Friday, January 2, 2009

ယင်းမာပင် အမှတ်တရ (၃)

စာမေးပွဲ ဖြေဖို့ လေး ငါးရက်အလို ရင်ပေါင်တိုင် တွဲဘက် အ.ထ.က မှ ၁၀ တန်း ကျောင်းသားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ယင်းမာပင်မြို့ဆီသို့ အလျှိုလျှို ထွက်ခွာသွားကြလေပြီ။ မိုးစံကတော့ “ဒီတစ်နှစ်တော့ သွားပါပြီ” ဆိုတဲ့ ဝမ်းနည်းအတွေးနဲ့ ကြိတ်မှိတ် ငိုနေခဲ့ရတာပေါ့။ အင်မတန်မှ ပြုံးခဲ.. ရီခဲ.. ငိုခဲလှတဲ့ အစ်ကိုကြီး ဖြစ်သူ မျက်ရည်ကျတာကို မြင်တွေ့ရတော့... ညီငယ်လေးယောက်ကလည်း ထပ်ကာလိုက်လို့ ငိုကြွေးကြပြန်ပါတယ်။ ဒီအခါမှာ ဘာမှမသိသေးတဲ့ ညီမလေးနှစ်ယောက်ကလည်း အော်ကာဟစ်ကာ ငိုကြပြန်ပါရော...။ ဒီအဖြစ်အပျက်တွေကြောင့်လည်း နောက်ပိုင်းမှာ မိုးစံဟာ... သူ့ရင်ထဲမှာ ဘယ်လောက်ပဲ ဝမ်းနည်းပူဆွေးမှုတွေ နဲ့ ရင်ဆိုင်နေရပါစေ... “အများအမြင်မှာ ခံနိုင်ရည်ရှိသူ တစ်ယောက်အဖြစ်” တက်လှမ်းနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ မောင်နှမတတွေ ငိုကြွေးပြီးလို့ နောက်တစ်ရက်မှာ ရွာသစ်က“ပေါကျန်”ဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရောက်လာကာ... “သူတို့ သူငယ်ချင်း ငါးယောက် ယင်းမာပင် တံတားကြီးအနီးမှာ အိမ်တစ်အိမ် ငှါးကာ အတူနေ အတူစားလျှက် ကျောင်းတက်နေကြကြောင်း..၊ အခု မင်း ငါတို့ဆီမှာ တည်းပြီး စာမေးပွဲဖြေဖို့ လာခေါ်တာဖြစ်ကြောင်း...၊ ဒါဟာ ငါ တစ်ယောက်တည်း သဘောမဟုတ်ကြောင်း...၊ ကျန်တဲ့ မင့်သူငယ်ချင်းတွေဖြစ်တဲ့ ဖိုးလင်း၊ ယဉ်ညွန့် နဲ့ အောင်ဆင်တို့ကလည်း အခေါ်ခိုင်းတာ ဖြစ်ကြောင်း..၊ ငါတို့ စားသလို စားမယ်ဆိုရင် ဘာမှမလိုကြောင်း...၊ လုံးဝ အားနာစရာ မလိုကြောင်း” တရစပ်ပြောကာ အတင်းခေါ်ပါတော့တယ်။ တကယ်တော့ ပေါကျန်ဟာလည်း သောက်သောက်စားစားနဲ့ ပျော်ပျော်နေတတ်တာကလွဲရင် ၈ တန်းကို အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ လူတော်တစ်ယောက်ပါ။ သူကလည်း အတင်းခေါ်.. ကိုယ့်မှာလည်း စားသောက်စရိတ် အလုံအလောက် ရှိတာမို့ သူတို့ဆီမှာ တည်းခိုပြီး ၁၀ တန်း စာမေးပွဲ ဖြေဆိုဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
နောက်နေ့မနက် ကြုံရာ သစ်ကား(သစ်တင်တဲ့ကား) နဲ့ ရွာသစ်ကနေ ယင်းမာပင်မြို့အထိ လိုက်လာကြပြီး “ဝင်းလိုက်” ဓာတ်ပုံတိုက်ရှေ့ ဆင်းကာ... လမ်းဆက်လျှောက်၊ တံတားထိပ် ရောက်တော့ ညာဘက်ချိုးကာ သူတို့ နေထိုင်ရာ အိမ်ကလေးဆီ မြန်းခဲ့ကြပါတယ်။ ဟိုရောက်တော့ အားလုံးက ဝမ်းသာအားရ ကြိုဆိုကြပါ၏။ သို့သော် သုံးပင်နှစ်ခန်း ဝါးထရံကာ ဇလီသပ် အိမ်ကလေးမှာ သူတို့ ငါးယောက်အပြင် မိုးစံလို လာရောက် တည်းခိုဖြေဆိုကြမည့် အခြားနယ်က ကျောင်းသား လေး ငါးယောက်လည်း ရောက်ရှိနေတာကြောင့် ပြည့်ညှပ်လို့နေသည်။ သူတို့အားလုံးက စာမေးပွဲဆိုတာ အမှုထားပုံမပေါ်။ တော်တော်လေး ပျော်နေပုံ ရ၏။ မိုးစံကတော့ “ဒီလောက် လူများနေရင် စာကြည့်ဖို့ အဆင်ပြေပါ့မလား”ဆိုတဲ့ အတွေးနဲ့ စိုးရိမ်လျှက် ရှိနေပါ၏။ နောက်ထပ် တစ်နာရီလောက် အကြာမှာတော့ ဒီအိမ်မှာ ရင်ပေါင်တိုင်က မိုးစံ ဆိုတာ ရှိသလား ဆိုတဲ့ အသံနဲ့အတူ အရပ်ရှည်ရှည် အသားဖြူဖြူ လူတစ်ယောက် စက်ဘီးတစ်စီးနဲ့ ဝင်ရောက်လာပါ၏။ မိုးစံ ကလည်း လူကိုမြင်လိုက်တာနဲ့ သူတို့ငယ်ငယ်... ရွာကို စာရင်းစစ်လာတိုင်း အိမ်မှာ ထမင်း-ဟင်း ကိုယ်တိုင် ဝင်ချက်လေ့ရှိတဲ့ စာရင်းစစ် (ဦး)မောင်ငြိမ်းမှန်း ချက်ချင်း မှတ်မိလိုက်ပါတယ်။ သူကလည်း တွေ့တာနဲ့တစ်ပြိုင်နက် “မိုးစံ.. မင်း ဦးလေးငြိမ်းတို့အိမ်မှာ လိုက်တည်းပြီး စာမေးပွဲဖြေဖို့ လာခေါ်တာ... အခု လိုက်ခဲ့ပါ”လို့ ဆိုပါတယ်။ မိုးစံ တစ်ယောက် ဒီသူငယ်ချင်းတွေဆီမှာ တည်းခိုနေတယ်ဆိုတာကို ဦးလေးငြိမ်း ဘယ်လိုလုပ် သိခဲ့ပါသလဲ...။ ဒီအကြောင်းကို မိုးစံကလည်း မမေးခဲ့သလို... သူကလည်း ပြောမပြခဲ့ပါ။ ဆိုတော့ ရွာအထိအောင် အိမ်တိုင်ယာရောက် လာခေါ်ခဲ့တဲ့ ပေါကျန်နဲ့ ကျန်သူငယ်ချင်းတွေကို နှုတ်ဆက် တောင်းပန်ကာ ဦးလေးငြိမ်းနဲ့အတူ လိုက်ခဲ့ရပြန်ပါတယ်။

0 comments: