Friday, November 21, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၆)

တခါကပေါ့ဗျာ… ကျုပ် နဲ့ တွင်းဆရာ တွင်းကလှိုင်ခေါင်းထဲ ဘက်ထရီမီးလေးနဲ့ ဗြုန်း ပေါက်နေတုန်း ကျုပ် မျက်စိထဲ လှိုင်ခေါင်းကြီးက ပတ်ခြာလည်နေပါရော…။ ဒါနဲ့ တွင်းဆရာကို “တွင်းဆရာ.. ငလျင် လှုပ်နေတယ် ထင်တယ်..၊ ကျုပ် ခေါင်းတော့ ပတ်ခြာလည်နေပြီ..”လို့ ပြောလိုက်ပါတယ်။ တွင်းဆရာက “အခုချက်ချင်း အပြင်ထွက်”ဆိုပြီး ကျုပ်ကို ရှေ့အတင်းတွန်းထိုးလိုက်ပြီး သူကလည်း နောက်က ထပ်ကြပ်မကွာ လိုက်လာပါတယ်။ တွင်းဝ ရောက်တာနဲ့ “တက်” ဆိုတဲ့ အမိန့်ပေးသံကြောင့် ဘုမသိ ဘမသိ တက်ရပြန်ပါတယ်။ တွင်းရဲ့အလယ်လောက် အရောက်မှာ “ရပ်” ဆိုလို့ ရပ် ရပြန်ပါတယ်။ တစ်ခါ “ဆက်တက်”လို့ အော်ပြန်တော့ ကျုပ်လည်း အပေါ်ကို ဘယ်လို ရောက်လာမှန်းတောင် မသိလိုက်ပါဘူး။ အပေါ်ကလူတွေကလည်း အကြောင်းမကြား ဘာမကြား တွေ့လိုက်ရတော့ ကြောင် လို့ နေကြပါတယ်။ အဲ…တွင်းဆရာလည်း ရောက်လာရော.. အပေါ်ကလူတွေကို ငါ ကိုင် တုတ်ပါတော့တယ်။ တွင်းဆရာ ဆိုတော့ ဘယ်သူမှ ပြန်မပြောရဲကြဘူးဗျ။ သူတို့ ပေါ့လျော့တာလည်း ပါမှာပေါ့လေ။ တွင်းဆရာ ရှင်းပြတာက “ကျုပ် ငလျင် လှုပ်တယ်”လို့ ထင်တာဟာ “လေ ပြတ်သွားတာ”လို့ ဆိုပါတယ်။ အလယ်လောက်မှာ ရပ် ခိုင်းတာကတော့.. လေမရှိတဲ့ အောက်နဲ့ လေရှိတဲ့ အပေါ်ပိုင်း စပ်ကူးမတ်ကူးကာလမှာ ရုတ်တရက် ခေါင်းမူးပြီး ပြုတ်ကျတတ်လို့ ပါတဲ့ခင်မျာ။ ဒီလိုဖြစ်တာဟာ သူ့လို အတွေ့အကြုံ ရင့်ကျက်တဲ့ တွင်းဆရာတစ်ယောက်အနေနဲ့ ဘာမှမဖြစ်ပေမဲ့ ကျုပ်လို အခုမှ တွင်းဆင်းဘူးတဲ့ လူသစ်တစ်ယောက်အတွက်တော့ နတ်ပြည် ရောက်သွားနိုင်တယ်ဆိုပဲ။ ကျုပ်ကတော့ တော်တော်လေး ကြောက်လန့်သွားတာပေါ့ဗျာ။
ကျောက်တူး တယ်ဆိုတာ ဒါက အစပဲ ရှိပါသေးတယ်။ စောစောက အောက်မှာတူးလို့ ရတဲ့ ဗြုန်း တွေကို အပေါ်ရောက်အောင် တောမှာ ရေငင်သလို စက်တီးနဲ့ ဆွဲတင်…သစ်သားခွက်ကြီးထဲကို ထည့်ပြီး ရေနဲ့ဆေးရပါတယ်။ ဒါကိုပဲ“ ဗြုန်းဆေး” တယ်လို့ ခေါ်ကြပါတယ်။ ကျောက်တူးသမားတွေရဲ့ အပင်ပန်းဆုံးအချိန် နဲ့ စိတ်ကူးယဉ်လို့ အကောင်းဆုံးကာလတွေပေါ့။ အားလုံးရဲ့မျက်လုံးတွေက ဗြုန်းဆေးခွက်ကြီးကို ပြူးနေအောင် ကြည့်နေကြရတာ။ သိန်း ထောင်ချီတန်တဲ့ ပတ္တမြားကြီး များ ထွက်လာမှာလား…ဒါမှမဟုတ်.. ရာချီတန်တဲ့ နီလာ တွေများ တွေ့တော့မှာလား…ရင်တမမနဲ့ပေါ့။ ဒီလိုနဲ့ သုံးလခွဲအကြာ တွင်း သာ ပြီးသွားပါတယ်.၊ ထမင်းစားကျောက်ကလွဲလို့ ဘာမှမရ။ ကျုပ်တို့ တွင်းသားတွေက လုပ်အား ရှုံးသလို၊ ပေါလန် ကတော့ ငွေစု ပါ ရှုံးတာပေါ့ဗျာ။
ကျုပ်ကတော့ “ဇွဲ” မရှိတဲ့ ယောက်ျားလို့ပဲ ပြောပြော..၊ “ခတ်ညံ့ညံ့ အလကားကောင်” လို့ပဲ ထင်ထင်..၊ “လူပျင်း”လို့ပဲ ဆိုဆို… ဒီတွင်း တစ်တွင်းနဲ့ပဲ တပ်ခေါက်ပြန်ဖို့ စဉ်းစားခဲ့ပါတယ်။ ဟုတ်တယ်လေ… ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါ။ အသက်နဲ့ရင်းပြီး ဘယ်ဝယ်ဘယ်ဆီမှန်းမသိတဲ့ “အဖိုးတန်ကျောက်”ဆိုတဲ့အရာကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာဖွေနေကြရတာ။ ကျုပ်အထင် အင်မတန် ကံကောင်းမှ လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ဒီအဖိုးတန်ကျောက်ကို ရကြတာပါ။ ဒီကြားထဲ တွင်းပိ လို့..၊ တွင်းထဲ ပြုတ်ကျလို့ ဆိုတဲ့ အသံတွေက နေ့တိုင်းလိုလို..။ ဆိုတော့.. ဒီအလုပ်ဟာ ဥာဏ်ပညာ နဲ့ မဆိုင်သလို.. အသက်အန္တရာယ် နဲ့လည်း အလွန်နီးစပ်တာမို့ မိုးကုတ်ကျောက်တူးသမားလေးဘဝကို ကျောခိုင်းစွန့်ခွာဖို့ ဆုံဖြတ်လိုက်ပါတော့တယ်။

0 comments: