Sunday, January 25, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၇)

အစဉ်အလာကြီးမားတဲ့ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျူ-ဝမ်း (Q 1) တက်ရောက်ခွင့် ရရှိခဲ့ပါပြီ။ တက္ကသိုလ်ဆိုတာကို သိပ် သွားချင်တဲ့ ကျုပ်က တက်မယ် တက်ရတော့လည်း ကံ့ကော်ပန်းတို့ ပွင့်လန်းရာမြေ… အဓိပတိလမ်း နဲ့ သစ်ပုတ်ပင်ကြီး တည်ရှိရာ မြကျွန်းညိုညို တက္ကသိုလ်ဆီမှာပေါ့…။ အရွယ်လွန်မှ ခြေချခွင့် ရခဲ့ပေမယ့် ကျုပ် တကယ်ပျော်ခဲ့ရတာပါ…။ ကျောင်းထဲကို ခြေချလိုက်တာနဲ့ အင်မတန် အေးမြတဲ့ တက္ကသိုလ်ရဲ့ အရိပ်ကို ခံစားခဲ့ရဖူးပါတယ်။ တကယ်ကို တက္ကသိုလ်နဲ့တူသော တက္ကသိုလ်ကြီးပေါ့…။
ကျုပ် စတင်တက်ရောက်မယ့် Q 1 ဆိုတဲ့ “မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း အပိုင်း-၁” ဆိုတာက ရှုံး-ထွက် အတန်းပါ။ မဟာတန်း တက်ရောက်ဖို့ အဆင့်မှီ-မမှီ အရည်အချင်း စစ်တဲ့ အတန်း ဖြစ်တာကြောင့် “မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း” လို့ ခေါ်ဟန် တူပါတယ် (သိပ္ပံ သမားတွေ အတွက်တော့ မဟာသိပ္ပံ အရည်အချင်းစစ်တန်းပေါ့)။ အရည်အချင်းစစ်တန်းမှာ မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း အပိုင်း-၁ (Q 1) နဲ့ အပိုင်း-၂ (Q 2) ဆိုပြီး အတန်း နှစ်တန်း ရှိပါတယ်။ မည်သည့် အတန်းမှာ ကျရှုံးသည် ဖြစ်စေ… ကျောင်းက ထွက်ရမှာ ဖြစ်ပြီး၊ ဒီဘဝမှာတော့ အဆင့်မြင့်ပညာခေါ်တဲ့ မဟာတန်းကို ဒီမေဂျာဘာသာရပ်နဲ့ ဆက်လက်သင်ကြားဖို့ အခွင့်အရေး မရှိတော့ပါဘူး။ မဟာတန်း ဝင်ဖို့အတွက် အရည်အချင်း စစ်တဲ့ အတန်းဆိုတော့လည်း သဘာဝ ကျပါပေတယ်…။ (အခုတော့ နယူးကျူ New Q ဆိုတဲ့ အရည်အချင်းစစ်တန်း (Q) တစ်တန်းသာ ရှိပြီး… စာမေးပွဲ ကျ ရင်လည်း ပြန်ဖြေလို့ ရတဲ့ Supplementary စနစ်ကို ကျင့်သုံးနေလေရဲ့…)
ဒီနေရာမှာ မဟာတန်း တက်ရောက်ခွင့် ရဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျူ (Q) ဆိုတဲ့ အရည်အချင်းစစ်တန်းနဲ့ အောနာ့စ်(Honours) ဆိုတဲ့ ဂုဏ်ထူးတန်း အကြောင်းကို ခွဲခြားပြောဖို့ လိုအပ်လာပါတယ်။ Day မှာ ဒုတိယနှစ် ဖြေအပြီး အမှတ်အပေါ် အခြေခံလို့ ဂုဏ်ထူးတန်းဝင်ခွင့် သတ်မှတ်ပါတယ်။ ဒါကြောင့် ဂုဏ်ထူးတန်း ပထမနှစ် (H 1) ဟာ ရိုးရိုးတန်း တတိယနှစ်၊ ဂုဏ်ထူးတန်း ဒုတိယနှစ် (H 2) ဟာ ရိုးရိုးတန်း နောက်ဆုံးနှစ် နဲ့ တူညီပါတယ်။ ဂုဏ်ထူးတန်းဟာ စုစုပေါင်း (၅) နှစ် တက်ရောက်ရတာ ဖြစ်တဲ့အတွက် နောက်တစ်နှစ် ဂုဏ်ထူးတန်း တတိယနှစ် (H 3) ကို ဆက်တက်ပြီး… စီ (c ) မထိရင် ဝိဇ္ဇာ/သိပ္ပံ (ဂုဏ်ထူး)ဘွဲ့ ရရှိပြီး မဟာ ဆက်တက်ခွင့် ရရှိပါတယ်။ စီ (c ) ထိတဲ့ သူကတော့ ဝိဇ္ဇာ/သိပ္ပံ (ဂုဏ်ထူး)ဘွဲ့ကိုသာ ရရှိပြီး မဟာတန်း တက်ရောက်ခွင့် မရရှိကြပါဘူး။ ဆိုလိုတာက မဟာတန်း တက်ရောက်ဖို့ အတွက် ဂုဏ်ထူးတန်းကို အနိမ့်ဆုံး ဒုတိယတန်း ဒုတိယအဆင့်(Second class second division) က အောင်ဖို့ လိုပါတယ်။ ဒီလို အခွင့်အရေးကို Day တက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေသာ ရရှိနိုင်ကြပါတယ်။ “အဝေးသင်” မှာ လုံးဝ မရှိ…။
Day မှာပဲ ဒုတိယနှစ်မှာ ဂုဏ်ထူးတန်း မဝင်တဲ့ သူတွေက နောက်ဆုံးနှစ်Final မှာ ကျူ (Qualify) ဝင်အောင် ကြိုးစားရင် အရည်အချင်းစစ်တန်း Q 1-Q 2 က တစ်ဆင့် မဟာတန်း တက်ရောက်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ အဝေးသင်တက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေကိုလည်း ဒီ အခွင့်အလမ်း တစ်ခု ပေးထားပါတယ်။ Final မှာ Qualify ဖြစ်တာနဲ့ သက်ဆိုင်ရာ အနီးဆုံးတက္ကသိုလ်မှာ Day ကျောင်းသားအဖြစ် စာရင်းသွင်းကာ Q 1-Q 2 မှတစ်ဆင့် မဟာတန်းအထိ တက်ရောက်နိုင်ပါတယ်။ “ကျ ရင် ထွက်” ဆိုတဲ့ ဒီ Q 1-Q 2 အတန်း နှစ်တန်း အောင်မြင်မှသာ မဟာတန်းကို ဆက်တက်ခွင့် ရှိတာပါ။ ထူးခြားတာတစ်ခုက ပထမဘွဲ့ ရပြီး အရည်အချင်းစစ်တန်း အပိုင်း-၁ (Q 1) တက်ရောက်သူတွေကို ဂုဏ်ထူးတန်း ဒုတိယနှစ် (H 2) နဲ့ အဆင့်တူ သတ်မှတ်ခဲ့တာပါဘဲ…။ အတန်း အတူတူ တက်ရတာပေါ့ဗျာ…။ ဆိုလိုချင်တာက Qualify က လာတဲ့သူတွေဟာ အောက်တစ်တန်း ပြန်ဆင်းပြီး တက်ရသလို ဖြစ်နေခဲ့တာပါ။ အမှန်တကယ်က Q 1 အတန်းဟာ H 3 ဆိုတဲ့ ဂုဏ်ထူးတန်း တတိယနှစ်နဲ့မှ အဆင့်ညီတာပါ။ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ Q1-Q2 ဆိုပြီး အတန်း နှစ်တန်း မထားတော့ပဲ Supplementary စနစ်နဲ့ ကျူ (Q) တစ်တန်းပဲ ရှိပါတော့တယ်။ ဒီ ကျူ (Q) တန်းကို အောင်မြင်တာနဲ့ မဟာတန်း တက်ရောက်ခွင့် ရရှိနေကြပါပြီ။

0 comments: