Thursday, February 12, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၆)

ကျုပ် ရေးပြီးသား လက်ရေးမူစာတမ်းငယ်ကို လိုတိုး-ပိုလျှော့ တည်းဖြတ်နိုင်ဖို့အတွက် ကြီးကြပ်သူ ဆရာ့ထံ ဦးစွာ တင်ပြခဲ့ရပါသေးတယ်။ ဆရာက Introduction အပိုင်းကိုသာ ဖြည့်စွက်-နှုတ်ပယ် လုပ်ခဲ့တာကြောင့် များများစားစား ပြင်ဆင်ခြင်း မလုပ်ခဲ့ရပါဘူး။ ကြီးကြပ်သူဆရာက အိုကေပြီ ဆိုတော့ လက်နှိပ်စက်တင်ဖို့ ကြိုးစားရပါတော့တယ်။ စာမေးပွဲပြီးလို့ နောက်တစ်ရက်မှာ စာတမ်းငယ်တင်ပြပြီး လူတွေ့စာမေးပွဲ ဖြေဆိုရမှာဖြစ်တာကြောင့် စာမေးပွဲ မတိုင်မှီ အားလုံးပြီးစီးထားဖို့ လိုပေသည်။ ဌာနက အင်္ဂလိပ်လက်နှိပ်စက် တစ်လုံးမှာ ကျုပ်လိုလူတွေက တန်းစီလို့ စောင့်နေကြသည်။ ကျောင်းစာကို ရိုက်နေကြ ဝဂ္ဂီက လက်နှိပ်စက်မှာလည်း အပြည့်။ ကိုယ့်အတွက် အချိန်မှီ ရဖို့မလွယ်။ စာတမ်းကို အချိန်မှီ မတင်နိုင်ရင် ရေးဖြေစာမေးပွဲ အောင်စေကာမူ ကျူ-တူး စာမေးပွဲက ကျရှူံးမည်သာ…။

အဲဒီလို အခက်အခဲတွေနဲ့ အကြံအိုက်နေတာကို စနေ-တနင်္ဂနွေ ရက်တွေမှာ အလုပ်ကိစ္စနဲ့ ရန်ကုန်တက်လာတတ်တဲ့ စက်ရုံမှူးကြီး ကိုတိုးမြင့် ရှေ့မှာ ငြီးပြလိုက်မိပါတယ်။ သူကတော့ “ဟ…ဟေ့ကောင်ရ.. အဲဒါ ဘာခက်လို့တုန်း…၊ ပိုပို ကို ကွန်ပျူတာနဲ့ ရိုက်ခိုင်းလိုက်ပေါ့…ကွ” လို့ ဆိုပါတယ်။ ကွန်ပျူတာနဲ့ဆိုရင် မြန်လည်း မြန်တယ်… သပ်လည်းသပ်ရပ်တယ်… အချိန်မှီလည်း ပြီးမယ်… မင်း မပြောရဲရင် ငါ ပြောပေးမယ်လို့ ဆက်ပြန်ပါတယ်။ တကယ်တော့ ကိုတိုးမြင့် ဟာ ကျုပ် အတွက်တော့ အစ်ကိုလိုတစ်မျိုး… တိုင်ပင်ဖော်သူငယ်ချင်းလို တစ်ဖုံ ခင်မင်ရတဲ့ကျေးဇူးရှိသူပါ။ သူ ပြောတဲ့ ပိုပို ဆိုတာက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပထမဆုံးအပတ်စဉ် မဟာကွန်ပျူတာသိပ္ပံ ဘွဲ့ရတွေထဲက တစ်ယောက်ပါ။ အခု ဂျပန်ပြန် ပါမောက္ခကြီး ဒေါက်တာ ဒေါ်စောစန္ဒာ နဲ့ တစ်ပတ်စဉ်တည်းပေါ့။

ကျုပ်က မပို လို့ ခေါ်တဲ့ သူမဟာ အဲဒီအချိန်က မိခင်ကျောင်းမှာ ဆရာမ မဖြစ်ခင်.. လမ်းသုံးဆယ်မှာ ဖွင့်ထားတဲ့ ACE ကွန်ပျူတာသင်တန်းကျောင်းမှာ နည်းပြဆရာမ လုပ်နေတာပါ။ ကိုတိုးမြင့်ကြီးက သူမကို ပိုးနေတာကြောင့် သူ လမ်းသုံးဆယ် သွားတိုင်း ကျုပ်က အဖော်အဖြစ် လိုက်ရပါတယ်။ အကျိုးဆက်ကတော့ ကျုပ်ရဲ့စာတမ်းကို ကွန်ပျူတာနဲ့ လှလှပပ သပ်သပ်ရပ်ရပ် အချိန်မှီ ပုံဖော်လိုက်နိုင်တာပါဘဲ။ တကယ်ကို ကျေးဇူးတင်ပါတယ် ကိုတိုးမြင့် နဲ့ မပို ရယ်…။ နောက်ပြီး ဒီစာတမ်းငယ် အချိန်မှီ ပြင်ဆင်ပြီးစီးနိုင်ဖို့အတွက် မပိုကို ကူညီကာ ကွန်ပျူတာ စာစီပေးခဲ့တဲ့ အမည်မသိတစ်ယောက်ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း…။

0 comments: