Tuesday, March 10, 2009

ကျုပ်ဘဝတစေ့တစောင်း(၇၀)

ရထားတတန် ကားတတန်နဲ့ မနားတမ်း ခရီးနှင်လာလိုက်တာ ရွာကိုရောက်တော့ ညနေ ၄ နာရီ ခွဲလောက် ရှိနေပါပြီ။ ကျုပ် ထင်တဲ့အတိုင်း အဖေ့ကို မြင်တွေ့-ကန်တော့ခွင့် မရလိုက်တော့ပါဘူး။ အမျိုးတွေနဲ့ အဖေ့ရဲ့ သောက်ဖော်-စားဖက် အပေါင်းအသင်း ရောင်းရင်းတွေက ကျုပ်တို့သားသမီးတွေ ရောက်သည်အထိ နေ့ကူးကာ တစ်ရက်စောင့်ဖို့ ဝိုင်းဝန်းတားမြစ်ကြပေမဲ့ ရွာဦးကျောင်း ဆရာတော်ကြီးရဲ့ သဘောဆန္ဒ ဆုံးဖြတ်ချက်အတိုင်း နေ့ချင်းပြီး လုပ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဓါတ်ပုံဆရာ ငှားကာ မှတ်တမ်းအဖြစ် ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုပဲ ကြည့်ခွင့်ရခဲ့တော့တာပေါ့။ ကျုပ်တို့ညီအကိုမောင်နှမတတွေရဲ့ ကံကြမ္မာက အဲဒီလောက်အထိ မိုးမှောင်ကျခဲ့ပါတယ်။ ကွယ်လွန်သူ ဖခင်ရဲ့ ရုပ်ကလပ်ကိုတောင် ကျေးဇူးဆပ်-ကန်တော့ခွင့် မရခဲ့ကြပါဘူး။ အင်မတန် ကံဆိုးခဲ့သူတွေပါ...။

အငယ်ဆုံး ညီမလေး ၁၀ တန်း အောင်တဲ့ ဒီနှစ်မှာပဲ ကျုပ်ရဲ့ M-2 final ဖြေပြီးတာနဲ့ ရွာပြန်ကာ သူတို့မိဘတွေကိုခေါ်… မိသားစုအားလုံးအတွက် ရည်ရွယ်ပြီး သေခြာပြင်ဆောက်ထားတဲ့ မြောက်ဒဂုံက အိမ်ကြီးမှာ ပျော်ပျော်ပါးပါး နေထိုင်ဖို့ စိတ်ကူးထားသူ ကျုပ်မှာတော့ အတော်လေးကို ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒီလောက်အထိ လူ့ဘဝကြီးက စောစီးစွာ ထွက်ခွာသွားလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့တာ အမှန်ပါ…။ နေရေး-ထိုင်ရေး၊ စားရေး-သောက်ရေး ဘာတခုမှ လိုလေသေးမရှိအောင် ထောက်ပံ့ပေးထားခဲ့သူမို့လည်း အသက် နည်းနည်း ပိုရှည်လိမ့်အုံးမယ်လို့ ယူဆခဲ့မိသူပါ…။ ဒီအတွက်လည်း အဖေ့ကို လျှော့သောက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့သူပါ…။ အခုတော့ အဖေက ကျုပ် ရည်ရွယ်မျှော်မှန်းထားတဲ့ ပန်းတိုင်မရောက်ခင် လူ့ဘဝကြီးမှ ထွက်ခွာသွားခဲ့လေပြီ…။ ထွက်ခွာသွားခဲ့လေပြီ…။

တကယ်တော့ အခုလို အဖေ အသေစောခဲ့ရတာဟာ ကျုပ်က တရားခံလို့ ဆိုကြပါတယ်။ နေစရာ ဗလာနတ္ထိ ဖြစ်နေတဲ့ မိဘတွေကို မကြည့်ရက်တာကြောင့် ကျုပ်ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ “အငယ်ဆုံး ညီမလေး ၁၀ တန်းအောင်မှ မိဘတွေအတွက် စဉ်းစားမယ်”ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂ နှစ်စောကာ ပြန်လည်ပြင်ဆင်ခဲ့ပြီး အားလုံးအဆင်ပြေအောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျုပ်ရဲ့ အနာဂါတ် မိသားစုမျှော်မှန်းချက် ရည်ရွယ်ချက်တွေကို အသေအခြာ ရှင်းပြခဲ့ပါသေးတယ်။ အဖေကလည်း နားလည်သဘောပေါက်ကာ နည်းနည်းပါးပါးသောက်ပြီး အေးအေးဆေးဆေး နေတော့မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အရက်သမား အဖေ့စကားကို မယုံတဝက်-ယုံတဝက် ရယ်ပါ…။

အစပိုင်း သုံးလေးလလောက်က အခြေအနေကောင်းနေပေမဲ့ နောက်ပိုင်းမှာတော့ အဖေက ဗွေဖောက်ကာ သောက်လာတဲ့အသံတွေ ကြားနေရပါတယ်။ ဒီနယ်-ဒီရွာမှာ “ငါ့သားသမီးတွေလို မိဘကို ဂရုစိုက်တဲ့ကောင် ဘယ်ကောင်ရှိလဲကွ..” ဆိုတဲ့ တလွဲဂုဏ်ယူဝင့်ကြွားမှုတွေနဲ့အတူ မူးချင်တိုင်း မူးနေပါတော့တယ်…။ နဂိုကလည်း မျိုးရိုးနဲ့ချမ်းသာလာခဲ့သူ…၊ အထည်ကြီးပျက် သမဥက္ကဌ လုပ်လာခဲ့သူ…၊ အခုလည်း သူလိုချင်တာ ရနေတော့ သောက်ဖော်-စားဖက်တွေ တရုံးရုံးနဲ့ နေမှာပေါ့။ ကျုပ်တို့ သားသမီးတွေက သူတို့အတွက် လိုလေသေးမရှိအောင် ထောက်ပံပေးထားတာကို ရွာထဲမှာ ကြွားလို့မဆုံး-ဝါလို့မဆုံး…၊ ပြီးတာနဲ့ အဲဒါကို အကြောင်းပြုလို့ နေ့စဉ်ရက်ဆက် မိုးမလင်း သောက်…။ ဒါကြောင့် အချိန်မတန်သေးပဲနဲ့ အကြွေစောခဲ့တာ လို့ ဆိုကြပါတယ်။ နောက်ဆုံး နိဂုံးဆွဲလိုက်တော့ အားလုံးကို ဖန်တီးပေးခဲ့သူ ကျုပ်က တရားခံဖြစ်ပါလေရော…၊ ဖြစ်ပါလေရော…။

Sunday, March 8, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၉)

ည ၇ နာရီ ထိုးတော့မယ်ဆိုရင် နေလို့မရ ထိုင်လို့မရနဲ့ ကျုပ်ရင်တွေ တလှပ်လှပ် ခုန်နေတတ်ပြီ။ နာရီစက်သံနဲ့ အမျှပေါ့…။ ၇ နာရီအတိ ဆိုတာနဲ့ သူမဆီကို ဖုံးဆက်တတ်နေပြီ…။ သူမကလည်း အမြဲတန်း အဆင်သင့်…။ လွဲချော်သွားခဲ့တယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့…။ သူမနဲ့ စကားပြောခွင့်ရလို့ အခွင့်အခါကြုံတိုင်း တောသားဖြစ်တဲ့ ကျုပ်ဘဝနောက်ကြောင်းကို အမြဲတန်းလိုလို အသိပေးခဲ့ပါတယ်။ ဒါမှလည်း ကျုပ်က ရှေ့တဆင့်တက်လို့ တိုးခဲ့ရင် သူမ လက်ခံစဉ်းစားပေးနိုင်မှာပေါ့။ ဒီအပေါ်မှာ တုန့်ပြန်မှုပြုတဲ့ သူမရဲ့သဘောထား အခြေအနေကို ထောက်ရှုလို့ ကျုပ်ကလည်း ရှေ့ဆက် တိုးသင့်-မတိုးသင့် စဉ်းစားဆုံးဖြတ်ရမှာလေ…။ အကယ်၍ သူမက ကျုပ်ဘဝကို နားလည်မှု မပေးနိုင်ဘူးလို့ (ကျုပ်ကိုယ်တိုင် တဘက်သတ်)ယူဆခဲ့ရင်… ရှေ့ဆက်မတိုးဖို့ စဉ်းစားထားသူပါ။ ဒါကြောင့်လည်း ကျုပ်ဘဝမှန်ကို တွင်တွင်ကြီး ပြောနေရင်း သူမရဲ့သဘောထားကိုလည်း စောင့်မျှော် အကဲဖြတ်နေရတာပေါ့။ သူမကတော့ “ ကဲ… ကိုရွှေတောသားကြီး ဒီတခါ ဘာတွေပြောအုံးမှာလဲ…”လို့ စတတ် နောက်တတ်နေပါပြီ။ ကျုပ်ကလည်း “ဒီအချိန် ရောက်ရင်နော်ဗျာ.. ကျနော့်စိတ်တွေ ဖောက်ဖောက်လာတယ်…” ဆိုတဲ့ သီချင်းစာသားလေးလို… ည ၇ နာရီ ထိုးတော့မယ်ဆိုတာနဲ့ ကျုပ်စိတ်တွေ… ကျုပ်စိတ်တွေ…။

ဒီလိုနဲ့ မဟာတန်း ဒုတိယနှစ် (M-2 Second Semester) ဖြေခါနီး နှစ်ပတ်အလို… တနေ့မှာတော့ ညီတော်မောင်က ကျုပ်ရှိရာ ရာမညဆောင်ကို ထူးခြားစွာ လိုက်လာပါတယ်။ ကျုပ်ကို တွေ့တာနဲ့ “ဒီနေ့မနက်စောစော အဖေ ရုတ်တရက် ဆုံးသွားပြီ”လို့ ရွာက ဖုံးဆက်တဲ့အကြောင်း တိုက်ရိုက်ပြောပါတော့တယ်။ ကျုပ်လည်း ရုတ်တရက် ဘာလုပ်လို့ ဘာပြောရမှန်း မသိ။ ညီတော်မောင်က “အဖေက ဒီနေ့ လကွယ်ဥဗုဓ်နေ့ကြီး ဆုံးတာမို့ ရွာထုံးစံအရ နေ့ချင်းပြီး ချရမယ်…၊ နေ့ကူးလို့ မရဘူး…တဲ့၊ အဲဒါ ရွာကလူတွေက မင့်သဘောထားကို သိချင်နေတယ်…၊ ဘာဆက်လုပ်ရမယ်ဆိုတာကို နေ့လည် ၂ နာရီလောက် ကိုအောင်ဆင် လာပြီး အဒေါ်အိမ်က ဖုံးကို ပြန်ဆက်လိမ့်မယ်”လို့ ဆက်ပြောပြန်ပါတယ်။ ကျုပ်လည်း ကိုသောင်းကြည်ကို အကျိုးအကြောင်း ရှင်းပြလိုက်ပြီး ဆရာ-ဆရာမတွေထံ ခွင့်တစ်ပတ် တင်ပေးဖို့ မောတ္တာရပ်ခံကာ ညီအကိုနှစ်ယောက် အဒေါ်အိမ်ရှိရာ ခြောက်မိုင်ခွဲကို ချီတက်ကြပါတယ်။

အဒေါ်အိမ်ရောက်တော့ အလုပ်လုပ်နေတဲ့ ညီမအကြီးက ပြန်ရောက်နေပြီး တရှုံ့ရှုံ့ ငိုနေလေပြီ…။ ကျုပ်တို့ကလည်း နှစ်သိမ့်ယုံမှတပါး ဘာမှ မတတ်နိုင်…။ ညီတော်မောင်ကိုတော့ “မင်း အလုပ်က မှာစရာ ရှိတာတွေ မှာပါ… လွှဲရမယ့်ဟာတွေ လွှဲပါ…၊ အနည်းဆုံး တစ်ပတ်ကြာမယ်…၊ ပြီးတာနဲ့ အထုပ်အပိုး ပြင်ပါ… ဒီနေ့ညနေ ၅ နာရီ အမြန်နဲ့ မှီအောင် လိုက်မယ်” လို့ အမိန့် ပေးလိုက်ပါတယ်။ ၂ နာရီ ခွဲလောက်မှာတော့ ကျုပ်သူငယ်ချင်း အောင်ဆင် ဖုံးဆက်လာပါတယ်။ သူက “ရွာက အမျိုးတွေကတော့ မင်းတို့အလာကို စောင့်စေချင်ကြတယ်…။ ဒါပေမဲ့ ရွာထဲက လူကြီးတွေ နဲ့ အများစုကတော့ ရွာထုံးစံကို မပစ်ပယ်သင့်ဘူး…၊ တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ…၊ ရွာကို တခုခု ထိခိုက်လာရင် ဘယ်သူက တာဝန်ယူမှာလဲ…ဆိုပြီး မင်းတို့ ရောက်တဲ့အထိ မစောင့်ပဲ နေ့ချင်းပြီး ချဖို့ ပြောနေကြတယ်” လို့ ဆိုပါတယ်။ ကျုပ်လည်း “ အေးကွာ… အဲဒီလိုဖြစ်နေရင်လည်း ရွာဦးကျောင်းက ဆရာတော်ကြီးကို သေခြာတင်ပြလျှောက်ထားပြီး ဆရာတော်ကြီးရဲ့ သဘောဆန္ဒအတိုင်း လုပ်လိုက်ပါ။ နေ့မကူးရလို့ ချက်ချင်း လုပ်ရမယ်ဆိုရင်… ကောင်းကောင်းမွန်မွန် ဖြစ်အောင် ဝိုင်းဝန်းကူညီပေးဖို့ မောတ္တာရပ်ခံလိုက်ပြီး… ငါတို့ ညီအကိုနှစ်ယောက်လည်း အခု ညနေ ၅ နာရီ ရထားနဲ့ လိုက်လာပြီး မနက်ဖန်ညနေ ၄ နာရီလောက် ရွာကို ရောက်မယ်လို့ ပြောလိုက်ပါတယ်။

ပြီးတာနဲ့ ကျုပ်လည်း အဆောင်ပြန်ကာ အထုပ်အပိုး ပြင်ရပါတယ်။ စာမေးပွဲက နီးနေတာမို့ စာ ဖတ်ဖြစ်လို ဖတ်ဖြစ်ငြား စာအုပ်တွေ အကုန်သယ်ရတာပေါ့။ အဒေါ်အိမ် ပြန်ရောက်တော့ ငိုနေတဲ့ ညီမအကြီးက “သူလည်း လိုက်ချင်တယ်” လို့ မျက်ရည်ဆက်လက်နဲ့ နားပူနားစာ လုပ်နေတာကို “ရထားလက်မှတ် အခက်အခဲ…၊ နောက်ပြီး ဒီအတိုင်းဆိုရင် အဖေ့အလောင်းကို မြင်တွေ့ခွင့် မရနိုင်တာတွေ…စသည်ဖြင့် ”နားလည်လက်ခံလာအောင် ရှင်းပြရပါတယ်။ ကျန်ညီတော်မောင်တွေကိုတော့ နောက်နေ့မှ အကြောင်းကြားပေးဖို့ အဒေါ်ကို မှာကြားပြီး ညီအကိုနှစ်ယောက် ရန်ကုန်ဘူတာကြီးကို ဆင်းကာ… ကံအားလျှော်စွာ ရရှိတဲ့ အထက်တန်းထိုင်ခုံလက်မှတ်နဲ့ မွေးသဖခင်-ကျေးဇူးရှင်ကြီး ရုတ်တရက် နှုတ်မဆက်ပဲ ကြွေလွင့်ခဲ့ရာ မွေးရပ်မြေဆီသို့…၊ မွေးရပ်မြေဆီသို့…။

Saturday, March 7, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၈)

တစ်နေ့မှာတော့ သူမက“ ကိုမိုးစံကို အပြင်မှာ အလုပ် လုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်” လို့ ဆိုလာပါတယ်။ ကျုပ်ကလည်း “ရတယ်လေ… ဘယ်အချိန်မှာ ဘယ်မှာ တွေ့ကြမလဲ”လို့ မေးလိုက်တာပေါ့…။ သူမက “ဒီနေ့ နေ့လည်အတန်းပြီးတဲ့အချိန် သုံးနာရီလောက် သူတို့နှစ်ယောက် ဒီကိုလာပြီး ဂန္တဝင်အပေါ်ထပ်မှာ စောင့်နေကြလိမ့်မယ်”လို့ ဆိုလိုက်တော့… အိုကေ..သုံးနာရီအရောက် လာခဲ့မယ်လို့ ကတိပေးလိုက်ပါတယ်။ သူမက တဆင့်တက်လို့ ကျုပ်ကို အကဲဖြတ်တော့မယ် ထင်ပါရဲ့…။

အတန်းပြီးလို့ ဂန္တဝင် ရောက်တော့ သူတို့သုံးယောက်က ရယ်ကာ မောကာနဲ့ အဖွဲ့ကျလို့ နေကြပါပြီ။ ကျုပ်လည်း အူကြောင်ကြောင်နဲ့ သူတို့အဖွဲ့ကို ပြုံးပြလိုက်ရင်း ဝင်ထိုင်လိုက်တာပေါ့။ သူမက ဘာသောက်မလဲ မေးတော့… ထုံးစံအတိုင်း ပုံမှန်ပေါ့လို့ ဖြေလိုက်ရင်း သူ့သူငယ်ချင်းနှစ်ယောက်ကို တပြိုင်တည်း အကဲခတ်လိုက်ပါတယ်။ စားစရာ-သောက်စရာ မှာအပြီးမှာတော့ အမည်နာမတွေ ပြောလို့ တရားဝင် မိတ်ဆက်ကြတာပေါ့။ တစ်ယောက်က သာကေတ…. နောက်တစ်ယောက်က ဗိုလ်တထောင်ကလို့ ထင်တာပါပဲ…။ နှစ်ယောက်လုံးက အပြင်မှာ ရှေ့နေ လုပ်နေကြသူတွေ…။ စကားနည်းတဲ့ ကျုပ်လည်း ရှေ့နေတွေ အဆွယ်ကောင်းတာကြောင့် စကားများများပြောခဲ့ရတာပေါ့။ သူတို့က ကျုပ်ကို ရှေ့ဆောင်မေးခွန်းလေးတွေ မေးရင်း အကဲဖြတ်နေမှန်း ရိပ်စားမိခဲ့ပါတယ်။ သူတို့ရဲ့ တစ်ချို့သောမေးခွန်းလေးတွေကို ကျုပ်က တိုက်ရိုက်မဖြေပဲ သူမကို ကြည့်နေလိုက်တဲ့အခါ… သူမက ပြုံးလို့ ရယ်လို့ပေါ့…။ ပြီးတော့ သူတို့နှစ်ယောက်လည်း ရယ်ကြပြန်ပါလေရော…။ အဲဒီနေ့က ညနေ လေးနာရီကျော်ကျော်လောက်မှာ ကျုပ်နဲ့ သူမတို့အဖွဲ့ လမ်းခွဲခဲ့ကြပါတယ်။

ကျုပ်ကို လေ့လာခဲ့တဲ့ ဒီသူငယ်ချင်း နှစ်ယောက်ရဲ့အကဲဖြတ်ချက်အပေါ်မှာ အခြေပြုလို့ ကျုပ်နဲ့ သူမရဲ့ဆက်ဆံရေးကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ကျုပ်ကို အကဲခတ်လေ့လာနေမှန်း သိခဲ့ပေမယ့် သူတို့မေးသမျှကို မုသားမပါ အမှန်အတိုင်းပဲ ဖြေခဲ့ပါတယ်။ ကျုပ်ဘဝအခြေအနေမှန်ကို သိရလို့ အမူအယာ ပြောင်းလဲသွားခဲ့မယ်ဆိုရင်လည်း အတိတ်ကံကြမ္မာကို ယိုးမယ်ဖွဲ့လို့ ကျေနပ်နေမယ့် သူပါ။ ကျေနပ်နိုင်သူပါ…။ ဘဝအမှန်ကို ဖုံးကွယ်လို့ မိန်းမအကြိုက် ဟန်ဆောင်မုသားတွေ သုံးကာ ကြိုးစားမှ သူမရဲ့မောတ္တာတရားကို ရမယ်ဆိုရင်... အဲဒီလမ်းကို ကျုပ်က ဘယ်တော့မှ မလျှောက်…။ ဘယ်တော့မှ မလျှောက်…။

ဒါပေမဲ့ ကျုပ်အတွက် ကံကြမ္မာက မျက်နှာသာပေးခဲ့တယ်လို့ ဆိုရမှာပါ။ နောက်ပိုင်းရက်တွေမှာလည်း သူမနဲ့ ကျုပ်တို့အဖွဲ့ အခင်အမင်မပျက် ပုံမှန်အတိုင်း ရှိနေခဲ့ပါတယ်…။ ဒီလိုနဲ့ တစ်ရက်မှာတော့… သူမက “နေ့စဉ် သူမ ရှိနေမယ့်အချိန်နဲ့ သူမကို ဆက်သွယ်လို့ ရတဲ့ နံပါတ်လေး တစ်ခုကို ပေးခဲ့ပါတယ်ဆိုရင်…။ ပေးခဲ့ပါတယ်ဆိုရင်…။

Thursday, March 5, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၇)

သူမနဲ့ နီးဖို့အရေး ရှေ့ဆက် တလှမ်းတိုးကြည့်ဖို့ အတန်းဖော် ညီမငယ်တွေကို မီးစိမ်းပြလိုက်ပါတယ်။ သူတို့ကလည်း လိုလိုချင်ချင်ကို အားကြိုးမာန်တက် ကူညီမှု ပေးခဲ့ကြတာပါ။ ကျေးဇူးပါ ညီမငယ်တို့ရေ...။ ဒီလိုနဲ့ တပတ်လောက်အကြာ တနေ့မှာပေါ့...။ ညီမငယ်တွေက “ကိုမိုးစံ ဒီနေ့ မနက်ပိုင်းအတန်းပြီးလို့ နေ့လည်ထမင်းစားချိန်ရောက်ရင် ဂန္တဝင်က စောင့်နေပါ… ဘာမှ မှာမထားနဲ့အုံး…၊ ညီမတို့ သူ့ကို ခေါ်လာခဲ့မယ်” လို့ ဆိုပါတယ်။ ကျုပ်ကတော့ “နင်တို့ဟာက ဟုတ်မှလည်း လုပ်ကြပါဟာ… တော်ကြာ ငါ အရူးဖြစ်နေပါအုံးမယ်” လို့ မယုံတဝက်-ယုံတဝက်နဲ့ ခွန်းတုန့်လိုက်ပြန်တော့… စွာတေးမလေး ချိုချိုက “ လျှာမရှည်နဲ့… စောင့်မှာသာ စောင့်နေ…၊ ခိုင်းတဲ့အတိုင်း လုပ်”လို့ အမိန့်ပေးပြန်ပါတယ်။ ကျုပ်လည်း အဲဒီနေ့က ဂန္တဝင် အတွင်းဘက်က စားပွဲဝိုင်းကြီးမှာ တစ်ယောက်တည်း ရင်တထိတ်ထိတ်နဲ့ စောင့်လို့နေခဲ့ရတာပေါ့…။

မကြာလှတဲ့အချိန်မှာ သူမနဲ့အတူ သူတို့တဖွဲ့လုံး ကျုပ်ရှိရာကို ကြွမြန်းလို့ လာခဲ့ကြပါတယ်။ အဲဒီကျမှ တယောက်နဲ့တယောက် ပထမဆုံးအကြိမ်အဖြစ် တရားဝင် မိတ်ဆက်ကြတာပေါ့။ ဒီလောက် တည်ကြည် ခန့်ငြားလှတဲ့ သူမကို အရင်နှစ်က M-1 မှာ ဘာကြောင့် မတွေ့မိတာပါလိမ့်လို့ စဉ်းစားရင်း ကိုယ့်ကိုကိုယ်တောင် မကျေမနပ် ဖြစ်ခဲ့မိပါတယ်။ အရင်နှစ်က သိပ်မတွေ့မိပါဘူးလို့ သူမကို ပြောလိုက်တဲ့အခါ… သူမက “လက်ဘက်ရည်ဆိုင်တွေ-ဘာတွေ မထိုင်ဖြစ်ဘူး…၊ အိမ်က အပို့-အကြို လုပ်တာကြောင့် အတန်းပြီးတာနဲ့ အိမ်ကို တန်းပြန်ရတယ်” လို့ ဆိုပါတယ်။ ဒီနှစ်တော့ ကိုယ်တိုင် ကားမောင်းလို့ တက်နေသူပါ…။ သူတို့တတွေ စားရင်းသောက်ရင်း ပြောကြ-ဆိုကြတာတွေကို နားထောင်ရင်း သူမကို ငေးလို့ ကြည့်နေခဲ့ရသူက ကျုပ်ပေါ့…။ ကျုပ်ရဲ့ ပင်ကိုယ်စရိုက်ကိုက စကားနည်းသလို… မိန်းခလေးတွေနဲ့ စကားမပြောတတ်တာကြောင့်လည်း အမှားပါမှာကို စိုးရိမ်ကြောင့်ကြနေတတ်သူပါ။ သူမကတော့ ကျုပ်နဲ့ဆန့်ကျင်ဘက် ဖြစ်ပါလိမ့်မယ်…။ ဥပဒေပညာကို သင်ယူနေသူမို့လားမသိ…၊ စကားဝိုင်းကို ဦးစီးဦးဆောင် ပြုကာ ပြောဆိုနိုင်သူပါ…။ ပြီးတော့ ကျုပ်က ခတ်ရွံ့ရွံ့-ခတ်ရှက်ရှက်…။ သူမက သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိတဲ့ပုံ…။ သူမက ကျုပ်တို့လို လက်ဘက်ရည် မကြိုက်…။ ကိုကာကိုလာကိုမှ သောက်တတ်သူ…။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆုံတွေ့မှုလေးက ကျုပ်ဘဝရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီနေ့က အစပြုလို့ သူမ နဲ့ ကျုပ်တို့အဖွဲ့ အမြဲတမ်းလိုလို အတူထိုင်ဖြစ်ကြပါတယ်။ ကျုပ်တို့က မနက်ပိုင်းအတန်း စောပြီးရင် သူမကို စောင့်…။ သူမက အတန်းဆင်းတာ စောခဲ့ရင် ကျုပ်တို့ကို စောင့်ပေါ့။ ဒီလိုနဲ့ တယောက်နဲ့တယောက် ပိုမို ရင်းနှီးခွင့် ရခဲ့သလို… တခါတလေတော့လည်း ဇွတ်အတင်းပို့တဲ့ ညီမငယ်တွေကြောင့် မျက်နှာပူခဲ့ရတာတွေလည်း အကြိမ်ပေါင်း မနည်းလှပါဘူး။ သူမကတော့ ဘယ်လိုနေမယ် မသိ…။ ကျုပ်ကတော့ အဲဒါလေးကိုပဲ ရှေ့မျက်နှာ နောက်ထားလို့ ကျေနပ်ပီတိ ဖြစ်နေခဲ့ရသူပါ…။ ဖြစ်နေခဲ့ရသူပါ…။

Tuesday, March 3, 2009

ထွေရာလေးပါး မိတ်ဆွေများ

မနေ့က ဆင်းဒိုင်မြို့ နေအိမ်မှာ ပြုလုပ်တဲ့ ကျုပ်တို့ဂျူနီယာ မိုးကုတ်သူဌေးလေးရဲ့ (၃၅ )နှစ်မြောက် မွေးနေ့ပွဲကို ရောက်ခဲ့ပါတယ်။ ကျုပ်တို့ ဒေသခံဘော်ဒါတွေအပြင် ရာမဂတတောင်ပေါ်စခန်းက မင်းသမီးနှစ်ယောက်လည်း ကြွရောက်လို့ အားပေးခဲ့ကြတာပေါ့။ မွေးနေ့ရှင်ရဲ့စေတနာတွေက ပိုလွန်းတယ် ထင်ပါရဲ့…။ ရှမ်းခေါက်ဆွဲတို့ဟူးနွေးက စားလို့ကောင်းသလို ကြက်အကောင်လိုက် ပေါင်းကြီးကလည်း နှစ်ခုတောင်…။ ပြီးတော့ ကော်ဖီ၊ ဂျင်းလက်ဖက်သုတ်နဲ့ ရေနွေးကြမ်း…။ ဒီပွဲမှာ ရှားပါးလှတဲ့ သူတို့တတွေရဲ့အပြုံးတွေကို မထင်မှတ်ပဲ တွေ့ရပြန်တော့ ပေပါရီဂျက် ထိခံထားရလို့ စိတ်ညစ်နေတဲ့ ကျုပ်တောင် လတ်ဆတ်လန်းဆန်းလာခဲ့သလိုလို…။

မန္တလေးတောင်ထိပ်မှ ဒေါ်မြိုင်က ဌာနတွင်းဆယ်မီနာ ရှိလို့ မွေးနေ့ရှင်ကို နှုတ်ဆက်ခါ ပြန်အသွား
ရန်ကုန်သားလူတော်လေး ဗိုလ်အောင်ကိုသက်က တစ်စခန်း ထပြန်ပါတယ်။ “ဆရာ… ကျနော့်နှလုံးလမ်းကြောင်းမှာလည်း ကျွန်းခံနေတယ်” ဆိုပြီး သူ့လက်ဝါးကြီးကို ဖြန့်လို့ ပြတာပေါ့…။ ကျုပ်ကလည်း သူ့လက်ဝါးကြီးကို ကြည့်လိုက်ပြီး“ ဒါဆို အခုဟာက ဘယ်နှယောက်မြောက် ကျန်ရစ်လဲ…”လို့ မေးလိုက်ရော… သူက “ရှူး…တိုးတိုးလုပ်ပါဆရာ…။ ဒါက စီးကရက်လေ…၊ ကျနော့်မှာ ဒါလေးပဲ ရှိတာပါ… အချွန်နဲ့ မ မပါနဲ့ဗျာ”လို့ ပျာပျာသလဲ ဆိုပြန်ပါလေရော…။ ကောင်းလေစွတကား…။
(ကျုပ်ကတော့ မနေနိုင်လို့ အချွန်နဲ့ မ လိုက်မိပြန်ပြီ…)။

ဒီပွဲမှာ မကြာသေးခင်ကမှ ရွှေပြည်တော်က ပြန်ရောက်လာကာ အပျိုကြီးဘဝက ဝတ်ကျွတ်တော့မယ့်(မသေခြာသေးဘူးနော်..) ဒေါ်ဆိုးကြီးကတော့ “မိန်းခလေးတွေအတွက် အိမ်ထောင်ပြုခြင်းဟာ အကောင်းဆုံး” ဆိုတဲ့ အိမ်ထောင်ရေးသီအိုရီတွေကို ဖေါင်ဖွဲ့အောင် ပြောနေလေရဲ့…။ ကျုပ်တို့အိမ်ထောင်ရှင်တွေက သူနဲ့အပြိုင် “ဒုက္ခမရှာပဲ တစ်ယောက်တည်း နေတာက ကောင်းပါလိမ့်မယ်”လို့ ပြန်လှန်ဆွေးနွေးကြရင် ဖိုက်တင်ပလေးရဖို့ သေခြာတာမို့ ငြိမ်ငြိမ်လေး ကုတ်နေကြရပါတယ်။ သူက အခုမှ...၊ အခုမှ...။ သူ့ဂျူနီယာ ကချင်သူလေး လွယ်ဆမ်နဲ့ ကွန်ပျူတာအိတ်စ်ပတ်လေး နှင်းယု တို့ကတော့ သူပြောသမျှ မေးထောက်ကာ ဟုတ်သလိုလို-မဟုတ်သလိုလိုနဲ့ နားထောင်နေခဲ့ကြတာပေါ့။ ကချင်မလေးကလည်း ခေသူမဟုတ်...။ စားရင်းသောက်ရင်း ပါးစပ်က တော်ပါပြီ... တော်ပါပြီ... ပြန်တော့မယ် ပြောနေပေမဲ့ လက်ထဲက ပန်းကန်ပြားကို လှမ်းပေးကာ နောက်ထပ် ထပ်ထည့်ပေးဖို့ အမူအရာနဲ့ ပြောတတ်သူပါ။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို စောင့်ထိန်းသူ ညီမလေး နှင်းယုကတော့ သိတတ်သူပီပီ အိုက်ဒိုးပန်းကန်ဆေး လုပ်လိုက်ရတာကြောင့် “အငယ်ဖြစ်ရတာ မကောင်းဘူး” ဆိုတဲ့ အသံ ထွက်လာသည်အထိ ညည်းညူရှာပါတယ်။ မွေးနေ့ရှင်ကြီးကတော့ သူ့ထုံးစံအတိုင်း လာသမျှလူတွေကို သူ့ချစ်ဇနီးချောနဲ့ ချစ်သမီးလှတို့ရဲ့ ဓါတ်ပုံတွေကို မလွတ်တမ်း ထုတ်ကာ ကြွားရင်း ဘာစားအုံးမလဲ… ဘာသောက်အုံးမလဲ..နဲ့ ထပ်ခါတလဲလဲ မေးလို့နေခဲ့ပြန်ပါတယ်။ ဒီ(၃၅)နှစ်မြောက် မွေးနေ့မှသည် ဒီချစ်ဇနီး-ချစ်သမီးတို့နဲ့အတူ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ မိုးကုတ်သူဌေးလေးရေ…။

မွေးနေ့ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ လူက ငြီးစီစီဖြစ်လို့ နေပြန်ပါတယ်။ စာဖတ်ရရင် ကောင်းမလား…၊ စာရေးရင် ကောင်းမလား စဉ်းစားရင်း စဉ်းစားရင်း “ဘဝတစေ့တစောင်း”ကို အနည်းငယ် စလိုက်မိပါတယ်။ ဒါပေမဲ့ ရှေ့ဆက် တိုးလို့မရ…။ ရန်ကုန်သားလေးလိုပဲ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့ကျုပ်က လွမ်းလို့ကျန်ရစ်ခဲ့မှာကို သိပါလျှက်နဲ့ သူမနဲ့နီးဖို့အရေး ရှေ့ဆက် တစ်လှမ်းတိုးခဲ့မိသူပါ…။ ရှေ့ဆက် တစ်လှမ်းတိုးမိခဲ့သူပါ…။

Monday, March 2, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၆)

သူမကို ကူညီမှုပေးလိုက်ရတဲ့ ဘက်ထရီပလပ်ခေါင်းလေးအကြောင်း တရေးရေးတွေးမိရင်း ကျုပ်ရဲ့ဇာတ်လိုက်ကျော် တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမြင့်နွယ်ကို သတိယလာပြန်ပါတော့တယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့“နှင်းငွေ့တစ်ထောင့် မိုးတမှောင့်” ဇာတ်လမ်းမှာ ဆရာ ဒေါက်တာမြင့်နွယ် နဲ့ မွန်မွန် တို့နှစ်ယောက် တွေ့ဆုံခြင်းအစကလည်း မော်တော်ကားလေး မဟုတ်ပါလား…။ စက်နှိုးလို့မရတဲ့ မွန်မွန်တို့ကားကလေးကို သေခြာစစ်ဆေးပြီး ဒီစတြီဗြူတာ ကက်ပ်ဖုံးလေးကို ပြုပြင်လဲပေးလိုက်ခြင်းအားဖြင့် ကူညီမှုပေးခဲ့သူက စိတ်ပညာ ကထိကဆရာ နိုင်ငံခြားပြန် ဒေါက်တာမြင့်နွယ်ပါ။ အဲဒီတွေ့ဆုံကူညီမှုက အစပြုလို့ ဆရာ နဲ့ မွန်မွန်…၊ ဆရာ နဲ့ မွန်မွန်…။

ကျုပ်က ဒေါက်တာမြင့်နွယ်လို တက္ကသိုလ်ဆရာ မဟုတ်သလို… နိုင်ငံခြားပြန်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာ့ကို အင်မတန် အားကျခဲ့သူပါ။ ဝတ္ထုထဲမှာ ဆရာက ဆင်းရဲနွမ်းပါးသူ အမေတစ်ခု-သားတစ်ခု…။ ပညာထူးချွန်သူ ဆရာက ဝပ်ခ်ရှော့သမားဘဝနဲ့ မိခင်ကို လုပ်ကျွေးပြုစုရင်း တက္ကသိုလ်ဆရာတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့သူ…။ ထိုမှတစ်ဆင့် နိုင်ငံခြားပညာသင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသူ…၊ နိုင်ငံခြားမှ စိတ်ပညာဒေါက်တာဘွဲ့ကြီး ဆွတ်ခူးရရှိခဲ့သူ ပညာရှင်…။ ကျုပ်ကတော့ ညီအစ်ကို မောင်နှမတွေ များပြားလှတဲ့ ဆင်းရဲသားမိသားစုမှ သားကြီးသြရဿ…။ ဆရာ့လို ပညာ မထူးချွန်ပေမယ့် စာဖတ်တာကို ဝါသနာထုံသူ…။ ဆရာ့လို တက္ကသိုလ်ကထိကကြီး မဟုတ်ပေမဲ့ အခြေအနေပေးလာရင်တော့ တက္ကသိုလ်ဆရာ ဖြစ်ချင်သူ…။ အခွင့်အခါ ကြုံကြိုက်လာခဲ့ရင် ဆရာ့လို စိတ်ပညာဒေါက်တာဘွဲ့ကြီးကို နိုင်ငံရပ်ခြားမှ ရယူကြိုးစားချင်သူ…။ ဆရာ့လိုပဲ အမှတ်တမဲ့ ဆုံတွေ့မှုမှသည် ချစ်သူတွေဘဝ ရောက်ချင်ခဲ့သူ…။

တကယ်တော့ စိတ်ကူးယဉ်ဝတ္ထုဇာတ်လမ်း နဲ့ လက်တွေ့ဘဝဟာ ကွာခြားလွန်းလှပါတယ်။ ကျုပ်ကသာ စိတ်ကူးယဉ်ဇာတ်ကောင် ဆရာဒေါက်တာမြင့်နွယ်ကို မိုက်ရူးရဲဆန်စွာ အားကျနေမိခဲ့သူပါ…။ သူ့လို ဆရာတစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုတာ သိပေမယ့် မိုက်မဲစွာ တမ်းတနေမိသူပါ…။ အခုလည်း တိုက်ဆိုင်ခြင်းကူညီဆုံတွေ့မှု တစ်ခုကို အကြောင်းပြုလို့ ဆရာ့လို နှလုံးသားရေးရာ ကံကောင်းသူတစ်ယောက် ဖြစ်လာချင်ခဲ့သူ…။ ကားကက်ပ်ဖုံးလေးကို အခြေပြုလို့ ဆရာဒေါက်တာမြင့်နွယ်နဲ့ မွန်မွန်တို့ ပေါင်းဖက်ခွင့် ရခဲ့ကြသလို… ကျုပ်လည်း ကားဘက်ထရီ ပလပ်ခေါင်းကလေးကို အကြောင်းပြုလို့ သူမနဲ့ ဆုံစည်းခွင့် ရခဲ့မယ်ဆိုရင်…၊ ရခဲ့မယ်ဆိုရင်…။

Sunday, March 1, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၅)

ဘဝနောက်ကြောင်းကို ပြန်လည်ငဲ့ကြည့်ရင်း သူမနဲ့အနီးဆုံးနေရာ ရောက်အောင် ရှေ့ဆက်တိုးဖို့ ချိန်ဆ…ချိန်ဆ လုပ်နေတဲ့ ကျုပ်ကို ညီမငယ်တွေက အတင်းဖိအားပေးပါတော့တယ်။ သူတို့ပြောတာက “ကိုမိုးစံ စဉ်းစားတာတွေက ဒိတ်အောက်နေပြီ…၊ ဒီခေတ်မှာ ဒါတွေ မလိုတော့ဘူး…၊ သူလည်း မဟာတန်း တက်နေတာ… ကိုယ်လည်း မဟာတန်း တက်နေတာ… အားလုံးအတူတူပဲ…၊ သူမနဲ့ ရင်းနှီးအောင် လုပ်ပြီး လေ့လာကာ Propose လုပ်ရမှာက ကိုယ့်အလုပ်…၊ လက်ခံစဉ်းစား-မစဉ်းစားတာက သူမအလုပ်…” လို့ ဆိုပါတယ်။ ပြီးတာနဲ့ “ကိုမိုးစံဘက်က အိုကေတယ်ဆိုရင် ကျန်တာ သူတို့တာဝန်ထား” လို့ ဆက်ပြန်ပါတယ်။ ကျုပ်ကတော့ “ နေကြပါအုံးဟာ… ငါလည်း အချိန်နည်းနည်း စောင့်ကြည့်ချင်ပါသေးတယ်” ဆိုပြီး တစ်ခန်း ရပ်လိုက်ကြတာပေါ့…။

ဒီလိုနဲ့ တစ်နေ့သော ညနေ ၃ နာရီလောက်မှာပေါ့။ အတန်းပြီးလို့ အိမ်မပြန်ကြသေးပဲ “ဂန္တဝင်” မှာ အပြင်မှာထိုင်ကာ လက်ဘက်ရည်သောက်ရင်း လေပန်းနေခဲ့ကြပါတယ်။ ကျုပ်တို့ ယောက်ျားလေးတွေကတော့ ဆိုင်ရှေ့က ဖြတ်သွားတဲ့သူမှန်သမျှကို ငေးချင်တာလည်း ပါတာပေါ့။ အဲဒီအချိန်မှာ ရာမညဆောင်ရှေ့ကနေ ကျုပ်တို့ရှိရာ ဂန္တဝင်ဆီကို ဦးတည်ကာ လာနေတဲ့ သူမကို အဝေးကနေ လှမ်းမြင်နေရပါတယ်။ ကျုပ်နဲ့ကိုသောင်းကြည်က လမ်းဘက်ကို မျက်နှာမူကာ ထိုင်နေတာဆိုတော့ တည့်တည့်ကြီးကို တွေ့နေရတာပေါ့။ ကိုသောင်းကြည်က ကျုပ်ကို လက်တို့ကာ မျက်စပစ် ပြနေပေမဲ့ ကျုပ်က (ခိုးကြည့်ကာ) မမြင်ချင်ယောင် ဆောင်ကာ နေလိုက်ပါတယ်။ သူမကလည်း ကားသော့လေးကို လက်ညှိုးကလေးနဲ့ ရမ်းခါ ရမ်းခါ ဆိုင်ထဲကို တန်းတန်းမတ်မတ် ဝင်လာပြီး ဟိုကြည့် ဒီကြည့် လုပ်နေပါသေးတယ်။ ကျုပ်ကတော့ သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို လာရှာတာလို့ တွက်လိုက်ပါတယ်။ ခဏကြာတော့ ကျုပ်တို့ဝိုင်း ရှိရာကို သူမ ရောက်လာပြီး“ ကား စက်နှိုးလို့ မရလို့...လိုက်ကြည့်ပေးပါ” ဟု ဆိုကာ ကားသော့ကို ကျုပ်လက်ထဲ ထည့်လိုက်ပါတော့တယ်။ ကျုပ်လည်း သူမ ပေးလိုက်တဲ့ ကားသော့ကို လက်ခံယူလိုက်ရင်း ထိုင်ရာမှ ထကာ ကားရှိရာ ရာမညဆောင်ရှေ့ကို နှစ်ယောက် အတူတူ ထွက်ခဲ့ကြပါတော့တယ်။

တကယ်တော့ ကျုပ်ကလည်း ကားအကြောင်းကို ဟုတ်တိပတ်တိ နားလည်တတ်ကျွမ်းတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ အသေးအမွှား ဆီပျောက်-မီးပျောက်လောက်ကိုသာ သိခဲ့သူပါ။ ကားဆီ ရောက်တော့ ကားသော့ကို ထိုးထည့်လိုက်ပြီး စက်နှိုးကြည့်လိုက်ပါတယ်။ “တက်” ဆိုတဲ့ အသံက လွဲလို့ ဘာမှ ထွက်မလာ…။ သေခြာအောင် နောက်ထပ် နှစ်ချက် သုံးချက် မွှေ့ကြည့်လိုက်ပါသေးတယ်။ အဟုတ်ကို နှိုးလို့ မရတာကြောင့် ဘောနပ်ဖုံးကို ဆွဲဖွင့်လိုက်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ်။ ဘောနပ်ဖုံးကို ဒေါက်တိုင်နဲ့ထောက်လိုက်ပြီး အင်ဂျင်ခန်းကို ဟိုကြည့် ဒီကြည့် လုပ်ရပါတော့တယ်။ သူမကလည်း ကျုပ်နောက်က လိုက်လို့ ကြည့်နေလေရဲ့။ တကယ်တော့ ကျုပ်က သူမရှေ့မှာ ဟိုကြည့် ဒီကြည့် လုပ်နေပေမဲ့ ကျုပ်ခေါင်းထဲမှာ စက်နှိုးလို့မရတဲ့ အကြောင်းရင်းကို စဉ်းစားနေတာပါ။ ကားက စက်နှိုးကြည့်လိုက်ရင် မော်တာ မွှေ့သံတောင် မကြားရတာမို့… ဒါဟာ ဆီပျောက်တာ မဖြစ်နိုင်…။ မီးပျောက်တာပဲ ဖြစ်ရမယ်…။ မီးပျောက်ရင် မီးရဲ့မူလအစ ဘက်ထရီကစလို့ တောက်လျှောက်စစ်ဆေးရမယ် ဆိုတာကို တွက်ချက်စဉ်းစားပြီး ဘက်ထရီကို ပထမဆုံး စတင်စစ်ဆေးပါတော့တယ်။

ကားက အဲဒီအချိန်က နောက်ဆုံးပေါ်ကား ဆိုတော့ ဘက်ထရီအိုးကအစ အင်ဂျင်ခန်းတစ်ခုလုံး ရှင်းလင်းနေပြီး အသစ်အနေအထားအတိုင်းပါပဲ။ ဘက်ထရီခေါင်းကို ကိုင်ကြည့်လိုက်တာနဲ့ သူ့ကို စွပ်ထားတဲ့ ပလပ်ခေါင်းက ချောင်နေတာကို တွေ့ရတာကြောင့် အဖြေကို ချက်ချင်းသိလိုက်ပါတယ်။ ပလပ်ခေါင်းကို ကျုပ်လက်နဲ့ တတ်နိုင်သလောက် ပြန်ကြပ်လိုက်ပြီး ကားကို စက်နှိုးကြည့်လိုက်ပါတယ်။ ကျုပ်ထင်တဲ့အတိုင်း ကားက စက်နှိုးလို့ နိုးသွားခဲ့တာပေါ့…။ အဲဒီကျမှ ကျုပ်လည်း ရှေ့ပိုင်းကို ပြန်လာပြီး“ အိမ်ရောက်ရင် ဘက်ထရီပလပ်ခေါင်းတွေကို ဒရိုက်ဘာကို သေခြာပြန်ကြပ်ခိုင်းဖို့” သူမကို မှာကြားရင်း ဘောနပ်ဖုံးကို ပိတ်လိုက်ကာ ကားကို နောက်ဆုတ်ပြီး ထွက်သွားဖို့ ပြောလိုက်ပါတော့တယ်။ သူမကတော့ ကျုပ်ကို ကျေးဇူးတင်စကားတွေ အထပ်ထပ်အခါခါ ပြောလို့ နေသေးတာပေါ့။

သူမရဲ့ အဖြူရောင်ကားကလေး ထွက်သွားတာကို မျက်စိတဆုံး ကြည့်ရင်း ကျန်ရစ်ခဲ့သူရဲ့ ရင်ထဲမှာတော့…၊ ကျန်ရစ်ခဲ့သူရဲ့ ရင်ထဲမှာတော့…။