Thursday, December 4, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၄)

သူမကလည်း အရာတော် မြို့နယ်ထဲက ရွာကြီးတစ်ရွာကပေါ့။ နံမည်က- မဆွေ..၊ အလုပ်အကိုင်က-လှဆွေနဲ့အတူတူပါပဲ၊ ရိုးတယ်..အေးတယ်..နဲ့ သူသိသမျှ ဖေါက်သည် ချပြီး သကာလ..“မင်းက တော်တော် မြင်တတ်တဲ့ကောင်ပဲ… မဆိုးဘူးနော်..၊ သူနေတဲ့အဆောင် ငါ သိတယ်… မင်း သွားချင်ရင် ငါ လိုက်ပြီး မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ တစ်ခါ မြင်တွေ့ရုံနဲ့ အဲဒီလောက်အထိ ရင်းနှီး ရိုးသား ပွင့်လင်းစွာ ပြောဆိုအားပေးခဲ့သူ အရာတော်သား လှဆွေပါ။ တနယ်ထဲသားချင်းမို့လည်း နောက်ပိုင်းမှာ ပိုလို့တောင် ခင်မင်မှု ရှိလာခဲ့ကြပါတယ်။
သူမ နေတဲ့အဆောင် သွားဖို့ ကျုပ်ကို ခဏခဏ လာခေါ်ပေမဲ့ မလိုက်ဖြစ်ပါဘူး။ ပြဿနာက ကျုပ်ကိုယ်တိုင် ဆွဲထားတဲ့ ကိုယ်ပိုင်အချိန်ဇယား ပေါ့ဗျာ..။ သူမအတွက် အချိန်ပေးဖို့ ထည့်မထားခဲ့မိဘူး။ ကိုယ် ဆွဲထားတဲ့ အချိန်ဇယား ကိုယ့်ဖာသာ ဖျက်လို့ရပေမဲ့… ဒီကိစ္စလောက်နဲ့တော့ မဖျက်နိုင်ဘူး ဆိုပြီး မာနနဲ့ တင်းခံခဲ့ပါတယ်။ “မိသားစုဘဝကို ပြောင်းပြန်လှန်ပစ်ချင်တယ်ဆိုတဲ့ မင်းက… ဒီလောက်လေးမှ ခံနိုင်ရည် မရှိရင်.. ရှေ့ဆက် ဘယ်လိုခရီးသွားမလဲ..”ဆိုတဲ့ အတွေးတွေကြောင့်လည်း ကျုပ်ရဲ့စိတ်ဆန္ဒကို ကြိတ်မှိတ်မျိုသိပ်ခဲ့ရတာပေါ့။ ကျုပ်သူငယ်ချင်း အောင်ဆင်နဲ့ လှဆွေအပြင် စေတုတ္တရာဘက်က ကျောင်းဆရာ ကိုဖိုးကွယ် နဲ့ အောင်မြင့်ဆွေ တို့ကလည်း ဘုမသိဘမသိနဲ့ ကျုပ်တို့ ၂ ယောက်ကို အလွန်သဘောတူတယ် ဆိုပဲ။ ဘော်ဒါတွေကတော့ တကယ်ကို အားပေးခဲ့ကြတာပါ။
ဒီလိုနဲ့ ကျုပ်ကို ဘယ်လိုမှ ညှိမရတဲ့ အဆုံးမှာတော့ သူတို့တတွေ ကျုပ်တို့ ၂ ယောက် တွေ့ဆုံမိတ်ဆက်ဖို့အရေး စီမံကိန်းတစ်ရပ် ရေးဆွဲကြတော့တာပေါ့။ ကျုပ်တို့ “အဝေးသင်” မှာလည်း လက်ဆင့်ကမ်းအမွေ ရလာခဲ့တဲ့ “အာစရိယ ပူဇော်ပွဲ” ခေါ် ဆရာကန်တော့ပွဲ ဆိုတာ နှစ်စဉ် မပျက်မကွက် ရှိပါတယ်။ များသောအားဖြင့် ဆရာကန်တော့ပွဲကို အနီးကပ်ပို့ချချက်သင်တန်း အပြီး နောက်တစ်ရက်ဖြစ်တဲ့ ကျောင်းပိတ်ရက်မှာ ကျင်းပလေ့ရှိပါတယ်။ ကျုပ်သူငယ်ချင်းတွေရဲ့ အစီအစဉ်ကတော့ ဆရာကန်တော့ပွဲ ပြီးတာနဲ့ မဆွေ နေတဲ့ “သီတဂူ”အဆောင်ကို လိုက်သွားကြပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြမယ်… ပြီးတာနဲ့ လှဆွေက မဆွေကို ရအောင်ခေါ်ထုတ်.. အဆောင်ရှေ့က လက်ဘက်ရည်ဆိုင်မှာ ရင်းနှီးမှုရအောင် အာရိုက်ကြမယ်ပေါ့။ ကျုပ်ကလည်း ဆရာကန်တော့ပွဲက မွန်းလွဲ ၃ နာရီ စမှာဆိုတော့ ညနေ ၆ နာရီ အထိ အချိန်ပေးနိုင်တယ် ဆိုပြီး ဒီအတိုင်း ပါဝင်ကပြဖို့ သဘောတူခဲ့ပါတယ်။ ဒီဇာတ်မှာ ဇာတ်ညွှန်းက ဆရာကြီး အောင်ဆင် (ဒီစာရေးနေတဲ့အချိန်မှာ သူ့သမီး ၁၀ တန်းအောင် အမှတ်စာရင်း ထုတ်ဖို့ ရန်ကုန်ဆင်းရဲသား ရပ်ကွက်က ကျုပ်အိမ်မှာ ဦးဇင်းကြည်နဲ့အတူ ရောက်နေလေရဲ့)၊ ဒါရိုက်တာက မင်းသမီးနဲ့ ပလဲပနံသင့်တဲ့ အရာတော် လှဆွေ၊ ဇာတ်ပို့က မဟုတ်တာမပြောတဲ့ စေတုတ္တရာက ကိုဖိုးကွယ်၊ မင်းသားက ကျုပ် ဆိုတော့….၊ မင်းသမီးက…ပါးပြင်မှာ သနပ်ခါးဖွေးဖွေး လိမ်းတတ်တဲ့ သူမ ဆိုတဲ့ မဆွေ ကလွဲလို့…… ။

0 comments: