Saturday, December 27, 2008

ကျုပ်ဘဝတစေ့တစောင်း(၃၅)

မြင်တွေ့လိုက်ရတော့... စီဘောက်စ်မှာ “ညီလေး” ရေးခဲ့သလို လှေခါးပေါ်ကနေ ခုန်မချဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့... ကျုပ် လုံးဝ မျှော်လင့်မထားတဲ့ သူမ ဖြစ်နေတာကြောင့်... အရမ်း... အရမ်း..ကို အံ့သြခဲ့ရတာပါ။ ကျုပ်ကို မြင်တာနဲ့ ထိုင်ရာမှ ထ ကာ...“သူ ညက တော်တော်နှင့် အိပ်မပျော်၍ အိပ်ယာထ နောက်ကျခဲ့ကြောင်း...၊ ဆိုင်ကို ၇ နာရီ အတိ ရောက်ပေမယ့် ကိုမိုးက မရှိတော့လို့.. ကမန်းကတတန်း အဆောင်ပြန် ရေချိုး.. အဝတ်အစားလဲကာ... “ဒီနားမှာပဲ နေပါတယ်” ဆိုတဲ့ ကိုမိုးရဲ့စကားကို အမှတ်ရပြီး... ဒီ အနီးအနား တဝိုက်က အမျိုးသားဆောင်တွေကို တစ်ဆောင်ပြီး တစ်ဆောင် လိုက်မေးနေတာ တစ်နာရီကျော် ကြာပြီဖြစ်တဲ့အကြောင်း...၊ အခုနောက်ဆုံး ဒီ “မိုး” အဆောင်ကို ရောက်လာမှ ကံအားလျော်စွာ တွေ့ရတဲ့အကြောင်း...” အင်အားမဲ့တဲ့ အပြုံးမျက်နှာနဲ့ ရှင်းလင်းရေး ဝင်ပါတော့တယ်။ ကျုပ်ကလည်း မနက် ၆ နာရီိ ကတည်းက ဆိုင်မှာ ၄၅ မီးနစ်တိတိ တစ်ယောက်တည်း ထိုင်စောင့်နေခဲ့ကြောင်း...၊ မိန်းမ တစ်ယောက်ကို ပထမဦးဆုံး စောင့်ဖူးတာ ဖြစ်တဲ့အကြောင်း...၊ မဆွေ အနေနဲ့ ပြောထားတဲ့အချိန်အတိုင်း အရောက်လာသင့်ကြောင်း..၊ အချိန်ကို လေးစားသင့်ကြောင်း...၊ ကျုပ်ဟာ မဆွေ တွေ့ဖူးတဲ့ ယောက်ျားတွေနဲ့ မတူကြောင်း..၊ ကျုပ်ကို အရူး မလုပ်သင့်ကြောင်း... စသဖြင့်” ဖီလ်လင် အပြည့်နဲ့ ဟစ်တာပေါ့ဗျာ။ ကျုပ် ဘယ်လောက်တောင် ဟစ်လိုက်သလဲ မပြောတတ်ဘူး...၊ နှစ်ယောက်သမား ငြိမ်ကျသွားလိုက်ကြတာ.. တော်တော်နဲ့ကို စကား ပြန်မပြောဖြစ်ခဲ့ကြပါဘူး။ အချိန် တော်တော်လေး ကြာမှ “ ကဲပါ... မဆွေ မှားတယ်ပဲ ဆိုကြပါစို့...၊ အခု သွားကြရအောင်” လို့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်မှ ကျုပ်လည်း သတိပြန်ဝင် လာပါတော့တယ်။ ဒါဆိုလည်း “ခဏစောင့်လေ” ဆိုပြီး အပေါ်ထပ် ပြန်တက်လို့ အဝတ်အစား လဲရတာပေါ့။ ကျုပ်က အဖြူရောင်အနက်စင်း ရှပ်အင်္ကျီ လက်ရှည် ကို ကိုယ်ပိုင် တစ်ထည်တည်းသာရှိသော မိုးပြာရောင် ဂျင်းဘောင်းဘီ နဲ့ ဝတ်လို့... အပေါ်က ရန်ကုန်ဆောင်းမှာ သုံးတဲ့ ခတ်ပါးပါး အဝါနုရောင် လည်ကတုံးကုတ်ကလေးနဲ့ အတူ ရှိုးလုပ်လို့ ဆင်းလာတာပေါ့ဗျာ။ အောက်ထပ်လည်း ရောက်ရော... သူမက ရွှန်းမြမြ မျက်လုံးတွေနဲ့ ကျုပ်ကို အသေအခြာကြည့်လို့ “ အခု သွားမယ့် တရုပ်တန်းဈေးဘက်မှာ သနပ်ခါး(တုန်း) ရောင်းနေတဲ့ မဆွေတို့ရွာက ဈေးသည်တွေ ရှိတယ်..၊ ဒီတော့... ကိုမိုးရဲ့ ဘောင်းဘီရှည်ကြီးနဲ့တော့ ဖြစ်မှာမဟုတ်ဘူး...၊ ပုဆိုး ပြန်သွားလဲလိုက်ပါ” လို့ အမိန့်ပေးပါတယ်။ ကျုပ်လည်း သူမရဲ့ အမိန့်တော်အတိုင်း ပုဆိုး ပြန်လဲကာ... နှစ်ယောက်သမား တရုပ်တန်း ရှိရာ မန္တလေးဘူတာကြီးဘက်ဆီ စက်ဘီးကိုယ်စီ နင်းလို့ ချီတက်ခဲ့ကြပါတော့တယ်။
တရုပ်တန်း ရောက်တော့ သူမ နောက်က တကောက်ကောက် လိုက်ရတာပေါ့ဗျာ။ ဆရာမ နောက်က တပည့်တစ်ယောက် လိုက်ရသလိုပါပဲ...။ အဟုတ်ကို သူမပြောခဲ့သလို... လမ်းဘေးမှာ သနပ်ခါး ရောင်းနေတဲ့ သူတွေအားလုံးက သူမကို ဝိုင်းဝန်းနှုတ်ဆက်နေကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့အရေးတယူ နှုတ်ဆက်တာကို မြင်ရတော့... အင်း... သူမလည်း ရွာမှာတော့ ခေသူမဟုတ်လောက်ဘူးလို့ တွေးလိုက်မိပါရဲ့။ အဲဒီလို အချိန်ဆိုရင် ကျုပ်ကတော့ သူမ နောက်မှာ ခတ်ခွာခွာလေး ရပ်လို့ မသိသလိုနဲ့ ဟိုငေး ဒီငေး လုပ်နေရတာပေါ့။ ဒါတောင်မှ တစ်ချို့ဈေးသည်တွေက ကျုပ်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြပါသေးတယ်။ တော်သေးတာပေါ့ ဘောင်းဘီရှည် မဝတ်ခဲ့မိလို့...။
တရုပ်တန်းက သူမ ဘာတွေ ဝယ်ခဲ့တယ်ဆိုတာတော့ ကျုပ် မမှတ်မိ။ ကျုပ် မှတ်မိတာက အဲဒီက ပြန်ထွက်တော့ ညနေ စောင်းနေပါပြီ။ နေ့လည်စာ ထမင်းလည်း ငတ်ခဲ့ရပါတယ်။ ထမင်း စားဖို့ ပြောပြန်တော့လည်း ဒီထဲမှာ ဈေးကြီးတယ်... စားမနေနဲ့ ဆိုလို့ အသာလေး ငြိမ်နေခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ သူမကို သီတဂူဆောင် ပြန်လိုက်ပို့ရင်း... ရွာပြန်ဖို့ မနက်ဖန် မနက် ၆ နာရီ လာခေါ်မှာ ဖြစ်တဲ့အတွက် အဆင်သင့် လုပ်ထားဖို့ မှာကြားပြီး... ဆာနေတဲ့ဗိုက်ကို အဟာရ ဖြည့်တင်းဖို့အရေး “ရိုးရိုးလေး”ကို တစ်ယောက်တည်း သုတ်ခြေတင်ရပါတော့တယ်။ တွတ်ပီတို့ ကံဆိုးချိန်ပေါ့။
နောက်နေ့မနက် ၇ နာရီ ခွဲလောက် မုံရွာ ကားဂိတ်ကို ရောက်တော့ ရှေ့ခေါင်းခန်း နှစ်ယောက်စာ ရှိသေးတယ် ဆိုတာကြောင့် ကျုပ်တို့ နှစ်ယောက်က ရှေ့ခန်းမှာထိုင်... ဒါရိုက်တာ လှဆွေက အလိုက်သိစွာ နောက်ခန်းမှာ ထိုင် လို့ မြန်းကြတာပေါ့။ လမ်းတစ်လျှောက်မှာလည်း စကား အများကြီး မပြောဖြစ်ကြပါဘူး။ ကျုပ် စိတ်ထဲမှာတော့ မုံရွာရောက်ရင် လက်ဘက်ရည်ဆိုင် အတူထိုင်ပြီး ခွဲခွာခါနီး ဘာတွေပြောရရင် ကောင်းမလဲ ဆိုတာကို စဉ်းစားလို့ နေတာပေါ့။ မုံရွာ ရောက်ရင် လှဆွေက သူ့သူငယ်ချင်းအိမ်မှာ တည်းပြီး...၊ မဆွေက သူ့အဒေါ်အိမ်မှာ တည်းမယ် ဆိုပါတယ်။ ဟိုရောက်တော့ အထုပ်အပိုးတွေက များနေတာကြောင့် မဆွေရဲ့အဒေါ်အိမ်ကို အရင်သွားကြပါတယ်။ အိမ်ပေါက်ဝ ရောက်တော့ ခြံဝန်းကျယ်ကြီးထဲက မိန်းမကြီးနှစ်ယောက် ထွက်လာပြီး သူ့စက်ဘီးနဲ့ အိတ်တွေကို ယူသွားကြလေရဲ့။ မဆွေကလည်း သူတို့နောက် မလိုက်ခင် ကျုပ်တို့ဘက် လှည့်ကာ...“အခုလို လိုက်ပို့တာ ကျေးဇူးတင်ပါတယ်၊ မဆွေက အိမ်ထဲ ဝင်ပြီးရင် ပြန်ထွက်လို့ မရတော့ဘူး..၊ ဒါကြောင့် ကိုမိုးကို တခါတည်း နှုတ်ဆက်လိုက်ပါတယ်” ဟု ဆိုကာ ထွက်ခွာသွားပါတော့တယ်။

0 comments: