Thursday, February 19, 2009

ကျုပ်ဘဝတစေ့တစောင်း(၆၀)

အိမ်လေးကို ပြန်ဆောက်ဖို့ ကိုသန်းဝင်းတို့ လက်သမားအဖွဲ့ကို ပုံအပ်လိုက်ပေမဲ့ မြန်မြန်ပြီးချင်တာကြောင့် ကိုယ်တိုင် ဝင်လုပ်ရပါတော့တယ်။ အိမ်ပြီးပြန်တော့ ခြမစားရလေအောင် ရေနံဂျီး သုတ်ရပြန်ပါတယ်။ ပြီးတာနဲ့ တန်းလျား-စားပွဲ တစ်စုံနဲ့ နှစ်ယောက်အိပ်ကုတင် အသစ်တစ်လုံး၊ မိသားစု တစ်စုစာ ပုဂံခွက်ယောက်… စသဖြင့် အကုန် အသစ်ပြန်လည် ထူထောင်ရပါတယ်။ ကျန်ရှိနေတဲ့ အိမ်နောက်ဖေး မြေကွက်လပ်ကျယ်ကြီးကိုလည်း ကျုပ်သူငယ်ချင်း အောင်ဆင်နဲ့ နှစ်ယောက် မြောင်းတွေ သေခြာ ဖေါ်ပြီး ခရမ်းပင်တွေ စိုက်ပြပါတယ်။ ကိုယ်စိုက်ထားတဲ့ အပင်လေးတွေကို နေ့စဉ် ရေလောင်း ပေါင်းသင်ရင်း အဖေ့ကို အသောက်လျှော့စေချင်တဲ့ ဆန္ဒနဲ့ပါ။

ဒီတစ်ခါ စားစရာမရှိရင် အိမ်ဝိုင်းကို ရောင်းမစားဖို့တော့ အသေအခြာ မှာရတာပေါ့ဗျာ…။ ပိုက်ဆံလိုရင် လှမ်းမှာဖို့နဲ့ အသောက်ကိုလည်း လျှော့ဖို့ ထပ်ခါတလဲလဲ ပြောရပါတယ်။ နောက်ပြီး ကလေးတွေကိုလည်း စာမေးပွဲပြီးတာနဲ့ အလှည့်ကျ အလည် လွှတ်ပေးမယ့်အကြောင်း…၊ မကြာခင်ကာလမှာ မိသားစုအားလုံး ရန်ကုန်မြို့ကြီးမှာ တစုတစည်းတည်း နေထိုင်နိုင်တော့မှာ ဖြစ်တဲ့အတွက် အသက်ရှည်အောင် အခုကတည်းက အသောက်လေး နည်းနည်းပါးပါး လျှော့ထားပေးဖို့ တောင်းပန်ရပါတယ်။ စားဝတ်နေရေးအတွက်လည်း ရွာက ကျုပ်သူငယ်ချင်း ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ချိတ်ဆက် မိတ်ဖွဲ့ကာ သူ အလိုရှိသမျှ ဆီ၊ ဆန်၊ ဆားကအစ တိုလီမုတ်စ အဆုံး အကြွေး ပေးကြဖို့ ညှိပေးခဲ့ရတာပေါ့။ အကြွေးကိုတော့ နှစ်လတစ်ကြိမ်- သုံးလတစ်ကြိမ် အဆင်ပြေသလို ကျုပ်က ပြန်ဆပ်ပါ့မယ် ဆိုတဲ့ ကတိခံဝန်ချက်နဲ့ပါ။ ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရယ်…။

ဒီအချိန်မှာပဲ ၈ တန်းလောက်ကတည်းက သူငယ်ချင်းတွေက သူ နဲ့ ကျုပ်ကို စ ရင် အဖက်မတန်ဘူးလို့ ပြောခဲ့သလို… မတော်တဆ လမ်းမှာ ဆုံတွေ့ကြရင်တောင် လမ်းကျယ်ရင် အဝေးက ရှောင်သွားလေ့ရှိပြီး လမ်းကျဉ်းရင်တော့ နောက်ပြန်ကွေ့သွားတတ်တဲ့ ရွာ့မျက်နှာဖုံး ပန်းနွယ်နဲ့ ပြန်လည် ဆုံစည်းနိုင်မယ့် အခွင့်အလမ်းလေးတွေ ကြုံခဲ့ရပါသေးတယ်။ တကယ်တော့ ဒီအပြုအမူအတွက် သူမကို အပြစ်မတင်လိုပါဘူး။ ငွေကြေး ဥစ္စာဓနကိုသာ တန်းဖိုးထားတတ်တဲ့ ကျုပ်တို့ရွာရဲ့ဓလေ့စရိုက်ကိုသာ ရိုးမယ်ဖွဲ့ရမှာပါ။ ဒီလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကျုပ်လိုလူတစ်ယောက်နဲ့ စကြနောက်ကြတာကို ဘယ်လူဂုဏ်တန် အသိုင်းအဝိုင်းကမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်းပဲ နောက်ပိုင်းမှာ သူမနဲ့တွေ့တဲ့အခါတိုင်း ကျုပ်ကပဲ အရင်ဦးအောင် ရှောင်ပေး- နောက်ဆုတ်ပေးခဲ့ပါတယ်။ ရွာက ထွက်လာသည်အထိပေါ့…။

ရွာက ဆွေမျိုးရွှေမျိုးတွေက ဒိတ္ထိ လို့ ကင်မွန်းတတ်ကြတဲ့ ကျုပ်ကို သူမလည်း အဝေးကနေ နားစွင့်လို့ အကဲခတ်နေခဲ့ဟန်တူပါတယ်။ အဝေးသင် စာမေးပွဲဖြေရင်း နှစ်စဉ် ရွာပြန်တဲ့ အခါတိုင်းမှာလည်း မေးပြော ခေါ်ထူး အဆင့်တောင် မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ “သူက ကျောင်း ဘယ်တော့ ပြီးမှာလည်း” ဆိုတဲ့ အမေးလေးနဲ့အတူ သူမရဲ့သဘောထား ဆန္ဒတွေကို ဖိုးလမင်းကြီးက တစ်ဆင့် အမှာစကားတွေ ပါးလာပါတော့တယ်။ ကျုပ်ကလည်း ဘဝအခြေအနေက မလှပသေးတာမို့ အဝါရောင် မျဉ်းကျားမှာ ရပ်လို့ စောင့်နေခဲ့တာပေါ့…၊ စောင့်နေခဲ့တာပေါ့…။

0 comments: