ကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာပြီးကတည်း ကျုပ်ဘဝလည်း တဖြည်းဖြည်း စိုပြေလာခဲ့ပါတယ်။ ရန်ကုန်သားတွေက “ငွေ ရဖို့သည် ပထမ၊ အလုပ် ပြီးမြောက်ဖို့သည် ဒုတိယ” လုပ်နေတဲ့အချိန်မှာ ကျုပ်က “အလုပ် ပြီးမြောက်အောင်မြင်ဖို့သည် ပထမ၊ ငွေ ရဖို့သည် ဒုတိယ” ဆိုတဲ့ မူ နဲ့ အလုပ် လုပ်ခဲ့တာကြောင့်လည်း အချိန်တိုအတွင်းမှာ လူကြီးတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိခဲ့ပါတယ်။ အပေါ်ယံ ပကာသနတွေနဲ့ ရောင်စုံခြယ်ထားတဲ့ ရန်ကုန်အသိုင်းအဝိုင်း ကြားမှာ လူရာဝင်နိုင်ဖို့ အတွက်လည်း ကျုပ်ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံကို ပြောင်းလဲဖို့ ဦးစွာ ကြိုးစားရတော့တာပေါ့။ မပြောင်းလို့ မရဘူး..ဗျို့။ ရန်ကုန်သူ မဝါ က“ ဟင်…အညာသား..ဝတ်လိုက်ရင် ပုံမလာ..ပန်းမလာနဲ့..၊ နင် မနေ့ကဟာတွေ ဝတ်လာပြန်ပြီ..၊ အသစ်မလဲခဲ့ဘူးလား..၊ ဒီနေ့ဝတ်တဲ့ဟာ..နောက်နေ့ မဝတ်ရဘူးဟဲ့ တောသားရဲ့” ဆိုပြီး နေ့တိုင်း နှိပ်ကွပ်တာပါ။ တကယ်တော့ ကျုပ်က တစ်စုံကို ၂ ရက် ဝတ်နိုင်အောင် အဆောင်ပြန်ရောက်တာနဲ့ အသာလေးချွတ်ပြီး ကြိုးတမ်းပေါ် လွှားထားတာပါ။ နောက်ဆုံးတော့ ကျုပ်ပဲ အရှုံးပေးလိုက်ရတာပေါ့ဗျာ။ ကျုပ် ရရှိတဲ့ အပိုဝင်ငွေကို တစ်ယောက်တည်း မစားပဲ၊ ရုံးမှာထိုင်ပြီး စာရွက်စာတမ်း စီစဉ်ပေးရတဲ့ ရုံးအဖွဲ့ နဲ့ နောက်လိုက်တွေကို မျှဝေခံစားစေတာကြောင့်လည်း ကျုပ် တာဝန်ယူလုပ်ကိုင်ရတဲ့ အလုပ်တွေဟာ အမြဲတမ်း အဆင်ချောလို့နေပါတယ်။ ကျုပ်ဘဝရဲ့ ရောင်နီပျိုးစ အချိန်တွေပေါ့။
ပုံမှန်ဝင်ငွေလေး ရှိလာပြီဆိုတော့ အလုပ်ကအပြန် ညနေတိုင်း ပန်းဆိုးတန်းက လမ်းဘေးအဟောင်းဆိုင်အပါအဝင် စာအုပ်ဆိုင်တကာ ဝင်ပြီး မွှေတော့တာပေါ့။ တက်ကျမ်းတွေ၊ ဘာသာရေး နဲ့ ဘာသာပြန်စာအုပ်တွေ၊ စိတ်ပညာဆိုင်ရာစာအုပ်တွေ နဲ့ အတ္ထုပ္ပတ္တိစာပေတွေ အကုန်လုံး စိတ်ဝင်စားတာမှန်သမျှ အကုန် ဝယ်ဖတ်ပါတယ်။ ဆရာကြီး ဒေါက်တာကျော်စိန်၊ ဦးအေးမောင်၊ ခင်မောင်သန်း(စိတ်ပညာ) တို့ရဲ့ စာအုပ်တွေအပြင် တက္ကသိုလ်ဘုန်းနိုင် ရဲ့ ဝတ္ထုတွေ တစ်အုပ်မကျန် ဝယ်ဖတ်ပါတယ်။ တကယ်တော့ တက္ကသိုလ်ဘုန်းနိုင် ရဲ့ ဝတ္ထုတွေဟာ ကျုပ် မမွေးခင် နဲ့ ကျုပ် မူလတန်းကျောင်းသားဘဝလောက် မှာ ရေးခဲ့တဲ့စာတွေက များပါတယ်။ ဆရာကြီးဟာ ရန်ကုန်-မန္တလေး တက္ကသိုလ်၊ စိတ်ပညာဌာနက နိုင်ငံခြားပြန်ဆရာတစ်ယောက် ဖြစ်တာကြောင့်လည်း သူ့ရဲ့ဝတ္ထုတိုင်းလိုလိုမှာ စိတ်ပညာဆိုင်ရာ အသိပညာပေးလေးတွေ တစ်ခုမဟုတ် တစ်ခု ထည့်သွင်းထားတတ်ပါတယ်။ အဲဒီ ပညာပေးအချစ်ဝတ္ထုတွေထဲမှာ ကျုပ်ဘဝကို စနစ်တကျ ပြုပြင်ပြောင်းလဲ တိုးတက်လာအောင် စေ့ဆော် တွန်းအားပေးခဲ့တဲ့ ဝတ္ထု တစ်ပုဒ် ရှိခဲ့ပါတယ်။ အဲဒါကတော့ ၁၉၇၆ ခုနှစ် (ကျုပ် မှတ်တာ မမှားခဲ့ရင်) အမျိုးသားစာပေဆုရစာအုပ် ဖြစ်တဲ့ “နှင်းငွေ့တစ်ထောင့် မိုးတမှောင့်” ပါပဲ။ ဝတ္ထုထဲက ဇာတ်လိုက်ကျော် မန္တလေးတက္ကသိုလ် (နှင့် ရန်ကုန်တက္ကသိုလ်)၊ စိတ်ပညာဌာနက နိုင်ငံခြားပြန် ကထိက ဆရာ ဒေါက်တာမြင့်နွယ် ဟာ ကျုပ်ဘဝ အတွက် Ideal ဇာတ်ကောင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျုပ်လို အဝေးသင် ကျောင်းသား တစ်ယောက်အတွက် ဘယ်လိုမှ မဖြစ်နိုင်မှန်း သိပေမဲ့ ကျုပ်ကိုကျုပ် ဝတ္ထုထဲက တက္ကသိုလ်ဆရာ ကထိက ဒေါက်တာမြင့်နွယ် အဖြစ် စိတ်ကူးယဉ်အိပ်မက်တွေ မက်ခဲ့ဘူးပါတယ်။
Sunday, November 30, 2008
ကျုပ်ဘဝတစေ့တစောင်း(၂၁)
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 6:03 PM 0 comments
Thursday, November 27, 2008
ကျုပ်ဘဝတစေ့တစောင်း(၂၀)
အစိုးရက ၁၉၈၉ နှစ်မှာ SEE Law (State Economics Enterprise Law) ကို ပြဌာန်းခဲ့ပြီး Market Oriented ခေါ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို မြေစမ်းခရမ်းပျိုး နဲ့ စတင်ခဲ့တာကြောင့် ၉၀ ခုနှစ် နောက်ပိုင်းမှာ ကုမ္ပဏီ တွေ မှိုလိုပေါက်အောင် ပေါများခဲ့ပါတယ်။ အများပိုင်ရော ပုဂ္ဂလိပိုင်ရော ဆိုပါတော့။ ကျုပ် အလုပ် စဝင်တဲ့ ၁၉၉၃ ခုနှစ် မှာဆိုရင် ထုတ်ကုန်/သွင်းကုန် လုပ်ငန်းတွေဟာ နေ့မအား ညမနား လုပ်နေကြရတာပါ။ ကျုပ်တို့ ရုံးမှာ ဆိုရင်လည်း ရုံးရှိလူကုန် လက်မလည်နိုင်လောက်အောင် အထိပါ။ တစ်ယောက်ကို အလုပ် သုံးလေးခုလောက် ကိုင်ထားကြတာပါ။ ဒါပေမဲ့ ကျုပ်ကတော့ ငုတ်တုပ်။ နောက်ဆုံး ဘယ်လိုမှ သူ့လူတွေနဲ့ အလုပ် မနိုင်တော့တဲ့ အခါကျမှ လက်ထောက်မန်နေဂျာ(မန်နေဂျာ၏ ခယ်မ) နဲ့ သူ့အစ်မ(မန်နေဂျာ၏မိန်းမ၊ ရုံးမှာ ဘာရာထူးမှ မရှိ) တို့က ကျုပ်ကို အလုပ်တစ်ခု တာဝန်ပေးပါတော့တယ်။ ဆိပ်ကမ်းထဲမှာ ပုံထားတဲ့ စားအုန်းဆီပီပါ တွေကို အပြင်ရောက်အောင် ထုတ်ပေးဖို့ပါ။ သူ့လူတွေကိုလည်း ဝိုင်းဝန်းကြီးကြပ်ပေးဖို့ အမိန့်ထုတ်လိုက်ပါသေးတယ်။ ပြီးတော့ “ကား” ကိုတော့ ကိုကျော်သန်း ဂိတ်က ယူပါ၊ ငါတို့ ပြောထားပြီးသား လို့ ဆိုပါတယ်။
ကျုပ်လည်း တစ်ခါမှ မရောက်ဘူးတဲ့ ဆိပ်ကမ်းထဲဝင်ပြီး ပစ္စည်းထုတ်ရမယ်ဆိုတော့ နည်းနည်းတော့ စိုးးရိမ်တာပေါ့ဗျာ။ ပြီးတော့ အစအဆုံး ကိုယ်တစ်ယောက်တည်း လုပ်ရမှာ။ ကိုမောင်လေး ဆိုတဲ့ ရန်ကင်းသားကတော့“ အညာသား…ဘာမှမပူနဲ့..၊မင်း နဲ့ ငါ ဆိပ်ကမ်းတစ်ခုထဲပဲ..မသိရင် ငါ ကူမယ်” လို့ ဆိုပါတယ်။ ဒါနဲ့ ကုန်ကျစရိတ်ကို ခန့်မှန်းခြေ တွက်၊ ငွေထုတ်..၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူကာ ဆိပ်ကမ်းအမှတ် ၅ ထဲကို ဝင်ခဲ့ပါတော့တယ်။ တကယ်တော့ ပထမဆုံး အတွေ့အကြုံဆိုပေမဲ့ ကျုပ်အတွက် ဘာမှ အခက်အခဲ မရှိခဲ့ပါဘူး။ ရုံးမှာ အလုပ်မရှိတိုင်း လက်ခံဖိုင်အဟောင်းတွေ ဖတ်ခဲ့ မှတ်ခဲ့ တဲ့ အကျိုးကျေးဇူးပေါ့ဗျာ။ လုပ်ငန်းသဘောအရ အကောက်ခွန် နဲ့ ဆိပ်ကမ်းပိုင်း ဆိုင်ရာ ကိစ္စရပ်တွေဟာ အစီအစဉ်အလိုက် တစ်ခုပြီးမှတစ်ခု လုပ်ရတာပါ(ပိုက်ဆံပေးလဒ်ထိုးပြီး ကျော်ခွ လုပ်လို့ရတာတွေတော့ ရှိတာပေါ့ဗျာ)။ တောင် ကြီးလို ပုံနေတဲ့ စားအုန်းဆီပီပါတွေကို ဆိပ်ကမ်းက ကရိန်း လို့ခေါ်တဲ့ ဝန်ချီစက် ၊ Fork-Lift စတဲ့ စက်တွေ နဲ့အတူ ဆိပ်ကမ်းအလုပ်သမားတွေရဲ့ အကူအညီနဲ့ ကားကြီးတွေပေါ် တင်ကာထုတ်လိုက်တာ ၅ ရက်မြောက်နေ့မှာ ပြီးပြတ်သွားတာပေါ့ဗျာ။ ကျုပ် ဘေးက ကိုမောင်လေးက သုံးပုံတစ်ပုံလောက် ကျန်သေးတော့ ရုံးမပြန်ပဲ သူ့ကိုကူလုပ်ပေးရတာပေါ့။ အဲဒီနေ့ညနေမှာပဲ ကိုမောင်လေးက “အညာသား.. အလုပ်ပြီးသွားပြီဆိုတော့ ဒီည “ရွှေဘဲ” မှာ ဘီယာတိုက်ကွာ”လို့ ဆိုပါတယ်။ ကျုပ်ကလည်း “အညာသားက သွေးမနည်းပါဘူး…၊ ဒါပေမဲ့ ပိုက်ဆံမရှိဘူး..ဗျ”လို့ ပြောလိုက်ပါတယ်။ သူကလည်း“ဒီအတွက်တော့ မပူနဲ့..၊ မင့် အသုံးစရိတ် စာရင်း ကို ငါ ရေးပေးမယ်”လို့ ဆက်ပြန်ပါတယ်။ ဒီလိုနဲ့ အလုပ်က စီနီယာ ရန်ကုန်သားလူလယ်တွေ ကို ဘီယာ တိုက်လိုက်ရပါတယ်။ နောက်နေ့မနက် ရုံး ရောက်တော့ ကိုမောင်လေး ရေးပေးတဲ့ ကုန်ကျစရိတ် ရှင်းတမ်းကို ကျုပ်လက်ရေးနဲ့ ပြန်ကူးပြီး ခတ်ကြောက်ကြောက်နဲ့ လက်ထောက်မန်နေဂျာ ဆီ လက်ခံဖိုင်နဲ့တကွ တင်လိုက်တော့.. OK လို့ ဆိုပါတယ်။ ညက ဘီယာဖိုးတွေ ကျေတဲ့အပြင် ကျုပ် အိပ်ထဲကို ငွေကျပ်တစ်ထောင်လောက် အပိုရောက်လာခဲ့ပါတယ် (ပညာတွေလည်း ရလိုက်တာပေါ့)။ ဒါတင်ဘယ်ကမလဲ.. “ အညာသားက တစ်ယောက်တည်း လုပ်နိုင် ကိုင်နိုင်တယ်..၊ စိတ်ချလက်ချ ခိုင်းလို့ ရပြီ” ဆိုတဲ့ ကိုမောင်လေး ရဲ့ ထောက်ခံချက်နဲ့ ကျုပ်လည်း စီနီယာများနည်းတူ တစ်လကို ၁၅၀၀ိ/ ရတဲ့ အမြဲတမ်းကုမ္ပဏီဝန်ထမ်း တစ်ယောက် ဖြစ်လို့ လာခဲ့ပါတော့တယ်။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 6:32 PM 0 comments
Wednesday, November 26, 2008
ကျုပ်ဘဝတစေ့တစောင်း(၁၉)
အလုပ် ရပြီဆိုတော့ အဆောင်ပြောင်း နေရတာပေါ့ဗျာ။ ၆ မိုင်ခွဲ၊ “ရွှေကြယ်” လက်ဘက်ရည်ဆိုင် အနီး ဓမ္မာရုံ လမ်းထဲက အဆောင်ပေါ့။ အပေါ်မှာ ပိုင်ရှင် မိသားစု နေကြပြီး အောက်ထပ်မှာ အဆောင်ထားတဲ့ သဘောပါ။ အလုပ်သင်ကာလမှာ ကျုပ် ရတဲ့လခက တစ်ပတ်ကိုတစ်ရာ နဲ့ တစ်လကို လေးရာ ရတဲ့အချိန်မှာ အဆောင်လခက ၃၅၀ိ/ ပေးရတော့ လကုန်ပြီဆိုရင် ကျုပ်ညီဆီ လက်ဝါးဖြန့်ရပါသေးတယ်။ ဒါတောင်မှ ကျုပ်က အဲဒီရက်တွေမှာ များသောအားဖြင့် တစ်ရက်ကို ထမင်းတစ်နပ်ပဲ စားခဲ့ရတာပါ။ မယုံရင်တော့လည်း ပုံပြင်လို့ပဲ သဘောထားလိုက်ပေါ့ဗျာ။
အလုပ်က မနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိ ရုံးချိန်။ ပစ္စည်းတွေ ထုတ်/သွင်း လုပ်ပေးရတဲ့ ဝန်ဆောင်မှုလုပ်ငန်း ဆိုတော့ ရုံးလုပ်ငန်း နဲ့ အပြင်ထွက်အောက်ဒိုး အပိုင်း ၂ ခု ရှိပါတယ်။ လုပ်ငန်းသဘောအရ မိန်းခလေးတွေက ရုံး၊ ယောက်ျားလေးတွေက အပြင်ပိုင်းပေါ့။ အပြင်အောက်ဒိုးက ခွင် ရှိတယ်လေဗျာ(နောက်ပိုင်းမှ သိလာတာပါ)။ MD နဲ့ GM ရှိပေမယ့် တစ်ရုံးလုံးကို မန်နေဂျာ နဲု့သူ့မိသားစု အသိုင်းအဝိုင်းကပဲ ကြီးစိုးထားတာပါ။ ကျုပ် ပထမဆုံး အလုပ် စ ဝင်တဲ့နေ့မှာပဲ နေ့လည်ပိုင်းမှာ မဝါ ဆိုတဲ့ ရန်ကုန်သူ ခတ်ချောချောလေးတစ်ယောက် ရောက်လာပါတယ်။ ကျုပ်ကို အရေးမလုပ်ကြပေမဲ့ အဲဒီ ရန်ကုန်သူ ကိုတော့ ပညာသင်ပေးချင်တဲ့ ငနဲတွေ ဝိုင်းနေကြတာပဲဗျ။ ဒီငနဲတွေ အပြင်ထွက်ရင် ကျုပ်ကို နောက်လိုက်အဖြစ် ခေါ်သွားပြီး On job training ပေးရမှာက သူတို့တာဝန်။ GM နဲ့ မန်နေဂျာ ကလည်း ဒီလို လုပ်ပေးဖို့ သူတို့ကို အော်ဒါ ပေးပြီးသား။ ဒါပေမဲ့ ငတိတွေက ကျုပ်ကို အပြင် လုံးဝ မခေါ်ကြဘူး။ ဘာမှလည်း သင်မပေးကြဘူး။
ကျုပ်ကလည်း “မင်းတို့ သင်မပေးချင်လည်း ကိုယ့်ဖာသာကို လေ့လာမယ်” ဆိုပြီး ဖိုင် (case) အဟောင်းတွေကို အချိန်ပြည့် လေ့လာပါတယ်။ အလုပ် ပါးလို့ အင်္ဂလိပ် လက်နှိပ်စက် အားနေရင်လည်း ကျုပ်က တဗြောင်းဗြောင်း ရိုက်နေတာပေါ့။ သုံးလလောက် အငတ်ငတ်အပြတ်ပြတ် နေလိုက်ရပါတယ်။ တခါတလေ နေ့လည်ပိုင်းထမင်းစားချိန်မှာ သိပ်ပြီး ဗိုက်ဆာလွန်းလို့ မနေနိုင်ရင် ကျုပ်သူငယ်ချင်းရှိရာ သိမ်ကြီးဈေးက နံမည်ကျော် “ကမ္ဘာစိုး”အားကစားဘောင်းဘီ အရောင်းဆိုင်ကို ဘတ်(စ်)ကား စီးပြီး သွားရတာပေါ့။ သူက ကျုပ်နဲ့ ၈ တန်းအထိ ရွာမှာ အတူနေခဲ့ပြီး ၁၀ တန်း ကို ယင်းမာပင် အ.ထ.က ကအောင်… ရန်ကုန်တက်… ရွာအဆက်ရန်ကုန်ကဘုန်းတော်ကြီးကျောင်းမှာ နေ… ဘုန်းကြီးရဲ့ကောင်းမှုနဲ့ “ကမ္ဘာစိုး”မှာ အရောင်းစာရေး လုပ်နေတာ လေးငါးနှစ်လောက်တောင် ရှိနေပါပြီ (အခုတော့ မလေးရှားမှာ အလုပ် လုပ်နေပါတယ်)။ သူ့ဆီ ရောက်ရင်တော့ သိမ်ကြီးဈေးရုံဘေးက လမ်းဘေးဆိုင်မှာ ဆီချက်တစ်ပွဲ နဲ့ လက်ဘက်ရည်တစ်ခွက်ကတော့ ကျိန်းသေပေါက် ဝါးရပါတယ်။ တခါတရံမှ ပေါ်လာတတ်တဲ့ ကျုပ်ကို သူ့လုပ်အားခလေးထဲက မျှပြီး ဧည့်ခံခဲ့တာပါ (ကျေးဇူးပါ သူငယ်ချင်းရယ်)။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 11:03 PM 0 comments
Tuesday, November 25, 2008
ကျုပ်ဘဝတစေ့တစောင်း(၁၈)
ရန်ကုန်ရောက်တော့ ကျုပ် မျှော်လင့်ထားတဲ့ ကြိုဆိုမှုမျိုးနဲ့ ရင်ဆိုင်ရတာမို့ ဝမ်းနည်းယုံကလွဲလို့ မတုန်လှုပ်ခဲ့ပါဘူး။ ညပိုင်း လူစုံတဲ့အချိန်မှာ အားလုံးကို “ ကျုပ်ကတော့ ဒီကို အလုပ် လုပ်ဖို့လာတာပါ..အလုပ် မရခင်စပ်ကြား ဒီအိမ်မှာ နေပါရစေ..၊ အလုပ် ရတဲ့နေ့ကစပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေပါ့မယ်..၊ လက်မခံနိုင်ဘူးဆိုရင်.. ဒီည မှီရာရထားနဲ့ ပြန်မယ်” လို့ တည့်တည့်ပဲ ပြောလိုက်ပါတယ်။ အဲဒီအချိန်က သူတို့နှစ်ထပ်အိမ်ကလေးကို ပြင်ဆောက်နေတာဆိုတော့ အဒေါ်ရဲ့ အမျိုးသားက..“ အိမ်ပြင်တာကို ကြီးကြပ်ပြီး ဝိုင်းလုပ်ကွာ..၊ အဲဒါပြီးတာနဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ် သွင်းပေးမယ်လို့” ဆိုပါတယ်။ သူကတော့ သဘောကောင်းပြီး လူတစ်ဖက်သားကို ကူညီိလိုစိတ်ရှိတဲ့ လူတော်တစ်ယောက်ပါ။ စိတ်တိုတတ်တာ နဲ့ ကြွားတတ်တာ လေးက လွဲရင်ပေါ့လေ။
ရွာမှာ ၈ တန်းကျောင်သားဘဝကတည်းက နွေရာသီကျောင်းပိတ်ရက်တိုင်း ကျောင်းစရိတ် ရအောင် လက်သမားနောက်လိုက် လုပ်ခဲ့တဲ့ ကျုပ်ရဲ့ ပညာအစွမ်းတွေ ဒီမှာ ပြသခွင့် ရခဲ့တာပေါ့။ ကျုပ်က လက်သမားပညာမှာ တစ်ယောက်တည်း တံခါးပေါက် ချင့်ပြီး တပ်နိုင်တဲ့ အဆင့် ဆိုတော့ လက်ထောက်ဆရာနီးပါး ရှိတယ်..ဗျ(ဘာမှမလုပ်တတ်တဲ့ ကျုပ်ကို နောက်လိုက်အဖြစ် လက်ခံပညာသင်ပေးခဲ့တဲ့ လက်သမားဆရာ ဦးတက် နဲ့ ကိုသန်းဝင်း၊ သူက ကျောင်းပိတ်ရက်လေးမှာ ကျောင်းစရိတ် ရအောင် လိုက်ပြီး အလုပ် လုပ်တာဖြစ်တဲ့အတွက် ဘာမှမတတ်ပေမဲ့ နေ့တွက်စရိတ်ကို သူတို့နဲ့ တန်းတူ ပေးဖို့ တောင်းဆိုပေးခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဖက်များကို အမြဲသတိယ ကျေးဇူးတင်လျှက်ပါ)။ ဆိုတော့…ကျုပ်က ဦးဆောင်ပြီး အိမ်ပြင်လိုက်တာ တစ်လလောက်နဲ့ ပြီးသွားပါတယ်။ အဲဒီ ရပ်ကွက်က လက်သမားဆရာ ဆိုရင် ကျုပ်ကို အသေကြောက်ပေါ့ဗျာ။ ပြောပြန်ရင်လည်း အောင်မင်း လွန်ရာ ကျလိမ့်မယ်။ သူတို့က လက်သမားပညာ တကယ် မတတ်ဘူးဗျ။ တတ်လို့ မဟုတ်ဘူး..ငတ်လို့ လုပ်စားနေကြတာာ လို့ ဆိုပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေက အလွယ်တကူ ဝယ်လို့ရတာလည်း ပါမှာပေါ့ဗျာ။ ဥပမာ.. ကျည်းဘောင် (တံခါးဘောင်)ဆိုရင် အဆင်သင့် ခွေပြီးသား..ကိုယ် ကြိုက်တဲ့ဆိုဒ်ကို ရွေးယုံပါပဲ (မရှိရင်လည်း အော်ဒါ မှာရတာပေါ့)။ တံခါးရွက်တို့၊ လျှာထိုး တို့ကလည်း အတူတူပါပဲ။ ကျုပ်တို့တောက လက်သမားတွေက စောစောက ပြောခဲ့တဲ့ ကျည်းဘောင်၊တံခါးရွက်၊ လျှာထိုး စတာတွေကို ကိုယ်တိုင် အစအဆုံး လုပ်ရတာပါ။ ဒီတော့ အောက်သက် ကျေတယ်လို့ ဆိုနိုင်တာပေါ့။
အိမ်ပြင်တာ ပြီးသွားပြီဆိုတော့ အလုပ်ရှာပေးဖို့ ကျုပ်အဒေါ်ရဲ့ယောက်ျားကို နပူနစာ လုပ်တာပေါ့ဗျာ..၊ သူကလည်း သူတို့နဲ့အတူနေတဲ့ ကျုပ်ညီကို အလုပ် သွင်းပေးထားတာ မကြာသေးတော့ ခဏစောင့်ပါလို့ ပြောပါတယ်။ ဒီလိုနဲ့ နောက် တစ်လလောက်အကြာ သူ့ရဲ့ကျေးဇူးနဲ့ပဲ ဘိုကလေးဈေးလမ်းက အထွေထွေဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ တစ်ပတ်ကို ကျပ်တစ်ရာ ရတဲ့ အလုပ်သင်ဝန်ထမ်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်(ကျေးဇူးကမ္ဘာပါ ဦးကျော်)။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 2:54 PM 0 comments
Sunday, November 23, 2008
ကျုပ်ဘဝတစေ့တစောင်း(၁၇)
မိုးကုတ်က အရှုံးနဲ့ပြန်လာတဲ့ကျုပ်က အဒေါ်မိသားစုရှိရာ ရန်ကုန်ဘက်ကို ခရီးဆက်ပါတယ်။ သူတို့ မိသားစုမှာ အဒေါ်လင်မယားရယ်၊ သူတို့သမီး ၂ ယောက်(မူကြို ပဲ ရှိကြပါသေးတယ်) နဲ့ ကျုပ်အဖွားရယ်ဆိုတော့ စုစုပေါင်း ၄ ယောက်ပေါ့ဗျာ။ ကျုပ်အဒေါ်က အလယ်တန်းပြ ကျောင်းဆရာမ၊ သူ့အမျိုးသားက နယ်တကာလှည့် တာဝန်ထမ်းဆောင်ရတဲ့ဌာနတစ်ခုက အရာရှိပေါက်စ။ အဲ…ကျုပ်အောက်က တစ်ယောက်ခြား ညီတစ်ကောင် ကျန်သေးတယ်ဗျ။ သူတို့ ရန်ကုန် ပြောင်းခါစ..အဒေါ်က မနက်မိုးလင်းရင် ကျောင်းသွား..၊ သူ့အမျိုးသားက နယ်ထွက် ဆိုတော့ အိမ်မှာက အဖွား နဲ့ ခလေး ၂ ယောက်ပဲ ကျန်တယ်လေ။ ဒီတော့ ရန်ကုန်မှာက မီးရေး ထင်းရေးနဲ့ မလွယ်ဘူး…အမျိုးထဲက ယောက်ျားလေး တစ်ယောက်ကို ခေါ်ပါ… ဆိုတော့ ကျုပ်တို့ညီအစ်ကိုတွေ ကံစမ်းမဲ ပေါက်တာပေါ့ဗျာ(မောင်နှမဝမ်းကွဲတွေက မိန်းခလေးတွေ များပါတယ်၊ ယောက်ျားလေးတွေကလည်း မူကြို ပဲ ရှိပါသေးတယ်)။ အဲဒီအထဲကမှ ၁၀ တန်း တက်နေတဲ့ စောစောက ကျုပ်ညီကို ကျောင်းထားပေးမယ် ဆိုပြီး ဖုတ်ပူမီးတိုက် ခေါ်လိုက်တာပါ။ စေတနာ ကလည်း ကျပ်ပြည့် မဟုတ်ရင်တောင် ငါးမူး တစ်မတ် လောက်တော့ ပါ ပါလိမ့်မယ်။ ကာယကံရှင်တွေ အသိဆုံး ဖြစ်မှာပေါ့ဗျာ။
အမ(အမေ)ကတော့ သူ့မောင်တွေနဲ့ တစ်ဦးတည်းသော သူ့ညီမကို တော်တော်အားကိုး မျှော်လင့်ခဲ့ပါတယ်။ ကြုံကြိုက်တုန်း ကျုပ်အမေ အကြောင်းလေး ဖောက်သည်ချလိုက်ပါအုံးမယ်။ ကျုပ်အမေက မွေးချင်း ၅ ယောက် မှာ အကြီးဆုံးပါ။ တောဓလေ့အတိုင်း “အစ်မကြီးတော့ အမိရာ”ဆိုပြီး စာဖတ်တတ်ယုံပဲ ကျောင်းနေခဲ့ရပါတယ်။ ၁၆ နှစ်လောက် နဲ့ အိမ်ထောင်ကျတော့ ရွာမှာပဲ သောင်တင်ကျန်ခဲ့တာပေါ့။ အဘ(အမေရဲ့အဖေ) က ဟိုခေတ်က ပျူစောထီး… နောက်ပိုင်း အသွင်ပြောင်းတော့ “ပြည်သူ့ရဲ”ဝန်ထမ်းဖြစ်ပြီး မြို့၊ နယ် တကာ လှည့်ကာ တာဝန်ထမ်းဆောင်ရပါတယ်။ အကျိုးဆက်ကတော့ ကျုပ်ဦးလေးတွေဖြစ်တဲ့ အမေ့မောင် ၃ ယောက်က ဘွဲ့ရပညာတတ် အရာရှိပေါက်စ တွေ ဖြစ်ကြ… အငယ်ဆုံးညီမက ကျောင်းဆရာမ ဖြစ်တာပေါ့။ အဲဒီ မောင်ညီမတွေ ကျောင်းနေစဉ်ကာလ တစ်လျှောက်လုံးမှာ စီးပွားရေးအဆင်ပြေတဲ့ ကျုပ်အမေက သူတို့လိုတာမှန်သမျှ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက်လည်း ကျုပ်အမေက သူ မွဲပြာကျလို့ဒုက္ခရောက်တဲ့အချိန်မှာ ကျုပ်တို့သားသမီးတွေအတွက် သူ့မောင်တွေဆီက တုန့်ပြန်မှု တစ်စုံတစ်ခုကို မျှော်လင့်ခဲ့ဟန်တူပါတယ်။ အနည်းဆုံး ကျုပ်တို့ညီအစ်ကိုတွေကို သူတို့လိုဘွဲ့ရအလုပ်ကိုယ်စီ နဲ့ ဖြစ်အောင်အထိ ခွဲဝေကူညီပံ့ပိုး ပေးဖို့ပါ။ ဒါပေမဲ့ သူ့မောင်တွေက တုတ်တုတ်မျှမလှုပ်ကြ။ သမီးတွေပဲမွေးထားတဲ့ ဦးလေးအကြီးဆုံးကတော့ ၁၀ တန်း အောင်တဲ့ကောင် သူ့ဆီ လွှတ်လိုက်… အလုပ်ရှာပေးမယ် လို့ ဆိုပါတယ်။ တကယ်တော့ ကျုပ်တို့မိသားစု(အမေ)ဟာ သီးခြားဖြစ်နေပြီး ကျန်တဲ့မောင်နှမ ၄ ယောက်က မိသားစုတစ်ခု ဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း ကျုပ်တို့ နဲ့ ကျန်တဲ့ ဝမ်းကွဲညီအစ်ကိုမောင်နှမတွေ ယှဉ်လိုက်ရင် ကျုပ်အဖွား နဲ့ ကျုပ်အဒေါ် က ကျုပ်တို့မောင်နှမတတွေကို ဇီးရိုး(သုံည) အဆင့်မှာပဲ ထားခဲ့ပါတယ်။ ထားနေဆဲပါ။
ဒီလိုအမြင်ရှိတဲ့ ကျုပ်အဒေါ်ရှိရာ ရန်ကုန်မြို့တော်ဆီကို မိသားစုဘဝတက်လမ်း ခရီးတစ်ထောက် နားဖို့အတွက် ကျုပ်ရဲ့မာန်မာနတရားတွေကို ခဝါချလို့ ရောက်ရှိလာခဲ့ပါတော့တယ်။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 6:52 PM 0 comments
Friday, November 21, 2008
ကျုပ်ဘဝတစေ့တစောင်း(၁၆)
တခါကပေါ့ဗျာ… ကျုပ် နဲ့ တွင်းဆရာ တွင်းကလှိုင်ခေါင်းထဲ ဘက်ထရီမီးလေးနဲ့ ဗြုန်း ပေါက်နေတုန်း ကျုပ် မျက်စိထဲ လှိုင်ခေါင်းကြီးက ပတ်ခြာလည်နေပါရော…။ ဒါနဲ့ တွင်းဆရာကို “တွင်းဆရာ.. ငလျင် လှုပ်နေတယ် ထင်တယ်..၊ ကျုပ် ခေါင်းတော့ ပတ်ခြာလည်နေပြီ..”လို့ ပြောလိုက်ပါတယ်။ တွင်းဆရာက “အခုချက်ချင်း အပြင်ထွက်”ဆိုပြီး ကျုပ်ကို ရှေ့အတင်းတွန်းထိုးလိုက်ပြီး သူကလည်း နောက်က ထပ်ကြပ်မကွာ လိုက်လာပါတယ်။ တွင်းဝ ရောက်တာနဲ့ “တက်” ဆိုတဲ့ အမိန့်ပေးသံကြောင့် ဘုမသိ ဘမသိ တက်ရပြန်ပါတယ်။ တွင်းရဲ့အလယ်လောက် အရောက်မှာ “ရပ်” ဆိုလို့ ရပ် ရပြန်ပါတယ်။ တစ်ခါ “ဆက်တက်”လို့ အော်ပြန်တော့ ကျုပ်လည်း အပေါ်ကို ဘယ်လို ရောက်လာမှန်းတောင် မသိလိုက်ပါဘူး။ အပေါ်ကလူတွေကလည်း အကြောင်းမကြား ဘာမကြား တွေ့လိုက်ရတော့ ကြောင် လို့ နေကြပါတယ်။ အဲ…တွင်းဆရာလည်း ရောက်လာရော.. အပေါ်ကလူတွေကို ငါ ကိုင် တုတ်ပါတော့တယ်။ တွင်းဆရာ ဆိုတော့ ဘယ်သူမှ ပြန်မပြောရဲကြဘူးဗျ။ သူတို့ ပေါ့လျော့တာလည်း ပါမှာပေါ့လေ။ တွင်းဆရာ ရှင်းပြတာက “ကျုပ် ငလျင် လှုပ်တယ်”လို့ ထင်တာဟာ “လေ ပြတ်သွားတာ”လို့ ဆိုပါတယ်။ အလယ်လောက်မှာ ရပ် ခိုင်းတာကတော့.. လေမရှိတဲ့ အောက်နဲ့ လေရှိတဲ့ အပေါ်ပိုင်း စပ်ကူးမတ်ကူးကာလမှာ ရုတ်တရက် ခေါင်းမူးပြီး ပြုတ်ကျတတ်လို့ ပါတဲ့ခင်မျာ။ ဒီလိုဖြစ်တာဟာ သူ့လို အတွေ့အကြုံ ရင့်ကျက်တဲ့ တွင်းဆရာတစ်ယောက်အနေနဲ့ ဘာမှမဖြစ်ပေမဲ့ ကျုပ်လို အခုမှ တွင်းဆင်းဘူးတဲ့ လူသစ်တစ်ယောက်အတွက်တော့ နတ်ပြည် ရောက်သွားနိုင်တယ်ဆိုပဲ။ ကျုပ်ကတော့ တော်တော်လေး ကြောက်လန့်သွားတာပေါ့ဗျာ။
ကျောက်တူး တယ်ဆိုတာ ဒါက အစပဲ ရှိပါသေးတယ်။ စောစောက အောက်မှာတူးလို့ ရတဲ့ ဗြုန်း တွေကို အပေါ်ရောက်အောင် တောမှာ ရေငင်သလို စက်တီးနဲ့ ဆွဲတင်…သစ်သားခွက်ကြီးထဲကို ထည့်ပြီး ရေနဲ့ဆေးရပါတယ်။ ဒါကိုပဲ“ ဗြုန်းဆေး” တယ်လို့ ခေါ်ကြပါတယ်။ ကျောက်တူးသမားတွေရဲ့ အပင်ပန်းဆုံးအချိန် နဲ့ စိတ်ကူးယဉ်လို့ အကောင်းဆုံးကာလတွေပေါ့။ အားလုံးရဲ့မျက်လုံးတွေက ဗြုန်းဆေးခွက်ကြီးကို ပြူးနေအောင် ကြည့်နေကြရတာ။ သိန်း ထောင်ချီတန်တဲ့ ပတ္တမြားကြီး များ ထွက်လာမှာလား…ဒါမှမဟုတ်.. ရာချီတန်တဲ့ နီလာ တွေများ တွေ့တော့မှာလား…ရင်တမမနဲ့ပေါ့။ ဒီလိုနဲ့ သုံးလခွဲအကြာ တွင်း သာ ပြီးသွားပါတယ်.၊ ထမင်းစားကျောက်ကလွဲလို့ ဘာမှမရ။ ကျုပ်တို့ တွင်းသားတွေက လုပ်အား ရှုံးသလို၊ ပေါလန် ကတော့ ငွေစု ပါ ရှုံးတာပေါ့ဗျာ။
ကျုပ်ကတော့ “ဇွဲ” မရှိတဲ့ ယောက်ျားလို့ပဲ ပြောပြော..၊ “ခတ်ညံ့ညံ့ အလကားကောင်” လို့ပဲ ထင်ထင်..၊ “လူပျင်း”လို့ပဲ ဆိုဆို… ဒီတွင်း တစ်တွင်းနဲ့ပဲ တပ်ခေါက်ပြန်ဖို့ စဉ်းစားခဲ့ပါတယ်။ ဟုတ်တယ်လေ… ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါ။ အသက်နဲ့ရင်းပြီး ဘယ်ဝယ်ဘယ်ဆီမှန်းမသိတဲ့ “အဖိုးတန်ကျောက်”ဆိုတဲ့အရာကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာဖွေနေကြရတာ။ ကျုပ်အထင် အင်မတန် ကံကောင်းမှ လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ဒီအဖိုးတန်ကျောက်ကို ရကြတာပါ။ ဒီကြားထဲ တွင်းပိ လို့..၊ တွင်းထဲ ပြုတ်ကျလို့ ဆိုတဲ့ အသံတွေက နေ့တိုင်းလိုလို..။ ဆိုတော့.. ဒီအလုပ်ဟာ ဥာဏ်ပညာ နဲ့ မဆိုင်သလို.. အသက်အန္တရာယ် နဲ့လည်း အလွန်နီးစပ်တာမို့ မိုးကုတ်ကျောက်တူးသမားလေးဘဝကို ကျောခိုင်းစွန့်ခွာဖို့ ဆုံဖြတ်လိုက်ပါတော့တယ်။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 7:00 PM 0 comments
Thursday, November 20, 2008
ကျုပ်ဘဝတစေ့တစောင်း(၁၅)
ကျုပ် တာဝန်ကျရာ တစ်ရွာလုံးက “ဆရာလေး… ဆရာလေး…” ဆိုတဲ့ မျက်ရည်စက်နဲ့ နှုတ်ဆက်သံတွေကို ရင့်နင့်စွာ ကျောခိုင်းလို့ ထွက်ခဲ့ပါပြီ။ ဘယ်ဆီ..ဘယ်ဝယ် မြန်းရမလဲ… ဆိုတာကိုတော့ ကျုပ်ကိုယ်တိုင် ရေရေရာရာ မသိ။ ကျုပ်ခေါင်းထဲမှာ ရှိတာကတော့.. “လက်လုပ်လက်စား မိသားစုဘဝ”ကနေ ရုန်းထွက်နိုင်ဖို့အတွက် သားအကြီးဆုံးဖြစ်တဲ့ ကျုပ်က ရှေ့ဆောင်လမ်းပြ ကြိုးစားရုန်းကန် ရမယ် ဆိုတာပါပဲ။ အောက်ကျ နောက်ကျ နိုင်လှတဲ့ မိသားစုဘဝကို ကျုပ်လက်ထက်မှာ “ပြောင်းပြန်လှန်ပစ်မယ်” ဆိုတဲ့ ခံယူချက် ယုံကြည်ချက် အပြည့်နဲ့ပေါ့။ ဒါကြောင့်လည်း “ဖြစ်သမျှအကြောင်း အကောင်းပဲ”ဆိုပြီး စကားနည်း၊ အေးဆေးတည်ငြိမ်၊ ရောင့်ရဲတင်းတိမ်စွာ နေတတ်တဲ့ ကျုပ်ရဲ့ Type B ပုံစံကို အရာရာကို တွန်းတွန်းတိုက်တိုက် လုပ်တတ်တဲ့ Type A အဖြစ် Change လိုက်ပါတယ်။ ကျုပ်ဆရာ ဦးကြည်လှိုင် ရဲ့ “ရိုးသားစွာဖြင့် ဘဝကို မြှင့်တင်ရမယ်”ဆိုတဲ့ ဆောင်ပုဒ်ကို ရင်မှာဆွဲကိုင်ကာ..နေ့စဉ်နေ့တိုင်း ပညာ နဲ့ ငွေ နှစ်ခုလုံး ရရင်..ရ၊ မရရင်… တစ်ခုမဟုတ် တစ်ခု ရ ကို ရ..ရမယ် လို့ self-determined လုပ်ခဲ့ပါတယ်။
ပထမဆုံး စဉ်းစားမိတာကတော့ ငွေ အရင်းအနှီး မလိုတဲ့ ဖားကန့် နဲ့ မိုးကုတ် ကို ကျောက်တူးသွားဖို့ပါပဲ။ မန္တလေး ကျုံးဘေးက ရေပေါ်စင်တင်တေးဂီတမှာ ကြားခဲ့ရတဲ့ “သာမန်ကျောက်တူးသမားလေးဘဝ ကနေ လောပန်း” ဖြစ်လာနိုင်တဲ့အကြောင်း ရေးစပ်သီဆိုထားတဲ့ အောင်ဆန်း ရဲ့ “လောပန်းလောင်းလေး” သီချင်းကလည်း ခေါင်းထဲက မထွက်တာလည်း ပါတာပေါ့ဗျာ (တကယ် လောပန်း ဖြစ်ခဲ့တဲ့သူတွေ ရှိခဲ့ပါတယ်)။ ဖားကန့်က ငှက်ဖျား ထူတယ်ဆိုတာနဲ့ မိုးကုတ်ကို ထွက်ခဲ့ပါတယ်။ အသက်ကို ဥာဏ်စောင့်တယ်လို့ ဆိုရိုးစကား ရှိတယ်မဟုတ်ပါလား။
မိုးကုတ် ရောက်တော့ ပိတ်စွယ်က ညောင်ပင်ဈေးရဲ့ နှစ်ထပ်ဆိုင်ခန်းအတန်းက အပေါ်အခန်းတခုမှာ နေရပါတယ်။ ကျုပ်မိတ်ဆွေ လူပျိုကြီးရဲ့အခန်းပေါ့ဗျာ။ သူက “ပေါလန်” ဆိုတော့ နောက်ပိုင်းမှာ တွင်းဆရာ နဲ့ အချို့တွင်းသားတွေရော အတူတူလာနေကြပါတယ်။ မနက် မိုးလင်းတာနဲ့ မန္တလေး-မိုးကုတ်-မိုးမိတ် ကားလမ်းပေါ်က “စိတ်ကြိုက်” လက်ဘက်ရည်ဆိုင်မှာ ကောင်တာထိုင်တဲ့ ပိုင်ရှင် ညီအစ်မ ၂ ယောက်ကို ငေးကာငန်းကာ ခွဲတမ်းကျ တစ်ခု၊တစ်ခွက်၊တစ်လိပ် ကို သုံးဆောင်ပြီးသကာလ “တွင်း”ရှိရာ အုန်းပင် ဘက်ကို ချီတက်ရပါတယ်။ “ တွင်းဆင်းတယ်” ဆိုတာ နေပူမရှောင် မိုးရွာမရှောင် တကယ် အလုပ်..လုပ်ရတာပါ။ မြေကြီးကို အတောင် ၂၀ အောက်အထိ ရောက်အောင် တူးကြ..၊ ဗြုန်းတွေ့ရင်..ဗြုန်းကောင်းတဲ့ဘက်ကို လိုက်ပြီး တူးရတာဟာ.. လှိုင်ခေါင်းကြီးတွေဖြစ်တဲ့အထိပါ။ အလွယ်တကူ ပြို မကျအောင်တော့ သစ်သားဒေါက်တိုင်တွေနဲ့ ခံထားရတာပေါ့ဗျာ။ အောက်ကလူတွေ“လေ” မပြတ်ရအောင်လည်း အပေါ်ကနေပြီး “ဖားဖို” (တခါတလေ သစ်ရွက်စိမ်းကိုင်းတွေ)နဲ့ လေ ပေးရပါတယ်။ အင်း… အပေါ်ကလူတွေ ညစ်လို့ကတော့ အောက်ကလူတွေ တမလွန်ဘဝ ရောက်ဖို့ ကျိန်းသေသလောက် ပါပဲ။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 7:45 PM 0 comments