Wednesday, February 25, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၃)

M-2 ရောက်တော့ လစာပြည့်နဲ့ ခွင့် ဆက်မပေးတာကြောင့် အလုပ်မှ အပြီးပိုင် နားလိုက်ရပါတော့တယ်။ ဒါပေမဲ့ ကျောင်းပြီးလို့ အလုပ် ပြန်ဝင်မယ်ဆိုရင် အချိန်မရွေး ကြိုဆိုလျှက်ပါလို့ ဆိုပါတယ်။ ကျုပ်က အဲဒီလို ဝင်ငွေကောင်းတဲ့ အလုပ်ကို စွန့်လွှတ်ပြီး မိုက်ရူးရဲ ဆန်စွာ ပညာဆက်သင်ဖို့ ရောက်လာတဲ့အချိန်… ဂုဏ်ထူးတန်း နောက်ဆုံးနှစ် (H-3) ကို ဒုတိယတန်း ပထမအဆင့် (Second class first division) က တစ်ဦးတည်း အောင်မြင်ခဲ့သူ ရန်ကုန်သား လူတော်လေး ကိုဇော်ရှင်းက စီးပွားရေး လုပ်မယ်ဆိုပြီး ကျောင်းက ထွက်ခွာသွားခဲ့ပြန်ပါတယ်။ ကျုပ်ရင်ထဲမှာတော့ “အော်… ငါများ မှားနေပြီလား…” ဆိုတဲ့ သံသယ အတွေးတွေ တစ်လှေကြီးနဲ့ပေါ့…။ ဇော်ရှင်းဟာ တကယ်လည်း (ကျုပ်အထင်) လူတော်တစ်ယောက် ဖြစ်တာကြောင့် တစ်နှစ်ပဲ ကျန်တော့တဲ့ မဟာတန်းကို ပြီးအောင်တက်ဖို့ အကြိမ်ပေါင်းများစွာ စည်းရုံးတိုက်တွန်းခဲ့ပါသေးတယ်။ ရှိုင်းဟုတ်ကုမ္ပဏီက ရောဂါပေါင်းစုံ ပျောက်ပါတယ်ဆိုတဲ့ “လင်ဇီးဆေး” အရောင်းကိုယ်စားလှယ်တွေရဲ့ အခုပဲ သိန်းပေါင်းများစွာ ရတော့မှာလိုလို မုသားအပြောတွေကို ယုံကြည်မှု လွန်ကဲခဲ့တာကြောင့် ဟိုမရောက်-ဒီမရောက် ဖြစ်သွားခဲ့ရသူပါ။

ဒီ M-2 မှာဘဲ ကျုပ်ဘဝကို အရွယ်လွန်မှ ရင်ခုန် လှုပ်ရှားစေခဲ့တဲ့ သူမကို စတင်တွေ့ခဲ့ရပြန်ပါတယ်။ “ရင်ခုန်မိတာ အချစ်” လို့ ဆိုရင်တော့ ကျုပ် တကယ်ကို ရင်ခုန်ခဲ့ဖူးပါတယ်။ အလုပ်က မရှိတော့ ကျောင်းမှာ တစ်နေကုန် နေ…၊ အရှည်ကြီး နဲ့ ဦးချစ်ကို တစ်လှည့်စီ ထိုင်…၊ အတန်းမရှိရင် လိုက်ဘရီသွား စာဖတ်…၊ စာဖတ် ကောင်းနေတုန်း ညနေ သုံးနာရီလောက်ဆိုရင် စာဖတ်ခန်းဘေးပတ်လည် (ကျုပ်အနီး) က ပြူတင်းပေါက်တွေကို အသံပေးရင်း လာပိတ်တတ်တဲ့ စာကြည့်တိုက်က အမျိုးသမီးဝန်ထမ်းတွေကို စိတ်ထဲက မောတ္တာပို့ကာ မကျေနပ်-ကျေနပ်နဲ့ ပြန်ခဲ့ရ…။ တခါတရံ အဓိပဓိလမ်းမကြီးကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်…၊ တခါတလေတော့ သစ်ပုတ်ပင်ကြီးဆီ သွား..ကိုင်ကြည့်…၊ တခါတရံ ဘွဲ့နှင်းသဘင်ခန်းမ အနီးက ခုံတန်းလေးမှာ တစ်ယောက်တည်း ထိုင်လို့ ဟိုတွေး ဒီတွေးနဲ့ ဟိုငေး ဒီငေးပေါ့…။ တကယ်ကို ငယ်မူပြန်ကာ တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့ အရသာကို အပြည့်အဝ ခံစား စံစား ကြည့်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ M-2 First semester ရဲ့ တစ်နေ့မှာပေါ့…။ ကျုပ်တို့ အဖွဲ့ မနက်ပိုင်းအတန်းပြီးလို့ ထမင်းစားဖို့အရေး အရှည်ကြီး တို့ မြစန္ဒာ တို့ဆီ သွားဖို့ အောက်ထပ်ကို ဆင်းအလာ… ကျုပ်တို့ ရာမညဆောင်ရှေ့က ကွက်လပ်မှာ ရပ်ထားတဲ့ နောက်ဆုံးပေါ် ဖင်ကောက် ဗင်ကားတစ်စီးက ရွံ့နွံထဲ နစ်နေပါတော့တယ်။ အမျိုးသားတစ်ယောက်က ကားမောင်းတဲ့ထိုင်ခုံမှာ နေရာယူပြီး ကျန်တစ်ယောက်နဲ့ ခတ်တောင့်တောင့် ကောင်မလေးတစ်ယောက်က ကားကို တွန်းကာ ကြိုးစား ထုတ်ယူနေကြပေမဲ့ ကားက မူလနေရာမှ တစ်လက်မမှ မရွေ့…။ ဒီမြင်ကွင်းကို တွေ့နေရတဲ့ ကျုပ်က ကိုယ်တိုင်ကားမောင်းနေတဲ့သူဆိုတော့ ကိုယ်ချင်းစာတတ်တယ်လေ…။ “ကားကို ဝိုင်းဝန်း ကူတွန်းပေးကြစို့” လို့ ကျုပ် အဖွဲ့ကို ဆော်သြလိုက်ပြီး ကျုပ်ကိုယ်တိုင်လည်း တောသားပီပီ ပုဆိုးကို ခတ်တိုတို ပြင်ဝတ်လိုက်ပါတယ်။ ကျုပ်တို့အဖွဲ့က ဘာမပြော ညာမပြောနဲ့ ကားဆီကို တန်းသွားပြီး ညာသံပေးလို့ တွန်းပေးလိုက်တာ ၉က/..... အဖြူရောင် ကားကလေးလည်း မရဏရွှံ့နွံတွင်းမှ လွင့်ထွက်လို့ သွားခဲ့ပါတော့တယ်။

ကူညီမှုပေးခဲ့သူ ကျုပ်တို့အဖွဲ့ကို ကျေးဇူးတင်စကားတွေ အထပ်ထပ်ပြောရင်း ကျန်ရစ်ခဲ့သူ အဆိုပါ ကားပိုင်ရှင်မလေးကား ကျုပ် နှလုံးသားကို ဆွဲရမ်း လှုပ်ခါ သွားစေခဲ့သူ… သူမ ဖြစ်ခဲ့ပါတယ်ဆိုလျှင်…၊ ဖြစ်ခဲ့ပါတယ်ဆိုလျှင်…။

0 comments: