Wednesday, January 7, 2009

ကျုပ်ဘဝတစေ့တစောင်း(၃၈)

တစ်ရက်မှာတော့ ကုမ္ပဏီမှာ အလုပ် အတူတူလုပ်နေတဲ့ ရန်ကုန် ၅၁ လမ်းက ကိုအောင်ခိုင် ဆိုတဲ့ ကျုပ်ရဲ့ စီနီယာက ဖိုင်နယ်မှာ ကျူ(Q) ဝင်လို့ ဆိုပြီး လက်ရှိအလုပ်မှ ထွက်ကာ မဟာဝိဇ္ဖာအရည်အချင်းစစ်တန်း အပိုင်း-၁ (Q 1) တက်ရောက်ဖို့ ရန်ကုန်တက္ကသိုလ်ဆီ အားတက်သရော ချီတက်သွားပါတော့တယ်။ မသွားခင်မှာလည်း သူ့လို စာတော်တဲ့သူအတွက် ဆိုပြီး ကျုပ်တို့အဖွဲ့က ဂုဏ်ပြုပွဲလေး လုပ်ပေးလိုက်ကြပါသေးတယ်။ ဒါပေမဲ့ ကျုပ်အထင် နှစ်ပတ်လောက်ကြာတော့ ကိုအောင်ခိုင် တစ်ယောက် “စာမလိုက်နိုင်” လို့ ဆိုပြီး အလုပ် ပြန်လုပ်ဖို့ ရုံးကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ ကျုပ်လည်း သူ့ကို တော်တော်လေး စိတ်ဝင်စားသွားပြီး ကျုပ်နဲ့ သူ နဲ့ တက္ကသိုလ်အကြောင်း ပြောဖြစ်ကြတာပေါ့။ သူဟာ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှာ နေ့ကျောင်းတက်... အဲဒီကပဲ ဖိုင်နယ်မှာ Qualify (Q) ဖြစ်လို့ မဟာအရည်အချင်းစစ်တန်း အပိုင်း-၁ ကို အဲဒီ ရန်ကုန်တက္ကသိုလ်က သမိုင်းဌာနမှာပဲ ပြန်သွားတက်တာ... စာမလိုက်နိုင်ဘူး ဆိုတော့ ကျုပ်အတွက် တော်တော်လေး ထူးဆန်းနေပါတယ်။ ကျုပ်က “အဲဒီအတန်းက စာတွေ တကယ် ခက်တာပဲလား ကိုအောင်ခိုင်” လို့ သူ့ကို မေးတော့...“ဟာ... အားလုံးကို အင်္ဂလိပ်လို သင်တာဖြစ်တဲ့အတွက် တကယ် ခက်ကြောင်း...၊ အမှန်တကယ် စာမလိုက်နိုင်လို့ ပြန်ထွက်လာတာဖြစ်ကြောင်း...၊ စာ သာ လိုက်နိုင်ပါက ကျောင်းတက်ချိန်က သိပ်ပြီး အရေးမကြီးကြောင်း...၊ တစ်ပတ်ကို တစ်ရက် နှစ်ရက် သွားတက်နိုင်ပါက အဆင်ပြေကြောင်း...” ရန်ကုန်လေနဲ့ အသေအခြာ ရှင်းပြပါတော့တယ်။
သူ ပြောပြလိုက်တာကို အဆောင်ပြန်ရောက်လို့ အိပ်ယာပေါ် ရောက်နေသည့်တိုင် ခေါင်း ထဲက မထွက်နိုင်တဲ့ အကြောင်းတစ်ခုကတော့ “ စာ သာ လိုက်နိုင်ပါက ကျောင်းမှန်မှန်မတက်” လည်း ရတယ် ဆိုတဲ့ အချက်ပါပဲ..။ အကယ်၍ ကျုပ်သာ ဖိုင်နယ်ကို သူ့လို Qualify (Q) နဲ့ အောင်ခဲ့မယ် ဆိုရင်... အလုပ်တဖက်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာ ဆက်သင်ဖို့ အခွင့်အလမ်း ရပြီပေါ့။ ဒီလို အခွင့်အရေး ရခဲ့ပြီဆိုရင်... ကျုပ် အိပ်မက်ထဲက တက္ကသိုလ်ဆရာ ကထိက ဒေါက်တာ မြင့်နွယ် တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...။ တွေးရင်း...တွေးရင်း...နဲ့ ရင်တွေ ခုန်လာလိုက်တာ ငုတ်တုတ်တောင် ထ ထိုင်ခဲ့ရပါတယ်။ အဲဒီကျမှ ကျုပ်ဖြေထားခဲ့တဲ့ အဝေးသင် ဖိုင်နယ်စာမေးပွဲကို Qualify (Q) နဲ့ အောင်မြင်ချင်တဲ့ စိတ်တွေ ကျုပ် ရင်ထဲမှာ တားမရ-ဆီးမရ ဖြစ်ပေါ်လာပါတော့တယ်။ ဒါကြောင့်လည်း ချက်ချင်းပဲ အိပ်ယာကုတင်ပေါ်မှဆင်းကာ အဝေးသင် ကျောင်းစာအုပ်တွေ သီးသန့်ထုပ်ထားတဲ့ ကုတင်ခြေရင်းက ပီနံအိပ်ကို ဖွင့်လို့ ဖိုင်နယ်မေးခွန်းတွေ ပြန်ရှာ... ကိုယ် ဖြေထားခဲ့တာတွေကို ပြန်စဉ်းစားရင်း... အမှတ်တွေ ပြန်တွက်ကြည့်...။ ဘယ်လိုပဲဖြစ်ဖြစ် မေဂျာရော... မိုင်နာရော... တစ်ပုဒ်မကျန် အပုဒ်စေ့ ဖြေနိုင်ခဲ့တာမို့... ဆရာသမားတွေ အမှန်တိုင်း စစ်ပါက Qualify ဖြစ်နိုင်ပါတယ်လေ...လို့ ကိုယ့်ကိုကိုယ် အားပေးပြီးသကာလ၊ တမှေး အိပ်စက်ဖို့အရေး... မီးလေးကို အပြေးပိတ်လို့ ... တရေး ကြိတ်ခဲ့ရပါတော့တယ်။

Monday, January 5, 2009

ကျုပ်ဘဝတစေ့တစောင်း(၃၇)

တကယ်တော့ မဝါ ဟာ ကျုပ်ဘဝကို ရန်ကုန်မြို့ကြီးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အစစအရာရာ ရှေ့ဆောင်လမ်းပြ လုပ်ပေးခဲ့သူပါ။ “ဝတ်ပုံ-စားပုံ...၊ မိန်းခလေးတွေနဲ့ စကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး ဘယ်လိုပြောရမယ်”ကအစ သင်ပြပေးခဲ့သူပါ။ အင်္ကျီ ဆိုရင်လည်း လည်ကတုံးကအစ အသင့်ချုပ်ပြီးသား ရယ်ဒီမိတ် ကို ဝယ်မဝတ်စေပဲ... ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းက နံမည်ကြီး စက်ချုပ်ဆိုင်မှာ သူကိုယ်တိုင် လိုက်ပို့... သူကိုယ်တိုင် ရွေးပြီး ချုပ်စေ... ဝတ်စေ.. ခဲ့သူပါ။ အဲဒီဆိုင်က လည်ကတုံး ချုပ်ပုံ ဘယ်လောက်အထိ ကောင်းသလဲ ဆိုရင်.. ကျုပ်ရဲ့ ရန်ကုန်တက္ကသိုလ်က ဆရာ-ဆရာမတွေကတောင် “ နင့် လည်ကတုံး ချုပ်ပုံ သိပ်ကောင်းတာပဲ... ဘယ်ဆိုင်မှာ ချုပ်တာလဲ..” လို့ မကြာခဏ မေးကြတဲ့အထိပါ။ တမင်တကာ လုပ်ယူပြီး ဟန်ဆောင် ဖန်တီးထားတဲ့ အပေါ်ယံ အပြုံး အပြောအဆို အပြုအမူမျိုး မဟုတ်ပဲ... တကယ် ရင်ထဲက လာတဲ့ စိတ်ရင်းစေတနာမှန်နဲ့ မောင်လေးတစ်ယောက်လို ကြင်နာ ယုယစွာ ဆက်ဆံခဲ့တယ် ဆိုတာ သိလာရပြန်တော့... မဝါကို ပိုလို့..ပိုလို့.. လေးစားလာခဲ့မိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မဝါရဲ့ နူးညံ့သိမ်မွေ့တဲ့ အပြောအဆို အပြုအမူ အယုအယတွေ အောက်မှာ ကျုပ် ဆိုတဲ့ တောသားတစ်ယောက် တဒင်္ဂ သာယာနစ်မွန်းခဲ့ဖူးပါတယ်။ စကား အပိုအလို ပြောတာ မကြိုက်ပါဘူး ဆိုတဲ့ ကျုပ် တောင်မှ... သူမရဲ့ မုသားမပါ ချိုသာတဲ့ မောတ္တာစေတနာ ရေယဉ်ကျောမှာ မျောပါစီးဝင်ခဲ့ဖူးပါတယ်။ ဒီကတဆင့် ရရှိလာတဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုတွေဟာ ကျုပ် တစ်ယောက်သာမက... ကျုပ် ပတ်ဝန်းကျင်နဲ့ လောကကြီး တစ်ခုလုံးကိုလည်း ကူးဆက် ပြန့်နှံ့ သွားစေခဲ့တာ အမှန်ပါ။ ဒါကြောင့်လည်း ကျုပ်ဘဝ အတွေ့အကြုံအပေါ် အမှီပြုလို့... ကျုပ်တို့ ညီမလေးကိုလည်း... “ဓာတ်ပုံထဲမှာ အမြဲတမ်း ပြုံးနေသလို... ပြင်ပလောကမှာလည်း အမြဲတမ်း ပြုံးနေစေချင်ပါတယ်။” တစ်ယောက်တည်း ပြုံးဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင်... အမြဲတမ်းမဟုတ်ရင်တောင်မှ တခါတလေ (အရာအားလုံး ပြီးပြည့်စုံနေပေမယ့်) လောကကြီးကို အလိုမကျတဲ့ မျက်နှာနဲ့ သုန်မှုန်နေတတ်တဲ့ ဟို.. မန္တလေးတောင်ထိပ်က ဒေါ်မြိုင် ကိုပါ အဖေါ်ညှိလို့ အပြိုင် ပြုံးကြည့်ကြစေချင်ပါတယ်။ အနီးဆုံးပတ်ဝန်းကျင်ရဲ့ ကျေနပ် ပီတိ အေးချမ်းမှု ရိုက်ခတ်သံကို အဆောတလျင် ခံစားသိရှိ ရလိမ့်မည်က မြေကြီးလက်ခတ် မလွဲပါ။
အလျဉ်းသင့်လို့ နောက်တစ်ခုကို ထပ်ဆင့်လို့ တင်ပြခွင့်ပြုမယ်ဆိုရင်...“အိပ်မက်ထဲမှာ မုသားမနှောတဲ့ အမှန်စကားတွေကို တုံးတိတိ မပြောခဲ့သလို.. လက်ရှိ ပြင်ပလောကမှာလည်း တုံးတိတိကို ထာဝရ နှုတ်ဆက်လို့ မလျှော့မတင်းတဲ့ စောင်းကြိုးလေးနှယ် ကြိုးစား အားထုတ် ပြုပြင် သွားစေချင်ပါတယ်။” ကျုပ်လို ယောက်ျားရင့်မကြီး တစ်ယောက်ရဲ့ နှုတ်က အမှန်တရားကို ခတ်ပြတ်ပြတ် စကားလုံးတွေနဲ့ ပုံဖေါ်တာဟာ သဘာဝကျပေမယ့်... ညီမလေးတို့လို အားနွဲ့တဲ့ မိန်းခလေး တစ်ယောက်ရဲ့ နှုတ်ခမ်းဖျားက ပေါ်ထွက်လာခဲ့မယ်ဆိုရင်... ကြားရသူအပေါင်းက နားဝင်မပီ သူ့လက်ရည် ရယ်လို့ ညည်း(ညီး)ကြပေမပေါ့...။ ညီမလေးရဲ့ ရှိပြီးသား ရုပ်အလှ နဲ့ စိတ်အလှတွေကို သင့်တင့်သော အပြုံး အပြောအဆို.. အပြုအမူတွေ နဲ့ ထပ်ဆင့်လို့ ပုံဖေါ်ထုဆစ် လိုက်မယ်ဆိုရင်... တော်လေးဝဝင် မင်းသမီးတွေကတောင် ထိုင်ကာ ရှိခိုး ကြရပေလိမ့်မည်။
( အစ်ကိုကြီးရဲ့ စေတနာနှင့် ဆိုဆုံးမမှုတွေကို အမြဲတစေ ဝေဒနာ အဖြစ် ယုံမှားထင်မှတ်လေ့ရှိသော အထွေးဆုံး ညီမငယ် နှင့် တိုက်ဆိုင်မှုရှိသော ညီမငယ်တိုင်းကို ရည်ညွှန်းပါသည်။)

ကျုပ်ဘဝတစေ့တစောင်း(၃၆)

ကျုပ်ဘဝအတွက် မဆွေကို ထာဝရ ဘဝလက်တွဲဖေါ်အဆင့်ထိ ရည်မှန်းလို့ ရိုးသားစွာ ကြိုးစားခဲ့ပေမယ့်... အရှုံးသမားဖြစ်ခဲ့ရသူက ကျုပ် ပါ။ မျှော်လင့်ချက်ရောင်ခြည်တွေ တသီကြီး ပေးကာ အရူးလုပ်ခံလိုက်ရသူက ကျုပ်ပါ။ ဘဝကို ကြမ်းတမ်းခက်ထန်စွာ ရုန်းကန်လှုပ်ရှား နေရသူ တစ်ယောက်ဖြစ်ပေမယ့်... ကျုပ် နှလုံးသားကလည်း အခြားပုထုစဉ်များနည်းတူ နုနယ်လှပါ၏။ ခံစားတတ်ပါ၏။ ဘဝပေး အတွေ့အကြုံအရ “အများအမြင်မှာ ခံနိုင်ရည်ရှိသူ တစ်ယောက်အဖြစ်” ကြိုးစားရပ်တည်နိုင်ခဲ့ပေမယ့်... ည အိပ်ချိန် ရောက်လို့ ရန်ုကုန်က အဆောင်ခန်း ကျဉ်းကျဉ်းလေးထဲမှာ အထီးကျန် တစ်ယောက်တည်း ကြိတ်မှိတ် ငိုကြွေးခဲ့ရတာတွေကို ဘယ်သူများ သိနိုင်အုံးမှာလဲ...။ ဘယ်သူကများ နားလည် စာနာမှု ပေးနိုင်ကြမှာလဲ...။ အခုလည်း တစ်ပူပေါ် နှစ်ပူဆင့်လို့ တိတ်တိတ်ကလေး ငိုခြင်း ဆက်ရပြန်ပါပြီ...။ ဒါကို မဆွေ တစ်ယောက် ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ...။ သူမကြောင့် ကျုပ် ပူဆွေး သောက ရောက်ခဲ့ရတာကို သူမ ဘယ်လိုလုပ် ကိုယ်ချင်းစာပေးနိုင်မှာတဲ့လဲ...။ အများအထင်မှာ တိကျပြတ်သားလှတဲ့ ကျုပ်လိုလူတစ်ယောက်မှာ မိန်းမ တစ်ယောက်ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေ ရှိခဲ့ဖူးပါတယ်ဆိုရင်... ပုံပြင်လို့များ.. မှတ်နေမလား...။ မယုံမရှိပါနဲ့ ပုံပြင်မဟုတ်တဲ့ နှလုံးသားဒဏ်ချက် တစ်ခုပါ...။
ဘယ်လိုပင် နှလုံးသားဒဏ်ရာတွေ ရှိနေပေမယ့်... မိသားစုအရေး ဦးစားပေးခဲ့ရသူမို့... မန္တလေးတက္ကသိုလ်က တင်မိုးလွင်ကြီး ဘော့လုံးကိုသာ ကြုံးကြုံး ကန်ခဲ့သလို... ကျုပ်ကလည်း ကုမ္ပဏီအလုပ်ကိုသာ ဇွတ်မှိတ် ကြိတ်လုပ်ခဲ့ရတာပေါ့။ တခါတရံတော့လည်း ရန်ကုန်သူ မဝါရဲ့ အပြုအစု အယုအယတွေ အောက်မှာ နစ်မျောခဲ့ဖူးပါတယ်။ ကျုပ် နေထိုင်မကောင်း ဖြစ်လို့ မှိုင်နေတတ်တဲ့အခါ... “ပြစမ်း..ဆိုပြီး ကျုပ် နဖူးကို သူ့လက်ကလေးနဲ့ တယုတယ စမ်းကာ... မဖြစ်ဘူး..မဖြစ်ဘူး... နင် ဆေးသောက်မှ ဖြစ်မယ်ဆိုတဲ့ အပြုံးမျက်နှာနဲ့ အပြော...၊ ပါရာစီတမော ဆေးပြားကို ကိုယ်တိုင် ကြိတ်လို့ သောက်ရေတစ်ခွက်နဲ့ အသာအယာ ချော့မော့တိုက်ခဲ့တဲ့ ဟန်ပန်အမူအရာ...၊ ဒီပုံတိုင်းဆိုရင် ထမင်းစားလို့ မဖြစ်သေးဘူး ဆိုပြီး.. တပည့်ကျော်တစ်ယောက်ကို ဆံပြုတ် (သို့) ခေါက်ဆွဲပြုတ် သွားဝယ်ခိုင်းကာ.. ခွံ့မကြွေးရုံတမယ် အသေအခြာ ဂရုတစိုက်နဲ့ ပြုစုယုယမှု”တွေကြောင့် ကျုပ်ရင်ထဲမှာ စိတ်ရိုင်းတွေ ဝင်ခဲ့ဖူးပါတယ်။ မဝါက “ငါ့ကိုများ စိတ်ဝင်စားနေတာလား” ဆိုတဲ့ အတ္တကြီးတဲ့စိတ်တွေ လွှမ်းမိုးဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဘဝကို ခတ်ကြမ်းကြမ်း ရုန်းကန် ဖြတ်သန်းခဲ့ရသူမို့လည်း မိန်းမတစ်ယောက်ရဲ့ အကြင်နာ မောတ္တာတရားနဲ့ ယုယမှုတွေကို မကြုံစဖူး... ကြုံရလေတော့.. လွဲမှားတဲ့ စိတ်နဲ့ မှားယွင်းတဲ့အဓိပ္ပါယ်တွေ ကောက်ယူခဲ့ဖူးပါတယ်။ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ “စိတ်ဆင်ရိုင်း” ကို “ဥာဏ်ပညာချွန်း” နဲ့ အချိန်မှီ မအုပ်နိုင်ခဲ့ရင်...ကျုပ်ဘဝရှေ့ရေးက မတွေးဝံ့စရာ...။

Friday, January 2, 2009

ယင်းမာပင် အမှတ်တရ (၄)

ဦးလေးငြိမ်းတို့အိမ်ဟာ မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီးရဲ့ ညာဘက်ခြမ်း၊ ယင်းမာပင်မြို့လယ်ခေါင်ရှိ ဈေးကြီးရဲ့ အနောက်ဘက် ကပ်လျှက်ရှိသော တောင်-မြောက်လမ်းအတိုင်း ငါးမီးနစ်လောက် လမ်းလျှောက်လိုက်ပါက ရောက်နိုင်တဲ့နေရာ ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ အိမ်က နှစ်ထပ်အိမ် ဖြစ်ပြီး သီးခြားမီးဖိုဆောင်လေးလည်း ရှိပါတယ်။ အိမ်ရောက်တော့ အောက်ထပ်မှာ သူ့အမျိုးသမီး အန်တီဝင်း၊ သမီးကြီး ကျော့ကျော့၊ သားလတ် ကျော်ငြိမ်း၊ သားငယ် သီဟ တို့နဲ့ မိတ်ဆက်ပေးပြီး..“ မင်းအဖေနဲ့ ငါ ဟာ တစ်ချိန်က လုပ်ဖေါ်ကိုင်ဖက်တွေ ဖြစ်တဲ့အကြောင်း..၊ တစ်ဦးက အဆင်မပြေတဲ့ အချိန်မှာ တစ်ဦးက ကူညီရမှာ ဖြစ်တဲ့အကြောင်း...၊ ဒီအိမ်မှာ ဘာမှ အားနာစရာ မလိုကြောင်း...၊ စာကိုသာ ကြိုးစားစေချင်ကြောင်း...၊ မင်းက ဒီနှစ် လမ်းစဉ်လူငယ် မြို့နယ်အဆင့် မြန်မာစာရည်ချွန်ပြိုင်ပွဲမှာလည်း ဒုတိယဆု ရထားတာကြောင့် ဒီစာမေးပွဲကို အောင်မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း...၊ မနက်ဖန် မုံရွာက ငါ့ တူမ တစ်ယောက်လည်း ဒီကို ရောက်လာပြီး မင်းနဲ့အတူ ၁၀ တန်း ဖြေမှာ ဖြစ်တဲ့အကြောင်း...၊ မသိတာရှိရင် တိုင်တိုင်ပင်ပင် မေးမြန်းဆွေးနွေးနိုင်ကြောင်း... စသည်ဖြင့် စုံလင်အောင် ရှင်းပြကာ အပေါ်ထပ်ကို လိုက်ပို့ပါတယ်။ အပေါ်ထပ်မှာ ထမင်းစား စားပွဲပုတစ်လုံး ချပေးထားပြီး တစ်ယောက်တည်း နေရပါတယ်။ အစားအသောက်ကိုလည်း စာမေးပွဲကာလ တစ်လျှောက်လုံးမှာ ဦးလေးငြိမ်းကပဲ သေသေခြာခြာ ဂရုတစိုက် ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။ မနက်မိုးလင်းတာနဲ့ စားတော်ပဲပြုတ်ထမင်းကြော်နဲ့ ဗူးသီးကြော် ကို သူကိုယ်တိုင် အိမ်အပေါ်ထပ်အထိ တစ်ရက်မပျက် လာပို့ပေးခဲ့ပါတယ်။ စာမေးပွဲဖြေပြီးအပြန် နေ့လည်စာကို မီးဖိုဆောင်မှာ တကူးတက စောင့်ပြီး ခူးခတ် ကျွေးမွေးခဲ့သလို... ညစာကိုလည်း အလားတူပါပဲ...။ ဦးလေးငြိမ်းရဲ့ ကျေးဇူးတရားတွေက ကြီးမားလှပါပေတယ်။ ဦးလေးငြိမ်းအိမ်မှာ တည်းခို နားယူခွင့် ရရှိခဲ့ပြီး စာမေးပွဲဖြေဆိုခဲ့တာကြောင့် ၁၀ တန်း ဆိုတဲ့ “တောင်” ကို ကျော်နိုင်ခဲ့တာပါ။ ဒီ တောင် ကို မကျော်နိုင်ခဲ့ရင်.. မိုးစံ ဆိုတာ ဖြစ်လာမှာ မဟုတ်သလို... ဒီစာကိုလည်း ရေးခွင့်ရမှာ မဟုတ်ပါဘူး...။ အခုတော့ မိုးစံ တစ်ယောက် ပြည်တွင်းက ရိုးရိုးဘွဲ့-မဟာဘွဲ့တွေ တစ်ခုပြီး တစ်ခု ရရှိခဲ့ရုံမက... ရေခြား မြေခြားက မဟာဘွဲ့တစ်ခုကိုပါ ရရှိနေပြီး...မကြာခင်ကာလမှာ ပီအိပ်ခ်ျဒီ ဆိုတဲ့ ပါရဂူ ဘွဲ့ကြီးကိုလည်း ထိုက်တန်အောင်မြင်စွာ ဆွတ်ခူးရရှိတော့မှာပါ။ ဒီလို အောင်မြင်မှုတွေနဲ့ ပြည်တော် ပြန်ရောက်လာတဲ့အခါ မိသားစုနဲ့အတူ ဦးလေးငြိမ်း ရှိရာ “ယင်းမာပင်မြို့”ကလေးဆီကို လာရောက် ကျေးဇူးဆပ်မယ် လို့ စိတ်ကူးစဉ်းစားထားပေမယ့်... ဦးလေးငြိမ်းကလည်း မိုးစံတို့အဖေလို သောက်တတ် စားတတ်သူမို့ “သူ မရှိတော့ရင်...”ဆိုတဲ့ အတွေးက ရင်ကို စိုးရိမ် တုန်လှုပ် ပူပန်စေခဲ့ပါတယ်။ ကျေးဇူးရှိသူကို အသက်ထင်ရှားရှိစဉ် ကိုယ်တတ်နိုင်တာလေးနဲ့ ကျေးဇူးဆပ်ခွင့် မရလိုက်မှာကို အရမ်း စိုးရိမ် နေမိပါတယ်။ အခုတော့ ဒီ စိုးရိမ်မှု ကွက်လပ်ကလေးကို “ယင်းမာပင်ဘလော့ဂ်” လေးက ဖြည့်စီးပေးနိုင်မယ် ဆိုတာကြောင့် အတိုင်းမသိ ဝမ်းမြောက်ရပါ၏။
(ယင်းမာပင်မြို့မှ ဦးလေးငြိမ်းနှင့် သူငယ်ချင်းများသို့ အမှတ်တရ)

ယင်းမာပင် အမှတ်တရ (၃)

စာမေးပွဲ ဖြေဖို့ လေး ငါးရက်အလို ရင်ပေါင်တိုင် တွဲဘက် အ.ထ.က မှ ၁၀ တန်း ကျောင်းသားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ယင်းမာပင်မြို့ဆီသို့ အလျှိုလျှို ထွက်ခွာသွားကြလေပြီ။ မိုးစံကတော့ “ဒီတစ်နှစ်တော့ သွားပါပြီ” ဆိုတဲ့ ဝမ်းနည်းအတွေးနဲ့ ကြိတ်မှိတ် ငိုနေခဲ့ရတာပေါ့။ အင်မတန်မှ ပြုံးခဲ.. ရီခဲ.. ငိုခဲလှတဲ့ အစ်ကိုကြီး ဖြစ်သူ မျက်ရည်ကျတာကို မြင်တွေ့ရတော့... ညီငယ်လေးယောက်ကလည်း ထပ်ကာလိုက်လို့ ငိုကြွေးကြပြန်ပါတယ်။ ဒီအခါမှာ ဘာမှမသိသေးတဲ့ ညီမလေးနှစ်ယောက်ကလည်း အော်ကာဟစ်ကာ ငိုကြပြန်ပါရော...။ ဒီအဖြစ်အပျက်တွေကြောင့်လည်း နောက်ပိုင်းမှာ မိုးစံဟာ... သူ့ရင်ထဲမှာ ဘယ်လောက်ပဲ ဝမ်းနည်းပူဆွေးမှုတွေ နဲ့ ရင်ဆိုင်နေရပါစေ... “အများအမြင်မှာ ခံနိုင်ရည်ရှိသူ တစ်ယောက်အဖြစ်” တက်လှမ်းနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ မောင်နှမတတွေ ငိုကြွေးပြီးလို့ နောက်တစ်ရက်မှာ ရွာသစ်က“ပေါကျန်”ဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရောက်လာကာ... “သူတို့ သူငယ်ချင်း ငါးယောက် ယင်းမာပင် တံတားကြီးအနီးမှာ အိမ်တစ်အိမ် ငှါးကာ အတူနေ အတူစားလျှက် ကျောင်းတက်နေကြကြောင်း..၊ အခု မင်း ငါတို့ဆီမှာ တည်းပြီး စာမေးပွဲဖြေဖို့ လာခေါ်တာဖြစ်ကြောင်း...၊ ဒါဟာ ငါ တစ်ယောက်တည်း သဘောမဟုတ်ကြောင်း...၊ ကျန်တဲ့ မင့်သူငယ်ချင်းတွေဖြစ်တဲ့ ဖိုးလင်း၊ ယဉ်ညွန့် နဲ့ အောင်ဆင်တို့ကလည်း အခေါ်ခိုင်းတာ ဖြစ်ကြောင်း..၊ ငါတို့ စားသလို စားမယ်ဆိုရင် ဘာမှမလိုကြောင်း...၊ လုံးဝ အားနာစရာ မလိုကြောင်း” တရစပ်ပြောကာ အတင်းခေါ်ပါတော့တယ်။ တကယ်တော့ ပေါကျန်ဟာလည်း သောက်သောက်စားစားနဲ့ ပျော်ပျော်နေတတ်တာကလွဲရင် ၈ တန်းကို အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ လူတော်တစ်ယောက်ပါ။ သူကလည်း အတင်းခေါ်.. ကိုယ့်မှာလည်း စားသောက်စရိတ် အလုံအလောက် ရှိတာမို့ သူတို့ဆီမှာ တည်းခိုပြီး ၁၀ တန်း စာမေးပွဲ ဖြေဆိုဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
နောက်နေ့မနက် ကြုံရာ သစ်ကား(သစ်တင်တဲ့ကား) နဲ့ ရွာသစ်ကနေ ယင်းမာပင်မြို့အထိ လိုက်လာကြပြီး “ဝင်းလိုက်” ဓာတ်ပုံတိုက်ရှေ့ ဆင်းကာ... လမ်းဆက်လျှောက်၊ တံတားထိပ် ရောက်တော့ ညာဘက်ချိုးကာ သူတို့ နေထိုင်ရာ အိမ်ကလေးဆီ မြန်းခဲ့ကြပါတယ်။ ဟိုရောက်တော့ အားလုံးက ဝမ်းသာအားရ ကြိုဆိုကြပါ၏။ သို့သော် သုံးပင်နှစ်ခန်း ဝါးထရံကာ ဇလီသပ် အိမ်ကလေးမှာ သူတို့ ငါးယောက်အပြင် မိုးစံလို လာရောက် တည်းခိုဖြေဆိုကြမည့် အခြားနယ်က ကျောင်းသား လေး ငါးယောက်လည်း ရောက်ရှိနေတာကြောင့် ပြည့်ညှပ်လို့နေသည်။ သူတို့အားလုံးက စာမေးပွဲဆိုတာ အမှုထားပုံမပေါ်။ တော်တော်လေး ပျော်နေပုံ ရ၏။ မိုးစံကတော့ “ဒီလောက် လူများနေရင် စာကြည့်ဖို့ အဆင်ပြေပါ့မလား”ဆိုတဲ့ အတွေးနဲ့ စိုးရိမ်လျှက် ရှိနေပါ၏။ နောက်ထပ် တစ်နာရီလောက် အကြာမှာတော့ ဒီအိမ်မှာ ရင်ပေါင်တိုင်က မိုးစံ ဆိုတာ ရှိသလား ဆိုတဲ့ အသံနဲ့အတူ အရပ်ရှည်ရှည် အသားဖြူဖြူ လူတစ်ယောက် စက်ဘီးတစ်စီးနဲ့ ဝင်ရောက်လာပါ၏။ မိုးစံ ကလည်း လူကိုမြင်လိုက်တာနဲ့ သူတို့ငယ်ငယ်... ရွာကို စာရင်းစစ်လာတိုင်း အိမ်မှာ ထမင်း-ဟင်း ကိုယ်တိုင် ဝင်ချက်လေ့ရှိတဲ့ စာရင်းစစ် (ဦး)မောင်ငြိမ်းမှန်း ချက်ချင်း မှတ်မိလိုက်ပါတယ်။ သူကလည်း တွေ့တာနဲ့တစ်ပြိုင်နက် “မိုးစံ.. မင်း ဦးလေးငြိမ်းတို့အိမ်မှာ လိုက်တည်းပြီး စာမေးပွဲဖြေဖို့ လာခေါ်တာ... အခု လိုက်ခဲ့ပါ”လို့ ဆိုပါတယ်။ မိုးစံ တစ်ယောက် ဒီသူငယ်ချင်းတွေဆီမှာ တည်းခိုနေတယ်ဆိုတာကို ဦးလေးငြိမ်း ဘယ်လိုလုပ် သိခဲ့ပါသလဲ...။ ဒီအကြောင်းကို မိုးစံကလည်း မမေးခဲ့သလို... သူကလည်း ပြောမပြခဲ့ပါ။ ဆိုတော့ ရွာအထိအောင် အိမ်တိုင်ယာရောက် လာခေါ်ခဲ့တဲ့ ပေါကျန်နဲ့ ကျန်သူငယ်ချင်းတွေကို နှုတ်ဆက် တောင်းပန်ကာ ဦးလေးငြိမ်းနဲ့အတူ လိုက်ခဲ့ရပြန်ပါတယ်။

ယင်းမာပင် အမှတ်တရ (၂)

ဒီလိုနဲ့ သုံးလေးလအကြာ... ရွာကျောင်းက မန္တလေးတက္ကသိုလ်ဘွဲ့ရ မူလတန်းပြ နှင့် အလယ်တန်းပြဆရာ-ဆရာမတွေက အခကြေးငွေ မယူပဲ ၉ တန်းနဲ့ ၁၀ တန်း ကို တက်ရောက်သင်ကြားပေးမယ်ဆိုတာကြောင့် ရင်ပေါင်တိုင်ရွာ တွဲဘက်အထက်တန်းကို ပုံမှန်အချိန်ထက် နောက်ကျလျှက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါ၏။ ကျေးဇူး ကြီးမားလှပါပေတယ် ဆရာ-ဆရာမတို့ရယ်...။ တွဲဘက်ကျောင်း ဖြစ်တာမို့ ရင်ပေါင်တိုင်ကျောင်းက ကိုးတန်းဆယ်တန်း ကျောင်းသားတွေအတွက် ပုံနှိပ်ပြဌာန်းစာအုပ် အလုံအလောက် မရရှိပါ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာကိုင် တစ်အုပ်စီ နှင့် အပို လေး ငါး ဆယ်အုပ်စီသာ။ ဒီမိုး ဒီမြေ ဒီကျောင်းမှာ ဒီဆရာတွေနဲ့ ဒီတပည့်တွေ ဘယ်လို နှစ်ပါးသွားခဲ့ရတယ် ဆိုတာကိုတော့ ပဟေဠိအဖြစ် အဖြေညှိဖို့ ထားခဲ့ပါရစေ...။ မြို့ပြနဲ့ကျေးလက်၊ လူချမ်းသာနဲ့ လူဆင်းရဲ၊ ပညာတတ်နဲ့ ပညာမဲ့ တို့ရဲ့ကြားမှာ တည်ရှိနေတဲ့ ပညာရေးအခွင့်အလမ်း မညီမျှမှုတွေဟာ... အရင်ကလည်း ရှိခဲ့သလို..၊ ယခုလည်း ရှိနေဆဲ...၊ နောင်လည်း ဆက်လက် တည်ရှိနေအုံးမည်သာ...။ ဒီအတွက် မည်သူ့ကိုမျှ အပြစ် မတင်လိုသော်လည်း... ရှေးအတိတ်ကံကြမ္မာကိုတော့ ယိုးမယ်ဖွဲ့မိပါ၏။
“အစကောင်းမှ အနှောင်းသေခြာ” ဆိုသလို... မူလအစကတည်းက ယိုင်နဲ့နဲ့ စတင်ခဲ့ရတဲ့ ရင်ပေါင်တိုင် တွဲဘက်အထက်တန်း(၁၀ တန်း)ဟာ နောက်ဆုံး အတန်းတင်စာမေးပွဲဖြေဖို့အရေး စာဖြေ-စာစစ်ဌာန ရှိရာ ယင်းမာပင်မြို့ သို့ သွားရောက်တည်းခိုဖို့ အတွက် ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြန်ပါတယ်။ အရင်နှစ်တွေတုန်းကဆိုရင် အစိုးရစစ် အတန်းတွေ ဖြစ်တဲ့ ၈ တန်းနဲ့ ၁၀ တန်းကို ယင်းမာပင်စာစစ်ဌာန သွားရောက်ဖြေဆိုတဲ့အခါ... ဆရာ-ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ရွာက လှည်းတွေနဲ့ လိုက်ပို့ကြ...၊ ယင်းမာပင်မြို့နယ်ခန်းမကြီးကို ခေတ္တခဏ နေထိုင်ခွင့် တောင်းကာ တည်းခိုကြ...၊ ရွာက ထမင်းချက်အဖွဲ့ကလည်း ကျောင်းသားတွေဆီက တွက်ချက်ကောက်ခံထားတဲ့ စားစရိတ်ကို အလေအလွင့် မရှိအောင် စီမံခန့်ခွဲလို့ ချက်ပြုတ်ကျွေးမွေးကြ...၊ ဆရာ-ဆရာမတွေကလည်း တပည့်တွေကို ကြီးကြပ်(လိုအပ်လျှင် စာသင်)အုပ်ချုပ်လို့ အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့ကြပါ၏။ ဒီနှစ်တော့ ရွာလူကြီးက ခေါင်း ရှောင်၊ ရွာလူထုက စိတ်မဝင်စား၊ ဆရာ-ဆရာမတွေကလည်း အလုံးစုံ တာဝန်မယူနိုင်တာကြောင့် မိမိအစီအစဉ်နဲ့မိမိ သွားရောက် တည်းခို ဖြေဆိုကြဖို့ အကြောင်း ဖန်လာခဲ့ပါတော့တယ်။ ဤဖြစ်စဉ် သည်ပင်လျှင် စောစောက အကြော်သည် မိုးစံတို့ မိသားစုမောင်နှမတတွေ မျက်နှာ မသာမယာဖြစ်ရခြင်း၏ အကြောင်းရင်း ဖြစ်ရလေသည်။
မိုးစံ ကတော့ နောက်နှစ်ဆိုတာ မသေခြာတာမို့.. အောင်တာ-မအောင်တာ အပထားလို့ ဒီနှစ် ဖြေလိုက်ချင်သည်။ ဒီအတွက်လည်း အမေညိုက သူ စုထားသော ငွေကျပ်ငါးဆယ်ကို မြေးဖြစ်သူ မြို့သွားဖို့ အရေး ထုတ်ပေးထားပြီးဖြစ်သလို... အဒေါ်ဝမ်းကွဲဖြစ်သူ မမဝင်းကလည်း ငွေအစိတ် ပေးခဲ့ပြီးလေပြီ။ ဒီငွေ ၇၅ိ/ ဆိုရင် ၁၀ တန်း စာမေးပွဲ ဖြေဆိုစဉ်ရက်အတွင်း စားဖို့ လုံလောက်ပါ၏။ ခက်တာက တည်းခိုနေထိုင်ဖို့ နေရာ..။ တကယ်လိုအပ်နေတာက ယင်းမာပင်မြို့မှာ ၁၀ ရက်လောက် တည်းခိုနိုင်ဖို့ အသိမိတ်ဆွေအိမ်တစ်အိမ်...။ ဒီအတွက် သားကြီး မိုးစံက ဖခင်ဖြစ်သူကို သွယ်ဝိုက်၍ အပူကပ် နေခြင်းပင်။ မိုးစံတို့ ငယ်ငယ်... ဖခင်ဖြစ်သူ သမလူကြီး လုပ်ခဲ့စဉ်က ယင်းမာပင်မြို့မှာ မိတ်ဆွေတွေ ရှိခဲ့ဖူးသည်။ အထူးသဖြင့် သမအသင်းတွေကို စာရင်း လိုက်စစ်လေ့ရှိသော မြို့နယ်သမဦးစီးဌာနမှ စာရင်းစစ်များပင်...။ ဒီမိတ်ဆွေတွေထဲက တစ်ယောက်ယောက်အိမ်ကို လိုက်ပို့ဖို့ ဖခင်ဖြစ်သူကို နည်းမျိုးစုံဖြင့် စည်းရုံးတိုက်တွန်းနေသော်လည်း... “သူများကို ဒုက္ခမပေးချင်ဘူး..ကွာ” ဆိုတဲ့ အဖြေကလွဲလို့ ဘာမှ မပြော။

ယင်းမာပင် အမှတ်တရ (၁)

၁၉၈၈ ခုနှစ်၊ မတ်လဆန်း ရဲ့ ပူအိုက်သော နွေနံနက်ခင်းတစ်ခုမှာ ရင်ပေါင်တိုင်ရွာ အနောက်ထိပ်ရှိ ရွာ၏ တစ်ခုတည်းသော အခြေခံပညာအလယ်တန်းကျောင်း (နှင့် တွဲဘက် အ.ထ.က) ၏ ရှေ့အဝင်ဝ ဘယ်ဘက်ခြမ်း အိမ်ဝိုင်းအတွင်း၌ရှိသော အကြော်ဆိုင်တွင် မိုးစံတို့ မိသားစုမောင်နှမတတွေ မျက်နှာ မသာမယာဖြင့် အလုပ်ရှုတ်နေကြလေ၏။ ဖခင်ဖြစ်သူက ခေါင်း ငိုက်စိုက်ချကာ ဆန်ကော(စကော)အလယ်၌ ရှိသော စင်းနှီတုံး ပေါ်တွင် ဗူးသီးကိုတင်ကာ တောက်တောက်စင်းနေသလို... သားကြီးဖြစ်သူ မိုးစံ က စင်းပြီးသား ဗူးသီးဖတ်ကလေးတွေကို ဇလုံဖြူကြီးထဲ ထည့်ကာ ဆား၊ ဆန်မှုန့်၊ ဆော်ဒါအနည်းငယ် နှင့် ရေ ကို သမအောင် ထပ်ဖြည့်လျှက် ဒူးပေါ် မေးထောက်ကာ ညာဘက်လက်ဖြင့် အားရပါးရ နှယ်နေလေသည်။ မိခင်ဖြစ်သူက မနေ့ညက ထောင်းထားသော မတ်ပဲအစိုလေးတွေကို အကွင်းလေးတွေ လုပ်ကာ ဆီပူဒယ်အိုးကြီးထဲသို့ တစ်ခုပြီး တစ်ခု ထည့်ရင်း တစို့တံကလေးဖြင့် ဟိုဘက်ဒီဘက် ပြန်ကာလှန်ကာ လုပ်ပေးလျှက်ရှိ၏။ ထိုအချိန်မှာ ကျန်ညီအစ်ကို လေးယောက်က မြင်းခွာရွက်ကြော် ရောင်းနိုင်ဖို့အတွက် မြင်းခွာရွက် သင်နေကြသလို... ဥမမယ် စာမမြောက်သေးတဲ့ ညီမလေး နှစ်ယောက်ကလည်း ထမင်းဇလုံထဲ ထည့်ပေးထားသော အကြော်တစ်ခုကို သူနိုင် ကိုယ်နိုင် အပြိုင်လုနေကြလေသည်။
“ကျနော် ဒီနှစ် ၁၀ တန်း စာမေးပွဲ မဖြေရတော့ဘူးပေါ့... ဟုတ်လား အဖေ” ဆိုတဲ့ အသံနဲ့အတူ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက သားကြီး မိုးစံပင်...။ ဖခင်ဖြစ်သူကတော့ “ ဒီလိုလည်း မဟုတ်သေးပါဘူးကွာ... ရွာကလူကြီးတွေနဲ့ မင်းတို့ ဆရာတွေ တိုင်ပင်ပြီး တစ်ခုခု လုပ်ပေးလိမ့်မယ် ထင်ပါတယ်” ဟု ဟက်ဟက်ပက်ပက် မရှိလှသော အသံဖြင့် တုန့်ပြန်မှုပြုလေ၏။ ဇာတ်လမ်းက အစကတည်းက ယဉ်သကိုဟု ဆိုရမည်ပင်။ မိုးစံ ၁၀ တန်း ရောက်သည့် ဒီ ၁၉၈၇-၈၈ ပညာသင်နှစ်မှာ ရင်ပေါင်တိုင်ရွာ တွဲဘက်အထက်တန်းကို တော်တော်နှင့် မဖွင့်နိုင်။ မိုးခေါင်ရေရှားအရပ်ဖြစ်တာမို့ စီးပွားရေးက အမြဲတမ်း အဆင်မပြေကြ။ မိုး ကောင်းလို့ ကောက်ပဲသီးနှံ ရကြရင် စီးပွားရေးအဆင်ပြေ...၊ စီးပွားရေး ဖွံ့ဖြိုးတာနဲ့အမျှ... တစ်အိမ်ထောင်ကို ဘယ်လောက် ဟု ကျသင့်ငွေ ခွဲတမ်းကောက်ယူကာ မြို့တက် ဆရာ ငှါးကာ ရွာနှင့် ရွာအနီးတဝိုက်က ကျောင်းသားလူငယ်တွေအတွက် တွဲဘက်အထက်တန်း ( ၉ တန်း နှင့် ၁၀ တန်း) ကို ဖွင့်ပေးနေကြ။ ကျောင်းသားကျောင်းသူတွေက လစဉ်ကြေး အနည်းငယ် ပံ့ပိုးပေးရုံပင်..။ မိုး ခေါင်လို့ ဆရာ မငှါးနိုင်တဲ့နှစ် ဆိုရင်တော့.. တတ်နိုင်တဲ့သူတွေက အထက်တန်းကျောင်းရှိရာ သက်ဆိုင်ရာ မြို့တွေဆီ ချီတက်ကြ။ ဆင်းရဲသား မတတ်နိုင်တဲ့သူတွေကတော့ တစ်နှစ်နားလို့... နောက်နှစ် မိုး ကောင်းအောင် ဆုတောင်းယုံမှတပါး အခြားရွေးစရာ လမ်းမရှိ။ ဒီနှစ်လည်း မိုးခေါင်တာကြောင့် ဆရာ ငှါးဖို့ ရွာက ငွေကြေး မထောက်ပံ့နိုင်။ ဒါကြောင့် ရွာတွဲဘက်အထက်တန်း ဖွင့်ရေး-မဖွင့်ရေး ရွာကလူကြီးတွေ၊ မိဘ-ဆရာအသင်းနဲ့ ဆရာ-ဆရာမတွေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရ၏။ ကျောင်းဖွင့်ချိန် ရောက်နေတာတောင် တော်တော်နဲ့ မဖွင့်နိုင်တာကြောင့် စီးပွားရေး အဆင်ပြေသူတွေ နဲ့ အဆက်အသွယ် ရှိသူတွေက အထက်တန်းကျောင်းရှိရာ မြို့ကြီးများသို့ အသီးသီး ပြောင်းရွှေ့သွားကြလေပြီ။ အထူးသဖြင့် ရွာ နှင့် အနီးဆုံးနေရာတွင် ရှိသော ယင်းမာပင် အ.ထ.က သို့ ပြောင်းကြလေ၏။ မိုးစံ တို့လို လူတွေကတော့ “တွဲဘက် ဖွင့်နိုင်ပါစေ”လို့ ဆုတောင်းရင်း ကျောင်းဖွင့်ရက်ကို လည်ပင်းတရှည်ရှည်ဖြင့် မျှော်လင့်နေကြရပါ၏။ ဒီနှစ် မဖွင့်နိုင်ရင်.. နားပေအုံးတော့ တစ်နှစ်ပေါ့။