Monday, November 3, 2008

ကျုပ်ဘဝတစေ့တစောင်း(၄)

တက္ကသိုလ်စာပေးစာယူသင်တန်းလျှောက်လွှာတင်ဖို့အတွက် ယင်းမာပင်မြို့နယ်ပညာရေးမှူးရုံး
(မုံရွာခရိုင်)ကို သွားရပါတယ်။
နေရာက ကျုပ်တို့ရွာ တွဲဘက်အ.ထ.က ကနေ (၁၀)တန်း အတန်းတင်စာမေးပွဲ သွားဖြေရတဲ့ ယင်းမာပင်အ.ထ.က ကျောင်းဝင်းထဲမှာပါ။
ကျုပ်လို ၈၈ မှာ ယင်းမာပင်စာစစ်ဌာနက ၁၀ တန်းအောင်ခဲ့တဲ့သူတွေ တရုံးရုံးနဲ့ပေါ့။
အဲ…ပြဿနာက စပါပြီ။ ကျုပ်က သိပ္ပံတွဲနဲ့ အောင်ခဲ့တာဆိုတော့…ဒီသိပ္ပံတွဲနဲ့ဘဲ စာပေးစာယူတက်ပြီး သိပ္ပံဘွဲ့ကို လိုချင်ခဲ့တာပါ။
ခက်တာက.. သိပ္ပံတွဲနဲ့ စာပေးစာယူတက်ချင်ရင် မုံရွာတက္ကသိုလ်မှာ ပညာသင်နှစ်အလိုက် အပတ်စဉ် စနေ၊တနင်္ဂနွေ နေ့တိုင်း Practical ဆင်းရမယ် ဆိုဘဲ။
ကျုပ်အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်။
ကျုပ်ရောက်နေတဲ့ရွာက မုံရွာနဲ့ မိုင် ၄၀ သာ ဝေးပေမဲ့..လမ်းပန်းဆက်သွယ်ရေးက မကောင်း။
နွေ နဲ့ ဆောင်း မှာ ကားနဲ့သွားလာနိုင်ပေမဲ့…မိုးတွင်းဆိုရင်တော့ နွားလှည်းကိုဘဲ အားကိုးရပါတယ်။ ဒါမှမဟုတ် လမ်းလျှောက်ပေါ့။
အပတ်တိုင်း မုံရွာကို ကားနဲ့သွားရရင် ကျုပ်ရတဲ့ ကျောင်းဆရာလခ ၇၅၀ိ/ တစ်ပတ်နဲ့ ပြောင်သွားမှာက မြေကြီးလက်ခတ်မလွဲ။
မုံရွာမြို့ကြီးမှာကလည်း ဆွေမျိုးညာတိ အသိမိတ်ဆွေက မရှိ။
ဒီလိုနဲ့ဘဲ နောက်ထပ်တစ်ဆင့်လျှော့လို့ သိပ္ပံတွဲကနေ ဝိဇ္ဇာတွဲကို ပြောင်းလဲယုခဲ့ရပါတယ်။(တောနေဆင်းရဲသားလူတန်းစားတစ်ရပ်ရဲ့ ဘဝပေးကံကြမ္မာအရှုံးတစ်ခုပေါ့)။
ဝိဇ္ဇာတွဲက ဦးစားပေးဘာသာရပ်ကို ရွေးချယ်တဲ့အခါမှာတော့ အခြေခံပညာမှာ လုံးဝ မသင်ခဲ့ရတဲ့ ”စိတ်ပညာ” ကို ပထမ၊ ဒုတိယ၊ တတိယ အဖြစ်ရွေးချယ်လိုက်ပါတယ်။
ဆိုလိုတာက ကျုပ်ရဲ့ ဝင်ခွင့်လျှောက်လွှာဖေါင်မှာ ”စိတ်ပညာ” ဘာသာရပ် တစ်ခုတည်းကိုဘဲ ရေးဖြည့်ခဲ့တာပါ။
ကျန်တဲ့ ဘာသာရပ်တွေကို ရေးဖြည့်ခဲ့ခြင်းမရှိပါဘူး။
စိတ်ပျက်လက်ပျက်နဲ့ ”ရချင်ရင်..ရ၊ မရရင်..နေ” ဆိုတဲ့ သဘောနဲ့ပေါ့ဗျာ။

0 comments: