Sunday, November 2, 2008

ကျုပ်ဘ၀တစေ့တစောင်း(၃)

ရှေ့မှာ UDE အကြောင်းနည်းနည်းပါးပါးပြောခဲ့ပြီးပြီဆိုတော့...ကျုပ်နဲ့ UDEရဲ့ ရှေးဘ၀ရေစက်ကို ဆက်ပါအုံးမယ်။
တကယ်တော့ ကျုပ်က ရွာမှာ ရှိတဲ့ တွဲဖက်အထက်တန်းကျောင်းကနေ ၁၉၈၈ခုနှစ်မှာ(၁၀)တန်း အောင်ခဲ့တာ ဖြစ်ပါတယ်။
သိပ္ပံတွဲနဲ့ပေါ့။
၁၀တန်းအောင်ရင် တက္ကသိုလ်သွားမယ်ဆိုတဲ့ စိတ်ကူးရှိခဲ့သူပါ။
မွဲချက်က ကမ်းကုန်ပေမဲ့ တောကနေ မြို့တက်၊ မုံရွာမှာရတဲ့အလုပ်လုပ်ရင်း (ညအလုပ်-လုပ်၊ နေ့ကျောင်းတက်) တက္ကသိုလ်ပညာ ဆက်လက်သင်ယူဖို့ စိတ်အားထက်သန်ခဲ့သူပါ။
ဒါပေမယ့်...ကျုပ်တို့ (၁၀)တန်းအောင်စာရင်းထွက်ပြီး မကြာခင်မှာပဲ “၈၈ အရေးအခင်း” ဖြစ်ပါလေရော။
ကျောင်းတွေလည်း ပိတ်လိုက်ရပါတယ်။ ကျုပ်ဘ၀အိပ်မက်တွေလည်း ဖျက်လိုက်ရတာပေါ့။
ဒီလိုနဲ့... ၃၊၄ နှစ်အကြာ တိုင်းပြည်ငြိမ်သက်လို့ တက္ကသိုလ်ဝင်ခွင့်တွေ ခေါ်တဲ့အချိန်မှာ ကျုပ်က မြို့နဲ့အလှမ်းဝေးတဲ့ ချောင်ကျကျ ရွာလေးတစ်ရွာမှာ ပညာရှင် အဆင့်(၁)ဖြစ်လို့နေပါပြီ။
ပညာရှင်ဆိုလို့ အထင်မကြီးလိုက်ပါနဲ့ဗျာ။
“ကျောင်းဆရာ”ကို ပြောတာပါ။
အခြေခံပညာရေးဌာနက ကျောင်းဆရာကိုခေါ်တဲ့ အသုံးအနှုန်းလေးတွေက တကယ်ကို ပီတိဖြစ်ချင်စရာပါ...
(ဒါကြောင့် ပီတိကိုစား...အားရှိပါ၏...တဲ့)
မူလတန်းပြဆရာကို ပညာရှင်အဆင့်-၁၊ အလယ်တန်းပြဆရာကို ပညာရှင်အဆင့်-၂၊ အထက်တန်းပြဆရာကို ပညာရှင်အဆင့်-၃ လို့ ခေါ်ကြပါတယ်။
ကျုပ်က မူလတန်းပြဆရာဆိုတော့ ပညာရှင်အဆင့်-၁ ပေါ့ဗျာ။
(ဘယ်လောက်စိတ်ချမ်းမြေ့စရာကောင်းသလဲ...?...ပညာရှင်နော်...)
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ပြီဆိုတော့...ကျုပ်လည်းစဉ်းစားရပြီပေါ့။
လက်ရှိကျောင်းဆရာအလုပ်က ထွက်ပြီး တက္ကသိုလ်တက်မလား...?
အလုပ်လုပ်ရင်းနဲ့ဘဲ စာပေးစာယူဘွဲ့လေးတစ်ခုရအောင် ယူမလား...?
Intraconflict ပေါ့ဗျာ။
နောက်ဆုံးတော့ ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်စာမေးပွဲဖြေဆိုပြီး ရရှိခဲ့တဲ့ မူလတန်းပြကျောင်းဆရာကို လက်မလွှတ်ချင်တာက တကြောင်း၊ ကိုယ်တာဝန်ကျရာ ရွာကလေးမှာ ပျော်နေတာက တဖုံ၊ ဆရာကြီး (ကျောင်းအုပ်)နဲ့ ကျုပ် ၂-ယောက်ထဲရှိတဲ့ ကျောင်းမှာ ကျုပ်ကထွက်သွားခဲ့ရင် ဒီကလေးတွေရဲ့ ပညာရေး...ရှေ့ရေး... ရင်လေးစရာပါလား....ဆိုတဲ့အတွေး (ကျောင်းဆရာ/မတွေက များသောအားဖြင့် မြို့နဲ့မြို့အနီးအနားမှာဘဲ နည်းမျိုးစုံနဲ့ ကပ်နေကြပါတယ်။
ဝေးလံ ခေါင်ပါးတဲ့ နေရာဒေသကို မသွားချင်ကြပါဘူး။) ငွေရေးကြေးရေး အခက်အခဲကတမျိုး...ဒါနဲ့ပဲ
ဘ၀အိပ်မက်ကို စွန့်လွှတ်လို့ စာပေးစာယူသင်တန်းကိုပဲ ရွေးချယ်ခဲ့ရပါတော့တယ်။

0 comments: