Friday, December 12, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၈)

စာမေးပွဲဖြေပြီးတာနဲ့ ရွာကို တန်းပြန်တာဆိုတော့ နှစ်စဉ် (၅)ရက်လောက် နေခွင့် ရပါတယ်။ မိသားစုစီးပွားရေးလေး အဆင်ပြေလာတာနဲ့အမျှ.. လူတွေရဲ့ပေါင်းသင်းဆက်ဆံရေးကလည်း တစ်နှစ်နဲ့ တစ်နှစ် သူမတူအောင် ပြောင်းလဲတိုးတက်လာတာကို တွေ့လာရပါတယ်။ အရင်တုန်းက ဆေးဖေါ်ကြောဖက် မလုပ်တဲ့သူတွေက ခေါ်ခေါ်ပြောပြော လုပ်လာကြပါတယ်။ နေ့စဉ်နေ့တိုင်း ရောင်းနေတဲ့ မိသားစုအကြော်ဆိုင်လေးကနေ ငါးခြောက်ငါးခြမ်းနဲ့ ငါးပိ ပုဇွန်ခြောက် ရောင်းတဲ့ လက်ကားဆိုင်လေး အဖြစ် တစ်ဆင့်မြှင့်လိုက်တာပေါ့။ ကျုပ် အမေက သူ့မိခင် ရှိရာ ရန်ကုန်ကို မကြာခဏ လာတတ်နေတာက စပြီး ငါးခြောက်ရောင်းဖို့ ဖြစ်လာတာပါ။ အမ(အမေ)လာတဲ့ အခါ “သူ့အမေ ကျုပ်တို့အဖွားက တစ်ပြားမှပေးဖို့(ချေးငှားဖို့)မစဉ်းစားပေမဲ့.. ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်ကို.. မင်းတို့အမေကို ဘယ်လောက် ပေးလိုက်ကြအုံး”ဆိုပြီး အမိန့် ထုတ်တတ်ပါသေးတယ်။ ကျုပ်တို့ကလည်း အဆင်ပြေလှချည်ရဲ့တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေစရိတ်-စားစရိတ်၊ ပညာသင်စရိတ် က ပိုမှ အငယ်တွေရဲ့ ကျောင်းစရိတ် အဖြစ် ထောက်ပံ့ပေးနိုင်တာပါ။ အဲဒီပေးလိုက်တဲ့ငွေလေးကို အမေက ရန်ုကုန်ကနေ ငါးခြောက်ငါးခြမ်း ဝယ်သွား.. ရွာရောက်တော့ ပြန်ရောင်း... ပေါ်လာတဲ့ငွေ ကိုမှ အဆင်ပြေသလို လှည့်ပတ်သုံးကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တတွေ အရင်ကလို မျက်နှာမငယ်ကြရတာကတော့ အမှန်ပါ။ ဒါပေမဲ့ ကျုပ်အဖေကတော့ အရင်ကထက် ပို ပို ဆိုးလာတယ် ပြောရမှာပါ။ မနက်ပိုင်းမှာလည်း အကြော်က မရောင်းတော့ အလုပ်ကမရှိ၊ နေ့လည်နေ့ခင်းကြတော့လည်း ထိုနည်းလည်းကောင်း ဆိုတော့ သောက်ဖို့ အချိန် ပိုရသွားခဲ့ဟန်တူပါတယ်။ နှစ်ပေါင်းများစွာ စိတ်ကျဝေဒနာ ခံစားနေရတဲ့ အရှုံးသမား တစ်ယောက်က “အခု သူ့မှာ ရန်ုကုန်မြို့တော်ကြီးမှာ ကျောင်းတစ်ဘက်နဲ့အလုပ် လုပ်နေပြီး ငွေကြေးအနည်းငယ် ပြန်လည်ထောက်ပံ့နိုင်တဲ့ သားနှစ်ယောက်ရှိနေပြီ..” ဆိုတော့ စိတ်အားမာန်တွေ ပြန်တက်လို့ ရမ်း နေတော့တာပေါ့။ ကျုပ် ရွာပြန်ရောက်တဲ့ နေ့ ဆိုရင် ပို ဆိုးသေးသဗျာ။ အဲ.. ထူးခြားတာက နောက်တစ်ရက်က စလို့ ကျုပ်မပြန်မချင်း မသောက်ပြန်ဘူး။
ကျုပ်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ကျုပ်တို့ ညီအစ်ကိုမောင်နှမတတွေ ကိုယ်ကာယကို ရင်းနှီးပြီး လုပ်ကိုင်စားသောက်ရတဲ့ လက်လုပ်လက်စားဘဝ(Blue-collar) ကနေ ဉာဏ်ပညာကို အသုံးပြုလုပ်ကိုင်စားသောက်ရတဲ့ ဉာဏ်ဏအလုပ်သမား(White-collar) အဖြစ် ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ဖို့ပါ။ စီးပွားဥစ္စာ ကြီးပွားဖို့ထက် ဘွဲ့ရပညာတတ် ဖြစ်ဖို့က အဓိကဦးစားပေးပါ။ ဒါကြောင့်လည်း ဒီလိုသာ ကျုပ်အဖေ လုပ်နေရင် ကလေးတွေ ဒုက္ခရောက်နိုင်တယ်ဆိုပြီး နောက်ပိုင်းမှာ ယောက်ျားလေးတွေကို အဆောင်မှာအတူနေ..၊ အငယ်ဆုံး မိန်းခလေးနှစ်ယောက် အတွက် ရန်ကုန်က အဖွားနဲ့ အဒေါ်ကို တောင်းပန်ပြီး ငွေကြေးအပြည့်အဝ ထောက်ပံ့ကာ ထား..၊ သူတို့က မထားနိုင်ဘူးဆိုတဲ့ နှစ်မှာ ရွာက အဒေါ်ဝမ်းကွဲဆီ ပြန်ပို့...၊ အငယ်ဆုံးတစ်ယောက် ၁၀ တန်း မအောင်မချင်း ခင်ဗျားတို့ မိဘတွေကို တစ်ပြားမှ မထောက်ပံ့နိုင်ဘူး..လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။ စားစရာမရှိရင်.. အခုနေတဲ့ အိမ်ဝင်းကို ရောင်းစားကြလို့လည်း ဆိုခဲ့ပါတယ်။ တကယ်လည်း ပြောတဲ့အတိုင်း ကျင့်သုံးခဲ့တာမို့ .. ရွာက ဆွေမျိုး ရွှေမျိုးတွေက ကျုပ်ကို “ဒိတ္ထိ”လို့ ခေါ်ဝေါ်သမုဒ်ခဲ့ကြပါကြောင်း...။

0 comments: