Tuesday, February 3, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၂)

ကျူ-ဝမ်း စာမေးပွဲ ဖြေချိန်ရောက်တော့ အလုပ်ကနေ ခွင့် နှစ်ပတ်ယူလိုက်ပါတယ်။ စာမေးပွဲ မတိုင်မှီ တစ်ပတ်ကျော်ကျော်လောက်ကို နေ့ရော ညပါ စာအပြင်းအထန် လုပ်ခဲ့ပါတယ်။ ကျောင်းတက်ခွင့် ရစဉ်ကတည်းက စာတွေနဲ့ ရင်းနှီးမှုရှိအောင် နေ့စဉ် ပုံမှန် ဖတ်ခဲ့တာကြောင့်လည်း ကိုယ်လုပ်သလောက် ရခဲ့ပါတယ်။ မလုပ်လို့ကလည်း မရဘူးလေ။ ဒီအတန်းက ကျရင် ထွက်ရမယ်။ ထွက်ရရင် ဘယ်သောအခါမှ မဟာတန်း တက်ခွင့်မရနိုင်ပါ။ မဟာတန်း တက်ခွင့် မရရင် မဟာဘွဲ့ ဆိုတာ ဝေးပြီပေါ့။ မဟာဘွဲ့ မရှိရင် တက္ကသိုလ်ဆရာ ဖြစ်ဖို့ မလွယ်…။ တက္ကသိုလ်ဆရာ မဖြစ်ရင် ကျုပ်ရဲ့အိပ်မက်ထဲက ဇာတ်လိုက်ကျော် “နိုင်ငံခြားပြန် တက္ကသိုလ်ကထိကဆရာ ဒေါက်တာမြင့်နွယ်” ဖြစ်လာဖို့ကတော့ ဝေးသည်ထက် ဝေးပြီပေါ့။ ကျုပ်ဘဝနဲ့ အင်မတန် အလှမ်းဝေးကွာလှပြီး ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ ဒေါက်တာမြင့်နွယ် ဆိုတဲ့ ပုံရိပ်ကို စိတ်ကူးနဲ့ ရုးလို့ ပျော်ရွှင်ကြည်နူးခဲ့ဖူးပါတယ်။ တစ်ချိန်ထဲမှာပဲ အကယ်၍များ ကံကြမ္မာ မျက်နှာသာပေးလို့ အခွင့်အလမ်း ပေါ်ပေါက်လာခဲ့ရင် ကိုယ့်ဘက်က ပြည့်စုံနေဖို့ လိုအပ်တယ် ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ် အတင်းအားပေးလို့ ကြိုးစားခဲ့ရတာပေါ့။

ထိုမှတစ်ဖန် အဝေးသင် ကျောင်းသားတွေ မျက်နှာမငယ်ဖို့အရေး ဇာတိစိတ်တွေ တက်ကြွလို့ ကြိုးစားကာ သက်သေပြလိုတဲ့ စိတ်တွေကလည်း ရင်နဲ့အပြည့် ရှိခဲ့ပါတယ်။ တကယ်တော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားခဲ့ရတဲ့ “အဝေးသင်ကလာတဲ့သူတွေ မဟာတန်း တက်ဖို့ အဆင့် မမှီဘူး” ဆိုတဲ့ အချို့သော တက္ကသိုလ်ဆရာ-ဆရာမတွေရဲ့ ကောက်ချက်ချ ဆွဲယူမှု စကားသံတွေက ကျုပ်ရင်ထဲမှာ တိမ်မြုတ်နေတဲ့ လိုအင်ဆန္ဒခလုတ်လေး(Drive)ကို မထိတထိ နှိုးဆွ (Motivate) ပေးခဲ့တာပါ။ မညာတမ်း ဝန်ခံရရင် အဲဒီ နှိုးဆွမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ “ ငါတို့ အဝေးသင်ကလူတွေ မညံ့ဘူး ဆိုတာ သူတို့ လက်ခံလာနိုင်အောင် ပြရမယ်” ဆိုတဲ့ လိုအင်ဆန္ဒ (Desire)ဟာ တစ်စထက် တစ်စ ပိုပြီး ကြီးမားလာခဲ့ပါတယ်။ နောက်ဆုံး သူတို့ သိပ် အထင်ကြီးတဲ့ ဂုဏ်ထူးတန်းက ကလေးတွေထက် သာလွန်ရမယ် ဆိုတဲ့အဆင့်ထိ ရောက်အောင် တွန်းပို့ခဲ့ပါတယ်။

အမှန်က ဒါဟာ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒ သက်သက်ရယ်ပါ။ ဒီ ဆန္ဒကို ပြည့်ဝအောင် ဖြည့်စီးပေးနိုင်ဖို့ လက်တွေ့အကောင်အထည်ဖေါ်မယ့် လုပ်ဆောင်ချက် (Performance) က လိုပါသေးတယ်။ ဆန္ဒ နဲ့ လုပ်ဆောင်ချက် တစ်ထပ်တည်း ကျအောင် အကောင်အထည်ဖေါ်ဖို့ဆိုတာ မရေရာတဲ့ ဒီလောကကြီးမှာ အင်မတန် ခက်ခဲလှပါတယ်။ လူတွေဟာ ဆက်ဆံရေးသတ္တဝါ ဖြစ်တာနဲ့ အညီ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ဖို့ ကိုယ့်ဆန္ဒကို ရေစုန်မှာ မျှောကာ အလွယ်တကူ လိုက်ချင်ကြပေမယ့်… ခက်ခဲတဲ့ ရေဆန်ကိုတော့ ပြန်ကာ ဆန်မတက်ချင်ကြတာ ဓမ္မတာပါ။ လူသားထဲက လူသားတစ်ယောက်ဖြစ်တဲ့ ကျုပ်ရော ရေဆန်ကို ကန်လို့ ဆန်နိုင်ပါ့မလား..၊ ဆန်နိုင်ပါ့မလား…။

1 comments:

Ðaywalker[Soul] said...

အစ်ကိုရေ... အစ်ကိုဇာတ်လမ်းက ဇာတ်ရှိန်ပြန်ရလာပြန်ပြီနော်... ဒီဇာတ်လမ်းကို ebooks လုပ်ရင် ကောင်းမလားလို့။ ကျွန်တော်စမ်းထားတာ.... ဒီအောက်က လင့်တွေမှာ အစမ်းတင်ထားတယ်.... အစ်ကိုရဲ့မေးလ်ကို မသိလို့...ဘယ်မှာမှ မပြထားသေးပါဘူး။ အစ်ကို ဆွဲချပြီး ဖတ်ကြည့်ပါဦး။

http://www.4shared.com/file/83905592/9a213a29/Ko_Moee_San_Diary_About_MySelf.html

http://www.4shared.com/file/83906334/9f95a4ca/KoMoeeSan_Yinmarbin.html