Thursday, April 30, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၃)

ရာမညဆောင် အပေါ်ထပ်မှာ ရှိတဲ့ စိတ်ပညာဌာနကို ရောက်တော့ ပါမောက္ခဆရာမကြီးရှိရာ တန်းသွားလိုက်ပြီး အိတ်ပိတ် Recommendation Form မှာ ရေးဖြည့်ထောက်ခံပေးဖို့ မောတ္တာရပ်ခံလိုက်ပါတယ်။ ဆရာမကြီးကတော့ နမူနာချက်ချင်းရေးဖြည့်ကာ လှည်းတန်းလမ်းဆုံမှာ အင်္ဂလိပ်တိုက်ပ်နဲ့ ရိုက်စေပြီး လက်မှတ်ထိုး တံဆိပ်တုံးထုကာ ချိတ်ပိတ်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ ဆရာမကြီးကို ကျေးဇူးတင်စွာ နှုတ်ဆက်လျှက် ပါရဂူဘွဲ့ကြိုတန်း (Ph.D Prelim) တက်နေတဲ့ ကိုမောင်မောင်နိုင် (ယခု ဒေါက်တာမောင်မောင်နိုင်-အဝေးသင်) ကို ခေါ်ထုတ်ကာ မြို့ထဲကို မြန်းခဲ့ကြပြန်ပါတယ်။ မြို့ထဲမှာ မဟာဗန္ဓုလပန်းခြံအနီး ရှေ့နေများကောင်စီရုံးရှိရာ လမ်းဘေးဝဲယာမှာရှိတဲ့ ဖိုတိုကော်ပီဆိုင်တဆိုင်မှ တဆင့် အောင်လက်မှတ်-ဘွဲ့လက်မှတ်တွေကို နိုထရီ (Notary) လုပ်ရပါတယ်။ အင်္ဂလိပ်လက်နှိပ်စက်လည်း အဲဒီမှာ တခါတည်း ရိုက်လို့ရတာကြောင့် ညက လက်ရေးနဲ့ ဖြည့်ထားတဲ့ စာရွက်စာတမ်းတွေကို ပြကာ ကိုမောင်မောင်နိုင်ကို သေခြာရှင်းပြရပါတယ်။ အင်္ဂလိပ်တိုက်ပ် နဲ့ ဖြည့်တဲ့အချိန်မှာ Typing Error မဖြစ်အောင် သေခြာဂရုစိုက် စစ်ဆေးဖို့ ကိုမောင်မောင်နိုင်ကို မှာခဲ့ပြီး… ကျုပ်ကတော့ ပါမောက္ခ နဲ့ ပါချုပ် Recommendation ရရှိဖို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆီကို ဆက်လက်ချီတက်ခဲ့ရပါတယ်။

ဟိုရောက်တော့ ဆရာဦးခင်မြင့်က အဆင်သင့်လုပ်ထားတဲ့ အိတ်ပိတ် Recommendation တစောင်နဲ့ အလွတ်တစောင်ကို ကမ်းပေးရင်း“ကိုမိုးစံ… ပါချုပ်ကြီးရှိတယ်… အခုသွားလိုက်ပါ” လို့ ဆိုတာကြောင့် ဌာနမှာ မနားပဲ အဆောင်-၁ က ပါချုပ်ရုံးခန်းဆီကို တောက်လျှောက် မြန်းခဲ့တာပေါ့…။ ပါချုပ်ရုံးခန်းရောက်တော့ အပေါက်ဝမှာ စာရေးတယောက် စားပွဲတလုံးနဲ့ ထိုင်နေတာကြောင့် သူ့ကို အကျိုးအကြောင်း ရှင်းပြကာ တွေ့ခွင့်တောင်းလိုက်ပါတယ်။ သူက ဆယ်မီးနစ်လောက် စောင့်ပါ ဆိုတာကြောင့် သူပေးတဲ့ ကုလားထိုင်မှာပဲ ထိုင်ကာ စောင့်နေလိုက်ပါတယ်။ တွေ့လို့ရပြီ ဆိုတော့ ကျုပ်လည်း တံခါးဖွင့်ကာ အခန်းထဲ ဝင်လိုက်တာပေါ့…။ ပါချုပ်ကြီးက “ဘာလဲ…” လို့ မေးလိုက်တော့ ကျုပ်ကလည်း ပညာတော်သင်ကိစ္စအကြောင်း အနည်းငယ်ရှင်းပြကာ ပါမောက္ခရဲ့ထောက်ခံစာကို ထိုးပြလိုက်ရင်း ပါချုပ်ကြီးဆီက Recommendation လေး အလိုရှိတဲ့အကြောင်း ဖြေကြားလိုက်ပါတယ်။

ကျုပ်စကားအဆုံးမှာ သူမေးလိုက်တဲ့မေးခွန်းကြောင့် ကျုပ် တော်တော် အံ့သြ တုန်လှုပ်သွားခဲ့ရပါတယ်။ ဘာတဲ့… “ ခင်းဗျားကို ကျနော်မသိဘူး…၊ ကျနော့်ကိုရော ခင်ဗျား သိသလား…တဲ့။” စဉ်းစားတာ ကြည့်ကြပါတော့ဗျာ…။ ပါချုပ်တယောက်က သူ့တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ နည်းပြကျူတာ တယောက်ကို ပြောလိုက်တဲ့ စကားပါ…။ ပါချုပ်က နည်းပြကျူတာပေါက်စတယောက်ကို မသိတာ လက်ခံနိုင်ပေမယ့်… နည်းပြကျူတာတယောက်က ပါချုပ်ကို သိသလားဆိုတဲ့ မေးခွန်းမျိုးကတော့ မမေးသင့်ဘူးလို့ ထင်ခဲ့ပါတယ်။ စာမေးပွဲဂျူတီ…၊ အားကစားဂျူတီ…၊ လုံခြုံရေးဂျူတီ…၊ တံတားဂျူတီ… စတဲ့ စတဲ့ ဂျူတီတွေ ခိုင်းချင်တိုင်း ခိုင်းခဲ့ပြီးမှ အခုတော့ “ ခင်းဗျားကို ကျနော်မသိဘူး…၊ ကျနော့်ကိုရော ခင်ဗျား သိသလား..” ဆိုတဲ့ မေးသံကို ကြားလိုက်ရတော့ “ထောင်းခနဲထလာတဲ့ ဒေါသ” ကို အချိန်မှီ ထိန်းချုပ်ရင်း မချိပြုံး ပြုံးခဲ့ရတာပေါ့။ ပြီးတာနဲ့ “ ကျနော်တို့ နည်းပြဆရာ-ဆရာမ အသစ်တွေကို သီးသန့်တွေ့ဆုံ သြဝါဒမိန့်ခွန်းချွေ” တဲ့ အချိန်ကစလို့ ဆရာကြီးကို သိရှိခဲ့ပါကြောင်း အစချီကာ ရှင်းပြလိုက်ပါတယ်။ ပါချုပ်ကြီးကတော့ “မသိတဲ့လူတယောက်ကို ထောက်ခံချက် Recommendation ရေးပေးဖို့ မလွယ်တဲ့အကြောင်း” ဆက်လက်ရှင်းပြနေတာမို့ မတ်တပ်ရပ်နားထောင်ကာ … သူလည်းစကားဆုံးရော “ကျေးဇူးတင်ပါတယ် ဆရာကြီး” လို့ နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့ပါတယ်။ ဆရာကြီးကတော့ ဘယ်လိုနေမယ်မသိ…။ ကျုပ်ကတော့ အတော်ကို စိတ်အချဉ်ပေါက်ခဲ့တာပါ။

ဌာနပြန်ရောက်လို့ ဆရာ့ကို ပြောပြတဲ့အခါ သံရုံးကို သေခြာရှင်းပြပြီး ဒီနေ့ည ဆရာကြီးအိမ်သွားကာ ရအောင်ယူ… နောက်နေ့မှ သက်ဆိုင်ရာဖိုင်နဲ့ လိုက်တွဲ…” လို့ ဆိုပါတယ်။ ကျုပ်ကတော့ ဆရာပြောသမျှ နားထောင်ပြီးသကာလ ရန်ကုန်မြို့ဆီ အသော့နှင်ခဲ့ပါတယ်။ ဟိုရောက်တော့ လက်နှိပ်စက်နဲ့ ဖြည့်ပြီးသား စာရွက်စာတမ်းတွေကို ကျုပ်ကိုယ်တိုင် သေခြာပြန်စစ်ကာ အပိုကော်ပီတစုံကူးပြီး သံရုံးကို ချီတက်ကြပါတယ်။ သံရုံးရောက်တော့ ညနေ လေးနာရီထိုးဖို့ ဆယ်မီးနစ်အလို…။ သံရုံးမှာ ဒေါ်မာဂရက်က စာရွက်စာတမ်းတွေကို တခုချင်း ပြန်စစ်ပါတယ်။ ပြီးတာနဲ့ ပါချုပ်ထောက်ခံစာကို မနက်ဖန်မနက် ၁၀ နာရီအရောက် လာပို့ပေးမယ်ဆိုရင် လက်ခံတွဲပေးနိုင်တယ်ဆိုတဲ့အကြောင်း မှာလိုက်ပါသေးတယ်။

ဒါပေမဲ့ ကျုပ်က ပါချုပ်ရုံးခန်းက အထွက်မှာကတည်းက “ပါချုပ်ရဲ့ ထေက်ခံချက် Recommendation မပါလို့ ဒီပညာသင်ဆုကြီး ဆုံးရှုံးခဲ့မယ်ဆိုရင်တောင်… ဒီပညာသင်ဆုကို အဆုံးရှုံးခံဖို့ မိုက်မဲစွာနဲ့ ဆုံးဖြတ်ခဲ့ပြီးသားပါ…။ ဆုံးဖြတ်ခဲ့ပြီးသားပါ…။

Wednesday, April 29, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၂)

အဆညအင်တာဗျူး ဖြေအပြီး တလနီးပါးလောက်အကြာမှာ ထင်ပါရဲ့…။ ကျုပ်တို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စိတ်ပညာဌာနက ပါမောက္ခရုံးခန်းမှာ ဌာနတွင်း ဘာသာရပ်သင်ကြားမှု ခွဲဝေရေး အစည်းအဝေး လုပ်ကြပါတယ်။ လူစုံတက်စုံနဲ့ နေ့လည် ၁ နာရီမှာ စကြပါတယ်။ အစည်းအဝေး စပြီး နာရီဝက်လောက်အကြာမှာ ဖုန်းမြည်သံ တဂွမ်ဂွမ် ပေါ်လာတာကြောင့် ဌာနစာရေးမလေးက ကိုင်လိုက်ပြီး ဖုန်းနဲ့အနီးဆုံးနေရာမှာ ရှိနေတဲ့ ပါမောက္ခဌာနမှူး ဆရာဦးခင်မြင့်ကို ထိုးပေးလိုက်ပါတယ်။ ဆရာက “ ဟုတ်ကဲ့… ဟုတ်ပါတယ်… ဟုတ်ကဲ့” လို့ ပြန်ပြောနေရင်းကနေ ကျုပ်တို့အားလုံးကို လက်မ ထောင်ပြပါတယ်။ ကျုပ်တို့ကတော့ ဘာမှနားမလည်…။ ခတ်ကြောင်ကြောင်နဲ့ တယောက်မျက်နှာ တယောက်ကြည့်ကာ မေးငေါ့ နေကြတာပေါ့။ ဆရာက ဖုန်းလည်း ချပြီးရော “ ကိုမိုးစံကို ရွေးလိုက်ပြီ… အခုချက်ချင်း ဂျပန်သံရုံးကို လာခဲ့ဖို့ ဖုန်းဆက်တာ…” လို့ မနားတမ်း ပြောလိုက်ပါတော့တယ်။

ကျုပ်လည်း ရင်တွေ တုန်လှုပ်နေသည်အထိ ဖြစ်နေတဲ့ဝမ်းသာမှုတွေကို ဟန်မပျက် မြိုသိပ်ကာ အားလုံးကို ခွင့်ပန် နှုတ်ဆက်လျှက် သံရုံးမပိတ်ခင် အချိန်မှီရောက်ဖို့အရေး တက္ကစီငှါးကာ အပြေးကလေး ဒိုးခဲ့ရတာပေါ့။ သံရုံးရောက်တော့ ပညာသင်တာဝန်ခံ မြန်မာဝန်ထမ်း ဒေါ်မာဂရက်က စာရွက်စာတမ်းတွေ ထုတ်ပေးကာ လိုအပ်တဲ့အထောက်အထားတွေ နဲ့ ဖေါင်ဖြည့်ပုံကအစ သေခြာရှင်းပြပါတယ်။ ပြီးတာနဲ့ လူကြီးတွေရဲ့ ထောက်ခံချက် Recommemdation က အရမ်း အရေးကြီးတာကြောင့် ပါမောက္ခနဲ့ ပါမောက္ခချုပ်ဆီက ရအောင် ယူခဲ့ဖို့ တတွတ်တွတ် မှာရှာပါတယ်။ သူ့ရဲ့ ကိုယ့်မြန်မာလူမျိုးတွေအပေါ်မှာ ထားရှိတဲ့ စေတနာဆန္ဒတွေကို မြင်တွေ့ခဲ့ရတာပေါ့။ ကျေးဇူးလည်း အထူးတင်မိပါ၏။ သူပေးလိုက်တဲ့ လျှောက်လွှာဖောင်တွေကို လက်ရေးနဲ့ မဖြည့်ရပဲ တိုက်ပ်ရိုက်ပြီး ဖြည့်ကာ မနက်ဖန်ညနေ ၄ နာရီ နောက်ဆုံးထားကာ သံရုံးကို အရောက်ပို့်ရမယ်လို့ ဆိုပါတယ်။

သံရုံးကပေးလိုက်တဲ့ စာရွက်စာတမ်းအားလုံးကို ကော်ပီတစုံ ဆွဲကာ အိမ်ပြန်ခဲ့ပြီး အကြမ်း ဖြည့်ထားလိုက်ပါတယ်။ ပြီးတာနဲ့ “အကယ်၍ ပညာသင်အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရလျှင် ဂျပန်မှာ ကိုယ်လုပ်မယ့် သုတေသနအတွက် Proposal” ရေးရပါတော့တယ်။ ရေးလိုက်-ဖျက်လိုက်… ရေးလိုက်-ပြင်လိုက်နဲ့ ညဥ့်သန်းခေါင် ကျော်သွားပါရောလား…။ နောက်နေ့မနက် ၇ နာရီလောက်မှာ ဆရာဦးခင်မြင့်ကို ကျောင်းကားပေါ် လိုက်တွေ့ကာ “ အိပ်ပိတ် Recommemdation တစောင် ဖြည့်ပေးဖို့နဲ့ အလွတ်တစောင် ရေးပေးထားဖို့” မောတ္တာရပ်ခံလျှက် နေ့လည် ၁၂ နာရီလောက်မှာ လာယူမယ်ဆိုတဲ့အကြောင်း ပြောရတာပေါ့။ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနကို မနက် ၉ နာရီခွဲ အရောက်သွားတော့ ကျုပ်ရဲ့ပြိုင်ဘက်စီနီယာကို အောက်ထပ်မှာ တွေ့ရတာကြောင့် အကျိုးအကြောင်း ပြောပြလိုက်ပါသေးတယ်။ သူကတော့ အံ့သြစွာနဲ့ပဲ “ခင်ဗျား အောင်မြင်မှာပါ” လို့ အားပေးရှာပါတယ်။

တကယ်တော့ အဲဒီပြိုင်ဘက် ဖြစ်လာမယ့် ကျုပ်ရဲ့စီနီယာဟာ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနက လက်ထောက်ကထိက ဆရာတယောက်ပါ။ ကျုပ်တို့ ပညာသင်ဆု လျှောက်လွှာခေါ်တဲ့အချိန်မှာ သူဟာ မင်္ဂလာဆောင်ပြီးကာစ အလုပ်မှ တရားဝင်ခွင့်ယူကာ ပျားရည်ဆမ်းခရီးအကြောင်းပြကာ အိမ်မှာ နှပ်နေသူပါ။ ပညာသင်စည်းကမ်းနဲ့ ဘောင်ဝင်နေတဲ့သူ့ကို ဘယ်သူမှ အသိပေး အကြောင်းကြားခြင်း မရှိခဲ့ပါဘူး။ ကျုပ် လျှောက်လွှာတင်ပြီးလို့ ရန်ကုန်စိတ်ပညာဌာန ရောက်တဲ့အချိန်မှာ သူ့အကြာင်းသိခဲ့ရတာမို့ ကျုပ်ကိုယ်တိုင် သူ့ဦးလေးဆိုသူကို မရ ရအောင် ဆက်သွယ်ကာ အချိန်မှီ အကြောင်းကြားပေးခဲ့တာပါ။ သူဟာ လူတော်တယောက် ဖြစ်သလို… ကျုပ်တို့အားလုံးအတွက် မဟာကြီးမားတဲ့ ပြိုင်ဘက်တယောက်ဆိုတာကိုလည်း ကြိုတင်သိခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ်က “ကျုပ်တို့လို ဘောင်ဝင်နေပြီး ရတောင့်ရခဲ ဒီလိုအခွင့်အရေးမျိုးကို သူလည်း ရသင့်တယ်” ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားစွာ အသိပေးခဲ့တာပါ။ တကယ်လို့ ဒီပညာသင်ဆုကို သူရသွားခဲ့မယ်ဆိုရင်လည်း ကျုပ်က “ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲ” ဆိုပြီး ကျေနပ်နေမှာပါ။ ရိုးသားစွာ ယှဉ်ပြိုင်ကြရတဲ့ ဒီလိုပညာသင်ဆုပြိုင်ပွဲမျိုးမှာ စည်းမျဉ်းနဲ့ ကိုက်ညီသူတိုင်း ပါဝင်ခွင့် ရစေချင်တာက ကျုပ်ရဲ့ မူလအဓိက စေတနာ ဖြစ်ခဲ့ပါတယ်။

စေတနာသည် ရောင်ပြန်ဟပ်သည်ဆိုပါက ဒီဘဝမှာ “တူသောအကျိုးသာ ပေးပါစေ” ဟု ဆုတောင်းပါ၏…။ ဆုတောင်းပါ၏…။

Monday, April 27, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၁)

တကယ်တော့ သူမဟာလည်း ကျုပ်တို့လို အညာသူ-အညာသားတဦးပါ။ ဇာတိကတော့ မုံရွာအနီး ချောင်းဦးမြို့နယ်ထဲက “ငလုံးတင်” ဆိုတဲ့ ရွာကလေးကပါ…။ ဒီရွာကလေးဟာ ချောင်းဦးမြို့ရဲ့တောင်ဘက် ပခုက္ကူသွား ကားလမ်းပေါ်မှာ တည်ရှိပြီး အများစုကတော့ တောင်သူ ယာခင်းလုပ်ငန်းနဲ့ ရိုးသားစွာ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ ပညာရေးအတွက် အလယ်တန်းကျောင်း (နှင့် တွဲဘက်အထက်တန်းကျောင်း) တကျောင်းသာ ရှိပါတယ်။ သူမရဲ့ မိသားစုဟာလည်း ရွာမှာတော့ မရှိ-မရှား တောင်သူလယ်လုပ်သူတွေ ဖြစ်ဟန်တူပါတယ်။ သူမဟာ မွေးချင်း ငါးယောက်အနက် အလယ်ကြားလူဖြစ်ပြီး ၁၀ တန်းကို ရွာတွဲဘက်ကျောင်းကနေ သင်္ချာအမှတ်တစ်ရာအပြည့်နဲ့ အောင်မြင်ခဲ့ကာ၊ ၁၉၉၃ ခုနှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ Commerce ခေါ် ဝါနိဇ္ဇဗေဒ နဲ့ ဘွဲ့ရခဲ့သူပါ (သင်္ချာအမှတ် ၁၀၀ အပြည့် ရတယ်ဆိုတာကို မယုံတဲ့သူတော့ ရှိပါတယ်။ သူများယုံအောင် ပြောနေ-ရေးနေခြင်း မဟုတ်ပဲ… ဘဝရဲ့အမှန်တရားတွေကို ရေးနေခြင်း ဖြစ်တာကြောင့် ကျုပ်ရေးခဲ့သမျှကို လုံးဝ တာဝန်ယူပါကြောင်း… :D ။ ဒါတင်မက အဲဒီခေတ်အဲဒီအချိန်က ခေတ်စားလှတဲ့ လူရည်ချွန်စာမေးပွဲကို တိုင်းအဆင့်ထိ ၈၊ ၉၊ ၁၀ တန်း သုံးကြိမ်တိတိ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့်ရခဲ့သူ ဖြစ်ပါကြောင်း... :D)။ အဲဒီသူမဟာ တောနေလူတန်းစားတို့ ထုံးစံအတိုင်း ဘွဲ့ရပြီး ရွာပြန်ကာ အိမ်မှာပဲ အလုပ်မရှိ အကိုင်မရှိနဲ့ ဒီအတိုင်းနေ နေတာကြောင့် သူမရဲ့ဦးလေးက ရန်ကုန်ခေါ်လာကာ ကုမ္မဏီမှာ စာရင်းကိုင်အဖြစ် ဝင်ရောက်လုပ်ကိုင်စေခဲ့တာပါ။

ကျုပ်အဖွားဟာ သူမတို့အိမ်ကို (ကျုပ်အထင် ) အနည်းဆုံး တနေ့ တခေါက်လောက် သွားသလို… သူမရဲ့အဒေါ်ဟာလည်း ကျုပ်တို့အဒေါ်အိမ်ကို(အဖွားကို ပြန်လိုက်ပို့ရင်း) တနေ့ တခေါက်လောက်တော့ ပုံမှန် အသွားအလာ ရှိဟန်တူပါတယ်။ အဲဒီကစလို့ ကျုပ်အဖွားက သူမရဲ့အနေအထိုင်… အသွားအလာ… အပြောအဆို… စိတ်နေသဘောထားတွေကို သဘောကျလာခဲ့ဟန်တူပါတယ်။ အဲဒီလိုပဲ တဘက်က သူမရဲ့ဦးလေးနဲ့အဒေါ်တို့ကလည်း သူတို့တူမကို (ပိုက်ဆံမရှိရင် နေပါစေ) ရိုးသားပြီး ကြိုးစားတဲ့ကျုပ်နဲ့ အိမ်ထောင်ချပေးချင်တဲ့အကြောင်း တိုက်ရိုက်ကမ်းလှမ်းခဲ့ကြတာပါ (ဟဲ ဟဲ… ဒါကတော့ ကြုံကြွားလေးပေါ့ဗျာ…၊ သူတို့ကလည်း ကျုပ်ကို ဘယ်အချိန်ကစပြီး သဘောကျနေတယ် မသိပါဘူး… :D)။ အဲဒီနောက် ကျုပ်အဒေါ်က သူမကို အချိန်အတော်ကြာကြာ လေ့လာပြီးကာမှ ကျုပ်တို့မိသားစုနဲ့သင့်တော်တယ်ဆိုပြီး ကျုပ်ကို လက်ခံစဉ်းစားဖို့-အိမ်ထောင်ပြုဖို့ တိုက်တွန်းခဲ့တာပါ။

ဒီနေရာမှာ ကျုပ်ဘဝအတွေ့အကြုံအရပြောရမယ်ဆိုရင် ယောက်ျားလေးပဲဖြစ်ဖြစ်-မိန်းခလေးပဲဖြစ်ဖြစ် အနေအထိုင်ဟာ အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့် မိန်းခလေးတွေပေါ့…။ မိန်းခလေးတွေရဲ့အနေအထိုင်-အသွားအလာကို သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်က အမြဲသတိပြုနေတတ်ကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ကောင်းမွန်မှုကြောင့် အဲဒီအနေအထိုင်မှန်တဲ့ မိန်းခလေးတွေ ဘဝတသက်တာ အာမခံချက်ရှိတဲ့ အိမ်ထောင်ဖက်တွေ နဲ့တွေ့ကာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ရရှိသွားကြတာတွေ မနည်းလှပါဘူး။ (ကိုယ်မသိလိုက်ပဲ) ကိုယ့်ရဲ့အနေအထိုင်ကို မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့သူတွေ အစဉ်အမြဲ ရှိနေတယ်ဆိုတာကို မိန်းခလေးတွေ သတိထားသင့်ပါတယ်။ (သံသရာမှာ ကျင်လည်နေရအုံးမယ်ဆိုရင်) ကိုယ့်ဘဝကြီးကို ပြောင်းလဲသွားစေနိုင်တဲ့ အဲဒီအနေအထိုင်ကိုလည်း ဂရုတစိုက်ရှိသင့်တာပေါ့…။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ သူမကို “ ခင်ဗျား… ကျုပ်ဘဝအကြောင်းကို ဘယ်လောက်အထိ သိပါသလဲ…၊ မသိရင် လေ့လာပါ…၊ သူများပြောတိုင်း မယုံပါနဲ့…၊ ကိုယ်တိုင်လေ့လာပါ…” ဆိုတဲ့ စကားတခွန်းပဲ ပြောခဲ့ပါတယ်။

Thursday, April 23, 2009

ကျုပ်ဘဝတစေ့တစောင်း(၉၀)

အဆညအင်တာဗျူး အပြီးမှာတော့ ကျုပ်အဖွားနဲ့အဒေါ်က ကျုပ်ကို အိမ်ထောင်ပြုဖို့ နေ့စဉ်ညတိုင်း ပုံစံအမျိုးမျိုးနဲ့ နားချပါတော့တယ်။ သူတို့ အဓိကထား စဉ်းစားခဲ့ကြတာကတော့ “အကယ်၍ ကျုပ်က ပညာသင်ရွေးချယ်ခံရလို့ ဂျပန်ကို သွားခွင့်ရခဲ့ရင်… အငယ်ဆုံး ညီမလေးနှစ်ယောက်ကို ဘယ်သူက ထိန်းသိမ်းစောင့်ရှောက်မှာလဲ…” ဆိုတဲ့ ပြဿနာပါ။ ပြီးတော့ ကျုပ်က အိမ်ထောင်ပြုဖို့ အရွယ်လွန်နေတာလည်း ပါတာပေါ့လေ…။ ဒါပေမဲ့ ဘယ်သူ့ကို ယူရမယ်လို့ အတင်းအကြပ် မပြောခဲ့ပါဘူး။ ကျုပ်မှာ ရည်ရွယ်ထားတဲ့ ချစ်သူရည်းစား ရှိရင် သူတို့ဆီကို ခေါ်လာဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ ကျုပ်ကလည်း “မူးလို့တောင် ရှူစရာ” မရှိခဲ့တဲ့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေသူပါ။ အိမ်ထောင်မပြုချင်သေးတာကြောင့် ကျောင်းက လုပ်ဖေါ်ကိုင်ဖက် ညီမငယ်တယောက်ကို အကူအညီတောင်းပြီး ခေတ္တခဏ အယောင်ဆောင်ငှါးပြဖို့ စိတ်ကူးခဲ့ပါသေးတယ်။ နောက်ဆုံးတော့လည်း အရှိကို အရှိတိုင်း “ကျုပ်မှာ ရည်ရွယ်ထားသူ မရှိသေးတဲ့အကြောင်း” ဝန်ခံလိုက်ရတာပေါ့…။

အဲဒီအချိန်ကျမှ ကျုပ်ရဲ့ဟာကွက်ကို ထောက်ပြီး အတင်းနင်းကာ မြန်မြန်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပါတော့တယ်။ အဖွားနဲ့ အဒေါ်ဖြစ်သူက ကျုပ်တို့ မိသားစုရဲ့ နောက်ခံဘဝဇာတ်ကြောင်း…၊ ညီအကိုမောင်နှမတွေအချင်းချင်း ယိုင်းပင်းကူညီပေးနေရမှုတွေ…၊ နားလည်မှုမရှိသူနဲ့ အိမ်ထောင်ကျပါက ရှေ့ဆက်ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အသေးစိတ် နောက်ကြောင်းပြန် ရှင်းပြခဲ့ကြပါတယ်။ ပြီးတာနဲ့ ဒီလိုမိသားစုနောက်ခံရှိတဲ့ ကျုပ်လိုလူတယောက်ရဲ့ အိမ်ထောင်ဘက်ဟာ “ကိုယ်လို တောနေလူတန်းစား အညာသူ အညာသား” တယောက်သာ ဖြစ်သင့်တဲ့အကြောင်း…၊ အခု မင်းမှာလည်း ရည်ရွယ်ထားသူ မရှိဘူးဆိုရင်… မင်းတို့မိသားစုအတွက် သင့်တော်တဲ့သူတယောက် ရှိကြောင်း…၊ သူ့ကိုလည်း ငါတို့ အားလုံးလေ့လာပြီးဖြစ်ကြောင်း…၊ ဒါကြောင့် ငါတို့ ရွေးထားတဲ့သူကို လက်ခံစဉ်းစားစေချင်ကြောင်း… မနားတမ်း တရားဟောကြပါတော့တယ်။

ကဲ… ဟုတ်ပါပြီ… ခင်ဗျားတို့ ရွေးထားတဲ့သူက ဘယ်သူလဲလို့ မေးလိုက်တော့… “မူမူ” လေ…တဲ့။ ဟာဗျာ… ခင်းဗျားတို့ဟာက ကြည့်လည်း လုပ်ကြပါအုန်း…၊ သူက “ အသက်ကလည်း ကြီး… အသားကလည်း ညို… ရုပ်ကလည်း မလှ…” နဲ့ မဖြစ်ပါဘူးလို့ ရုတ်တရက် တုန့်ပြန်လိုက်ပါတယ်။ လူမမာ အဖွားဖြစ်သူကတော့ “ ဟေ့…ငါ့မြေး.. လှတာမက်ရင် ညစာခက်မယ်၊ ရုပ်လှတာ ကိုက်စားလို့ မရဘူး… စိတ်လှဖို့ဘဲ အရေးကြီးတယ်” လို့ဆိုကာ ကျုပ်ကို ဟောက်ပါတော့တယ်။ ကျုပ်လည်း သူတို့ကို ဘာမှ ပြန်မပြောတော့…။

တကယ်တော့ ကျုပ်လည်း မေးပြော-ခေါ်ထူး မရှိပေမဲ့ သူမကို သိနေပါတယ်။ သူမဟာ ကျုပ်တို့အဒေါ်အိမ်ရဲ့ နှစ်အိမ်ကျော်လောက်မှာရှိတဲ့ သူမရဲ့ဦးလေးအိမ်မှာ နေရင်း ကုမ္ပဏီမှာ စာရင်းကိုင်အလုပ် လုပ်နေတာပါ။ သူတို့မိသားစုနဲ့ ကျုပ်တို့အဒေါ်မိသားစုဟာ အညာသူ-အညာသားချင်းမို့ နှစ်အိမ့်တစ်အိမ်တမျှ ရင်းနှီးကြပါတယ်။ သူမက ကျုပ်ညီမတွေအပါအဝင် မိသားစုအားလုံးနဲ့ ရင်နှီးပေမယ့် အဒေါ်အိမ်ကို မိုးချုပ်မှ ရောက်လာတတ်တဲ့ ကျုပ်နဲ့ကတော့ စကားတောင် မပြောခဲ့ဖူးပါဘူး။

အခုတော့ ရှေးရေစက်လို့များ ပြောရလေမလား…။ သူမနဲ့ ဆုံတွေ့ဖို့ ကံကြမ္မာက အတင်းဖန်းတီးလို့ လာနေပြန်ပါပြီ…။ ဒီတခါရော နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေသူ မိုးစံတယောက် ကျန်ရစ်ဖြစ်ခဲ့နေလေအုံးမှာလား…။ ကျန်ရစ်ဖြစ်ခဲ့နေလေအုံးမှာလား…။

Wednesday, April 22, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၉)

အိမ်အပြန် ကျောင်းကားပေါ်မှာတော့ ပါမောက္ခဌာနမှူး ဆရာဦးခင်မြင့်က “ ကိုမိုးစံ… ဘယ်လိုလုပ်မလဲ…၊ ကျန်တဲ့သူတွေကတော့ အောင်စာရင်း သွားမကြည့်တော့ဘူး ပြောနေကြတယ်…၊ ကိုမိုးစံ သွားကြည့်အုံးမှာလား…” လို့ မေးပြန်ပါတယ်။ ကျုပ်ကလည်း “အောင်တယ်-ကျတယ် clear ဖြစ်အောင်တော့ မာလာမှတ်တိုင်မှာ ဆင်းပြီး ကိုယ်တိုင် သွားကြည့်လိုက်ပါမယ်.. ဆရာ ” လို့ တုန့်ပြန်လိုက်ပါတယ်။ ဇူလိုင်လထဲမို့ ထင်ပါရဲ့… ။ မိုးက တဖွဲဖွဲ ရွာနေတဲ့အချိန် တံတားဖြူမှတ်တိုင် ရောက်တော့ ဆရာက “ကိုမိုးစံရေ… Good luck” လို့ နှုတ်ဆက်ရင်း ဆင်းသွားလေရဲ့…။ ရှေ့မှတ်တိုင် “မာလာ” ကို ရောက်ရင် ကျုပ်အလှည့်ပေါ့…။

ကျောင်းဆရာ ကျူတာပေါက်စ မိုးစံတယောက် မိုးရေထဲမှာ ထီးမပါ ဘာမပါနဲ့ ခေါင်းငိုက်စိုက် ချခါ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ခတ်သုတ်သုတ် လျှောက်လှမ်းလို့ နေလေပြီ…။ ဘွဲ့နှင်းခန်းမကြီးကို ဖြတ်ကာ “စာမေးပွဲနှင့် ဘွဲ့နှင်းဌာန” ရောက်တော့ မော်ကွန်းထိန်းကြီးက “ဘာလဲဟေ့… ပညာသင်ကိစ္စလား…၊ မေဂျာနဲ့ နာမည် ပြော…” လို့ ဆိုပါတယ်။ ကျုပ်က “စိတ်ပညာက မိုးစံ…ပါ” လို့ ဖြေလိုက်တဲ့အခါ… မော်ကွန်းထိန်းကြီးက “ဟာ… ဒီနာမည် အောင်တယ်…၊ လာ..လာ.. ဒီမှာလက်မှတ်ထိုး.. မနက်ဖန်မနက် အဆည(အဆင့်မြင့်ပညာဦးစီးဌာန) ကို သွားပြီး သတင်းပို့ရမယ်” ဆိုပြီး အောင်စာရင်း မိတ္တူတစ်စောင် ထုတ်ပေးလိုက်ပါတော့တယ်။ အောင်စာရင်းကို ကြည့်လိုက်တော့ နှစ်ယောက်ပဲ ပါသည်။ နှစ်ယောက်ပဲ ပါမှာပေါ့…။ ဒီအဆင့်တွေက စာမေးပွဲအောင်ရုံတော့ လူတိုင်းဖြေနိုင်ကြပါတယ်။ ဒီအထဲကမှ အတော်ဆုံး (အမှတ်အများဆုံး) နှစ်ယောက်ကို ရွေးချယ်ပေးလိုက်တာပါ။ ကျန်တစ်ယောက်က ကျုပ်ရဲ့စီနီယာ နိုင်ငံခြားမာစတာဘွဲ့ရ လက်ထောက်ကထိက ဆရာတစ်ယောက်ပါ…။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်ကတော့ သူနဲ့အတူ လူတွေ့နှုတ်ဖြေစာမေးပွဲကို ဆက်လက်ယှဉ်ပြိုင်ရပေလိမ့်အုံးမည်။ ကျုပ်တို့ဆီက နိုင်ငံခြားပညာသင်ရွေးချယ်ရေး စည်းမျဉ်းအရ တစ်ဘာသာလျှင် တစ်ယောက်သာ ရွေးချယ်ပေးရတာမို့ နံပါတ်တစ် ဖြစ်မှသာ သက်ဆိုင်ရာသံရုံးသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိနိုင်ပေလိမ့်မည်။

အဲဒီနေ့ညက နံပါတ်တစ် ဖြစ်ဖို့အရေး တွေးကာတောကာ တော်တော်နဲ့ အိပ်မပျော်…။ မိသားစုညီအစ်ကို မောင်နှမတွေကတော့ ရေးဖြေအောင်ရုံနဲ့တင် ဆွေ့ဆွေ့ခုန်အောင် ဝမ်းသာနေကြလေပြီ…။ အကယ်၍ နံပါတ်တစ်ဖြစ်လာခဲ့လျှင်သော်မှ သံရုံးအဆင့်မှာ ကျော်လွှား ဖြတ်သန်းရအုံးမယ့် “သံရုံး ရေးဖြေ-နှုတ်ဖြေ” စာမေးပွဲရှိနေသေးတယ်ဆိုတာကို သူတို့သိပုံမရ…။ သူတို့အားလုံးရဲ့ ကျေနပ်ပီတိ ဖြစ်မှုတွေက ကျုပ်ကိုလည်း စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ တွန်းအား ဖြစ်စေခဲ့ပါတယ်။ နောက်တနေ့ ၁၀ နာရီလောက် အဆည ကို သွားကာ သတင်းပို့လိုက်တော့… “လူတွေ့-နှုတ်ဖြေ” (အင်တာဗျူး) ဖြေဆိုဖို့ မနက်ဖန်မနက် ၉ နာရီ အရောက် ပြန်လာခဲ့ဖို့ မှာကြားလိုက်တာကြောင့် အိမ်ကို ပြန်လာကာ နားနားနေနေနဲ့ စာဖတ်နေလိုက်ပါတော့တယ်။

အင်တာဗျူး ဖြေတဲ့နေ့က ကျုပ်တို့ကို မေးခဲ့တာက ဆရာကြီး သုံးယောက်…။ အလယ်က ဒိုင်ခံမေးခဲ့တဲ့ ဆရာကြီးကတော့ ရန်ကုန်ပါချုပ် ဆရာကြီး ဒေါက်တာစိုးရင်ပါ…။ ကျန်တဲ့ နှစ်ယောက်ကိုတော့ ကျုပ်မသိ…။ ဆရာကြီးကိုလည်း ဒါက ရန်ကုန်ပါချုပ် ဆရာကြီးဆိုတာလောက်ပဲ သိခဲ့တာပါ။ ဒီအင်တာဗျူးမှာပဲ အဝေးသင်ကျောင်းသားဘဝက လာခဲ့တဲ့ကျုပ်က “အင်္ဂလိပ်”လို စပြီး ပြောခွင့်ရခဲ့တာပါ။ အင်္ဂလိပ်လိုမေးပြီး အင်္ဂလိပ်လို ဖြေဆိုခဲ့ရတဲ့ ပထမဆုံးသော အင်တာဗျူးပေါ့…။ စိုးရိမ်စိတ်တွေ ရှိခဲ့ပေမဲ့ ဆရာကြီးရဲ့ “ရိုးစင်းတဲ့အင်္ဂလိပ်စကား” ပြောဟန်ကြောင့် လုံးဝ အခက်အခဲ မရှိခဲ့ပါဘူး…။ အင်္ဂလိပ်စကားပြောကျင့် မရှိခဲ့ပေမဲ့ အင်္ဂလိပ်သဒ္ဒါ နားလည်မှုက ကျုပ်ကို အများကြီး အထောက်အကူပြုခဲ့တယ်လို့ ထင်ခဲ့မိပါတယ်။ ဆရာကြီး မေးသမျှကို သဒ္ဒါနည်းကျတဲ့ အင်္ဂလိပ်စာနဲ့ ပြန်ဖြေခဲ့ရတာပေါ့…။

ဘာသာရပ်အသီးသီးရဲ့ နံပါတ်တစ် ဖြစ်လာမယ့်သူတွေရဲ့ အောင်စာရင်းကိုတော့ ဘယ်အချိန်မှာ ထုတ်ပြန်ကြေငြာမယ်ဆိုတာ ကြိုတင်အသိပေးခြင်း မရှိခဲ့ပါဘူး…။ သံရုံးက ဆက်သွယ်လာတဲ့အချိန်ဟာ ကျုပ်တို့ရဲ့ အောင်စာရင်းထွက်တဲ့အချိန်ပေါ့…။ အောင်စာရင်းထွက်တဲ့အချိန်ပေါ့…။

Saturday, April 18, 2009

ကျုပ်ဘဝတစေ့တစောင်း(၈၈)

ကျုပ်တို့ပညာရေးက နိုင်ငံခြားပညာတော်သင်ဆု ရွေးချယ်ရေးစာမေးပွဲကို အစ-အဆုံး တပတ်အတွင်း အပြီးစစ်လေ့ရှိကြပါတယ်။ ဆိုလိုတာက သတ်မှတ်ချက် စဉ်းမျဉ်းနဲ့ ကိုက်ညီသူတွေကို လျှောက်လွာစီစစ်လက်ခံတာ… ရေးဖြေစာမေးပွဲ နဲ့ ရေးဖြေအောင်တဲ့သူတွေကို လူတွေ့နှုတ်ဖြေ မေးမြန်းကျင်းပတာကို ပြောချင်တာပါ။ ရေးဖြေစာမေးပွဲမှာ များသောအားဖြင့် သက်ဆိုင်ရာဘာသာရပ် (အထွေထွေ) နဲ့ အင်္ဂလိပ်စာတို့ကို ဖြေကြရပါတယ်။

နိုင်ငံခြားပညာတော်သင်ဆုကို စီးပွားရေးတခုလို အရှူံးအမြတ် တွက်ပြီး သေသေခြာခြာ ကြိုတင် ပြင်ဆင်ကြိုးစားနေတဲ့ ဆရာ-ဆရာမတွေ ဒု နဲ့ ဒေးပါ…။ အဲဒီလို ပြင်ဆင် ကြိုးစားနေရင်း အသက်က ၃၅ နှစ် ကျော်သွားလို့ လက်လွှတ်ဆုံးရှူံးလိုက်ရတဲ့သူတွေကလည်း မနည်းလှပါဘူး…။ အဲ… အားလုံးမဟုတ်ရင်တောင်… အချို့သော နိုင်ငံခြားပြန်ဆရာကြီး-ဆရာမကြီးများကလည်း “ ပညာသင်ဆု ရရှိဖို့အတွက် စီးပွားရေး တွက်..တွက်ကာ ကြိုးစားသင့်တယ်” လို့ သက်ဆိုင်ရာ တပည့်ဆရာ-ဆရာမတွေကို လမ်းညွှန်သင်ကြားပေးနေကြလေရဲ့…။

ကျုပ်တဦးတည်း အမြင်အရ ပြောရမယ်ဆိုရင်တော့ ဒီအဆို-ဒီလမ်းညွှန်မှုမျိုးကို လုံးဝ သဘောမတူပါဘူး…။ ကျောင်းဆရာ-ဆရာမတယောက်ဟာ ကိုယ့်မှာ ရှိသင့်ရှိထိုက်တဲ့ ကျောင်းဆရာအရည်အချင်းနဲ့ပြည့်စုံအောင် သက်ဆိုင်ရာဘာသာရပ်တွေကို အမြဲတမ်း ပုံမှန်ဖတ်ရှု လေ့လာခြင်းဖြင့် ဖြည့်စီးပေးနေမယ်ဆိုရင် ပညာတော်သင်ဆု စာမေးပွဲဆိုတာ မခက်လှပါဘူး။ အဲဒီလို ကျောင်းဆရာကောင်း တယောက်ဖြစ်အောင် ကြိုးစား ဖြည့်စီးနေတဲ့ဆရာ-ဆရာမတွေအတွက် ပညာသင်ဆုဆိုတာ ရောက်လာရမှာပါ…။ ဒီလိုမဟုတ်ပဲ ပညာသင်ဆုကို စီးပွားရေးတွက် တွက်လာခဲ့ကြမယ်ဆိုရင်… တွက်လာခဲ့ကြမယ်ဆိုရင်…။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ ရှေးအတိတ်ကံ နဲ့ လက်ရှိကံ နှစ်ခုပေါင်းစပ် ဖေးမကူညီမှုကြောင့် ဘယ်လိုမှ မျှော်လင့်မထားတဲ့ ဒီပညာတော်သင်ဆု စာမေးပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခွင့် ရရှိခဲ့တာပါ။ ကျုပ်ရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့် ရခဲ့တာမဟုတ်ပါဘူး…။ ကျုပ်တို့လူသားတွေ မလုပ်နိုင်တဲ့အရာတခုကို ကံကြမ္မာက ဖန်တီး ကူညီ ပို့ဆောင်ပေးခဲ့တာပါ။ ကျေးဇူးအထူးတင်လျှက်ပါ ကံကြမ္မာရယ်…။

ဂျပန်ပညာတော်သင်ဆုအတွက် မနက်ပိုင်းမှာ “အထွေထွေစိတ်ပညာဘာသာရပ်” နဲ့ နေ့လည်ပိုင်းမှာ “အင်္ဂလိပ်စာဘာသာရပ်” စာမေးပွဲတို့ကို ဖြေဆိုခဲ့ရပါတယ်။ ရေးဖြေအောင်စာရင်းကို နောက်တစ်ရက်ခြား နေ့လည် ၂ နာရီလောက်မှာ ကြေငြာမှာ ဖြစ်တာကြောင့် ကျုပ်တို့ရဲ့ အောင်-ရှူံး ကို အကြောင်းကြား ဖုန်းဆက်ပေးဖိှု့ စာမေးပွဲ အတူတူဖြေခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနမှ လုပ်ဖေါ်ကိုင်ဘက်တွေကို မောတ္တာရပ်ခံခဲ့ရတာပေါ့…။ အဲဒီ ရေးဖြေအောင်စာရင်း ထွက်တဲ့နေ့မှာ ကျုပ်တို့ ရန်ုကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စိတ်ပညာဌာနက ဆရာ-ဆရာမတွေအားလုံး ရန်ကုန်တက္ကသိုလ်မှ ဝင်ရောက်လာမယ့် ဖုန်းမြည်သံကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရပါတယ်။ ၂ နာရီခွဲ သုံးနာရီအထိ ဘာသံမှ မလာ…။ ကျုပ်တို့ဌာနက ဖုန်းကလည်း အဝင်သာ လက်ခံနိုင်ပြီး အထွက်မရတဲ့ Extension ဖုန်းဖြစ်တာကြောင့် သူတို့ဆီကို ဖုန်းဆက်မေးဖို့ကလည်း မဖြစ်နိုင်…။ ကျောင်းထဲမှာရှိတဲ့ တခုတည်းသော အများသုံးဖုန်းဆီကို သွားပြန်တော့ ကိုယ်ပြောခွင့်ရဖို့အရေး တန်းစီနေလိုက်ကြတာ အလကား မုန့်ဝေနေတဲ့အတိုင်းပါပဲ…။

ညနေသုံးနာရီ ကျော်လို့ လေးနာရီထိုးကာ အိမ်ပြန်ချိန် ရောက်သည်အထိ ဘာမှ မသိရတာကြောင့် “အော်… သတင်းဆိုးမို့ သူတို့ မပြောကြတာနေမှာပါလေ…” ဆိုတဲ့အတွေးတွေက စိုးမိုးလို့နေခဲ့ပါတော့တယ်…။

Tuesday, April 14, 2009

ချစ်သမီးငယ်သို့ အမှတ်တရ (၃)

နောက်တနေ့ စနေနေ့ နေကျချိန်မှာ သမီးငယ်က လူ့လောကကြီးထဲကို အခက်ခဲမရှိ ရှောရှောရှူရှူ ရောက်လာခဲ့တာပါ။ ဂျပန်မှာ ဆာကူရာ ခေါ် ချယ်ရီပန်းတို့ ဝေဆာလှပနေတဲ့အချိန်…၊ မြန်မာပြည်မှာ ပန်းပိတောက်တွေ ဖူးပွင့်လို့ အတာကူးတဲ့ နှစ်ဦးသင်္ကြန်အချိန်မှာ လူ့လောကကြီးထဲကို ရောက်ရှိလို့ လာခဲ့တာပါ…။ တကယ်ကို မင်္ဂလာရှိသော အချိန်ပေါ့ သမီးငယ်ရယ်…။ ဆေးရုံမှာရှိနေတဲ့ အချိန်အတွင်းမှာလည်း ဘဘဂျပန်ဘုန်းကြီးနဲ့ ဆရာလေးတို့မိသားစု၊ ဘဘ ဆူဇူကီး၊ အိုကားစံ၊ ဖေဖေရဲ့ဆရာနဲ့ ဦးဦး ဒေါ်ဒေါ်ပညာရှင်ကြီးတွေ လာခဲ့ကြသေးတာပေါ့။

ဆေးရုံပေါ်မှာ ဦးဦးဆရာဝန်ကြီးက သမီးငယ်အတွက် ဂျပန်ယမ်းငွေ တစ်သောင်း အတင်းပေးနေတာကြောင့် ဖေဖေက“ ခင်ဗျား အဲဒီလို ပေးရင် ကျနော်က စိတ်ဆိုးမှာ”လို့ ခတ်ပြတ်ပြတ် ပြောခဲ့ရပါသေးတယ်။ သမီးငယ် လောကကြီးထဲ ရောက်လာပြီးသုံးရက်အတွင်း… ဆေးရုံက မဆင်းခင်မှာ အမည်နာမ ပေးရမယ်ဆိုတာကြောင့် ဖေဖေတို့မှာ အကြပ်ရိုက်ခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ သမီးရဲ့မွေးနံနဲ့လည်း ညီစေ…၊ မမရဲ့နာမည်နဲ့လည်း ကာရံနဘေ လိုက်ဖက်စေ…၊ ဘဘတိုးလို မိသားစုအပေါ် ကျေးဇူးသိတတ် ပြန်လည်စောင့်ရှောက်တတ်တဲ့ သားသမီးရတနာတပါး ဖြစ်ပါစေ... ဆိုပြီး သမီးရဲ့နာမည်ကို ဖေဖေကိုယ်တိုင် ရွေးချယ်ပေးခဲ့တာပါ။

(မမမိုးသက်မွန်နဲ့အအတူ)


ဒီကမ္ဘာလောကကြီးမှာ တိုးတက် ထက်မြက် မွန်မြတ်လှတဲ့ သမီးရတနာတပါး ဖြစ်လာစေဖို့ “တိုးထက်မွန်” ရယ်လို့ ပေးခဲ့တာပါ။ ဖေဖေရဲ့ ရည်ရွယ်ချက်-မျှော်မှန်းချက်တွေကို ဖြည့်စီးပေးနိုင်သော သမီးရတနာတပါး ဖြစ်ပါစေ…။

မွေးနေ့မှာ မေမေမူ၊ မမ မိုးသက်မွန် တို့နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

မွေးနေ့မှာ ဖွားဖွား၊ ဦးဦး၊ ဒေါ်ဒေါ် တို့ မိသားစုတတွေနဲ့အတူ ရွှင်လန်းချမ်းမြေ့ပါစေ...။

ဒီကနေ့ (၁၄-၀၄-၂၀၀၉) သင်္ကြန်အကျနေ့တွင် ကျရောက်သော ချစ်သမီးငယ်၏ ၂ နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ...။