Thursday, January 8, 2009

ကျုပ်ဘဝတစေ့တစောင်း(၃၉)

အမှန်တိုင်း ဝန်ခံရရင် အဲဒီကာလတွေဟာ ကျုပ်ဘဝ အတွက် အင်မတန် စိတ်ရော လူရော ပင်ပမ်းနွမ်းနယ်ခဲ့တဲ့ အချိန်ကာလတွေပါ။ အငယ်တွေက တစ်နှစ်တစ်တန်း မှန်မှန်အောင်ကြပေမယ့်... ငွေ အသုံးက ပို၍ ပို၍ တိုးလာကြသည်။ နယ်က အဒေါ်ဝမ်းကွဲ တစ်ယောက်အိမ်မှာ ကုန်ကျစရိတ် အပြည့်အဝ ထောက်ပံ့၍ ၁၀ တန်း တက်စေခဲ့သော ညီအငယ်ဆုံးကဆိုလျှင်... “အခု ပိုက်ဆံ ကျပ်တစ်သောင်း ပို့လိုက်ပါ... မပို့ရင် ဒီနှစ် ၁၀ တန်း မဖြေတော့ဘူး” ဆိုတဲ့ ခြိမ်းခြောက် တောင်းဆိုမှုတွေ အထိ လုပ်ခဲ့ပါတယ်။ သမီးတွေပဲ ရှိပြီး အမျိုးသားမရှိတော့တဲ့ ဒီအဒေါ်ကလည်း သူ့သားအရင်းနဲ့မခြား အလိုလိုက်လေတော့ ထင်တိုင်းကြဲ ဆိုးသွမ်းလို့နေသည်။ နောက်ဆုံး ကျောင်းပြေး ဖဲရိုက် ဇယ်တွေ ရှုတ်လို့ ထိန်းမနိုင် သိမ်းမရ ဖြစ်တော့မှ စာတစ်စောင်ရေးလို့ ဇာတ်စုံခင်းပြပါတော့သည်။ ဒါတောင် သူ့တူ သားတော်မောင်အကြောင်း မကောင်းသတင်း တစ်ခုမပါ။ ပတ်ဝန်းကျင်က မိန်းမလယ် သိန်းကြွယ်တို့ အဆွယ်ကောင်းတာကြောင့် သူ့သား ပျက်ရပါသတဲ့။ စာ အဆုံးမှာတော့ သူ့သားတော်မောင် ဖဲကြွေးစာရင်း ကို ရေးလို့... “ကလေး စိတ်ဓါတ်မကျဖို့အရေး၊ မနှေးအမြန်.. ဆပ်ပေးပါရန် မောတ္တာရပ်ခံသည်” တဲ့။
ဒီကြားထဲ ကျုပ် မိဘနှစ်ပါးက တမှောင့်။ ကျုပ်တို့ကတော့ အမ (အမေ) ရန်ုကုန် လာတဲ့အခါ ငွေအရင်းလေး ထုတ်ပေးလိုက်... သူက ဟိုမှာ ပြန်ရောင်းဖို့ ငါးခြောက်ငါးခြမ်းလေး ဝယ်ပြီး ပြန်သွားလိုက်...။ မေ့လောက်ပြီ ဆိုတဲ့ အချိန်ကြရင်... သူ့အမေ ကျုပ်တို့အဖွားက မှာလိုက်လို့ ဆိုပြီး ရန်ကုန် တစ်ခေါက်ပြန်လာလိုက်... ကျုပ်တို့က အရင်း တစ်ခါ ထုတ်ပေးလိုက်... ဈေးဝယ်ပြီး ပြန်သွားလိုက်...နဲ့ လာတိုင်း လာတိုင်း အရင်း ထုတ်ပေးနေရပါတယ်။ ဒါနဲ့ ကျုပ်လည်း အမ လာတဲ့အချိန်မှာ “ နေပါအုံး... ခင်များ ပြောတော့.. ဈေးရောင်းတာ မြတ်တယ်.. မြတ်တယ်နဲ့ ဘယ်မှာလဲ အရင်းနဲ့ အမြတ်...၊ အမြတ်ကို ခင်များတို့ လင်မယားနှစ်ယောက် ထမင်းစားလို့ ရရင် ဘယ်မှာလဲ အရင်တစ်ခေါက်က ထုတ်ပေးလိုက်တဲ့ အရင်း...၊ လာတိုင်းသာ အရင်း ထုတ်ပေးနေရရင် ဈေး ရောင်းမနေတော့နဲ့...၊ ခင်များတို့ ရှိတဲ့ အိမ်ဝိုင်း ကိုသာ ရောင်းစားပြီး ထိုင်နေကြတော့” လို့ ခတ်ညစ်ညစ်နဲ့ ညစ်တွန်း တွန်းလိုက်ပါတယ်။ အဲဒီတစ်ခေါက် ပြန်သွားပြီးကတည်းက အမ လည်း တော်တော်နဲ့ ပေါ်မလာတော့ပါဘူး။ ပေါ်လာပြန်တော့လည်း ရုန်းကန်လှုပ်ရှားနေရတဲ့ သားသမီးတွေကိုမှ အားမနာ... စိတ်ညစ်စရာ-စိတ်ဆင်းရဲစရာ သတင်းတွေကို သယ်ဆောင်လို့ လာခဲ့ပြန်ပါတယ်။ “ မင့် အဖေက မင်းပြောတဲ့အတိုင်းပဲ... စားစရာမရှိရင် အိမ်ဝိုင်းကို ရောင်းစား ဆိုလို့ .. အခု ရတဲ့ဈေးနဲ့ ရောင်းလိုက်ပြီ” လို့ ခရီး ရောက်မဆိုက် မနက်စောစောကြီးမှာပဲ ဆိုလာပါတော့တယ်။ ကျုပ်က “ခင်များတို့ကို ရွဲ့ ပြောတာဗျ...”လို့ အော်ဟစ်ကာ အံကြိတ် ငိုကြွေးခဲ့ရုံမှ တပါး ဘာမှ မတတ်နိုင်ခဲ့ပါလေ...။

0 comments: