Sunday, January 18, 2009

ကျုပ်ဘဝတစေ့တစောင်း(၄၃)

မန္တလေး ရောက်တော့ မြင့်စိန် သူငယ်ချင်း နမ္မတီးက မကေသွယ်တို့ အုပ်စုက ကြိုနေကြလေရဲ့...။ သူတို့ကလည်း မန္တလေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်နေကြတဲ့သူတွေဆိုတော့... ကိုတင်မိုးလွင်ကြီး ပြောခဲ့သလို “ဖိုင်နယ်မှာ တိုင်မကွယ်” နဲ့ ဆိုတဲ့ အသွင်မျိုး ထင်ရလောက်အောင်ကို ဖက်လှဲတကင်း ရှိလှပါတယ်။ ကျုပ်နဲ့ အခုမှ ဆုံဖူးကြပေမယ့် သူတို့တတွေရဲ့ နွေးထွေးတဲ့ အပြုံး... ဟန်ဆောင်မှု ကင်းမဲ့သော ဖေါ်ရွေတဲ့ နှုတ်ဆက် ခေါ်သံတွေကြောင့်လည်း တခဏအတွင်းမှာ ငယ်ပေါင်းမိတ်ဆွေရင်းတွေပမာ ခင်မင်ခွင့် ရရှိခဲ့ပါတယ်။ ခနဇဝါး (ခါနားဇားဝါး) က ကွန်ပျူတာပါရဂူ ဆရာမ ဒေါ်စောစန္ဒာ တို့အဖွဲ့နဲ့ ခင်မင်ခွင့် ရခဲ့တာမျိုးပေါ့။ တွေ့ဆုံခွင့်ရတဲ့အချိန်က အင်မတန် တိုတောင်းလှပေမဲ့... တစ်ဖက်သူရဲ့ ရိုးသားမှု-ပွင့်လင်းမှု တွေကို မြင်ရတဲ့အခါ ဒီလို “မိတ်ဆွေရင်းတွေဘဲ” ဆိုတဲ့ စိတ်ခံစားမှုမျိုး ဖြစ်ပေါ်လာတယ် ထင်ပါရဲ့...။ တခါတလေတော့လည်း တစ်နေရာတည်းမှာ အချိန် အတော်ကြာကြာ အတူနေခဲ့ကြဖူးတဲ့ မိတ်ဆွေတိုင်း အပေါ် ဒီလို စိတ်ခံစားမှုမျိုးတွေ မရှိခဲ့တာကြောင့် (ကျုပ်ရဲ့ စိတ်ထားမပြည့်ဝမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်) “ရှေးဘဝ ရေစက်” များလား လို့ တွေးတော စဉ်းစားမိပါရဲ့...။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ဘဝတကွေ့မှာ ခေတ္တခဏသာ ဆုံတွေ့ခွင့် ရခဲ့ပေမယ့်... “ဒီလူတွေက တကယ့်မိတ်ဆွေရင်းတွေ ပါဘဲလား(တကယ် ဖြစ်မလာခဲ့ရင်တောင်)” ဆိုတဲ့ “စိတ်ခံစားမှုမျိုး” ဖြစ်ပေါ်လာစေခဲ့တဲ့သူတွေနဲ့ ကြုံတွေ့ခွင့် ရတာကို ကျေနပ်ပီတိ ဝမ်းသာဂုဏ်ယူလျှက်ပါ။
ဆိုတော့ ဘူတာကြီးအနီးက တည်းခိုခန်းတစ်ခုမှာ အဝင်ပြ..လို့ ကျုပ်တို့ နှစ်ယောက်ကို စက်ဘီးတစ်စီး ပေးကာ မန္တလေးတက္ကသိုလ်ဘက်ကို ချီတက်ကြပါတယ်။ ဟိုရောက်တော့ “ယူနီစံ” မှာ ထိုင်... လက်ဘက်ရည် သောက်ရင်း အာရိုက်ကြ...။ ပြီးတာနဲ့ မကေသွယ်က ကျုပ်ဆီက ဓါတ်ပုံနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းကာ“ ကိုင်း... ဒီနေ့ ညစာကို ကျမတို့ အဖွဲ့က ကျွေးမှာဖြစ်တဲ့အတွက် ညနေ ၅ နာရီ အရောက် ဒီဆိုင်ကို ပြန်လာပါ...၊ “ဘွဲ့ရ ယာယီ ထောက်ခံစာ” အတွက်လည်း ဘာမှ မပူပါနဲ့... အမြန်ဆုံး ရစေရပါမယ်..၊ အခုတော့ တည်းခိုခန်းမှာ ပြန်နားချင်နား.. ဒါမှမဟုတ် သွားချင်ရာသွားကြဖို့ ဒီစက်ဘီးတစ်စီး ယူထား” ဆိုပြီး လမ်းခွဲကြပါတယ်။ ကျုပ်တို့ နှစ်ယောက်ကတော့ ရထားပေါ်မှာ ကောင်းကောင်း မမှေးခဲ့ရတာကြောင့် တည်းခိုခန်း ပြန်ကာ တရေးတမော နှပ်ကြတာပေါ့ဗျာ...။
ညနေ ၅ နာရီ ထိုးလို့ ယူနီစံ မှာ ဆုံတွေ့ကြပြီး ညစာ စားဖို့ “သီတဂူဆောင်” နဲ့ မျက်နှာချင်းဆိုင်က ဆိုင်လေးဆီကို မြန်းကြပါတယ်။ ကြိုတင် မှာယူထားတာကြောင့်လား မသိ...။ တစ်ဆိုင်လုံးမှာ ကျုပ်တို့ ခုနှစ်ယောက်ထဲရယ်ပါ...။ ပြီးတော့ လေးထောင့်စားပွဲပုလေး နှစ်ခုကို အလယ်မှာ ဆက်ပေးထားပြီး ဟိုဘက် ဒီဘက် မျက်နှာချင်းဆိုင် စားလို့ရအောင် ဖန်တီး ထားပါတယ်။ ဟင်းလျာတွေကလည်း စုံလင်လှပါတယ်။ အလယ်တည့်တည့်မှာ ချပေးထားတဲ့ “ငါး အကောင်လိုက် ပေါင်းကြီး” ဆိုရင် အခု စာရေးနေတဲ့အချိန်မှာတောင် မျက်စိ ထဲ မြင်ရောင်နေတုန်းပါဘဲ...။ တကယ်ကို ကဗျာဆန်လှတဲ့ “မိတ်ဆုံ စား ပွဲ” လေးပါ။ ကျေးဇူးပါ မကေသွယ်နဲ့ သူငယ်ချင်းများရယ်...။
အဝေးသင် “ယာယီ ထောက်ခံစာ” ကလည်း အမြန်ဆုံး ဆိုတာတောင် သုံးရက် ကြာမယ်ဆိုတာကြောင့်... ရွာက “စာဥတို့.. မိအေးတို့” နဲ့ မတွေ့တာကြာပြီ ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး မောင်မြင့်စိန်က ရွာ ပြန်ချင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်အပြန် ရထားလက်မှတ် ကြိုတင် ဝယ်ဖို့အရေး မကေသွယ်တို့ကို ထပ်ကာ ဒုက္ခ ပေးလျှက်... သူငယ်ချင်းနှစ်ယောက် “စာဥရေ ငါ အရောက်ပြန်ခဲ့မှာ” ဆိုတဲ့ သီချင်းကို ရင်ထဲမှာ ပြိုင်တူ ဟစ်လို့... အသွားအပြန် နှစ်ညအိပ် သုံးရက်ခရီးကို ဆက်ခဲ့ကြပြန်ပါတော့တယ်။

0 comments: