Tuesday, December 16, 2008

ကျုပ်ဘဝတစေ့တစောင်း(၃၀)

ကျုပ် ရန်ကုန် ပြန်ရောက်လို့ အလုပ်ပြန်ဝင်တော့ ခတ်ကြောင်ကြောင် သတင်းတစ်ပုဒ်က ဆီးကြိုနေလေရဲ့။ ရုံးကို ရောက်ရောက်ခြင်းပဲ လ/ထ မန်နေဂျာဖြစ်နေတဲ့ မဝါက “အညာသား.. လာစမ်း... နင် မန္တလေးမှာ ဘာတွေလုပ်ခဲ့သလဲ”ဆိုပြီး ပုလိပ်စစ် စစ်ပါလေရောဗျာ...။ ကျုပ်ကလည်း ဘာမှမလုပ်ခဲ့ပါဘူး..။ အတန်းမှန်မှန်တက်.. စာမှန်မှန်ကျက်..၊ ပြီးရင် ရွာပြန်... အခု ရွာကပြန်ရောက် ရောက်ခြင်း ရုံးကို တန်းလာတာပဲ လို့ ပြောလိုက်ပါတယ်။ သူကလည်း ရုံးကလူတွေအတွက် ကျုပ် ဝယ်လာတဲ့ မန္တလေးထိုးမုန့် စားရင်း... သေခြာစဉ်းစားစမ်းပါအုန်း အညာသားရယ်.. နင် ငါတို့ကို လိမ်လို့ မရပါဘူး လို့ ဆိုပြန်ပါတယ်။ မမနီလာ ကလည်း “ငါ့မောင် ညာမနေနဲ့.. အာညောင်းတယ်..၊ အမှန်တိုင်း မြန်မြန်ပြောလိုက်”လို့ ချွန်တွန်းလုပ်ပြန်ပါတယ်။ နောက်ဖေးက ထမင်းစားခန်းမှာ ထိုးမုန့် ဝါးနေကြတဲ့ ဘော်ဒါတွေပါ ကျုပ်တို့ရှိရာ ရှေ့စားပွဲ ရောက်လာကြပြီး“ ကိုအညာသားရာ... ရှိုမနေစမ်းပါနဲ့... သတင်းက အတိအကျ ရထားပြီးသား..၊ ဖြောင့်ချက်သာ ပေးလိုက်တော့” ဆိုပြီး ပရက်ရှာ ပေးနေကြပြန်ပါတယ်။ ရော... ခက်ချေပြီ။ ကျုပ်လည်း သေခြာပြန်စဉ်းစားပြီး..ကျုပ်ကတော့ တကယ် ဘာမှမလုပ်ခဲ့ဘူးဗျာ... ခင်ဗျားတို့ သိတယ်ဆိုရင်လည်း အစ ဖေါ်ကြပေတော့လို့ ပြောလိုက်ပါတယ်။ ဒီတော့မှ မဝါက နင် ဒီရုံးဖုန်းနံပါတ်ကို ဘယ်သူတွေကို ပေးထားသလဲ လို့ မေးတော့... ကျုပ်ကလည်း ပျာပျာသလဲနဲ့.. ဟာ.. ရွာက မိသားစုကလွဲလို့ ဘယ်သူ့ကိုမှ ပေးမထားဘူး လို့ တုန့်ပြန်လိုက်ပါတယ် (အမှန်တော့ ကျုပ် စာမေးပွဲဖြေမသွားခင်လေးမှာ MD က ရုံးဖုန်းနံပါတ်ကို လူတိုင်းကို မပေးရဘူးလို့ ကြိမ်းမောင်းထားတာကြောင့်ပါ)။ လူတွေကလည်း MD ပြောရင်လည်း ပြောချင်စရာ..။ အလကား ရတဲ့ ဖုန်း ဆိုတော့ ပြောလိုက်ြကတာများ.... ဟို.. အိုးရှင်း ရဲ့ မွေးရပ်မြေ ရာမဂတ တောင်ပေါ်စခန်းက မိဆိုးလေး နဲ့ သူပြိုင်ကိုယ်ပြိုင်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မဝါကတော့ “နင့်ကို ရွာကလူတွေကို ပေးထားတာ ပြောနေတာမဟုတ်ဘူး.. ငတုံးရဲ့၊ ကျောင်းမှာ ဘယ်ကောင်မလေးကို ပေးခဲ့သလဲလို့ မေးနေတာ..ဟယ့်” လို့ အော်ပါတယ်။ အဲဒီကျမှ ကျုပ်လည်း သတိယ ဇာတ်ရည်လည်ပါတော့တယ်။
ကျုပ်က မဆွေရဲ့ စာအုပ်လေးထဲမှာ ကျုပ်ရဲ့နေရပ်လိပ်စာ ရေးရင်း ရုံးက ဖုန်းနံပါတ်ကိုပါ ပေးထားခဲ့ပါတယ်။ ဆက်သွယ်လိုတဲ့ ဆန္ဒရှိရင်..ဆက်သွယ်နိုင်အောင်ပေါ့ဗျာ..။ အဲဒါကို ရုံးက မယ်မင်းကြီးမတွေက အရင်းမရှိ အဖျားမရှိ “နင် မန္တလေးမှာ ဘာလုပ်ခဲ့သလဲ”လို့ မေးတော့... ကျုပ်ကလည်း မကောင်းတာတွေ ဘာမှ မလုပ်ခဲ့ပါဘူး လို့ တွေးပြီး.. ဘာမှ မလုပ်ခဲ့ပါဘူး လို့ပဲ ဖြေတာပေါ့။(ကျုပ်တို့ စာမေးပွဲ ဖြေနေတဲ့အချိန်မှာ မန္တလေးတက္ကသိုလ်ထဲက ဝါးထရံကပ် အဆောင်တွေ မီးလောင်မှု ဖြစ်ပွားခဲ့တာ ရှိပါတယ်)။ ဆိုတော့... ကျုပ်က စာမေးပွဲဖြေအပြီး ရွာ ပြန်နေချိန်မှာ.. မဆွေ က ကျုပ်ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက် ပါသတဲ့ဗျာ..။ ရုံးက ဖုန်း မြည်သံ ကြားတာနဲ့ ပထမဆုံး ကိုင်ရသူက မဝါ (ဖုန်းက သူ့စားပွဲပေါ်မှာ ရှိပါတယ်) ဆိုတော့...အချင်းချင်း (မိန်းမသားချင်းဆိုတော့ ပိုပြီး အစေးကပ်ဟန် တူပါတယ်) မိတ်ဆက်ပြီးသကာလ... သူမ သိချင်တာလေးတွေ မေးတော့တာပေါ့..။ မေးပုံကလည်း ကြည့်ကြပါအုံး..ဗျာ..။ ဘာတဲ့..“ ကျုပ်က ဒီကုမ္ပဏီမှာ အလုပ် လုပ်နေတယ် ဆိုတာ ဟုတ်ရဲ့လားးးး၊ ဘာရာထူးလည်းးးးး၊ လူပျို ဟုတ်ရဲ့လားးးးးဆိုတာက ထပ်ခါတလဲလဲ...” အို... စသည်ဖြင့် စုံလို့ပါပဲဗျာ..။ မိန်းမ တစ်ယောက်ရဲ့ ချစ်ခြင်းမောတ္တာကို ဘယ်တော့မှ လိမ်ညာဟန်ဆောင် မယူဘူး ဆိုတဲ့ ကျုပ်ကိုမှ စုံစမ်းစစ်ဆေးရေး ဝင်နေပါရောလားးးး။ အရှိကို အရှိတိုင်း ချပြကာ ရယူဖို့ ကြိုးစားမယ့် ကျုပ်လို လူကိုမှ မေးရက်လေခြင်း ရယ်လို့ မကျေနပ်စိတ်နဲ့မာန်မာနတွေ တဟုန်းဟုန်း တောက်ပခဲ့တာကြောင့် ခတ်ကြောင်ကြောင် သတင်းတစ်ပုဒ် ဟု သမုဒ်အပ်ခဲ့ပါကြောင်း...။

0 comments: