Monday, February 16, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၉)

ညနေစောင်းတော့ ကပိုင်ရွာကို ရောက်ပါပြီ။ နွားလှည်းကို ကျုပ်တို့ ဂျူနီယာ သောင်းဝင်းတို့အိမ်မှာ ချွတ်ထားခဲ့ပြီး ကိုသန်းဝင်းနဲ့ ချိန်းဆိုထားရာ ဆရာ ဦးမြင့်ကျော် ဆီကို သွားကြပါတယ်။ ဆရာက ကျုပ်တို့ ၁၀ တန်းမှာ အခကြေးငွေ မယူပဲ ကိုးတန်း-ဆယ်တန်း ဓါတု ရူပ သင်ကြားပေးခဲ့သူပါ။ အခုတော့ ကပိုင် အခြေခံပညာအလယ်တန်းကျောင်းမှာ အလယ်တန်းပြဆရာ အဖြစ် အမှုထမ်းရင်း စီးပွားရေးတစ်ဘက် လုပ်နေသူပါ။ အဲဒီမှာ လက်သမားဆရာ ကိုသန်းဝင်းနဲ့တွေ့တော့ “ ပေါင်းဝရွာမှာ သုံးပင်နှစ်ခန်း ထရံကာ ဇလီသတ် အိမ်အသစ်လေး တစ်လုံး တွေ့ထားပြီးဖြစ်ကြောင်း…၊ ဈေးလည်းသင့်တော်ကြောင်း…၊ မင့်အဖေလည်း ကြည့်ပြီး သူလည်းကြိုက်ကြောင်း…၊ အမိုးတစ်ခုပဲ ပြန်ဝယ်ရမှာ ဖြစ်ကြောင်း…၊ မင်းလည်း အချိန် မရတာမို့ အခြားဟာတွေ လိုက်ကြည့်မနေပဲ… ဒါကိုပဲ ဝယ်လိုက်စေချင်ကြောင်း…” ဆီးကာ ပြောပါတော့တယ်။ ဒါနဲ့ ကျုပ်တို့လည်း ဆရာ့အိမ်မှာ ခဏထိုင်ပြီး ကပိုင်ကနေ တစ်မိုင်ကျော်ကျော်လောက် ဝေးတဲ့ ပေါင်းဝရွာကို နေဝင်ဖြိုးဖြအချိန် ရွာတောင်ဘက်မှာ တသွင်သွင် စီးဆင်းနေတဲ့ ယမားချောင်းအတိုင်း ဆန်တက်လို့ ချီတက်ကြပါတော့တယ်။ ဆရာလည်း လိုက်လာတာကြောင့် သဲသောင်ပြင်မှာ လမ်းလျှောက်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတာပေါ့…။

ဟိုရောက်တော့ အဖေက အိမ်ပိုင်ရှင်နဲ့အတူ မူးလို့နေလေပြီ။ သူ့မိတ်ဆွေဟောင်း ဖြစ်သူ အိမ်ပိုင်ရှင်နဲ့ မိတ်ဆက်ပေးပြီး“ ငါကတော့ ဒီအိမ်လေးကိုပဲ ကြိုက်တယ်ကွာ…” လို့ ဆိုပြန်ပါတယ်။ ကျုပ်ကလည်း “အဖေ ကြိုက်ရင် ပြီးတာပဲ… အဖေတို့နေမှာ… ကျနော်တို့ နေမှာ မဟုတ်ဘူး..”လို့ ပြောရင်း အိမ်လေးကို ပတ်ကြည့်ကြပါတယ်။ ပြီးတာနဲ့ ဆရာက ဦးဆောင်ကာ ဈေးနှုန်း အလျှော့အတင်း ညှိကြပြီး ငွေ ချေလိုက်ပါတော့တယ်။ ဆက်လက်ပြီး မနက်ဖန်မနက် အိမ်ဖျက်ပြီး သယ်ယူဖို့အတွက် ကားငှားဖို့ လုပ်ရပြန်ပါတယ်။ လှည်းတွေနဲ့သယ်ရင် ကပိုင်ရွာက အလကား လိုက်ပို့မယ့် အဖေ့မိတ်ဆွေရင်းတွေ ရှိပေမဲ့ ကျုပ်က အချိန်မပေးနိုင်တာကြောင့် ကားနဲ့သယ်ဖို့ လုပ်ရတာပါ။ ဒီ အပြုအမူအတွက် ကျုပ်အပေါ် စိတ်ခုသွားကြတဲ့ အဖေ့မိတ်ဆွေတွေ အများကြီး ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ ကားသမားနဲ့ စကားပြော ဈေးညှိ(ကားပိုင်ရှင်ကလည်း အလျင်လိုမှန်း သိတော့ မတန်တဆ တောင်းခဲ့ပြန်ပါတယ်)၊ မနက်ဖန်မနက် အိမ်ဖျက်ပြီး ကားပေါ်တင်ဖို့အတွက် အလုပ်သမား ငှားဖို့အထိ ကိုသန်းဝင်းနဲ့ တိုင်ပင် စီစဉ်ပြီးကာမှ ညအမှောင်ထဲမှာ လက်နှိပ်မီးကို အဖော်ပြုလို့ ကပိုင်ရွာကို စုန်ခဲ့ကြပါတယ်။

ကပိုင် ရောက်တော့ ညနေက နွားတွေကို ဘာမှ မကျွေးခဲ့ရသေးတာကြောင့် နွားတွေရှိရာကို အရင်ချီတက်ရပါတယ်။ ကျုပ်တို့ လူတွေက မရှိရင် ရှာစားလို့ ရပေမဲ့ တိရစ္ဆာန် ဖြစ်တဲ့ နွားကတော့ ကျုပ်တို့ လူတွေက ကျွေးမှ စားကြရတာ မဟုတ်ပါလား။ ဟိုရောက်တော့ မုံရွာ ပဲရောင်းသွားတဲ့ သောင်းဝင်းက လမ်းမှာ ကားပျက်လို့ အိမ်ပြန်ရောက်နေပြီး နွားတွေကို ကျွေးထားလေရဲ့…။ ကျုပ်တို့လည်း သောင်းဝင်းနဲ့အတူ ညစာ စားလိုက်ကြပြီး ဆရာ့အိမ်ကို ထွက်ခဲ့ကြပြန်ပါတယ်။ ဆရာ့အိမ် ရောက်တော့ ကျုပ်တို့ကို လက်ဘက်ရည်သောက် (ရေနွေးသောက်) လာခေါ်ကြတဲ့ အဖေ့မိတ်ဆွေတွေက တန်းစီလို့ စောင့်နေကြပါတယ်။ ကျုပ်ကတော့ ညလည်း မိုးချုပ်နေပြီမို့ အားလုံးကို တောင်းပန်ပြီး မဖြစ်မနေ လိုက်ရမယ့် အိမ်နှစ်အိမ်ကိုပဲ အလှည့်ပေးခဲ့ပါတယ်။ အဖေကတော့ အဲဒီ ကပိုင်ရွာမှာ ကြိုက်တဲ့အိမ် ဝင်ပြီး ထမင်းစားလို့ ရသည်အထိ ရင်းနှီးခဲ့သူမို့ ဘယ်မှာတည်းလို့ ဘယ်လိုနေမှန်း မမေးခဲ့မိ…။

နောက်နေ့မနက်မှာတော့ ပေါင်းဝရွာသွား…၊ အိမ်ဖျက်ကာ ကားပေါ်တင်… လက်သမားဆရာ ကိုသန်းဝင်းနဲ့ အဖေက အဲဒီကားနဲ့ အတူပြန်လိုက်သွားပြီး ကျုပ်တို့သုံးယောက်က နွားလှည်းနဲ့ ပြန်လာခဲ့ကြတာပေါ့။ အင်တောက ကျော်မင်းတို့အိမ် ရောက်တော့ ခဏ နားကာ စက်ဘီးနဲ့ ဆက်ပြီး ခရီးနှင်လာလိုက်တာ ညမှောင်ရီပျိုးစ ညီအစ်ကို မကွဲတကွဲအချိန်မှာ ကျုပ်မွေးရပ်မြေ ရင်ပေါင်တိုင်ရွာကို ပြန်ရောက်ခဲ့ပါတော့တယ်။

0 comments: