Sunday, February 22, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၂)

ကျုပ်တို့ M-1 first semester တက်နေစဉ်မှာပဲ တက္ကသိုလ် ဆရာ-ဆရာမတွေ အလုပ်ခန့်လိုက်တာကြောင့် ကျုပ် နဲ့ ကိုမောင်မောင်နိုင်ကလွဲရင် အားလုံး ဆရာ-ဆရာမတွေ ဖြစ်ကုန်ကြပါတော့တယ်။ ကျူရှင်ဆရာ ကိုမောင်မောင်နိုင်ကို ဘာကြောင့် ဒီဆရာအလုပ်ကို မလျှောက်ခဲ့သလဲဆိုတာကို မမေးခဲ့မိ။ ဆရာ-ဆရာမတွေ ဖြစ်ကုန်ကြပေမယ့် တာဝန်ကျရာ သက်ဆိုင်ရာတက္ကသိုလ်တွေကို Duty report လုပ်ပြီးတာနဲ့ M-1 ဆက်တက်ခွင့် ရနေကြပါတယ်။ M-1 မှာ တပ်က အရာရှိ နှစ်ယောက်ပါ လာတက်ခဲ့တာမို့ စုစုပေါင်း (၁၁ )ယောက်ရှိပေမယ့် တိုင်းရင်းဆေးဆရာ ကိုသိန်းဇော်က အိမ်ထောင်ကျကာ နှုတ်ထွက်သွားတာကြောင့် ၁၀ ယောက်ပဲ ကျန်ခဲ့ပါတော့တယ်။

M-1 Second semester ရောက်တော့ ကျောင်းမမှန်တဲ့ ကျုပ်ကို ပါမောက္ခ ဆရာမကြီးက သီးခြား ခေါ်တွေ့ကာ “Credit system နဲ့ သွားနေတဲ့ ပညာရေးစနစ် ဖြစ်တာကြောင့် Attendance ခေါ်တဲ့ ကျောင်းခေါ်ချိန်ဟာ အရေးကြီးကြောင်း…၊ အောင်-ရှုံး ကို စာမေးပွဲရမှတ်(Score)၊ ကျောင်းခေါ်ချိန်(Attendance)၊ အတန်းပါဝင်ဆွေးနွေးမှု(Class activity) တို့နဲ့ စုပေါင်းသတ်မှတ်တာကြောင့် တစ်ခုခု ချို့ယွင်းတာနဲ့ စာမေးပွဲ မအောင်နိုင်ကြောင်း…၊ ဒါကြောင့် အလုပ် နဲ့ ကျောင်း နှစ်ခုအနက် တစ်ခုခုကို ပြတ်ပြတ်သားသား ရွေးချယ်စေချင်ကြောင်း…” ပြောကြားလာပါတော့တယ်။ ကျုပ်ဘဝထဲကို မထင်မှတ်ပဲ ရုတ်တရက် ဝင်ရောက်လာတဲ့ ပညာရေးစနစ်သစ်ရဲ့ ရိုက်ခတ်မှု လှိုင်းဒဏ် လေဒဏ်ကြီးပေါ့။ ကျုပ်အတွက်တော့ မစားနိုင်-မအိပ်နိုင် နဲ့ စဉ်းစားဆုံးဖြတ်ရ ခက်တဲ့ အချိန်ကာလတွေပါ။

ဒီအချိန်မှာ ကျုပ်တို့ မိသားစုအရေး ပြန်ကြည့်တဲ့အခါ… မိဘနှစ်ပါးအတွက်တော့ နေရေး-ထိုင်ရေး၊ စားရေး-သောက်ရေး အဆင်ပြေအောင် ဖန်တီးပေးခဲ့ပြီးလေပြီ…။ ညီတော်မောင်တွေလည်း အလုပ်ကိုယ်စီနဲ့ ဖြစ်နေကြပြီ…။ အငယ်ဆုံးညီမလေး နှစ်ယောက်မှာလည်း အကြီးမက ၁၀ တန်း အောင်ပြီးစ ဖြစ်နေလေပြီ…။ အငယ်မ တစ်ယောက်ရဲ့ တာဝန်သာ လုံးလုံးလျားလျား ကျန်ရှိနေပါတော့တယ်။ စာဖတ်တာကို အင်မတန် ဝါသနာပါတဲ့ ကျုပ်က ပညာရေးကို ကျောခိုင်းမသွားချင်တာကြောင့် စိတ်တူကိုယ်တူ နဲ့ မိသားစုစိတ်ဓါတ်ရှိတဲ့ ကျုပ်ညီကို ဖွင့်ဟတိုင်ပင်ရပါတော့တယ်။ ညီတော်မောင်ကို “ကျုပ်ရဲ့လက်ရှိအခြေအနေ အခက်အခဲကို ရှင်းပြလိုက်ပြီး ညီမလေးနှစ်ယောက်ရဲ့စားဝတ်နေရေး ကုန်ကျစရိတ် အားလုံးကို သူက တာဝန်ယူမယ် ဆိုရင်… ကျုပ်က အလုပ်က နားပြီး မဟာဘွဲ့လေး ရသည်အထိ ကျောင်းဆက်တက်မယ်” လို့ ပြောလိုက်ပါတယ်။ သူကလည်း အချိန်မဆိုင်းပဲ “ ဆက်တက်ပါ… အားလုံးကို သူ တာဝန်ယူပါ့မယ်” လို့ ဆိုပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ် ညီတော်မောင်ရယ်…။

အဲဒီလို မိသားစုအရေး ညီတော်မောင်နဲ့ ညှိနှိုင်း သဘောတူညီမှု ရရှိပြီးတဲ့နောက်မှာ ရုံးက GM ကို ဝင်တွေ့ပြီး ကျောင်းတက်ဖို့အရေး အလုပ်မှ နှုတ်ထွက်ခွင့် ပြုပါရန် ထွက်စာတင်လိုက်ပါတော့တယ်။ GM ဦးတင်ဦးကတော့ “ မင်း ရူးနေသလား…၊ သေခြာစဉ်းစားစမ်းပါဦး…၊ မင်း မဟာဘွဲ့ရတော့ ဘာဖြစ်မှာတုန်း… ကျောင်းဆရာပေါ့…၊ ငါ့သမီးလည်း မင်းတို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာမ ပါကွာ… ရတဲ့လစာ ၁၂၅၀ိ/ က သူ့မိတ်ကပ်ဖိုးတောင် မရှိပါဘူး… အကုန်လုံး အိမ်ကပေးနေရတာပါ…၊ ဒီမှာ အားလုံးအဆင်ပြေနေတာကို ဘာဖြစ်လို့ ထွက်မှာလဲ… စဉ်းစားပါဦး…” လို့ ဂရုဏာ ဒေါသောနဲ့ ပြောပါတော့တယ်။ နောက်ဆုံး ကျုပ်ကို ဘယ်လိုမှ ပြောလို့မရတာကြောင့်“ ကဲ… ထွက်စာနဲ့အတူ ခွင့်စာပါ တွဲတင်…၊ လစာအပြည့်နဲ့ ခွင့်လေးလ ပေးလိုက်မယ်…၊ ဒီကြားထဲမှာ ကျောင်းတက်ရင်း သေခြာ ပြန်စဉ်စားပါ” ဟု ဆိုကာ ခွင့်ပြုလိုက်ပါတော့တယ်။

ဒီလို စွန့်လွှတ်-စွန့်စားမှုတွေနဲ့ပဲ အစဉ်အလာ ကြီးမားတဲ့ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီးမှာ အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိလာခဲ့တဲ့ စိတ်ပညာအထူးပြု မဟာဝိဇ္ဇာကျောင်းသားကြီးတစ်ယောက် ဖြစ်လို့လာခဲ့ပါတော့တယ်ခင်ဗျာ...။

0 comments: