Sunday, February 15, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၈)

၉၆ ကျူ-တူး စာမေးပွဲ ဖြေပြီးကတည်းက ကျောင်းတွေ ပိတ်လိုက်တာ ၉၇ နှစ်ကုန်အထိပါ။ အဲဒီ ၉၇ ထဲမှာပဲ တက္ကသိုလ်နည်းပြဆရာ-ဆရာမတွေ အလုပ် လျှောက်လွှာခေါ်ယူခဲ့ပါတယ်။ ရှားပါးမေဂျာ ဖြစ်တဲ့ ကျုပ်တို့ စိတ်ပညာ မှာတော့ ရိုးရိုးဘွဲ့ ရရင်တောင် လျှောက်ခွင့် ရှိပါတယ်။ ရေးဖြေ မပါပဲ လူတွေ့စာမေးပွဲနဲ့တင် အလုပ်ခန့်ခဲ့တာကြောင့် ကျုပ်တို့လို ကျူ-တူး အောင်ပြီးသား သူတွေက အလုပ်ရဖို့ သေခြာပါတယ်။ အမှန်တကယ်လည်း ၉၈ ထဲမှာ အလုပ် ခန့်တော့ ကျုပ်နဲ့အတန်းတူ သူငယ်ချင်းတွေ အားလုံး ဆရာ-ဆရာမတွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒီလိုဆိုရင် ကျုပ်ကရော…။

ကျုပ်က အလုပ် မလျှောက်ဖြစ်ခဲ့ပါဘူး…။ ကျုပ် သိပ် ဖြစ်ချင်တဲ့ တက္ကသိုလ်ဆရာ လွယ်လွယ်လေးနဲ့ ဖြစ်လာနိုင်ပါလျက်နဲ့ မိသားစုအတွက် ရင်နာနာနဲ့ ကျောခိုင်းခဲ့ရသူပါ။ အဲဒီအချိန်က တက္ကသိုလ် နည်းပြဆရာတစ်ယောက်ရဲ့လစာက ၁၂၅၀ ကျပ် ပါ။ ကျုပ်ရဲ့ အဆောင်လခက ၁၅၀၀ ကျပ် ပေးရပါတယ်။ ကျုပ် အောက်မှာ ၁၀ တန်း မအောင်သေးတဲ့ အငယ် ၃ ယောက် ကျန်နေပါသေးတယ်။ သူတို့လေးတွေကို ချန်ထားပစ်ပယ်လို့ ကိုယ်တစ်ယောက်တည်း တကိုယ်ကောင်းဆန်စွာ ကိုယ်သွားချင်တဲ့ လမ်းကို လျှောက်လှမ်းရဲလောက်သည်အထိ မမိုက်ရဲခဲ့ပါဘူး…။ နောက်ပြီး အငယ်ဆုံးညီမလေး ၁၀ တန်း အောင်ပြီးရင် နေစရာ ဗလာနတ္ထိ ဖြစ်နေတဲ့ ရွာက မိဘတွေကို နေစရာအိမ်ဝိုင်းလေး ပြန်လည် ဖန်တီးပေးရပေအုံးမည်။ ကျုပ် ဖြစ်ချင်တဲ့ တက္ကသိုလ်ဆရာအလုပ်က ရရှိမယ့် လစာ ၁၂၅၀ိ/ က ကျုပ်တစ်ယောက်ထဲတောင် ဘယ်လိုစားလို့ ဘယ်လိုနေရမှန်းမသိ…။ မိသားစုအတွက်တော့ ဝေလာဝေးပေါ့…။ ဒီလို ရင်တွင်းသောကတွေကို အကြိမ်ကြိမ် အဖန်ဖန် ပြန်လှန် စဉ်းစားရင်း မကျေနပ် ကျေနပ်နဲ့ နောက်ကို တစ်လှမ်း ဆုတ်ပေးခဲ့ရသူပါ။

၉၈ နှစ်ဆန်းထဲမှာတော့ အငယ်မ ၁၀ တန်း အောင်သည်အထိ မစောင့်တော့ပဲ… ကျုပ်တို့ အကြီးနှစ်ယောက်က တစ်ယောက်တစ်သိန်း ထည့်ပြီး ကျန် အလုပ် ရနေပြီဖြစ်တဲ့ ညီတော်မောင်တွေကိုလည်း စေတနာ ရှိသလောက် ထည့်ဝင်ကြဖို့ ဆော်သြကာ မိဘတွေအတွက် ရွာပြန် အိမ်ဝိုင်း ဝယ်ပြီး အိမ်ဆောက်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ညီတော်မောင်တွေကို မိသားစုအတွက်ဆိုရင် လက်ဆင့်ကမ်း တာဝန်ယူကြရမယ်လို့ သင်ကြားပေးခဲ့ပေမယ့် တကယ်လက်တွေ့ကျတော့ တုပ်တုပ်မျှ မလှုပ်ကြ…။ သွန်သင်ဆုံးမခဲ့သူ ကျုပ်ကပဲ ညံ့ခဲ့လေရော့သလား…။ ဒါမှမဟုတ် နောက်မှပေါက်တဲ့ သူတို့ရဲ့ကောင်မလေးတွေကပဲ အစွမ်းထက်လေရော့သလား...။ အံ့သြဖွယ်ကောင်းလေစွ…။ ဒီလိုနဲ့ ကျုပ်တစ်ယောက်သာ ရုံးက ခွင့် (၁၅) ရက် ယူကာ ရွာပြန်…၊ ရွာဘုံပိုင် ပေတစ်ရာပတ်လည် အိမ်ဝိုင်းကို ကျပ် ငွေ တစ်သိန်းနှစ်သောင်းနဲ့ ဝယ်ကာ လေးဘက်လေးတန် ဝင်းထရံ ခတ်လိုက်ပါတယ်။ ပြီးတာနဲ့ လက်လှုပ်ရေတွင်း (အဝီစိတွင်း) တူးခိုင်းပါတယ်။ အဲဒီနောက် အိမ်အတွက် ကျုပ်တို့ရွာကနေ ၆ တိုင် (၁၂ မိုင်) လောက် ဝေးတဲ့ ကပိုင်ရွာ ကို စက်ဘီးနဲ့ ချီတက်ကြပါတယ်။ လက်သမားဆရာ ကိုသန်းဝင်း ရယ်၊ ကျုပ်ရယ်၊ ကျုပ်သူငယ်ချင်း အောင်ဆင်ရယ် သုံးယောက် သွားကြတာပါ။ အဖေကတော့ အရင်နေ့ကတည်းက သူတစ်ယောက်တည်း သွားနှင့်လေရဲ့…။

ကျုပ်တို့ရွာကနေ ၂ တိုင် (လေးမိုင်) ဝေးတဲ့ “ဆင်စွယ်ရွာ” လွန်တော့ ကျုပ်က ဘယ်လိုမှ စက်ဘီးမစီးနိုင်တော့ပါဘူး။ ဒါပေမဲ့ စက်ဘီးကို တွန်းပြီး လမ်းလျှောက်နိုင်ပါသေးတယ်။ ဒါကြောင့် လက်သမားဆရာ ကိုသန်းဝင်းကို အရင်သွားခိုင်းပြီး သင့်တော်မယ့် အိမ်လေးကို ကျုပ်အဖေနဲ့ ညှိပြီး ကြိုက်ရင် ဝယ်ထားနိုင်ဖို့ ဦးစွာလွှတ်လိုက်ရပါတယ်။ ကျုပ်တို့ နှစ်ယောက်ကတော့ နောက်ထပ် ၁ တိုင်(နှစ်မိုင်)လောက် လျှောက်လိုက်ရင် ရောက်မယ့် “အင်တောရွာ” မှာ ရှိတဲ့ ကျုပ်တို့ သူငယ်ချင်း ကျော်မင်းတို့အိမ် ဝင်ပြီး ခဏနားကာ မီးစင်ကြည့် က ဖို့ စိတ်ကူးခဲ့ကြပါတယ်။ ကံအားလျှော်စွာပဲ လမ်းမှာ ကျော်မင်းတို့ အဖေနဲ့အမေကို တွေ့လိုက်ရတာကြောင့် ဒီကောင် အိမ်မှာ ရှိနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ကျော်မင်းတို့အိမ် ရောက်တော့ အစ်မကြီး ခူးကြွေးတဲ့ နေ့လည်စာထမင်းကို စားသောက်ကြပြီး စက်ဘီးတွေကို ထားခဲ့ကာ… သူတို့အိမ်က နွားလှည်းနဲ့ပဲ သူငယ်ချင်း သုံးယောက် စကားတပြောပြောနဲ့ ခရီးပန်းတိုင် ကပိုင်ရွာဆီသို့ တအိအိ နှင်ခဲ့ပါတော့တယ်။

0 comments: