ရှင်းလင်းနေပြီး အသစ်အနေအထားအတိုင်းပါပဲ။ ဘက်ထရီခေါင်းကို ကိုင်ကြည့်လိုက်တာနဲ့ သူ့ကို စွပ်ထားတဲ့ ပလပ်ခေါင်းက ချောင်နေတာကို တွေ့ရတာကြောင့် အဖြေကို ချက်ချင်းသိလိုက်ပါတယ်။ ပလပ်ခေါင်းကို ကျုပ်လက်နဲ့ တတ်နိုင်သလောက် ပြန်ကြပ်လိုက်ပြီး ကားကို စက်နှိုးကြည့်လိုက်ပါတယ်။ ကျုပ်ထင်တဲ့အတိုင်း ကားက စက်နှိုးလို့ နိုးသွားခဲ့တာပေါ့…။ အဲဒီကျမှ ကျုပ်လည်း ရှေ့ပိုင်းကို ပြန်လာပြီး“ အိမ်ရောက်ရင် ဘက်ထရီပလပ်ခေါင်းတွေကို ဒရိုက်ဘာကို သေခြာပြန်ကြပ်ခိုင်းဖို့” သူမကို မှာကြားရင်း ဘောနပ်ဖုံးကို ပိတ်လိုက်ကာ ကားကို နောက်ဆုတ်ပြီး ထွက်သွားဖို့ ပြောလိုက်ပါတော့တယ်။ သူမကတော့ ကျုပ်ကို ကျေးဇူးတင်စကားတွေ အထပ်ထပ်အခါခါ ပြောလို့ နေသေးတာပေါ့။

သူမရဲ့ အဖြူရောင်ကားကလေး ထွက်သွားတာကို မျက်စိတဆုံး ကြည့်ရင်း ကျန်ရစ်ခဲ့သူရဲ့ ရင်ထဲမှာတော့…၊ ကျန်ရစ်ခဲ့သူရဲ့ ရင်ထဲမှာတော့…။