Tuesday, January 20, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၄)

ရန်ကုန် ပြန်ရောက်တော့ ကျောင်းအပ်ဖို့ ကိစ္စအဝဝကို လက်ရှိ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး ကိုမြင့်စိန်က သူပဲ တာဝန်ယူ အပ်ပေးမယ် ဆိုတာကြောင့်... အေးအေးဆေးဆေးနဲ့ဘဲ အလုပ် ပြန်ဝင်နိုင်ခဲ့ပါတယ်။ အလုပ်တွေ အရမ်းများနေတာကြောင့်လည်း မိန်းထဲက သူ့ဆီကို မရောက်ဖြစ်ပါဘူး။ ဒါပေမဲ့ တစ်ပတ်ကြာတော့ ကိုယ်တော်ချောက ဘိုကလေးဈေးလမ်းမှာ ရှိတဲ့ ကျုပ်တို့ရုံးကို လိုက်လာပါတော့တယ်။ ကျုပ်ကို တွေ့တာနဲ့ “ ကျောင်း အပ်လို့ မရသေးဘူးကွ...၊ အစကတည်းက မော်ကွန်းထိန်းက ကျောင်းဖွင့်တာ တစ်လကျော်နေလို့ လက်မခံဘူး ပြောနေတာ...၊ ငါ ကလည်း “အဝေးသင်” အောင်စာရင်းက နောက်ကျတာကြောင့် အခုလို နောက်ကျတာဖြစ်ကြောင်း ရှင်းပြရင်း... ရနိုး ရနိုး နဲ့ နေ့တိုင်းသွားပြီး ဂျီတိုက်နေတာ... ဒီတစ်ခါတော့ ကာယကံရှင် မင်းကို ခေါ်ခဲ့ပါ” ဆိုလို့ လာခေါ်တာလို့ ဆိုပါတယ်။ ကျုပ်ကတော့ ကျောင်းဝင်ခွင့် ရပြီးပြီလို့တောင် ထင်နေတာပါ။ အဲဒီလောက်အထိ ခက်ခဲလိမ့်မယ် ဆိုတာကို မစဉ်းစားခဲ့မိပါဘူး။ ဆိုတော့... ဒီနေ့တော့ အလုပ် ရှိနေတာမို့ “မနက်ဖန်မနက် (၁၀) နာရီ အရောက် မင့် အဆောင်ကို လာခဲ့မယ်” လို့ ကတိပေးကာ... သူ့ကို သိမ်ဖြူလမ်းက ၄၈ (ဟိုင်းလတ်) အင်းစိန်ကားဂိတ်အထိ လိုက်ပို့ပြီး အလုပ်ရှိရာ ဗိုလ်အောင်ကျော်ဆိပ်ကမ်းထဲသို့ ဝင်ရောက်ခဲ့ပါတော့တယ်။

နောက်နေ့မနက် ၁၀ နာရီခွဲလောက်မှာ မြင့်စိန်နဲ့အတူ မော်ကွန်းထိန်းရုံးခန်းကို သွားကြပါတယ်။ ဟိုရောက်တော့ ကေ့စ်က သိပြီးသား ဖြစ်တာမို့ မော်ကွန်းထိန်းက စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြင်းချက်ထုတ်ပြီး နောက်နှစ်မှ တက်ဖို့ ဖိအားပေး...၊ ကျုပ်တို့ နှစ်ယောက်ကလည်း အဝေးသင် အောင်စာရင်း နောက်ကျတာကို အကြောင်းပြကာ ဒီနှစ် မဖြစ်မနေ လက်ခံပေးဖို့ တောင်းပန်...၊ ဒီလိုနဲ့... နောက်ဆုံးတော့ “ဇွဲဆု” အဖြစ်... “စိတ်ပညာဌာန၊ ပါမောက္ခ က ကျုပ်ရဲ့ ကျောင်းဝင်ခွင့်ဖေါင်မှာ လက်မှတ်ထိုးပေးမယ်” ဆိုရင်... သူက လက်ခံပါမယ် လို့ မော်ကွန်းထိန်းက ဆိုပါတယ်။ ကျုပ်တို့လည်း စိတ်ပညာပါမောက္ခ ဆီ သွားရုံမှတစ်ပါး အခြားရွေးစရာ လမ်းမရှိ...။ ကျုပ်တစ်ယောက်ထဲ ဆိုရင်တော့ ဒီအခြေအနေထိ ရောက်လာစရာ အကြောင်းမရှိပါဘူး။ အစောကြီးကတည်းက တပ်ခေါက် ပြန်ရဖို့ သေခြာပါတယ်။ ဒီ စကားဝိုင်းကို ကျုပ် ကိုယ်စား ဦးဆောင်ပြောသွားသူက မြင့်စိန်ပါ။ အခုလည်း စိတ်ပညာဌာန သွားရမယ်ဆိုတော့ ဘယ်နေရာမှာ ရှိမှန်း ကျုပ် မသိ။ သူ ခေါ်ရာကိုပဲ “ကျောင်းဝင်ခွင့်ဖေါင်လေး” ကို လက်ထဲမှာ ကိုင်လို့ မျက်နှာငယ်လေးနဲ့ လိုက်ရတာပေါ့။ လမ်းမှာတော့ “မင်း ပါမောက္ခနဲ့တွေ့လည်း ဘာမှမစိုးရိမ်နဲ့... သူ မေးတာကို မှန်မှန်ဖြေရုံဘဲ... ငါ ဝင်လို့ ရရင် ငါလည်း မင်းနဲ့အတူ ရှိနေမှာဘဲ” လို့ အားပေးရှာပါတယ်။

သူက ဘယ်လိုပင် အားပေးနေပေမယ့်... ကျုပ်ကတော့ ပါမောက္ခကြီး နဲ့ တွေ့ရမယ်ဆိုတာကြောင့် စိုးရိမ် ထိတ်လန့်နေခဲ့တာ အမှန်ပါ။

0 comments: