Friday, February 6, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၄)

ကျူ-တူး (Q-2) မှာတော့ မေဂျာ လေးဘာသာ အပြင် Term paper ခေါ် စာတမ်းငယ် တစ်စောင် ထပ်လို့ တိုးလာပြန်ပါတယ်။ အတန်းမမှန်ပေမဲ့ မင်းဇော်ဦးရဲ့ကျေးဇူးကြောင့် စာတွေက ကျုပ်လက်ထဲမှာ အမြဲတမ်းရှိနေပြီး နေ့စဉ်နေ့တိုင်း ဖတ်နိုင်အောင် ကြိုးစားရတာပေါ့။ အလုပ်က မောမောနဲ့ ပြန်လာ… ရေမိုးချိုးပြီး ခြင်ထောင် ချကာ အိပ်ယာပေါ်မှာ လှဲရင်း ဖတ်တာကြောင့် များသောအားဖြင့် စာတစ်ပိုဒ်လောက်နဲ့ အိပ်ပျော်သွားတာက များပါတယ်။ အလုပ်ကလည်း စားပွဲမှာ မိန့်မိန့်ကြီး ထိုင်ပြီး လုပ်ရတဲ့ အလုပ်မဟုတ်ပဲ… စာရွက်စာတမ်းကိုင်ကာ ဟိုပြေး-ဒီပြေး လုပ်ရတဲ့ အလုပ်ဆိုတော့ အနည်းနဲ့ အများ ပင်ပန်းပါတယ်။ အဲဒီအထဲ ကိုယ့်မိခင် အလုပ်ကို သေခြာမလေ့လာပဲ ဂွင် ရှာဖို့သာ သိတဲ့ တာဝန်ခံ ငရစ်-ငညစ်တွေနဲ့သာ တွေ့လို့ကတော့ စိတ်ညစ်ရပြီသာ မှတ်ပေတော့…။

စာဖတ်ရင်း အိပ်ပျော်တာ များလာတော့ မဖြစ်သေးပါဘူးဆိုပြီး အခြားနည်းလမ်း ရှာရပါတော့တယ်။ အိပ်ချင်ရင် အိပ်ပြီး… နိုးတဲ့အချိန် စာဖတ်တဲ့အကျင့်ပါ။ ကျုပ်နဲ့တော့ တော်တော်လေးကို အဆင်ပြေပါတယ်။ တစ်ခုရှိတာက ဒီနည်းလမ်းက မီးချောင်းကို တစ်ညလုံး ဖွင့်ပေးထားရတာပါ။ ကျုပ်နေတဲ့အဆောင်က ည ၁၁ နာရီ ထိုးရင် မီးပိတ်ရတာကြောင့် ပိုင်ရှင်နဲ့တော့ စကားပြောခဲ့ရတာပေါ့။ ပထမ တစ်ပတ်လောက်မှာ အဆောင်ပိုင်ရှင် အန်တီအေးတို့ ဇနီးမောင်နှံက မီး တစ်ညလုံး ဖွင့်တာကို ဘာမှမပြောကြပေမဲ့… နောက်ပိုင်းမှာတော့ အခြားအဆောင်နေတဲ့သူတွေနည်းတူ ည ၁၁ နာရီ ထိုးရင် မီးပိတ်ဖို့ ခေါ်ပြောပါတော့တယ်။ ကျုပ်ကလည်း “အလုပ် လုပ်ရင်း ကျောင်းတက်နေရတာကြောင့် စာကို အလုပ်ပြီးတဲ့ ညအချိန်မှသာ ဖတ်နိုင်ကြောင်း…၊ စာကို ကြိုးစားဖတ်ပေမဲ့ နေ့ခင်းက အလုပ် ပင်ပမ်းတဲ့ဒဏ်ကြောင့် စောစောအိပ်ပျော်သွားတတ်ပြီး ထိရောက်မှုမရှိကြောင်း…၊ ဒါကြောင့် အိပ်ချင်တဲ့အချိန် အိပ်လိုက်ပြီး နိုးတဲ့အချိန်ဖတ်နိုင်ဖို့ မီးကို တစ်ညလုံး ဖွင့်ထားရကြောင်း…၊ ဒီ ကျူ-တူး အတန်းက ကျရင် ထွက်ရမှာ ဖြစ်တဲ့အတွက် နားလည်ပေးစေချင်ပါကြောင်း” စသဖြင့် ငိုပြရတာပေါ့ဗျာ။ သူတို့ကလည်း ကျုပ်ကလွဲရင် ကျန်တဲ့သူတွေ ပုံမှန်အတိုင်း ည ၁၁ နာရီ ထိုးရင် မီးပိတ် ဆိုတဲ့အမိန့်ကို ဆက်လက် ချမှတ်လိုက်ပါတော့တယ်။

ဒီအတန်းမှာတော့ ဆရာမကြီး ဒေါ်ခင်မျိုးရီ အတန်းကို တခါတလေ စီနီယာနည်းပြ ဆရာမ ဒေါ်ရီရီခိုင်က ဆရာမကြီးကိုယ်စား ဝင်သင်တတ်ပါတယ်။ ဆရာ ဦးခင်မြင့် အာရိုက်တာကို ငြိမ်ပြီး ငေးနေအောင် နားထောင်နေခဲ့ကြတာကြောင့် စာမေးပွဲအတွက် ဘာဖတ်ရမှန်း မသိဖြစ်ခဲ့တာ ဒီအတန်းပေါ့ဗျာ…။ ကျုပ် အလုပ်အားလို့ ကျောင်းထဲရောက်တိုင်း ဆရာ့အချိန်နဲ့ တိုးတာက များပါတယ်။ ဆရာ ဦးခင်မြင့် ဂျပန်ကို သုံးလသင်တန်း သွားတော့ ဆရာ့ကိုယ်စား ဆရာမ ဒေါ်သက်ထားဝင်းက သင်ပါတယ်။ ကျုပ်က ကျောင်းမမှန်ပေမဲ့ ဘယ်ဘာသာရပ်ကို ဘယ်သူတွေ သင်တယ်…၊ ဘယ်ဆရာ-ဆရာမက ဘယ်သူ ဆိုတာကိုတော့ မေးမြန်း လေ့လာ ထားရတာပေါ့ဗျာ…။

0 comments: