နောက်ပိုင်းရက်တွေမှာ သူမနဲ့ တွေ့ရင် ကျုပ်တို့အဖွဲ့ကို ပြုံးပြတတ်နေပါပြီ။ တခါတလေ ကျုပ်နဲ့ တွေ့တဲ့အခါမှာလည်း အပြုံးလေးနဲ့ ခေါင်းကလေး ငြိမ့်လို့ နှုတ်ဆက်တတ်တာပေါ့…။ သူမကို အမြဲတမ်းလိုလို ရာမညဆောင်မှာ တွေ့ရတတ်တာကြောင့် ဥပဒေပညာဌာနကဆိုတာ သတိထားလိုက်မိပါတယ်။ ဒါပေမဲ့ ဘယ်အတန်းကလဲ…၊ ဆရာမ စစ်စစ်လား…၊ ဒါမှမဟုတ် ဆရာမ တစ်ပိုင်း ကျောင်းသူတစ်ပိုင်းလား ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ သူမရဲ့ လှိုက်လှဲ ဖေါ်ရွေတဲ့ အပြုံးမျက်နှာကို နေ့တိုင်းလိုလို မြင်တွေ့ရတာက အစပြုလို့ သူမ ဘယ်သူလဲ ဆိုတာကို သိချင်လာခဲ့ပါတော့တယ်။ တနည်းအားဖြင့် သူမရဲ့ အပြုံးတွေက ကျုပ်နှလုံးသားကို ထိုးဖောက် ဝင်ရောက် နေရာယူလာခဲ့ကြတာပေါ့…။
ကျုပ်ရဲ့ မူမမှန်တဲ့ အပြုအမူတွေကို ပထမဆုံး ရိပ်စားမိခဲ့သူတွေက ကျုပ်ရဲ့အတန်းဖော် ညီမငယ် ဆရာမတွေ ဖြစ်ကြတဲ့ ချိုချို၊ လင်းလင်း နဲ့ မလေး တို့ပေါ့…။ သူတို့ကလည်း ကျုပ်ကို တစ်ယောက်တည်း အထီးကျန်ဆန်စွာ နေ နေတာကို မြင်လိုကြဟန် မတူပါဘူး…။ ချိုချိုဆိုရင် သူ့အစ်မဝမ်းကွဲ တစ်ယောက်နဲ့ စပ်ပေးမယ်ဆိုပြီး အတင်းခေါ်လို့ ကျုပ်တို့တစ်ဖွဲ့လုံး မြောက်ဒဂုံက သူ့အစ်မရဲ့ လက်ဘက်ရည်ဆိုင်ကို လိုက်ကြည့်ရပါသေးတယ်။ တစ်ပတ်လောက်ကြာတော့ အဲဒီ သူ့အစ်မက ယောက်ျားနောက် လိုက်သွားပါလေရော…။ အဲဒီလောက်အထိ နှလုံးသားရေးရာမှာ ကံဆိုး-မိုးမှောင် ကျခဲ့သူပါ…။
ကျုပ်ရောဂါကလည်း အဖြည်းဖြည်းနဲ့ ပိုလို့ ဆိုးလာခဲ့ပါတယ်။ ဘာရယ်တော့မဟုတ်… သူမကို မြင်ချင် တွေ့ချင်တဲ့ ရောဂါ…။ သူမကို တွေ့လိုတွေ့ငြား ကျောင်းကို ခတ်စောစော လာတတ်နေပြီ။ ရာမညဆောင် အပေါ်ဝရန်တာကနေ သူမရဲ့အဖြူရောင်ကားကလေး အလာကို လည်ပင်းတမော့မော့ဖြင့် မျှော်တတ်နေပြီ…။ ကားကလေး ဝင်လာတာကို မြင်လိုက်ရရင်ဘဲ ရင်ထဲမှာ ကျေနပ် ပျော်ရွှင်လို့ နေတာပေါ့…။ အကြောင်းမရှိ အကြောင်းရှာပြီး သွားရောက် နှုတ်ဆက်ဖို့တော့ တစ်ရံတစ်ခါမှ မကြိုးစားမိခဲ့…။ ဒါပေမဲ့ သူမအကြောင်းကိုတော့ ကျုပ်တို့အဖွဲ့ ဆုံလေတိုင်း မဆီမဆိုင် ဆွဲကာ အလိုအလျောက် ပြောမိရဲ့သား ဖြစ်နေတတ်လေရဲ့…။ ဒါကြောင့်လည်း ကျုပ်အခြေအနေကို ညီမငယ်တွေက ရိပ်မိသွားခဲ့ဟန်တူပါတယ်။
ဒီလိုနဲ့ ကျုပ်ရောဂါ ကုသဖို့အရေး စောစောက ပြောခဲ့တဲ့ ညီမငယ်သုံးယောက်က “သူမ ဘယ်သူလဲ” ဆိုတာ သိဖို့အတွက် စုံစမ်းရေးခရီး ထွက်ကြပါတော့တယ်။ တကယ် အားကိုးခဲ့ရတဲ့ ညီမငယ်တွေပါ…။ တစ်ပတ်အတွင်းမှာပဲ အမည်…၊ အတန်း…၊ မွေးချင်း...၊ မျိုးရိုးစဉ်လာ…၊ နေရပ်လိပ်စာ… တို့ကို သိခွင့်ရခဲ့ပါတယ်။ သူမအကြောင်း သိခွင့် ရလာပြန်တော့ ပိုလို့တောင် ခံစားခဲ့ရပြန်ပါတယ်။ ကျုပ်တို့နှစ်ယောက် အတန်း တူတာကလွဲလို့ ကျန်တာတွေက မိုးနဲ့မြေ လို ကွာခြားလွန်းလှပါတယ်။ သိမ်ငယ်စိတ်နဲ့အတူ ဘဝကို လှုပ်ရှားရုန်းကန်ရင်း ကျောင်းတက်နေရသူ ကျုပ်လို အညတြ တစ်ယောက်က မမှီတဲ့ပန်းကို တုန်းခုလို့ လှမ်းသင့်…မလှမ်းသင့်…။ လှမ်းသင့်…မလှမ်းသင့်…။
Thursday, February 26, 2009
ကျုပ်ဘဝတစေ့တစောင်း(၆၄)
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 6:49 PM 0 comments
Wednesday, February 25, 2009
ကျုပ်ဘဝတစေ့တစောင်း(၆၃)
M-2 ရောက်တော့ လစာပြည့်နဲ့ ခွင့် ဆက်မပေးတာကြောင့် အလုပ်မှ အပြီးပိုင် နားလိုက်ရပါတော့တယ်။ ဒါပေမဲ့ ကျောင်းပြီးလို့ အလုပ် ပြန်ဝင်မယ်ဆိုရင် အချိန်မရွေး ကြိုဆိုလျှက်ပါလို့ ဆိုပါတယ်။ ကျုပ်က အဲဒီလို ဝင်ငွေကောင်းတဲ့ အလုပ်ကို စွန့်လွှတ်ပြီး မိုက်ရူးရဲ ဆန်စွာ ပညာဆက်သင်ဖို့ ရောက်လာတဲ့အချိန်… ဂုဏ်ထူးတန်း နောက်ဆုံးနှစ် (H-3) ကို ဒုတိယတန်း ပထမအဆင့် (Second class first division) က တစ်ဦးတည်း အောင်မြင်ခဲ့သူ ရန်ကုန်သား လူတော်လေး ကိုဇော်ရှင်းက စီးပွားရေး လုပ်မယ်ဆိုပြီး ကျောင်းက ထွက်ခွာသွားခဲ့ပြန်ပါတယ်။ ကျုပ်ရင်ထဲမှာတော့ “အော်… ငါများ မှားနေပြီလား…” ဆိုတဲ့ သံသယ အတွေးတွေ တစ်လှေကြီးနဲ့ပေါ့…။ ဇော်ရှင်းဟာ တကယ်လည်း (ကျုပ်အထင်) လူတော်တစ်ယောက် ဖြစ်တာကြောင့် တစ်နှစ်ပဲ ကျန်တော့တဲ့ မဟာတန်းကို ပြီးအောင်တက်ဖို့ အကြိမ်ပေါင်းများစွာ စည်းရုံးတိုက်တွန်းခဲ့ပါသေးတယ်။ ရှိုင်းဟုတ်ကုမ္ပဏီက ရောဂါပေါင်းစုံ ပျောက်ပါတယ်ဆိုတဲ့ “လင်ဇီးဆေး” အရောင်းကိုယ်စားလှယ်တွေရဲ့ အခုပဲ သိန်းပေါင်းများစွာ ရတော့မှာလိုလို မုသားအပြောတွေကို ယုံကြည်မှု လွန်ကဲခဲ့တာကြောင့် ဟိုမရောက်-ဒီမရောက် ဖြစ်သွားခဲ့ရသူပါ။
ဒီ M-2 မှာဘဲ ကျုပ်ဘဝကို အရွယ်လွန်မှ ရင်ခုန် လှုပ်ရှားစေခဲ့တဲ့ သူမကို စတင်တွေ့ခဲ့ရပြန်ပါတယ်။ “ရင်ခုန်မိတာ အချစ်” လို့ ဆိုရင်တော့ ကျုပ် တကယ်ကို ရင်ခုန်ခဲ့ဖူးပါတယ်။ အလုပ်က မရှိတော့ ကျောင်းမှာ တစ်နေကုန် နေ…၊ အရှည်ကြီး နဲ့ ဦးချစ်ကို တစ်လှည့်စီ ထိုင်…၊ အတန်းမရှိရင် လိုက်ဘရီသွား စာဖတ်…၊ စာဖတ် ကောင်းနေတုန်း ညနေ သုံးနာရီလောက်ဆိုရင် စာဖတ်ခန်းဘေးပတ်လည် (ကျုပ်အနီး) က ပြူတင်းပေါက်တွေကို အသံပေးရင်း လာပိတ်တတ်တဲ့ စာကြည့်တိုက်က အမျိုးသမီးဝန်ထမ်းတွေကို စိတ်ထဲက မောတ္တာပို့ကာ မကျေနပ်-ကျေနပ်နဲ့ ပြန်ခဲ့ရ…။ တခါတရံ အဓိပဓိလမ်းမကြီးကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်…၊ တခါတလေတော့ သစ်ပုတ်ပင်ကြီးဆီ သွား..ကိုင်ကြည့်…၊ တခါတရံ ဘွဲ့နှင်းသဘင်ခန်းမ အနီးက ခုံတန်းလေးမှာ တစ်ယောက်တည်း ထိုင်လို့ ဟိုတွေး ဒီတွေးနဲ့ ဟိုငေး ဒီငေးပေါ့…။ တကယ်ကို ငယ်မူပြန်ကာ တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့ အရသာကို အပြည့်အဝ ခံစား စံစား ကြည့်ခဲ့ဖူးပါတယ်။
ဒီလိုနဲ့ M-2 First semester ရဲ့ တစ်နေ့မှာပေါ့…။ ကျုပ်တို့ အဖွဲ့ မနက်ပိုင်းအတန်းပြီးလို့ ထမင်းစားဖို့အရေး အရှည်ကြီး တို့ မြစန္ဒာ တို့ဆီ သွားဖို့ အောက်ထပ်ကို ဆင်းအလာ… ကျုပ်တို့ ရာမညဆောင်ရှေ့က ကွက်လပ်မှာ ရပ်ထားတဲ့ နောက်ဆုံးပေါ် ဖင်ကောက် ဗင်ကားတစ်စီးက ရွံ့နွံထဲ နစ်နေပါတော့တယ်။ အမျိုးသားတစ်ယောက်က ကားမောင်းတဲ့ထိုင်ခုံမှာ နေရာယူပြီး ကျန်တစ်ယောက်နဲ့ ခတ်တောင့်တောင့် ကောင်မလေးတစ်ယောက်က ကားကို တွန်းကာ ကြိုးစား ထုတ်ယူနေကြပေမဲ့ ကားက မူလနေရာမှ တစ်လက်မမှ မရွေ့…။ ဒီမြင်ကွင်းကို တွေ့နေရတဲ့ ကျုပ်က ကိုယ်တိုင်ကားမောင်းနေတဲ့သူဆိုတော့ ကိုယ်ချင်းစာတတ်တယ်လေ…။ “ကားကို ဝိုင်းဝန်း ကူတွန်းပေးကြစို့” လို့ ကျုပ် အဖွဲ့ကို ဆော်သြလိုက်ပြီး ကျုပ်ကိုယ်တိုင်လည်း တောသားပီပီ ပုဆိုးကို ခတ်တိုတို ပြင်ဝတ်လိုက်ပါတယ်။ ကျုပ်တို့အဖွဲ့က ဘာမပြော ညာမပြောနဲ့ ကားဆီကို တန်းသွားပြီး ညာသံပေးလို့ တွန်းပေးလိုက်တာ ၉က/..... အဖြူရောင် ကားကလေးလည်း မရဏရွှံ့နွံတွင်းမှ လွင့်ထွက်လို့ သွားခဲ့ပါတော့တယ်။
ကူညီမှုပေးခဲ့သူ ကျုပ်တို့အဖွဲ့ကို ကျေးဇူးတင်စကားတွေ အထပ်ထပ်ပြောရင်း ကျန်ရစ်ခဲ့သူ အဆိုပါ ကားပိုင်ရှင်မလေးကား ကျုပ် နှလုံးသားကို ဆွဲရမ်း လှုပ်ခါ သွားစေခဲ့သူ… သူမ ဖြစ်ခဲ့ပါတယ်ဆိုလျှင်…၊ ဖြစ်ခဲ့ပါတယ်ဆိုလျှင်…။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 12:27 AM 0 comments
Sunday, February 22, 2009
ကျုပ်ဘဝတစေ့တစောင်း(၆၂)
ကျုပ်တို့ M-1 first semester တက်နေစဉ်မှာပဲ တက္ကသိုလ် ဆရာ-ဆရာမတွေ အလုပ်ခန့်လိုက်တာကြောင့် ကျုပ် နဲ့ ကိုမောင်မောင်နိုင်ကလွဲရင် အားလုံး ဆရာ-ဆရာမတွေ ဖြစ်ကုန်ကြပါတော့တယ်။ ကျူရှင်ဆရာ ကိုမောင်မောင်နိုင်ကို ဘာကြောင့် ဒီဆရာအလုပ်ကို မလျှောက်ခဲ့သလဲဆိုတာကို မမေးခဲ့မိ။ ဆရာ-ဆရာမတွေ ဖြစ်ကုန်ကြပေမယ့် တာဝန်ကျရာ သက်ဆိုင်ရာတက္ကသိုလ်တွေကို Duty report လုပ်ပြီးတာနဲ့ M-1 ဆက်တက်ခွင့် ရနေကြပါတယ်။ M-1 မှာ တပ်က အရာရှိ နှစ်ယောက်ပါ လာတက်ခဲ့တာမို့ စုစုပေါင်း (၁၁ )ယောက်ရှိပေမယ့် တိုင်းရင်းဆေးဆရာ ကိုသိန်းဇော်က အိမ်ထောင်ကျကာ နှုတ်ထွက်သွားတာကြောင့် ၁၀ ယောက်ပဲ ကျန်ခဲ့ပါတော့တယ်။
M-1 Second semester ရောက်တော့ ကျောင်းမမှန်တဲ့ ကျုပ်ကို ပါမောက္ခ ဆရာမကြီးက သီးခြား ခေါ်တွေ့ကာ “Credit system နဲ့ သွားနေတဲ့ ပညာရေးစနစ် ဖြစ်တာကြောင့် Attendance ခေါ်တဲ့ ကျောင်းခေါ်ချိန်ဟာ အရေးကြီးကြောင်း…၊ အောင်-ရှုံး ကို စာမေးပွဲရမှတ်(Score)၊ ကျောင်းခေါ်ချိန်(Attendance)၊ အတန်းပါဝင်ဆွေးနွေးမှု(Class activity) တို့နဲ့ စုပေါင်းသတ်မှတ်တာကြောင့် တစ်ခုခု ချို့ယွင်းတာနဲ့ စာမေးပွဲ မအောင်နိုင်ကြောင်း…၊ ဒါကြောင့် အလုပ် နဲ့ ကျောင်း နှစ်ခုအနက် တစ်ခုခုကို ပြတ်ပြတ်သားသား ရွေးချယ်စေချင်ကြောင်း…” ပြောကြားလာပါတော့တယ်။ ကျုပ်ဘဝထဲကို မထင်မှတ်ပဲ ရုတ်တရက် ဝင်ရောက်လာတဲ့ ပညာရေးစနစ်သစ်ရဲ့ ရိုက်ခတ်မှု လှိုင်းဒဏ် လေဒဏ်ကြီးပေါ့။ ကျုပ်အတွက်တော့ မစားနိုင်-မအိပ်နိုင် နဲ့ စဉ်းစားဆုံးဖြတ်ရ ခက်တဲ့ အချိန်ကာလတွေပါ။
ဒီအချိန်မှာ ကျုပ်တို့ မိသားစုအရေး ပြန်ကြည့်တဲ့အခါ… မိဘနှစ်ပါးအတွက်တော့ နေရေး-ထိုင်ရေး၊ စားရေး-သောက်ရေး အဆင်ပြေအောင် ဖန်တီးပေးခဲ့ပြီးလေပြီ…။ ညီတော်မောင်တွေလည်း အလုပ်ကိုယ်စီနဲ့ ဖြစ်နေကြပြီ…။ အငယ်ဆုံးညီမလေး နှစ်ယောက်မှာလည်း အကြီးမက ၁၀ တန်း အောင်ပြီးစ ဖြစ်နေလေပြီ…။ အငယ်မ တစ်ယောက်ရဲ့ တာဝန်သာ လုံးလုံးလျားလျား ကျန်ရှိနေပါတော့တယ်။ စာဖတ်တာကို အင်မတန် ဝါသနာပါတဲ့ ကျုပ်က ပညာရေးကို ကျောခိုင်းမသွားချင်တာကြောင့် စိတ်တူကိုယ်တူ နဲ့ မိသားစုစိတ်ဓါတ်ရှိတဲ့ ကျုပ်ညီကို ဖွင့်ဟတိုင်ပင်ရပါတော့တယ်။ ညီတော်မောင်ကို “ကျုပ်ရဲ့လက်ရှိအခြေအနေ အခက်အခဲကို ရှင်းပြလိုက်ပြီး ညီမလေးနှစ်ယောက်ရဲ့စားဝတ်နေရေး ကုန်ကျစရိတ် အားလုံးကို သူက တာဝန်ယူမယ် ဆိုရင်… ကျုပ်က အလုပ်က နားပြီး မဟာဘွဲ့လေး ရသည်အထိ ကျောင်းဆက်တက်မယ်” လို့ ပြောလိုက်ပါတယ်။ သူကလည်း အချိန်မဆိုင်းပဲ “ ဆက်တက်ပါ… အားလုံးကို သူ တာဝန်ယူပါ့မယ်” လို့ ဆိုပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ် ညီတော်မောင်ရယ်…။
အဲဒီလို မိသားစုအရေး ညီတော်မောင်နဲ့ ညှိနှိုင်း သဘောတူညီမှု ရရှိပြီးတဲ့နောက်မှာ ရုံးက GM ကို ဝင်တွေ့ပြီး ကျောင်းတက်ဖို့အရေး အလုပ်မှ နှုတ်ထွက်ခွင့် ပြုပါရန် ထွက်စာတင်လိုက်ပါတော့တယ်။ GM ဦးတင်ဦးကတော့ “ မင်း ရူးနေသလား…၊ သေခြာစဉ်းစားစမ်းပါဦး…၊ မင်း မဟာဘွဲ့ရတော့ ဘာဖြစ်မှာတုန်း… ကျောင်းဆရာပေါ့…၊ ငါ့သမီးလည်း မင်းတို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာမ ပါကွာ… ရတဲ့လစာ ၁၂၅၀ိ/ က သူ့မိတ်ကပ်ဖိုးတောင် မရှိပါဘူး… အကုန်လုံး အိမ်ကပေးနေရတာပါ…၊ ဒီမှာ အားလုံးအဆင်ပြေနေတာကို ဘာဖြစ်လို့ ထွက်မှာလဲ… စဉ်းစားပါဦး…” လို့ ဂရုဏာ ဒေါသောနဲ့ ပြောပါတော့တယ်။ နောက်ဆုံး ကျုပ်ကို ဘယ်လိုမှ ပြောလို့မရတာကြောင့်“ ကဲ… ထွက်စာနဲ့အတူ ခွင့်စာပါ တွဲတင်…၊ လစာအပြည့်နဲ့ ခွင့်လေးလ ပေးလိုက်မယ်…၊ ဒီကြားထဲမှာ ကျောင်းတက်ရင်း သေခြာ ပြန်စဉ်စားပါ” ဟု ဆိုကာ ခွင့်ပြုလိုက်ပါတော့တယ်။
ဒီလို စွန့်လွှတ်-စွန့်စားမှုတွေနဲ့ပဲ အစဉ်အလာ ကြီးမားတဲ့ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီးမှာ အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိလာခဲ့တဲ့ စိတ်ပညာအထူးပြု မဟာဝိဇ္ဇာကျောင်းသားကြီးတစ်ယောက် ဖြစ်လို့လာခဲ့ပါတော့တယ်ခင်ဗျာ...။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 12:54 AM 0 comments
Saturday, February 21, 2009
ကျုပ်ဘဝတစေ့တစောင်း(၆၁)
ရန်ကုန် ပြန်ရောက်ပြီး တစ်လလောက်ကြာတော့ မဟာတန်းတွေ ဖွင့်တာကြောင့် ကျောင်းအပ်လိုက်ပါတယ်။ မဟာဝိဇ္ဇာကျောင်းသားကြီး ဖြစ်ပြီပေါ့ဗျာ…။ အတန်းကိုတော့ အရင်နှစ်တွေကလိုပဲ ပြေးလိုက်-တက်လိုက်…၊ ပျောက်လိုက်-ရောက်လိုက်ပေါ့…။ တစ်နေ့မှာတော့ ကျုပ်တို့ M-1 မှာ သင်နေတဲ့ ဆရာ ဦးခင်မောင်လတ်က အာရှ သုံးနိုင်ငံ နှစ်ပတ် လေ့လာရေးခရီး ပါသွားတာကြောင့် ဆရာ့အတန်းကို ပါမောက္ခ ဆရာမကြီး ဒေါ်ခင်အေးဝင်းက ကိုယ်စားဝင်သင်ပါတယ်။ ဆရာမကြီးက “ကဲ… ကိုမိုးစံ ကိုခင်မောင်လတ်က သူမသွားခင် ကိုမိုးစံက ကျောင်းလည်း မလာဘူး…၊ ခိုင်းတာလည်း မလုပ်ဘူး…” လို့ ကျမကို တိုင်သွားပါတယ် လို့ ဆိုပါတယ်။ ပြီးတာနဲ့ “ဒီနှစ်က စပြီး Semester စနစ်နဲ့ Credit system ကို ကျင့်သုံးမှာ ဖြစ်တဲ့အတွက် ကျောင်းပျက်လို့ မရတဲ့အကြောင်း အမှာစကားတွေ ခြွေရင်း… ကျုပ်ကို တစ်ပတ်အတွင်း ရေးတင်ဖို့ Assignment ခေါင်းစဉ် တစ်ခုပေးပါတော့တယ်။ Aptitude Battery ထင်တာပါဘဲ…။
ကျုပ်လည်း ဆရာမကြီး ပေးလိုက်တဲ့ Assignment ကို သဲကြီးမဲကြီး ပြင်ဆင်ပြီး အချိန်မှီ တင်ပေးနိုင်ခဲ့ပါတယ်။ ဆရာမကြီးက သူ သင်ခွင့်ရရှိခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သူ သင်ခဲ့တဲ့ “Conformity and Compliance” အခန်းကို Tutorial စစ်ပေးခဲ့ပါသေးတယ်။ အဲဒီ Tutorial စစ်တဲ့နေ့က အခန်းစောင့် တာဝန်ယူခဲ့သူက ဆရာ ဦးတင်မောင်လှ (ယခု ဒုချုပ်-ပြည်) ဖြစ်ပါတယ်။ ကျုပ်က ၁၅ မီးနစ်လောက်သာ ဖြေခဲ့တဲ့ Asch’ Experiment ကို ကျန်တဲ့သူတွေ အားလုံးက အချိန်ပြည့် ၄၅ မီးနစ်တောင် ဖြေဆိုခဲ့ကြတာမို့ ကိုယ်များ မေးခွန်း ဖတ်တာ မှားခဲ့သလားလို့တောင် သံသယ ဝင်ခဲ့မိပါသေးတယ်။ မေးခွန်း နားလည်မှု လွဲသွားတာနဲ့ အဖြေကလည်း လွဲတော့… အမေးတခြား အဖြေတခြား ဖြစ်နိုင်တာပေါ့။ ကျုပ် နားလည်တာ မမှားခဲ့ပေမဲ့ အများနဲ့တစ်ယောက်ဆိုတော့ သို့လော သို့လော ဖြစ်ခဲ့မိတာ အမှန်ပါ။
နောက်နေ့ အတန်းမှာတော့ ဆရာမကြီးက Tutorial answer paper တွေ ပြန်ပေးရင်း “ ကိုမိုးစံ ဖြေတာ သိပ်ကောင်းတာပဲ… ဘာမေးတယ်ဆိုတာကို ကောင်းကောင်းနားလည်တယ်” လို့ ဆိုလိုက်တာကြောင့် ကျုပ်ရဲ့ အဖြေလွှာကို ဝိုင်းဝန်းလို့ ကြည့်ကြပါတော့တယ်။ ၁၀ မှတ်ပေးတဲ့ မေးခွန်းမှာ သဲကြီးမဲကြီး ဖြေခဲ့ကြတဲ့ သူတွေက ၅ မှတ် မကျော်တဲ့ အချိန်မှာ အလွယ်တကူဖြေခဲ့တဲ့ ကျုပ်က ၈ မှတ် ခွဲ တောင် ရခဲ့တာပါ။ စာရတာချင်းအတူတူ မေးခွန်းကို သေချာနားလည်ပြီး မေးထားတာနဲ့ကိုက်ညီအောင် ဖြေဆိုတတ်သူက တပန်းသာတာပဲလို့ ထင်မိပါတယ်။ စာကို တော်အောင်ကြိုးစားကြသလို စာမေးပွဲ ဖြေဆိုတတ်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဆရာမကြီးကပဲ “ကိုမိုးစံ စာလုပ်တဲ့အကြောင်း ကိုခင်မောင်လတ်ကို ဒို့ ပြောလိုက်မယ်”လို့ ဆိုတာကြောင့် ကြိတ်မှိတ် ဝမ်းသာပီတိ ဖြစ်ခဲ့ရသူက ကျုပ်ကလွဲရင်… ကျုပ်က လွဲရင်…။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 3:17 PM 0 comments
Thursday, February 19, 2009
ကျုပ်ဘဝတစေ့တစောင်း(၆၀)
အိမ်လေးကို ပြန်ဆောက်ဖို့ ကိုသန်းဝင်းတို့ လက်သမားအဖွဲ့ကို ပုံအပ်လိုက်ပေမဲ့ မြန်မြန်ပြီးချင်တာကြောင့် ကိုယ်တိုင် ဝင်လုပ်ရပါတော့တယ်။ အိမ်ပြီးပြန်တော့ ခြမစားရလေအောင် ရေနံဂျီး သုတ်ရပြန်ပါတယ်။ ပြီးတာနဲ့ တန်းလျား-စားပွဲ တစ်စုံနဲ့ နှစ်ယောက်အိပ်ကုတင် အသစ်တစ်လုံး၊ မိသားစု တစ်စုစာ ပုဂံခွက်ယောက်… စသဖြင့် အကုန် အသစ်ပြန်လည် ထူထောင်ရပါတယ်။ ကျန်ရှိနေတဲ့ အိမ်နောက်ဖေး မြေကွက်လပ်ကျယ်ကြီးကိုလည်း ကျုပ်သူငယ်ချင်း အောင်ဆင်နဲ့ နှစ်ယောက် မြောင်းတွေ သေခြာ ဖေါ်ပြီး ခရမ်းပင်တွေ စိုက်ပြပါတယ်။ ကိုယ်စိုက်ထားတဲ့ အပင်လေးတွေကို နေ့စဉ် ရေလောင်း ပေါင်းသင်ရင်း အဖေ့ကို အသောက်လျှော့စေချင်တဲ့ ဆန္ဒနဲ့ပါ။
ဒီတစ်ခါ စားစရာမရှိရင် အိမ်ဝိုင်းကို ရောင်းမစားဖို့တော့ အသေအခြာ မှာရတာပေါ့ဗျာ…။ ပိုက်ဆံလိုရင် လှမ်းမှာဖို့နဲ့ အသောက်ကိုလည်း လျှော့ဖို့ ထပ်ခါတလဲလဲ ပြောရပါတယ်။ နောက်ပြီး ကလေးတွေကိုလည်း စာမေးပွဲပြီးတာနဲ့ အလှည့်ကျ အလည် လွှတ်ပေးမယ့်အကြောင်း…၊ မကြာခင်ကာလမှာ မိသားစုအားလုံး ရန်ကုန်မြို့ကြီးမှာ တစုတစည်းတည်း နေထိုင်နိုင်တော့မှာ ဖြစ်တဲ့အတွက် အသက်ရှည်အောင် အခုကတည်းက အသောက်လေး နည်းနည်းပါးပါး လျှော့ထားပေးဖို့ တောင်းပန်ရပါတယ်။ စားဝတ်နေရေးအတွက်လည်း ရွာက ကျုပ်သူငယ်ချင်း ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ချိတ်ဆက် မိတ်ဖွဲ့ကာ သူ အလိုရှိသမျှ ဆီ၊ ဆန်၊ ဆားကအစ တိုလီမုတ်စ အဆုံး အကြွေး ပေးကြဖို့ ညှိပေးခဲ့ရတာပေါ့။ အကြွေးကိုတော့ နှစ်လတစ်ကြိမ်- သုံးလတစ်ကြိမ် အဆင်ပြေသလို ကျုပ်က ပြန်ဆပ်ပါ့မယ် ဆိုတဲ့ ကတိခံဝန်ချက်နဲ့ပါ။ ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရယ်…။
ဒီအချိန်မှာပဲ ၈ တန်းလောက်ကတည်းက သူငယ်ချင်းတွေက သူ နဲ့ ကျုပ်ကို စ ရင် အဖက်မတန်ဘူးလို့ ပြောခဲ့သလို… မတော်တဆ လမ်းမှာ ဆုံတွေ့ကြရင်တောင် လမ်းကျယ်ရင် အဝေးက ရှောင်သွားလေ့ရှိပြီး လမ်းကျဉ်းရင်တော့ နောက်ပြန်ကွေ့သွားတတ်တဲ့ ရွာ့မျက်နှာဖုံး ပန်းနွယ်နဲ့ ပြန်လည် ဆုံစည်းနိုင်မယ့် အခွင့်အလမ်းလေးတွေ ကြုံခဲ့ရပါသေးတယ်။ တကယ်တော့ ဒီအပြုအမူအတွက် သူမကို အပြစ်မတင်လိုပါဘူး။ ငွေကြေး ဥစ္စာဓနကိုသာ တန်းဖိုးထားတတ်တဲ့ ကျုပ်တို့ရွာရဲ့ဓလေ့စရိုက်ကိုသာ ရိုးမယ်ဖွဲ့ရမှာပါ။ ဒီလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကျုပ်လိုလူတစ်ယောက်နဲ့ စကြနောက်ကြတာကို ဘယ်လူဂုဏ်တန် အသိုင်းအဝိုင်းကမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်းပဲ နောက်ပိုင်းမှာ သူမနဲ့တွေ့တဲ့အခါတိုင်း ကျုပ်ကပဲ အရင်ဦးအောင် ရှောင်ပေး- နောက်ဆုတ်ပေးခဲ့ပါတယ်။ ရွာက ထွက်လာသည်အထိပေါ့…။
ရွာက ဆွေမျိုးရွှေမျိုးတွေက ဒိတ္ထိ လို့ ကင်မွန်းတတ်ကြတဲ့ ကျုပ်ကို သူမလည်း အဝေးကနေ နားစွင့်လို့ အကဲခတ်နေခဲ့ဟန်တူပါတယ်။ အဝေးသင် စာမေးပွဲဖြေရင်း နှစ်စဉ် ရွာပြန်တဲ့ အခါတိုင်းမှာလည်း မေးပြော ခေါ်ထူး အဆင့်တောင် မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ “သူက ကျောင်း ဘယ်တော့ ပြီးမှာလည်း” ဆိုတဲ့ အမေးလေးနဲ့အတူ သူမရဲ့သဘောထား ဆန္ဒတွေကို ဖိုးလမင်းကြီးက တစ်ဆင့် အမှာစကားတွေ ပါးလာပါတော့တယ်။ ကျုပ်ကလည်း ဘဝအခြေအနေက မလှပသေးတာမို့ အဝါရောင် မျဉ်းကျားမှာ ရပ်လို့ စောင့်နေခဲ့တာပေါ့…၊ စောင့်နေခဲ့တာပေါ့…။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 12:47 AM 0 comments
Monday, February 16, 2009
ကျုပ်ဘဝတစေ့တစောင်း(၅၉)
ညနေစောင်းတော့ ကပိုင်ရွာကို ရောက်ပါပြီ။ နွားလှည်းကို ကျုပ်တို့ ဂျူနီယာ သောင်းဝင်းတို့အိမ်မှာ ချွတ်ထားခဲ့ပြီး ကိုသန်းဝင်းနဲ့ ချိန်းဆိုထားရာ ဆရာ ဦးမြင့်ကျော် ဆီကို သွားကြပါတယ်။ ဆရာက ကျုပ်တို့ ၁၀ တန်းမှာ အခကြေးငွေ မယူပဲ ကိုးတန်း-ဆယ်တန်း ဓါတု ရူပ သင်ကြားပေးခဲ့သူပါ။ အခုတော့ ကပိုင် အခြေခံပညာအလယ်တန်းကျောင်းမှာ အလယ်တန်းပြဆရာ အဖြစ် အမှုထမ်းရင်း စီးပွားရေးတစ်ဘက် လုပ်နေသူပါ။ အဲဒီမှာ လက်သမားဆရာ ကိုသန်းဝင်းနဲ့တွေ့တော့ “ ပေါင်းဝရွာမှာ သုံးပင်နှစ်ခန်း ထရံကာ ဇလီသတ် အိမ်အသစ်လေး တစ်လုံး တွေ့ထားပြီးဖြစ်ကြောင်း…၊ ဈေးလည်းသင့်တော်ကြောင်း…၊ မင့်အဖေလည်း ကြည့်ပြီး သူလည်းကြိုက်ကြောင်း…၊ အမိုးတစ်ခုပဲ ပြန်ဝယ်ရမှာ ဖြစ်ကြောင်း…၊ မင်းလည်း အချိန် မရတာမို့ အခြားဟာတွေ လိုက်ကြည့်မနေပဲ… ဒါကိုပဲ ဝယ်လိုက်စေချင်ကြောင်း…” ဆီးကာ ပြောပါတော့တယ်။ ဒါနဲ့ ကျုပ်တို့လည်း ဆရာ့အိမ်မှာ ခဏထိုင်ပြီး ကပိုင်ကနေ တစ်မိုင်ကျော်ကျော်လောက် ဝေးတဲ့ ပေါင်းဝရွာကို နေဝင်ဖြိုးဖြအချိန် ရွာတောင်ဘက်မှာ တသွင်သွင် စီးဆင်းနေတဲ့ ယမားချောင်းအတိုင်း ဆန်တက်လို့ ချီတက်ကြပါတော့တယ်။ ဆရာလည်း လိုက်လာတာကြောင့် သဲသောင်ပြင်မှာ လမ်းလျှောက်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတာပေါ့…။
ဟိုရောက်တော့ အဖေက အိမ်ပိုင်ရှင်နဲ့အတူ မူးလို့နေလေပြီ။ သူ့မိတ်ဆွေဟောင်း ဖြစ်သူ အိမ်ပိုင်ရှင်နဲ့ မိတ်ဆက်ပေးပြီး“ ငါကတော့ ဒီအိမ်လေးကိုပဲ ကြိုက်တယ်ကွာ…” လို့ ဆိုပြန်ပါတယ်။ ကျုပ်ကလည်း “အဖေ ကြိုက်ရင် ပြီးတာပဲ… အဖေတို့နေမှာ… ကျနော်တို့ နေမှာ မဟုတ်ဘူး..”လို့ ပြောရင်း အိမ်လေးကို ပတ်ကြည့်ကြပါတယ်။ ပြီးတာနဲ့ ဆရာက ဦးဆောင်ကာ ဈေးနှုန်း အလျှော့အတင်း ညှိကြပြီး ငွေ ချေလိုက်ပါတော့တယ်။ ဆက်လက်ပြီး မနက်ဖန်မနက် အိမ်ဖျက်ပြီး သယ်ယူဖို့အတွက် ကားငှားဖို့ လုပ်ရပြန်ပါတယ်။ လှည်းတွေနဲ့သယ်ရင် ကပိုင်ရွာက အလကား လိုက်ပို့မယ့် အဖေ့မိတ်ဆွေရင်းတွေ ရှိပေမဲ့ ကျုပ်က အချိန်မပေးနိုင်တာကြောင့် ကားနဲ့သယ်ဖို့ လုပ်ရတာပါ။ ဒီ အပြုအမူအတွက် ကျုပ်အပေါ် စိတ်ခုသွားကြတဲ့ အဖေ့မိတ်ဆွေတွေ အများကြီး ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ ကားသမားနဲ့ စကားပြော ဈေးညှိ(ကားပိုင်ရှင်ကလည်း အလျင်လိုမှန်း သိတော့ မတန်တဆ တောင်းခဲ့ပြန်ပါတယ်)၊ မနက်ဖန်မနက် အိမ်ဖျက်ပြီး ကားပေါ်တင်ဖို့အတွက် အလုပ်သမား ငှားဖို့အထိ ကိုသန်းဝင်းနဲ့ တိုင်ပင် စီစဉ်ပြီးကာမှ ညအမှောင်ထဲမှာ လက်နှိပ်မီးကို အဖော်ပြုလို့ ကပိုင်ရွာကို စုန်ခဲ့ကြပါတယ်။
ကပိုင် ရောက်တော့ ညနေက နွားတွေကို ဘာမှ မကျွေးခဲ့ရသေးတာကြောင့် နွားတွေရှိရာကို အရင်ချီတက်ရပါတယ်။ ကျုပ်တို့ လူတွေက မရှိရင် ရှာစားလို့ ရပေမဲ့ တိရစ္ဆာန် ဖြစ်တဲ့ နွားကတော့ ကျုပ်တို့ လူတွေက ကျွေးမှ စားကြရတာ မဟုတ်ပါလား။ ဟိုရောက်တော့ မုံရွာ ပဲရောင်းသွားတဲ့ သောင်းဝင်းက လမ်းမှာ ကားပျက်လို့ အိမ်ပြန်ရောက်နေပြီး နွားတွေကို ကျွေးထားလေရဲ့…။ ကျုပ်တို့လည်း သောင်းဝင်းနဲ့အတူ ညစာ စားလိုက်ကြပြီး ဆရာ့အိမ်ကို ထွက်ခဲ့ကြပြန်ပါတယ်။ ဆရာ့အိမ် ရောက်တော့ ကျုပ်တို့ကို လက်ဘက်ရည်သောက် (ရေနွေးသောက်) လာခေါ်ကြတဲ့ အဖေ့မိတ်ဆွေတွေက တန်းစီလို့ စောင့်နေကြပါတယ်။ ကျုပ်ကတော့ ညလည်း မိုးချုပ်နေပြီမို့ အားလုံးကို တောင်းပန်ပြီး မဖြစ်မနေ လိုက်ရမယ့် အိမ်နှစ်အိမ်ကိုပဲ အလှည့်ပေးခဲ့ပါတယ်။ အဖေကတော့ အဲဒီ ကပိုင်ရွာမှာ ကြိုက်တဲ့အိမ် ဝင်ပြီး ထမင်းစားလို့ ရသည်အထိ ရင်းနှီးခဲ့သူမို့ ဘယ်မှာတည်းလို့ ဘယ်လိုနေမှန်း မမေးခဲ့မိ…။
နောက်နေ့မနက်မှာတော့ ပေါင်းဝရွာသွား…၊ အိမ်ဖျက်ကာ ကားပေါ်တင်… လက်သမားဆရာ ကိုသန်းဝင်းနဲ့ အဖေက အဲဒီကားနဲ့ အတူပြန်လိုက်သွားပြီး ကျုပ်တို့သုံးယောက်က နွားလှည်းနဲ့ ပြန်လာခဲ့ကြတာပေါ့။ အင်တောက ကျော်မင်းတို့အိမ် ရောက်တော့ ခဏ နားကာ စက်ဘီးနဲ့ ဆက်ပြီး ခရီးနှင်လာလိုက်တာ ညမှောင်ရီပျိုးစ ညီအစ်ကို မကွဲတကွဲအချိန်မှာ ကျုပ်မွေးရပ်မြေ ရင်ပေါင်တိုင်ရွာကို ပြန်ရောက်ခဲ့ပါတော့တယ်။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 11:38 PM 0 comments
Sunday, February 15, 2009
ကျုပ်ဘဝတစေ့တစောင်း(၅၈)
၉၆ ကျူ-တူး စာမေးပွဲ ဖြေပြီးကတည်းက ကျောင်းတွေ ပိတ်လိုက်တာ ၉၇ နှစ်ကုန်အထိပါ။ အဲဒီ ၉၇ ထဲမှာပဲ တက္ကသိုလ်နည်းပြဆရာ-ဆရာမတွေ အလုပ် လျှောက်လွှာခေါ်ယူခဲ့ပါတယ်။ ရှားပါးမေဂျာ ဖြစ်တဲ့ ကျုပ်တို့ စိတ်ပညာ မှာတော့ ရိုးရိုးဘွဲ့ ရရင်တောင် လျှောက်ခွင့် ရှိပါတယ်။ ရေးဖြေ မပါပဲ လူတွေ့စာမေးပွဲနဲ့တင် အလုပ်ခန့်ခဲ့တာကြောင့် ကျုပ်တို့လို ကျူ-တူး အောင်ပြီးသား သူတွေက အလုပ်ရဖို့ သေခြာပါတယ်။ အမှန်တကယ်လည်း ၉၈ ထဲမှာ အလုပ် ခန့်တော့ ကျုပ်နဲ့အတန်းတူ သူငယ်ချင်းတွေ အားလုံး ဆရာ-ဆရာမတွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒီလိုဆိုရင် ကျုပ်ကရော…။
ကျုပ်က အလုပ် မလျှောက်ဖြစ်ခဲ့ပါဘူး…။ ကျုပ် သိပ် ဖြစ်ချင်တဲ့ တက္ကသိုလ်ဆရာ လွယ်လွယ်လေးနဲ့ ဖြစ်လာနိုင်ပါလျက်နဲ့ မိသားစုအတွက် ရင်နာနာနဲ့ ကျောခိုင်းခဲ့ရသူပါ။ အဲဒီအချိန်က တက္ကသိုလ် နည်းပြဆရာတစ်ယောက်ရဲ့လစာက ၁၂၅၀ ကျပ် ပါ။ ကျုပ်ရဲ့ အဆောင်လခက ၁၅၀၀ ကျပ် ပေးရပါတယ်။ ကျုပ် အောက်မှာ ၁၀ တန်း မအောင်သေးတဲ့ အငယ် ၃ ယောက် ကျန်နေပါသေးတယ်။ သူတို့လေးတွေကို ချန်ထားပစ်ပယ်လို့ ကိုယ်တစ်ယောက်တည်း တကိုယ်ကောင်းဆန်စွာ ကိုယ်သွားချင်တဲ့ လမ်းကို လျှောက်လှမ်းရဲလောက်သည်အထိ မမိုက်ရဲခဲ့ပါဘူး…။ နောက်ပြီး အငယ်ဆုံးညီမလေး ၁၀ တန်း အောင်ပြီးရင် နေစရာ ဗလာနတ္ထိ ဖြစ်နေတဲ့ ရွာက မိဘတွေကို နေစရာအိမ်ဝိုင်းလေး ပြန်လည် ဖန်တီးပေးရပေအုံးမည်။ ကျုပ် ဖြစ်ချင်တဲ့ တက္ကသိုလ်ဆရာအလုပ်က ရရှိမယ့် လစာ ၁၂၅၀ိ/ က ကျုပ်တစ်ယောက်ထဲတောင် ဘယ်လိုစားလို့ ဘယ်လိုနေရမှန်းမသိ…။ မိသားစုအတွက်တော့ ဝေလာဝေးပေါ့…။ ဒီလို ရင်တွင်းသောကတွေကို အကြိမ်ကြိမ် အဖန်ဖန် ပြန်လှန် စဉ်းစားရင်း မကျေနပ် ကျေနပ်နဲ့ နောက်ကို တစ်လှမ်း ဆုတ်ပေးခဲ့ရသူပါ။
၉၈ နှစ်ဆန်းထဲမှာတော့ အငယ်မ ၁၀ တန်း အောင်သည်အထိ မစောင့်တော့ပဲ… ကျုပ်တို့ အကြီးနှစ်ယောက်က တစ်ယောက်တစ်သိန်း ထည့်ပြီး ကျန် အလုပ် ရနေပြီဖြစ်တဲ့ ညီတော်မောင်တွေကိုလည်း စေတနာ ရှိသလောက် ထည့်ဝင်ကြဖို့ ဆော်သြကာ မိဘတွေအတွက် ရွာပြန် အိမ်ဝိုင်း ဝယ်ပြီး အိမ်ဆောက်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ညီတော်မောင်တွေကို မိသားစုအတွက်ဆိုရင် လက်ဆင့်ကမ်း တာဝန်ယူကြရမယ်လို့ သင်ကြားပေးခဲ့ပေမယ့် တကယ်လက်တွေ့ကျတော့ တုပ်တုပ်မျှ မလှုပ်ကြ…။ သွန်သင်ဆုံးမခဲ့သူ ကျုပ်ကပဲ ညံ့ခဲ့လေရော့သလား…။ ဒါမှမဟုတ် နောက်မှပေါက်တဲ့ သူတို့ရဲ့ကောင်မလေးတွေကပဲ အစွမ်းထက်လေရော့သလား...။ အံ့သြဖွယ်ကောင်းလေစွ…။ ဒီလိုနဲ့ ကျုပ်တစ်ယောက်သာ ရုံးက ခွင့် (၁၅) ရက် ယူကာ ရွာပြန်…၊ ရွာဘုံပိုင် ပေတစ်ရာပတ်လည် အိမ်ဝိုင်းကို ကျပ် ငွေ တစ်သိန်းနှစ်သောင်းနဲ့ ဝယ်ကာ လေးဘက်လေးတန် ဝင်းထရံ ခတ်လိုက်ပါတယ်။ ပြီးတာနဲ့ လက်လှုပ်ရေတွင်း (အဝီစိတွင်း) တူးခိုင်းပါတယ်။ အဲဒီနောက် အိမ်အတွက် ကျုပ်တို့ရွာကနေ ၆ တိုင် (၁၂ မိုင်) လောက် ဝေးတဲ့ ကပိုင်ရွာ ကို စက်ဘီးနဲ့ ချီတက်ကြပါတယ်။ လက်သမားဆရာ ကိုသန်းဝင်း ရယ်၊ ကျုပ်ရယ်၊ ကျုပ်သူငယ်ချင်း အောင်ဆင်ရယ် သုံးယောက် သွားကြတာပါ။ အဖေကတော့ အရင်နေ့ကတည်းက သူတစ်ယောက်တည်း သွားနှင့်လေရဲ့…။
ကျုပ်တို့ရွာကနေ ၂ တိုင် (လေးမိုင်) ဝေးတဲ့ “ဆင်စွယ်ရွာ” လွန်တော့ ကျုပ်က ဘယ်လိုမှ စက်ဘီးမစီးနိုင်တော့ပါဘူး။ ဒါပေမဲ့ စက်ဘီးကို တွန်းပြီး လမ်းလျှောက်နိုင်ပါသေးတယ်။ ဒါကြောင့် လက်သမားဆရာ ကိုသန်းဝင်းကို အရင်သွားခိုင်းပြီး သင့်တော်မယ့် အိမ်လေးကို ကျုပ်အဖေနဲ့ ညှိပြီး ကြိုက်ရင် ဝယ်ထားနိုင်ဖို့ ဦးစွာလွှတ်လိုက်ရပါတယ်။ ကျုပ်တို့ နှစ်ယောက်ကတော့ နောက်ထပ် ၁ တိုင်(နှစ်မိုင်)လောက် လျှောက်လိုက်ရင် ရောက်မယ့် “အင်တောရွာ” မှာ ရှိတဲ့ ကျုပ်တို့ သူငယ်ချင်း ကျော်မင်းတို့အိမ် ဝင်ပြီး ခဏနားကာ မီးစင်ကြည့် က ဖို့ စိတ်ကူးခဲ့ကြပါတယ်။ ကံအားလျှော်စွာပဲ လမ်းမှာ ကျော်မင်းတို့ အဖေနဲ့အမေကို တွေ့လိုက်ရတာကြောင့် ဒီကောင် အိမ်မှာ ရှိနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ကျော်မင်းတို့အိမ် ရောက်တော့ အစ်မကြီး ခူးကြွေးတဲ့ နေ့လည်စာထမင်းကို စားသောက်ကြပြီး စက်ဘီးတွေကို ထားခဲ့ကာ… သူတို့အိမ်က နွားလှည်းနဲ့ပဲ သူငယ်ချင်း သုံးယောက် စကားတပြောပြောနဲ့ ခရီးပန်းတိုင် ကပိုင်ရွာဆီသို့ တအိအိ နှင်ခဲ့ပါတော့တယ်။
Labels: ကျုပ်ဘ၀တစေ့တစောင်း
Posted by မိုးစံ at 1:20 AM 0 comments