Wednesday, February 4, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၃)

ကျူ-ဝမ်း ကို အေးအေးဆေးဆေးနဲ့ပဲ ကျော်ဖြတ်ကာ ကျူ-တူး (Q 2) ကို ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ကျူ-တူး ရောက်လာတဲ့အချိန်မှာတော့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့ ကျုပ်အတွက် နှလုံးသားဒဏ်ရာလေး တစ်ခုလည်း ထပ်မံလို့ ရရှိခဲ့ပြန်ပါတယ်။ ကျုပ်တို့ ကျူ-ဝမ်း အတန်းက အမြဲတမ်း မြန်မာလို ရိုးရိုးယဉ်ယဉ် ဝတ်တတ်တဲ့ တစ်ယောက်ကို စိတ်ဝင်စားမိခဲ့တာက အစပေါ့ဗျာ။ ကျုပ်က သူ့ကို တခါတရံမှ တွေ့တတ်ပေမယ့်… သူမလည်း မဆိုးပါဘူး ဆိုတာကိုတော့ အဝေးသင်ကဘော်ဒါတွေကို ပြောနေကြပါ။ အဲဒီမှာပေါ့… ကျုပ်ဘော်ဒါတွေ ဖြစ်တဲ့ အိတ္ထိယ (ဣိတ္ထိယ) ပါရဂူ ကိုသိန်းဇော် နဲ့ ကိုသောင်းကြည် တို့က သူမနဲ့တွေ့တိုင်း ကျုပ်ကိုယ်စား ရန်ကုန်လေနဲ့ ရိုက်ကြတာပေါ့။

ဒီလိုနဲ့ သူမက ကျုပ်ကို လေ့လာနေတဲ့အချိန်… ကျူ-ဝမ်း စာမေးပွဲ နောက်ဆုံးရက် ဖြေအပြီး လှည်းတန်းလမ်းဆုံမှာ အတူတူ လက်ဘက်ရည်ဆိုင် ထိုင်ကြပါတယ်။ ကိုသောင်းကြည်က မသိမသာ တစ်မျိုး… သိသိသာသာ တစ်ဖုံ ကျုပ်တို့နှစ်ယောက်ကို ဇွတ်တွန်းနေတဲ့အချိန် ကိုမောင်မောင်နိုင်ကြီး ရောက်လာပြီး “ကိုမိုးစံ ဒီနေ့ နောက်ဆုံးရက်လေ… တောင်ကြီးကို သွားကြမယ် ဆိုပြီး အမူအရာနဲ့သောက်မယ့်ပုံ လုပ်ပြကာ” အပြင်မှာပဲ မတ်တတ်ရပ်လို့ စောင့်နေပါတော့တယ်။ ကျုပ်ကလည်း“အိုကေ… သွားကြတာပေါ့” ဟု ဆိုကာ အားလုံးကို ချန်ထားရစ်လို့ နှစ်ယေက်သမား မလှမ်းမကမ်းမှာ ရှိတဲ့ “တောင်ကြီးစားသောက်ဆိုင်” ကို မြန်းကြပါတယ်။ အဲဒီအချိန်ထိ ကိုသိန်းဇော် နဲ့ ကိုသောင်းကြည်က မသောက်တတ်ကြသေးတာကြောင့် နေရစ်ခဲ့ကြပါတယ် (တကယ်တော့ ကိုသိန်းဇော်ကလည်း နောက်တစ်ယောက်ကို ကြံနေတယ်ဆိုတာ နောက်ပိုင်းကြမှ သိခဲ့ရတာပါ)။ ကျုပ်တို့ နှစ်ယောက်က ရမ် တစ်ပိုင်း မှာကာ ဝက်နံရိုးကြော်-မှိုကဇွန်း တို့နဲ့ ငြိမ့်လို့ နေကြတာပေါ့။

ကျုပ်တို့နှစ်ယောက် နောက်ထပ် ရမ်တစ်ပိုင်း မှာလို့ ခတ်ထွေထွေ ဖြစ်နေတဲ့အချိန်.. ကိုသောင်းကြည် ရောက်လာပြီး “ခင်ဗျား… တော်တော်မိုက်တဲ့လူဘဲ…၊ ကျုပ်တို့ အပြောကောင်းလွန်းလို့ ကောင်မလေးက ခင်ဗျားကို အမှတ်ပေးနေတာ ငါးဆယ်ရာခိုင်နှုန်းလောက် အိုကေနေပြီ…၊ အခုတော့ ခင်ဗျားရဲ့ ဒီနေ့လုပ်ရပ်ကြောင့် “ရှင်တို့လူက အရက်သမားပဲ” ဆိုပြီး ဇီးရိုး (သုံည) ပြန်ရောက်သွားပြီဗျာ…” လို့ မချိတင်ကဲ ပြောရှာပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုမောင်မောင်နိုင်ကြီးကို “ခင်ဗျားလည်း အရိပ်အကဲ နားမလည်တဲ့ တော်တော် အသုံးမကျတဲ့လူ” လို့ ပြစ်တင်ကြိမ်းမောင်းပါတော့တယ်။ ကျုပ်ကတော့ ထွေထွေလေးနဲ့ ပြုံးကာ“ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ဗျာ…၊ အရက် သောက်တတ်တဲ့ လူတစ်ယောက်ကို အရက်သမားလို့ ထင်မှတ်ပြီး ငြင်းပယ်လိုက်တဲ့ သူမရဲ့ တုန့်ပြန်ချက်ကို ကျနော် ကျေနပ်ပါတယ်…။ မရှိတာကို အရှိဟန်ဆောင်၊ မချစ်တာကို အချစ်ဟန်ဆောင်လို့ … သောက်တတ်တာကို မသောက်တတ်ဟန်ဆောင်ကာ မိန်းခလေးတစ်ယောက်ရဲ့ မောတ္တာတရားကို ရယူဖို့ ကြိုးစားတဲ့ ယောက်ျားတွေထဲမှာ ကျနော် မပါဘူးဗျ…” လို့ ဆိုလိုက်ပါတယ်။ ကိုမောင်မောင်နိုင်ကတော့ မူးမူးနဲ့ လက်ခုပ်တီးလို့ ကျုပ်အဆိုကို ထောက်ခံနေလေရဲ့…။

တကယ်တော့ မိန်ခလေး တော်တော်များများဟာ သူတို့ရှေ့မှာ သူတို့ပြောသမျှ ခေါင်းငြိမ့်တတ်ပြီး ကွယ်ရာမှာ လုပ်ချင်ရာ လုပ်လေ့ရှိတဲ့သူကိုသာ အမှတ် ပိုပေးချင်ကြဟန် တူပါတယ်။ သဘောကျကြဟန် တူပါတယ်။ နောက်ပြီး ကျုပ်အထင် ပြောရရင် သူတို့ဟာ ယောက်ျားတစ်ယောက်ကို ဓမ္မဓိဌာန်ကျကျ အကဲခတ်လေ့ မရှိကြပဲ လတ်တလောအမြင်နဲ့ လက်ခံဆုံးဖြတ်တတ်ကြပါတယ်။ ကျုပ်တို့ဘော်ဒါ ငှက်ဖျားပါရဂူ ဗိုလ်အောင်သီ စကားကို ကိုးကားလို့ မိန်းခလေး တော်တော်များများဟာ “ မျက်စိတစ်မွှေးအဆုံး” ကိုသာ မြင်နိုင်စွမ်း ရှိသူတွေပါဟု ဆိုခဲ့ပါလျှင်…၊ ဆိုခဲ့ပါလျှင်…။

0 comments: