Saturday, February 21, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၁)

ရန်ကုန် ပြန်ရောက်ပြီး တစ်လလောက်ကြာတော့ မဟာတန်းတွေ ဖွင့်တာကြောင့် ကျောင်းအပ်လိုက်ပါတယ်။ မဟာဝိဇ္ဇာကျောင်းသားကြီး ဖြစ်ပြီပေါ့ဗျာ…။ အတန်းကိုတော့ အရင်နှစ်တွေကလိုပဲ ပြေးလိုက်-တက်လိုက်…၊ ပျောက်လိုက်-ရောက်လိုက်ပေါ့…။ တစ်နေ့မှာတော့ ကျုပ်တို့ M-1 မှာ သင်နေတဲ့ ဆရာ ဦးခင်မောင်လတ်က အာရှ သုံးနိုင်ငံ နှစ်ပတ် လေ့လာရေးခရီး ပါသွားတာကြောင့် ဆရာ့အတန်းကို ပါမောက္ခ ဆရာမကြီး ဒေါ်ခင်အေးဝင်းက ကိုယ်စားဝင်သင်ပါတယ်။ ဆရာမကြီးက “ကဲ… ကိုမိုးစံ ကိုခင်မောင်လတ်က သူမသွားခင် ကိုမိုးစံက ကျောင်းလည်း မလာဘူး…၊ ခိုင်းတာလည်း မလုပ်ဘူး…” လို့ ကျမကို တိုင်သွားပါတယ် လို့ ဆိုပါတယ်။ ပြီးတာနဲ့ “ဒီနှစ်က စပြီး Semester စနစ်နဲ့ Credit system ကို ကျင့်သုံးမှာ ဖြစ်တဲ့အတွက် ကျောင်းပျက်လို့ မရတဲ့အကြောင်း အမှာစကားတွေ ခြွေရင်း… ကျုပ်ကို တစ်ပတ်အတွင်း ရေးတင်ဖို့ Assignment ခေါင်းစဉ် တစ်ခုပေးပါတော့တယ်။ Aptitude Battery ထင်တာပါဘဲ…။

ကျုပ်လည်း ဆရာမကြီး ပေးလိုက်တဲ့ Assignment ကို သဲကြီးမဲကြီး ပြင်ဆင်ပြီး အချိန်မှီ တင်ပေးနိုင်ခဲ့ပါတယ်။ ဆရာမကြီးက သူ သင်ခွင့်ရရှိခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သူ သင်ခဲ့တဲ့ “Conformity and Compliance” အခန်းကို Tutorial စစ်ပေးခဲ့ပါသေးတယ်။ အဲဒီ Tutorial စစ်တဲ့နေ့က အခန်းစောင့် တာဝန်ယူခဲ့သူက ဆရာ ဦးတင်မောင်လှ (ယခု ဒုချုပ်-ပြည်) ဖြစ်ပါတယ်။ ကျုပ်က ၁၅ မီးနစ်လောက်သာ ဖြေခဲ့တဲ့ Asch’ Experiment ကို ကျန်တဲ့သူတွေ အားလုံးက အချိန်ပြည့် ၄၅ မီးနစ်တောင် ဖြေဆိုခဲ့ကြတာမို့ ကိုယ်များ မေးခွန်း ဖတ်တာ မှားခဲ့သလားလို့တောင် သံသယ ဝင်ခဲ့မိပါသေးတယ်။ မေးခွန်း နားလည်မှု လွဲသွားတာနဲ့ အဖြေကလည်း လွဲတော့… အမေးတခြား အဖြေတခြား ဖြစ်နိုင်တာပေါ့။ ကျုပ် နားလည်တာ မမှားခဲ့ပေမဲ့ အများနဲ့တစ်ယောက်ဆိုတော့ သို့လော သို့လော ဖြစ်ခဲ့မိတာ အမှန်ပါ။

နောက်နေ့ အတန်းမှာတော့ ဆရာမကြီးက Tutorial answer paper တွေ ပြန်ပေးရင်း “ ကိုမိုးစံ ဖြေတာ သိပ်ကောင်းတာပဲ… ဘာမေးတယ်ဆိုတာကို ကောင်းကောင်းနားလည်တယ်” လို့ ဆိုလိုက်တာကြောင့် ကျုပ်ရဲ့ အဖြေလွှာကို ဝိုင်းဝန်းလို့ ကြည့်ကြပါတော့တယ်။ ၁၀ မှတ်ပေးတဲ့ မေးခွန်းမှာ သဲကြီးမဲကြီး ဖြေခဲ့ကြတဲ့ သူတွေက ၅ မှတ် မကျော်တဲ့ အချိန်မှာ အလွယ်တကူဖြေခဲ့တဲ့ ကျုပ်က ၈ မှတ် ခွဲ တောင် ရခဲ့တာပါ။ စာရတာချင်းအတူတူ မေးခွန်းကို သေချာနားလည်ပြီး မေးထားတာနဲ့ကိုက်ညီအောင် ဖြေဆိုတတ်သူက တပန်းသာတာပဲလို့ ထင်မိပါတယ်။ စာကို တော်အောင်ကြိုးစားကြသလို စာမေးပွဲ ဖြေဆိုတတ်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဆရာမကြီးကပဲ “ကိုမိုးစံ စာလုပ်တဲ့အကြောင်း ကိုခင်မောင်လတ်ကို ဒို့ ပြောလိုက်မယ်”လို့ ဆိုတာကြောင့် ကြိတ်မှိတ် ဝမ်းသာပီတိ ဖြစ်ခဲ့ရသူက ကျုပ်ကလွဲရင်… ကျုပ်က လွဲရင်…။

0 comments: