Friday, January 2, 2009

ယင်းမာပင် အမှတ်တရ (၁)

၁၉၈၈ ခုနှစ်၊ မတ်လဆန်း ရဲ့ ပူအိုက်သော နွေနံနက်ခင်းတစ်ခုမှာ ရင်ပေါင်တိုင်ရွာ အနောက်ထိပ်ရှိ ရွာ၏ တစ်ခုတည်းသော အခြေခံပညာအလယ်တန်းကျောင်း (နှင့် တွဲဘက် အ.ထ.က) ၏ ရှေ့အဝင်ဝ ဘယ်ဘက်ခြမ်း အိမ်ဝိုင်းအတွင်း၌ရှိသော အကြော်ဆိုင်တွင် မိုးစံတို့ မိသားစုမောင်နှမတတွေ မျက်နှာ မသာမယာဖြင့် အလုပ်ရှုတ်နေကြလေ၏။ ဖခင်ဖြစ်သူက ခေါင်း ငိုက်စိုက်ချကာ ဆန်ကော(စကော)အလယ်၌ ရှိသော စင်းနှီတုံး ပေါ်တွင် ဗူးသီးကိုတင်ကာ တောက်တောက်စင်းနေသလို... သားကြီးဖြစ်သူ မိုးစံ က စင်းပြီးသား ဗူးသီးဖတ်ကလေးတွေကို ဇလုံဖြူကြီးထဲ ထည့်ကာ ဆား၊ ဆန်မှုန့်၊ ဆော်ဒါအနည်းငယ် နှင့် ရေ ကို သမအောင် ထပ်ဖြည့်လျှက် ဒူးပေါ် မေးထောက်ကာ ညာဘက်လက်ဖြင့် အားရပါးရ နှယ်နေလေသည်။ မိခင်ဖြစ်သူက မနေ့ညက ထောင်းထားသော မတ်ပဲအစိုလေးတွေကို အကွင်းလေးတွေ လုပ်ကာ ဆီပူဒယ်အိုးကြီးထဲသို့ တစ်ခုပြီး တစ်ခု ထည့်ရင်း တစို့တံကလေးဖြင့် ဟိုဘက်ဒီဘက် ပြန်ကာလှန်ကာ လုပ်ပေးလျှက်ရှိ၏။ ထိုအချိန်မှာ ကျန်ညီအစ်ကို လေးယောက်က မြင်းခွာရွက်ကြော် ရောင်းနိုင်ဖို့အတွက် မြင်းခွာရွက် သင်နေကြသလို... ဥမမယ် စာမမြောက်သေးတဲ့ ညီမလေး နှစ်ယောက်ကလည်း ထမင်းဇလုံထဲ ထည့်ပေးထားသော အကြော်တစ်ခုကို သူနိုင် ကိုယ်နိုင် အပြိုင်လုနေကြလေသည်။
“ကျနော် ဒီနှစ် ၁၀ တန်း စာမေးပွဲ မဖြေရတော့ဘူးပေါ့... ဟုတ်လား အဖေ” ဆိုတဲ့ အသံနဲ့အတူ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက သားကြီး မိုးစံပင်...။ ဖခင်ဖြစ်သူကတော့ “ ဒီလိုလည်း မဟုတ်သေးပါဘူးကွာ... ရွာကလူကြီးတွေနဲ့ မင်းတို့ ဆရာတွေ တိုင်ပင်ပြီး တစ်ခုခု လုပ်ပေးလိမ့်မယ် ထင်ပါတယ်” ဟု ဟက်ဟက်ပက်ပက် မရှိလှသော အသံဖြင့် တုန့်ပြန်မှုပြုလေ၏။ ဇာတ်လမ်းက အစကတည်းက ယဉ်သကိုဟု ဆိုရမည်ပင်။ မိုးစံ ၁၀ တန်း ရောက်သည့် ဒီ ၁၉၈၇-၈၈ ပညာသင်နှစ်မှာ ရင်ပေါင်တိုင်ရွာ တွဲဘက်အထက်တန်းကို တော်တော်နှင့် မဖွင့်နိုင်။ မိုးခေါင်ရေရှားအရပ်ဖြစ်တာမို့ စီးပွားရေးက အမြဲတမ်း အဆင်မပြေကြ။ မိုး ကောင်းလို့ ကောက်ပဲသီးနှံ ရကြရင် စီးပွားရေးအဆင်ပြေ...၊ စီးပွားရေး ဖွံ့ဖြိုးတာနဲ့အမျှ... တစ်အိမ်ထောင်ကို ဘယ်လောက် ဟု ကျသင့်ငွေ ခွဲတမ်းကောက်ယူကာ မြို့တက် ဆရာ ငှါးကာ ရွာနှင့် ရွာအနီးတဝိုက်က ကျောင်းသားလူငယ်တွေအတွက် တွဲဘက်အထက်တန်း ( ၉ တန်း နှင့် ၁၀ တန်း) ကို ဖွင့်ပေးနေကြ။ ကျောင်းသားကျောင်းသူတွေက လစဉ်ကြေး အနည်းငယ် ပံ့ပိုးပေးရုံပင်..။ မိုး ခေါင်လို့ ဆရာ မငှါးနိုင်တဲ့နှစ် ဆိုရင်တော့.. တတ်နိုင်တဲ့သူတွေက အထက်တန်းကျောင်းရှိရာ သက်ဆိုင်ရာ မြို့တွေဆီ ချီတက်ကြ။ ဆင်းရဲသား မတတ်နိုင်တဲ့သူတွေကတော့ တစ်နှစ်နားလို့... နောက်နှစ် မိုး ကောင်းအောင် ဆုတောင်းယုံမှတပါး အခြားရွေးစရာ လမ်းမရှိ။ ဒီနှစ်လည်း မိုးခေါင်တာကြောင့် ဆရာ ငှါးဖို့ ရွာက ငွေကြေး မထောက်ပံ့နိုင်။ ဒါကြောင့် ရွာတွဲဘက်အထက်တန်း ဖွင့်ရေး-မဖွင့်ရေး ရွာကလူကြီးတွေ၊ မိဘ-ဆရာအသင်းနဲ့ ဆရာ-ဆရာမတွေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရ၏။ ကျောင်းဖွင့်ချိန် ရောက်နေတာတောင် တော်တော်နဲ့ မဖွင့်နိုင်တာကြောင့် စီးပွားရေး အဆင်ပြေသူတွေ နဲ့ အဆက်အသွယ် ရှိသူတွေက အထက်တန်းကျောင်းရှိရာ မြို့ကြီးများသို့ အသီးသီး ပြောင်းရွှေ့သွားကြလေပြီ။ အထူးသဖြင့် ရွာ နှင့် အနီးဆုံးနေရာတွင် ရှိသော ယင်းမာပင် အ.ထ.က သို့ ပြောင်းကြလေ၏။ မိုးစံ တို့လို လူတွေကတော့ “တွဲဘက် ဖွင့်နိုင်ပါစေ”လို့ ဆုတောင်းရင်း ကျောင်းဖွင့်ရက်ကို လည်ပင်းတရှည်ရှည်ဖြင့် မျှော်လင့်နေကြရပါ၏။ ဒီနှစ် မဖွင့်နိုင်ရင်.. နားပေအုံးတော့ တစ်နှစ်ပေါ့။

0 comments: