Thursday, November 20, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၅)

ကျုပ် တာဝန်ကျရာ တစ်ရွာလုံးက “ဆရာလေး… ဆရာလေး…” ဆိုတဲ့ မျက်ရည်စက်နဲ့ နှုတ်ဆက်သံတွေကို ရင့်နင့်စွာ ကျောခိုင်းလို့ ထွက်ခဲ့ပါပြီ။ ဘယ်ဆီ..ဘယ်ဝယ် မြန်းရမလဲ… ဆိုတာကိုတော့ ကျုပ်ကိုယ်တိုင် ရေရေရာရာ မသိ။ ကျုပ်ခေါင်းထဲမှာ ရှိတာကတော့.. “လက်လုပ်လက်စား မိသားစုဘဝ”ကနေ ရုန်းထွက်နိုင်ဖို့အတွက် သားအကြီးဆုံးဖြစ်တဲ့ ကျုပ်က ရှေ့ဆောင်လမ်းပြ ကြိုးစားရုန်းကန် ရမယ် ဆိုတာပါပဲ။ အောက်ကျ နောက်ကျ နိုင်လှတဲ့ မိသားစုဘဝကို ကျုပ်လက်ထက်မှာ “ပြောင်းပြန်လှန်ပစ်မယ်” ဆိုတဲ့ ခံယူချက် ယုံကြည်ချက် အပြည့်နဲ့ပေါ့။ ဒါကြောင့်လည်း “ဖြစ်သမျှအကြောင်း အကောင်းပဲ”ဆိုပြီး စကားနည်း၊ အေးဆေးတည်ငြိမ်၊ ရောင့်ရဲတင်းတိမ်စွာ နေတတ်တဲ့ ကျုပ်ရဲ့ Type B ပုံစံကို အရာရာကို တွန်းတွန်းတိုက်တိုက် လုပ်တတ်တဲ့ Type A အဖြစ် Change လိုက်ပါတယ်။ ကျုပ်ဆရာ ဦးကြည်လှိုင် ရဲ့ “ရိုးသားစွာဖြင့် ဘဝကို မြှင့်တင်ရမယ်”ဆိုတဲ့ ဆောင်ပုဒ်ကို ရင်မှာဆွဲကိုင်ကာ..နေ့စဉ်နေ့တိုင်း ပညာ နဲ့ ငွေ နှစ်ခုလုံး ရရင်..ရ၊ မရရင်… တစ်ခုမဟုတ် တစ်ခု ရ ကို ရ..ရမယ် လို့ self-determined လုပ်ခဲ့ပါတယ်။
ပထမဆုံး စဉ်းစားမိတာကတော့ ငွေ အရင်းအနှီး မလိုတဲ့ ဖားကန့် နဲ့ မိုးကုတ် ကို ကျောက်တူးသွားဖို့ပါပဲ။ မန္တလေး ကျုံးဘေးက ရေပေါ်စင်တင်တေးဂီတမှာ ကြားခဲ့ရတဲ့ “သာမန်ကျောက်တူးသမားလေးဘဝ ကနေ လောပန်း” ဖြစ်လာနိုင်တဲ့အကြောင်း ရေးစပ်သီဆိုထားတဲ့ အောင်ဆန်း ရဲ့ “လောပန်းလောင်းလေး” သီချင်းကလည်း ခေါင်းထဲက မထွက်တာလည်း ပါတာပေါ့ဗျာ (တကယ် လောပန်း ဖြစ်ခဲ့တဲ့သူတွေ ရှိခဲ့ပါတယ်)။ ဖားကန့်က ငှက်ဖျား ထူတယ်ဆိုတာနဲ့ မိုးကုတ်ကို ထွက်ခဲ့ပါတယ်။ အသက်ကို ဥာဏ်စောင့်တယ်လို့ ဆိုရိုးစကား ရှိတယ်မဟုတ်ပါလား။
မိုးကုတ် ရောက်တော့ ပိတ်စွယ်က ညောင်ပင်ဈေးရဲ့ နှစ်ထပ်ဆိုင်ခန်းအတန်းက အပေါ်အခန်းတခုမှာ နေရပါတယ်။ ကျုပ်မိတ်ဆွေ လူပျိုကြီးရဲ့အခန်းပေါ့ဗျာ။ သူက “ပေါလန်” ဆိုတော့ နောက်ပိုင်းမှာ တွင်းဆရာ နဲ့ အချို့တွင်းသားတွေရော အတူတူလာနေကြပါတယ်။ မနက် မိုးလင်းတာနဲ့ မန္တလေး-မိုးကုတ်-မိုးမိတ် ကားလမ်းပေါ်က “စိတ်ကြိုက်” လက်ဘက်ရည်ဆိုင်မှာ ကောင်တာထိုင်တဲ့ ပိုင်ရှင် ညီအစ်မ ၂ ယောက်ကို ငေးကာငန်းကာ ခွဲတမ်းကျ တစ်ခု၊တစ်ခွက်၊တစ်လိပ် ကို သုံးဆောင်ပြီးသကာလ “တွင်း”ရှိရာ အုန်းပင် ဘက်ကို ချီတက်ရပါတယ်။ “ တွင်းဆင်းတယ်” ဆိုတာ နေပူမရှောင် မိုးရွာမရှောင် တကယ် အလုပ်..လုပ်ရတာပါ။ မြေကြီးကို အတောင် ၂၀ အောက်အထိ ရောက်အောင် တူးကြ..၊ ဗြုန်းတွေ့ရင်..ဗြုန်းကောင်းတဲ့ဘက်ကို လိုက်ပြီး တူးရတာဟာ.. လှိုင်ခေါင်းကြီးတွေဖြစ်တဲ့အထိပါ။ အလွယ်တကူ ပြို မကျအောင်တော့ သစ်သားဒေါက်တိုင်တွေနဲ့ ခံထားရတာပေါ့ဗျာ။ အောက်ကလူတွေ“လေ” မပြတ်ရအောင်လည်း အပေါ်ကနေပြီး “ဖားဖို” (တခါတလေ သစ်ရွက်စိမ်းကိုင်းတွေ)နဲ့ လေ ပေးရပါတယ်။ အင်း… အပေါ်ကလူတွေ ညစ်လို့ကတော့ အောက်ကလူတွေ တမလွန်ဘဝ ရောက်ဖို့ ကျိန်းသေသလောက် ပါပဲ။

0 comments: