Wednesday, November 5, 2008

ကျုပ်ဘဝတစေ့တစောင်း(၆)

တစ်နေ့မှာတော့ “စိတ်ပညာ” အထူးပြု နဲ့ UDE ပထမနှစ်ဝင်ခွင့်ရရှိကြောင်း အကြောင်းကြားစာ ရောက်ရှိလာပါတယ်။ ကျုပ်တို့တောကလူတွေက စာသာမတတ်တာ “ဆိုက်ကို” လို့ ပြောလိုက်တာနဲ့ “ဒီကောင်တော့ ရူးပြီ” ဆိုတဲ့ စကားလုံးနဲ့ စတော့တာဘဲ။
ရွာထဲမှာ ကျုပ်မေဂျာကိုတောင် ကောင်းကောင်းမပြောရဲလောက်တဲ့အထိ နှိပ်ကွပ်ကြတာ။ ဒီဘာသာရပ်ရဲ့ လူ့လောကအတွက် အသုံးဝင်ပုံကို နားမလည်ကြဘူးဗျာ(ဟဲ..ဟဲ..ကျုပ်လည်း နောက်မှသိတာပါ)။ သူတို့သိတာက “ဆိုက်ကို”ဆိုရင်.. အရူးဘဲ။
UDE ပထမနှစ် အနီးကပ်ပို့ချချက် နဲ့ စာမေးပွဲအချိန်ဇယား ထွက်လာတော့ ကျုပ်လည်း မန္တလေးကို ချီတက်ဖို့ စိုင်းပြင်းရတော့တာပေါ့။ အဲဒီမှာ ၁ လ နီးပါးလောက် နေရမယ်ဆိုတော့ ကိုယ့်မှာရှိတဲ့ ပိုက်ဆံ နဲ့ လောက်နိုင်-မလောက်နိုင် တွက်ချက်စီစစ်ရပါတယ်။ မုန့်ဖိုးပေးတဲ့ အမျိုးတွေကလည်း ပေးကြပေါ့ (အမှန်တကယ်က တစ်ယောက်ထဲရယ်ပါ)။ သူက ကျုပ်အဖေရဲ့အဒေါ် ဆိုတော့ ကျုပ်နဲ့ အဖွားလေး တော်ပါတယ်။ သူက ကျုပ် ရေချိုးသွားနေကြလမ်းမှာ စောင့်နေပြီး “ငါ့မြေး..ကျောင်းသွားရင် သုံးဖို့”ဆိုပြီး ပိုက်ဆံ ၅ ကျပ် ထုတ်ပေးပါတယ်။ ကျုပ်က အတင်းငြင်းတော့“ငါ့မြေးက..နဲ(နည်း)လို့လား…၊အမေ့မှာက..ဒါဘဲရှိတယ်”လို့ပြောပြီး လမ်းလယ်ခေါင်မှာ ငိုပါလေရော…။ ကျုပ်လည်း ဘယ်လိုမှငြင်းမရတာနဲ့ အဲဒီ ၅ ကျပ်ကို လက်ခံခဲ့ရပါတယ်။
မညာကြေးပြောရမယ်ဆိုရင် ကျုပ်က “ကုန်းကောက်စရာမရှိအောင် ဆင်းရဲပေမဲ့” အင်မတန်မာနကြီးခဲ့သူပါ။ ကိုယ်က အလှည့်တဖန် ပြန်လည်မဖြည့်စီးနိုင်ရင်ကော..ဆိုတဲ့အတွေး..နဲ့ သူများဆီက အလကား ယူရမှာ၊ အလကား စားရမှာကို အင်မတန် ကြောက်ရွံ့ခဲ့သူပါ။ ဒါကိုဘဲ ကျုပ်သူငယ်ချင်း မိန်းခလေးတွေက “ဆင်းရဲသားမာနရှင်ကြီး”ရယ်လို့ ကွယ်ရာမှာ ပြောတတ်ကြပါတယ်။(အလျဉ်းသင့်လို့ ကျုပ်ငယ်ဘဝအကြောင်း နောက်ကြောင်းပြန်ခွင့် ရတဲ့အခါ နံမည်၊နေရာ နဲ့ အချိန်တွေကို အတိအကျ ရေးသားပါမယ်)။

0 comments: