Friday, January 2, 2009

ယင်းမာပင် အမှတ်တရ (၂)

ဒီလိုနဲ့ သုံးလေးလအကြာ... ရွာကျောင်းက မန္တလေးတက္ကသိုလ်ဘွဲ့ရ မူလတန်းပြ နှင့် အလယ်တန်းပြဆရာ-ဆရာမတွေက အခကြေးငွေ မယူပဲ ၉ တန်းနဲ့ ၁၀ တန်း ကို တက်ရောက်သင်ကြားပေးမယ်ဆိုတာကြောင့် ရင်ပေါင်တိုင်ရွာ တွဲဘက်အထက်တန်းကို ပုံမှန်အချိန်ထက် နောက်ကျလျှက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါ၏။ ကျေးဇူး ကြီးမားလှပါပေတယ် ဆရာ-ဆရာမတို့ရယ်...။ တွဲဘက်ကျောင်း ဖြစ်တာမို့ ရင်ပေါင်တိုင်ကျောင်းက ကိုးတန်းဆယ်တန်း ကျောင်းသားတွေအတွက် ပုံနှိပ်ပြဌာန်းစာအုပ် အလုံအလောက် မရရှိပါ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာကိုင် တစ်အုပ်စီ နှင့် အပို လေး ငါး ဆယ်အုပ်စီသာ။ ဒီမိုး ဒီမြေ ဒီကျောင်းမှာ ဒီဆရာတွေနဲ့ ဒီတပည့်တွေ ဘယ်လို နှစ်ပါးသွားခဲ့ရတယ် ဆိုတာကိုတော့ ပဟေဠိအဖြစ် အဖြေညှိဖို့ ထားခဲ့ပါရစေ...။ မြို့ပြနဲ့ကျေးလက်၊ လူချမ်းသာနဲ့ လူဆင်းရဲ၊ ပညာတတ်နဲ့ ပညာမဲ့ တို့ရဲ့ကြားမှာ တည်ရှိနေတဲ့ ပညာရေးအခွင့်အလမ်း မညီမျှမှုတွေဟာ... အရင်ကလည်း ရှိခဲ့သလို..၊ ယခုလည်း ရှိနေဆဲ...၊ နောင်လည်း ဆက်လက် တည်ရှိနေအုံးမည်သာ...။ ဒီအတွက် မည်သူ့ကိုမျှ အပြစ် မတင်လိုသော်လည်း... ရှေးအတိတ်ကံကြမ္မာကိုတော့ ယိုးမယ်ဖွဲ့မိပါ၏။
“အစကောင်းမှ အနှောင်းသေခြာ” ဆိုသလို... မူလအစကတည်းက ယိုင်နဲ့နဲ့ စတင်ခဲ့ရတဲ့ ရင်ပေါင်တိုင် တွဲဘက်အထက်တန်း(၁၀ တန်း)ဟာ နောက်ဆုံး အတန်းတင်စာမေးပွဲဖြေဖို့အရေး စာဖြေ-စာစစ်ဌာန ရှိရာ ယင်းမာပင်မြို့ သို့ သွားရောက်တည်းခိုဖို့ အတွက် ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြန်ပါတယ်။ အရင်နှစ်တွေတုန်းကဆိုရင် အစိုးရစစ် အတန်းတွေ ဖြစ်တဲ့ ၈ တန်းနဲ့ ၁၀ တန်းကို ယင်းမာပင်စာစစ်ဌာန သွားရောက်ဖြေဆိုတဲ့အခါ... ဆရာ-ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ရွာက လှည်းတွေနဲ့ လိုက်ပို့ကြ...၊ ယင်းမာပင်မြို့နယ်ခန်းမကြီးကို ခေတ္တခဏ နေထိုင်ခွင့် တောင်းကာ တည်းခိုကြ...၊ ရွာက ထမင်းချက်အဖွဲ့ကလည်း ကျောင်းသားတွေဆီက တွက်ချက်ကောက်ခံထားတဲ့ စားစရိတ်ကို အလေအလွင့် မရှိအောင် စီမံခန့်ခွဲလို့ ချက်ပြုတ်ကျွေးမွေးကြ...၊ ဆရာ-ဆရာမတွေကလည်း တပည့်တွေကို ကြီးကြပ်(လိုအပ်လျှင် စာသင်)အုပ်ချုပ်လို့ အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့ကြပါ၏။ ဒီနှစ်တော့ ရွာလူကြီးက ခေါင်း ရှောင်၊ ရွာလူထုက စိတ်မဝင်စား၊ ဆရာ-ဆရာမတွေကလည်း အလုံးစုံ တာဝန်မယူနိုင်တာကြောင့် မိမိအစီအစဉ်နဲ့မိမိ သွားရောက် တည်းခို ဖြေဆိုကြဖို့ အကြောင်း ဖန်လာခဲ့ပါတော့တယ်။ ဤဖြစ်စဉ် သည်ပင်လျှင် စောစောက အကြော်သည် မိုးစံတို့ မိသားစုမောင်နှမတတွေ မျက်နှာ မသာမယာဖြစ်ရခြင်း၏ အကြောင်းရင်း ဖြစ်ရလေသည်။
မိုးစံ ကတော့ နောက်နှစ်ဆိုတာ မသေခြာတာမို့.. အောင်တာ-မအောင်တာ အပထားလို့ ဒီနှစ် ဖြေလိုက်ချင်သည်။ ဒီအတွက်လည်း အမေညိုက သူ စုထားသော ငွေကျပ်ငါးဆယ်ကို မြေးဖြစ်သူ မြို့သွားဖို့ အရေး ထုတ်ပေးထားပြီးဖြစ်သလို... အဒေါ်ဝမ်းကွဲဖြစ်သူ မမဝင်းကလည်း ငွေအစိတ် ပေးခဲ့ပြီးလေပြီ။ ဒီငွေ ၇၅ိ/ ဆိုရင် ၁၀ တန်း စာမေးပွဲ ဖြေဆိုစဉ်ရက်အတွင်း စားဖို့ လုံလောက်ပါ၏။ ခက်တာက တည်းခိုနေထိုင်ဖို့ နေရာ..။ တကယ်လိုအပ်နေတာက ယင်းမာပင်မြို့မှာ ၁၀ ရက်လောက် တည်းခိုနိုင်ဖို့ အသိမိတ်ဆွေအိမ်တစ်အိမ်...။ ဒီအတွက် သားကြီး မိုးစံက ဖခင်ဖြစ်သူကို သွယ်ဝိုက်၍ အပူကပ် နေခြင်းပင်။ မိုးစံတို့ ငယ်ငယ်... ဖခင်ဖြစ်သူ သမလူကြီး လုပ်ခဲ့စဉ်က ယင်းမာပင်မြို့မှာ မိတ်ဆွေတွေ ရှိခဲ့ဖူးသည်။ အထူးသဖြင့် သမအသင်းတွေကို စာရင်း လိုက်စစ်လေ့ရှိသော မြို့နယ်သမဦးစီးဌာနမှ စာရင်းစစ်များပင်...။ ဒီမိတ်ဆွေတွေထဲက တစ်ယောက်ယောက်အိမ်ကို လိုက်ပို့ဖို့ ဖခင်ဖြစ်သူကို နည်းမျိုးစုံဖြင့် စည်းရုံးတိုက်တွန်းနေသော်လည်း... “သူများကို ဒုက္ခမပေးချင်ဘူး..ကွာ” ဆိုတဲ့ အဖြေကလွဲလို့ ဘာမှ မပြော။

0 comments: