Saturday, January 31, 2009

ကျုပ်ဘဝတစေ့တစောင်း(၅၁)

ကျုပ်က ကျူ-ဝမ်း မှာ အတန်းမှန်အောင် မတက်နိုင်ပေမဲ့ ကျောင်းထဲကိုတော့ ညနေအလုပ်က ပြန်လာတိုင်း ရောက်ပါတယ်။ စစ်ကိုင်းဆောင်က မြင့်စိန်ကို ခေါ်ပြီး ရွှေဘိုဆောင်က မင်းဇော်ဦးဆီ သွားကာ တစ်နေ့တာ သင်လိုက်တဲ့ သင်ခန်းစာတွေကို ကော်ပီကူးဖို့ ငှားရတာပေါ့။ တခါတလေတော့ သူကိုယ်တိုင် ကျုပ်အတွက် အပိုကော်ပီ ကူးထားတတ်ပါသေးတယ်။ ကျုပ်က ကျသင့်ငွေ ပေးလိုက်ရုံပါဘဲ။ သင်ခန်းစာတွေ ကော်ပီကူးရင်း ကျုပ်က သူတို့ နှစ်ယောက်ကို တက္ကသိုလ်စာတိုက်ရှေ့က လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်နဲ့အတူ သူတို့စားချင်တာလေးတွေနဲ့ ဧည့်ခံနေကြပါ။ သူတို့က ကျောင်းသားသက်သက်… ကျုပ်က အလုပ်ရှိနေတဲ့သူလေ…။

တခါတရံ မနက်ပိုင်း အတန်းတက်ပြီးလို့ ကျုပ်တို့ အဝေးသင်အဖွဲ့နဲ့ လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်တဲ့အခါ “ ဌာနက အချို့သော ဆရာ-ဆရာမတွေက ကျုပ်တို့ အဝေးသင်ကလာတဲ့သူတွေကို မသိမသာ တစ်မျိုး… သိသိသာသာ တစ်ဖုံ ခွဲခြား နှိမ့်ချ အထင်သေး အမြင်သေးစိတ်တွေ ရှိနေကြတယ်” ဆိုတာကို သိလာရပါတယ်။ ကျုပ်က “ ဟုတ်ပါ့မလား ကိုယ့်လူတို့ရာ…”လို့ ပြောတဲ့အခါ “မယုံရင် တစ်ပတ်လောက် အချိန်ပြည့် လာတက်ကြည့်ဗျာ…” လို့ ဆိုကြပြန်ပါတယ်။ ကျုပ်ကတော့“ အေးဗျာ… သူတို့ ဂုဏ်ထူးတန်းက ကလေးတွေကို ဦးစားပေး အထင်ကြီး မြှောက်စားတာကတော့ သဘာဝကျပါတယ်…၊ ဘာမှ ပြောစရာ မရှိပါဘူး…၊ ဒါပေမဲ့ ဘာဖြစ်လို့ ကျုပ်တို့ အဝေးသင်က လူတွေကို အခြောက်တိုက် အထင်သေးရတာလဲ…၊ အများက အထင်သေးသလို ဆရာ-ဆရာမတွေကပါ ဒီလို ထင်နေကြတယ် ဆိုရင်တော့ ခင်ဗျားတို့ သူတို့ဂုဏ်ထူးတန်းက ကလေးတွေထက် မညံ့ကြောင်း ပြသဖို့ အချိန်ရောက်ပြီပေါ့ဗျာ…” လို့ ပြောလိုက်ပါတယ်။ သူတို့က သိပ် မလှုပ်ကြတာကြောင့် ကျုပ်ကပဲ ဆက်ပြီး “လုပ်နိုင်သလောက် လုပ်ကြတာပေါ့ဗျာ… အချိန်က စကားပြောပါလိမ့်မယ်” လို့ ဆိုရပါတယ်။

အဝေးသင်ကျောင်းသားတွေအပေါ်မှာ လွဲမှားစွာ ထားရှိတဲ့ အချို့သော ဆရာ-ဆရာမတွေရဲ့ သဘောထားတွေကို ပြောင်းလဲသွားအောင် သူငယ်ချင်းတွေကို ကြိုးစားမှုနဲ့ သက်သေပြကြဖို့ တိုက်တွန်းခဲ့သလို ကျုပ်ကိုယ်တိုင်လည်း ပါဝင်ကပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တဲ့ အရာပေါ့ဗျာ…။ ကျုပ်တို့တတွေ ဂုဏ်ထူးတန်းက ကလးတွေထက် မတော်ရင်တောင်… သူတို့ထက် မညံ့ဘူး ဆိုတာကို အမှန်တကယ်သာ သက်သေပြနိုင်ခဲ့ရင် ဆရာ-ဆရာမတွေ အသိအမှတ်ပြုလာနိုင်ပါတယ်(သူတို့လေးတွေထက် သာတယ်ဆိုတာ ပြသနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့)။ ဒီကတစ်ဆင့် အဝေးသင်ကလာတဲ့သူတွေလည်း ကြိုးစားကြသားဘဲ…။ ထိုမှတစ်ဆင့် အဝေးသင်ကျောင်းသားတိုင်း မညံ့ပါလား..ကနေ အဝေးသင်ကျောင်းသားတွေလည်း အဆင့်မြင့်ပညာ ဆက်သင်ဖို့ အရည်အချင်းရှိသူတွေပါဘဲလား… အထိ လက်ခံအသိအမှတ်ပြု လာနိုင်တာပေါ့။
ဒီအဆင့်တွေ ရောက်ဖို့ နှစ်တွေ ဘယ်လောက် ကြာအုံးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး…။ ဒါပေမဲ့ တနေ့နေ့တော့… တနေ့နေ့တော့…။

0 comments: