Monday, December 8, 2008

ကျုပ်ဘဝတစေ့တစောင်း(၂၆)

အဝေးသင် တတိယနှစ် အရောက်မှာတော့ ရန်ကုန်မှာ အလုပ် လုပ်ရတာ စိတ်ပင်ပန်း-လူပင်ပန်း ဖြစ်တာကြောင့် စောစောအနားယူဖို့ မန္တလေးကို တစ်ပတ်လောက်စောပြီး ထွက်ခဲ့ပါတယ်။ အဆောင်မှာလည်း အရင် ၂ နှစ်က မိုးမလုံ လေမလုံ ဝရန်တာ မှာ နေခဲ့ရပေမဲ့.. ဒီနှစ်တော့ သီးသန့် နှစ်ယောက်ခန်း တစ်ခန်း ရပါတယ်။ ကျုပ်သူငယ်ချင်း အောင်ဆင်က ကြွမလာသေးတော့ ကျုပ်တစ်ယောက်တည်း အိပ်လိုက်..၊ စားလိုက်..၊ စာလေးဖတ်လိုက်..၊ အဆောင်ပိုင်ရှင်- အဆောင်မှူး အစ်မကြီး(သူ့အမေ အန်တီကြီးက အနားက တစ်ဖဝါးမှ မခွါ) နဲ့ လေပန်းလိုက်..၊ ဘုရား..သွားလိုက်..၊ ကျောင်းဘက်သွားလိုက်နဲ့ အေးအေးဆေးဆေး ပေါ့ဗျာ။ တစ်ရက်တော့ ပျင်းပျင်းရှိတာနဲ့ ကျောင်းဘက်ကို လမ်းလျှောက်အသွား.. ရှေ့တူရူက မျက်နှာချင်းဆိုင် လာနေတဲ့ အတန်းထဲမှာ ကျုပ်နဲ့ မျက်မှန်းတမ်းမိနေတဲ့ ချင်း ကျောင်းသား လေးယောက်နဲ့ တွေ့ပါလေရော…။ တွေ့တာနဲ့.. အဲဒီအထဲကတစ်ယောက်က “ခင်ဗျားက..ဒီနှစ်လည်း ၂ ဘာသာပဲနော်…၊ ကျနော်ကတော့ ဒီနှစ် ၁ ဘာသာပဲ ပါတယ်ဗျာ” လို့ ဆီးကာ ပြောပါတယ်။ ကျုပ်လည်း သူ့ဆီက မထင်မှတ်တဲ့ နှုတ်ဆက်သံကို ကြားလိုက်ရလို့ ဘာပြန်ပြောရမှန်းမသိအောင် ကြောင်အမ်းအမ်း ဖြစ်နေတုန်း… နောက်မှ တွေ့ကြသေးတာပေါ့..ဆိုပြီး ပြောပြောဆိုဆို ဆက်လက်ထွက်ခွာ သွားကြပါတော့တယ်။ ကျုပ်ကလည်း ထူ(ဒူ)လိုက်ပုံကတော့ “လာဗျာ.. မိတ်ဖြစ်ဆွေဖြစ် လက်ဘက်ရည်လေး ဘာလေး သောက်ကြရအောင်”လို့တောင် မခေါ်လိုက်မိပါဘူး။ အဲဒီ နှုတ် နည်းတဲ့ ကျုပ်ရဲ့အားနည်းချက်ကြောင့် သူတို့ကို လူတွေ့ရင် သိနေတာကလွဲလို့ မိတ်ဆွေသူငယ်ချင်း အဖြစ် ခင်မင်ခွင့် မရရှိခဲ့ပါဘူး။ ဝမ်းနည်းစရာတစ်ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကို သတိထား ဂရုစိုက် ကြည့်နေတဲ့သူ ရှိနေပါလား…ဆိုတာကို အမှတ်မထင် အံ့သြဖွယ်ရာ သိရှိခွင့် ရရှိခဲ့ပါတယ်။ ရိုးသားစွာနဲ့ ကြိုးစားသူတွေရဲ့အောင်မြင်မှုအတွက် အသိအမှတ်ပြု လက်ခံအားပေးမယ့်သူ (အများကြီး မရှိရင်တောင်) တစ်ယောက်တစ်လေ ရှိနေပါလား..ဆိုတာကို သိရပြန်တော့..၊ ပိုလို့..ပိုလို့ ကြိုးစားလိုတဲ့စိတ်ဆန္ဒတွေ ရင်မှာ ကိန်းအောင်းလို့ နေတော့တာပေါ့။
တွတ်ပီ တို့ ကံကောင်းချင်ပြန်တော့လည်း ဆက်တိုက်ဆိုသလိုပါပဲ..။ နောက်နေ့မနက် ၇ နာရီ လောက်မှာ အဆောင်က ကျုပ်အစ်မကြီးက ရပ်ကွက်အလှူလှည့်လေး ရှိတယ်.. မင်း ပျင်းရင် လိုက်ကြည့်ပါလား..လို့ ဆိုတာနဲ့ လိုက်သွားပါတယ်။ အစ်မကြီးက အဲဒီရပ်ကွက်မှာ အပျိုခေါင်း (တောမှာတော့ အပျိုခေါင်း၊ လူပျိုခေါင်း လို့ ခေါ်ကြပါတယ်။ မြို့မှာတော့ ကျုပ် မသိ)လို့ ထင်ပါတယ်။ အလှူက သေးသေးလေးပါ။ ပြီးတော့ သီတဂူဆောင်နဲ့ မျက်စောင်းထိုးလောက်မှာပါ။ ကျုပ်က လမ်းရဲ့ ဒီဘက်ချမ်းမှာ နေခဲ့ပြီး၊ အစ်မကြီးက ငွေစက္ကူယပ်တောင်လေးတွေ ကိုင်ထားတဲ့ ခလေးမလေးတွေကို အစဉ်တကျတန်းစီဖို့ ကြီးကြပ်လမ်းညွှန်မှု ပေးနေတာကို ငေးနေတာပေါ့။ တခါတလေတော့ ကျုပ်ကိုလည်း လှမ်း…ကြည့်တတ်ပါတယ်လေ။ မကြာခင်မှာပဲ မဖြစ်စလောက် ဒိုးပတ်ဝိုင်းလေးနဲ့ အလှူလှည့်လေး စတင်ပါတော့တယ်။ အဲဒီမှာပေါ့ဗျာ… ဆိုင်းသံဗုံသံ ကြားရင် အိမ်ရှိလူကုန်မကျန် ထွက်ကြည့်လေ့ရှိတဲ့ တောဓလေ့အတိုင်း “သီတဂူဆောင်” ထဲက မိန်းခလေးတွေ တစ်အုပ်ကြီး ထွက်လို့လာတော့… အရင်နှစ်က တစ်ကြိမ် မိတ်ဆက်ခဲ့ဖူးတဲ့ ကျုပ်ရဲ့မဆွေကို အမှတ်မထင် တွေ့ခွင့်ရလိုက်တာပေါ့…။

0 comments: