Wednesday, February 11, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၅)

ကျုပ်ရဲ့ Term paper စာတမ်းငယ် ကြီးကြပ်သူက ယခု ဒဂုံတက္ကသိုလ်မှာ ပါမောက္ခ ဖြစ်နေတဲ့ ဆရာ ဦးအေးကျော်ပါ။ ကျုပ်က ရန်ကုန်ကျောင်းထွက် မဟုတ်တာကြောင့်လည်း ဆရာနဲ့ မသိသလို… ကျူ-ဝမ်း မှာလည်း ကျောင်းပျက်တာ များတာကြောင့် ဆရာနဲ့ မရင်းနှီးပါဘူး။ မြင်ဘူးယုံလောက်ပါဘဲ။ အဲဒီအချိန်က ဆရာတို့မိသားစုဟာ မိန်းထဲက ဆရာမကြီး ပါမောက္ခ ဒေါ်အေးသန်း ရဲ့ ခြံဝင်းအတွင်းက သီးသန့်အိမ်လေးမှာ နေကြပါတယ်။ စာတမ်းငယ်ခေါင်းစဉ် ရွေးချယ် တိုင်ပင်ညှိနှိုင်းရန်အတွက် ဆရာ့အိမ်ကို ဆရာနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့ ကိုသောင်းကြည်တို့အဖွဲ့က လိုက်ပို့ပါတယ်။ ဟိုရောက်တော့ ဆရာက စာတမ်းငယ်အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ခေါင်းစဉ်တွေကို စဉ်းစားသုံးသပ်ပြပါတယ်။ ပြီးတာနဲ့ ကျုပ် ဖတ်ဖို့ စာအုပ်သုံးအုပ် ထုတ်ပေးလိုက်ပြီး နောက်တစ်ခေါက်လာရင် ကိုယ်လုပ်ချင်တဲ့ ခေါင်းစဉ် နဲ့ Format အကြမ်းကိုပါ ရေးပြီး ယူခဲ့ဖို့ မှာလိုက်ပါတော့တယ်။

ဒီလိုနဲ့ တစ်လလောက်အကြာ စာတမ်းခေါင်းစဉ် အတည်ပြုချက် ရယူဖို့အတွက် ဆရာ့ဆီကို သွားတဲ့အခါမှာတော့ ဆရာတို့မိသားစုက ပညာရေးတက္ကသိုလ်ဝင်းထဲက ဆရာကြီး ဒေါက်တာထွန်းသန်း ရဲ့ အိမ်အောက်ထပ်ကို ရောက်ရှိလို့နေပါပြီ။ ဆရာမကြီး ဒေါ်အေးသန်း အငြိမ်းစား ယူသွားတာကြောင့် မူလနေတဲ့ အိမ်ကနေ ဖယ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆရာဟာ ဆရာမကြီးရဲ့ကားကိုပဲ ဆက်လက် မောင်းပေးနေရတာကြောင့် ည ၈ နာရီ ဝန်းကျင်လောက်မှ အိမ်ကို ပြန်ရောက်တတ်ပါတယ်။ ရုပ်ရှင်ဆင်ဆာ ရှိတဲ့နေ့ဆိုရင်တော့ ည ၁၀ နာရီလောက်မှ ရောက်လာတတ်ပါတယ်။ “တပည့်က အလုပ်များ… ဆရာကလည်း မအား” ဆိုတော့ ထိတွေ့ရတဲ့အချိန်က အင်မတန် နည်းလှပါတယ်။ တွေ့ရတဲ့အချိန်က ဆရာရော-တပည့်ရော တနေ့တာအလုပ်တွေ ပင်ပမ်းလို့ နွမ်းနယ်လှတဲ့ ည ၈ နာရီ ဝန်းကျင်…။ နေရာကတော့ ရန်ကုန်အဝေးသင် မိန်းပေါက် အဝင်ဝက လက်ဘက်ရည်ဆိုင်မှာပေါ့။ ဒါတောင်မှ ဆရာ ပြန်မလာမချင်း ဇွဲကောင်းကောင်းနဲ့ စောင့်နေတတ်တဲ့ တပည့်ကျော်ကို အားနာလို့ အပြင်က ပြန်ရောက်လာတာနဲ့ သူ့မိသားစုကို နှုတ်ဆက်ပြီး စာ ရှင်းဖို့အရေး လက်ဘက်ရည်ဆိုင်ကို လိုက်ပါပေးခဲ့သူက ဆရာပါ။ တခါတရံ အလိုက်ကန်းဆိုး မသိတတ်တဲ့ တပည့်ကျော်က “သူရေးချင်တာတွေ… သူလုပ်ချင်တာတွေ” ကို အာဘောင်အာရင်းသန်သန်နဲ့ ရှင်းပြနေတဲ့အချိန် ဆရာက စီးကရက် လက်ကြားညှပ်လို့ ငိုက်နေတတ်ပြီ။ အပြန်အလှန်အားဖြင့် တပည့်ကျော်ကလည်း ဆရာ စာရှင်းပြနေတဲ့အချိန်မှာ မငိုက်ရဲတာကြောင့် တဝါးဝါး သန်းလို့ ဆရာ့ကို ဒုက္ခပေးနေတတ်ပြီ။ အဲဒီလိုအချိန်မျိုးဆိုရင်တော့ နှစ်ယောက်သမား စာတမ်းအကြောင်းကို ရပ်လို့ ဟိုအကြောင်း ဒီအကြောင်း ပြောရင်း လမ်းခွဲလိုက်ကြတာပေါ့။

စာတမ်းခေါင်းစဉ်နဲ့ စာတမ်းမှာ ပါဝင်သင့်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြီးကြပ်သူ ဆရာရဲ့ အတည်ပြုချက် ရယူပြီးတဲ့နောက်မှာ စာတမ်းရေးဖို့ အချက်အလက် စုဆောင်းရင်း တဖြည်းဖြည်းနဲ့ စာကြမ်း ရေးနိုင်သလောက် ရေးခဲ့ပါတယ်။ စာတမ်းတစ်စောင်လုံးအတွက် အချောကိုတော့ သင်္ကြန်ရုံးပိတ်ရက်မှာ ရေပက်ခံ ထွက်မလည်တော့ပဲ စာတမ်း အပြီးရေးမယ်ဆိုပြီး အားခဲလို့ နေခဲ့တာပေါ့။ သင်္ကြန် အကြိုနေ့ကတည်းက နေ့ရော-ညရော ရေးခဲ့တဲ့ စာတမ်းငယ်ဟာ အတက်နေ့မှာတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ စာတမ်း ပြီးမြောက်ခြင်း အောင်ပွဲအဖြစ် Grand royal whisky ကို သောက်ထည့်လိုက်တာ နောက်နေ့မနက် နှစ်ဆန်းတစ်ရက်နေ့ကြီးမှာ ကမာရွတ် ဘူတာရုံလမ်းက ဆေးခန်းတစ်ခုမှာ နေ့တစ်ဝက်လောက် ဆလိုင်းတန်းလန်းနဲ့ နားနေခဲ့ရပါကြောင်း…။

0 comments: