Thursday, November 27, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၀)

အစိုးရက ၁၉၈၉ နှစ်မှာ SEE Law (State Economics Enterprise Law) ကို ပြဌာန်းခဲ့ပြီး Market Oriented ခေါ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို မြေစမ်းခရမ်းပျိုး နဲ့ စတင်ခဲ့တာကြောင့် ၉၀ ခုနှစ် နောက်ပိုင်းမှာ ကုမ္ပဏီ တွေ မှိုလိုပေါက်အောင် ပေါများခဲ့ပါတယ်။ အများပိုင်ရော ပုဂ္ဂလိပိုင်ရော ဆိုပါတော့။ ကျုပ် အလုပ် စဝင်တဲ့ ၁၉၉၃ ခုနှစ် မှာဆိုရင် ထုတ်ကုန်/သွင်းကုန် လုပ်ငန်းတွေဟာ နေ့မအား ညမနား လုပ်နေကြရတာပါ။ ကျုပ်တို့ ရုံးမှာ ဆိုရင်လည်း ရုံးရှိလူကုန် လက်မလည်နိုင်လောက်အောင် အထိပါ။ တစ်ယောက်ကို အလုပ် သုံးလေးခုလောက် ကိုင်ထားကြတာပါ။ ဒါပေမဲ့ ကျုပ်ကတော့ ငုတ်တုပ်။ နောက်ဆုံး ဘယ်လိုမှ သူ့လူတွေနဲ့ အလုပ် မနိုင်တော့တဲ့ အခါကျမှ လက်ထောက်မန်နေဂျာ(မန်နေဂျာ၏ ခယ်မ) နဲ့ သူ့အစ်မ(မန်နေဂျာ၏မိန်းမ၊ ရုံးမှာ ဘာရာထူးမှ မရှိ) တို့က ကျုပ်ကို အလုပ်တစ်ခု တာဝန်ပေးပါတော့တယ်။ ဆိပ်ကမ်းထဲမှာ ပုံထားတဲ့ စားအုန်းဆီပီပါ တွေကို အပြင်ရောက်အောင် ထုတ်ပေးဖို့ပါ။ သူ့လူတွေကိုလည်း ဝိုင်းဝန်းကြီးကြပ်ပေးဖို့ အမိန့်ထုတ်လိုက်ပါသေးတယ်။ ပြီးတော့ “ကား” ကိုတော့ ကိုကျော်သန်း ဂိတ်က ယူပါ၊ ငါတို့ ပြောထားပြီးသား လို့ ဆိုပါတယ်။
ကျုပ်လည်း တစ်ခါမှ မရောက်ဘူးတဲ့ ဆိပ်ကမ်းထဲဝင်ပြီး ပစ္စည်းထုတ်ရမယ်ဆိုတော့ နည်းနည်းတော့ စိုးးရိမ်တာပေါ့ဗျာ။ ပြီးတော့ အစအဆုံး ကိုယ်တစ်ယောက်တည်း လုပ်ရမှာ။ ကိုမောင်လေး ဆိုတဲ့ ရန်ကင်းသားကတော့“ အညာသား…ဘာမှမပူနဲ့..၊မင်း နဲ့ ငါ ဆိပ်ကမ်းတစ်ခုထဲပဲ..မသိရင် ငါ ကူမယ်” လို့ ဆိုပါတယ်။ ဒါနဲ့ ကုန်ကျစရိတ်ကို ခန့်မှန်းခြေ တွက်၊ ငွေထုတ်..၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူကာ ဆိပ်ကမ်းအမှတ် ၅ ထဲကို ဝင်ခဲ့ပါတော့တယ်။ တကယ်တော့ ပထမဆုံး အတွေ့အကြုံဆိုပေမဲ့ ကျုပ်အတွက် ဘာမှ အခက်အခဲ မရှိခဲ့ပါဘူး။ ရုံးမှာ အလုပ်မရှိတိုင်း လက်ခံဖိုင်အဟောင်းတွေ ဖတ်ခဲ့ မှတ်ခဲ့ တဲ့ အကျိုးကျေးဇူးပေါ့ဗျာ။ လုပ်ငန်းသဘောအရ အကောက်ခွန် နဲ့ ဆိပ်ကမ်းပိုင်း ဆိုင်ရာ ကိစ္စရပ်တွေဟာ အစီအစဉ်အလိုက် တစ်ခုပြီးမှတစ်ခု လုပ်ရတာပါ(ပိုက်ဆံပေးလဒ်ထိုးပြီး ကျော်ခွ လုပ်လို့ရတာတွေတော့ ရှိတာပေါ့ဗျာ)။ တောင် ကြီးလို ပုံနေတဲ့ စားအုန်းဆီပီပါတွေကို ဆိပ်ကမ်းက ကရိန်း လို့ခေါ်တဲ့ ဝန်ချီစက် ၊ Fork-Lift စတဲ့ စက်တွေ နဲ့အတူ ဆိပ်ကမ်းအလုပ်သမားတွေရဲ့ အကူအညီနဲ့ ကားကြီးတွေပေါ် တင်ကာထုတ်လိုက်တာ ၅ ရက်မြောက်နေ့မှာ ပြီးပြတ်သွားတာပေါ့ဗျာ။ ကျုပ် ဘေးက ကိုမောင်လေးက သုံးပုံတစ်ပုံလောက် ကျန်သေးတော့ ရုံးမပြန်ပဲ သူ့ကိုကူလုပ်ပေးရတာပေါ့။ အဲဒီနေ့ညနေမှာပဲ ကိုမောင်လေးက “အညာသား.. အလုပ်ပြီးသွားပြီဆိုတော့ ဒီည “ရွှေဘဲ” မှာ ဘီယာတိုက်ကွာ”လို့ ဆိုပါတယ်။ ကျုပ်ကလည်း “အညာသားက သွေးမနည်းပါဘူး…၊ ဒါပေမဲ့ ပိုက်ဆံမရှိဘူး..ဗျ”လို့ ပြောလိုက်ပါတယ်။ သူကလည်း“ဒီအတွက်တော့ မပူနဲ့..၊ မင့် အသုံးစရိတ် စာရင်း ကို ငါ ရေးပေးမယ်”လို့ ဆက်ပြန်ပါတယ်။ ဒီလိုနဲ့ အလုပ်က စီနီယာ ရန်ကုန်သားလူလယ်တွေ ကို ဘီယာ တိုက်လိုက်ရပါတယ်။ နောက်နေ့မနက် ရုံး ရောက်တော့ ကိုမောင်လေး ရေးပေးတဲ့ ကုန်ကျစရိတ် ရှင်းတမ်းကို ကျုပ်လက်ရေးနဲ့ ပြန်ကူးပြီး ခတ်ကြောက်ကြောက်နဲ့ လက်ထောက်မန်နေဂျာ ဆီ လက်ခံဖိုင်နဲ့တကွ တင်လိုက်တော့.. OK လို့ ဆိုပါတယ်။ ညက ဘီယာဖိုးတွေ ကျေတဲ့အပြင် ကျုပ် အိပ်ထဲကို ငွေကျပ်တစ်ထောင်လောက် အပိုရောက်လာခဲ့ပါတယ် (ပညာတွေလည်း ရလိုက်တာပေါ့)။ ဒါတင်ဘယ်ကမလဲ.. “ အညာသားက တစ်ယောက်တည်း လုပ်နိုင် ကိုင်နိုင်တယ်..၊ စိတ်ချလက်ချ ခိုင်းလို့ ရပြီ” ဆိုတဲ့ ကိုမောင်လေး ရဲ့ ထောက်ခံချက်နဲ့ ကျုပ်လည်း စီနီယာများနည်းတူ တစ်လကို ၁၅၀၀ိ/ ရတဲ့ အမြဲတမ်းကုမ္ပဏီဝန်ထမ်း တစ်ယောက် ဖြစ်လို့ လာခဲ့ပါတော့တယ်။

0 comments: