Saturday, December 6, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၅)

ဇာတ်လမ်းကိုတော့ ဇာတ်ဆရာ အလိုကျ က လို့ ရပေမဲ့ တကယ့်ဘဝမှာတော့ အလွဲလွဲအချော်ချော် ပါပဲ။ အဲဒီနေ့က ဆရာကန်တော့ပွဲ ပြီးတော့ သူမ ပြန်မယ့် အချိန်ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတာပေါ့။ သူမ ကလည်း သူငယ်ချင်းတွေနဲ့အတူ စက်ဘီးကိုယ်စီ တွန်းလို့ ကျောင်းကအထွက်.. ကျုပ်တို့ကလည်း မသိမသာ နောက်ကလိုက်…၊ သူတို့အဖွဲ့က စက်ဘီးမစီးကြပဲ.. တောက်လျှောက် စကားတပြောပြောနဲ့ ရှေ့က သွားနေကြတာကို.. ကျုပ်တို့အဖွဲ့က စိတ်မရှည်…။ ဆိုတော့ ဒါရိုက်တာက သူမ အဆောင်ထိပ်က သွားစောင့်မယ်ဆိုပြီး စက်ဘီးကိုယ်စီ နင်းကာ အရင်သွားနှင့်ကြပါတယ်။ “သီတဂူ”ဆောင်ဟာ မိန်းလမ်းဘက်က ဝင်ပေါက် တစ်ပေါက်ပဲ ရှိတာဆိုတော့ အဆောင်ရှေ့က လက်ဘက်ရည်ဆိုင်(နံမည် မေ့နေ)မှာ ထိုင်စောင့် နေရင် ဘယ်လိုမှ မလွဲနိုင်ဘူး ဆိုတဲ့ တွေးဆချက်နဲ့ပါ။ ဆိုင်မှာထိုင်ကာ လေပေါနေရပေမဲ့ ကျုပ်တို့ရဲ့မျက်လုံး ရှစ်လုံးက လမ်းမပေါ်က တစ်လက်မမှ မရွေ့…။ ပေါ်ချိန်တန်လို့မှ ပေါ်မလာသူကို လည်ပင်းတရှည်ရှည်နဲ့ မျှော်ရတဲ့ဒုက္ခက ကြုံတွေ့ခံစားဘူးသူတိုင်း သိမှာပါ။ မင်းသားက Ready ဖြစ်နေတဲ့အချိန်.. မင်းသမီးက ရောက်မလာတော့.. ဒါရိုက်တာ အရာတော်လှဆွေတစ်ယောက် ပျာယာခတ်နေပြီပေါ့။ နောက်ဆုံးတော့ မင်းသမီး စတည်းချရာ သီတဂူ ကို စုံစမ်းထောက်လှမ်းဖို့ အရေး ဒါရိုက်တာ ပြေးလေရဲ့…။ Shopping က ပြန်မလာသေးဘူး ဆိုတဲ့အဖြေနဲ့ ဒါရိုက်တာ ရှေ့ဆက် ကရမယ့်ဇာတ် တစ်ကြိမ်ပြန်ကာ အော်ဒါ ပေးပြန်တာပေါ့..။ နာရီဝက်လောက် ကြာတော့ နောက်တစ်ခါ သွားမေးပြန်ပေမဲ့.. မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါရိုက်တာကအစ ဇာတ်ပို့အဆုံး မင်းသမီးကို ဆက်လက်စောင့်စားဖို့အရေး စိတ်မရှည်နိုင်တော့ဘူး ဆိုတဲ့ ဒေါသသံလေးတွေ ထွက်လာပါတယ်။ ကျုပ်ကလည်း ၆ နာရီ ထိုးလို့မှ မလာရင် ပြန်ကြတာပေါ့…၊ မိန်းမတစ်ယောက်ကို တွေ့ဖို့အရေး ဒီလောက်အထိ ဒုက္ခခံစရာ မလိုဘူးလို့ ထည့်လိုက်ပါတယ်။ အမှန်တကယ်က ကျုပ်ကိုယ်တိုင်လည်း စိတ်တိုနေပါပြီ။ တဆက်တည်းမှာပဲ သူမ မှာ ကိုယ့်ထက်ဦးသူ အခြားတစ်ယောက် ရှိနေပြီလား…၊ သူ့အဆက်နဲ့ လက်ဘက်ရည်ဆိုင် ထိုင်နေတာ နေမှာပေါ့…၊ ဒီလိုမဟုတ်ရင် သူငယ်ချင်းတွေနဲ့အတူ မန္တလေးမြို့ရဲ့ နံမည်ကြီး ရဲသိပ္ပံအနားက ဘူးသီးကြော်ဆိုင် ရောက်နေတာလား…၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီး သူတို့ ၂ ယောက်ထဲ မန္တလေးကျုံးဘေးမှာ ထိုင်ကာ စကားပြောနေကြတာလား… စတဲ့စတဲ့ အတွေးတွေက ကျုပ် ခေါင်းထဲကို ပလူ့ပျံအောင် ဝင်ရောက်နေပါတော့တယ်။ ကျုပ်လည်း ယောက်ယက်ခတ် ဝင်ရောက်နေတဲ့ အတွေးစတွေကို ဖြတ်ခနဲ ဝင်လာတဲ့အသိနဲ့ အချိန်မှီ ထိန်းချုပ်ကာ… ကဲ ကိုယ့်လူတို့ ၆း၄၅ နာရီ ရှိပြီ.. ပိုက်ဆံရှင်း.. ပြန်ကြမယ် လို့ ပြောလိုက်ပါတယ်။ ဆိုင်ကအထွက် နောက်ဆုံးအနေနဲ့ မေးလိုက်အုံးမယ်..ဆိုပြီး ဒါရိုက်တာလှဆွေတစ်ယောက် သီတဂူ အပေါက်ဝ ရောက်သွားပြန်ပါတယ်။ အဲ.. ဒီတစ်ခါတော့ လှဆွေတစ်ယောက် ပြုံးဖြဲဖြဲနဲ့ ကျုပ်တို့ဘက် လှည့်ကာ သူ့ဆီ လာခဲ့ဖို့ လက်ရပ်လို့ ခေါ်နေပါပြီ။ ကျုပ်တို့လည်း သူ့ဆီအရောက်… သူမ ကလည်း “ငါ အခုမှ ဆရာကန်တော့ပွဲ က ပြန်ရောက်ခါစပဲ ရှိသေးတာ” ဆိုတဲ့ စကားပြောသံနဲ့အတူ အဆောင်တွင်းမှ တစ်လှမ်းချင်း ထွက်လာခဲ့ပါတော့တယ်။

0 comments: