Tuesday, November 18, 2008

ကျုပ်ဘဝတစေ့တစောင်း(၁၄)

စာမေးပွဲဖြေပြီးလို့ ရွာအပြန် တစ်လမ်းလုံး စဉ်းစားလာတာကတော့ “ကျုပ် ဒီလိုနေလို့ မဖြစ်တော့ဘူး” ဆိုတာပါပဲ။ ဟုတ်တယ်လေ..တစ်နှစ်လုံး စု လာရတဲ့ပိုက်ဆံ ရက်အစိတ်လောက်နဲ့ ကုန်ပါရောလား..။ ဒါတောင် ကျုပ်က ကျူရှင်မတက်၊အဖြုန်းမရှိတဲ့သူ။ ဒီလိုသာကုန်နေရင် ကျုပ် အောက်က အငယ်တွေရဲ့ ကျောင်းစရိတ် ဘယ်လိုထောက်ပံ့မလဲ..။ ရွာကျောင်းမှာ ဖြစ်သလို နေလို့ ရတယ်ဆိုပေမယ့် အားလုံးကကျောင်းသား။ မွေချင်းမောင်နှမက (၇)ယောက်တောင်(ကျား- ၅၊ မ-၂)။ မိသားစု တက်ညီလက်ညီနဲ့ နေ့စဉ် မနက်ပိုင်း“အကြော်..ရောင်း”၊ နေ့လည် “ပေါက်စီ”လုပ်..ရောင်းပေမယ့်… စားအိုးက ကြီးတော့ ထမင်းနပ်မှန်ဖို့ အနိုင်နိုင်။
ကျောင်းဖွင့်ရာသီ ရောက်ပြီဆိုရင် သားသမီးတွေအားလုံး ကျောင်းအပ်ဖို့၊ စာအုပ်ဖိုးတွေပေးဖို့ အရေး.. ကျုပ်အမ(အမေ)တစ်ယောက် အိမ်တကာ လှည့်ကာ မျက်နှာချိုသွေးရပြီပေါ့။ အိမ်မှာကလည်း ရောင်းစရာဆိုလို့ “လူ”ပဲ ကျန်တော့တယ်လေ။ ဒီလိုအချိန်မှာ ကျုပ်အဖေ ဘုန်းကြီးကျောင်းထွက် အထည်ကြီးပျက်ကတော့ အရက်နာကျတဲ့မျက်နှာနဲ့ ထိုင်ကာ မှိုင်ကာ ငိုင်..လို့ နေတတ်ပါတယ်။ “ငါ့သားသမီးတွေကို ရှိတာရောင်းပြီး ကျောင်းထားမယ်” ဆိုတာကလွဲလို့ ဘာမှမလုပ်။ ကျုပ် မှတ်မိသလောက်တော့ အဲဒီစရိတ်တွေကို များသောအားဖြင့် ပညာရေးကို အားပေးတဲ့ ကျုပ်အဒေါ်တစ်ဝမ်းကွဲတစ်ယောက်နဲ့ ကျုပ်အမေ(အမေကြီး..၊အဖေရဲ့မွေးသမိခင်) ဆီက အလကား ရတာများပါတယ်။ အမေ(အမေကြီး)ဟာ အသက် ၆၀ ကျော် ၇၀ အထိ ဈေးတောင်း ခေါင်းပေါ်ရွက်ပြီး စီးပွားရေး အဆင်မပြေတဲ့ သူ့သားသမီး-မြေးမြစ်တွေကို တစ်လှည့်စီ လုပ်ကျွေးခဲ့သူပါ(အမေ ကောင်းရာသုဂတိ ရောက်ပါစေ)။
တကယ်တော့ “လက်လုပ်လက်စားဘဝ” ဆိုတာ အိမ်ရှိလူကုန် အလုပ်..လုပ်နိုင်မှ ထမင်းနပ်မှန်တာပါ။ ဒီနေ့ နေထိုင်မကောင်း ဖြစ်ရင် နောက်တစ်နေ့ အကြွေးတင်ပြီပေါ့။ ဒါကြောင့်လည်း စီးပွားရေး မချောင်လည်တဲ့ တောကမိသားစုတွေဟာ သူတို့သားသမီးတွေကို “သေစာ ရှင်စာ” ဖတ်တတ်ရင် တော်ပြီဆိုပြီး ကျောင်းထုတ်ကာ ရရာအလုပ် လုပ်ခိုင်းပါတော့တယ်။ မိသားစု စားဝတ်နေရေး အထောက်အကူပြုတာပေါ့ဗျာ။ အဲ…ထူးခြားတာက ကျုပ်အဖေဘဲ။ သူ ပြောခဲ့သလို ကျုပ်တို့မေင်နှမ(၇)ယောက်ကို ရှိတာရောင်းပြီး အမှန်တကယ် ကျောင်းထားခဲ့ပါတယ်။ ရောင်းစရာတွေ ကုန်ပြန်တော့လည်း ကျုပ်တို့မောင်နှမတွေကို ကျောင်းကထုတ်ပြီး ခိုင်းစားဖို့ လေသံတောင် မဟခဲ့ပါဘူး။ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး အားလုံးကို ကျောင်းဆက် တက်စေခဲ့ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ… ကျုပ်တို့ကလည်း ဘယ်သူမှ ကျောင်းမထွက်ချင်ကြဘူးဗျ။ နောက်ပြီး..ကျုပ်တို့မောင်နှမတတွေရဲ့ ပညာရည်မှတ်တမ်း ကောင်းတာလည်း ပါတယ်ထင်ပါရဲ့။ ဟုတ်တယ်ဗျ..ကျုပ်အဖေက သူ့သားသမီးတွေ စာတော်ကြတယ်ဆိုတာကို တအားဂုဏ်ယူဝင့်ကြွားလေ့ရှိတာ။ တခါကဆို…သား အကြီးဆုံးဖြစ်တဲ့ ကျုပ်က (၈)တန်း မှာ သုံးဘာသာဂုဏ်ထူးနဲ့အောင်တော့ လာသမျှလူတွေကို ရောင်းနေတဲ့ ပေါက်စီ တွေ အလကား ချကျွေးလို့ အရင်းပြုတ်ပါရောလားဗျာ..။

0 comments: