Thursday, February 26, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၄)

နောက်ပိုင်းရက်တွေမှာ သူမနဲ့ တွေ့ရင် ကျုပ်တို့အဖွဲ့ကို ပြုံးပြတတ်နေပါပြီ။ တခါတလေ ကျုပ်နဲ့ တွေ့တဲ့အခါမှာလည်း အပြုံးလေးနဲ့ ခေါင်းကလေး ငြိမ့်လို့ နှုတ်ဆက်တတ်တာပေါ့…။ သူမကို အမြဲတမ်းလိုလို ရာမညဆောင်မှာ တွေ့ရတတ်တာကြောင့် ဥပဒေပညာဌာနကဆိုတာ သတိထားလိုက်မိပါတယ်။ ဒါပေမဲ့ ဘယ်အတန်းကလဲ…၊ ဆရာမ စစ်စစ်လား…၊ ဒါမှမဟုတ် ဆရာမ တစ်ပိုင်း ကျောင်းသူတစ်ပိုင်းလား ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ သူမရဲ့ လှိုက်လှဲ ဖေါ်ရွေတဲ့ အပြုံးမျက်နှာကို နေ့တိုင်းလိုလို မြင်တွေ့ရတာက အစပြုလို့ သူမ ဘယ်သူလဲ ဆိုတာကို သိချင်လာခဲ့ပါတော့တယ်။ တနည်းအားဖြင့် သူမရဲ့ အပြုံးတွေက ကျုပ်နှလုံးသားကို ထိုးဖောက် ဝင်ရောက် နေရာယူလာခဲ့ကြတာပေါ့…။

ကျုပ်ရဲ့ မူမမှန်တဲ့ အပြုအမူတွေကို ပထမဆုံး ရိပ်စားမိခဲ့သူတွေက ကျုပ်ရဲ့အတန်းဖော် ညီမငယ် ဆရာမတွေ ဖြစ်ကြတဲ့ ချိုချို၊ လင်းလင်း နဲ့ မလေး တို့ပေါ့…။ သူတို့ကလည်း ကျုပ်ကို တစ်ယောက်တည်း အထီးကျန်ဆန်စွာ နေ နေတာကို မြင်လိုကြဟန် မတူပါဘူး…။ ချိုချိုဆိုရင် သူ့အစ်မဝမ်းကွဲ တစ်ယောက်နဲ့ စပ်ပေးမယ်ဆိုပြီး အတင်းခေါ်လို့ ကျုပ်တို့တစ်ဖွဲ့လုံး မြောက်ဒဂုံက သူ့အစ်မရဲ့ လက်ဘက်ရည်ဆိုင်ကို လိုက်ကြည့်ရပါသေးတယ်။ တစ်ပတ်လောက်ကြာတော့ အဲဒီ သူ့အစ်မက ယောက်ျားနောက် လိုက်သွားပါလေရော…။ အဲဒီလောက်အထိ နှလုံးသားရေးရာမှာ ကံဆိုး-မိုးမှောင် ကျခဲ့သူပါ…။

ကျုပ်ရောဂါကလည်း အဖြည်းဖြည်းနဲ့ ပိုလို့ ဆိုးလာခဲ့ပါတယ်။ ဘာရယ်တော့မဟုတ်… သူမကို မြင်ချင် တွေ့ချင်တဲ့ ရောဂါ…။ သူမကို တွေ့လိုတွေ့ငြား ကျောင်းကို ခတ်စောစော လာတတ်နေပြီ။ ရာမညဆောင် အပေါ်ဝရန်တာကနေ သူမရဲ့အဖြူရောင်ကားကလေး အလာကို လည်ပင်းတမော့မော့ဖြင့် မျှော်တတ်နေပြီ…။ ကားကလေး ဝင်လာတာကို မြင်လိုက်ရရင်ဘဲ ရင်ထဲမှာ ကျေနပ် ပျော်ရွှင်လို့ နေတာပေါ့…။ အကြောင်းမရှိ အကြောင်းရှာပြီး သွားရောက် နှုတ်ဆက်ဖို့တော့ တစ်ရံတစ်ခါမှ မကြိုးစားမိခဲ့…။ ဒါပေမဲ့ သူမအကြောင်းကိုတော့ ကျုပ်တို့အဖွဲ့ ဆုံလေတိုင်း မဆီမဆိုင် ဆွဲကာ အလိုအလျောက် ပြောမိရဲ့သား ဖြစ်နေတတ်လေရဲ့…။ ဒါကြောင့်လည်း ကျုပ်အခြေအနေကို ညီမငယ်တွေက ရိပ်မိသွားခဲ့ဟန်တူပါတယ်။

ဒီလိုနဲ့ ကျုပ်ရောဂါ ကုသဖို့အရေး စောစောက ပြောခဲ့တဲ့ ညီမငယ်သုံးယောက်က “သူမ ဘယ်သူလဲ” ဆိုတာ သိဖို့အတွက် စုံစမ်းရေးခရီး ထွက်ကြပါတော့တယ်။ တကယ် အားကိုးခဲ့ရတဲ့ ညီမငယ်တွေပါ…။ တစ်ပတ်အတွင်းမှာပဲ အမည်…၊ အတန်း…၊ မွေးချင်း...၊ မျိုးရိုးစဉ်လာ…၊ နေရပ်လိပ်စာ… တို့ကို သိခွင့်ရခဲ့ပါတယ်။ သူမအကြောင်း သိခွင့် ရလာပြန်တော့ ပိုလို့တောင် ခံစားခဲ့ရပြန်ပါတယ်။ ကျုပ်တို့နှစ်ယောက် အတန်း တူတာကလွဲလို့ ကျန်တာတွေက မိုးနဲ့မြေ လို ကွာခြားလွန်းလှပါတယ်။ သိမ်ငယ်စိတ်နဲ့အတူ ဘဝကို လှုပ်ရှားရုန်းကန်ရင်း ကျောင်းတက်နေရသူ ကျုပ်လို အညတြ တစ်ယောက်က မမှီတဲ့ပန်းကို တုန်းခုလို့ လှမ်းသင့်…မလှမ်းသင့်…။ လှမ်းသင့်…မလှမ်းသင့်…။

0 comments: