Friday, February 13, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၇)

ဒီလိုနဲ့ စာမေးပွဲဖြေအပြီး နောက်တစ်ရက်မှာ စာတမ်းငယ် လူတွေ့စာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိလို့လာပါပြီ။ ရာမညဆောင် စိတ်ပညာဌာနရဲ့ Seminar room ထဲမှာ ကျောင်းသားတွေ ရင်တထိတ်ထိတ်နဲ့ ကိုယ့်အလှည့်ကို ထိုင်စောင့်နေရတာပေါ့။ ခုံနံပါတ် အစဉ်လိုက် ပါမောက္ခနဲ့ အဖွဲ့ရှေ့မှာ သူတို့မေးသမျှ ဖြေကြရတာပါ။ ပထမဆုံး တစ်ယောက် သွားဖြေနေတဲ့အချိန်မှာ ကျုပ်တို့ ရှိနေတဲ့ အခန်းကို ဆရာမ ဒေါ်သက်ထားဝင်း (ယခု တွဲဘက်ပါမောက္ခ၊ ရန်ကုန်အဝေးသင်) ရောက်လာပြီး “ကဲ… ကိုမိုးစံ ဆိုတာ ဘယ်သူလဲ… မတ်တပ်ရပ်ပြပါအုံး… မမြင်ဖူးလို့ ကြည့်ချင်လို့ပါ” လို့ ဆိုတာကြောင့် ကျုပ်လည်း မျက်နှာငယ်ငယ်နဲ့ မတ်တပ် ရပ်လိုက်ရပါတယ်။ ဆရာမက “အေး… မင်းကို ဒို့မှ မဟုတ်ဘူး… အခြား ဆရာတစ်ယောက်ကလည်း မမြင်ဖူးဘူး ပြောနေတယ်” လို့ ဆိုပါတယ်။ ပြီးတာနဲ့ “ဘာမှမဟုတ်ပါဘူး… ကျောင်းမတက်ပဲနဲ့ Answer paper မှာ သိပ် ကောင်းလွန်းလို့ လာကြည့်တာပါ” ဟု ဆိုကာ (ကျုပ်အထင်) မယုံကြည်ဟန် မျက်နှာပေးနဲ့ ပြန်သွားလေရဲ့…။ ကျုပ်သာ မရိုသားခဲ့တဲ့သူ ဖြစ်ခဲ့ရင် ပွဲကတော့ ကွဲပြီပေါ့ဗျာ…။ အားလုံးက ကျုပ်အကြောင်း သိပြီးသားဖြစ်ကြတာမို့ တော်သေးတာပေါ့။ တကယ်တော့ ဘယ်သူ ဘယ်ခြေလှမ်း ရှိတယ်ဆိုတာ (အသိအမှတ် မပြုချင်ရင်တောင်) တစ်တန်းထဲသားတွေနဲ့ သူတို့ကို သင်ကြားပေးခဲ့တဲ့ ဆရာ-ဆရာမတွေ အားလုံးသိကြပါတယ်။ ကျုပ်က အဲဒီဆရာမ သင်ခဲ့တဲ့ ဟားလ်(Hall) နဲ့ တိုလ်မင် (Tolman) ရဲ့ သင်ယူခြင်းသီအိုရီ နှစ်ပုဒ်ကို အခုချိန်ထိ ပိုင်ပိုင်နိုင်နိုင် မှတ်မိ နေပါသေးတယ်ဆိုရင်… ဆရာမ အံ့သြနေလေမလား...။

ကျုပ် အလှည့် ရောက်လို့ ပါမောက္ခရုံးခန်းထဲ ရောက်တော့ “ ကောင်းလိုက်တဲ့ paper” ပါလားလို့ ဆရာမကြီး တစ်ယောက်ရဲ့ ချီးမွမ်းစကားနဲ့ စ ဖွင့်ပါတယ်။ ကောင်းမှာပေါ့ဗျာ…၊ အားလုံးက လက်နှိပ်စက် ရိုက်ချက် ပြင်ရာ-ဖျက်ရာတွေနဲ့ နှစ်ပါးသွားနေတဲ့အချိန်… ကျုပ်က ကွန်ပျူတာစာစီနဲ့အတူ စာရွက်ဖြူအကောင်းစားနဲ့လေ…။ သူကပဲ ဆက်ပြီး “မင်း ဒို့ကို သိလား” လို့မေးပါတယ်။ ကျုပ်က မသိပါဘူး လို့ ဖြေလိုက်တော့ “ မင်း မနှစ်က မန္တလေးအဝေးသင်ဌာနခွဲက Qualify ဖြစ်တဲ့ နှစ်ယောက်ထဲက တစ်ယောက် မဟုတ်လား” လို့ မေးပြန်ပါတယ်။ ကျုပ်က မှန်ပါတယ်လို့ ဖြေလိုက်တဲ့အခါ “ မနှစ်က မန္တလေးအဝေးသင်က Qualify နှစ်ယောက် ပေးပြီး သူတို့နှစ်ယောက်ရဲ့ Answer paper တွေကို အဝေးသင်ရုံးချုပ်ကို ပို့ပေးခဲ့ကြောင်း…၊ အဲဒီအချိန်က သူဟာ အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာနရဲ့ ဌာနမှူး ဖြစ်ကြောင်း…၊ ဒါကြောင့် ဒီ ကျောင်းသားနှစ်ယောက်ကို Qualify ပေးသင့်-မပေးသင့် သူတို့ရဲ့ paper တွေကို အပြန်အပြန် အလှန်လှန် စနစ်တကျ စစ်ဆေးခဲ့ကြောင်း… ၊ နောက်ဆုံး Qualify နဲ့ ထိုက်တန်လို့ သူတို့မန္တလေးက နှစ်ယောက်ကို Qualify ပေးလိုက်ရကြောင်း… ဒါကြောင့် ဒီ နံမည်ကို အခုချိန်ထိ မှတ်မိနေကြောင်း… စသည်ဖြင့်” ကျန်တဲ့ ဆရာမကြီးတွေကို ရှင်းပြနေပါတော့တယ်။

ကျုပ်လည်း တော်တော်ကို အံ့သြသွားခဲ့ရပါတယ်။ ရှေးရေစက် လို့ ဆိုရလေမလား…။ တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးကြတဲ့ ဆရာ-တပည့် နှစ်ယောက်ဟာ အခု သူက ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနရဲ့ ဌာနမှူး ပါမောက္ခဖြစ်လာပြီး… ကျုပ်က သူ့ရဲ့ မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း ကျောင်းသားတစ်ယောက် ဖြစ်နေလေရဲ့…။ အဆိုပါ ဆရာမကြီးကား စိတ်ပညာရှင်ပီပီ ကျုပ်ကို တက္ကသိုလ် အသိုင်းအဝိုင်းထဲ ရောက်အောင် ဆွဲဆောင် တွန်းပို့ပေးခဲ့သူ ဆရာမကြီး ပါမောက္ခ ဒေါ်ခင်အေးဝင်း ပင် ဖြစ်ပါတော့သည်။

အငြိမ်းစားပင်စင် ယူပြီးစ ဆရာမကြီး ပါမောက္ခဒေါ်အေးသန်းကတော့“ ဘာကြောင့် ဒီ Personnel training ဆိုတဲ့ ခေါင်းစဉ်” ကို ရွေးချယ် ရေးခဲ့တာလဲ… ကနေ အစပြုလို့ စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက်လှန်ကာ မေးလိုက်တာ…Conclusion ရောက်မှပဲ ရပ်ပါတော့တယ်။ သူတစ်ယောက်တည်း ဒိုင်ခံ မေးခဲ့တာကြောင့် ကျန်တဲ့ ဆရာမကြီးတွေတောင် မမေးလိုက်ရပါဘူး။ ကျုပ်ကတော့ သူမေးသမျှ ကိုယ်ဖြေတာကို ကိုယ့်ဖာသာကိုယ် ကျေနပ်ပီတိ ဖြစ်ကာ “ဒီအတန်းကိုလည်း ကျော်ဖြတ်နိုင်ပါပြီလေ” ဆိုတဲ့ ယုံကြည်ချက် အားမာန်အပြည့်နဲ့ နားနေရာ အခန်းဆီသို့… နားနေရာ အခန်းဆီသို့…။

1 comments:

Ðaywalker[Soul] said...

ရောက်ပါတယ်... အစ်ကိုရေ။ ဒီနောက်ပိုင်း မအားသေးလို့ . . . စာအုပ်ပြီးတော့မယ်။ သုံးတွဲလောက်တောင် လုပ်ရမယ် ထင်တယ်ဗျ... :D