Friday, December 12, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၉)

အဲဒီ “ဒိတ္ထိ” လို့ အခေါ်မခံရခင်လေးမှာ(မသတ်မှတ်ခင်) ကျေးဇူးဆပ် ကုသိုလ်ပြုခွင့် တစ်ခု လုပ်ခွင့်ရခဲ့ပါသေးတယ်။ ကျုပ်က ကျေးဇူးဆပ်တယ် ဆိုပေမဲ့.. အမေညိုရဲ့(အမေကြီး..၊ အဖေ့ရဲ့အမေ) ကျေးဇူးတရားတွေနဲ့ နှိုင်းစာရင် မြင့်မိုလ်တောင် နဲ့ ဇီးစေ့ ပမာ ကွာခြားလွန်းလှသလို.. အင်မတန်မှ အပြောကျယ်ဝန်းလှတဲ့ သဲကန္တာရကြီးထဲက သဲမှုံလေး တစ်ပွင့် ပမာပါ။ ကျုပ် ရွာရောက်နေတဲ့အချိန်လေးမှာ အသက် ၇၀ ကျော် အမေက သူမသေခင်မှာ “ရွှေသင်္ဃန်း” ကပ်လှူသွားချင်တယ်လို့ ကျုပ်ကို ခေါ်ပြောပါလေရော..။ အဲဒီတုန်းက အမေညိုက ကျုပ် ဒွေးလေးတော်တဲ့ သူ့သမီးအငယ်ဆုံးနဲ့ အတူနေပါတယ်။ ကျုပ်ကလည်း ရပါတယ်အမေရာ.. ဘာခက်တာမှတ်လို့ ဆိုပြီး.. အမေ့ရဲ့ ဥယျဉ် မြေယာတွေကို အပိုင်စီးထားတဲ့ ဘကြီး(အမေ့ရဲ့သားကြီး၊ အဖေ့ရဲ့အစ်ကို)ဆီ သွားပြီး “အမေက ကျောင်းထိုင်ကိုယ်တော်ကို သင်္ဃန်း ကပ်လှူချင်တဲ့အကြောင်း.. ဖြူစင်သန့်ရှင်းတဲ့ အမေ့ရဲ့ကိုယ်ပိုင်ငွေနဲ့ လှူဒါန်းနိုင်ဖို့အတွက်.. သူပိုင်ဖြစ်တဲ့ ဒီမြေယာတွေထဲက အကွက်လေးတစ်ကွက်ကို အခု ရောင်းပေးဖို့” ဆရာကြီး လုပ်ပြီး သွား ပြောတာပေါ့။ ဘကြီး က “မင့်အဖေ ငါ့ညီတောင် ဒီကိစ္စမျိုး ငါ့ကို လာမပြောရဲဘူး... (အမွေကိစ္စပြောတယ်များ ထင်နေသလားမသိ)၊ ကျန် နှစ်မ ၂ ယောက်ဆို ဝေးရော..၊ မင်းက ဘာကောင်လဲ..ကွ” ဆိုပြီး ကြိမ်းမောင်းလို့ ကုတ်ကုတ်ကလေး ပြန်ခဲ့ရပါတယ်။ အမေ့ကို သွားပြောဖို့ တိုက်တွန်းပေမဲ့.. သူ့သားကြီးအကြောင်း သိဟန်တူပါရဲ့... လုံးဝမပြော။ နောက်ဆုံးတော့.. ကဲ.. အမေ လှူချင်တဲ့သင်္ဃန်း အားလုံး ဘယ်လောက်ကျမလဲ ဆိုတာ ကျောင်းထိုင်ဆရာတော်ကို လျှောက်ခဲ့ပါ လို့ အားပေးတိုက်တွန်းရတော့တာပေါ့ (အဲဒီအချိန်က ကျုပ်တို့ရွာမှာ လူကြီးတွေအတွက် ညနေတိုင်း တရားပွဲ ရှိပါတယ်)။ အမေ တရားပွဲက ပြန်လာတော့.. “ငါ့မြေးရေ.. သုံးထောင်လောက်ဆို ရတယ်လို့ ပြောတယ်..၊ ငါ့ မြေးမှာ ရှိရဲ့လား” လို့ စိုးရိမ်စိတ်နဲ့ အမောတကော မေးရှာပါတယ်။ ကျုပ်ကလည်း “အဲဒီလောက်တော့ ရှိပါတယ် အမေရာ.. ဘာမှမပူနဲ့”လို့လည်း ပြောလိုက်ရော... အမေ့နှုတ်က “ဟိုဟာမတွေ ငါ့မြေးကို သိပ် အထင်သေးကြတယ်..၊ စာမေးပွဲဖြေဖို့ မန္တလေးမှာ အကြာကြီးနေခဲ့တာဆိုတော့ ရန်ကုန်ပြန်ဖို့ လမ်းးစရိတ်ကလွဲလို့ ပိုက်ဆံ မရှိတော့ဘူးလို့ ပြောနေကြတယ်” ဆိုပြီး ထွက်လာပါလေရော...။ ဟာ...အမေ.. အဲဒါ ဘယ်သူက ပြောတာလဲ လို့ ကျုပ်က မေးတော့... မျက်နှာချင်းဆိုင်က ဈေးဆိုင်နဲ့အိမ်ကြီးကို မေးငေါ့ပြပါတယ်။ အဲဒီအိမ်မှာ ကျုပ်နဲ့ရွယ်တူ အတန်းတူ ကောင်မလေး(သူက ၈ တန်း ကျတော့ ကျောင်းထွက်ပြီး ဈေးရောင်းနေတာပါ) တစ်ယောက်ရှိပါတယ်။ သူတို့က ချမ်းသာကြပေမဲ့ အမေ့ကိုတော့ ဟိုတုန်းက ကျေးဇူးစား-ကျေးဇူးခံ ရှိတယ်ဆိုပြီး ဂရုစိုက်ကြပါတယ်။ အမေက အဲဒီအိမ် အလည်သွားရင်း သင်္ဃန်းကပ်ဖို့အကြောင်း ပြောကြတော့ ကျုပ်သူငယ်ချင်းကောင်မလေး(သူငယ်ချင်းလို့ ပြောပေမဲ့ ၁၀ တန်းအောင်သည်အထိ စကား လေးလုံးပြည့်အောင် မပြောဘူးပါ) နဲ့ သူ့ဘော်ဒါတွေက ကျုပ်မှာ အဲလောက်ပိုက်ဆံ မရှိနိုင်တော့ဘူးလို့ ပြောလိုက်ကြဟန် တူပါတယ်။ သူတို့ တွေးကာပြောတာက သဘာဝကြပေမဲ့ အမေက သူ့မြေးကို ထိတော့ မခံချင်စိတ် ဖြစ်ခဲ့မိဟန်တူပါရဲ့..။
မပြန်ခင် တစ်ရက်မှာ အမေ ကပ်လှူချင်တဲ့ရွှေသင်္ဃန်းအတွက် ငွေသုံးထောင်ကို အမေ့လက်ထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ကာ ကန်တော့လို့ အလုပ်ရှိရာ ရွှေမြို့တော်ဆီ ပြန်ခဲ့ပါတော့တယ်။
ကျုပ် အဆင်ပြေလို့ အမေ လုပ်ချင်တာတွေ လုပ်ပေးနိုင်လောက်(ကျေးဇူးဆပ်နိုင်လောက်တဲ့)တဲ့ အချိန်ကြတော့.. အမေက လူ့လောကကြီးမှ ထွက်ခွာသွားခဲ့ပါပြီ...။
အမေ (အမေညို) တစ်ယောက် ကောင်းရာသုဂတိ ရောက်ပါစေ...။

0 comments: